အခန်း ၁၃
Viewers 24k

Chapter 13




ဟမ့်... ဒီလိုအကောင်ပေါက်စလေးတစ်ကောင်က အရမ်းအားနည်းမှာပဲ ငါ့မျက်ခွံတောင် လှန်ကြည့်စရာမလိုဘူး...


ချင်းလင်ဂိုဏ်းတစ်ခုလုံးမှာ ဟိုမျိုးမစစ် လင်ယဲ့ကပဲ ငါနဲ့တိုက်ခိုက်ရဲတာ... ကျင့်ကြံရေးလောကတစ်ခုလုံးမှာလည်း ငါနဲ့အပြန်အလှန်တိုက်ခိုက်ရဲတာဆိုလို့ လူနည်းစုပဲရှိတာ...


ငါက ရှေးဦးနတ်ဆိုးတွေရဲ့ မျိုးဆက်ဖြစ်တဲ့ ကောင်းကင်ဘုံခွေးလေ... နတ်ဆိုးမျိုးနွယ်တွေထဲမှာလည်း စွမ်းအားကြီးတဲ့သူ... ငါ့လက်အောက်မှာ ထောင်နဲ့ချီတဲ့ ခွေးနတ်ဆိုးတွေလည်း ရှိတယ်...


ငါ ဒီနေရာကလွတ်တာနဲ့ ကျင့်ကြံရေးလောကတစ်ခုလုံးကို သွေးချောင်းစီးအောင်လုပ်ပြီး ငါ့လမ်းမှာ လာပိတ်နေတဲ့ အနှောင့်အယှက်တွေကိုလည်း ရှင်းထုတ်ပစ်မယ်...


" တောက် တောက် တောက်..."


အောင်းယွဲ့၏စိတ်ထဲတွင် လူသားမျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ်သုတ်သင်ရန် တွေးထားခဲ့သည်။ သို့ရာတွင် ထိုအခိုက်အတန့်၌ ထူးဆန်းသောအသံတစ်သံ သူ့နားထဲ ဝင်ရောက်လာသည်။


အောင်းယွဲ့ ခဏတာငြိမ်သက်သွားပြီးနောက် သူနှင့် မနီးမဝေးတွင်ရပ်နေသည့်ကလေးကို ကြည့်လိုက်သည်။ ထိုကလေးက နှုတ်ခမ်းကိုအနည်းငယ်ဟထားပြီး တ တောက် တောက် အသံပြုနေသည်။


အောင်းယွဲ့ သူ့ခေါင်းကိုစောင်းကြည့်လိုက်သည်။ သူ မြင်နေရသည့်အရာကို မယုံကြည်နိုင်သေးပေ။


ဒီကလေး ဘာလုပ်နေတာလဲ... ခွေးကိုစနေတာလား... မျိုးမစစ်လေး...


သူ မဟိန်းဟောက်မီအချိန်တွင် ရနံ့မွှေးပျံ့သော ရွှေရောင်အရာတစ်ခုက လေထဲရောက်လာပြီး လှပစွာ ကွေးညွတ်သွားကာ သူ့ရှေ့တည့်တည့်သို့ ကျလာသည်။


အောင်းယွဲ့ ၎င်းကို အနီးကပ်ကြည့်လိုက်ပြီးနောက် ဒေါသထွက်လွန်း၍ မျက်လုံးထဲ နီရဲလာသည်။


ကြက်ပေါင်တစ်ချောင်းလား...


ဘဝင်မြင့်နေတဲ့ သောက်ကလေး... ငါ့ကိုများ ကြက်ပေါင်လို နိမ့်ကျတဲ့ စားစရာမျိုးနဲ့ အရှက်လာခွဲရတယ်လို့... ငါဆိုတဲ့အောင်းယွဲ့က ဘဝသက်တမ်းတစ်လျှောက်လုံး တစ်ခါမှအဲ့လောက် အရှက်မကွဲခဲ့ဖူးဘူး...


ပြီးတော့ ငါ့ကို အဲ့လိုလာလုပ်နေတာလည်း လူသားကလေးတစ်ယောက်တဲ့... သိက္ခာကျလိုက်တာ...


တစ်ခါမှ ဒီလောက် အရှက်မကွဲဖူးဘူး...


" အမြန်စားကြည့်လိုက် အရသာရှိတယ်..."


