Chapter 15
" စီနီယာအစ်ကိုကြီး ကျွန်တော့်ကို မယုံဘူးလား... အဲဒီ ရှန့်မင်သစ်သီးရဲ့ စိတ်ဓာတ်က ရိုးရှင်းလွန်းပါတယ် ပြီးတော့ သူ့ကိုကြည့်ရတာ မပျော်တဲ့ပုံပဲ..."
လင်ယဲ့က မျက်ခုံးနှစ်ဖက်အကြားနေရာကို ဖိနေလိုက်သည်။
" ထားလိုက်ပါတော့လေ... ရှန့်မင်သစ်သီးလေးပဲကို မင်း ယူထားလည်းရတယ်..."
ရှန်းလျိုရှန့် ထိတ်လန့်သွားရသည်။
တကယ်လို့ တခြားကျင့်ကြံသူတွေသာ သူတို့စကားဝိုင်းကိုကြားရင် ဒေါသထွက်လွန်းလို့ သွေး သုံးလီတာလောက် အန်ချမယ်ထင်တယ်...
ရှန့်မင်သစ်သီးလေးပဲကို တဲ့လား...
အပြင်လူတွေအတွက်ဆိုရင် ဒါက စကားနဲ့တောင် ပြောလို့မရတဲ့ ကောင်းကင်ဘုံလောက်မြင့်မားတဲ့အရာမျိုး၊ ဒါကိုရဖို့ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတွေ တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန်ပြိုင်ဆိုင်ကြမယ့်အရာမျိုးလေ...
သို့ရာတွက် လင်ယဲ့က ထိုစကားမျိုးကို အေးအေးဆေးဆေးပြောနိုင်စွမ်းရှိသူတစ်ယောက်ဖြစ်သည်။ သူက ချင်းလင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး သူ့ကျင့်ကြံဆင့်က ကြောက်ခမန်းလိလိဖြစ်သည်။ သူ မရရှိနိုင်သည့် ရတနာ သို့မဟုတ် ပစ္စည်းမျိုးမရှိပေ။
" စီနီယာအစ်ကိုက ပွင့်လင်းပြီး ရက်ရောလွန်းပါတယ် တကယ့်ကို စံထားလောက်စရာလူမျိုးပဲ..."
ရှန်းလျိုရှန့်က သူ့ကိုဖားလိုက်သည်။
" ကျွန်တော့်ရဲ့ ချို့တဲ့မှုအတွက် တကယ်ပဲရှက်မိပါတယ်..."
လင်ယဲ့က ဝတ္ထုထဲတွင် အလွန်နာမည်ကြီးသည့် အမျိုးသားအရံဇာတ်ကောင်တစ်ယောက်ဖြစ်သည်။ ရှန်းလျိုရှန့်ကလည်း သူ့ကို သိသိသာသာအရေးပေးခဲ့သည်။
ထိုသို့တည်ကြည်လေးနက်သည့် စိတ်နေစိတ်ထားရှိသူက စုပိုင်ချယ့်ကို သဘောကျသွားခဲ့ရခြင်းက ရှန်းလျိုရှန့်ကို အချိန်အတန်ကြာအောင် အံ့အားသင့်စေခဲ့သည်။ စုပိုင်ချယ့်က နှစ်သက်သဘောကျသူများပြားသည့် အဓိကဇာတ်ကောင်ဖြစ်သည်ဟူသောအချက်ကို ပြန်တွေးမိသောကြောင့်သာ ထိုအတွေးက လွင့်ပြယ်သွားရသည်။
ဤအခိုက်အတန့်တွက်လည်း လင်ယဲ့က စုပိုင်ချယ့်ကို လျှို့ဝှက်စွာဖြင့် မျက်နှာသာပေးနေပြီးဖြစ်သည်။
လင်ယဲ့က စိတ်ခံစားချက်အပေါ်မူတည်၍ ဆုံးဖြတ်ချက်ချတတ်သူတစ်ယောက် မဟုတ်ပဲ အမှန်ကန်ဆုံးဖြစ်သည့် ဆုံးဖြတ်ချက်ကိုချတတ်သူတစ်ယောက် ဖြစ်သည်။ လင်ယဲ့က ရှန့်မင်သစ်သီးကို စုပိုင်ချယ့်အစား ရှန်းလျိုရှန့်ကို ပေးခဲ့ရသည့် အကြောင်းပြချက်က ဝတ္ထုထဲတွင် ပါဝင်သည်။
လင်ယဲ့က သူ့ကို လော်လံဖားသည့်စကားများ တစ်ခွန်းပြီးတစ်ခွန်းပြောနေဆဲဖြစ်သည့် ရှန်းလျိုရှန့်ကိုကြည့်ပြီး တိတ်ဆိတ်နေမိသည်။
လင်ဟွားပြောတာဟုတ်သားပဲ... သူတို့ရဲ့ ဆရာတူညီလေးက တော်တော်ပြောင်းလဲသွားတယ်... အတိတ်တုန်းကဆိုရင် လျိုရှန့်က သူတို့တွေ့တဲ့အချိန်တိုင်း စိတ်လိုက်မာန်ပါဖြစ်ပြီး ထေ့ငေါ့တဲ့စကားတစ်ခွန်းနှစ်ခွန်းတော့ အမြဲပြောနေကျပဲ...
