အခန်း၉
Viewers 23k

Chapter 9

Chapter 9


မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်လုဆဲဆဲနေရောင်က အခန်းထဲဖြာကျနေ၍ စားပွဲပေါ်တွင် ရွှေရောင်အလင်းတန်းက ဖြာထွက်နေသည်။


ရှန်းလျိုရှန့်က လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးနောက် ပြတင်းပေါက်ကိုမှီနေသည်။ သူ၏ နက်မှောင်နေသောဆံနွယ်များက လေပြင်းတစ်ချက်ဝှေ့လိုက်တိုင်း လေထဲတွင် ကခုန်နေသည်။ နက်မှောင်နေသည့် မျက်တောင်မွေးများကိုလည်း မျက်လွှာချထားပေသည်။ သူ တစ်စုံတစ်ရာကို တွေးတောနေပုံရသည်။ 


သူ့ပုံစံကိုမြင်သည့်အခါ ကျိုးရွှမ်လန်က ပြောလိုက်သည်။


" တကယ်လို့ ရှစ်စွမ်းမှာ တခြားကိစ္စမရှိတော့ဘူးဆိုရင် ဒီတပည့်ကို ပြန်ခွင့်ပြုပါဦး..."


သူ ပြန်သင့်သည့်အချိန်ရောက်နေပြီဖြစ်သည်။ သူ‌ နေထိုင်ရာက အာရုဏ်ဦးတိမ်လွှာစံအိမ်နှင့် အနည်းငယ်ဝေးကွာသည့်အပြင် အပြင်ဘက်တွင်လည်း မှောင်ရိပျိုးနေပြီဖြစ်သည်။


" တစ်ခု ရှိသေးတယ်..."


စားပွဲပေါ်ချလိုက်သည့် လက်ဖက်ရည်ခွက်မှ အသံတစ်သံ ထွက်လာသည်။


ရှန်းလျိုရှန့်က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။


" ငါ ဗိုက်ဆာနေပြီ... ဘယ်ကနေ စားစရာသွားရှာရမှာလဲ... ငါက ကြေးမများတတ်ပါဘူး ညစာအတွက် ကြက်သား၊ ဘဲသား၊ ငါးနဲ့ အချိုတည်းဖို့အတွက် ဌာပနာမုန့်နဲ့ ဝိုင်အချိုရှိရင်ရပြီ..."


" ရှစ်စွမ်းက အစာမစားဘဲနေနိုင်တဲ့အဆင့်ကို ရောက်နေပြီလေ..."


" ဒါပေမဲ့ ငါတကယ် ဗိုက်ဆာနေတာ..."


ရှန်းလျိုရှန့်က သူ့ဗိုက်ကိုပွတ်လျက် ပြောလာသည်။ 

" နာထောင်ကြည့် ဂွီ ဂွီ ဂွီလို့တောင် မြည်နေပြီ..."


ကျိုးရွှမ်လန်၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားသည်။ ဂုဏ်သရေရှိသော အင်မော်တယ်တစ်ယောက်က အရှက်ကင်းမဲ့စွာဖြင့် ဗိုက်ဆာဟန်ဆောင်နေလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ပေ။ 


" ချင်းလင်ဂိုဏ်းမှာက သေမျိုးတွေရဲ့ဟင်းပွဲမျိုးမရှိဘူး... သစ်သီးတွေပဲရှိတယ်..."


ထိုစကားများကိုကြားပြီးသည့်နောက် ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် စိတ်ဓာတ်ကျမှုများဖြင့် ပြည့်သွားသည်။ သူ၏ စိတ်အားထက်သန်မှုများလည်း ပျောက်ဆုံးသွားပေသည်။


သူက ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာကျင်လည်ခဲ့သူ ဖြစ်သည်။ သူ့ခန္ဓာကိုယ်သွင်ပြင်ကို ထိန်းသိမ်းထားနိုင်ရန် အေးဂျင့်က ကိုယ်အလေးချိန်ထိန်းသိမ်းရေးများ အမြဲပြုလုပ်ခိုင်းလေ့ရှိသည်။ သာမန်နေ့ရက်များတွင်ပင် သူ ကြက်ပေါင်ကို တစ်ကိုက်မကိုက်ရပေ။


သူ့မွေးနေ့တွင်လည်း စားနေကျ စားစရာများထက် ပုစွန်နှစ်ကောင်ခန့်သာ ပိုစားခဲ့ရသည်ကို မနေ့တစ်နေ့က အဖြစ်အပျက်သဖွယ် မှတ်မိနေသေးသည်။ 


အခုလို စိတ်တိုင်းကျ စားသောက်လို့ရတဲ့အချိန်ကျတော့လည်း ဘာမှ စားစရာ မရှိဘူးတဲ့လား...