ရှန်းလျိုရှန့်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး ကြင်နာစွာဖြင့် ပြုံးပြလာသည်။


မမျှော်လင့်ထားသည်မှာ ကောင်းကင်ဘုံခွေးက ရူးသွပ်သွားသကဲ့သို့ သူ့ထံ တစ်ဟုန်ထိုးပြေးလာသည်။


အောင်းယွဲ့က သူ့ကို တင်းကြပ်စွာချည်နှောင်ထားသည့် အေးစက်လှသော သံကြိုးများကိုပင် ဂရုမစိုက်တော့ဘဲ ရှန်းလျိုရှန့်ရှိရာသို့ ခုန်ဝင်လာပြီး အစွယ်များထုတ်ပြ၍ မာန်ဖီနေသည်မှာ အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်တော့မည့်ပုံစံမျိုး ဖြစ်နေသည်။


" ကြက်‌ပေါင်လေးတစ်ချောင်းကြောင့် မင်း အဲ့လောက်တောင် စိတ်လှုပ်ရှားသွားတာလား..."


ရှန်းလျိုရှန့်က ပြုံးလိုက်ပြီး သူ အစောပိုင်းက သိမ်းထားသည့် ကြက်ပေါင်ကိုထုတ်လိုက်သည်။ နွေးနေဆဲဖြစ်သည့် ကြက်ပေါင်ကို တစ်ကိုက်ကိုက်လျက် ဆက်လက်ကျီစယ်နေသည်။


" ကျွတ် ကျွတ် ကျွတ် လိမ္မာရင် ငါမင်းကို အရိုးထပ်ကျွေးမယ်..."


အရိုးတဲ့လား...


သူ့ကို အိမ်မွေးခွေးလို ဆက်ဆံနေတာလား... ဒီကလေး ရူးနေတာလား...


" ‌အာဝူး အာဝူး အာဝူး..."


အောင်းယွဲ့ ဒေါသထွက်လွန်းသဖြင့် လည်ချောင်းထဲမှ မိုးခြိမ်းသံသဖွယ် ဟိန်းဟောက်သံကြီး ထွက်လာသည်။ သူ အလွန်ဒေါသထွက်နေ၍ လူသားပုံစံ ပြန်ပြောင်းလိုက်သည်။ 


သွေးနီရောင် မျက်ဝန်းတစ်စုံနှင့်အတူ ကြက်သွေးရောင်အမှတ်တစ်ခု နှဖူးအလယ်တွင် တောက်ပနေသည့် အောင်းယွဲ့က အော်ပြောလိုက်သည်။


" ဘဝင်မြင့်နေတဲ့က‌လေး မင်း ရှေ့တစ်လှမ်းတိုးရဲရင် တိုးလိုက်စမ်း..."


ရှန်းလျိုရှန့် မျက်တောင်တစ်ချက် ခတ်လိုက်သည်။

" မင်း အရင်ဆုံး ရှေ့တိုးခဲ့လေ..."


ဟမ် ငါ ဒီနေရာမှာ အချုပ်ခံထားရလို့ ရှေ့မတိုးနိုင်တာကို ရန်စနေတာလား...


အောင်းယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံး စတင်တုန်ယင်လာသည်။ သူ့နှလုံးသားထဲတွင် အမျက်ဒေါသများဖြင့် ပြည့်နှက်လာပြီး ရှေ့တည့်တည့်မှ ဝတ်ရုံပြာဝတ်ကလေးအပေါ် မုန်းတီးမှုက အခြားလူသားများကို မုန်းတီးခြင်းထက် ကျော်လွန်သွားသည်။


" ငါဆိုတဲ့ အောင်းယွဲ့က ဒီနေရာမှာပဲ ကျိန်လိုက်တယ်... တကယ်လို့ မင်းကို အပိုင်းပိုင်းအစစ မဆုတ်ဖြဲနိုင်ဘူးဆိုရင် ငါ့ကိုယ်ငါ လူလို့ ဘယ်တော့မှ မခေါ်တော့ဘူး..."


ရှန်းလျိုရှန့် အံ့အားသင့်သွားပြီး နောက်ဆုံးလက်ကျန် အသားတစ်လုတ်ကို မျိုချလိုက်သည်။


" မင်းက ကောင်းကင်ဘုံခွေးလေ လူသားမှ မဟုတ်တာ... ထားလိုက်ပါတော့ ငါမင်းနဲ့ မငြင်းတော့ဘူး... ဒီအရိုးက မင်းဖို့ မင်းအရမ်းဗိုက်ဆာနေတာထင်တယ်..."


