အခန်း ၁၆
Viewers 32k

Chapter 16





" မဟုတ်ဘူး မဟုတ်ဘူး... အင်မော်တယ်ကမှ ကျွန်တော့်ရဲ့ နတ်ဘုရားပါ ..."

မင်ထန် သူ့ပါးသူ ရိုက်ပစ်ချင်စိတ် ပေါ်လာသည်။


ရှန်းလျိုရှန့်က သူ မည်သူမည်ဝါဖြစ်ကြောင်း မှန်းဆမိသွားဟန်ဖြင့် အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။


ဤကဲ့သို့ မိန်းကလေးများအကြိုက်ဝတ္ထုထဲတွင် ထူးချွန်သည့်အမျိုးသားတိုင်းက စုပိုင်ချယ့်ကို ချစ်မိသွားကြသော်လည်း မည်သူကမှ သူ့ကိုမပိုင်ဆိုင်နိုင်ခဲ့ပေ။ 


တချမ်ဂိုဏ်းချုပ် မင်ထန်သည်လည်း ချွင်းချက်မဟုတ်ခဲ့ပေ။


သူ၏အသွင်ပြောင်းလဲခြင်းက အလွန်ပြိုင်ဘက်ကင်းလှသည်။ မူလတွင်မူ သူက ရှန်းလျိုရှန့်ကို အလွန်အမင်း လေးစားသူတစ်ယောက် ဖြစ်ခဲ့သည်။ သူ့နတ်ဘုရားကြောင့်ဟုဆိုတာ စုပိုင်ချယ့်ကိုသတ်ပစ်ရန် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့ပေသည်။ ထိတ်လန့်ဖွယ်ရာအကောင်းဆုံးနည်းလမ်းမှာ တစ္ဆေကျင့်စဉ်ကိုသုံးခဲ့ကာ သူ့အသက်သူစတေးလုနီးပါး ပြလုပ်ပြီး ဝတ္ထုကို ဇာတ်ရှိန်အမြင့်ဆုံးရောက်အောင် ဆွဲခေါ်သွားခဲ့စဉ်အချိန်ကဖြစ်သည်။


သို့ရာတွင် သူသည်လည်း စက်ကွင်းထဲမှ မလွတ်မြောက်ခဲ့ပေ။ နောက်ပိုင်းတွင် သူက စုပိုင်ချယ့်၏ ဆွဲဆောင်ခံရပြီး အဓိကဇာတ်လိုက်ကို ကြိုက်နှစ်သက်သူများအနက်မှ တစ်ယောက်ဖြစ်ခဲ့သည်။


သို့ရာတွင် သူ၏ ယခင်နတ်ဘုရားနှင့် ပြန်လည်ဆုံတွေ့ရသည့်အခါ...


သူက ပရိသတ်တစ်ယောက်အဖြစ်မှ သူ့ကို ဆန့်ကျင်သူအဖြစ်သို့ ပြောင်းလဲသွားခဲ့သောကြောင့် တုံ့ပြန်မှုက အလွန်အားပြင်းလှပေသည်။


ပရိသတ်ကနေ ရန်သူဖြစ်သွားတယ်ဆိုတာက သေချာပေါက်ကို လက်မခံနိုင်စရာပဲ... ဒါက ကိုယ့်ရဲ့စွမ်းရည်ကိုပဲ အပြစ်တင်ရမှာ...


စုပိုင်ချယ့်နောက်ကိုလိုက်တာ ဘာများကောင်းနေလို့လဲ...


ကျိုးရွှမ်လန်က ကျင့်ကြံရေးလောကမှာ နံပါတ်တစ်ဖြစ်လာပြီး မင်းနဲ့ တခြားလူတွေအားလုံးက အမြောက်စာဇာတ်ကောင်လေးတွေ ဖြစ်သွားကြမှာလေ...


ငါ့နောက်ကိုပဲ ရိုးရိုးသားသားနဲ့လိုက်ပြီး တချမ်ဂိုဏ်းကို ပိုကောင်းအောင်တည်ထောင်၊ တစ္ဆေကျင့်စဉ်တွေကိုလေ့လာပြီး တစ္ဆေတာအိုပညာရှင်ဖြစ်လာအောင် လုပ်ပါလား...


ရှန်းလျိုရှန့် ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး လမ်းဘေးနားသို့ လျှောက်သွားလိုက်ကာ မိုးမခပင်မှ သစ်ခက်တစ်ခုကိုချိုးလိုက်ပြီး ပန်းပွင့်ကို လက်ပတ်ပုံစံ ချည်နှောင်လိုက်သည်။


" ဒီမှာ ငါတို့ရဲ့ တွေ့ဆုံမှုအတွက် လက်ဆောင်..."