သူရဲ့လက်ရှိပုံစံက တော်တော်လေး နာခံမှုရှိတဲ့ပုံပေါ်နေတယ်...
ဒါက ပိုပြီး မျက်စိပသာဒဖြစ်နေသလိုပဲ...
လင်ယဲ့ အတိတ်ကအကြောင်းများ တွေးနေမိသည်။ ကြာမြင့်ခဲ့ပြီးသောအချိန်တစ်ခုက ရှန်းလျိုရှန့် ဂိုဏ်းထဲ ပထမဆုံး ရောက်လာခဲ့ချိန်တွင် သူ့ဘေးမှ အခြားတပည့်များကို သတိကြီးကြီးဖြင့် ဆက်ဆံခဲ့သည်။ လင်ယဲ့တစ်ယောက်တည်းကိုသာ သူနှင့် ရင်းနှီးသူအဖြစ် သဘောထားပေသည်။
လင်ယဲ့ ဓားပျံနည်းလေ့ကျင့်ချိန်တိုင်းတွင် ရှန်းလျိုရှန့်က မြေပြင်ပေါ်ပြေးလွှားပြီး သူ့နောက်မှလိုက်လေ့ရှိသည်။
ပူပြင်းလှသည့်နေရောင်အောက်တွင် လင်ယဲ့ မန္တန်များ လေ့ကျင့်နေချိန်တိုင်း ရှန်းလျိုရှန့်က သူ့ကို သစ်ရွက်ကြီးတစ်ခုဖြင့်မိုးပေးပြီး စောင့်ပေးနေလေ့ရှိသည်။
ဂိုဏ်းချုပ်နေရာအတွက် ရွေးချယ်ခံရမည့်လူစာရင်းတွင် လင်ယဲ့ပါဝင်လာခဲ့ပြီး သူ၏အာရုံစိုက်မှုလိုအပ်သည့်ကိစ္စများစွာရှိလာသောအခါ ရှန်းလျိုရှန့်နှင့် ကုန်ဆုံးရသည့်အချိန်က တဖြည်းဖြည်းနည်းပါးလာခဲ့သည်။
ထိုနောက်ပိုင်းတွင် သူ၏ဆရာတူညီငယ်လေးက ဒဏ်ရာအကြီးအကျယ်ရခဲ့ပြီး လင်ယဲ့ကို စက်ဆုပ်ရွံရှာစွာ စတင်ဆက်ဆံလာခဲ့သည်။ ရှန်းလျိုရှန့်က သူနှင့် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် စကားအချေအတင်ဖြစ်ခဲ့ပြီး ယောကျာ်းသားတစ်ယောက်အတွက် လင်ရှောင်းခန်းမဆောင်တွင် သူ့ကိုယ်သူ သေကြောင်းကြံရန် ခြိမ်းခြောက်သည်အထိ ဖြစ်ခဲ့သည်။
" ဒီအတိုင်းလေးက ကောင်းပါတယ်..."
