Chapter 12
ကောင်းကင်ကြီး မူမမှန်ခြင်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို လှုပ်ခါသွားစေခဲ့သည်။
မြောက်များစွာသော ကျင့်ကြံသူများက သူတို့အိမ်ထဲမှထွက်လာပြီး ဖရိုဖရဲဖြစ်စဉ်များကို ကြည့်ရှု့နေကြသည်။ သူတို့၏မျက်နှာများထက်တွင် အသင်္ချေချီသော အမူအရာများစွာ ပေါ်လာပြီး ဤကိစ္စအကြောင်းကို အမျှင်မပြတ်ဆွေးနွေးနေကြသည်။
" ဒီအော်ရာက ဝိညာဉ်အခြေတည်အဆင့်နဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကြားမှာ အတက်အကျဖြစ်နေတာ... တစ်ယောက်ယောက်ကတော့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တက်နေပြီထင်တယ်..."
" အဲဒါက သင်းကွဲကျင့်ကြံသူများလား ဒါမှမဟုတ် အင်မော်တယ်ဂိုဏ်းတွေက တစ်ယောက်ယောက်များလား... တောင်ပိုင်းမှာက အင်မော်တယ်ဂိုဏ်းတွေ အများကြီးရှိတာ... ဒီမှာ ချင်းလင်ဂိုဏ်းလည်းရှိတယ်ဆိုတော့ ချင်းလင်က တစ်ယောက်ယောက်များလား..."
( သင်းကွဲကျင့်ကြံသူ - ဘယ်ဂိုဏ်းဝင်မှ မဟုတ်တဲ့အပြင် ဂိုဏ်းတစ်ခုနဲ့မှ မပတ်သက်တဲ့ ကျင့်ကြံသူ )
" ချင်းလင်ဂိုဏ်းမှာ ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူတွေ အများကြီးရှိပေမယ့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နားရောက်နေတဲ့သူကတော့ နည်းနည်းပဲရှိတယ်... အင်မော်တယ်နှစ်ယောက်နဲ့ အကြီးအကဲနည်းနည်းလောက်ပဲ အဲ့အဆင့်နားကို ရောက်နေတာ..."
" ငါကတော့ ဆရာစုကို ကောင်းကင်ဘုံက သတိပြုမိဖို့ပဲ မျှော်လင့်မိတယ်... ဒီလောကကြီးမှာ သူ့လိုမျိုးကြင်နာတ်တဲ့ ကျင့်ကြံသူမျိုးရှာတွေ့ဖို့က တော်တော်လေးရှားတယ်..."
" အင်မော်တယ်လင်ဟွားကလည်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နဲ့ အနီးဆုံးကို ရောက်နေပြီ... သူလည်းဖြစ်နိုင်တာပဲ..."
" ဒီနေ့ အစောပိုင်းက စစ်ဖန့်သွေးရေကန်ထဲဝင်သွားတဲ့တစ်ယောက်ကို မင်းတို့အားလုံး မေ့နေတာလား... သူ့ကိုလည်း တစ်ခါကတော့ ကောင်းကင်ဘုံရဲ့သားတော်လို့ အသိအမှတ်ပြုခဲ့တာပဲလေ... သူ့ရဲ့ဒဏ်ရာတွေကြောင့်သာမဟုတ်ရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်နေတာ ကြာလှပေါ့..."
( ကောင်းကင်ဘုံရဲ့သားတော် - ထူးခြားဆန်းကြယ်တဲ့ အရည်အချင်းတွေရှိလို့ ကောင်းကင်ဘုံရဲ့ ကောင်းချီးပေးခံထားရတဲ့သူကို ဆိုလိုချင်တာပါ )
" ဒါဆိုရင်တော့ မကောင်းဘူး... သူ အရင်ကထက်ပို ကောက်ကျစ်ပြီး အရှက်မဲ့လာမှာပေါ့..."
" မင်းပြောတာ အဓိပ္ပါယ်ရှိတယ်... သူဆိုရင်တော့ ဘာမှကောင်းလာစရာအကြောင်း မရှိဘူး..."
ထိုအခိုက်အတန့်တွင် ရှန်းလျိုရှန့် ခေါင်းကိုတစ်ဖက်လှည့်၍ နှာချေလိုက်မိသည်။ သူ့ခန္ဓာကိုယ်နှင့်ကြီးနေသော ဝတ်ရုံကိုလည်း ခန္ဓာကိုယ်တွင် တင်းကြပ်စွာပတ်ထားလိုက်သည်။
မျက်နှာချင်းဆိုင်တွင်ရှိနေသည့် လင်ဟွားက လက်သီးတင်းတင်းဆုပ်ထားပြီး နှုတ်ခမ်းများ ဖိကိုက်ထားကာ ရှန်းလျိုရှန့်ကို ခြေဆုံးခေါင်းဆုံးကြည့်နေသည်။
ရှန်းလျိုရှန့်က ခုံပေါ်တွင် ခြေထောက်ချိတ်ထိုင်နေသည်။ သူနှင့်တော်သည့်ဖိနပ်ရှာမတွေ့သောကြောင့် သူ၏ ဖြူဖွေးနုနယ်သော ခြေထောက်သေးသေးလေးများကို လေထဲယမ်းနေရသည်။
နူးညံ့သည့် မျက်နှာသေးသေးလေးက အနည်းငယ်စူပုတ်နေပြီး မပျော်မရွှင်ဖြစ်နေပုံရသည်။
နောက်ဆုံးတွင် လင်ဟွား မထိန်းထားနိုင်တော့ဘဲ ဝါးလုံးကွဲရယ်ချလိုက်မိသည်။
" ဟားဟားဟားဟား..."