သူ မင်ထန်ကို ထိုပန်းလက်ပတ်ကလေး ပေးလိုက်သည်။


ထိုလက်ဆောင်ကို ဝတ်ကျေတန်းကျေဟုသာ သတ်မှတ်နိုင်သော်လည်း မင်ထန်က ရုတ်တရက် အသက်ရှုမမှန်ဖြစ်လာပြီး နှလုံးသားတစ်ခုလုံး ခုန်ထွက်တော့မည့်ဟန်ဖြင့် တဒိတ်ဒိတ်ခုန်လာသည်။


အင်မော်တယ်ရှန်းက ငါ့ကို လက်ဆောင်ပေးနေတာလား...


" ဒါပေမဲ့ ကျွန်တော်က ဒီလိုအဖိုးတန်တာကို ယူဖို့ မထိုက်တန်ပါဘူး..."

မင်ထန် မျက်ရည်များဝဲလာပြီး ဤဘဝအတွက် နောင်တရစရာ မကျန်တော့ဟု ခံစားလိုက်သည်။


ရှန်းလျိုရှန့်က ပြောလိုက်သည်။

" ဒါဆိုလည်း ငါ လွှင့်ပစ်လိုက်မယ်..."


" မလုပ်ပါနဲ့..."


မင်ထန်၏ နှလုံးသားကို ဆုတ်ဖြဲလိုက်သကဲ့သို့ ခံစားလိုက်ရပြီး လက်ပတ်လေးကို လှမ်းယူလိုက်ပြီး သူ၏သားသမီးရင်းသဖွယ် ရင်ခွင်ထဲ ပိုက်ထားလိုက်သည်။


" အင်မော်တယ်ရှန်း ဒါလေးကို မလွှင့်ပစ်ပါနဲ့... သူနဲ့ ကျွန်တော်က အထူးဆက်နွယ်မှု ရှိသွားပြီ..."


ယခင်ဘဝတွင် ပရိသတ်များကို ချစ်ခင်အလိုလိုက်ခြင်းဖြင့် နာမည်ကြီးသော ရှန်းလျိုရှန့်မှာ ဤလောကတွင် သူ၏တစ်ဦးတည်းသော စူပါပရိသတ်ကို အလွန်ကြင်နာစွာ ဆက်ဆံပေသည်။ သူက မင်ထန်ကို ကြာစေ့များအတူ စားချင်လားဟု မေးလိုက်သည်။


မင်ထန်ကလည်း စောဒက တက်မနေပေ။


သူတို့ ကြာကန်သို့ရောက်သည့်အခါ မင်ထန်က ရှန်းလျိုရှန့်ကို ဘာတစ်ခုမှ လုပ်ခွင့်မပြုပေ။ သူက ကြာစေ့အခွံများကို မည်သည့်မန္တန်မှမသုံးဘဲ လက်ဖြင့်ကိုယ်တိုင်ခွာပေးလိုက်သည်။


ရှန်းလျိုရှန့်က အားလပ်ချိန်အချို့ရ၍ အလွန်ပျော်ရွှင်နေမိသည်။ သူတို့စားပြီးသွားသည့်အခါ သူက နူးညံ့သည့် ကြာစေ့များကို ကြာရွက်ဖြင့်ပတ်လိုက်ပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။


" ငါ ဒီည ကြာစေ့စွပ်ပြုတ်တစ်ခွက်ချက်ပြီး မင်းဆီလာပို့မယ်... ကျောက်ပွင့်မှိုနဲ့ တရုတ်ဇီးသီး မရှိတာတော့ နှမျောစရာပဲ.."


မင်ထန်က ပြောလာသည်။

" ချင်းလင်ဂိုဏ်းနားမှာ မြို့လေးတွေရှိတယ်ဆိုတော့ ကျွန်တော်တို့ အဲဒီနေရာတွေကနေ ဝယ်လို့ရမယ်ထင်တယ်..."


ရှန်းလျိုရှန့်က ဖုံးကွယ်မထားဘဲ ပြောလိုက်သည်။

" ငါ့မှာ ပိုက်ဆံမရှိတော့ဘူး..."


မင်ထန်က အတွေးတစ်ချက်ဖြင့် သူ့ခါးမှ သိုလှောင်အိတ်ကိုယူလိုက်သည့်အခါ ဝိညာဉ်ကျောက်တုံးများစွာက ရေများသဖွယ် ကျဆင်းလာသည်။ 


" တချမ်ဂိုဏ်းက မြေမျက်နှာသွင်ပြင် အနေအထားမကောင်းလို့ အရာအားလုံး လစ်ဟင်းနေပေမယ့် ဝိညာဉ်ကျောက်တုံးတွေ အဆက်မပြတ်ထုတ်ပေးတဲ့ ဝိညာဉ်မိုင်းတွင်းတစ်ခုတော့ရှိပါတယ်..."