လင်ယဲ့က မြှောက်ထားသည့်လက်ကို ပြန်ချထားလိုက်ပြီး ထူးဆန်းသည့်စကားတစ်ခွန်းကိုပြောကာ ထွက်ခွာသွားခဲ့သည်။
လင်ယဲ့၏ အပြုအမူကြောင့် ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်သွားခဲ့ရသည်။ တစ်ဖက်သို့လှည့်ပြီး သူ့အခန်းရှိရာသို့ ပြန်သွားတော့မည့်အချိန်၌ ကျိုးရွှမ်လန် နေသည့်နေရာဘက်မှ အလင်းရောင်ဖျော့ဖျော့ကို မြင်လိုက်ရသည်။ သူ မျက်ခုံးပင့်လိုက်ပြီး သူ့တပည့်လေး မည်သည့်အရာများလုပ်နေသည်ကို စပ်စုချင်စိတ် ဖြစ်လာသည်။
ရှန်းလျိုရှန့် သူ၏ဝိညာဉ်အသိစိတ်ကိုထုတ်လွှတ်ပြီး အာရုံခံကြည့်လိုက်သည့်အခါ ရှက်ရွံ့ပြီး မျက်နှာတစ်ခုလုံး နီမြန်းလာသည်။
သူ့စိတ်ထဲ ရှက်သွားမိသည်။
ကျိုးရွှမ်လန်က ယခုလက်ရှိအချိန်တွင် တရားထိုင်နေပေသည်။
" ကောင်စုတ်လေး မင်းတစ်ယောက်တည်းကပဲ ငါးဆားနယ်တစ်ကောင်ဖြစ်ဖို့ ထိုက်တန်ပါတယ်..."
ရှန်းလျိုရှန့် စောင်ခြုံလိုက်ပြီးနောက် ထိုညအတွက် နောက်ဆုံးစကားတစ်ခွန်းကိုပြောကာ အိပ်မောကျသွားတော့သည်။
နောက်တစ်နေ့တွင် ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်စုက ဂိုဏ်းထဲကို လှည့်လှည်ကြည့်ရှု့နေကြသည်။ ချင်းလင်ဂိုဏ်းမှတပည့်များက သူတို့ရှိနေသည်ကို တအံ့တဩမဖြစ်ဘဲ လုပ်စရာရှိသည့်တာဝန်များကိုသာ ဆက်လုပ်နေကြသည်။
" ဒီလမ်းက ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးကို သွားတဲ့လမ်းလို့ထင်တယ်..."
ကျင့်ကြံသူအုပ်စုက ထိုနေရာတွင်ရပ်ပြီး မိုးထိအောင်မြင့်သည့် တောင်ထွတ်များကို မော့ကြည့်လိုက်ကြသည်။
" ချင်းလင်တောက်ကျွင့်(တာအိုပညာရှင်) က ဒီချောက်ကမ်းပါးက ပြုတ်ကျပြီးတဲ့နောက်မှာမှ တာအိုဉာဏ်အလင်းရသွားတယ်လို့ ပြောကြတယ်... အဲဒီကနေစပြီး ချင်းလင်ဂိုဏ်းကို တည်ထောင်လိုက်ကြတာတဲ့..."
" ကောလဟာလတွေကတော့ အဲ့လိုပါပဲ... ဘယ်ဟာက အမှန်ဆိုတာ ဘယ်သူမှ မသိကြဘူး..."
" ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးက တကယ်ကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်... သိပ်မကြာသေးခင်က အင်မော်တယ်ရှန်းတောင် အဲ့နေရာမှာ အပြစ်ပေးခံခဲ့ရသေးတယ် ပြီးတော့ နောက်နေ့လည်းရောက်ရော ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားတော့တာပဲ..."
" ငါတို့လည်း သူ့လိုလိုက်လုပ်ကြည့်ကြမလား... ထူးခြားတာတစ်ခုခု ဖြစ်ရင်ဖြစ်လာမှာပေါ့..."
" ဘာကိုလိုက်လုပ်မှာလဲ... သူ့လိုမျိုး ယောက်ျားတစ်ယောက်နောက်ကို လိုက်မလို့လား..."
