Chapter 8
ဤမျှအေးစက်သည့် ရာသီဥတုတွင် သူ့ကိုယ်က အဘယ့်ကြောင့် မိီးဖိုတစ်လုံးသဖွယ် နွေးနေကြောင်း ကျိုးရွှမ်လန်ကို မေးတော့မည့်အချိန်တွင် ယဲ့ပင်းရန်က လင်ဟွားနောက်မှလိုက်ပြီး စင်မြင့်ပေါ်တက်သွားသည်ကို မြင်လိုက်ရသည်။ လင်ဟွား၏လက်ထဲတွင် အနက်ရောင်ကြာပွတ်တစ်ချောင်းကိုင်ထားပေသည်။
" အဲဒီကြာပွတ်က တော်တော်နာမယ့်ပုံပဲ..."
ကျိုးရွှမ်လန်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
" အင်မော်တယ်လင်ဟွားက အဲ့လောက် အညှာအတာမမဲ့ပါဘူး... ဓားသခင်အတွက် ရှစ်စွမ်းစိတ်မပူလည်း ရပါတယ်..."
" သူက ဘာလို့ အညှာအတာမမဲ့တာလဲ..."
ရှန်းလျှိုရှန့် အထိတ်တလန့်ဖြင့် မေးလိုက်သည်။
ယဲ့ပင်းရန် ကျယ်လောင်စွာအော်ဟစ်သည်အထိ နာကျင်စွာအရိုက်ခံရမည်ကို သူ စိတ်အားတက်ကြွစွာဖြင့် စောင့်နေခြင်းဖြစ်သည်။ သူ စစ်ဖန့်သွေးရေကန်သို့ ဝင်သွားစဉ်ကလည်း ဝိညာဉ်ကာကွယ်ဝတ်ရုံကြောင့်မဟုတ်ပါက သေလုမျောပါးဖြစ်သွားနိုင်ပေသည်။
ဒါတောင်မှ ယဲ့ပင်းရန်က ဒီလိုပြစ်ဒဏ်လေးပဲ ခံရမယ်တဲ့လား... အဲ့လိုဖြစ်လို့ ဘယ်ရမလဲ...
" လင်ဟွားက ကြာပွတ်ကိုကိုင်ဖို့ အရည်အချင်းပြည့်တယ်ဆိုတော့ ငါလည်း အရည်အချင်းပြည့်တယ်ဆိုတဲ့သဘောမလား..."
ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်သည်။
ရာထူးဂုဏ်ပုဒ်အရဆိုလျှင် ရှန်းလျှိုရှန့်က ယဲ့ပင်းရန်ကို အပြစ်ပေးရန် အသင့်တော်ဆုံးလူဖြစ်သည်။
ဒါဆိုရင်လည်း...
" ရှစ်စွမ်းပြောတော့ အရမ်းအေးပြီး ဒဏ်ရာကနာနေလို့ တောင့်မခံနိုင်တော့ဘူးဆို... ဒါတောင်မှ တခြားလူကို ဝိညာဉ်လှုံ့ဆော် နတ်ဘုရားကြာပွတ်နဲ့ ရိုက်နိုင်သေးတာလား..."
ရှန်းလျှိုရှန့်က သူ့တပည့်ကို မှီနေရာမှ လွှတ်ပေးလိုက်ပြီး အညှိုးကြီးစွာဖြင့် ပြုံးလိုက်သည်။
" မင်းရဲ့ရှစ်စွမ်းက ရုတ်တရက်ကြီး နေကောင်းသွားတဲ့ပုံပဲ..."
“…”
ရှန်းလျှိုရှန့်က အပြစ်ပေးရန်အတွက် စေတနာ့ဝန်ထမ်းလုပ်လိုက်သည်။ လင်ဟွားကလည်း ငြင်းဆန်ခြင်းမရှိဘဲ ဝိညာဉ်လှုံ့ဆော် နတ်ဘုရားကြာပွတ်ကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
ဆန့်ကျင်ဘက်အနေဖြင့် လင်ယွဲ့က တားမြစ်လိုက်သည်။
" မင်း ယဲ့ပင်းရန်ကို လွယ်လွယ်နဲ့အပြစ်ပေးလိုက်မယ်ဆို ဂိုဏ်းချုပ်ပြန်လာတာနဲ့ ငါ သေချာပေါက် အသိပေးမှာနော်..."