" အင်မော်တယ်ရှန်း ကျေးဇူးပြုပြီး ဒါတွေကို လက်ခံပေးပါ... ကျွန်တော် နောက်နေ့ကို ထပ်ပို့ပေးပါ့မယ်..."


ရှန်းလျိုရှန့် လက်ကာပြလိုက်သည်။

" မသင့်တော်ပါဘူး..."


မင်ထန် ခဏတာ ငြိမ်သက်သွားပြီးနောက် ဝိညာဉ်ကျောက်တုံးတစ်တုံးကိုယူကာ ဖိချေပစ်လိုက်သည်။


" အင်မော်တယ်ရှန်းက ဒါတွေကို အလိုမရှိမှတော့ ဒီဝိညာဉ်ကျောက်တုံးတွေရဲ့ တည်ရှိမှုတန်ဖိုးက ပျောက်ကွယ်သွားပါပြီ... ကျွန်တော် သူတို့ကို လွှင့်ပစ်လိုက်ပါ့မယ်..."


ရှန်းလျိုရှန့် : “…”


မျိုးမစစ်လေး... ငါ မင်းကို လုပ်မိတော့မယ်...


" ငါ တစ်တုံးယူထားလိုက်မယ် ကျန်တာတွေကို မင်း ငါ့အစား သိမ်းထားပေးလေ..."


မင်ထန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို သိုလှောင်အိတ်ထဲ ဂရုတစိုက် ထည့်ထားလိုက်သည်။


ရှန်းလျိုရှန့်က သူ့လက်ထဲမှ သလင်းကျောက်ကဲ့သို့ကြည်လင်သည့် ကျောက်တုံးဖြင့် ကစားနေလိုက်သည်။


" အလကားယူထားလို့တော့ ဘယ်ဖြစ်မလဲ... မင်း ချင်းလင်ဂိုဏ်းမှာနေတဲ့ရက်တွေအတွင်း ငါ မင်းကို ရှု့ခင်းတွေလိုက်ပြမယ်..."


မင်ထန် အံ့အားသင့်သွားမိသည်။

" တကယ်လား ကျွန်တော့်ကို တကယ်လိုက်ပြမှာလား..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။


.....


ထိုညတွင် ကျိုးရွှမ်လန် ကျင့်ကြံသည့်လုပ်ငန်းစဉ်များပြီးစီး၍ ချောင်းယွင်တောင်ထွတ်(အာရုဏ်ဦးတိမ်လွှာတောင်ထွတ်) သို့ ပြန်လာခဲ့သည်။ ရှန်းလျိုရှန့်၏အခန်းက မီးများမထွန်းထားဘဲ မှောင်မည်းနေသည်ကို သူတွေ့လိုက်ရပေသည်။


(နောက်ပိုင်းကျ အာရုဏ်ဦးတိမ်လွှာတောင်ထွတ်ကို ချောင်းယွင်တောင်ထွတ်နဲ့ တစ်လှည့်စီ ရေးသွားပါ့မယ်၊ E Transမှာကိုက ၂မျိုးရေးထားလို့ပါ )


သူ့မျက်ခုံးများတွန့်ချိုးပြီး နေ့ခင်းပိုင်းက လင်ကျင်းယဲ့ပြောခဲ့သည်မှာကို ပြန်သတိရသွားမိသည်။


" ဒီနေ့ ဝူဝမ့်တောင်ကြားမှာ အင်မော်တယ်ရှန်းနဲ့ တချမ်ဂိုဏ်းချုပ်တို့ ကြာစေ့ခွာစားနေတာကို ငါတွေ့ခဲ့တယ်... သူတို့အချင်းချင်း တော်တော်ရင်းနှီးတဲ့ပုံပဲ... အရင်တုန်းက တစ်ယောက်နဲ့တစ်ယောက် သိကြတာများလား..."


သူ ထိုမေးခွန်းကို မဖြေနိုင်ခဲ့ပေ။ 


ဂရုတစိုက် တွေးတောပြီးသည့်အခါမှ သူနှင့်ရှစ်စွမ်းအကြား တစ်ယောက်အကြောင်းတစ်ယောက် အပြန်အလှန် ပြောဆိုခြင်း များများစားစားမရှိသည်ကို သဘောပေါက်သွားမိသည်။ သို့ရာတွင် ၎င်းက သူ၏ကျင့်ကြံဆင့်ကိုလည်း အနှောင့်အယှက်မဖြစ်၍ ကိစ္စကောင်းဟု ဆိုရပေမည်။ 


နှစ်ရက် သုံးရက်အကြာတွင် ကျိုးရွှမ်လန်က ကြွယ်ချွန်းမြစ်၌ လေ့ကျင့်နေခဲ့သည်။


အဖြူရောင် ကျောက်စရစ်ခဲများအပေါ် ညနေခင်းနေရောင်က ဖြာကျနေသည်။ သူ့ဘေးနားမှ လင်ကျင်းယဲ့က လက်မောင်းကိုပွတ်လျက် တဗျစ်တောက်တောက် ပြောနေသည်။ 