စည်းချက်ကျနနေသည့် လေထုအခြေအနေက ရုတ်ချည်းရပ်တန့်သွားသည်။ ထိုစကားကိုပြောလိုက်သူက ကိုယ့်ကိုကိုယ်ဂုဏ်မောက်နေပြီး ခေါင်းမှခြေဖျားအထိ အရည်အသွေးကောင်းသည့် ရှေးဟောင်းအသုံးအဆောင်မြောက်များစွာဖြင့် ပြည့်နေသည်။
အဖွဲ့ထဲမှ လူတစ်ယောက်က သူ့ကို မှတ်မိလိုက်သည်။ စကားပြောလိုက်သူက ဝူယာဂိုဏ်းမှ သခင်လေးဝေ့ ဖြစ်သည်။
ဝူယာဂိုဏ်းက ရှီးယန်ဂိုဏ်းနှင့် ဆက်ဆံရေးပြေလည်ပြီး အကြောင်းရင်းအချို့ကြောင့် ထိုနေရာမှ ကျင့်ကြံသူများက ချင်းလင်ဂိုဏ်းတွင် မကြာခဏပေါ်လာလေ့ရှိသည်။
သူ့ဘေးနားမှ မကျေမနပ်ဖြစ်သွားသည့်အကြည့်များကို သတိပြုမိသောကြောင့် သခင်လေးဝေ့က ယပ်တောင်ကိုဖြန့်ပြီး သရော်လိုက်သည်။
" ရှန်းလျိုရှန့်က တကယ်တော့ ဘယ်လိုလူမျိုးလဲဆိုတာ အားလုံးသိတာပဲမလား... သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူဆိုရင်ရော ဘာဂရုစိုက်စရာရှိလဲ... နောက်ကျရင်လည်း ဓားသခင်ယဲ့မွေးထားတဲ့ခွေး ဖြစ်သွားမှာပဲကို..."
သူ့စကားဆုံးသည်နှင့် လူတစ်ယောက်က သူ့နားကပ်လာပြီး သူ့ရှေ့တည့်တည့်တွင် လာရပ်သည်။
သခင်လေးဝေ့ မျက်မှောင်ကြုတ်လိုက်ပြီး ထိုလူကို ပညာပြရန် ပြင်လိုက်သော်လည်း သူ့မျက်နှာတည့်တည့်သို့ လက်ဝါးတစ်ဖက်ရောက်လာပေသည်။ ထိုလူက အမှန်ပင် ရန်စလာပေသည်။
" အဲဒါ တချမ့်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် မင်ထန်ပဲ..."
" သူက သခင်လေးဝေ့နဲ့ ဘာရန်ငြှိုးတွေများ ရှိလို့လဲ... သူ့လှုပ်ရှားမှုတိုင်းက လူသတ်ဖို့ ပြင်နေသလိုပဲ..."
" ငါကြားတာတော့ ဂိုဏ်းချုပ်မင်က အညှာအတာကင်းမဲ့ပြီး အပြုအမူတွေက ကြမ်းတမ်းတယ်တဲ့... စိတ်ဓာတ်ကလည်း အေးစက်ပြီး နှလုံးသားမဲ့တယ်လို့ ပြောကြတာပဲ... ဝေ့ထျန်းကျီက သူဒီလောက်ဒေါသထွက်အောင် ဘာသွားလုပ်ထားလဲ မသိဘူး..."
" သူတို့နှစ်ယောက်လုံးက ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းရောက်နေတဲ့သူတွေပဲ... ဘယ်သူ နိုင်မလဲ ငါသိချင်မိတယ်..."
သို့ရာတွင် လှုပ်ရှားမှုအနည်းငယ်ပြီးဆုံးသွားသည်နှင့် ရလဒ်က ရှင်းလင်းသွားပေသည်။
မင်ထန်က ဝေ့ထျန်းကျီကို ဘန်းခနဲ မြေပြင်ပေါ် ဆောင့်ချလိုက်ပြီး သူ့လက်များကလည်း တစ်ဖက်လူ၏လည်ပင်းပေါ် ရှိနေသည်။ အေးစက်ပြီး ကြက်သီးထဖွယ်ဖြစ်သည့် အပြံးတစ်ခု သူ့မျက်နှာထက်တွင် ပေါ်လာသည်။
" လူကဖြင့် အရည်အချင်းမရှိပဲနဲ့ မဟုတ်တဲ့စကားတွေ လျှောက်ပြောနေတယ်... မင်းက အရှက်တရားဆိုတဲ့အရာကို သေချာမသိတဲ့ပုံပဲ..."