( ❗ နာမည်တွေ မှားကုန်မှာစိုးလို့ပါ လင်ယဲ့ကမှ ဂိုဏ်းချုပ်နော်၊ လင်ယွဲ့က တရားစီရင်ရေးအကြီးအကဲပါ ❗ )
သူ တွေးနေသည့်အရာကို ရှန်းလျှိုရှန့်သိသည်။
အချစ်ကြောင့် သူက တွေးတောဆင်ခြင်နိုင်စွမ်းမဲ့သွားပြီး ယဲ့ပင်းရန် အနာတရဖြစ်အောင် မလုပ်နိုင်ဟု တွေးနေခြင်းပင်။
အမှန်စင်စစ်တွင်မူ လင်ယွဲ့တစ်ယောက်တည်းမှလွဲ၍ ဤနေရာတွင် ရှိနေသူအားလုံးက ဤသို့တွေးနေကြသည်။ ရှန်းလျှိုရှန့် နတ်ဘုရားကြာပွတ်ဖြင့် ရိုက်ခွင့်တောင်းနေခြင်းက ယဲ့ပင်းရန်ကို အထိခိုက်မခံနိုင်သောကြောင့် ကာကွယ်ပေးနေခြင်းဟု တွေးနေကြသည်။
အင်မော်တယ်ရှန်းက ဂိုဏ်းကို ထပ်မံအရှက်ခွဲရန်ပြုလုပ်နေကြောင်း တွေးမိသောအခါ ချင်းလင်ဂိုဏ်းမှ တပည့်များ၏ မျက်နှာက မည်းမှောင်ကုန်သည်။
တစ်ဖက်တွင်မူ ဓားဂိုဏ်းမှ တပည့်များက သက်ပြင်းချပြီး စိတ်အေးသွားကြသည်။
သူတို့က ရှန်းလျှိုရှန့်ကို ရွံရှာမုန်းတီးသော်လည်း သူတို့၏ဓားသခင်အပေါ် ရှန်းလျှိုရှန့်၏ ခံစားချက်များက စစ်မှန်ကြောင်း ဝန်ခံကြသည်။ ရှန်းလျှိုရှန့်က ယဲ့ပင်းယန်ကို ခေါင်းမှခြေဖျားတိုင် အထိခိုက်ခံမည်မဟုတ်ပေ။
" မင်းပဲလား..."
ယဲ့ပင်းရန်က လက်နောက်ပစ်ရပ်နေပြီး မျက်ခုံးကိုတွန့်ချိုးထားသည်။
" ဒါက ကျုပ်ရဲ့အပြစ်ပါ လျှော့ပေါ့ပေးစရာမလိုဘူး..."
အပြစ်ပေးခံရမည့်သူကပင် သူ့ကို အလျှော့မပေးရန် ဖျောင်းဖျနေသည်။
ရှန်းလျှိုရှန့်၏နှုတ်ခမ်းများ အနည်းငယ်တွန့်ကွေးသွားသည်။ သူက ရယ်ချင်စိတ်ကို မထိန်းထားနိုင်ဘဲ သူ့ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည်။
အခြေအနေတွေက ဒီလိုမျိုးဖြစ်လာမှတော့ ယဲ့ပင်းရန်ရဲ့ဆန္ဒကို လိုက်လျောပေးရတော့မှာပေါ့လေ...