" ရှစ်စွမ်းက ငါ့ကိုအမြဲတမ်း မက်မွန်ပွင့်တွေ ကောက်ခိုင်းတယ်... ငါ ပင်ပန်းလွန်းလို့ ကျောတွေတောင်နာနေပြီ... ရွှမ်လန် မင်းရဲ့ရှစ်စွမ်းက အများကြီးပိုကောင်းတယ်... သူက မင်းကို ဒီလိုအလုပ်တွေ မလုပ်ခိုင်းဘူးမလား..."


ကျိုးရွှမ်လန် မျက်လွှာအသာချလိုက်ပြီး ဓားကို ကျောက်စရစ်ခဲများကြားထဲ စိုက်ထားလိုက်သည်။ 


သူ တိတ်ဆိတ်ငြိမ်သက်နေမိဆဲဖြစ်သည်။


ဤရက်ပိုင်းများတွင် သူ့ရှစ်စွမ်းက မနက်စောစောထွက်သွားပြီး ညဘက်တွင်လည်း နောက်ကျမှပြန်လာကာ ချောင်းယွင်တောင်ထွတ်တစ်ခုလုံးတွင် မမြင်ရပေ။ ရံဖန်ရံခါ သူ့ကို ဂိုဏ်းထဲ၌ တွေ့လျှင်လည်း သူ့ဘေးနားတွင် တချမ်ဂိုဏ်းချုပ်က အမြဲတမ်းရှိနေသည်။


သူ့ကိုတွေ့သော်လည်း ရှစ်စွမ်းက အေးတိအေးစက်နှင့် ခပ်ကင်းကင်းနေပြီး စကားတစ်ခွန်းမှ မပြောပေ။


ကျိုးရွှမ်လန်၏ရင်ထဲတွင် မသက်မသာဖြစ်နေမိသည်။ သူ့မျက်လုံးများမှိတ်ထားပြီး အတွေးပေါင်းစုံကို ဘေးဖယ်ထားကာ ကျင့်ကြံရေးတွင်သာ အာရုံစိုက်နေလိုက်သည်။


လရောင်က မှိန်ပျပျဖြစ်ပြီး ညအချိန်က မှင်ရည်သဖွယ် နက်မှောင်နေသည်။ 


ကျိုးရွှမ်လန်က ချောင်းယွင်တောင်ထွတ်သို့ ပုံမှန်ထက်နောက်ကျပြီးမှ တမင်ပြန်လာခဲ့သည်။ သို့သော် အံ့အားသင့်စရာကောင်းသည်မှာ ရှန်းလျိုရှန့်၏အခန်းက အလင်းရောင်တစ်စမှ ရှိမနေသေးပေ။ 


အလင်းရောင်ကင်းမဲ့နေသည့်အခန်းကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် သူ့နှုတ်ခမ်းထက်တွင် သူ့ကိုယ်သူလှောင်ပြောင်သရော်သည့် အပြုံးတစ်ခု ပေါ်လာသည်။


ဝိညာဉ်ကာကွယ်ဝတ်ရုံ၊ မန္တန်တွေလေ့ကျင့်တာနဲ့ ရှန့်မင်သစ်သီး...


အသုံးချပြီးတာနဲ့ တွန့်ဆုတ်မနေဘဲ စွန့်ပယ်လိုက်တယ်ပေါ့... တကယ်ကို စံထားလောက်တဲ့ ရှစ်စွမ်းပါပဲ...


ကျိုးရွှမ်လန်က သူ့မျက်ဝန်းထဲမှ အေးစက်မှုများကို ဖိနှိပ်လိုက်ပြီး တစ်ဖက်သို့လှည့်ကာ အခန်းထဲ ပြန်လာခဲ့လိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် သူ ခဏတာ အေးခဲတောင့်တင်းသွားသည်။


ချောင်းယွင်တောင်ထွတ်တွင် အခန်းများစွာရှိသော်လည်း အတွင်းပိုင်းအပြင်အဆင်များက အလွန်ရိုးရှင်းပေသည်။ အခန်းများထဲတွင် အခြေခံလိုအပ်သည့် ပရိဘောဂများဖြစ်သော အိပ်ရာ၊ စားပွဲနှင့် ထိုင်ခုံတို့သာရှိသည်။ ကျိုးရွှမ်လန် ပြောင်းလာပြီးသည့်နောက်တွင်လည်း အခြားသောအပိုပစ္စည်းများကို မထည့်သွင်းခဲ့သောကြောင့် အခန်းက ကျယ်ဝန်းလှသော်လည်း ဗလာကျင်းနေဆဲဖြစ်သည်။