အခန်းထဲတွင် ကျယ်လောင်စူးရှသည့်ရယ်သံကြီး ပဲ့တင်ထပ်လာသည်။
လင်ကျင်းယဲ့( လင်ဟွားရဲ့တပည့် )က ယခုမှ ရောက်လာခြင်းဖြစ်၍ ဆူညံသံများကြားသည့်အခါ အနည်းငယ် နောင်တရသွားသည်။ ကျိုးရွှမ်လန် တစ်ဖက်သို့လှည့်ကာ ထွက်သွားတော့မည့်အချိန်၌ လင်ကျင်းယဲ့က သူ့ကို အမြန်တားပြီး မေးလိုက်သည်။
" ငါ့ရှစ်စွမ်းက ဘာလို့ဒီလောက်တောင် ရယ်နေတာလဲ..."
စကားဆုံးသည်နှင့် လင်ကျင်းယဲ့က ကျိုးရွှမ်လန်၏ ပုံပန်းသွင်ပြင်ကိုကြည့်ပြီး မျက်လုံးများပြူးကျယ်သွားသည်။
ကျိုးရွှမ်လန်က ပုံမှန်ဝတ်နေကျ ဝတ်ရုံအမည်းကိုသာ ဝတ်ဆင်ထားခြင်းဖြစ်သည်။ သို့ရာတွင် သူ့ခါးပတ်၏ တစ်ဖက်တစ်ချက်စီ၌ ကလေးခြေရာသေးသေးလေးနှစ်ခု အရာထင်နေသည်။ ထို့အပြင် သူ့ဝတ်ရုံကို အားပြင်းပြင်းဖြင့် ဆောင့်ဆွဲထားသကဲ့သို့ အလွန်အမင်းတွန့်ကြေနေသည်။
လင်ကျင်းယဲ့ သူ့ကိုကြည့်လိုက်သည်။
" မင်း တစ်ယောက်ယောက်ရဲ့ကလေးကို ခေါ်လာတာလား..."
" မဟုတ်ပါဘူး..."
ကျိုးရွှမ်လန်က ခက်ထန်သည့်လေသံဖြင့်ပြန်ဖြေပြီး ထွက်သွားသည်။ သူ စိတ်မကြည်မလက်ဖြစ်နေကြောင်း လင်ကျင်းယဲ့တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။
သူ့နောက်မှ ကပ်လိုက်လာသည့် လင်မူရှန်း(ဂိုဏ်းချုပ်လင်ယဲ့ ရဲ့တပည့်) ကို ပြောလိုက်သည်။
" အဲဒီခြေရာတွေက လေးနှစ်အောက်အရွယ် ကလေးတစ်ယောက်ရဲ့ ခြေရာလို့ထင်တယ်... ချင်းလင်ဂိုဏ်းမှာ အဲ့လောက်ငယ်တဲ့ကလေး ရှိလို့လား..."
သူတို့နှစ်ယောက် တံခါးအပြင်ဘက်တွင် ရပ်နေစဉ် အခန်းထဲမှ ရယ်သံက တဖြည်းဖြည်းတိုးသွားသည်ကို ကြားလိုက်ရသည်။
လင်မူရှန်းက ပိတ်ထားသောတံခါးကို ကြည့်နေသည်။
" အင်မော်တယ်ဟွားကိုကြည့်ရတာ ပျော်နေတဲ့ပုံပဲ... ရှစ်ရှု့(ရှန်းလျိုရှန့်) က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားတာဖြစ်မယ်..."
" ဟုတ်မှာ... တခြားကိစ္စကြောင့်ဆိုရင် ရှစ်စွမ်းက ဒီလောက်ထိ အားပါးတရ ရယ်နေမှာမဟုတ်ဘူး... ဒါနဲ့ မင်း ငါမေးတာကို မဖြေသေးဘူးနော်... အဲ့ကလေးလေးက ဘယ်ကနေ ရောက်လာတာလဲ... ရွှမ်လန်ရဲ့ မူအရာက တော်တော်လေး စိတ်တိုနေသလိုပဲ..."
လင်မူရှန်းက ခဏတာတွေးတောလိုက်ပြီး မြေခွေးတစ်ကောင်သဖွယ် ပြုံးလိုက်သည်။
" ဘယ်သူသိမှာလဲ... အဲ့ကလေးက တစ်နေရာရာကနေဗြုန်းခနဲရောက်လာတာလည်း ဖြစ်နိုင်တာပဲ..."
