အခန်း၁၁
Viewers 22k

Chapter 11

Chapter 11


အဝတ်အိတ်ဖြင့် သူ့ခေါင်းကိုအုပ်လိုက်သည်နှင့် မူးဝေသွားတော့သည်။ သူ့ကို အခြားနေရာနှင့် အချိန်ကာလတစ်ခုသို့ အတင်းအကြပ်ဆွဲခေါ်သွားသည်နှင့် တူပေသည်။ မကြာမီအချိန်တွင် သူ့အမြင်အာရုံက အမှောင်ကျသွားပြီး အသိစိတ်လည်း ပျောက်ဆုံးသွားသည်။


ရေစက်တစ်စက်က ပါးပြင်ပေါ်ကျဆင်းလာ၍ ရှန်းလျိုရှန့် နိုးလာခဲ့သည်။ 


သူ့မျက်နှာကို ရေဖြင့်တောက်နေသည့်ယဲ့ယီက ချက်ချင်းပင် ထိတ်လန့်သွားသည့်ငှက်တစ်ကောင်သဖွယ် ပြုမူလိုက်ပြီး ကပျာကယာဖြင့် နောက်ဆုတ်သွားသည်။ 


" အင် အင်မော်တယ်..."


ရှန်းလျိုရှန့် သတိလစ်သွားသည့်အခါ ဓားဂိုဏ်းမှ တပည့်နှစ်ယောက်က သူ့ကိုအနီးနားမှ သစ်တောထဲ သယ်သွားပြီး သစ်ပင်ကြီးတစ်ပင်၏ ပင်စည်တွင် ကြိုးဖြင့် ချည်ထားလိုက်သည်။


ယဲ့အာက ကျောက်တုံးတစ်တုံးတွေ့သောကြောင့် ဓားသွေးရာတွင် အာရုံစိုက်နေသည်။


တစ်ဖက်တွင်မူ ယဲ့ယီက အလွန်အမင်းစိုးရိမ်ထိတ်လန့်နေရသည်။ 


ငတုံးယဲ့အာက ‌အင်မော်တယ်ရှန်းကို အောင်အောင်မြင်မြင်ဖြင့် ပြန်ပေးဆွဲလာနိုင်မည်ဟု သူ မထင်ခဲ့မိပေ။ 


သူတို့တွေ အခုတော့ သောက်ပြဿနာအကြီးကြီးတက်ပြီ...


ချင်းလင်ဂိုဏ်းက သူတို့ကို အလွတ်ပေးတော့မှာမဟုတ်ဘူး... သူတို့တွေတော့ ဓားဂိုဏ်းကို အလောင်းအဖြစ်နဲ့ပဲပြန်ရတော့မယ်ထင်တယ်...


မဟုတ်ဘူး...


 အဲ့လိုဖြစ်လို့မရဘူး... သူတို့တွေက ပေလွင်ဓားဂိုဏ်းကဆိုတာကို သေချာပေါက်လျှို့ဝှက်ထားရမယ်... မဟုတ်ရင်တော့ အင်မော်တယ်ဂိုဏ်းနှစ်ခုကြားမှာ တိုက်ပွဲတွေဖြစ်ကုန်လိမ့်မယ်...


" ကျွန်တော်က ပေလွင်ဓားဂိုဏ်းရဲ့တပည့် ယဲ့အာ ပဲ..."


ယဲ့ယီ ‌ကြောင်အသွားပြီး ယဲ့အာကို ငါးတစ်ကောင်သဖွယ် မျက်လုံးပြူးမျက်ဆံပြူးဖြင့် ကြည့်နေလိုက်သည်။ 


အရပ်ရှည်ရှည်နှင့် လူငယ်လေးကိုကြည့်ပြီး ရှန်းလျိုရှန့်၏ မျက်နှာထက်စွာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်သွားသည်။


ယဲ့အာက ဓားရှည်ကြီးကို ရှန်းလျိုရှန့်၏လည်ပင်းနား  တဖြည်းဖြည်းကပ်လိုက်သည်။ သူ တွန့်ဆုတ်စွာဖြင့် မကြာခဏရပ်သွားပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။


" ရှန်းလျိုရှန့် ခင်ဗျား ဘာအမှားလုပ်မိလဲသိလား..."