သို့ရာတွင် ယခုအခိုက်အတန့်တွင်မူ အခန်းက လုံးဝ‌ပုံစံပြောင်းလဲနေသည်။


ပြတင်းပေါက်နားတွင် စားပွဲရှည်တစ်လုံး ရောက်နေပြီး နံရံနားတွင်လည်း ရတနာများထည့်သည့်ဗီရိုတစ်လုံး ရောက်နေကာ ထောင့်တစ်နေရာမှ ရွှေရောင်‌အမွှေးတိုင်ကလည်း မွှေးရနံ့ဖျော့ဖျော့တစ်မျိုး ထုတ်လွှတ်နေသည်။


ကျိုးရွှမ်လန် အခန်းထဲဝင်လိုက်သည်နှင့် သူ့အကြည့်များက ရွှေချည်ထိုးထားသည့် ပိတ်ကျဲစတစ်ခုအပေါ်ရောက်သွားသည်။ ၎င်းက ရွှေရောင်ဖျော့ဖျော့အလင်းတန်းတစ်ခု ဖြာထွက်နေပေသည်။


" ဒန် တန် တန်..."


ရှန်းလျိုရှန့်က ပိတ်ကျဲစ၏အလယ်မှ ခေါင်းပြူထွက်လာပြီး သူ၏ နူးညံ့ပျော့ပျောင်းသော လက်ထဲတွင် မွေးနေ့ဖယောင်းတိုင်တစ်တိုင် ထွန်းထားသည်။ 


" ဒီနေ့ မင်းရဲ့မွေးနေ့လေ..."


‌ဧပြီလကုန်က ကျိုးရွှမ်လန်၏မွေးနေ့ဖြစ်သည်။


ရှန်းလျိုရှန့်က ၎င်းကို ရှင်းလင်းစွာမှတ်မိနေခြင်းမျိုးမဟုတ်ဘဲ ကျိုးရွှမ်လန်၏မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားလုပ်ပေးခဲ့သည်များကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသောကြောင့် မမေ့နိုင်ခြင်းဖြစ်သည်။ ထိုနေ့မျိုးတွင် ကျိုးရွှမ်လန်၏ ပရိသတ်များက anti fanများကို forumတစ်ခုလုံးပေါ်၌ မမြင်ရအောင် ရှင်းလင်းထားကာ တစ်ခုခုပြဿနာရှာလျှင်လည်း အသေအကြေတိုက်ခိုက်တတ်ကြသောကြောင့်ဖြစ်သည်။


ဤရက်ပိုင်းများတွင် ရှန်းလျိုရှန့်က သူ့မွေးနေ့အကြောင်း‌ တွေးနေခဲ့ပြီး မင်ထန်ကိုခေါ်ကာ အနီးနားရှိမြို့များသို့သွားလည်ပြီး လက်ဆောင်ရွေးချယ်နေခဲ့ခြင်းဖြစ်သည်။


သို့ရာတွင် သူ စိတ်ကျေနပ်လောက်သည့်လက်ဆောင်မျိုး မတွေ့ခဲ့ပေ။ 


မူရင်းဝတ္ထုထဲမှာ အခန်းတစ်ခန်းကို သူ ရုတ်တရက် သတိရသွားသည်။


( ယိမ်းနွဲ့နေသည့် ခန်းစီးပိတ်ကျဲစ၊ ပန်းပွင့်ပုံစံ ရွှေချည်ထိုးထားသည်များနှင့် ခန်းစီးစကို တင်းကြပ်စွာဆွဲထားသည့် လက်ချောင်းသွယ်သွယ်များ၊ အလိုရမ္မက်များ အထွတ်အထိပ်သို့ ရောက်နေစဉ်တွင် လက်ချောင်းများက ရွှေရောင်ခန်းစီးစကို တင်းကြပ်စွာ ကိုင်ဆွဲထားပြီး ထိန်းမနိုင်အောင် တုန်ယင်နေခဲ့သည်။ ထို့နောက် အားပြင်းပြင်းဖြင့် ဆောင့်ဆွဲလိုက်သည်နှင့် ရွှေရောင်ခန်းစီစ ပြုတ်ကျသွားခဲ့သည်။ )


[ T/N - ရုတ်တရက်ကြီး ဘာတွေရောက်လာမှန်း မသိဖြစ်မှာစိုးလို့ပါ ကွင်းစကွင်းပိတ်ထဲက စာတွေက ရှန်းလျိုရှန့် တွေးမိသွားတဲ့ ဝတ္ထုထဲက အခန်းတစ်ခုပါ (⁠☞⁠ ‌⁠°⁠ ‌⁠ʖ⁠ ‌⁠°⁠)⁠☞ ] 


