Chapter 14
" ခဏနေဦး..."
ကျိုးရွှမ်လန်၏ရင်ထဲ ခံစားချက်မကောင်း ဖြစ်လာသည်။ ရှန်းလျိုရှန့် သူ့ကို ထိုသို့လှမ်းခေါ်ချိန်တိုင်း ကောင်းသည့်အရာတစ်ခုမှ မဖြစ်လာပေ။ သူ မကြားချင်ယောင်ဆောင်ပြီး အပြင်ထွက်သွားရန် ပြင်လိုက်သည်။
ကံဆိုးသည်မှာ သူ နှစ်လှမ်းသုံးလှမ်းခန့် လျှောက်ပြီးချိန်တွင် သူ့ခါးမှ ကျောက်စိမ်းပြားက သူ့ကို နောက်ပြန်ဆုတ်သွားအောင် လုပ်လိုက်သည်။
" ငါ့မှာ ဆန္ဒသေးသေးလေးတစ်ခု ရှိတယ်..."
ကျိုးရွှမ်လန်၏ မျက်နှာအမူအရာက သတိအနေအထားဖြစ်သွားသည်။
" ဒီတပည့်က အရာရာချို့တဲ့လို့ ရှစ်စွမ်းကို မကူညီနိုင်မှာစိုးတယ်..."
ရှန်းလျိုရှန့်က သူ့စကားများကို လျစ်လျူရှု့ထားပြီး ဆက်ပြောသည်။
" ငါ ရှန့်မင်သစ်သီးကို ကြည့်ချင်တယ်..."
အဲဒါကို လိုချင်တယ်...
ရှန့်မင်သစ်သီးကို ဝမ်ရှင်းမျှော်စင်ပေါ်တွင် ထိန်းသိမ်းထားကြောင်း ဂိုဏ်းထဲမှလူအားလုံးသိသည်။ သို့သော် ၎င်း၏တည်နေရာကိုစုံစမ်းရန် မဖြစ်နိုင်ပေ။ ဝမ်ရှင်းမျှော်စင်က ချင်းလင်ဂိုဏ်း၏ ရတနာများ ထားရှိရာဖြစ်၍ အစောင့်အကြပ်ထူထပ်လှသည်။ မန္တန်အစီအရင်များလည်း နေရာအနှံ့တွင် ချထားပေသည်။ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူများပင် ဝင်ရောက်ရန် ခက်ခဲလှသည်။
ကျိုးရွှမ်လန် ပြောလာသည်။
" ရှစ်စွမ်း ကျေးဇူးပြုပြီး အဲ့ကိစ္စကို မေ့လိုက်ပါ... တကယ်လို့ စောင့်ကြပ်နေတဲ့တပည့်တွေကို ကျော်သွားနိုင်မယ်ဆိုရင်တောင် မန္တန်အစီအရင်တွေရဲ့ တားမြစ်တာကို ခံရမှာပဲ..."
" ရှစ်စွမ်းက မဖျက်ပစ်နိုင်ရင်တောင် ငါ့တပည့်က လုပ်နိုင်မှာပေါ့..."
အခန်းထဲတွင် တိတ်ဆိတ်သွားသည်။
ဂိုဏ်းထဲတွင် မန္တန်အစီအရင်ကြီးငယ်များကို ချထားရန် တာဝန်ယူထားရသည့် အကြီးအကဲက လွန်ခဲ့သော နှစ်ဝက်ခန့်က ဆုံးပါးသွားခဲ့သည်။ သူ မသေဆုံးမီအချိန်တွင် သူ့အမွေအနှစ်များကို နောက်ဆုံးတွေ့ခဲ့သည့်တပည့်ကို လက်ဆင့်ကမ်းခဲ့ပေသည်။
ထိုတပည့်က ကျိုးရွှမ်လန်ဖြစ်သည်။
ယခုလက်ရှိအချိန်၌ မန္တန်အစီအရင်များကို တာဝန်ယူထားရသည့် အကြီးအကဲများပင်လျှင် ရံဖန်ရံခါ၌ ကျိုးရွှမ်လန်ကို သူတို့မသိသည့် မေးခွန်းများ လာရောက်မေးမြန်းတတ်ကြသည်။
ဤကိစ္စက ဂိုဏ်းထဲမှ လူအားလုံးသိရှိကြသည့်အချက်ဖြစ်၍ လျှို့ဝှက်ချက် မဟုတ်ပေ။
ကျိုးရွှမ်လန် မျက်နှာသေကြီးဖြင့် ပြန်ဖြေလိုက်သည်။
" ဂိုဏ်းချုပ်အမိန့်ပေးမှပဲ ကျွန်တော်အဲဒီအစီအရင်တွေကို ဖွင့်ပေးမှာပါ..."