ရှန်းလျိုရှန့် : “…”


ဓားကိုင်ထားသည့်လက်က အနည်းငယ် တုန်ယင်သွားနေပြီး ယဲ့အာ၏မျက်လုံးများက ဒေါသကြောင့် တုန်ယင်နေသည်။ 


" ခင်ဗျားကများ ကျွန်တော်တို့ရဲ့ဓားသခင်ကို ကြာပွတ်နဲ့ ရိုက်ရဲတယ်ပေါ့လေ... တကယ်ကို သည်းမခံနိုင်စရာပဲ..."


ထိုလူက မည်သူဖြစ်ကြောင်း ရှန်းလျိုရှန့် ဖျတ်ခနဲသတိရသွားသည်။ 


ယဲ့အာ - ယဲ့ပင်းရန်ရဲ့ နံပါတ်တစ်fanboyပဲ... 


ယဲ့အာက ယဲ့ပင်းရန်ကို အလွန်လေးစားသဘောကျသူဖြစ်ပြီး သူ့အတွက် မည်သည့်ကိစ္စကိုမဆို ပြုလုပ်ပေးသူဖြစ်သည်။ သို့ဖြစ်၍ ယဲ့ပင်းရန်အတွက် စုပိုင်ချယ့်ကို ရှု့ထောင့်ပေါင်းစုံမှ ဂရုစိုက်ပေးခဲ့ပြီး စုပိုင်ချယ့်ကိုကယ်ရန် သူကိုယ်တိုင် သေလုမျောပါးဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူက ယဲ့ပင်းရန်နှင့် စုပိုင်ချယ့်တို့အကြားမှ ဆက်ဆံရေးကို အဆင့်တိုးမြင့်ပေးလာနိုင်သည့် အရေးကြီးဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့သည်။


ရှန်းလျိုရှန့် အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်လိုက်သည်။


ယဲ့အာက မည်သည့်ကိစ္စကိုမဆို မစူးစမ်းမဆင်ခြင်ဘဲ လုပ်တတ်သူဖြစ်သည်။ အကယ်၍ ရှန်းလျိုရှန့်က ယခုအချိန်တွင် ယဲ့ပင်းရန်ကို ဝေဖန်မိပါက သူ့လည်ပင်းပြတ်သွားနိုင်သည်။


" မင်း အထင်လွဲနေပြီ..."

ရှန်းလျိုရှန့်က သစ်ပင်ကြီး၏ ပင်စည်ကို မှီလိုက်သည်။

" ဒါက ငါနဲ့ ယဲ့ပင်းရန်ကိုယ်တိုင် ညှိနှိုင်းထားတဲ့ကိစ္စပဲ... ငါတို့က လူအများရဲ့ရှေ့မှာ ဟန်ဆောင်နေကြရုံပါ..."


ယဲ့အာက ထိုစကားကို ယုံကြည်စရာအကြောင်း မရှိပေ။ 

" နတ်ဘုရားကြာပွတ်က ဓားသခင်ရဲ့အသားတွေကို ကွာကျအောင်လုပ်တာလည်း ဟန်ဆောင်တာပဲလား..."


" သူ့ခန္ဓာကိုယ်ပေါ်ကို ကြာပွတ်တစ်ခါရောက်သွားတိုင်း ငါ့နှလုံးသားတွေလည်း နာကျင်ရပါတယ်..."


ရှန်းလျိုရှန့်က လေးနက်တည်ကြည်သောအကြည့်ဖြင့် ပြောလိုက်သည်။ 

" ဒါပေမဲ့ ဒီကိစ္စကို သူကိုယ်တိုင် ငါ့ကိုတောင်းဆိုခဲ့တာဆိုတော့ ငါ့မှာလည်း ရွေးချယ်စရာမရှိဘူး..."


ယဲ့အာက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ... ဓားသခင်က ဘာကိစ္စ တခြားလူတွေကို ကြာပွတ်နဲ့ရိုက်ခိုင်းရမှာလဲ..."


ရှန်းလျိုရှန့်က မျက်လွှာချလိုက်ပြီး ဒွိဟဖြစ်နေသည့်ပုံပေါ်သည်။ အချိန်အတန်ကြာအောင် ရုန်းကန်နေပြီးမှ သူ သက်ပြင်းချလိုက်သည်။

" ကောင်းပြီလေ မင်းကိုပြောပြရမှာ ပြဿနာမရှိဘူးတော့ ထင်တာပဲ..."