ထိုအကြောင်းအရာကို စာအုပ်ထဲတွင် အသေးစိတ် မဖော်ပြထားသော်လည်း ကျိုးရွှမ်လန်က အရောင်တောက်ပသည့်ပစ္စည်းများကို နှစ်သက်သဘောကျပုံပေါ်သည်။


နောက်ပိုင်း သူ့အိပ်ဆောင်အကြောင်း ရေးထားသည့်အခန်းများတွင်လည်း ရွှေရောင်နှင့် ဝိညာဉ်ကျောက်တုံးများက နေရာအနှံ့တွင် ပါပေသည်။ 


" ရွှေအိမ်ကြီး " ဟူသောစာလုံးက အလကားသက်သက် မဟုတ်သည့်ပုံပင်။ 

[ ဒီနေရာက ရွှေအိမ်ကြီးဆိုတဲ့စာလုံးက Idiomပါ၊ အဲ့စာလုံးက တရုတ်စာလုံး " ကျင်းဝူစန်းကျောက် "က လာတာပါ၊ အ‌ဓိပ္ပယ်အပြည့်အစုံကတော့ အချစ်ဆုံးဇနီးကိုထားဖို့ ရွှေအိမ်တစ်အိမ် ဆောက်ထားတယ်ဆိုတဲ့ စာကြောင်းပါ၊ အဲဒါကြောင့် ကျိုးရွှမ်လန်က စုပိုင်ချယ့်ကို ရွှေတွေနဲ့ပြည့်နေတဲ့ အိမ်ထဲမှာပဲ ထားထားတယ်လို့ ပြောချင်တာပါ ]


ရှန်းလျိုရှန့်ထံတွင် သူ့ကိုပေးစရာ ဝိညာဉ်ကျောက်တုံးမရှိသောကြောင့် အချိန်ကြာအောင် တွေးတောပြီးသည့်အခါ ရွှေကွတ်ထားသည့်ပစ္စည်းများကို တစ်ခြင်းစာအပြည့်ပြက်ထားပြီး ကျိုးရွှမ်လန်၏ အခန်းထဲတွင် မွေးနေ့လက်ဆောင်အနေဖြင့် ထည့်ထားပေးလိုက်ခြင်းဖြစ်သည်။


" ဖယောင်းတိုင်လာမှုတ်လေ..."


ဖယောင်းများက သူ့လက်ဖဝါးပေါ်သို့ပင် အရည်ပျော်ကျတော့မည်ဖြစ်သည်။


ကျိုးရွှမ်လန်က အနားသို့တဖြည်းဖြည်းတိုးလာပြီး သူ့အကြည့်များက ရှစ်စွမ်း၏မျက်နှာထက်တွင်သာ ရှိနေသည်။ ဖယောင်တိုင်မီးကြောင့် ကြည့်ကောင်းသော မျက်ခုံးမျက်လုံးများက အရောင်တောက်ပနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။


" ကျေးဇူးတင်ပါတယ်ရှစ်စွမ်း..."


သူ ပြောပြီးသည်နှင့် မျက်လွှာချလိုက်ပြီး ဖယောင်းတိုင်မီးကို မှုတ်လိုက်သည်။


မွေးနေ့ဟူသည့်အရာက ကျိုးရွှမ်လန်၏ဘဝတွင် တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပေ။


သူ မည်သည့်နေရာမှ ရောက်လာကြောင်းကို မသိရသည့်အတွက် သူ့ထံတွင် ကျင်းပစရာ မွေးနေ့လည်းမရှိပေ။ 


ဒါပေမဲ့ ဒီနေ့က သူ့မွေးနေ့လို့ ရှစ်စွမ်းကပြောမှတော့ အခုကစပြီး ဒီနေ့က သူ့မွေးနေ့ပေါ့လေ...


ရှန်းလျိုရှန့် သူ့အခန်းသို့ပြန်လာပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။


သူ့တပည့်လေးက နာခံလွန်းတာပဲ... ဘာမှန်းမသိတာတောင်မှ သူပြောတဲ့အတိုင်း ဖယောင်းတိုင်မီးကိုမှုတ်လိုက်တယ်...


မူလတွင်မူ ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ အသက်ငယ်ရွယ်မှုကို အခွင့်ကောင်းယူပြီး သူပိုင်ဆိုင်သည့် အခွင့်အရေးများကို လုယူရန် တွေးခဲ့မိသည်။ သို့မှသာ အနာဂတ်တွင် စုပိုင်ချယ့်နှင့် ကျိုးရွှမ်လန်တို့နှစ်ယောက်ပေါင်းပြီး သူ့ကို လျှို့ဝှက်ကြံစည်မည်ကို တားဆီးနိုင်မည်ဖြစ်သည်။ သို့ရာတွင် လိမ္မာလွန်းသည့် တပည့်လေးကို မျက်နှာချင်းဆိုင်လိုက်သည်နှင့် ထိုသို့မလုပ်နိုင်တော့ပေ။ 


" ငါ အဲ့လိုမလုပ်နိုင်ဘူး..."