ထိုစကားပြောပြီးသည်နှင့် ရှန်းလျိုရှန့်က အရိုးကိုလှမ်းပစ်လိုက်ပြီး သူ့ဝတ်ရုံပေါ်မှ ဖုန်များကိုခါ၍ ထွက်သွားသည်။

 

နောက်အခိုက်အတန့်တွင် အောင်းယွဲ့၏ နားပင်းလုမတတ် ဟိန်းဟောက်သံကြီးက ချင်းလင်ဂိုဏ်း၏ ကောင်းကင်ယံ၌ ပဲ့တင်ထပ်လာသည်။ သူ့ကို ရုတ်ချည်းဒေါသထွက်အောင် မည်သည့်အရာက ပြုလုပ်လိုက်သည်ကို မသိသော်လည်း ဂိုဏ်းထဲမှ တပည့်များက စိုးရိမ်ကြောက်လန့်ကာ ကြက်သီးထကုန်ကြသည်။


" အောင်းယွဲ့က ဘာကိစ္စ အဲ့လောက် အသံကျယ်ကြီးနဲ့ အူနေရတာလဲ... ဗိုက်ဆာလို့များလား..."


" မင်း ‌ဦးနှောက်မရှိဘူးလား... အောင်းယွဲ့က အဲ့လောက်အစားကြီးတဲ့သူမှ မဟုတ်တာ..."


" ကောင်းကင်ဘုံခွေးက အကြောင်းပြချက်မရှိဘဲ ရုတ်တရက်ကြီး အရူးလိုပြုမူနေပါလား... အဲဒီသံကြိုးတွေက သူ့ကို ဆက်ချုပ်ထားနိုင်ပါ့မလားဆိုတာ ဘယ်သူမှ မသိဘူးလေ... ဂိုဏ်းချုပ်ကလည်း ငါတို့နဲ့အတူ ဒီမှာရှိမနေဘူး... တကယ်လို့ အောင်းယွဲ့လွတ်သွားမယ်ဆိုရင် အကျိုးဆက်တွေကတော့ မတွေးရဲစရာပဲ..."


" အင်မော်တယ်ရှန်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်သွားတာ တော်သေးတယ်...  သူ့ကိုမြင်ရင်တော့ အောင်းယွဲ့ကြောက်သွားမယ်ဆိုတာ သေချာတယ်..."


" အင်မော်တယ်ရှန်းအပေါ် ငါ့ရဲ့မျှော်လင့်ချက်တွေ စုပုံထားလို့ရမယ့်နေ့ ရောက်လာလိမ့်မယ်လို့ ထင်တောင်မထင်ထားဘူး..."


ထိုအခိုက်အတန့်တွင် ချင်းလင်ဂိုဏ်းမှတပည့်များစွာ၏ မျှော်လင့်ချက်ထားခံနေရသည့် ရှန်းလျိုရှန့်မှာ ဘေးပတ်ဝန်းကျင်တွင် လှည့်ပတ်ကြည့်ရှု့နေပြီး နောက်ဆုံး၌ သူ့ပစ်မှတ်ကို ကြွယ်ချွန်းမြစ်ကမ်းပါးတွင် ရှာတွေ့သွားသည်။


ကျိုးရွှမ်လန်က ဖြည်းညင်းစွာစီးဆင်းနေသည့်မြစ်ကို မျက်နှာမူထားပြီး ကျောက်တုံးကြီးတစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်။ အရပ်မျက်နှာအနှံ့မှ ဝိညာဉ်စွမ်းအင်ပမာဏများစွာ စုဝေးလာပြီး သူ့ခန္ဓာကိုယ်ဘေးတွင် မြူများသဖွယ် ဝန်းရံနေသည်။


တစ်စုံတစ်ယောက် သူ့နောက်သို့ရောက်နေသည်ကို အာရုံခံမိသောအခါ ကျိုးရွှမ်လန်က ချက်ချင်းပင် မျက်လုံးများပွင့်လာသည်။ သူ့ဘေးနားတွင်ချထားသည့် ဓားရှည်ကြီးကလည်း သတိပေးသည့်အနေဖြင့် ချွင်ခနဲအသံမျိုး ထွက်လာသည်။


ကျိုးရွှမ်လန် ခေါင်းလှည့်ကြည့်လိုက်သည်။


ဝတ်ရုံပြာဝတ်ကလေးလေး၏ ခေါင်းထက်တွင် ‌မြစိမ်းရောင်ကြာရွက်ကြီးတစ်ရွက် ‌ရှိနေသည်။ သူ့လက်ထဲတွင်လည်း ကျောက်စရစ်ခဲအချို့ရှိနေ၍ ထိုကလေးက ဆော့ကစားထားပုံရသည်။ ကလေးလေးက သူ့ကိုမော့ကြည့်၍ ပြုံးပြလိုက်သည့်အခါ ပါးချိုင့်လေးနှစ်ခု ပေါ်လာသည်။ သူ့ပုံစံက အလွန်ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ဖြစ်နေသည်။ 