ရှန်းလျိုရှန့်၏မျက်လုံးများ အရောင်လက်သွားသည်။ သူက ခွေးပေါက်လေးတစ်ကောင်သဖွယ် မျက်ဝန်းများဖြင့် ကျိုးရွှမ်လန်ကို ကြည့်လိုက်သည်။
" ငါက ဒီတိုင်းကြည့်ချင်ရုံလေးပါ ဘာကိုမှ မထိပါဘူး... ငါ့ကို ခေါ်သွားလို့မရဘူးလားဟင်..."
ကျိုးရွှမ်လန်က ဂရုမစိုက်ဟန်ဖြင့် ပြတ်ပြတ်သားသားပြောလိုက်သည်။
" လုံးဝ မဖြစ်နိုင်ဘူး..."
ထို့နောက် သူက အညှာအတာမဲ့စွာဖြင့် ထပ်ပြောလာသည်။
" ရှစ်စွမ်း ဒီတစ်ခါ တကယ်ကြီးငိုမယ်ဆိုရင်တောင် ကျွန်တော် ခေါ်သွားမှာ မဟုတ်ဘူး..."
" တကယ်ကြီး မဖြစ်နိုင်တော့ဘူးလား..."
ရှန်းလျိုရှန့်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
" မဖြစ်နိုင်ဘူး..."
ဝမ်ရှင်းမျှော်စင်ပေါ်သို့ ခိုးဝင်မည်ဆိုပါက ဂိုဏ်း၏စည်းမျဉ်းကို ချိုးဖောက်ရာကျပေသည်။ သူ့ရှစ်စွမ်းက ရူးနှမ်းသည့် အပြုအမူမျိုးလုပ်မည်ကိုအလိုလိုက်မည်မဟုတ်ပေ။
" အိုး တကယ်လား..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။
" တိုက်ဆိုင်လိုက်တာ ငါကလည်း မဖြစ်နိုင်တဲ့ကိစ္စတွေကို စိန်ခေါ်ရတာ ပိုကြိုက်တာ..."
ထိုစကားများပြောပြီးသည်နှင့် ရှန်းလျိုရှန့်၏မျက်နှာထက်မှအပြုံးက ပျောက်ကွယ်သွားကာ ကြောက်မက်ဖွယ် ဖိအားတစ်မျိုး ထုတ်လွှတ်လျက် ကျိုးရွှမ်လန်ရှိရာသို့ မနှေးမမြန်လျှောက်သွားလိုက်သည်။
ကျိုးရွှမ်လန်က ထိတ်လန့်မသွားပဲ အမူအရာက တည်ကြည်နေဆဲဖြစ်သည်။
" ရှစ်စွမ်းက ဒီတပည့်ကို အတင်းဖိအားပေးမယ်ဆိုရင်လည်း ကြိုးစားကြည့်ပါ..."
ရှန်းလျိုရှန့်က သူ့စကားကို ပြန်မဖြေဘဲ စူစူပုတ်ပုတ်ဖြင့်သာ အနားသို့ ကပ်လာသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ သိပ်သည်းလှသောဖိအားက အခြေခံအုတ်မြစ်တည်အဆင့်တွင် ရှိနေသည့် မည်သည့်တပည့်ကိုမဆို ခြေတစ်လှမ်းမှ မလှမ်းနိုင်သည်အထိ ဖိနှိပ်ထားနိုင်ပေသည်။ သို့ရာတွင် ဝတ်ရုံနက်လူငယ်လေး၏ကျောပြင်က မတ်နေဆဲဖြစ်ကာ အေးစက်ပြီးမာနကြီးသည့် အော်ရာမျိုး ထုတ်လွှတ်နေဆဲဖြစ်သည်။
" မင်း ပြောတာနော်..."
ရှန်းလျိုရှန့်က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး လက်တစ်ဖက်ဆန့်လိုက်ကာ မှတ်ချက်ပြုလိုက်သည်။
" မင်းက ကိစ္စတွေကို ခက်ခဲအောင်လုပ်ရတာ ပိုသဘောကျသလိုပဲ..."