ရှန်းလျိုရှန့် ကပျာကသီဖြင့်အော်လိုက်ပြီး အိပ်ရာပေါ် လှဲချလိုက်သည်။


ယခင်တစ်ခေါက်က ခွာပေးခဲ့သည့် ကြာစေ့များကို စားခဲ့စဉ်က ၎င်းတို့ကို ပဲအချိုစေ့များနှင့်ပင် မှားခဲ့သည်။ သို့ဖြစ်၍ ယနေ့တွင် ဝူဝမ့်တောင်ကြားသို့ ထပ်သွားသည့်အခါ မမျှော်လင့်ဘဲ လမ်းတစ်ဝက်တွင် စုပိုင်ချယ့်နှင့် ဆုံခဲ့သည်။ 


စုပိုင်ချယ့်က အဖြူရောင်ဝတ်ရုံဝတ်ထားပြီး ဗျတ်စောင်းကိုပိုက်ထားသည်။‌ အောင်းယွဲ့ကို ဗျတ်စောင်းတီးပြပြီးသည့်နောက် ပြန်လာချိန်တွင် ရှန်းလျိုရှန့်ကို မြင်လိုက်ရ၍ အနည်းငယ်အံ့အားသင့်သွားပြီးသည့်နောက် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။


" အင်မော်တယ်ရှန်း ဝူဝမ့်တောင်ကြားကို ဘာလာလုပ်တာများလဲ..."


ရှန်းလျိုရှန့်က ကြာရွက်ထဲတွင်ပတ်ထားသည့် ကြာစေ့များကို ပြလိုက်သည်။

" မင်း ကြာစေ့စွပ်ပြုတ်ကြိုက်လား နောက်မှ မင်းအတွက် တစ်ခွက်ယူလာခဲ့ပေးမယ်... အရသာကို မင်းသဘောကျမှာပါ..."


ကြာပန်းဖြူနဲ့ ကြာစေ့စွပ်ပြုတ်နဲ့ဆိုရင် ပြီးပြည့်စုံတဲ့ တွဲစပ်မှုကြီးပဲ...

[ ကြာပန်းဖြူက စုပိုင်ချယ့်ကို ပြောတာပါ 😂 ] 


စုပိုင်ချယ့်က ယဉ်ကျေးစွာဖြင့် ငြင်းပယ်လိုက်ပြီး ခေါင်းအသာညိတ်ပြကာ သူ့ကိုဖြတ်သွားသည်။


ရှန်းလျိုရှန့် မြင်ကွင်းထဲမှ ပျောက်သွားသည်နှင့် စုပိုင်ချယ့်၏ အမူအရာက မည်းနက်သွားပြီး ဗျတ်စောင်းကိုပိုက်ထားသာည့်လက်များက တင်းကြပ်လာသည်။ 


" ရှန့်မင်သစ်သီးက သူ့ဆီမှာလို့ ပြောတာလား..."


ထုံရှီးက ပြန်ဖြေသည်။

" ငါ ဝိညာဉ်သစ်သီးရဲ့အော်ရာကို အာရုံခံမိတယ်..."


စုပိုင်ချယ့်၏မျက်ဝန်းထဲတွင် အုံ့မှိုင်းမှိုင်းအရိပ်တစ်ခု ပေါ်လာသည်။


သူ အချိန်ကြာမြင့်စွာ လိုလားတောင့်တခဲ့ရသည့်ဝိညာဉ်သစ်သီးက အခိုးခံလိုက်ရသော်လည်း လင်ယဲ့က ထိုကိစ္စကို မစုံစမ်းခဲ့ပေ။ သူက ရှန်းလျိုရှန့်ကို ကာကွယ်ပေးနေခြင်းဖြစ်ကြောင်း သေချာသွားပေသည်။


" မင်းပြောတော့ လင်ယဲ့က ငါ့ကိုပိုမျက်နှာသာပေးတယ်ဆို... သူက ဒီလိုပုံစံနဲ့ မျက်နှာသာပေးလိုက်တာလား..."


ထုံရှီး၏လေသံက လေးနက်တည်ကြည်သွားသည်။ 

" ရှန်းလျိုရှန့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားတာ ဂိုဏ်းအတွက် ‌တော်တော်အထောက်အကူဖြစ်တယ်လေ... အဲ့တော့ လင်ယဲ့ သူ့ကိုပိုမျက်နှာသာပေးမှာ သဘာဝပဲပေါ့..."