" ဒီနေရာက အရိပ်ကောင်းကောင်းရတာပဲ... တကယ်လို့ မင်း နောက်ကျ အပျင်းလာထူမယ်ဆို ငါ့ကိုပါခေါ်လေ..."ချစ်စရာကောင်းပြီး နာခံတတ်သည့်ကလေးလေးဟူသည် ထင်မြင်ချက်က တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသည်။ 


ကျိုးရွှမ်လန်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။ 

" ဒီတပည့်က ကျင့်ကြံနေတာပါ၊ အပျင်းလာထူနေတာ မဟုတ်ဘူး..."


ရှန်းလျိုရှန့်က သူ့အနားကပ်လာသည်။ သူ၏လက်ရှိအရပ်ဖြင့်ဆိုလျှင် ကျိုးရွှမ်လန်ထိုင်နေသည့် ကျောက်တုံးပေါ်ကိုပင် မရောက်နိုင်ပေ။ သူ စိတ်ဓာတ်ကျသွားပြီး လက်နှစ်ဖက်ကိုဆန့်လိုက်သည်။ သူ့ဝတ်ရုံလက်များက အောက်သို့အနည်းငယ်ကျသွားပြီး ကျောက်စိမ်းဖြူဖွေးသည့် လက်မောင်းသားအချို့ပေါ်လာသည်။ 


" ငါ့ကိုချီ... ငါ အပေါ်တက်ချင်တယ်..."


ကျိုးရွှမ်လန် ခေါင်းငုံ့လိုက်ပြီး အားနည်း၍ နူးညံ့ပုံပေါ်သည့် လက်ကောက်ဝတ်လေးကို ကြည့်လိုက်သည်။ သူ ကူကယ်ရာမဲ့စွာဖြင့် ကျောက်တုံးပေါ်တွင် မတ်တပ်ရပ်လိုက်သည်။ 


" ဒါဆိုရင် ဒီတပည့် ရှစ်စွမ်းကို မရိုမသေပြုမိပါပြီ..."


( ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ပိစိလေးကို ချီရတော့မှာမို့ ဝါငယ်တဲ့သူက ဝါကြီးတဲ့သူကို မရိုမသေလုပ်တာနဲ့တူလို့ တောင်းပန်သံတစ်ဝက် အသိပေးသံတစ်ဝက်နဲ့ ပြောတဲ့စကားမျိုးပါ )


စကားဆုံးသည်နှင့် ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကိုချီပြီး ကျောက်တုံးပေါ် တင်ပေးလိုက်သည်။


" ငါ‌ဆောင်းလာတဲ့အရွက်ကြီး ပြုတ်ကျသွားပြီ..."

ရှန်းလျိုရှန့်က မတ်တပ်ထရပ်၍ပြောလိုက်သည်။ ဟန်ချက်ညီအောင် ထိန်းပြီးသည့်နောက်တွင် ခေါင်းငုံ့၍ မြေကြီးပေါ် ပြုတ်ကျသွားသည့် ကြာရွက်ကို ရှာနေသည်။ 


ကျိုးရွှမ်လန် ကြာရွက်ကို ကောက်ပေးလိုက်သည့်အခါ သူ့မျက်လုံးသူငယ်အိမ်က ချက်ချင်းကျုံ့ဝင်သွားသည်။ 


ကြာရွက်၏ထောင့်စွန်းနေရာတွင် အနီရောင်အစွန်းအထင်းများပါဝင်နေ၍ ဝူဝမ့်တောင်ကြားတွင် ပေါက်ရောက်သည့်အပင်ဖြစ်ကြောင်း ပြသနေသည်။


ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးက အပြစ်ပေးသည့်နေရာဆိုလျှင် ဝူဝမ့်တောင်ကြားက ဖမ်းဆီးချုပ်နှောင်ရန် နေရာဖြစ်သည်။ မကြာသေးမီအချိန်က ဂိုဏ်း၏ ဖမ်းဆီးခြင်းခံခဲ့ရသော အောင်းယွဲ့ကို ထိုနေရာတွင် ချုပ်နှောင်ထားသည်။ 


ဒေါသတကြီး ဟိန်းဟောက်နေဆဲဖြစ်သည့် ကောင်းကင်ဘုံခွေးအကြောင်း တွေးမိသွားသောအခါ ကျိုးရွှမ်လန်က အံ့ဩတကြီးဖြင့် မှတ်ချက်ပြုလိုက်သည်။


" အောင်းယွဲ့ အခုလိုဒေါသထွက်နေအောင် ရှစ်စွမ်းလုပ်ခဲ့တာလား..."