.....
" မင်း ရယ်လို့ဝပြီလား..."
ရှန်းလျိုရှန့်က စိတ်ပျက်လက်ပျက်အမူအရာဖြစ်နေပြီး သူ့မျက်နှာထက်ကြီးနေသည့် အသံကူးပြောင်းကိရိယာကိုကိုင်ထားကာ ဒေါသထွက်သောကြောင့် နှုတ်ခမ်းစူနေသည်။
" မင်း ရယ်လို့ဝပြီလား... ဝပြီဆိုရင် ငါ့ကိုကူပြီး စီနီယာအစ်ကိုကို လှမ်းဆက်သွယ်ပေး..."
သူ့ခန္ဓာကိုယ်အရွယ်အစား သေးငယ်သွားသည့်အကြောင်းက ဝတ္ထုထဲတွင် တစ်ကြိမ်တစ်ခါမှ မပါဝင်ခဲ့၍ ရှန်းလျိုရှန့်ကိုယ်တိုင်လည်း တအံ့တဩဖြစ်နေရသည်။
" ဟုတ်ပါပြီ ဟုတ်ပါပြီ..."
လင်ဟွားက သူပြောသည်ကို သဘောတူလိုက်ပြီး လက်တစ်ဖက်ဆန့်လိုက်သည်။ သို့ရာတွင် သူ လက်လှမ်းလိုက်သည်က အသံကူးပြောင်းကိရိယာထံသို့မဟုတ်ဘဲ ရှန်းလျိုရှန့်၏ခေါင်းပေါ်ဖြစ်နေသည်။
သူ့လက်ချောင်းငါးချောင်းလုံးဖြင့် နူးညံ့နေသည့်ဆံပင်လေးကို ဆွဲဖွလိုက်သည်။
" အလိုလေး ကိုင်လို့ကောင်းလိုက်တာ... ငါ ဒီလိုဆံပင်မျိုးကို တစ်ညလုံးကိုင်နေလို့ရတယ်..."
ရှန်းလျိုရှန့် ခုံပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ခြေထောက်တစ်ဖက်မြှောက်၍ သူ့ကိုကန်ကြောက်ရန် ပြင်လိုက်သည်။
" အေးပါ အေးပါ ငါမင်းကို မစတော့ဘူး..."
လင်ဟွားက မရယ်မိအောင် ထိန်းချုပ်လိုက်ပြီး မန္တန်တစ်ခု ရွတ်ဆိုလိုက်သည့်အခါ အခန်းထဲတွင် အပြာရောင်အလင်းတန်း ဖြာထွက်လာသည်။
နောက်အခိုက်အတန့်တွင် ကိရိယာထဲမှ အမျိုးသားတစ်ယောက်၏ လေသံအေးအေးလေး ပေါ်ထွက်လာသည်။ အသံက နူးညံ့ညင်သာလွန်းသည်မှာ နှလုံးသားကို နွေဦးလေပြည်လေး ဖြတ်သန်းတိုက်ခတ်သွားသည်နှင့် တူပေသည်။
" ငါ ရှိတယ် ဘာကိစ္စများ ပြောမလို့လဲ..."
လင်ဟွားက မဆိုင်းမတွပင် ပြောလိုက်သည်။
" ဂိုဏ်းချုပ်... လျိုရှန်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားပါပြီ..."
" ငါ သတိထားမိပါတယ်..."
ထိုလူက မနှေးမမြန်သည့်လေသံဖြင့် တုန်လှုပ်မှုမရှိဘဲ ဖြေလာသည်။
" တခြားဘာပြဿနာများ ရှိလို့လဲ..."
လင်ဟွားဖြေတော့မည့်အချိန်တွင် ချစ်စဖွယ်အသံလေးတစ်သံက ကိရိယာထဲကို ဖြတ်သန်းဝင်ရောက်လာသည်။
" စီနီယာအစ်ကိုကြီး ကျွန်တော့်ခန္ဓာကိုယ် သေးသေးလေးဖြစ်သွားပြီ... အဲဒါ ဘယ်လိုလုပ်ရမလဲ..."
တစ်ဖက်မှအသံက အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။
လင်ယဲ့ စကားထပ်ပြောလိုက်ချိန်တွင် သူစကားသံထဲ၌ ရယ်သံစွက်နေသည်ကို သတိပြုမိနိုင်သည်။
" ဘယ်လောက်တောင် သေးသွားတာလဲ..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။
" သုံးနှစ်သားအရွယ်လောက်ပါ..."
" အဲဒါက မင်းကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးအဆိပ်ရဲ့ အကျိုးသက်ရောက်မှုကြောင့်ဖြစ်မယ်..."