ယဲ့အာ ထိတ်လန့်သွားသည်။

" ဘာများလဲ..."


ရှန်းလျိုရှန့် အံကြိတ်ထားပြီးနောက် အသံကျယ်ကြီးဖြင့် ပြောလိုက်သည်။ 


" မင်းတို့ရဲ့ဓားသခင်က တခြားလူတွေ သူ့ကိုရိုက်နှက်တာမျိုးကို အရမ်းသဘောကျတာ... ပိုပြီးနာလေ သူ ပိုပြီးခံစားလို့ကောင်းလေပဲ..."


ယဲ့အာ မျက်မှောင်ကြုတ်လိုက်ပြီး ထိုစကားလုံးများ၏ အဓိပ္ပါယ်ကို ရှာဖွေနေပုံပေါ်သည်။


တစ်ဖက်တွင်မူ ယဲ့ယီက ထိုစကားများ၏အဓိပ္ပါယ်ကို ချက်ချင်းသိသွားပြီး ‌ဒေါသထွက်လာသည်။


" အခြေအမြစ်မရှိတာတွေ မပြောနဲ့... ဓားသခင်ကဘာလို့... ဘာလို့ အဲ့လိုမျိုး ဂုဏ်သိက္ခာမရှိတဲ့ ဝါသနာမျိုး ရှိမှာလဲ..."


" မင်းတို့ ချက်ချင်းတော့ လက်မခံနိုင်ဘူးဆိုတာ ငါသိပါတယ်..."


ရှန်းလျိုရှန့်က တဖြည်းဖြည်းချင်းပြောနေသည်။ 

" တကယ်တော့ ငါလည်းသိတာသိပ်မကြာသေးပါဘူး... အဲဒါကြောင့်မို့ အားလုံးရဲ့ရှေ့မှာ ပင်းရန်ကို ဒီလိုမျိုး အညှာအတာမဲ့တဲ့လုပ်ရပ် လုပ်ခဲ့တာပေါ့... သေချာတွေးကြည့်ပါဦး ငါ မင်းတို့ရဲ့ဓားသခင်ကို ဒီလောက်တောင် သဘောကျတာ ဘာလို့ သူနာကျင်အောင် လုပ်မှာတဲ့လဲ..."


ယဲ့ယီ၏ အမူအရာက တောင့်တင်းသွားသည်။ ရှန်းလျိုရှန့်၏စကားများကို အနည်းအကျဉ်းခန့် ယုံကြည်သွားပုံရသည်။


ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို မည်မျှ နက်နက်ရှိုင်းရှိုင်းသဘောကျသည်ကို ဓားဂိုဏ်းမှတပည့်အားလုံး ကောင်းကောင်းသိကြသည်။ ဓားသခင်အပေါ် သူ၏ အညှာအတာကင်းမဲ့စွာ ဆက်ဆံပုံမျိုးက သူတို့အတွက် တရားနည်းလမ်းမကျ ဖြစ်နေသည်။ ရှန်းလျိုရှန့်က အကျင့်စရိုက်ပြောင်းလဲသွားသည်နှင့်ပင် တူနေသည်။


သို့ရာတွင် အကယ်၍ ဤသို့တွေးလိုက်မည်ဆိုပါက အရာအားလုံးက ကျိုးကြောင်းဆီလျော်သွားသည်။


ရှန်းလျိုရှန့် ဓားသခင်ကို ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန်ရိုက်ခဲ့ခြင်းမှာ ဓားသခင်၏ဆန္ဒကို ဖြည့်ဆည်းပေးရန်ပင်ဖြစ်သည်။


ယဲ့ယီ တသိမ့်သိမ့်တုန်သွားမိသည်။


ဓားသခင်က တကယ်ကြီးပဲ...


" မဟုတ်သေးဘူး... ဓားသခင် ထွက်သွားတဲ့အချိန်တုန်းက အင်မော်တယ်ရှန်းကို အညှိုးတကြီးနဲ့ ကြည့်နေတာလေ... ခင်ဗျား သူ့ကိုရိုက်တာကို ကျေနပ်တယ်ဆိုရင် သူ အဲ့လိုလုပ်ပါ့မလား..."

ယဲ့အာက ခွန်းတုံ့ပြန်လိုက်သည်။


" အဲဒါ ငါတို့ရဲ့ လျှို့ဝှက်သင်္ကေတလေ..."