ရှန်းလျိုရှန့်က ကြာရွက်ကို ခေါင်းပေါ်ပြန်ဆောင်းထားလိုက်ပြီး ရိုးသားဖြူစင်သည့် မျက်နှာလေးဖြင့် ပြောလိုက်သည်။


" ငါ သူ့ကို အရိုးလေးတစ်ချောင်းပဲ ပစ်ကျွေးလိုက်တာပါ ဘာမှမလုပ်ခဲ့ဘူ..."


ကျိုးရွှမ်လန် : “…” 


အောင်းယွဲ့က အသံတွေဝင်တဲ့အထိ ဘာလို့အော်နေလဲဆိုတာ သူ သဘောပေါက်သွားပြီ...


ရှန်းလျိုရှန့်၏ အပြုအမူက သူ့ကို အရှက်သွားခွဲသည်နှင့် တူပေသည်။


" ရှစ်စွမ်း... အောင်းယွဲ့ကို ဒေါသထွက်အောင် သွားမလုပ်သင့်ပါဘူး... အမှောင်သံကြိုးတွေကို ဂိုဏ်းချုပ်ရဲ့ ချုပ်နှောင်ခြင်းမန္တန်နဲ့ အားဖြည့်ထားတယ်ဆိုပေမယ့်... သံကြိုးပေါ်ကအစွမ်းက အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ပြေလျော့လာမှာပါ... ဂိုဏ်းချုပ်ကလည်း အခု ဒီမှာ ရှိမနေဘူး... တကယ်လို့ အောင်းယွဲ့ ဒေါသတကြီးနဲ့ ဒီကြိုးတွေက လွတ်အောင်ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ဂိုဏ်းတစ်ခုလုံး ရှောင်လွှဲလို့မရတဲ့ ကပ်ဘေးကြီးနဲ့ ကြုံရမှာ..."


ရှန်းလျိုရှန့် လန့်သွားသည်။

" အဲ့လောက်တောင်လား..."


ကျိုးရွှမ်လန် ပြန်ဖြေလာသည်။

" ကျွန်တော်ပြောလိုက်သမျှ စကားလုံးတိုင်းက အမှန်ပါ..."


ရှန်းလျိုရှန့်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားပြီး သူ့တပည့်၏ ဝတ်ရုံလက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။


" ဒါဆိုရင် မင်းအခုထွက်ပြေးတော့... တကယ်လို့ အောင်းယွဲ့ထွက်ပြေးသွားမယ်ဆိုရင် မင်းက တစ်ဂိုဏ်းလုံးရဲ့အမြင်မှာ အပြစ်သားဖြစ်သွားမှာ..."


ကျိုးရွှမ်လန် : " ဘယ်လို..."


ဒီကိစ္စက ဘာလို့ သူနဲ့ ပတ်သက်သွားတာလဲ... သူက ရုတ်တရက်ကြီး ဘာကိစ္စ အပြစ်သား ဖြစ်သွားတာလဲ...


ရှန်းလျိုရှန့်က အပူအပင်ကင်းမဲ့နေပုံပေါ်ပြီး မျက်လုံးကလည်း အရည်လဲ့နေသည်။ သူ့အကြည့်က လုံးဝယိမ်းယိုင်မသွားဘဲ သူ့တပည့်အပေါ်သို့ ကျရောက်လာသည်။ 


" ငါ မင်းကိုလိုက်ရှာနေရင်း လမ်းပျောက်သွားလို့ အောင်းယွဲ့နဲ့ ဆုံရတာလေ... ပြီးတော့ သူ့ကိုအရိုးတစ်ချောင်းပစ်ကျွေးဖို့ စိတ်မထိန်းနိုင်ဖြစ်သွားတာနဲ့ ကောင်းကင်ဘုံခွေးကို ဒေါသထွက်သွားစေတယ်လေ... အဲဒါကြောင့်မို့..."


အဲဒါကြောင့်မို့ သူ့ကိုအပြစ်ပုံချလိုက်တာပေါ့လေ...


ကျိုးရွှမ်လန် အံ့အားသင့်သွားရသည်။


ရှန်းလျိုရှန့်က သက်တောင့်သက်သာဖြင့် စကားအချို့ကို ဆက်ပြောနေသည်။


" မကြောက်ပါနဲ့ ရှစ်စွမ်းက မင်းနဲ့အတူတူ ရှိနေပေးမှာပါ..."