ရှန်းလျှိုရှန့်၏ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရထားပြီး အပြည့်အဝ ပြန်လည်မကောင်းမွန်သေးပေ။ ဝိညာဉ်စွမ်းအားကို ရုတ်ချည်းအသက်ဝင်စေခြင်းက သူ့နှလုံးသားအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး သွေးအန်ထွက်လာစေနိုင်သည်။
ရလဒ်အနေဖြင့် ရှန်းလျှိုရှန့်က သူ၏ ဝိညာဉ်စွမ်းအားကို နတ်ဘုရားကြာပွတ်ထဲ တဖြည်းဖြည်းချင်း လွှဲပြောင်းနေရသည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားသည်။
စင်မြင့်ထက်တွင် မည်သည့်လှုပ်ရှားမှုကိုမှ မမြင်ရသေးပေ။
ချင်းလင်ဂိုဏ်းမှ တစ်စုံတစ်ယောက်က အံကြိတ်ထားပြီး မည်းနက်နေသည့်မျက်နှာကြီးဖြင့် အော်ပြောလိုက်သည်။
" သူ့ကို ကြာပွတ်နဲ့ရိုက်မှာလား မရိုက်ဘူးလား... ဓားသခင်ယဲ့က ချင်းလင်ဂိုဏ်းရဲ့ တားမြစ်နည်းစနစ်ကို ခိုးကြည့်ထားတာတောင် အင်မော်တယ်က သူဒဏ်ရာရမှာ စိတ်ပူနေသေးတာလား..."
ဓားဂိုဏ်းမှ တပည့်များကလည်း အထင်အမြင်သေးစွာဖြင့် သရော်ကြသည်။
" ငါတို့လည်းသိပါတယ် အင်မော်တယ်ရှန်းရဲ့ ခုနက လုပ်ရပ်တွေက လူတွေဆီက ထောက်ခံမှုရဖို့ပဲ... တကယ်လို့ သူပြောတဲ့အတိုင်း တကယ်လုပ်မယ်ဆိုရင် ဓားဂိုဏ်းရဲ့ဝင်ပေါက်မှာ ရက်ပေါင်းများစွာ ဒူးထောက်ပြီး ဓားသခင်ကိုတွေ့ရဖို့ တောင်းပန်နေမှာ မဟုတ်ဘူးလေ..."
" မင်းပြောတာ ဟုတ်တယ်... ရှန်းလျှိုရှန့်က ဓားသခင်ကို ကြာပွတ်နဲ့ရိုက်ရမယ့်အစား သူ့ကိုယ်သူပဲ ကြာပွတ်နဲ့ ၂ကြိမ်ရိုက်မယ့်သူမျိုး..."
ဖြောင်း...
ကြာပွတ်ရိုက်သံ ထွက်ပေါ်လာသည်။
ယဲ့ပင်းရန်က မြေပြင်ပေါ် ဒူးတစ်ဖက်ခွေကျသွားသည်။ သူ့ကျောပေါ်မှ အဝတ်အစားများ ဆုတ်ပြဲသွား၍ လည်ပင်းမှ တင်ပါဆုံရိုးနားအထိ သွေးစို့နေသော ဒဏ်ရာကြီးပေါ်လာပေသည်။ ထိုဒဏ်ရာက အမြင်ထက်ပို၍ ပြင်းမည့်ပုံပေါ်သည်။
နေရာတစ်ခုလုံး ရုတ်ချည်း ဆိတ်ငြိမ်သွားသည်။
ယဲ့ပင်းရန် သူ့ရင်ဘတ်ကို တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။ အော်ဂလီဆန်စရာကောင်းသည့် ငန်ကျိကျိအရသာမျိုး သူ့ခံတွင်းထဲပြည့်လာပြီး မကြာမီအချိန်တွင် သွေးတစ်လုတ် အန်ထွက်လာတော့သည်။
" ဓားသခင်ယဲ့..."
ဓားဂိုဏ်းမှ တပည့်များက ချက်ချင်း ကသောင်းကနင်းဖြစ်ကုန်ပြီး ရှေ့တိုးလာတော့မည့်အချိန်တွင် ရှန်းလျိုရှန့်က သူတို့ကိုဟန့်တားလိုက်သည်။
" အားလုံး ကိုယ့်နေရာကိုယ် နေကြပါ..."
လင်မူရှန်းက ပြောလိုက်ပြီးနောက် သူတို့လမ်းကို ဓားဖြင့်ပိတ်ထားလိုက်သည်။ သူ့မျက်နှာထက်တွင် သိမ်မွေ့သောအပြုံးတစ်ပွင့် ဖြစ်တည်လာသည်။
" အင်မော်တယ်ရှန်းက အခု ဒဏ်ပေးနေတုန်းအချိန်ပါ ဘယ်သူမှ ဝင်နှောင့်ယှက်လို့မရဘူး... အားလုံး သတိထားပြီးပြုမူပေးဖို့ မျှော်လင့်ပါတယ်..."