လင်ယဲ့က ခဏတာ အလေးအနက်တွေးတောနေပြီးမှ တဖြည်းဖြည်းဆက်ပြောသည်။
" နတ်ဆိုးအဆိပ်က မင်းခန္ဓာကိုယ်ရဲ့ ဝိညာဉ်စွမ်းအားလှုပ်ရှားမှုတွေကို ကန့်သတ်ထားတယ်... မင်း အခုမှ အဆင့်တက်ထားတာဆိုတော့ ဝိညာဉ်စွမ်းအားက အထိန်းအကွပ်မဲ့သွားတာဖြစ်မယ်... အဲဒါကြောင့်မို့ ကိုယ်ထဲက နတ်ဆိုးအဆိပ်တွေ ထွက်လာပြီး ခန္ဓာကိုယ်သေးသွားတာ..."
ရှန်းလျိုရှန့် အံကြိတ်ထားလိုက်သည်။
" အဲဒါက ဘယ်လိုနတ်ဆိုးအဆိပ်မျိုးလဲ..."
" ငါလည်း မပြောတတ်ဘူး... မင်းရဲ့အဖြစ်က တစ်ခါမှ မမြင်ဖူးတဲ့ ကိစ္စမျိုးပဲ..."
လင်ယဲ့၏လေသံထဲမှ လေးလံမှုကို ခံစားလိုက်ရ၍ ရှန်းလျိုရှန့်၏လေသံက အလိုမကျဖြစ်သွားသည်။
" ကျွန်တော် အရင်ပုံစံပြန်ပြောင်းလို့ရမှာလား..."
ငါ တစ်သက်လုံး ကလေးပုံစံနဲ့ နေရတော့မှာလား...
" မင်းရဲ့ ဝိညာဉ်စွမ်းအား အထိန်းအကွပ်မဲ့သွားတာကြောင့် ဖြစ်ရတာဆိုတော့... အခုလောလောဆယ် မင်းခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားကို ကောင်းကောင်းကိုင်တွယ်ပြီး နတ်ဆိုးအဆိပ်ကို တဖြည်းဖြည်း ဖိနှိပ်မှရမယ်..."
ရှန်းလျိုရှန့် မျက်လုံးပြူးသွားသည်။ ဖြူဖျော့နေသည့် မျက်နှာလေးက အသံကူးပြောင်းကိရိယာနားကို တဖြည်းဖြည်းတိုးကပ်လာသည်မှာ ထိလုနီးပါးပင်ဖြစ်နေသည်။
" စီနီယာအစ်ကိုကြီး ကျေးဇူးပြုပြီး အသေးစိတ်ပြောပြပါလား..."
" ဝီရိယရှိရှိနဲ့ပဲ လေ့ကျင့်ပါ..."
ထိုစကားတစ်ခွန်းပြောပြီးသည်နှင့် အသံကူးပြောင်းကိရိယာမှ မီးရောင်ကမှိန်သွားသည်။
" ဟေး စီနီယာအစ်ကိုကြီးက မင်းကို ငပျင်းလို့ခေါ်သွားတာ..."
လင်ဟွားက အသံကူးပြောင်းကိရိယာကို ပြန်ယူလိုက်ပြီး ရှန်းလျိုရှန့်ကံဆိုးသွားသည်ကို ဝမ်းသာအားရဖြစ်နေသံဖြင့် ပြောလိုက်သည်။
" လွန်ခဲ့တဲ့ ဆယ်နှစ်လုံးလုံး ယဲ့ပင်းရန်အနောက်ကိုပဲ တကောက်ကောက်လိုက်ပြီး ကျင့်ကြံတာကို အာရုံမစိုက်ဖို့ မင်းကိုဘယ်သူက တွန်းအားပေးနေခဲ့လို့လဲ... အခုတော့ ကိုယ်အပြစ်ကိုယ်သိပြီလား..."
ရှန်းလျိုရှန့် နှုတ်ခမ်းစူလိုက်သည်။
" ဒီလူကြီးလူကောင်းက အခုအိပ်တော့မှာ..."
" အယ် အခုတော့ မင်းစိတ်ကောက်သွားပြီပေါ့လေ... ဒါပေမဲ့ မင်းစိတ်ကောက်နေတာလေးကလည်း ချစ်စရာကောင်းသားပဲ..."
လင်ဟွားက ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးပြီး ပြောလိုက်သည်။
ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကိုလှမ်းယူပြီး စကားတစ်ခွန်းမှ မပြောဘဲ ပစ်ပေါက်လိုက်သည်။ လင်ဟွားက ခြေမြန်လက်မြန်ဖြင့် ဖမ်းလိုက်ပြီး စားပွဲပေါ်ကို ပြန်တင်ထားလိုက်သည်။
" အေးပါ ငါမင်းကို မနှောင့်ယှက်တော့ပါဘူး... မင်း ဓားဂိုဏ်းက တပည့်နှစ်ယောက်ကိုရော ဘယ်လိုလုပ်ဖို့ ကြံထားလဲ..."
ရှန်းလျိုရှန့်က ပါးပြင်ကို လက်တစ်ဖက်ဖြင့်ထောက်၍ ပြန်ဖြေလိုက်သည်။
" သူတို့ကို ပြန်လွှတ်ပေးလိုက်ပါ..."