ကျိုးရွှမ်လန်၏စိတ်ထဲတွင် ပထမဆုံးအနေဖြင့် သူ့ရှစ်စွမ်းကို မရိုမသေပြုပြီး ဘိုးဘေးများကိုပါ သစ္စာဖောက်ပစ်ချင်သည့်အတွေးမျိုး ပေါ်လာသည်။ သို့သော် ထိုအတွေးများကို နှုတ်မှ ထုတ်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။


" ရှစ်စွမ်းအနားယူဖို့ ဒီနေရာကိုပေးပါတယ်... ကျွန်တော် တခြားနေရာမှာ သွားကျင့်ကြံလိုက်ပါဦးမယ်..."


ကျိုးရွှမ်လန် တစ်ဖက်သို့လှည့်ပြီး ထွက်သွားတော့မည့်အချိန်တွင် သူ့ဝတ်ရုံလက်ဖျားကို လှမ်းဆွဲခံလိုက်ရသည်။


ရှန်းလျိုရှန့်က ခပ်ဖြည်းဖြည်းလှမ်းဆွဲလိုက်ခြင်းသာ ဖြစ်ပေသည်။ သူ လှမ်းဆွဲလိုက်သည်က အားပျော့လွန်းလှ၍ ကျိုးရွှမ်လန်က လက်တစ်ဖက်တည်းဖြင့် ခါထုတ်ပစ်နိုင်ပေသည်။


" ငါ မင်းကို တစ်နေ့ခင်းလုံး ရှာနေတာ..."


ကျိုးရွှမ်လန်၏ခြေလှမ်းများ ရပ်တန့်သွားရသည်။ 

" ဒီတပည့်ကို ဘာလို့များ ရှာတာပါလဲ..."


" စီနီယာအစ်ကိုပြောတာတော့ ငါ့ရဲ့မူရင်းခန္ဓာကိုယ်ပြန်ရဖို့ မန္တန်တွေ ထပ်လေ့ကျင့်ရမယ်တဲ့... ဒါပေမဲ့ ငါက တော်တော်များများကို မေ့သွားပြီလေ... သေချာစဉ်းစားလိုက်ပြီးတဲ့နောက် မင်းတစ်ယောက်တည်းကိုပဲ ငါအကူအညီတောင်းနိုင်မယ်ဆိုတာ သဘောပေါက်သွားတယ် ဒါပေမဲ့..."


ရှန်းလျိုရှန့်က နူညံ့ပျော့ပျောင်းသောအသံလေးက ခဏတာ ရပ်တန့်သွားသည်။ ထိုအသံနောက်တွင် ငိုရှိုက်သံသဲ့သဲ့ ပါဝင်လာပေသည်။


" မင်းက ငါ့ကို သစ်သားတစ်တုံးနဲ့ အရူးလုပ်သွားတယ်လေ..."


ကျိုးရွှမ်လန်၏ အမူအရာက အေးခဲတောင့်တင်းသွားသည်။ သူ့နောက်မှထွက်လာသည့် ငိုရှိုက်သံသဲ့သဲ့ကြောင့် ထိတ်ထိတ်ပျာပျာလည်း ဖြစ်သွားပေသည်။


" မဟုတ်ဘူး ဒီတပည့်က အဲ့လိုသဘောမဟုတ်ပါဘူး..."


ဂရုတစိုက် တွေးကြည့်လိုက်သည့်အခါမှ သူ အဆင့်ကျော်သွားမိကြောင်း ကျိုးရွှမ်လန် သဘောပေါက်သွားသည်။ 


သူ့ ရှစ်စွမ်းက သူ့ကိုလိုအပ်နေချိန်တွင် နည်းလမ်းမျိုးစုံသုံးကာ ရှောင်နေခဲ့မိပြီး တပည့်တစ်ယောက်၏ ဝတ္ထရားကို မဖြည့်ဆည်းပေးခဲ့မိပေ။ 


လူငယ်လေးက ခေါင်းအနည်းငယ်ငုံ့လိုက်ပြီး သူ့ရင်ထဲတွင်လည်း နောင်တများဖြင့် ပြည့်သွားသည်။


" ရှစ်စွမ်း ဘယ်လိုအမိန့်ပဲပေးပေး ဒီတပည့်က အမြဲနာခံပါ့မယ်..."