ခဏတာ စိတ်ဓာတ်ကျနေပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က သက်ပြင်းချလိုက်ပြီး စားပွဲခုံအောက်မှ အမွှေးတိုင်သုံးချောင်းကိုထုတ်ကာ စိုက်ကြည့်နေလိုက်သည်။


" ရှစ်စွမ်း အဲဒါတွေက စားလို့မရဘူးလေ..."

လူငယ်လေးက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။


ရှန်းလျိုရှန့်က သူ့ကို အံ့ဩတကြီးဖြင့် လှည့်ကြည့်လိုက်သည်။


သူ့တပည့်စိတ်ထဲမှာ သူက အဲ့လောက်တောင် ငတုံးနဲ့ တူနေတာလား...


" မင်း ဘာတွေတွေးနေတာလဲ... ငါက ဝိညာဉ်ကာကွယ်ဝတ်ရုံကို ပြန်ပေးမလို့လေ..."


ဝိညာဉ်ကာကွယ်ဝတ်ရုံ၏ တည်နေရာက အမှန်ပင် မမျှော်လင့်ထားသောနေရာ၌ ရှိနေခဲ့သည်။ 


ချင်းလင်ဂိုဏ်း၏ အနောက်ဘက်တောင်တွင် လာရောက်လည်ပတ်သူ မရှိသည့် သင်္ချိုင်းကျောက်တိုင်တစ်ခုရှိသည်။ ရှန်းလျိုရှန့် ထိုနေရာကို နေ့ခင်းပိုင်းသွားခဲ့စဉ်က လမ်းကို ပိတ်ဆို့ထားသည့် ဖုန်ထူထပ်နေသော ခေါင်းတလားတစ်ခု ရှိနေခဲ့သည်။ 


ပုစဉ်းတစ်ကောင်၏ အတောင်ပံသဖွယ် ပါးလှပ်လှသော ဝိညာဉ်ကာကွယ်ဝတ်ရုံက တစ်ဝက်တစ်ပျက်လှစ်ဟထားသော သင်္ချုင်းကျောက်တိုင်ထဲတွင် ရှိနေခဲ့သည်။ ထိုကျောက်တိုင်၏ ဘေးပတ်ပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများစွာရှိနေ၍ သဘာဝအတိုင်းကာကွယ်ထားသကဲ့သို့ ဖြစ်နေသည်။


.....


တောက်ပနေသည့် လမင်းကြီးက ကောင်းကင်ပေါ်တွင် တည်ရှိနေသည်။ အင်းဆက်ပိုးမွှားများ၏ အော်ဟစ်သံများကို ‌သစ်တော၏ အနက်ရှိုင်းဆုံးနေရာမှ ကြားနေရသည်။ 


" ဒီနေရာအထိ လိုက်ပို့ရင် ရပါပြီ..."


ယဲ့ပင်းရန်က ပြောပြီး  ခြေလှမ်းများကိုရပ်တန့်ကာ နောက်လှည့်ကြည့်လိုက်သည်။ ပုံမှန်အချိန်၌ တင်းမာခက်ထန်နေတတ်သောမျက်နှာတွင် နူးညံ့ပျော့ပျောင်းမှု အရိပ်အယောင်တို့ ရှိနေသညိ။


" ညဘက်ဆိုရင် အေးတယ်... စောစောပြန်ပြီး အနားယူတော့..."


စုပိုင်ချယ့်က ကျောက်စိမ်းပုလင်းတစ်လုံးကို ကမ်းပေးလိုက်ပြီး တွန့်ဆုတ်နေသည်မှာ တစ်ခုခု ပြောစရာရှိနေသည့်သဖွယ် ဖြစ်နေသည်။


" ငါ့ကို စိတ်ပူဖို့ မလိုတော့ပါဘူး... မင်း ပြင်ဆင်ပေးထားတဲ့ဆေးက တော်တော်ကောင်းတယ်..."