သူ စတင်လှုပ်ရှားတော့မည်ဖြစ်သည်။
ကျိုးရွှမ်လန် ကြောက်ရွံ့မှုအရိပ်အယောင်ကို ခံစားလိုက်ရသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဆီက သေစေနိုင်တဲ့ ရိုက်ချက်လား...
" ဟင့်... "
ရှန်းလျိုရှန့်က ကျယ်လောင်သည့်အော်သံဖြင့် သူ့လက်မောင်းသေးသေးလေးများကို သူ့တပည့်၏ခြေထောက်တွင် ဖက်ထားလိုက်ကာ ဝတ်ရုံထဲ ခေါင်းတိုးဝင်ပြီး ခန္ဓာကိုယ်သေးသေးလေးကို လှုပ်ရမ်းနေသည်။
" ငါ့ကို ဝမ်ရှင်းမျှော်စင်လိုက်ပို့ပါလို့ ~ လိုက်ပို့ပေး လိုက်ပို့ပေး ~ "
သူတို့နှစ်ယောက်၏ ဘေးပတ်ပတ်လည်မှလေထုအခြေအနေက ခဏတာ ရပ်တန့်သွားသည်။
ကျိုးရွှမ်လန်က ရုပ်တုတစ်ခုသဖွယ် ထိုနေရာတွင် တောင့်တောင့်ကြီး ရပ်နေမိတော့သည်။
.........
လေထုအလယ်ဝဲနေသည့် လက်ဖဝါးစာခန့်ရှိသော အရောင်ဖျော့ဖျော့သစ်သီးတစ်လုံးကို ပိုးမျှင်ပါးလေးများဖြင့် လွှမ်းခြုံထားသည်။
ရှန်းလျိုရှန့်က ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်နေသည်။
" ဘာလို့ အဲဒါကိုချည်ထားတာလဲ..."
ကျိုးရွှမ်လန်က အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
" ရှန့်မင်သစ်သီးက သူ့ကိုယ်ပိုင် ဝိညာဉ်အသိစိတ်ရှိလာပါပြီ... တကယ်လို့သာ ဒီလိုမျိုး ချုပ်နှောင်မထားဘူးဆိုရင် ထွက်ပြေးသွားလိမ့်မယ်..."
အစောပိုင်းတွင် ရှန်းလျိုရှန့်က မှောင်မည်းပြီး လေပြင်းနေသည့်ညအချိန်ကို အခွင့်ကောင်းယူကာ သူ၏ ဝိညာဉ်အသိစိတ်ကိုသုံးပြီး ကင်းလှည့်နေသည့်တပည့်များကို ကျော်ဖြတ်လာနိုင်ခဲ့သည်။ ယခုအခါ ကျိုးရွှမ်လန်က အစီအရင်ကို တိတ်တဆိတ်ဖွင့်ပေးခဲ့သောကြောင့် သူတို့နှစ်ယောက်က ဝမ်ရှင်းမျှော်စင်ထဲကို အောင်မြင်စွာခိုးဝင်နိုင်ခဲ့ပြီး ရှန့်မင်းသစ်သီးရှိသည့်နေရာသို့ ရောက်လာခဲ့ပြီဖြစ်သည်။
" ရှစ်စွမ်း ကြည့်လို့ပြီးပြီလား..."
အစီအရင်ကို ဖွင့်ထားခြင်းကို သာမန်တပည့်များက အာရုံမခံနိုင်သော်လည်း အကြီးအကဲတစ်ယောက်ယောက် အနားမှ ဖြတ်သန်းသွားပါက သူတို့ခိုးဝင်လာသည်ကို ချက်ချင်းသိသွားနိုင်သည်။
ရှန်းလျိုရှန့်က သစ်သီးမှအကြည့်ကိုပြန်ရုတ်သိမ်းပြီး သူ့တပည့်ကို မော့ကြည့်လိုက်သည်။
ကျိုးရွှမ်လန်က ထူးဆန်းစွာဖြင့် နွေးထွေးသည်ဟု ခံစားနေရပြီး တစ်ကိုယ်လုံးလည်း ချွေးပြန်နေသောကြောင့် မျက်နှာလည်း နီမြန်းနေသည်။ ရှန်းလျိုရှန့်က တောက်ပသည့်မျက်လုံးများဖြင့် လက်မြှောက်ပြီး ကျိုးရွှမ်လန်၏ အင်္ကျီလက်ကိုလှမ်းဆွဲကာ သက်ပြင်းရှည်ကြီးချလိုက်သည်။
" မင်းက လူကောင်းလေးပဲ..."