ရှန်းလျိုရှန့်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

" အဲဒါက သူ အရမ်းစိတ်ကျေနပ်သွားတဲ့အကြောင်း ငါ့ကိုအချက်ပြတာ... ပြီးတော့ သူ နောက်ထပ်အရိုက်ခံဖို့ ပြန်လာဦးမယ်ဆိုတဲ့သဘောပေါ့..."


ယဲ့အား အံ့အားသင့်သွားပြီး ဓားကို တဖြည်းဖြည်းချင်း အောက်ချလိုက်သည်။

" အဲဒါတကယ်လား..."


ရှန်းလျိုရှန့်၏ မျက်နှာအမူအရာက အလွန်လေးနက်တည်ကြည်နေသည်။

" တကယ်လို့ မင်းတို့နှစ်ယောက်လုံး ငါ့ကိုမယုံဘူးဆိုရင် ငါဒီနေရာမှာတင် သစ္စာဆိုပြမယ်... တကယ်လို့ ငါပြောတဲ့စကားတွေထဲ အလိမ်တစ်ခွန်းတစ်လေပဲ ပါသွားရင်တောင် ဒီဘဝ ငါဘယ်တော့မှ ယဲ့..."


" တော်ပါပြီ ရပါပြီ... ကျွန်တော် အင်မော်တယ်ရှန်းကို ယုံပါတယ်..."


ယဲ့အာက အော်ပြောလိုက်ပြီးနောက် မျက်ရည်များဝဲလာကာ ချက်ချင်းကြိုးဖြည်ပေးလိုက်သည်။


ယဲ့ယီကလည်း ချက်ချင်းပင် စည်းရုံးသိမ်းသွင်းခံလိုက်ရသည်။


ယခင်ကမူ ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို သူ့အနားတွင် လက်တွဲဖော်အဖြစ် မထားဘဲနေရမည့်အစား စမ်းချောင်းဝါမြစ်ကိုသာ သွားလိုက်မည်ဟု အတိအလင်းကြေညာခဲ့ဖူးသည်။ သို့ဖြစ်၍ ရှန်းလျိုရှန့် ယခုအခါ ထိုသို့သစ္စာဆိုခြင်းက သူ့ဘဝကို ပုံအပ်၍ သစ္စာဆိုခြင်းထက် ပိုမိုယုံကြည်ရသည့်သက်သေ ဖြစ်ပေသည်။

( စမ်းချောင်းဝါမြစ်ကိုသွားမယ်ဆိုတာ အသေပဲခံလိုက်မယ်လို့ ပြောချင်တာပါ )


ရှန်းလျိုရှန့်ကို ကြိုးများ‌ဖြည်ပေးလိုက်သည်နှင့် မတ်တပ်ရပ်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ပွတ်နေလိုက်သည်။ ထို့နောက် သူ့အကြည့်က မြေပေါ်မှ အဝတ်အိတ်ပေါ်သို့ ရောက်သွားသည်။ 


၎င်းက ရှေးဟောင်းနတ်ဘုရားအသုံး‌အဆောင်ဖြစ်ကြောင်း သူ အမှတ်ရသွားသည်။


ကြယ်တာရာအစု‌အဝေးအိတ်က ‌ဝတ္ထုနောက်ပိုင်းတွင် စုပိုင်ချယ့်၏လက်ထဲရောက်လာသည့် ပစ္စည်းအဖြစ် လူသိများပေသည်။ ၎င်း၏စွမ်းအားက လျှို့ဝှက်ဆန်းကြယ်သောကြောင့် ဝိညာဉ်အခြေတည်အဆင့်အောက်မှ ကျင့်ကြံသူများက မတောင့်ခံနိုင်ကြပေ။ 


ရှန်းလျိုရှန့်က ထိုအိတ်ကို တစ်ချက်သွားကြည့်ရန် ပြင်လိုက်သည်။


သို့ရာတွင် သူ့ခန္ဓာကိုယ်က တုန်ယင်လာပြီး ဝိညာဉ်စွမ်းအင်များ ဖရိုဖရဲဖြစ်လာသည်။ သူ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် သူ့ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားစီးဆင်းမှုကို ထိန်းချုပ်ရန် ပြင်လိုက်သည်။ 


" အင်မော်တယ် ဘာဖြစ်လို့လဲ..."