ဝေ့ထျန်းကျီ၏မျက်နှာက ပြာနှမ်းသွားသည်။
သူက အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရန်ပွဲထဲရောက်သွားပြီး ရှုံးသွားသည့်အနေအထားသို့ ရောက်သွားပေသည်။ ၎င်းက သူ့အတွက် အရှက်ကွဲမှုကြီးတစ်ခု ဖြစ်ပေသည်။
" ကျွန်တော်က လူကြီးမင်းနဲ့ ဘာရန်ငြှိုးမှ မရှိပါဘူး... အထင်လွဲစရာကိစ္စ တစ်ခုခုများ ရှိနေတာများလား..."
ဝေ့ထျန်းကျီက မင်ထန်၏ ပြိုင်ဘက်မဟုတ်သောကြောင့် သူ့ဘက်က အလျှော့ပေးပြီး စကားကို တရိုတသေပြောနေရသည်။
မင်ထန်၏မျက်နှာက မည်းမှောင်သွားပြီး ကြက်သီးထဖွယ် ဖြစ်လာသည်။
" နားထောင်စမ်း... အင်မော်တယ်ရှန်းက အနှေးနဲ့အမြန် ကျင့်ကြံရေးလောကရဲ့ ထိပ်ဆုံးမှာ ရပ်တည်လာနိုင်မယ့်သူပဲ... မင်းလို အဆင့်နိမ့်တဲ့သူက သူ့နာမည်ကို ပါးစပ်ကထွက်ဖို့တောင် အရည်အချင်းမပြည့်မီဘူး..."
ဒေါသကြောင့် ဝေ့ထျန်းကျီ၏ အသက်ရှုသံက စည်းချက်မကျ ဖြစ်လာသည်။
ရှန်းလျိုရှန့်ကြောင့်ပေါ့လေ...
သူ ဘာလို့ ကံမကောင်းရတာလဲ... တကယ့် အရူးလိုလူနဲ့မှ တွေ့ရတယ်လို့...
ကံဆိုးသည်မှာ ဝေ့ထျန်းကျီက အမှန်ပင် မင်ထန်၏ ပြိုင်ဘက်အဆင့် မဟုတ်ပေ။ သူ မနည်းဟန်လုပ်ပြုံးလိုက်ပြီး ပြေပြေပြစ်ပြစ်အမူအရာဖြင့် ပြောလိုက်သည်။
" လူကြီးမင်းရဲ့ စွမ်းရည်တွေက ဆန်းကြယ်လွန်းပါတယ်... ဘာလို့ ရှန်းလျိုရှန့်ကို အထင်ကြီးနေမှာလဲ အဲ့လိုမျိုး အားးး..."
" စိတ်ကြီးဝင်နေဝာာပဲ... မင်း သူ့ကို အင်မော်တယ်ရှန်းလို့ ရိုရိုသေသေ ခေါ်သင့်တယ်..."
မင်ထန် ဒေါသတကြီး အော်ပြောလိုက်သည်။ သူ့ခွန်အားများကို လက်တွင်စုစည်းလိုက်ပြီး ဝေ့ထျန်းကျီ၏လည်ပင်းသွေးကြောများကို ဖိအားပေးကာ စကားဆက်မပြောနိုင်အောင် လုပ်လိုက်သည်။
" မင်းက အင်မော်တယ်ရဲ့နာမည်ကိုတောင် ခေါ်ရဲတယ်ပေါ့လေ... မင်း သေချင်နေရင် ငါ မင်းဆန္ဒကို ဝမ်းသာအားရ ဖြည့်ဆည်းပေးမယ်..."
မင်ထန် ဒေါသကြောင့် တုန်ယင်လာသည်။
သူ့ဘေးက လူတွေက စိတ်ကြီးဝင်နေတဲ့ ငတုံးတွေချည်းပဲ... ရှန်းလျိုရှန့်ဘယ်လောက်ကောင်းတယ်ဆိုတာ ဘယ်သူမှ နားမလည်ကြဘူး...