ကျိုးရွှမ်လန် ရင်တုန်သွားမိသည်။
ရှန်းလျိုရှန့်၏ အမူအရာက နိမိတ်မကောင်းဟု သူခံစားလိုက်ရသည်။
ကျိုးရွှမ်လန်၏ အပြစ်မကင်းသော ခံစားချက်ကို မှန်ကန်ကြောင်း သက်သေပြလိုက်ပေသည်။
နောက်အခိုက်အတန့်တွင် ရှန်းလျိုရှန့်က နောက်ပစ်ထားသော လက်တစ်ဖက်ကိုမြှောက်ကာ အဆောင်အင်းတစ်ခုကို ရှန့်မင်သစ်သီးရှိရာသို့ ပျံသန်းသွားစေလိုက်သည်။
" တောင်းပန်ပါတယ် ဒီတစ်ခါ ငါမင်းကို ပြဿနာထဲ ဆွဲထည့်မိပြီ..."
တစ်ချိန်တည်းမှာပင် သက်တံ့ရောင်အလင်းတန်းရှည်ကြီးတစ်ခုက မိုးကုပ်စက်ဝိုင်းကိုကျော်လွန်ပြီး မျက်စိတစ်မှိတ်အတွင်းတွင် ဂိုဏ်း၏ ပင်မဂိတ်တံခါးရှိသည့်နေရာ၌ ဆင်းသက်လာသည်။
" ချင်းလင်ဂိုဏ်းကတော့ ကောင်းချီးပေးခံထားရတဲ့ နယ်မြေတစ်ခုပဲ... ဝိညာဉ်စွမ်းအင်တွေကလည်း ဂိုဏ်းရဲ့ အတွင်းအပြင်မှာ ပြည့်လျှံနေတာ... ဒီနေရာမှာ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ဂိုဏ်းတစ်ခု မွေးဖွားလာတာ အံ့ဩစရာမဟုတ်တော့ပါဘူး..."
" တောင်ပိုင်းက အင်မော်တယ်ဂိုဏ်းတွေအားလုံးထဲမှာ ချင်းလင်ဂိုဏ်းတစ်ခုပဲ ပေါ်လွင်နေတာ... အခုနောက်ပိုင်း ချင်းလင်ဂိုဏ်းမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ရထားပြန်ပြီလေ... ရှီးယန်ဂိုဏ်းနဲ့ ပေလွင်ဓားဂိုဏ်းက အချိန်တစ်ခုလောက်အထိတော့ သူတို့နဲ့ တိုက်ရိုက်ယှဉ်ပြိုင်ရဲဦးမှာ မဟုတ်သေးဘူး..."
" ဂိုဏ်းချုပ်လင်ယဲ့က ငယ်ရွယ်ပြီးတော့ စွမ်းအားကြီးတယ်... ကျုပ်တို့ကြားမှာ ကွာခြားချက်တွေ အဲ့လောက်တောင်များနေတော့ တော်တော်လေး ရှက်မိပါတယ်..."
ချင်းလင်ဂိုဏ်းက အင်မော်တယ်ကြီးဂိုဏ်းသုံးခုထဲတွင် တစ်ခုအပါအဝင်ဖြစ်သော်လည်း ရှီးယန်ဂိုဏ်းကဲ့သို့ ဂုဏ်မောက်ပြီး အခြားသူများကို မလွှမ်းမိုးတတ်သည့်အပြင် ပေလွင်ဓားဂိုဏ်းကဲ့သို့ မာနကြီးပြီး တသီးတသန့်မဆန်ပေ။ သို့ဖြစ်၍ ဂိုဏ်းအများစုက သူတို့နှင့် ကူးလူးဆက်နွယ်လိုစိတ်ရှိကြသည်။
ဂိုဏ်းချုပ်များစွာက လင်ယဲ့နောက်မှလိုက်လာပြီး ချင်းလင်ဂိုဏ်းသို့ အလည်ရောက်ရှိလာကြခြင်းဖြစ်သည်။
" ဂိုဏ်းချုပ်..."
