Chapter 10
ပြတင်းပေါက်ကို တင်းကြပ်စွာပိတ်ထားပြီး အတွင်းထဲတွင်လည်း ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်က လင်းလက်နေသည်။
စုပိုင်ချယ့်က လက်ထဲတွင် ဆံညှပ်တစ်ခုကိုကိုင်ထားလျက် စားပွဲတွင်ထိုင်နေပြီး ရံဖန်ရံခါတွင် မီးစာတိုင်နှင့် ဆော့ကစားနေသည်။
" ယဲ့ပင်းရန် ထွက်သွားပြီ..."
သူ နှာမှုတ်လိုက်ပြီး အထင်အမြင်သေးသည့် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
" အခု ရှန့်မင်သစ်သီးကိုရဖို့ ငါဘယ်လိုလုပ်ရတော့မှာလဲ..."
သူက ယဲ့ပင်းရန်ကို ချင်းလင်ဂိုဏ်းတွင် ရက်အနည်းငယ်ခန့် နေထိုင်ခိုင်းရန် မူလက စီစဉ်ထားခဲ့သော်လည်း ယဲ့ပင်းရန်က ယခုအခါတွင် ဒဏ်ရာအပြင်းအထန်ရသွား၍ ရှန့်မင်သစ်သီးအတွက် ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်မှီတော့၍ စုပိုင်ချယ့်အတွက် အသုံးမဝင်တော့ပေ။
ရှန့်မင်းသစ်သီးက နှစ်တစ်ထောင်တွင် တစ်ကြိမ်သာပေါ်လာတတ်သည့် ဝိညာဉ်သစ်သီးဖြစ်သည်။ သစ်သီးထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားက ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံဆင့်ကို တစ်ဟုန်ထိုးမြင့်တက်သွားစေသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူတိုင်းက ထိုသစ်သီးကို ရယူချင်နေကြသည်။
ယခုအခါ ထိုဝိညာဉ်သစ်သီးက ချင်းလင်ဂိုဏ်းထဲတွင် ရှိနေသည်။ ဂိုဏ်းချုပ်ပြန်ရောက်လာသည်နှင့် ပြိုင်ပွဲကို စတင်တော့မည်ဖြစ်သည်။
အခန်းထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားပြီးနောက် အက်ရှရှ အသံတစ်သံ ထွက်ပေါ်လာသည်။
မှိန်ပျပျ ဖယောင်းတိုင်မီးရောင်နှင့်အတူ ထိုအသံက လျှို့ဝှက်ဆန်းကြယ်ပြီး ချောက်ချားစရာ ကောင်းလှသည်။
" လင်ယဲ့(ချင်းလင်ဂိုဏ်းချုပ်) ပြန်ရောက်လာတာနဲ့ မင်းကို နာနာခံခံနဲ့ ဝိညာဉ်သစ်သီးပေးလိမ့်မယ်... မင်းက ငါ့ညွှန်ကြားချက်တွေအတိုင်းလုပ်ပြီး အောင်းယွဲ့ကို သေချာဂရုစိုက်ဖို့ပဲ..."
" ခွေးတစ်ကောင်ကို ဂရုစိုက်ရတာ ဘာအသုံးဝင်မှာလဲ..."
စုပိုင်ချယ့်က အေးစက်စက်မျက်နှာဖြင့်ပြောလိုက်ပြီး ဆံညှပ်ကို စားပွဲပေါ်တင်လိုက်သည်။
" ခွေးဟောင်သံတစ်သံကြားရင်ကိုပဲ ကျွန်တော် တော်တော်လေး စိတ်တိုနေရပြီ... ထုံရှီး ကျွန်တော့်ကို အသုံးဝင်တာတစ်ခုခု လုပ်ခွင့်ပေးလို့မရဘူးလား..."
" သူက ကောင်းကင်ဘုံခွေးလေ..."
" ဘာပဲဖြစ်ဖြစ် ခွေးပဲလေ..."
ထုံရှီး စိတ်မရှည်တော့ပေ။
" မင်း ငါပြောတဲ့အတိုင်း လုပ်ရင်ရပြီ... ကျိုးရွှမ်လန်ဆိုတဲ့ တပည့်လေးနားကိုကပ်ဖို့လည်း မမေ့နဲ့..."
စုပိုင်ချယ့်က လက်ဖက်ရည်အိုးကိုယူလိုက်ပြီး သဘောမကျဟန်ဖြင့် ပြောလိုက်သည်။
" သူက ဒီတိုင်း တပည့်လေးပဲလေ... သူ့ရဲ့အရည်အချင်းက ထူးခြားနေရင်တောင် အခုချိန်မှာ အခြေခံအုတ်မြစ်တည်အဆင့်မှာပဲ ရှိသေးတာ... သူ့နားကပ်လို့လည်း ဘာမှ အသုံးမဝင်ဘူး..."