ထိုစကားများ သူ့နှုတ်မှ ထွက်လာသည်နှင့် ငိုရှိုက်သံက ချက်ချင်းရပ်တန့်သွားသည်။


ရှန်းလျိုရှန့်က မျက်တောင်များ ကော့ညွတ်သွားသည်အထိ ပြုံးလိုက်သည်။ သူ့နှုတ်ခမ်းများအကြားမှ သွားဖြူဖြူလေးများကိုပင် မြင်တွေ့နိုင်ပေသည်။


" ကောင်းတာပေါ့... ဒါဆိုရင် အခုချက်ချင်းပဲ အဆင့်နိမ့်မန္တန်တွေကနေ စကြမယ်..."


ကျိုးရွှမ်လန်၏စိတ်ထဲ ခံစားချက်မကောင်းဖြစ်လာ၍ တစ်ဖက်သို့လှည့်လိုက်သည်။


“…”


ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် မျက်ရည်တစ်စက်မှ ရှိမနေပေ။


***


ကျိုးရွှမ်လန်ကို လဝက်နီးပါးအထိ မတွေ့ရသောကြောင့် လင်ကျင်းယဲ့ တအံ့တဩဖြစ်နေမိသည်။ လင်ဟွားကလည်း သူ့ကို အာရုဏ်ဦးတိမ်လွှာတောင်ထွတ်သို့ သွားခွင့်မပြုတော့ပေ။


" ရှစ်စွမ်းနဲ့ တခြားလူတွေ ဘာတွေများကြံစည်နေတယ်လို့ မင်းထင်လဲ... သူတို့တွေက တော်တော်လျှို့ဝှက်နေကြတာပဲ..."

လင်ကျင်းယဲ့ မေးလိုက်သည်။


လင်မူရှန်းကလည်း မသိကြောင်း ရိုးရှင်းစွာ ပြန်ဖြေလိုက်သည်။


လင်ကျင်းယဲ့က မှန်းဆကြည့်နေသည်။

" ရှန့်မင်သစ်သီးကြောင့်များလား..."


မူလတွင် ထိုသစ်သီးက ရှန်းလျိုရှန့်၏လက်ထဲရောက်သွားနိုင်ချေအမြင့်ဆုံး ဖြစ်ခဲ့သည်။ သို့ရာတွင် သူက ယခုအခါ ဝိညာဉ်ဖွဲ့စည်းခြင်းအ‌ဆင့်သို့ရောက်နေပြီဖြစ်၍ ထိုသစ်သီးက သူ့အတွက် မသင့်တော်တော့ပေ။ အင်မော်တယ်နှစ်ယောက်လုံးက ထိုသစ်သီးကို မလိုအပ်ကြတော့၍ ဝိညာဉ်အခြေတည်အဆင့်တွင် ရှိနေသော အကြီးအကဲအချို့သာ ကျန်ရှိတော့သည်။


လင်ကျင်းယဲ့က စိတ်ထဲတွင်ရှိသည့်အတိုင်း ပွင့်ပွင့်လင်းလင်းမေးလိုက်သည်။ 

" ဂိုဏ်းချုပ်က ဝိညာဉ်သစ်သီးကို ဘယ်သူ့ဆီ ပေးမယ်လို့ မင်းထင်လဲ..."


" ရှစ်စွမ်းက ညနေကျရင် ဂိုဏ်းကိုပြန်ရောက်မှာလေ... မင်း အဲဒီအချိန်ကျမှ သူ့ကိုတိုက်ရိုက်မေးလိုက်ပေါ့..."


သူတို့နှစ်ယောက်က ယခုအချိန်တွင် အပြင်လောကနှင့် ယဲ့မင်တောင်ထွတ်ကို ဆက်ထားသည့် တံတားပေါ် ရပ်နေခြင်းဖြစ်သည်။ လက်ထဲတွင် တံမြက်စည်းရှည်ကိုင်ထားသော လင်မူရှန်းက ကြွေကျနေသည့် သစ်ရွက်များကို မနှေးမမြန် လှဲကျင်းနေသည်။


လင်ကျင်းယဲ့က ခါးသီးစွာပြုံးလိုက်သည်။


ဂိုဏ်းချုပ်က အမြဲတစေ နူးညံ့သိမ်မွေ့စွာနေထိုင်သူဖြစ်သော်လည်း သူ့ကိုယ်ရောင်ကိုယ်ဝါက ရှိန်လောက်စရာဖြစ်သည်။ သူနှင့် မျက်နှာချင်းဆိုင်လိုက်သည်နှင့် အလိုလိုနာခံတတ်သွားကြသည်သာ။ 


" ငါကတော့ ဆရာစုကိုပေးဖို့ မျှော်လင့်မိတယ်..."