ဂိတ်ဝတွင် စောင့်ကြပ်နေသည့် တပည့်များက အရိုအသေပြုလိုက်ကြသည်။
ဂိုဏ်းချုပ်ဟု သူတို့ခေါ်လိုက်သူက အစိမ်းရောင်ဝတ်ရုံဝတ်ထားသည့် အရပ်ရှည်ရှည်လူတစ်ယောက်ဖြစ်သည်။ သူ့ခါးတွင် စာလိပ်တစ်လိပ်ကိုချိတ်ထားပြီး သူ့မျက်နှာက သိမ်မွေ့ညင်သာပြီး ကိုယ့်ကိုကိုယ်နှိမ့်ချတတ်ပုံပေါ်သည်။
အေးစိမ့်စိမ့်လေပြင်းက တိုက်ခတ်လာပြီး ကြွေကျနေသည့် သစ်ရွက်ဝါအချို့က လွင့်လာပြီး လင်ယဲ့၏ခြေထောက်နားသို့ ရောက်လာသည်။
" အချိန် မစောတော့ဘူး... လူကြီးမင်းတို့ ကျေးဇူးပြုပြီးတော့ အရင် အနားယူလိုက်ကြပါ..."
" ကျွန်တော်တို့ ဂိုဏ်းချုပ်လင် စီစဉ်ပေးထားသလိုပဲ နေလိုက်ပါ့မယ်... ဒါပေမဲ့ နှစ်တစ်ထောင်နေမှ တစ်ခါပေါ်လာတတ်တဲ့ ရှန့်မင်သစ်သီးက အခု ချင်းလင်ဂိုဏ်းမှာ ရှိနေတယ်လို့ကြားတယ်...ကျွန်တော်တို့ မနက်ဖြန်မနက်ကျရင် သွားကြည့်လို့များ ရမလား..."
ဤနေရာတွင်ရှိနေသည့် ကျင့်ကြံသူအားလုံးက ဝိညာဉ်အခြေတည်အဆင့်တွင် ရှိကြသူများဖြစ်၍ ရှန့်မင်းသစ်သီးကို အနည်းနှင့်အများ မြင်ချင်ကြသူများဖြစ်သည်။ ထိုစကားများ ကြားသည့်အခါ သူတို့အားလုံး၏ အမူအရာက ပြောင်းလဲသွားတော့သည်။
လင်ယဲ့က ထိုလူအုပ်စုကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏတာစဉ်းစားပြီး ပြောလိုက်သည်။
" အားလုံးက ဆန္ဒရှိနေမှတော့ ကျွန်တော်တို့ အခုသွားကြည့်..."
ဗုန်း...
လင်ယဲ့၏စကားမဆုံးမီ ဝမ်ရှင်းမျှော်စင်မှ ပေါက်ကွဲသံတစ်သံကို ကြားလိုက်ကြရသည်။
လင်ယဲ့ မျက်မှောင်ကြုတ်သွားပြီး ရှေ့တစ်လှမ်းတိုးကာ ချက်ချင်းပျောက်ကွယ်သွားသည်။
ဝမ်ရှင်းမျှော်စင်တွက်မူ လွတ်မြောက်ခွင့်ရသွားသော ရှန့်မင်သစ်သီးက နေရာအနှံ့ကို ထွက်ပြေးနေသည်။ ရှန်းလျိုရှန့်က ကြယ်အစုအဝေးအိတ်ကို မြှောက်လိုက်ပြီး ထိုနေရာတွင်ရပ်ကာ သစ်သီးကို စုပ်ယူလိုက်သည်။
ရှန့်မင်းသစ်သီး၏ တောက်ပမှု မရှိတော့၍ အခန်းက အမှောင်ထုထဲရောက်သွားသည်။
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏လက်ကို လှမ်းဆွဲလိုက်သည်။ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူဖြစ်၍ သူ့တပည့်ကိုခေါ်ပြီး ပြန်ဆုတ်သွားရန်က ခက်ခဲသည့်ကိစ္စမဟုတ်ပေ။ သို့ရာတွင် ရှန်းလျိုရှန့် ထွက်ပြေးတော့မည့်အချိန်၌ တစ်စုံတစ်ရာက သူ့အာရုံစိုက်မှုကို ရယူသွား၍ တစ်ချက်တုန်ယင်သွားသည်။
" ရှစ်စွမ်း..."