ယဲ့ပင်းရန်၏ အသားအရေက ဖြူဖျော့နေဆဲဖြစ်သော်လည်း သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသည့် အေးစက်ပြီး စူးရှထက်မြက်သောအော်ရာက လျစ်လျူရှု့၍ မရနိုင်ပေ။ 


" ကြာပွတ်ရာလေးတွေပါပဲ... အရမ်း စိုးရိမ်စရာ မလိုဘူး..."


စုပိုင်ချယ့် သူ့ကိုမော့ကြည့်လိုက်သည်။ လရောင်ကြောင့် သူ၏ သန့်စင်ကြည်လင်သော ပုံပန်းသွင်ပြင်က နတ်သားတစ်ပါးသဖွယ် လှပနေပေသည်။ သူ့ကို တစ်ချက်ကြည့်မိသူတိုင်း ညှို့ယူဖမ်းစားခံရနိုင်သည်။ 


သို့ရာတွင် ထိုသို့ချစ်ခင်စဖွယ်ဖြစ်နေသူက သူ့ကိုယ်သူ အပြစ်တင်နေပေသည်။

" ကျွန်တော်က အဲဒီဒဏ်ရာတွေရအောင် လုပ်ခဲ့မိတာပါ..."


ယဲ့ပင်းရန်၏ရင်ထဲ လှုပ်ခါသွားပြီး သူ့ရှေ့မှလူ၏ပါးပြင်ကို ဖျစ်ညှစ်ချင်စိတ် ပေါ်သွားသည်။ 


သို့ရာတွင် သူ့လက်မောင်းကိုလှုပ်ရှားရန် ကြိုးပမ်းလိုက်သည်နှင့် သူ့နောက်ကျောဘက်မှ တစ်စုံတစ်ခုကို ဆုတ်ဖြဲလိုက်သကဲ့သို့ စူးခနဲနာကျင်မှုကို ခံစားလိုက်ရသည်။ 


သူ့နှဖူးပြင်တွင် ချွေးစေးများထွက်လာသည်။ ယဲ့ပင်းရန် ထိတ်လန့်သွားပြီး သူ့လက်ကိုပြန်ရုတ်ကာ စကားတစ်ခွန်းမှမပြောဘဲ ထွက်သွားတော့သည်။ 


စုပိုင်ချယ့်က တဖြည်းဖြည်းဝေးကွာသွားသည့်ပုံရိပ်ကို စိုက်ကြည့်နေသည်။ သူ့မျက်လုံးများ အရောင်လက်သွားပြီး မျက်နှာထက်တွင် စိတ်ဆိုးဒေါသထွက်နေသည့် အမူအရာမျိုး ပေါ်လာသည်။ 


.....


ခြေလှမ်းပေါင်းတစ်ရာခန့် လှမ်းပြီးသောအခါ ညနေခင်းလေပြည်လေညှင်းက အမွှေးတိုင်ရနံ့ဖျော့ဖျော့ကို ဆောင်ကြဉ်းလာသည်အား ယဲ့ပင်းရန် သတိပြုမိလိုက်သည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး ထောင့်တစ်နေရာသို့ကပ်ပြီး မည်းနက်နေသည့် တောအုပ်ထဲ ဝင်သွားလိုက်သည်။


" ဒီတပည့်က ဒီနေ့အစောပိုင်းမှာ ဝိညာဉ်ကာကွယ်ဝတ်ရုံကို ငှားရမ်းခဲ့လို့ အခုပြန်လာအပ်တာပါ..."

( ဒီနေရာမှာ ရှန်းလျိုရှန့် သူ့ကိုယ်သူ တပည့်လို့ သုံးနှုန်းလိုက်တာက အဲ့သင်္ချိုင်းကျောက်တိုင်က ချင်းလင်ဂိုဏ်းက အကြီးအကဲတစ်ယောက်ယောက်ရဲ့ အုတ်ဂူဖြစ်နေနိုင်လို့ပါ )


ရှန်းလျိုရှန့်က ဝိညာဉ်ကာကွယ်ရေးဝတ်ရုံကို ပြန်ထားလိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်မှ အပင်များကို မူလအနေအထားအတိုင်းဖြစ်အောင် ပြန်ပြင်လိုက်သည်။ 


" ကျွန်တော် ဝိညာဉ်ကာကွယ်ရေးဝတ်ရုံကိုငှားရတဲ့ အကြောင်းရင်းက ခိုင်လုံတာမို့ စီနီယာ ကျွန်တော့်ကို အပြစ်မတင်ဖို့ မျှော်လင့်ပါတယ်..."