လင်ကျင်းယဲ့ သက်ပြင်းချလိုက်သည်။


" သူက ဂိုဏ်းထဲက တပည့်တွေကိုကယ်ရင်း ကျင့်ကြံခြင်းအုတ်မြစ် ပျက်စီးခဲ့တာဆိုတော့ ရှန့်မင်သစ်သီးက သူ့အတွက် အသုံးဝင်လောက်မှာ..."


နောက်ဆုံးလက်ကျန်သစ်ရွက်များကို လှည်းပြီးချိန်တွင် လင်မူရှန်းက ခေါင်းမော့ပြီး ပြုံးလိုက်သည်။


" မင်းလိုမျိုးတွေးတဲ့တပည့်တွေ ဒီဂိုဏ်းထဲမှာ အများကြီးပါပဲ... ရှစ်စွမ်းက အားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ မျှော်လင့်တာပေါ့..."


.....


ဘန်း...


အာရုဏ်ဦးတိမ်လွှာတောင်ထွတ် အပေါ်တွင် ဆူညံသံတစ်သံ ထွက်ပေါ်လာသည်။


မီးခိုးများ လွင့်ပြယ်သွားပြီးနောက် မြေပြင်ပေါ်တွင် အမှုန့်အချို့သာ အပုံလိုက်ကျန်ရစ်ခဲ့တော့သည်။


ရှန်းလျိုရှန့် တအံ့တဩဖြင့် ပြောလိုက်သည်။

" အရမ်းစွမ်းအားကြီးတာပဲ... ဒီအဆောင်အင်းကို ဘယ်လိုမျိုးလုပ်ထားတာလဲ..."


" ဒါက သာမန် ပေါက်ကွဲအဆောင်အင်းပါ..."


ကျိုးရွှမ်လန်က အရောင်မှိန်သွားသည့် အဆောင်အင်းကို လွှတ်ပစ်လိုက်ပြီး သိုလှောင်အိတ်ထဲမှ အဆောင်များစွာကို ထုတ်ယူလိုက်သည်။ 


" မန္တန်ကို မှတ်မိလား ရှစ်စွမ်း..."


ဤရက်ပိုင်းအတွင်း သူ့ကို အ‌ခြေခံမှစသော မန္တန်များသင်ပေးစေရန် ကျိုးရွှမ်လန်ကို ရှန်းလျိုရှန့် တွယ်ကပ်နေခဲ့သည်။ ကံကောင်းသည်မှာ ကျိုးရွှမ်လန် သင်ပေးသည့် အချက်အလက်များကို သူ အလွယ်တကူ သဘောပေါက်နိုင်ပေသည်။ ခေါင်းထဲမှ မှုန်ဝါးဝါးမှတ်ဉာဏ်များဖြင့် ပေါင်းစပ်လိုက်၍ ရှန်းလျိုရှန့်က မန္တန်တစ်ခုကို တစ်ကြိမ်မြင်ရုံနှင့် အလွယ်တကူ တတ်မြောက်နိုင်သွားသည်။


လဝက်ဟူသော အချိန်တိုအတွင်းတွင် ရှန်းလျိုရှန့်က အဆင့်နိမ့်မန္တန်အများစုကို တတ်မြောက်ခဲ့ပေသည်။


ထို့အပြင် သူ့ခန္ဓာကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားလှည့်ပတ်မှု တစ်ခုစီတိုင်းက နတ်ဆိုးအဆိပ်‌အပေါ်ကို ဖိနှိပ်လာနိုင်သောကြောင့် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ကောင်းလာခဲ့သည်။


ရှန်းလျိုရှန့်၏ နှဖူးထောင့်မှ ချွေးစက်တစ်စက် စီးကျလာသည်။ ပေါက်ကွဲအဆောင်အင်းကို လေထဲလွှင့်ပစ်လိုက်ပြီး လက်အစီအရင်တစ်ခု ပြုလုပ်ကာ သူ့ဝိညာဉ်စွမ်းအားကို အဆောင်ထဲထည့်သွင်းလိုက်သည်။


ဗုန်း...


ပေါက်ကွဲသံက

ယခင်ထက် ပိုကျယ်လာသည်။


ရှန်းလျိုရှန့် သက်ပြင်းရှည်ကြီးချပြီးနောက် ကြမ်းပြင်တွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ မန်ဒရင်းလိမ္မော်သီးတစ်လုံးကိုယူကာ တစ်ကိုက်ကိုက်နေလျက် ပြောလာသည်။

" ဒီနေ့တော့ ဒီလောက်နဲ့ရပ်ကြတာပေါ့..."


" ဒါဆို ဒီတပည့်ကို ပြန်ခွင့်ပြုပါ..."


" ခဏနေဦး..."