ထုံရှီးက ရှင်းပြလိုက်သည်။
" ငါ တချို့ကိစ္စတွေ ပြောလို့မရဘူးဆိုပေမယ့် ဒီတစ်ခုကိုတော့ ပြောနိုင်တယ်... ဒီတပည့်လေးရဲ့ ကံကြမ္မာကောင်းကြောင့် အနာဂတ်မှာ ကျိန်းသေပေါက် ကျင့်ကြံရေးလောကရဲ့ထိပ်ဆုံးကို ရောက်လာလိမ့်မယ်..."
လက်ဖက်ရည်ကြမ်းကို လှပသည့် ကြွေခွက်ထဲထည့်လိုက်၍ နွေးထွေးသော အငွေ့အနည်းငယ် တက်လာသည်။
" အနာဂတ်မှာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဘယ်သူမှ မှန်းဆလို့မရဘူး..."
စုပိုင်ချယ့်က မျက်ဆံလှန်လိုက်ပြီးနောက် ရယ်မောလိုက်သည်။
" အဲ့လိုကောင်လေးအပေါ် မှာ အချိန်နဲ့ အားထုတ်မှုတွေကို အကုန်ခံမယ့်အစား အခုလက်ရှိ ကျင့်ကြံရေးလောကမှာ နှစ်ထောင်ပေါင်းများစွာ ထိပ်တန်းနေရာကိုယူထားတဲ့ တိယွင်ယွီကိုပဲ ဖြားယောင်းတော့မှာပေါ့..."
( တိယွင်ယွီ - descriptionမှာပါခဲ့တဲ့ ဧကရာဇ်အရှင်ပါ )
" အကျိုးအကြောင်းမဲ့တဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်မှုတွေပါလား..."
[ သူ ပြောချင်တဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပိုးစုန်းကြူးတွေက လမင်းကြီးထက်ပိုတောက်ပဖို့ စိတ်ကူးမယဉ်သင့်ဘူးဆိုတဲ့ စာကြောင်းပါ၊ ပိုးစုန်းကြူး(စုပိုင်ချယ့်) က လမင်းကြီး(တိယွင်ယွီ)ကို မြူဆွယ်ဖြားယောင်းပြီး မျက်နှာသာပေးခံရဖို့ကို စိတ်ကူးမယဉ်နေသင့်ဘူးဆိုတဲ့ သဘောပါ ]
ထုံရှီးက ဒေါသတကြီးဖြင့် ဆက်ပြောသည်။
" ဧကရာဇ်နန်းတော်ရဲ့ အရှင်က လောကကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့သူပဲ... မင်း သူ့ရဲ့ မျက်နှာသာပေးခံရဖို့ကတော့ အဝေးကြီးလိုသေးတယ်..."
ထိုစကားများထဲတွင် ကွယ်ဝှက်ထားသည့်ဆိုလိုရင်းက ရှင်းလင်းပေသည်။ ' မင်းရဲ့ အရည်အချင်းက မလုံလောက်သေးဘူး ' ဟူသည့်သဘောပင်။
စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် ပြုံးလိုက်သည်။
" ကျွန်တော် တခြားလူတွေကို စိတ်မဝင်စားပါဘူး... ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကိုပဲ မြင့်လာစေချင်တာ..."
ထုံရှီးက ခွန်းတုံ့ပြန်လိုက်သည်။
" မင်း အဲ့လိုဖြစ်လာအောင် ငါ ကူညီပေးနေတာပဲလေ..."
စုပိုင်ချယ့် လက်ဖက်ရည်ခွက်ကို ကိုင်မြှောက်လိုက်ချိန်တွင် သူ၏ လက်ချောင်းသွယ်သွယ်များက ဖန်ခွက်၏ အပြင်ပိုင်းကို အနည်းငယ် ပွတ်တိုက်မိသွားသည်။ ခဏအကြာတွင် ခေါင်းမော့လိုက်ပြီးနောက် လက်ဖက်ရည်ကို တစ်ကျိုက်တည်း သောက်ချလိုက်သည်။ သူ ပြုံးရယ်လျက်ဖြင့်ပင် ပြောလာသည်။
" တကယ်လို့ ကျွန်တော့်ရဲ့ဆန္ဒတွေကို ကူမဖြည့်ဆည်းပေးဘူးဆိုရင်တော့ ကျွန်တော်လည်း ခင်ဗျားကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ဘုံအထိ ဆွဲချသွားမှာပေါ့..."