ထိုစကားများပြောပြီးသည်နှင့် ရှန်းလျိုရှန့်က အမွှေးတိုင်သုံးတိုင်ကိုထွန်းပြီး ကျောက်တိုင်၏ရှေ့တွင် ချထားလိုက်သည်။ 


" စီနီယာအနားယူနေတာကို ကျွန်တော် နှောင့်ယှက်မိလို့ အမွှေးတိုင်ကောင်းတွေယူလာပြီး ပူဇော်ထားပါတယ်... ဒီတပည့်ရဲ့ ရိုင်းပြတဲ့ အပြုအမူကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်..."


အခမ်းအနားပြီးဆုံးသွားသည်နှင့် ရှန်းလျိုရှန့်က မူလအစီအစဉ်အတိုင်း ထိုင်ရန်နေရာ ‌တစ်နေရာရှာပြီး ကျိုးရွှမ်လန်ကို စောင့်ဆိုင်းနေရန် ပြင်လိုက်သည်။


သို့ရာတွင် သူ့မျက်ဝန်းထောင့်မှ လူတစ်ယောက် ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ ထိုလူ၏အရိပ်က မကောင်းဆိုးဝါးတစ္ဆေများ ကခုန်နေသည်နှင့် တူပေသည်။


ထိုအချိန်မှသာ ပတ်ဝန်းကျင်က ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်နေကြောင်း ရှန်းလျိုရှန့် သတိပြုမိတော့သည်။


ဘေးပတ်ဝန်းကျင်တစ်ခွင်တွင် သစ်ပင်များကို လေတိုက်ခတ်သံနှင့်သာ ပြည့်နေသည်။ 


“…” 


ရှန်းလျိုရှန့် တံတွေးမျိုချလိုက်မိသည်။ 


ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ကျိုးရွှမ်လန်ကို သစ်သီးသွားရှာခိုင်းမယ့်အစား သူနဲ့ အဖော်လိုက်လာခိုင်းလိုက်ပါတယ်...


အချိန်အတန်ကြာသည်အထိ ထိုနေရာတစ်ခုလုံး တိတ်ဆိတ်နေသည်။


ရှန်းလျိုရှန့်က ခြေထောက်ရှပ်တိုက်ပြီး အမွှေးတိုင်ထွန်းထားသည့် နေရာနားကို တဖြည်းဖြည်းကပ်သွားသည်။ တောက်ပနေ‌သည့် မီးစာသုံးခုကိုကြည့်ပြီး ပြောလိုက်သည်။


" စီနီယာက အသက်ရှင်နေတုန်းက တော်တော်လေး ရက်ရောတဲ့လူ ဖြစ်ခဲ့မယ်ထင်တယ်... တကယ်လို့ ဒီအမွှေးတိုင်သုံးချောင်းကို လက်ခံတယ်ဆိုရင် ဒီတပည့်ကို အပြည့်အဝခွင့်လွှတ်လိုက်တယ်လို့ သဘောထားလိုက်ပါ့မယ်..."


သို့ရာတွင် ရှန်းလျိုရှန့်၏စကားဆုံးသည်နှင့်  အမွှေးတိုင်များက ချက်ချင်းမီးငြိမ်းသွားသည်။ 


" ဟမ်..."


ရှန်းလျိုရှန့်၏ ခြောက်ကပ်ကပ်ရယ်သံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူ အမွှေးတိုင်များကို တစ်ဖန်မီးပြန်ထွန်းလိုက်ပြီး မှတ်ချက်ပြုလိုက်သည်။


" ဒီည လေတော်တော်ပြင်းတာပဲ... စီနီယာ ကျေးဇူးပြုပြီး အအေးမမိအောင် ဂရုစိုက်ပါဦး..."


ဝှစ်...