" မင်းက တော်တော်လေးကြင်နာတတ်တာပဲ..."
လင်ဟွား တံခါးပိတ်ပြီးထွက်သွားသည်။
ရှန်းလျိုရှန့်က ခုံလက်တင်ကိုကိုင်၍ ခုံပေါ်မှ တဖြည်းဖြည်းဆင်းလာပြီး အဝတ်ပုံကြီးထဲမှ အနက်ရောင်အဝတ်အိတ်ကို ဆွဲထုတ်လိုက်သည်။ ၎င်းကို စေ့စေ့စပ်စပ်စစ်ဆေးနေစဉ် သူ့နှုတ်ခမ်းများတွန့်ကွေးသွားသည်။
မှားစရာမရှိဘူး... ဒါက ကြယ်တာရာအစုအဝေးအိတ်ပဲ...
အဲဒီတပည့်နှစ်ယောက်က သူ့အတွက် ရတနာတစ်မျိုး သယ်လာပေးခဲ့တာပဲ...
သူ၏ ဆုလဒ်ကြီးကို ပြန်သိမ်းထားလိုက်ပြီးနောက် ရှန်းလျိုရှန့်က ခုံပုတစ်လုံးပေါ်တက်လိုက်သည်။ လက်နှစ်ဖက်ဖြင့် အိပ်ရာအစွန်းနားရောက်အောင် ခက်ခက်ခဲခဲတက်လာပြီး ခွန်အားများစုစည်း၍ အိပ်ရာပေါ် ဘုတ်ခနဲ လှဲချလိုက်သည်။
သူ့မျက်လုံးများကို ပွတ်နေလျက် စောင်တစ်ထည်ဖြင့် ကိုယ်ကိုရစ်ပတ်လိုက်ပြီး မှတ်ဉာဏ်များထဲ ပြန်လည်မွှေနှောက်နေမိသည်။
ဝတ္ထုထဲတွင်မူ သူက စုပိုင်ချယ့်အပေါ် သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ အခက်တွေ့အောင်လုပ်ခဲ့သည့်ဗီလိန်ဖြစ်သည်။ ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို သေရေးရှင်ရေးအခြေအနေဖြစ်အောင် ထပ်ခါထပ်ခါပြုလုပ်ခဲ့သော်လည်း သူ့ထောင်ခြောက်တွင် သူပြန်မိပြီး ဆုံးရှုံးမှုဖြစ်ခဲ့သည်က ပိုများသည်။
ဝတ္ထု၏နောက်ပိုင်းတွင်မူ စုပိုင်ချယ့်၏ နောက်လိုက်များက မျှော်မှန်းထားသည်ထက်ပို၍ စွမ်းအားကြီးသူများ ဖြစ်လာခဲ့သည်။ ရှန်းလျိုရှန့်က ရှေးယခင်တည်းက အမြောက်စာဇာတ်ကောင်လေးတစ်ခုသာသာ ဖြစ်ခဲ့သော်လည်း ဧကရာဇ်နန်းတော်မှ အရှင်သခင်၏ သားဖြစ်နေခဲ့သောကြောင့်ဝတ္ထုနောက်ဆုံးရောက်လုနီးပါးအချိန်ထိ အသက်ရှင်ခဲ့ပေသည်။ အဆုံးတွင် လူသားများနှင့် နတ်ဆိုးများအကြား စစ်ပွဲကြီးတစ်ခုဖြစ်ပွားခဲ့၍ ထို၏စစ်ပွဲတွင် ယဲ့ပင်းရန်၏အသက်ကို ကယ်တင်ခဲ့သောကြောင့် သူ့အသက်ဆုံးရှုံးခဲ့ရပေသည်။
ထိုသို့ ကြီးကျယ်သောကိစ္စကြီးကို လုပ်ဆောင်ခဲ့သော်လည်း ရှန်းလျိုရှန့်က ယဲ့ပင်းရန်၏နှလုံးသားကိုလှုပ်ရှားအောင် မပြုလုပ်နိုင်ခဲ့ပေ။ သူ အရာအားလုံးကို ပေးဆပ်ခဲ့သော်လည်း ထိုလူက စုပိုင်ချယ့်ရှိရာသို့ ချက်ချင်းပြေးသွားကာ ပွေ့ဖက်ခဲ့ပေသည်။
ကံဆိုးသည်မှာ ယဲ့ပင်းရန်ကလည်း ရှုံးနိမ့်မည့်ဘက်တွင် ရှိနေခြင်းဖြစ်သည်။
သူ တစ်ယောက်တည်းသာမက အမျိုးသားဇာတ်ရံအားလုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် ထည်ဝါစွာဖြင့်ရပ်တည်နေနိုင်ခဲ့ပြီး အလှလေးကို ပိုင်ဆိုင်ကာ လောကကြီးကိုအုပ်စိုးခွင့်ရရှိသွားခဲ့သည့် အောင်နိုင်သူက ကျိုးရွှမ်လန်ဖြစ်သည်။
ကျိုးရွှမ်လန်က အလွန်နာမည်ကျော်ကြားသည့် တည်ရှိမှုတစ်ခုဖြစ်လာခဲ့ပြီး ဧကရာဇ်နန်းတော်မှလူများထက်ပင် ပိုမိုလေးစားခံခဲ့ရသည်။
မဖြစ်သေးဘူး...