[ ဒါကို ဗုဒ္ဓဘာသာမှာတော့ အာရှုရာ(ဗုဒ္ဓဘာသာဝင်) တွေ တိုက်ခိုက်ကြတဲ့ ဘုံ/နေရာ လို့ အဓိပ္ပါယ်ဖွင့်ပါတယ်၊ ကျင့်ကြံရေးဝတ္ထုတွေမှာတော့ အဲဒီနေရာကို သတ်ဖြတ်ပြီး သွေးစွန်းတဲ့လုပ်ရပ်တွေကိုပဲ လုပ်ကြတဲ့ဘုံအဖြစ် ဖော်ညွှန်းလေ့ ရှိပါတယ် ]
ထုံရှီး ကြက်သီးထသွား၍ ခဏတာ ငြိမ်ကျသွားသည်။
.....
တိမ်မည်းများက လရောင်ကို ဖုံးလွှမ်းထား၍ ညကောင်းကင်ယံက မှင်သဖွယ် မည်းနက်နေသည်။
အာရုဏ်ဦးတိမ်လွှာတောင်ထွတ်၏ တောင်ခြေတွင် ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို ဟန့်တားလိုက်ပြီး ကျောက်တုံးပြာများနှင့် လမ်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
" ဒီလမ်းလေ... မင်း လမ်းအမှားကြီးကိုသွားနေပြီ..."
ကျိုးရွှမ်လန်က ဆန့်ကျင်ဘက်လမ်းကိုသာ မျက်နှာမူထားသည်။
" ဒီတပည့်က အနားယူဖို့ ပြန်သင့်တဲ့အချိန် ရောက်နေပါပြီ..."
ထိုအခါမှသာ ကျိုးရွှမ်လန်က အခြားသော တိုက်ရိုက်တပည့်များနှင့်မတူဘဲ သာမန်တပည့်များနှင့်အတူ အဆောင်ခွဲများတွင်နေကြောင်း အမှတ်ရသွားသည်။
( တိုက်ရိုက်တပည့်က ရှစ်စွမ်းတွေရဲ့ တိုက်ရိုက်သင်ကြားခံရတဲ့ တပည့်ပါ၊ သာမန်တပည့်ကတော့ အကြီးအကဲတွေရဲ့လက်အောက်မှာနေရပြီး တပည့်အကြီးတွေက ပြန်သင်ကြားပေးရတာပါ )
ဒါဆိုရင် ဒီနေ့ည အာရုဏ်ဦးတိမ်လွှာစံအိမ်ကြီးမှာ သူတစ်ယောက်တည်း ရှိမှာပေါ့...
ရှန်းလျိုရှန့် ခေါင်းမော့ကြည့်လိုက်သည့်အခါ တိမ်မည်းများက ကောင်းကင်ယံတွင် ရစ်ဝဲနေသည်ကို မြင်လိုက်ရသည်။ အလင်းရောင်ကို မှိန်ပျပျသာ မြင်နေရသည်။ သစ်ပင်များ၏ အရိပ်ကလည်း တသိမ့်သိမ့်တုန်နေပြီး တောင်ထွတ်တစ်ခုလုံး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။
ရှန်းလျိုရှန့်က ဝတ်ရုံကိုတင်းကြပ်စွာပတ်ထားလိုက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မင်း ဒီနေ့ကစပြီး ငါနဲ့အတူ အာရုဏ်ဦးတိမ်လွှာတောင်ထွတ်မှာ နေလိုက်တော့..."
ကျိုးရွှမ်လန်၏ ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။
သူက နေထိုင်ရာကို ကြေးမများသော်လည်း အာရုဏ်ဦးတိမ်လွှာတောင်ထွတ်တွင် နေရမည်က အလွန် ကရိကထများပေသည်။ ကျင့်ကြံရေးကို လေ့ကျင့်သည့်နေရာများနှင့် အလွန်ဝေးကွာသောကြောင့် အသွားအပြန်လုပ်ရမည်က အလွန်အချိန်ယူရပေမည်။
" ဒီတပည့်က အဆောင်ခွဲမှာနေရတာလည်း အဆင်ပြေပါတယ် ပြောင်းပေး၏စရာ မလိုတော့ပါဘူး..."
" မင်း ဒီမှာလာနေရင်တော့ ငါမင်းကို ပိုကောင်းကောင်းသင်ပေးလို့ရတာပေါ့..."
ကျိုးရွှမ်လန် သူ့ရှေ့မှလူကို စိုက်ကြည့်နေမိသည်။
တစ်ခါမှ ရှစ်စွမ်းတစ်ယောက်ရဲ့တာဝန် မကျေခဲ့တဲ့လူက အခုမှ "သင်ကြား" မယ့်အကြောင်း လာပြောနေတာ ဘာလို့ပါလိမ့်...