မီးတောက်များက ငြိမ်းသွားပြန်သည်။


တိတ်ဆိတ်မှုတစ်မျိုးတည်းသာ ကျန်ရစ်တော့သည်။ လေတိုက်သံသည်လည်း အရိပ်အမြွက်ပင် မကြားရတော့ပေ။


ရှန်းလျိုရှန့် ထပ်မရယ်နိုင်တော့ပေ။


သူ ဂရုတစိုက်ဖြင့် အမွှေးတိုင်သုံးချောင်းကို ပြန်ထွန်းလိုက်သည်။ သူတို့ရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး မီးမငြိမ်းသွားစေရန် လက်ဖြင့် ကာထားလိုက်သည်။


သူ တုန်ယင်စွာဖြင့် ပြောလာသည်။

" စီနီယာက ဒီတပည့်ရဲ့ စိတ်ကို စမ်းသပ်နေတာထင်တယ်... ရပါတယ် ဒီတပည့်ရဲ့ နှလုံးသားက..."


အမွှေးတိုင်မီးများ နောက်တစ်ဖန် ငြိမ်းသွားပြန်သည်။


ရှန်းလျိုရှန့်၏စိတ်ထဲတွင် လုံးဝ ဗလာကျင်းသွားပြီး နောက်ကျောမှ ကြက်သီးများထလာသည်။


ရှန်းလျိုရှန့် တုန်တုန်ယင်ယင်ဖြင့် နောက်ဆုတ်သွားပြီး လက်အုပ်ချီထားကာ လက်ကိုခေါင်းအထက်တွင် ထားထားသည်။ သူ့မျက်လုံးများ တင်းကြပ်စွာပိတ်၍ အော်လိုက်ပေသည်။


" ကြည့်ရတာ စီနီယာက ဒီအမွှေးတိုင်ကို သဘောမကျဘူးထင်တယ်... ရပါတယ် ကျွန်တော့်ရဲ့ တပည့်လေးက သစ်သီးသွားခူးနေရာက ပြန်ရောက်တော့မှာ ... အဲ့အချိန်ကျမှ  စီနီယာ့ကို ပန်းသီးနဲ့ သစ်တော်သီးချိုချိုလေးတွေ ကပ်ပေးမယ်နော်..."


" စပျစ်သီးတွေရော..."


" ငှက်ပျောသီးရော..."


…… 


သစ်ပင်ကိုမှီရပ်နေသည့် ယဲ့ပင်းရန်က မရယ်ဘဲ မနေနိုင်တော့ပေ။


သို့ရာတွင် မကြာမီအချိန်၌ သူ့အပြုအမူကြောင့် သူ ထိတ်လန့်သွားမိသည်။


ရှန်းလျိုရှန့်က စစ်ဖန့်သွေးရေကန်ထဲ ဝင်ရောက်ပြီးသည့်နောက်တွင် အဘယ့်ကြောင့် စွမ်းအင်အပြည့်ဖြစ်နေကြောင်း သူသဘောပေါက်သွားခဲ့ပြီဖြစ်သည်။

သူ့မှာ ဝိညာဉ်ကာကွယ်ဝတ်ရုံ ရှိနေတာကိုး...


သို့ရာတွင် ဤအခိုက်အတန့်၌ ယဲ့ပင်းရန်မှာ ထူးဆန်းစွာဖြင့် စိတ်အနှောင့်အယှက်ဖြစ်မှုကို မခံစားလိုက်ရပေ။ 


ရှန်းလျိုရှန့်က တော်တော်ကို ပြောင်းလဲသွားတာပဲ... တခြားလူတစ်ယောက်နီးပါးကို ပြောင်းလဲသွားတာ...  နတ်ဘုရားတွေနဲ့ သရဲကို ကြောက်တယ်တဲ့လား ဒါကို တခြားလူတွေ ယုံနိုင်မယ်မထင်ဘူး...


ထို့အပြင် ဝိညာဉ်ကာကွယ်ဝတ်ရုံက တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းနတ်ဘုရားအသုံးအဆောင်ဖြစ်သော်လည်း ရှန်းလျိုရှန့်က သူ့အတွက်သူ မသိမ်းထားဘဲ ညလယ်ခေါင်တွင် တစ်ယောက်တည်း လာပြန်ပေးနေသည်။


ယဲ့ပင်းရန် သဘောမပေါက်နိုင် ဖြစ်သွားရသည်။


ထိုအခိုက်အတန့်တွင် လူငယ်လေးတစ်ယောက်က သစ်သီးများ တပွေ့တပိုက်ဖြင့် ပေါ်လာသည်။


ရှန်းလျိုရှန့်က အလွန်စိတ်လှုပ်ရှားသွား၍ ကျိုးရွှမ်လန်ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာသည်။ 