ယဲ့ယီက ရှန်းလျိုရှန့်ကို တွဲထူပေးမည့်အချိန်တွင် မမြင်ရသောအားတစ်မျိုးက သူ့ကိုတွန်းထုတ်လိုက်၍ အဝေးသို့ လွင့်သွားရသည်။


ယဲ့ယီ သွေးတစ်လုတ်စာခန့် အန်ထွက်သွားသည်။


ယဲ့အာက ကတိုက်ကရိုက်ဖြင့် အမြန်ပြေးသွားပြီး သူ့ကိုကူညီပေးလိုက်သည်။


ယဲ့ယီ ပြင်းထန်စွာနာကျင်သွားပေသည်။ သူ့ရင်ဘတ်ကိုအုပ်ထားကာ မနည်းရုန်းကန်၍ ခေါင်းမော့ကြည့်လိုက်သည်။ ရုတ်တရက် သူ မျက်လုံးအပြူးသားဖြစ်သွားသည်။


" အဲဒါ... သူ အဆင့်တက်တော့မှာထင်တယ်..."


" ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုလား..."


ဘေးပတ်ဝန်းကျင်ရှိ တောင်ထွတ်များမှ ဝိညာဉ်စွမ်းအင်များက တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားပြီး အာရုဏ်ဦးတိမ်လွှာတောင်ထွတ်တွင် စုဝေးလာသည်။


လောကကြီးတစ်ခုလုံး အရောင်ပြောင်းလဲသွားသည်။


မည်သူကမှ အာရုဏ်ဦးတိမ်လွှာတောင်ထွတ်နားသို့ မကပ်ရဲကြပေ။


ဂိုဏ်းထဲမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် တံခါးဖွင့်ကြည့်ကြပြီး ဝိညာဉ်စွမ်းအင်အများဆုံးစုဝေးနေသည့်နေရာသို့ သူတို့အကြည့်များရောက်ကုန်သည်။ ကြောက်ခမန်းလိလိ ဖိအားကြီးတစ်မျိုးက သူတို့အပေါ် ကျရောက်လာသည်။ ကြောက်လန့်နေသည့် တပည့်များက တုန်ယင်နေကြပြီး သူတို့၏အမူအရာများကလည်း သွေးပျက်မတတ် ဖြစ်ကုန်သည်။


" ဒီလိုကြောက်စရာဖိအားကြီး ငါတစ်ခါမှ မခံစားဖူးဘူး... ဘယ်သူ အဆင့်တက်နေတာလဲ..."


" တစ်ယောက်ယောက်က ဝိညာဉ်အခြေတည်အဆင့်ကို အဆင့်တက်နေတာများလား... ဒါပေမဲ့ အဲ့အဆင့်ဆို ဒီလောက်အထိ ပြင်းထန်မှာမဟုတ်ဘူး... ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုရောက်ဖို့ ကြိုးစားနေတာလား..."


" အာရုဏ်ဦးတိမ်လွှာတောင်ထွတ်စံအိမ်က အဲ့ဘက်မှာရှိတာဆိုတော့ အင်မော်တယ်ရှန်းများလား..."


မျက်စိတစ်မှိတ်အတွင်း အာရုဏ်ဦးတိမ်လွှာတောင်ထွတ်တွင် အကာအကွယ်မန္တန်များဖြင့် ပြည့်သွားသည်။


လင်ဟွားက ထိုနေရာသို့ ဦးစွာရောက်ရှိလာသူဖြစ်၍ ရှန်းလျိုရှန့် အဆင့်တက်ရန် ကြိုးစားနေချိန်တွင် အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် ဘေးပတ်ပတ်လည်တွင် အစီအရင်များ ချထားလိုက်သည်။ 


လင်ဟွား၏မျက်နှာထက်တွင် ရွှင်ပြလန်းဆန်းခြင်းနှင့်  စိုးရိမ်မှုပြင်းထန်ခြင်းဟူသည့် စိတ်ခံစားချက်နှစ်မျိုး ရောနှောနေသည်။


လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်းတွင် ရှန်းလျိုရှန့်၏ကျင့်ကြံဆင့်က အနည်းငယ်မှ မတိုးတက်လာခဲ့ပေ။  သိုရာတွင် ယခုချိန်သို့ရောက်မှ နောက်ထပ်အဆင့်တစ်ခုကို တက်တော့မည်ဖြစ်၍ လင်ဟွားကြောက်လန့်နေမိသည်။