စုတ်ပြဲနေသည့် အဝတ်စနှစ်ခုက အေးစက်စက် သစ်သားကြမ်းပြင်ပေါ် ရှိနေသည်။
ကျိုးရွှမ်လန်လည်း ခေတ္တခဏ ကြောင်အသွားခဲ့သည်။ သူ့လက်ကိုကိုင်ထားသည့် လက်က သေးသွယ်ဖြူဖျော့ပြီး နွေးထွေးသော ကျောက်စိမ်းသဖွယ် ချောမွတ်လှပေသည်။
ရှစ်စွမ်းက သူ့မူရင်းပုံစံ ပြန်ပြောင်းသွားတာပဲ...
ရှန်းလျိုရှန့်က အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ ကျိုးရွှမ်လန်ကို ကျောပေးထားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ ခန္ဓာကိုယ်ကို ဘောလုံးသဖွယ်ကွေးထားလိုက်တော့သည်။ သူ၏ နက်မှောင်သောဆံနွယ်များက လေထဲတွင် ရစ်ဝဲနေပြီး နှင်းတမျှဖြူဖွေးလှသည့် ဗလာကျင်းလှသော ကျောပြင်ကို ကာဆီးပေးထားသည်။ အောက်ဘက်တွင်ရှိနေသည့် ဖြူဖွေးလှသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို သူ၏ဆံခြည်မျှင်များအကြားမှသာ ခပ်ရေးရေး မြင်နေရသည်။
ရှန်းလျိုရှန့် ရှက်သွားမိသည်။
" မင်းမှာ အဝတ်အပို မပါဘူးလား..."
ကျိုးရွှမ်လန်က ထိတ်လန့်နေရာမှ အသိစိတ်ပြန်ဝင်လာပြီး ရှန်းလျိုရှန့်ထက်ပို၍ ပျာယာခတ်နေသည်။ သူ့မျက်လုံးများကို အမြန်မှိတ်လိုက်ပြီး တုန်ယင်နေသည့် လက်ချောင်းများဖြင့် သိုလှောင်အိတ်ကိုယူလိုက်သည်။
သူ့စိတ်ထဲ ဗြောင်းဆန်သွားမိသည်။
ကျိုးရွှမ်လန် အချိန်အတန်ကြာသည်အထိ ရှာဖွေနေပြီး သူတို့ကြွယ်ချွန်းမြစ်တွင် ဆုံခဲ့စဉ်အချိန်က အပေါ်ဝတ်ရုံတစ်ထည်ကို ရှန်းလျိုရှန့်ကို ပေးခဲ့မိကြောင်း ခဏကြာမှ သတိရသွားသည်။ သူ့ ဝတ်ရုံအပိုတစ်ထည် မပြင်ဆင်ထားခဲ့ပေ။
ထိုအခိုက်အတန့်တွင် ကြောက်ခမန်းလိလိအော်ရာတစ်ခုက ရုတ်ချည်းထွက်ပေါ်လာသည်ကို သူ ခံစားမိလိုက်သည်။
ကျိုးရွှမ်လန်၏ အမူအရာက ကတိုက်ကရိုက်ပြောင်းလဲသွားသည်။ သူ့ခါးစည်းကိုဖြည်၍ အပေါ်ဝတ်ရုံချွတ်ပြီး ရှန်းလျိုရှန့်ကို အမြန်ဝတ်ပေးလိုက်သည်။
အခန်းထဲမှ ဝိညာဉ်စွမ်းအင်က အေးခဲသွားပုံရသည်။
လင်ယဲ့ပေါ်လာပြီးသည်နှင့် သူ့ကိုနှုတ်ဆက်နေသည့် မြင်ကွင်းတစ်ခုကြောင့် အချိန်အတန်ကြာအောင် နှုတ်ဆိတ်နေမိသည်။
သူ အချိန်အတန်ကြာအောင် မတွေ့မြင်ခဲ့ရသော ဆရာတူညီလေးက သူနှင့်မတော်တရော်ဖြစ်နေသည့် ဝတ်ရုံနက်တစ်ထည်ကို ဝတ်ထားပြီး ခြေဗလာဖြင့် ရပ်နေသည်။ သူ၏ နက်မှောင်နေသည့် ဆံစများက ပခုံးပေါ်ဝဲကာ ဖရိုဖရဲအနေအထားဖြစ်နေသည့်အပြင် သူ့ပါးပြင်တစ်ခုလုံးကလည်း ရှက်ရွံ့မှုကြောင့် နီရဲနေသည်။
ရှန်းလျိုရှန့်၏ရှေ့တွင် ကာပြီးရပ်နေသော ကျိုးရွှမ်လန်က အဖြူရောင်အတွင်းဝတ်တစ်ထည်ကိုသာ ဝတ်ထားပေသည်။ သူ့ပုံပန်းသွင်ပြင်က သေသပ်နေဆဲဖြစ်သော်လည်း နားရွက်ဖျားများက နီရဲတွတ်နေသည်။ တစ်ချက်ကြည့်ရုံဖြင့် သူ့စိတ်အခြေအနေက ပုံမှန်ဖြစ်မနေကြောင်း သိနိုင်ပေသည်။
လင်ယဲ့ ပါးစပ်ကို အကြိမ်ကြိမ်အခါခါ ဖွင့်လိုက်ပိတ်လိုက်ပြုလုပ်နေမိသော်လည်း ပြောဆိုရန် မှန်ကန်သည့်စကားလုံး ရှာမရဖြစ်နေသည်။
" မင်းတို့နှစ်ယောက်... ဝမ်ရှင်းမျှော်စင်ပေါ်မှာ ဣန္ဒြေမဲ့တဲ့ အပြုအမူတွေ လုပ်နေတာလား..."