ရှန်းလျိုရှန့် စောင်ကို ဆွဲလိုက်သည်။
သူက အမြောက်စာဇာတ်ကောင်ဖြစ်ဖို့မပြောနဲ့ ဗီလိန်လည်းမဖြစ်ချင်ဘူးလေ...
အတိတ်ဘဝမှာတော့ အများပြည်သူရဲ့ သူ့အပေါ်အမြင်အတွက် ကိုယ့်ကိုကိုယ်ထိန်းသိမ်းပြီးနေခဲ့ရတာမို့ အခုအချိန် ဒီလောကမှာတော့ အရာအားလုံးကို စိုးရိမ်ပူပန်မနေဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အဆုံးထိ အပူပင်ကင်းကင်းနေသွားချင်တာလေ...
ရှန်းလျိုရှန့်ရဲ့ ရည်မှန်းချက်ကိုရောက်ဖို့ ပထမခြေလှမ်းကဘာလဲ...
သူ့ကိုယ်သူစောင်နဲ့ပတ်ထားပြီး အိပ်ဖို့ပါပဲ...
ရှန်းလျိုရှန့်က သူ့ကိုယ်သူ ဘောလုံးတစ်လုံးသဖွယ် စောင်ဖြင့်ပတ်ထားလိုက်ပြီး ချက်ချင်းအိပ်မောကျသွားသည်။
သူ နောက်တစ်နေ့ နေ့လယ်ခင်းအထိ အိပ်ပျော်သွားခဲ့သည်။ ကြက်ပေါင်ရနံ့ရချိန်တွင် သူ အိပ်ရာမှနိုးလာခဲ့သည်။ ကျင့်ကြံသူများ၏ အာရုံငါးပါးက မည်မျှ ခံစားလွယ်သည်က သက်သေပင်ဖြစ်သည်။
လင်ဟွားက သူ့တပည့်များကို ကလေးအဝတ်အစားအချို့ရှာဖွေရန် တာဝန်ပေးလိုက်သည်။ ရှန်းလျိုရှန့်၏ တောင်းဆိုချက်အရ စားသောက်ဆိုင်မှ ဟင်းပွဲအချို့ကိုပါ ဝယ်လာခိုင်းလိုက်သည်။
လင်ဟွား တံခါးနားသို့ မရောက်မီတွင် ရှန်းလျိုရှန့်၏ခေါင်းက စောင်ထဲမှထွက်လာသည်။ အရည်လဲ့နေသည့်မျက်ဝန်းများက အပြင်ဘက်ကို ခိုးကြည့်နေသည်။
ဤနှစ်တွင် မက်မွန်ပွင့်များက အလွန်ပေါများစွာပွင့်လှသည်။ လင်ဟွားက မက်မွန်ပွင့်များကောက်ကာ ဝိုင်ချက်ခြင်းဖြင့် မအားမလပ်ဖြစ်နေသောကြောင့် ပစ္စည်းများကို ပို့ဆောင်ပြီး မကြာမီအချိန်တွင် ပြန်ထွက်သွားသည်။
မထွက်သွားမီတွင် ရှန်းလျိုရှန့်ကို မည်သူမည်ဝါဖြစ်ကြောင်း အခြားလူများကို ထုတ်ဖော်မပြောရန် မှာသွားခဲ့သည်။ ချင်းလင်ဂိုဏ်းတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူနောက်တစ်ယောက် ပေါ်လာသည်က ကိစ္စကြီးဖြစ်၍ အခြားသောအင်မော်တယ်ဂိုဏ်းများက လူလွှတ်ပြီး ဤကိစ္စကို စုံစမ်းကြမည်ဖြစ်သည်။ အကယ်၍ သူ၏ လက်ရှိအခြေအနေကို သွားကြပါက မထင်မှတ်ထားသည့်ကိစ္စများ ဖြစ်လာနိုင်ပေသည်။
ရှန်းလျိုရှန့် ကြက်ပေါင်ကို တစ်ကိုက်ကိုက်လိုက်ပြီး သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
ပိုမိုကျင့်ကြံရန် လင်ယဲ့က ဆုံးမထားသောကြောင့် ရှန်းလျိုရှန့်က ထိုစကားများကို စိတ်ထဲတွင် မှတ်ထားသည်။ ဗိုက်ဝအောင် စားသောက်ပြီးသည်နှင့် ကျင့်စဉ်များကို လေ့ကျင့်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် သူက အခြေခံကျင့်စဉ်များကိုပင် မမှတ်မိနိုင်ဖြစ်နေသည်။
ရှန်းလျိုရှန့်က တွန့်ဆုတ်စွာဖြင့် ဆင့်ခေါ်ကျောက်စိမ်းကိုကိုင်ပြီး သူ၏စွမ်းအားကြီးတပည့်လေးကို ဆင့်ခေါ်လိုက်ရသည်။
အပြာရောင်အလင်းတန်းတစ်ခု လင်းသွားပြီးသည့်နောက် ပတ်ပတ်လည်ကို ကျောက်စိမ်းပြားဖြင့်ချည်ထားသော လူတစ်ယောက်အရွယ်ခန့်ရှည်လျားသည့် သစ်သားတုံးတစ်တုံးပေါ်လာသည်။ ထိုသစ်သားတုံးပေါ်တွင် စကားလုံးအချို့ ရေးထွင်းထားသည်။
( ရှစ်စွမ်း ကျွန်တော့်ကို မနှောင့်ယှက်မိအောင် ထိန်းချုပ်ထားပါ )
ရှန်းလျိုရှန့် ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
အခုလက်ရှိအချိန်က ကျိုးရွှမ်လန်က အပေါ်ယံမှာတော့ အေးစက်စက်ဆိုပေမယ့် ရင်ထဲမှာတော့ နွေးထွေးပြီး နာခံတတ်တဲ့ ကလေးတစ်ယောက်ပါ... သူဘာလို့ ရှစ်စွမ်းကို အာခံနေရတာလဲ...