လွန်ခဲ့သော ဆယ်နှစ်ခန့်က ကလေးတစ်ယောက်ကို ရှန်းလျိုရှန့်က နတ်ဆိုးများလက်ထဲမှ ကယ်ခဲ့သည်ကို မင်ထန် မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ရသည်။
သူ့စွမ်းအားတစ်မျိုးတည်းနှင့်ပင် အသင်္ချေမကသော နတ်ဆိုးမျိုးနွယ်များကို သုတ်သင်ပစ်နိုင်ပေသည်။
ထိုစဉ်အချိန်က မင်ထန်မှာ ကျင့်ကြံဆင့်နိမ့်သေးသူတစ်ယောက်ဖြစ်သည်။ သူက အဝေးမှ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့ပေသည်။ သို့ရာတွင် တစ်ဖက်လူ၏ ဖိနှိပ်ချုပ်ခြယ်နိုင်မှုက တုနှ်ိုင်းမဲ့ဖြစ်သည်ကိုမူ ခံစားနိုင်ခဲ့ပေသည်။ ထိုဖိအားကြီးကြောင့် သူ့ဦးရေပြားများပင် ကျိန်းစပ်ထုံကျဉ်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေခဲ့ရသည်။
ရှန်းလျိုရှန့်က နတ်ဘုရားတစ်ပါးဖြစ်ကြောင်း ထိုအခိုက်အတန့်တွင် မင်ထန် နားလည်သဘောပေါက်ခဲ့သည်။ သူက တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျင့်ကြံရေးလောက၏ ကံကြမ္မာကို လက်ထဲ၌ ဆုပ်ကိုင်ထားမည့်သူတစ်ယောက် ဖြစ်ပေသည်။
သို့ရာတွင် ထိုသို့သော အင်မော်တယ်မျိုးကို လူတစ်ယောက်က မဟုတ်မမှန်စကားများပြောရဲနေပေသည်။
သူ ဘယ်လိုလုပ် သည်းခံနိုင်မယ်တဲ့လဲ... အဲဒီမျိုးမစစ်ရဲ့အသက်ကို ဒီနေ့ပဲယူပစ်မယ်...
မင်ထန်က သူ့လက်တစ်ဖက်မြှောက်ပြီး ဝေ့ထျန်းကျီ၏ခေါင်းကို ရိုက်ခွဲပစ်တော့မည့်အချိန်တွင် သူ့ဘေးမှ တအံ့တဩခေါ်သံတစ်သံကို ကြားလိုက်ရသည်။
" အင်မော်တယ်ရှန်း .."
မင်ထန်၏ အမူအရာ ချက်ချင်းပြောင်းလဲသွားပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
" ကျွန်တော်က ဖြတ်သွားရုံပါ..."
ရှန်းလျိုရှန့်က လမ်းဘေးနားတွင်ရပ်နေပြီး သိမ်မွေ့စွာ ပြုံးပြလိုက်သည်။
" ကျွန်တော် နှောင့်ယှက်ဖို့ မရည်ရွယ်ပါဘူး... ကျေးဇူးပြုပြီး ဆက်လုပ်ကြပါ..."
မင်ထန် ထိုနေရာတွင်ပင် အေးခဲတောင့်တင်းသွားသည်။ သူ့ပုံစံက အလွန်အမင်း ထိတ်လန့်သွားသည်နှင့် တူပေသည်။
တကယ်ကြီး အင်မော်တယ်ရှန်းပဲ...
သူက အင်မော်တယ်ရှန်းနဲ့ အရမ်းနီးတဲ့နေရာမှာ ရှိနေတာပဲ... အင်မော်တယ်က အရင်လို ဆွဲဆောင်မှု ရှိနေတုန်းပဲ... အခု အင်မော်တယ်ရှန်းက သူ့ကိုပြုံးပြလိုက်တာလား ... အားးးး.... အား အား အား...
အင်မော်တယ်ရှန်းက သူတစ်ယောက်တည်းကို ပြုံးပြနေခြင်းမဟုတ်သော်လည်း ထိုအတွေးတစ်ခုတည်းနှင့်ပင် မင်ထန်ကို ရူးသွပ်သွားစေနိုင်ပေသည်။
မင်ထန် သူ့လက်နှစ်ဖက်လုံးကို လွှတ်လိုက်ပြီး ရှန်းလျိုရှန့်၏ ထွက်ခွာသွားသောကျောပြင်ကို ကြည့်နေလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ ကိုယ်တိုင်ပင် မသိလိုက်ဘဲ ပါးပြင်နှစ်ဖက်လုံး နီရဲနေခဲ့သည်။
မင်ထန် ရှန်းလျိုရှန့်အနားကပ်သွားပြီး သူ့ကို နှုတ်ဆက်လိုခဲ့သည်။
ဒါပေမဲ့ အရမ်းကြီး ရုတ်တရက်ဆန်သွားမယ်ထင်တယ်...
သူ ဘယ်လိုစပြောရမလဲ...