" ဟမ်..."
ရှန်းလျိုရှန့် ကြောက်လန့်သွားသည်။
" စီနီယာအစ်ကို အထင်လွဲနေတာပါ..."
" ဂိုဏ်းချုပ် အထင်လွဲနေတာပါ..."
.....
" အဲတော့ မင်းခန္ဓာကိုယ်က ရုတ်တရက်ကြီး မူရင်းပုံစံပြန်ဖြစ်သွားလို့ ငါ ဒီမြင်ကွင်းကို တွေ့လိုက်ရတယ်ဆိုပြီး ပြောချင်တာလား..."
လင်ယဲ့က ခြံဝင်းအလယ်တွင် ရပ်နေပြီး သူ့ဘက်ကိုလှည့်ကာ စိုက်ကြည့်နေသည်။
ရှန်းလျိုရှန့်က အဝတ်အစားများလဲလှယ်ပြီးနောက် ဆောက်တည်ရာမရဖြစ်ကာ လင်ယဲ့၏နောက်မှ လိုက်လာသည်မှာ ခရမ်းသီးပိန်တစ်လုံးနှင့်ပင် တူနေသည်။
" ကျွန်တော်ပြောတာအားလုံးက အမှန်ပါ..."
သူက ဘာကိစ္စ ကျိုးရွှမ်လန်ကို အဲ့လို လုပ်ရမှာလဲ... နောက်ထပ်ဆယ်စုနှစ်တစ်ခုလောက်ဆိုရင်တော့... မဟုတ်သေးဘူး ဖွီး ဖွီး ဖွီး... ငါက အဲ့လောက်အထိတော့ ဆာလောက်မနေဘူးလေ...
လင်ယဲ့က သူ့ကို ခဏတာစိုက်ကြည့်နေသည်။ သူ့ဝတ်ရုံလက်ကို အသာခါလိုက်ပြီး သူမေးလိုက်သည်။
" မင်း ရှန့်မင်သစ်သီးကို ယူသွားတာလား..."
" ကျွန်တော် ကြည့်ရုံပဲကြည့်တာပါ..."
" ရှန့်မင် သစ်သီး ဘယ်ရောက်သွားတယ်ဆိုတာကို အဲဒ်ီတပည့်လေး ငါ့ကို အကြောင်းကြားထားတယ်..."
" အဲဒါ သူ့ဘာသာ ပေါက်ကွဲသွားတာ..."
ရှန်းလျိုရှန့်က လေးလံလှသောအသံဖြင့် ပြေ
ာလိုက်သည်။
" ရှန့်မင်သစ်သီးက ဝိညာဉ်အသိစိတ်ရနေပြီ... ကျွန်တော်က အဲ့သစ်သီးကို နည်းနည်းရုပ်ဆိုးတယ်လို့ ဝေဖန်လိုက်မိတယ်... အဲ့စကားလည်းကြားရော သစ်သီးက မပျော်မရွှင်ဖြစ်ပြီး သူ့ဘာသာဖောက်ခွဲပစ်လိုက်တာပဲ..."
လင်ယဲ့ : " ... ဆရာတူညီလေး..."