ရှန်းလျိုရှန့် ယနေ့ညတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ အောင်အောင်မြင်မြင်ဖြင့် တက်လှမ်းနိုင်ခဲ့ပါက အလွန်ဝမ်းမြောက်စရာကောင်းသည့်ဖြစ်ရပ် ဖြစ်လာပေမည်။ အကယ်၍ ကျုရှုံးခဲ့ပါက အကျိုးဆက်မှာ သာမန်ပျက်စီးမှု အနေအထားဖြင့် ရပ်တန့်သွားမည် မဟုတ်ပေ။ 


အချိန်များ တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားသည်။


ချင်းလင်ဂိုဏ်းမှ လေထုအခြေအနေက ပို၍လေးနက်တည်ငြိမ်လာသည်။ လေထုထဲတွင်ပင် စိုးရိမ်မှုအရိပ်အယောင်များ ယှက်နွယ်လာသည်။ အားလုံး၏ နှလုံးသားထဲမှ တင်းမာမှုက အလွန်အားပြင်းသောကြောင့် ဓားဖြင့်ပင် ဖြတ်တောက်ပစ်နိုင်ပေသည်။


ညတာအချိန်က ဖြည်းညင်းစွာ ကုန်လွန်သွားခဲ့သည်။


အာရုဏ်ဦးတိမ်လွှာတောင်ထွတ်တွင် နေ့တစ်နေ့၏ ပထမဆုံးအလင်းရောင် ကျရောက်လာသည်။ ထောင်ထွတ်ပေါ်တွင် စုဝေးနေသော ဝိညာဉ်စွမ်းအင်ကလည်း တဖြည်းဖြည်းတည်ငြိမ်လာသည်။ ဘေးပတ်ဝန်းကျင်တွင်မူ တိတ်ဆိတ်မှုက ကြီးစိုးနေသည်။


ကျိုးရွှမ်လန်က သစ်ကွက်များဖြင့်ပြည့်နေသည့်မြေပြင်ကိုနင်းလျက် ရှန်းလျိုရှန့်ကို နေရာအနှံ့တွင် ရှာနေသည်။


မြေပြင်တွင် တပည့်နှစ်ယောက် လဲကျနေသည်ကိုတွေ့လိုက်ရသည်။ သူတို့ သေသည်လား ရှင်သည်လားပင် မသိရပေ။ ကျိုးရွှမ်လန်က သူတို့ကိုကျော်ပြီး ဆက်လျှောက်သွားသည်။


အဝေးတစ်နေရာရှိ သစ်ပင်ကြီးတစ်ခု၏အောက်ခြေတွင် အဝတ်ပုံကြီးတစ်ခုကို တွေ့လိုက်ရသည်။


၎င်းတို့က ရှန်းလျိုရှန့်၏အဝတ်အစားများဖြစ်သော်လည်း လူကို မမြင်တွေ့ရပေ။


" ရှစ်စွမ်း..."

ကျိုးရွှမ်လန် အော်ခေါ်လိုက်သည်။


ရုတ်တရက် အဝတ်ပုံကြီးက လှုပ်ရှားလာပေသည်။


ဖြူဖွေးသော အသားအရည်၊ နှင်းဆီရောင်သန်းနေသည့်ပါးပြင်နှင့် ကလေးလေးတစ်ယောက်က ခက်ခက်ခဲခဲဖြင့် အဝတ်ပုံထဲမှ ခေါင်းပြူထွက်လာသည်။


သူ၏ နူးညံ့ပျော့ပျောင်းသော လက်နှစ်ဖက်ကို ဆန့်ထုတ်ပြီး ဗလာကျင်းနေသည့် ခန္ဓာကိုယ်ကို ဝတ်ရုံဖြင့် ပတ်လိုက်ပြီးနောက် ကျိုးရွှမ်လန်ကို လှည့်ကြည့်လိုက်သည်။ နက်မှောင်၍ အသက်ဝင်နေသော မျက်ဝန်းတစ်စုံက အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်လိုက်သည်။


" အိုး... မင်း ရောက်လာပြီပဲ..."


ချိုသာပြီး  ကလေးသံနှင့်တူသော ရှန်းလျိုရှန့်၏အသံ ထွက်ပေါ်လာသည်။