သူ့အကြည့်များက ပိုမိုအေးစက်သွားသည်။
" ဒီတပည့်က ငြင်းမယ်ဆိုရင်ရော..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီး ခဏတာတွေးတောကာ မျက်ခုံးများပင့်၍ ပြုံးပြလိုက်သည်။
" ဒါဆိုရင်လည်း ငါ မင်းရဲ့ဆန္ဒကို လိုက်လျောပေးရုံပေါ့..."
ဝတ်ရုံနက်လူငယ်လေးက ခဏတာ အံ့အားသင့်သွားမိသည်။ သူ့မျက်ဝန်းထဲမှ အေးစက်မှုများ ပျောက်ကွယ်သွားပြီး နေရခက်သော အကြည့်တစ်မျိုး မျက်နှာထက်တွင် ပေါ်လာသည်။ အချိန်ခဏကြာသောအခါ အကြည့်လွှဲလိုက်ပြီး သူ့နှုတ်ခမ်းပါးများ တွန့်ကွေးသွားသည်။
" ဒီတပည့်က အဆောင်ခွဲမှာလည်း ကောင်းကောင်းနေနေတာဆိုတော့ ရှစ်စွမ်း ကျွန်တော့်ကို မစိုးရိမ်လည်းရပါတယ်..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါဆိုလည်း မင်းသဘောအတိုင်းပေါ့..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထွက်သွားရန် ပြင်လိုက်သည်။
သူ ခပ်ဝေးဝေးမသွားရသေးမီမှာပင် သူ့နောက်မှ တဖြည်းဖြည်းလိုက်လာသူကို လှည့်ကြည့်လိုက်သည်။
" ရှစ်စွမ်းမှာ တခြားကိစ္စများ ရှိသေးလို့လား..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။
ကျိုးရွှမ်လန် နောက်ထပ် ခြေလှမ်းအနည်းငယ် လျှောက်လိုက်သော်လည်း သူတို့ကြားမှ အကွာအဝေးက မပြောင်းမလဲရှိနေသည်။
" ရှစ်စွမ်း ဘာလို့ ကျွန်တော့်နောက်ကို လိုက်နေတာလဲ..."
" မင်း သွားမှာကိုလည်း ငါမတားဘူးလေ အဲ့တော့ ငါလိုက်လာမှာကိုလည်း မင်း မတားနဲ့..."
ရှန်းလျိုရှန့်က လက်နောက်ပစ်၍ ပြောလိုက်သည်။ သူ့ဝတ်ရုံစက လေနှင့်အတူလွင့်နေသည်။
" ပြီးတော့ အဆောင်မှာ နေစရာတော့ ရှိမှာပါ... ငါတစ်ညလောက်အိပ်မယ်ဆိုလည်း ဘာမှမဖြစ်လောက်ပါဘူး..."
ရှန်းလျိုရှန့်၏ အကြံကို ကျိုးရွှမ်လန် သဘောပေါက်သွားခဲ့သည်။
၎င်းကို မှန်းဆကြည့်ရန် မခက်ခဲလှပေ။
အကယ်၍ ရှန်းလျိုရှန့်က တပည့်များနေသည့်အဆောင်တွင် တစ်ညတာနေလိုက်ပါက နောက်တစ်နေ့မနက်တွင် ကျင့်ကြံရေးလောကတစ်ခွင်၌ ကောလဟာလ ပျံ့နှံ့သွားနိုင်သည်။
အင်မော်တယ်တစ်ယောက်ကတောင် ဒီလိုသေးနုပ်တဲ့နေရာမှာ နေနေရပြီဆိုရင် ဂိုဏ်းတစ်ခုလုံးက ဘဏ္ဍာရေးပြဿနာကို ကြုံနေရတဲ့ပုံပဲ... ချင်းလင်ဂိုဏ်းတော့ အဆုံးသတ်ပြီ...
ထို့အပြင် ရှန်းလျိုရှန့်က ယမန်နေ့မနက်အစောပိုင်းတွင် အသည်းကွဲခဲ့ပြီး ညရောက်သည့်အခါတွင်လည်း တပည့်များနေထိုင်ရာ အဆောင်ခွဲတွင် နေနေသည်။ သူက ကိုယ့်ကိုကိုယ် လက်လျှော့ထားလိုက်ပြီး သူ့ဘေးနားမှ အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်ပေမည်။ ဤသို့ဆိုလျှင် ချင်းလင်ဂိုဏ်းမှ တပည့်များအတွက် အန္တရာယ်များလှသည်။
ကျိုးရွှမ်လန် သူ့အခန်းသို့ပြန်သွားပြီး ပစ္စည်းများသိမ်းဆည်းကာ အိတ်တစ်လုံးနှင့် ထွက်လာခဲ့သည်။
စပ်စုလိုသည့် တပည့်များအုပ်စုက တံခါးနောက်တွင်ပုန်းပြီး သူ့ကိုချောင်းကြည့်နေကြသည်။
" ဝိုး... အခုတော့ သူ အာရုဏ်ဦးတိမ်လွှာတောင်ထွတ်ကို ပြောင်းရတော့မှာပေါ့... နောက်ဆုံးတော့ ကျိုးရွှမ်လန်ဆီကနေ တိုက်ရိုက်တပည့်ဆိုတဲ့ ကိုယ်ရောင်ကိုယ်ဝါမျိုးကို ခံစားရပြီ..."