" အယ် ငါထင်တာတော့ သူက အခုချိန်မှာ ပုန်ကန်တတ်တဲ့ကာလကို ဖြတ်သန်းနေရတာထင်တယ်..."
.....
ချင်းလင်ဂိုဏ်း၏ လူသူအရောက်အပေါက်နည်းလှသောနေရာတွင် ရေမျက်နှာပြင်ထက်၌ လှိုင်းဂယက်များထလာသည်။ ရေကန်အလယ်တွင် အနက်ရောင်သံကြိုးရှစ်ချောင်းဖြင့် ချုပ်နှောင်ခံထားရသည့် အရပ်ရှည်ရှည်လူတစ်ယောက် ရှိနေသည်။ သူ့မျက်နှာပေါ်တွင် ခက်ထန်သည့် အမူအရာမျိုးကို မြင်နေရပြီး သတ်ဖြတ်လိုစိတ်အချို့ကို ထုတ်လွှတ်နေပေသည်။
" မင်းပဲလား... ထွက်သွားစမ်း..."
သံကြိုးက မြေပြင်နှင့် ရိုက်မိသည့်အခါ စူးရှရှအသံတစ်သံ ထွက်လာသည်။
အဖြူရောင်ဝတ်ရုံဝတ်ထားသော စုပိုင်ချယ့်က ဒေါသတကြီးအော်သံကို မကြားချင်ယောင်ဆောင်ထားသည်။ သူ့လက်ချောင်းများက ဗျတ်စောင်းပေါ်တွင် ပြေးလွှားနေပြီး တိတ်ဆိတ်နေသည့် နေရာတစ်ခုလုံးတွင် ပဲ့တင်ထပ်စေသည့် ညင်သာ၍ စည်းချက်ကျနသော တေးသံတစ်မျိုးကို တီးခတ်နေသည်။
အောင်းယွဲ့၏နားထဲသို့ တေးဂီတစီးကြောင်းက အဆက်မပြတ် ဝင်ရောက်လာသည်။
သူ့မျက်ဝန်းများထဲမှ ရန်လိုသည့်အကြည့်က တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ အချိန်အတန်ကြာသည့်အခါ သူ အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။
" မင်းရဲ့ဘာမဟုတ်တဲ့ လှည့်ကွက်ဘေးတွေကိုသုံးပြီး ငါ့ဆီက မျက်နှာသာပေးခံရမယ် ထင်မနေနဲ့... အသုံးမဝင်ဘူး..."
စုပိုင်ချယ့် မျက်လုံးလှန်ကြည့်ပြီး ပြုံးပြလိုက်သည်။
" ကျွန်တော်က ခင်ဗျားရဲ့ရင်ထဲက အမုန်းတရားကို နည်းနည်းဖြစ်ဖြစ် ပြေပျောက်သွားဖို့ပဲ မျှော်လင့်မိတာပါ..."
" အိမ်မက် ဆက်မက်နေလိုက်လေ..."
အောင်းယွဲ့၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားပြီး ခက်ထန်စွာဖြင့် အော်ပြောလိုက်သည်။
" လင်ယဲ့က ငါ့ကိုဒီမှာ ချုပ်ထားခဲ့တာ... ငါ အဲ့လူကို သတ်ကိုသတ်ရမယ်... သူတစ်ယောက်တည်းတင်မဟုတ်ဘူး ငါ ဒီသံကြိုးတွေကနေ လွတ်သွားတာနဲ့ ချင်းလင်ဂိုဏ်းတစ်ခုလုံး ငါ့လက်ထဲက လွတ်မယ်မထင်နဲ့..."