အခြေအနေကို မြင်သည့်အခါ ချင်းလင်ဂိုဏ်းသားများလည်း စုဝေးလာကြသည်။ လေထုအနေအထားက ချက်ချင်းပင် တင်းမာသွားပေသည်။
ရှန်းလျိုရှန့်က အောက်ဘက်မှ အုတ်အော်သောင်းနင်းဖြစ်နေသည်များကို မသိပေ။ သူ၏ အာရုံထဲတွင် ယဲ့ပင်းရန်ကို ကြာပွတ်ဖြင့်ရိုက်ရန်တစ်ခုတည်းသာ ကြီးစိုးနေသည်။
စင်မြင့်၏အစွန်နားတွင်ရပ်နေသည့်လင်းတန့်က ကြောက်လန့်နေသည့် ဆူညံသံမျိုး ထွက်လာသည်။
" ဟေး အင်မော်တယ်ရှန်းက အားဘယ်လောက်တောင် သုံးနေတယ်လို့လဲ..."
လင်ယွဲ့က အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး ဘာမှမပြောလာပေ။
လင်ဟွား၏ မျက်ခွံများတွန့်လာသည်။ သူ့လက်ညှိုးနှစ်ချောင်းဖြင့် ကြက်ခြေခတ်ပုံစံလည်း လုပ်ပြလိုက်သည်။
" ဆယ်မှတ်အပြည့်ပဲ... သူ အားကုန်ထုတ်သုံးနေဝာာ..."
( တစ်ဆယ်ဆိုတဲ့ တရုတ်စာလုံး (十)က ကြက်ခြေခတ်ပုံစံနဲ့တူလို့ပါ၊ အဲဒါကြောင့်မို့ ခွန်အားကို ၁၀၀% ထုတ်သုံးနေတယ်လို့ ပြောချင်တာပါ )
တစ်ချက်တည်းဖြင့် ယဲ့ပင်းရန်ကို ဒူးတစ်ဖက်ထောက်ကျသွားစေသည်မှာ မလွယ်ကူသည့်အပြင် အလွန်အားစိုက်ထုတ်ရန် လိုအပ်ပေသည်။ သို့ရာတွင် ရှန်းလျိုရှန့်၏စွမ်းအင်ကမူ တဖြည်းဖြည်းပိုတိုးလာသည်ဟု ထင်ရပေသည်။
ကြာပွတ်ဖြင့် အဆက်မပြတ်ရိုက်သံတစ်မျိုးတည်းနှင့်ပင် နားထောင်နေသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သည်။
" အချက်တစ်ရာ..."
ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုထုတ်လိုက်သည်။ သွေးများစွန်းပေနေသည့် နတ်ဘုရားကြာပွတ်ကို လက်ကောက်ဝတ်တွင်ပတ်လိုက်ပြီး ယဲ့ပင်းရန်အနားသို့သွားကာ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
" မင်းကို ဒီအင်မော်တယ် ထူပေးရဦးမလား..."
ယဲ့ပင်းရန်က အေးစက်စက်မျက်ဝန်းများဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။
" မလိုဘူး..."
" ဟုတ်သားပဲ..."
ရှန်းလျိုရှန့်က ပြုံးပြလျက် ပြောလိုက်သည်။
" ကျွန်တော်တောင် စစ်ဖန့်သွေးရေကန်မှာ အပြစ်ပေးခံလိုက်ရပေမယ့် ကိုယ့်ဘာသာ လမ်းလျှောက်ထွက်လာတာပဲ... ဓားသခင်က ကြာပွတ်နဲ့ အချက်တစ်ရာပဲ အရိုက်ခံရတာပါ... မတ်တပ်မရပ်နိုင်စရာအကြောင်းမှ မရှိတာ..."
ရှန်းလျိုရှန့်က ထိုစကားများပြောပြီးသည်နှင့် ယဲ့ပင်းရန်၏ပခုံးကိုဖိလိုက်၍ နာကျင်စွာအော်ညည်းသံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။
ရှန်းလျိုရှန့်၏ နှုတ်ခမ်းများ ကော့ညွတ်သွားမိသည်။
" ဓားသခင်က အပေါ်ယံမှာတော့ ကြာပွတ်ရာတွေနဲ့ ပြည့်နေပေမယ့် ရင်ထဲမှာတော့ ဝမ်းသာနေမိမှာပါ..."