" အင်မော်တယ်ရှန်းကိုယ်တိုင် သူ့ကိုလာခေါ်တာတဲ့လား... ဘုရားရေ သူက ကျိုးရွှမ်လန်ကို အရမ်းကောင်းကောင်းဆက်ဆံတာပဲ..."
" အင်မော်တယ်ရှန်း အခုလေးတင် ငါ့ကိုပြုံးပြလိုက်တာလား... အိုး ငါတော့ သူ့ကို နည်းနည်းတောင် သဘောကျလာမိပြီထင်တယ်..."
" မင်း သေချင်နေတာလား... ဒါပေမဲ့ အတိတ်တုန်းကလည်း အင်မော်တယ်ရှန်းရဲ့မျက်နှာက ဒီလိုပုံစံပဲ မဟုတ်ဘူးလား...ဒီလောက် ကြည့်ကောင်းနေတာကို ဘာကိစ္စ အသွင်ပြောင်းမန္တန်သုံးထားတာပါလိမ့်..."
" ဒါကိုတွေးကြည့်ဖို့များ ဘာခက်လို့လဲ... သူက ဓားသခင်ယဲ့ကို အရူးအမူးဖြစ်နေလို့ပေါ့..."
……
တပည့်များအကြားတွင် ပုန်းနေသည့် ပုံရိပ်နှစ်ခုက တိတ်တဆိတ် ပြန်ထွက်လာကြသည်။
သူတို့နှစ်ယောက်အနက်မှ တစ်ယောက်က ပြောလိုက်သည်။
" အခု ဓားသခင်ထွက်သွားပြီဆိုတော့ ငါတို့ဆက်နေသင့်သေးလား..."
တစ်ဖက်လူက အရပ်အနည်းငယ်ပိုရှည်သည့်လူငယ်လေးဖြစ်သည်။ သူ့လက်ထဲမှဓားကိုကိုင်၍ ခက်ထန်စွာဖြင့် ပြောလာသည်။
" ဒါပေါ့... ရှန်းလျိုရှန့်က ဓားသခင်ကို ဒီလောက်သိက္ခာချထားတာ ငါတို့တွေ လက်စားချေကိုချေရမယ်..."
ယဲ့ယီက ပြန်ဖြေလာသည်။
" ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က ဝိညာဉ်အခြေတည်အဆင့်ကိုတောင် ရောက်နေပြီမလား...ငါတို့အဆင့်နဲ့ သူ့ကိုသွားတိုက်ခိုက်မယ်ဆို ပုရွက်ဆိတ်က သစ်ပင်ကြီးတစ်ပင်ကို လှုပ်နေသလိုမျိုး ဖြစ်နေမှာပဲ..."
" အပြင်ပိုင်းသွက်ပြင်တွေကြောင့် အရူးလုပ်မခံနဲ့..."
ယဲ့အာက သူ့သိုလှောင်အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်သည်။
" လျှို့ဝှက်မှတ်တမ်းတွေအရဆိုရင် ရှန်းလျိုရှန့်က ဒီဆယ်စုနှစ်တစ်ခုလုံး ဘယ်သူ့ကိုမှ မတိုက်ခိုက်ခဲ့ဖူးဘူး... အဲ့တော့ သူ့ရဲ့ဒဏ်ရာတွေက အပြည့်အဝပြန်မကောင်းသေးတဲ့အပြင် ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်ပြတ်တောက်နေတယ်ဆိုတဲ့သဘောပဲ..."
ယဲ့ယီ တုံ့ပြန်လာသည်။
" မင်း ဆိုလိုချင်တာက..."
" သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတုန်း ဖမ်းခေါ်သွားပြီး ကောင်းကောင်းရိုက်နှက်ပစ်ရမှာပေါ့..."
" မင်း အဲ့လိုလုပ်နိုင်မှာမဟုတ်ဘူး... အင်မော်တယ်တစ်ယောက်ကို ငတုံးလို့များ ထင်နေလား..."