ကျွန်တော် နာမည်က မင်ထန်ပါ... မဟုတ်သေးဘူး... ကျွန်တော်က တချမ်ဂိုဏ်းချုပ်ပါ... မဟုတ်သေးဘူး... ကျွန်တော်...
မင်ထန်က ဘဝတစ်လျှောက်လုံးတွင် အရေးကြီးဆုံး ဆုံးဖြတ်ချက်တစ်ခုကိုချနေရသကဲ့သို့ စိုးရိမ်တကြီးဖြစ်ပြီး စိတ်လှုပ်ရှားနေသည်။
ကြည့်ရှု့နေသူတိုင်း၏ မျက်နှာထက်တွင် အံ့ဩတကြီးဖြစ်နေသည့် အမူအရာများ ပေါ်လာသည်။
အစောပိုင်းက အညှာအတာကင်းမဲ့နေသော တချမ်ဂိုဏ်းချုပ် အမူအရာက ရုတ်ချည်းပြောင်းလဲကာ မျက်နှာတစ်ခုလုံးနီရဲလာရသည်ကို သူတို့သဘောမပေါက်သကဲ့သို့ သူ အဘယ့်ကြောင့် စိတ်လှုပ်ရှားနေသည်ကိုလည်း သူတို့နားမလည်နိုင်ဖြစ်သွားသည်။
နောက်ဆုံးတွင် မင်ထန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူ ခြေလှမ်းကျဲများဖြင့် အမြန်လျှောက်သွားပြီး လူအုပ်ကြီး၏ မျက်စိရှေ့မှ ပျောက်ကွယ်သွားပေသည်။
ရှန်းလျိုရှန့်က ကြာစေ့များခွာယူရန် ဝူဝမ့်တောင်ကြားသို့ သွားနေခြင်းဖြစ်သည်။ သူက ကြာစေ့များကို စားချင်နေသည်မှာ အချိန်အတန်ကြာပြီဖြစ်သော်လည်း မဝယ်နိုင်ဖြစ်နေသည်။ သို့ဖြစ်၍ ကိုယ်တိုင်လုပ်ရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။
မမျှော်လင့်ထားသည်မှာ လမ်းတစ်ဝက်တွင် လူတစ်ယောက်က သူ့ရှေ့ ရုတ်တရက်ရောက်လာပြီး သူ့လမ်းကို ပိတ်ထားပေသည်။
ထိုလူက ပခုံးကျယ်ကျယ် အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ့ပုံစံက ထူးခြားဆန်းကြယ်သည်ဟု မဆိုနိုင်သော်လည်း "ချောမောခံ့ညား" သည်ဟူသော စကားလုံးထက်ပို၍ ချီးကျူးရန် ထိုက်တန်ပေသည်။ သူ့မျက်နှာထက်မှ တစ်ခုတည်းသော အပြစ်အနာအဆာက ခရမ်းချဉ်သီးသဖွယ်နီရဲနေသော မျက်နှာဖြစ်သည်။ သူ့ပုံစံက အချိန်မရွေး သွေးများစီးကျလာတော့မည့်သဖွယ် ရဲတွတ်နေသည်။
ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် သတိကြီးကြီးထားသည့် အမူအရာမျိုး ဖြစ်သွားသည်။
မင်ထန်က တစ်ဖက်လူထံမှ ရန်လိုမှုကို ခံစားလိုက်ရ၍ ချက်ချင်း ကပျာကသီဖြစ်ပြီး ဘာလုပ်ရမည်မသိ ဖြစ်ကုန်သည်။ သူ ပါးစပ်ဟ၍ အထစ်ထစ်အငေါ့ငေါ့ပြောလိုက်သည်။
" အင်မော်တယ်... ကျေးဇူးပြုပြီး အထင်မလွဲပါနဲ့... ကျွန်တော်က အင်မော်တယ်ရဲ့ နတ်ဘုရားပါ..."
" ဟမ်..."
ရှန်းလျိုရှန့် အံ့အားသင့်သွားတော့သည်။
( နတ်ဘုရားပါဆိုတာက စာမှားရိုက်တာမဟုတ်ပါဘူး၊ မင်ထန်က အရမ်းစိတ်လှုပ်ရှားနေလို့ ပြောင်းပြန်ကြီးပြောလိုက်တာပါ 😂 )