စုပိုင်ချယ့်၏ ဒေါသများက တရိပ်ရိပ်တက်လာသည်။

" မင်း ငါ့ဆီမှာနေတာ ဘာများအသုံးဝင်လဲ... မင်းက ခွေးတစ်ကောင်ကို ဗျတ်စောင်းသွားတီးခိုင်းဖို့လောက်ပဲတတ်တာ... ချီးပဲ အခုဆို ငါ့လက်ဖျားတွေတောင် နာနေပြီ..."


သူက ဝိညာဉ်အခြေတည်အဆင့်တွင်ရှိနေသည့် ကျင့်ကြံသူဖြစ်၍ ရှန့်မင်သစ်သီးကိုရသည်နှင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တက်လှမ်းနိုင်တော့မည်ဖြစ်သည်။ 


အဲ့သစ်သီးက ရှန်းလျိုရှန့်ရဲ့လက်ထဲရောက်သွားမယ်လို့ ဘယ်သူထင်မှာလဲ... သူ ဒေါသမထွက်ဘဲ နေမယ်တဲ့လား...


" ဒီကြိုးစားအားထုတ်မှုတွေက အလဟဿ မဖြစ်ပါဘူး... အောင်းယွဲ့က ဒီနေ့ မင်းလက်ချောင်းတွေကို ကြည့်နေတာ သတိမထားမိဘူးလား..."


" အဲ့ခွေးက မျက်လုံးတွေက ဘယ်ကိုကြည့်နေတယ်ဆိုတာ ဘယ်လိုသိမှာလဲ..."


ထုံရှီးက မသိချင်ယောင်ဆောင်မနေတော့ပေ။ 

" တပည့်တွေရဲ့ပြိုင်ပွဲမှာ အောင်းယွဲ့က ချုပ်နှောင်ထားရာကနေ လွတ်လာပြီး လင်ယဲ့ကို အလစ်ဝင်တိုက်လိမ့်မယ်... အဲ့အချိန်ကျ မင်း အသက်ကိုစတေးပြီး လင်ယဲ့ကို ကယ်ရမယ်..."


 စုပိုင်ချယ့်၏ အမူအရာက မထီမဲ့မြင်ဖြစ်သွားသည်။

" မဖြစ်နိုင်ဘူး ငါ့အသက်ကိုငါ တန်ဖိုးထားတယ်..."


ကောင်းကင်ဘုံခွေးထံမှ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုက သူ့ကို မြေအောက်လောကသို့ တန်းရောက်သွားစေပြီး ကယ်တင်မည့်သူမရှိသည့် ပြန်လမ်းမဲ့ခရီးသို့ ရောက်သွားစေနိုင်သည်။ 


ထုံရှီးက စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြသည်။

" တကယ်လို့ မင်း ထွက်လာတာမြင်ရင် အောင်းယွဲ့က သူ့ကိုယ်သူထိန်းလိုက်မှာပဲ... မင်းအပေါ်ကို အင်အား သုံးဆယ်ရာခိုင်နှုန်းလောက်ပဲ ရောက်လာမှာပါ..."



စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် သရော်လိုက်သည်။

" တကယ်လို့ သူကိုယ်သူ မထိန်းလိုက်ရင်ရော..."


ထုံရှီးက ဝင့်ကြွားစွာဖြင့် ပြောလာသည်။

" သူ သေချာပေါက် စိတ်ထိန်းလိုက်မှာပါ သူက မင်းကို ‌သဘောကျစပြုလာပြီလေ..."


စုပိုင်ချယ့်၏ မျက်နှာထက်တွင် အမျိုးအမည်ဖော်ပြ၍မရသော အမူအရာတစ်ခု ပေါ်လာသည်။


သူ့အတွက်မူ ယောက်ျားများစွာ သူ့ကိုနှစ်သက်သဘောကျခြင်းက စိတ်ချမ်းသာစရာကိစ္စ မဟုတ်ပေ။


ပဲ့တင်သံကြီးဖြင့် ဗျတ်စောင်းမှကြိုးများ ပြတ်ထွက်သွားသည်။


ဗျတ်စောင်းက မြေပေါ်ကျသွားချိန်တွင် စုပိုင်ချယ့်က သူ့ခြေထောက်ဖြင့် နှစ်ကြိမ်တိတိ အားကုန်တက်နင်းကာ ဒေါသကို ဖြေဖျောက်လိုက်သည်။ သူ၏ ချောမောလှ‌ပသော မျက်နှာလေးက ယခုချိန်တွင် အလွန်အမင်း ခက်ထန်နေပေသည်။


ချီးပဲ...


တခြားလူတွေကတော့ ဂုဏ်ယူဝံ့ကြွားလို့ရတဲ့ နဂါးလိုလူမျိုးတွေဖြစ်ပြီး သူ့ကျမှ ဘာလို့ ကြာပန်းဖြူလိုလူမျိုး ဖြစ်နေရတာလဲ...