ယဲ့အာ ဘာမှထပ်မပြောတော့ပေ။ အမုန်းတရားက သူ၏ စဉ်းစားဆင်ခြင်နိုင်စွမ်းကို လွှမ်းမိုးသွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ တစ်ဖက်သို့လှည့်ပြီး အာရုဏ်ဦးတိမ်လွှာတောင်ထွတ်မှ စံအိမ်သို့ ဦးတည်လိုက်သည်။
အာရုဏ်ဦးတိမ်လွှာစံအိမ်တွင် အခန်းပေါင်းများစွာရှိသည်။ ကျိုးရွှမ်လန် သူနေထိုင်မည့်အခန်း ရွေးချယ်နေစဉ်တွင် ရှန်းလျိုရှန့်က သူ့ကို မနှောင့်ယှက်တော့ဘဲ ကိုယ့်အခန်းကိုယ် ပြန်လာခဲ့သည်။
သူ တံခါးပိတ်လိုက်ပြီး ရေသောက်တော့မည့်အချိန်တွင် သူ့ဝတ်ရုံထဲမှ အသံကူးပြောင်းကိရိယာက ရုတ်တရက် ပူလာသည်။
" ငါကြားတာတော့ ဂိုဏ်းချုပ်က သိပ်မကြာခင် ပြန်လာမယ်တဲ့..."
လင်ဟွားက ပျင်းရိပျင်းတွဲလေသံဖြင့် ပြောလိုက်သည်။ သူ ဝိုင်နှစ်ငုံခန့် သောက်ပြီးသည့်အခါ ဆက်ပြောလိုက်သည်။
" ငါမင်းကို သတိမပေးဘူးလို့ မပြောနဲ့နော်..."
ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်မိသွားသည်။
" ဘာကိုပြောတာလဲ..."
" မင်းက ဂိုဏ်းချုပ်ပြန်လာတာနဲ့ ယဲ့ပင်းရန်ကို နတ်ဘုရားသစ်သီးပေးခိုင်းမလို့ တောင်းဆိုမှာမလား..."
ရှန်းလျိုရှန့်၏စိတ်ထဲ အတွေးတစ်ခု ပေါ်လာသည်။
ရှန့်မင်သစ်သီးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အောက်မှ ကျင့်ကြံသူတိုင်းအတွက် အသုံးဝင်ဆုံးဝိညာဉ်သစ်သီးဖြစ်သည်။ ဝတ္ထုထဲတွင် ရှန်းလျိုရှန့်က ထိုသစ်သီးကို ရနိုင်ခဲ့သောမလည်း ယဲ့ပင်းရန်ကို ချက်ချင်းသွားပေးခဲ့၍ ယဲ့ပင်းရန်က စုပိုင်ချယ့်ကို ပြန်ပေးခဲ့သည်။
အချိုးအကွေး အချို့ကိုဖြတ်သန်းပြီးသည့်နောက်တွင် စုပိုင်ချယ့်ကသာ အောင်နိုင်သူကြီးဖြစ်ခဲ့ပေသည်။
" ငါ သူ့ကို မပေးပါဘူး... ငါ့အတွက်ပဲငါ လိုချင်တာ..."
လင်ဟွား၏တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခေါင်မိုးပေါ် လှဲနေရာမှ မတ်မတ်ထိုင်လိုက်သည်။ သူ့ ဝိုင်ကရားကို ဘေးနားချထားပြီး တအံ့တဩဖြင့် ပြောလိုက်သည်။
" ထပ်ပြောပါဦး..."
" တခြားလူတစ်ယောက်ရဲ့လယ်ကွင်းထဲမှာ မြေဩဇာသွားထည့်လို့ ဘယ်ဖြစ်မလဲ... ငါ သူ့ကို အဲ့သစ်သီး ဘယ်တော့မှ ပေးမှာမဟုတ်ဘူး... သူ့ကိုပေးမယ့်အစား မင်း သရေစာစားဖို့အတွက်ပဲ ပေးလိုက်မှာပေါ့..."
( " တခြားလူတစ်ယောက်ရဲ့လယ်ကွင်းထဲမှာ မြေဩဇာသွားထည့်လို့ ဘယ်ဖြစ်မလဲ " ဆိုတဲ့စကားက ကောင်းတဲ့အရာတွေကို ကိုယ့်အတွက်ပဲထားသင့်တယ်ဆိုတဲ့ သဘောပါ )
" မင်း အဲလိုတွေးပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံက သူများနဲ့မတူတော့ ဝိညာဉ်သစ်သီးက ငါ့အတွက်အသုံးဝင်မှာမဟုတ်ဘူး..."