( ဘာလို့လဲဆိုတော့ စုပိုင်ချယ့်ကို ကာကွယ်ပေးခဲ့တာမို့ စုပိုင်ချယ့်ဆီက ချိုမြိန်တဲ့ အာရုံစိုက်မှုတွေ ရလာမယ်ဆိုတဲ့သဘောနဲ့ ပြောတာပါ )
အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက ထိတ်ထိတ်ပျာပျာဖြင့် ပြေးလာသည်။
ရှန်းလျိုရှန့် မတ်တပ်ရပ်လိုက်ပြီး ယဲ့ပင်းရန်ကို မတူမတန်သကဲ့သို့ ငုံ့ကြည့်လိုက်သည်။
" ဓားသခင်ရဲ့ ဆန္ဒတွေပြည့်မြောက်ပြီး ခြေတစ်လှမ်းရှေ့တိုးနိုင်အောင် ကျွန်တော်လုပ်ပေးလိုက်တာနော် ... ကျွန်တော်တို့ထပ်တွေ့ရင် ကျေးဇူးတင်စကားပြောပြီး သေရည်တူတူသောက်ဖို့ ဖိတ်ပါဦး..."
စုပိုင်ချယ့် ထူပေးသောကြောင့် ယဲ့ပင်းရန်က တဖြည်းဖြည်းချင်း ထလာသည်။ ရှန်းလျိုရှန့် စင်မြင့်ပေါ်မှ ဆင်းသွားသည့်တိုင်အောင် သူ့၏ အေးတိအေးစက်အကြည့်များက ရှန်းလျိုရှန့်၏ပုံရိပ်ထံမှ မဖယ်ခွာခဲ့ပေ။
တစ်ဖက်တွင်မူ ရှန်းလျိုရှန့်က သူ့ကို လုံးဝအဖက်မလုပ်ပေ။
" အား အမလေးလေး..."
ဝတ်ရုံပြာဝတ်လူတစ်ယောက်က တစ်ဟုန်ထိုးပြေးလာသည့်အခါ ရှန်းလျိုရှန့်က ဘေးနားကို ရှောင်တိမ်းလိုက်သည်။
" ငါ့ကိုလာ မထိနဲ့ဦး... တစ်ကိုယ်လုံးနာနေတယ်..."
လူတွေကို ရိုက်ရတာလည်း တော်တော်ပင်ပန်းတာပဲ..."
သူ့လက်များက နာကျင်ကိုက်ခဲနေကာ ခြေထောက်များက ထုံနေသည်။ ဒဏ်ရာအချို့ကလည်း ပွင့်ထွက်သွားပြီဖြစ်သည်။
" လူညစ်ကောင်..."
လင်ဟွားက သူ့စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ပေ။
" ယဲ့ပင်းရန်ကိုတောင် ဒီလောက် အညှာအတာမဲ့မဲ့နဲ့ ရိုက်နိုင်ပြီဆိုတော့ တကယ်ကြီး အမြင်မှန်ရသွားတာပဲ..."
ရှန်းလျိုရှန့်က သူ့နှဖူးကို လက်တစ်ဖြင့် ဖိထားလိုက်ပြီး သက်ပြင်းချလိုက်သည်။ ဤအခိုက်အတန့်တွင် သူ့ရင်ထဲ၌ ခံစားချက်ပေါင်းစုံဖြင့် ပြည့်နေသည်။
" စစ်ဖန့်သွေးရေကန်ထဲ ဝင်ပြီးတော့... ငါ ကိစ္စတွေကို ပေါ့ပေါးပါးပါးပဲ တွေးတော့တယ်..."
လင်ဟွားက ချက်ချင်းပြန်ဖြေလိုက်သည်။
" စစ်ဖန့်သွေးရေကန်က အဲ့လောက်အကျိုးသက်ရောက်မှုကြီးမှန်းသိရင် အရင်တည်းက မင်းကို အဲ့ထဲ ပစ်ချလိုက်မှာ..."
“……”
" ငါ မင်းကို သတ်မှာနော်..."