တစ်ဖက်တွင်မူ ကျိုးရွှမ်လန်က ခန္ဓာကိုယ်ကို အနည်းငယ်စောင်းပြီး သစ်သီးများကို ကာကွယ်လိုက်သည်။


" ရှစ်စွမ်း အဲ့လောက်ကြီး အလောတကြီး‌ဖြစ်နေစရာ မလိုပါဘူး... ခဏနေရင် ဗိုက်ဖြည့်ရတော့မှာပဲကို..."


" မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး..."


ရှန်းလျိုရှန့်က မီးငြိမ်းသွားသည့် အမွှေးတိုင်များကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

" ဒီနေရာက သရဲခြောက်တယ်..."


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့အကြည့်များက အေးစက်သွားသည်။ ဝှစ်ခနဲဖြင့် ကျောက်ခဲတစ်လုံးကို တောနက်ထဲ ကန်ထုတ်လိုက်သည်။


" ဘယ်သူလဲ..."


သူ ပြန်ရရှိလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်ချက်က သစ်ရွက်များ ကြွေကျလာခြင်းသာဖြစ်သည်။ သစ်ကိုင်းပေါ်တွင်လည်း မည်သူမှ မရှိနေပေ။


" ရှစ်စွမ်း တစ်ခုခု ထူးဆန်းတာများ သတိမထားမိဘူးလား..."


" မထားမိဘူး..."


ကျိုးရွှမ်လန် ပြန်ရောက်လာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က လုံးလုံးလျားလျား စိတ်အေးလက်အေးဖြစ်သွားသည်။ သူက သစ်သီးများကိုပင် အေးအေးလူလူရွေးနေသည်။


မန်ဒရင်းလိမ္မော်သီးတစ်လုံးကိုယူကာ တစ်ကိုက်ကိုက်လိုက်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့်၏ မျက်လုံးများ အရောင်လက်လာသည်။


ရွှေရောင် မန်ဒရင်းလိမ္မော်သီးက အရည်ရွှမ်းကာ အလွန်ချိုမြပေသည်။ ၎င်းက ‌မဖော်ညွှန်းပြနိုင်လောက်အောင် အရသာရှိလှသည်။


" ဒါကို ဘယ်လိုများစိုက်ထားတာလဲ အရမ်းအရသာရှိတာပဲ..."


ကျိုးရွှမ်လန်၏ မျက်နှာ အမူအရာက ထူဆန်းနေပြီး အနီးနားတစ်ဝိုက်တွင် တစ်ယောက်ယောက်ပုန်းနေသည်ဟု ခံစားနေရသည်။


သို့ရာတွင် သူ့ရှစ်စွမ်း၏ကျင့်ကြံဆင့်က ဝိညာဉ်အခြေတည်အဆင့်တွင် ရှိနေပြီးဖြစ်ကာ သူက အခြေခံအုတ်မြစ်တည်အဆင့်တွင်သာ ရှိနေခြင်းဖြစ်သည်။ ရှန်းလျိုရှန့်၏ သတိပြုမှာမှ လွတ်မြောက်နိုင်မည့်သူ ရှိမည်မဟုတ်ပေ။ 


" ရှစ်စွမ်းရဲ့ ဝိညာဉ်အသိစိတ်က ဘယ်လိုလှုပ်ရှားမှုကိုမှ သတိမထားမိဘူးလား..."


ရှန်းလျိုရှန့်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ပြီး မန်ဒရင်းလိမ္မော်သီးများစားနေသည်။ ကျောက်စိမ်းသဖွယ်ဖြူဖျော့နေသည့် သူ့လက်ချောင်းများတွင် သစ်သီးရည်အချို့ စွန်းထင်းနေသည်။ ကျိုးရွှမ်လန်၏စကားများကို ကြားသည့်အခါ သူ ပြန်ဖြေလိုက်သည်။


" ဝိညာဉ်အသိစိတ်ဆိုတာ ဘာလဲ...


ကျိုးရွှမ်လန် : “…”


သူတစ်ယောက်တည်းနေဖို့ အချိန်လိုနေပြီထင်တယ်...


(🤣🤣)