လင်ဟွား ဝမ်းသာလွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားသည်။
" ရှန့်မင်သစ်သီးက အပြင်လူတွေရဲ့လက်ထဲရောက်သွားမှာကို ငါ အခုနောက်ပိုင်းစိုးရိမ်နေလို့ ညဘက်ဆို အိပ်လို့တောင်မရဘူး... နောက်ဆုံးတော့ မင်းဒီလိုအရာမျိုးကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာ သိသွားပြီပဲ..."
ဤနှစ်များအတွင်းတွင် ရှန်းလျိုရှန့်ထံသို့ပေးလိုက်သည့် ပစ္စည်းကောင်းမှန်သမျှက နောက်ရက်တွင် ယဲ့ပင်းရန်၏လက်ထဲသို့ ရောက်သွားသည်သာဖြစ်သည်။
သို့ဖြစ်၍ လင်ဟွား၏စိတ်ထဲမှ မကျေမချမ်းဖြစ်မှုက တဖြည်းဖြည်းကြီးထွားလာသည်။
ယခုအခါတွင်မူ ရှန့်မင်သစ်သီးပေးရန် အသင့်တော်ဆုံးလူက ရှန်းလျိုရှန့်ဖြစ်နေသည်။ အကယ်၍ ထိုသစ်သီးကို သူ ဂိုဏ်းချုပ်ထံမှ တောင်းယူပါက အလွယ်တကူရနိုင်ပေသည်။
" ငါ ဘယ်လိုတောင်းသင့်လဲ..."
ရှန်းလျိုရှန့် မေးလိုက်သည်။
လင်ဟွား ခဏတာ အလေးအနက်တွေးတောနေသည်။
" အရင်တုန်းက လင်ရှောင်းခန်းမဆောင်မှာ ဂိုဏ်းချုပ်က မင်းရဲ့အဲ့ဆံပင်ကို ဖြတ်ပစ်ချင်ခဲ့တာလေ... ဂိုဏ်းချုပ် ခြေတစ်လှမ်းဆုတ်ပြီး လက်လျှော့သွားအောင် အတင်းအကြပ်လုပ်ခဲ့တာလည်းမင်းပဲ..."
ရှန်းလျိုရှန့် အံ့အားသင့်သွားသည်။
သူ့စီနီယာအစ်ကိုဖြစ်ပြီး ချင်းလင်ဂိုဏ်းချုပ်ဖြစ်သောလင်ယဲ့က ကျင့်ကြံရေးလောကတွင် နာမည်ကျော်ကြားသူများအနက်မှ တစ်ယောက်ဖြစ်သည်။ သူ့ကို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ထက်တွင် တည်ရှိနေသော မကောင်းဆိုးတဝါးတစ်ကောင်ဟုလည်း ဆိုနိုင်ပေသည်။
ရှန်းလျိုရှန့်၏စိတ်ထဲ သံသယများဖြင့်ပြည့်သွားသည်။
သူက အဲ့လိုလူကို ဘယ်လိုများ လက်လျှော့အောင်လုပ်ခဲ့မိတာလဲ...
" ငါ အဲ့တုန်းက တော်တော်ကြောက်သွားတာ... ဂိုဏ်းချုပ်ကလည်း လန့်သွားတဲ့ပုံပါပဲ..."
လင်ဟွားက ဝိုင်တစ်ငုံထပ်သောက်ပြီး ပြောလိုက်သည်။
" မင်းက ကျောက်ယောင်(ဓား) ကို လည်ပင်းပေါ်တင်ပြီး ဖိချပစ်လိုက်တာလေ... မျက်စိတစ်မှိတ်အတွင်း သွေးတွေ နေရာအနှံ့စင်ကုန်တာ... ငါတို့ မင်းကို ဆုံးရှုံးရတော့မယ်လို့တောင် ထင်သွားတာ..."
ရှန်းလျိုရှန့် : " အိုး..."
ကိုယ့်ကိုကိုယ် သတ်သေမယ်လို့ ခြိမ်းခြောက်လိုက်တာပဲ... တော်တော်လေးအားပြင်းတဲ့နည်းလမ်းပေါ့...
" ဒါပေမဲ့ ရှန့်မင်သစ်သီးကိုရဖို့ ဒီလောက်အထိတော့ လုပ်စရာမလိုပါဘူး..."
လင်ဟွားက ရယ်ရယ်မောမောဖြင့် ဆက်ပြောလာသည်။
" ငါတို့အားလုံးကလည်း မင်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မြန်မြန်တက်စေချင်နေကြတာ... အဲ့အချိန်ဆိုရင် ငါတို့ရဲ့ချင်းလင်ဂိုဏ်းက ပိုပြီးစွမ်းအားကြီးလာလိမ့်မယ်... ကျင့်ကြံရေးလောကရဲ့ နံပါတ်တစ်ဂိုဏ်းဖြစ်ဖို့က အိမ်မက်တစ်ခု မဟုတ်တော့ဘူး..."