စုပိုင်ချယ့် သက်ပြင်းချလိုက်ပြီးနောက် မတ်တပ်ရပ်ကာ ဗျတ်စောင်းကို ယူလိုက်သည်။
" အဲ့လိုဆိုရင်တော့ ကျွန်တော့်ဘက်က ဘာစကားမှ ပြောစရာမရှိတော့ပါဘူး..."
အောင်းယွဲ့ အနည်းငယ် အံ့အားသင့်သွားသည်။ မျက်နှာထက်တွင် ရှုပ်ထွေးနေသည့် အမူအရာဖြင့် သူ မေးလိုက်သည်။
" မင်း မနက်ဖြန်ရော လာမှာလား..."
ဤနေရာတွင် ချုပ်နှောင်ခံထားရခြင်းကြောင့် သူ၏ ဆင်ခြင်ဉာဏ်များကလည်း ပျောက်ဆုံးနေကာ ရူးသွပ်လုဆဲဆဲ အခြေအနေသို့ ရောက်နေသည်။ သူ့ရှေ့တွင်ရပ်နေသည့် လူသားကသာ သူ့ထံသို့ နေ့တိုင်းလာပြီး ဗျတ်စောင်းတီးပေးကာ သူ့ကိုစကားပြောသည့်လူဖြစ်သည်။
" ဒါပေါ့..."
စုပိုင်ချယ့်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။
အောင်းယွဲ့အတွက်မူ ထိုအပြုံးက ပန်းပွင့်လေးသဖွယ်လှပလွန်းပြီး ညှို့ယူဖမ်းစားနိုင်စွမ်း ရှိပေသည်။
" အောင်းယွဲ့ တစ်နေ့တော့ ကျွန်တော် ခင်ဗျားရဲ့ရင်ထဲက အမုန်းတရားတွေကို အပြည့်အဝ ဖြေဖျောက်ပေးလာနိုင်မှာပါ... အဲ့အချိန်ကျရင် အလင်းရောင်အသစ်ထဲက လောကကြီးကို ခင်ဗျားမြင်အောင် ပြပေးမယ်..."
ထိုလူသားက သူ့နာမည်ကို ခေါ်လိုက်သည်။
အသံလေးက အရမ်းနားဝင်ချိုတာပဲ...
" အာဝူး အာဝူး..."
အောင်းယွဲ့က သူ့မူလအသွင်ပြန်ပြောင်းလိုက်ပြီး ထွက်သွားသောစုပိုင်ချယ့်ကိုကြည့်၍ ပျော်ရွှင်စွာ အူလိုက်သည်။
( အောင်းယွဲ့က ခွေးနတ်ဆိုးပါ )
စုပိုင်ချယ့်က သူ့မျက်ဝန်းထဲမှ စက်ဆုပ်မှုကို ဖုံးကွယ်ထားပြီး ဝတ်ရုံလက်ကိုတစ်ချက်ခါ၍ ထွက်သွားသည်။
အောင်းယွဲ့၏ကိုယ်ပေါ်တွင် ပူပြင်းသည့် နေရောင်ခြည် တစ်ဖန်ဖြာကျလာသည့်အခါ ပျင်းရိစွာဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။
တိတ်ဆိတ်လွန်းတယ်... သက်တောင့်သက်သာ မရှိဘူး...
ထိုအခိုက်အတန့်တွင် ခြုံပုတ်များကို တရှပ်ရှပ်တိုးလာသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ အောင်းယွဲ့၏ နားရွက်များထောင်လာပြီး မျက်လုံးစိမ်းများ ပြူးကျယ်သွားရသည်။
အပြာရောင်ဝတ်ရုံဝတ်ထားသော ကလေးတစ်ယောက်က သူ့ခေါင်းပေါ်တွင် သစ်ရွက်နှစ်ရွက်ကပ်နေလျက် တောထဲမှ ထွက်လာသည်။သူက အောင်းယွဲ့ကို စပ်စုစွာဖြင့် ကြည့်နေသည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။
ထိုခွေး၏ပုံစံက အလွန် ခံ့ညားထည်ဝါလှသည်။ လက်ဖဝါးတစ်ဖက်ရမ်းလိုက်ရုံဖြင့် သူ့ကိုသတ်နိုင်ပေမည်။
ဒါက ဒဏ္ဍာရီလာကောင်းကင်ဘုံခွေးများလား...
ရှန်းလျိုရှန့်က ထိတ်လန့်သွားသော်လည်း ဂါရဝပြုလက်ဆောင်များပေးရန် မမေ့လျော့ပေ။ သူ့ဝတ်ရုံလက်ထဲနှိုက်လိုက်ပြီး ရေမျက်နှာပြင်ထက်မှ ကျောက်တုံးများပေါ်နင်းကာ အောင်းယွဲ့ရှိရာသို့ လျှောက်သွားလိုက်သည်။
အောင်းယွဲ့က သူ့ကို အေးတိအေးစက်ဖြင့် စိုက်ကြည့်နေသည်။