လင်ဟွား ထိုအကြောင်းများပြောနေလျက် ချင်းလင်ဂိုဏ်း၏ ခမ်းနားကြီးကျယ်သောသမိုင်းမှတ်တမ်းအကြောင်း တဖြည်းဖြည်းပြောပြလာသည်။
တစ်ဖက်တွင်မူ ရှန်းလျိုရှန့်က အိပ်ရာပေါ်လှဲလိုက်ပြီး မျက်လုံးတဖြည်းဖြည်းမှိတ်ထားလိုက်သည်။
" ခဏလေးနေရင်ရပြီ..."
ယဲ့အာက အခန်းထဲမှလူ၏ အသက်ရှုသံမှန်မှန်ကို နားထောင်နေသည်။ ရွှေအခွင့်အရေးကြီးကိုရသည်နှင့် ယဲ့အာက တစ်ဝက်တစ်ပျက်ဖွင့်ထားသော ပြတင်းပေါက်ကိုလှန်ပြီး အခန်းထဲဝင်တော့မည့်အချိန်တွင် ယဲ့ယီက လက်တစ်ဖက်ဆန့်ထုတ်ပြီး သူ့ကိုဟန့်တားလိုက်သည်။
" အင်မော်တယ်က တမင်တကာလုပ်နေတာထင်တယ်... သူက ငါတို့နှစ်ယောက်ကို တစ်ခါတည်းဖမ်းဖို့ ဂွင်ဆင်နေတာလားမသိဘူး..."
ယဲ့အာက သူ့လက်ကိုခါထုတ်လိုက်သည်။
" လျို့ဝှက်မှတ်တမ်းတွေအရဆိုရင် ရှန်းလျိုရှန့်က ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူပဲရှိသေးတာပါ ဘာကြောက်စရာလိုလို့လဲ..."
ထိုစကားများပြောပြီးသည်နှင့် ယဲ့အာက ပြတင်းပေါက်ထဲမှ ခုန်ဝင်သွားသည်။
ယဲ့ယီ၏မျက်နှာက ချက်ချင်းဖြူဖျော့သွားသည်။ သို့ရာတွင် နောက်ပြန်လှည့်ရန်လမ်းလည်းမရှိတော့ပေ။
လင်ဟွားအချိန်အတန်ကြာသည်အထိ ဗလုံးဗထွေးများပြောနေပြီး အသံကူးပြောင်းကိရိယာ၏တစ်ဖက်မှ မည်သည့်တုံ့ပြန်သံမှ မကြားရတော့သည်ကို နောက်ဆုံး၌ သဘောပေါက်သွားသည်။ သူ့မျက်နှာကြီးမည်းမှောင်သွားပြီး အော်ဟစ်လိုက်တော့သည်။
" ဟေ့ကောင် အခုချက်ချင်းထစမ်း..."
နားပင်းလုမတ်အော်သံကြီးက နားထဲဝင်ရောက်လာသောကြောင့် ရှန်းလျိုရှန့်က အထိတ်တလန့်ဖြစ်ပြီး မျက်လုံးများပွင့်လာသည်။
ထိုအချိန်၌ သူ့အိပ်ရာခြေရင်းတွင်ရပ်နေသော တပည့်နှစ်ယောက်နှင့် အကြည့်ချင်းဆုံသွားတော့သည်။
“……”
ယဲ့အာက စကားတစ်လုံးမှမဆိုဘဲ ချက်ချင်းလက်မြှောက်ပြီး ညစ်ပတ်နေသည့်အဝတ်အိတ်ကို ရှန်းလျိုရှန့်၏ခေါင်းပေါ် စွပ်ချလိုက်သည်။
ယဲ့ယီ အလွန်ကြောက်လန့်သောကြောင့် မူးမေ့လဲမတတ် ဖြစ်သွားသည်။ သူ ယဲ့အာကို မကြိမ်းမောင်းဘဲ မနေနိုင်တော့ပေ။
" ငတုံးကောင် အနည်းဆုံးတော့ ဓားကိုသုံးလေ... ဒီလိုအစုတ်ပလုတ်အိတ်က ဘာအသုံးဝင်မှာမို့လဲ... အင်မော်တယ်ရှန်း တစ်ချက်ရိုက်လိုက်တာနဲ့ ငါတို့... အမ်... အင်မော်တယ်က ဘာလို့မလှုပ်တော့တာလဲ..."
ရှန်းလျိုရှန့် ကြယ်များကို မြင်လိုက်ရသည်။