***
စုပိုင်ချယ့်၏မျက်ဝန်းများက အနည်းငယ်နီရဲနေသည်။ ယဲ့ပင်းရန်ကို လက်နှစ်ဖက်လုံးဖြင့် တွဲထားလျက် အချိန်မရွေးငိုယိုတော့မည့်ပုံဖြစ်နေသည်။
" ကျွန်တော် သတိထားနေလိုက်ရမှာ... ကျွန်တော့်ရဲ့ လက်ရှိအားနဲ့ဆိုရင် တားမြစ်မန္တန်မပြောနဲ့ စွမ်းအားကြီးမန္တန်တွေကိုတောင် ဖျက်နိုင်နေတာကို..."
ယဲ့ပင်းရန်က တစ်ဖက်သို့လှည့်လာသည်။ သူ့အကြည့်များက ကြည်လင်တောက်ပသည့် မျက်နှာလှလှလေးထက်တွင်သာ ရှိနေသည်။
" ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး..."
ကောင်းကင်ကြီးက မည်းမှောင်ပြီး အုံ့မှိုင်းနေသည်။ ယဲ့ပင်းရန်က ရှေ့သို့ တဖြည်းဖြည်းချင်းလျှောက်နေပြီး သူ့ဖိနပ်များက နှင်းအလွှာပါးထဲ အနည်းငယ်နစ်ဝင်နေသည်။
" ရှန်းလျိုရှန့်ကလည်း စစ်ဖန့်သွေးရေကန်မှာ အပြစ်ခံယူရတဲ့အထိ တာဝန်ရှိပေမယ့်... ဒီကိစ္စကလည်း ငါနဲ့ဆိုင်နေတာပဲလေ... သူ့ရင်ထဲက အညှိုးအတေးတွေနဲ့ဆိုရင် ဒီကိစ္စ မဖြစ်လာခဲ့ရင်တောင်မှ တခြားနည်းလမ်းနဲ့ ငါ့ကို လက်စားချေမှာပဲ..."
စုပိုင်ချယ့်၏ မျက်နှာထက်တွင် အပြစ်မကင်းမှုတို့ဖြင့် ပြည့်နေသည်။ အချိန်အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကျွန်တော့်နေရာမှာ ဒဏ်ရာကိုထည့်ဖို့ဆေးတွေရှိတယ်... နည်းနည်းလောက် နေရအဆင်ပြေသွားပြီဆို အဲ့ကိုသွားရအောင်လေ..."
ယဲ့ပင်းရန်က ခေါင်းညိတ်ပြလိုက်သည်။
.....
အာရုဏ်ဦးတိမ်လွှာတောင်ထွတ်ပေါ်သို့ အဖြူရောင်ကြိုးကြာတစ်ကောင် ပျံသန်းလာသည်။ အောက်ဘက်တွင်မူ နာကျင်မှုကြောက့် အော်ဟစ်သံက ပဲ့တင်ထပ်နေသည်။
" ဖြည်းဖြည်းလုပ်ပါဟ ဖြည်းဖြည်း... အရမ်းနာတယ်..."
ဝတ်ရုံနက်ဝတ် လူငယ်လေး၏မျက်နှာက မည်းမှောင်နေသည်။ အော်ဟစ်သံကြောင့် နားများမကန်းသွားမီ လက်လှုပ်ရှားများကို မြန်ဆန်လိုက်ပြီး ဆေးအမြန်လိမ်းပေးလိုက်သည်။
ရှန်းလျိုရှန့်က ပက်လက်ကုလားထိုင်ပေါ်တွင်လှဲနေပြီး အင်္ကျီကြယ်သီးအချို့ကိုဖြုတ်ထားသည်။ ကျိုးရွှမ်လန်၏ လက်တစ်ဖက်က သူ၏ ဖြူဖျော့ပိန်သွယ်သော လက်မောင်းတစ်ဖက်ကိုကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် ဆေးလိမ်းပေးနေသည်။
" လင်တန့်က ငါ့ကိုလှည့်စားသွားတာပဲ..."
" ကျောက်ယောင်က ထိပ်တန်းအဆင့် ရှေးဟောင်းအသုံးအဆောင်ဆိုတော့ သူ့ကြောင့်ဖြစ်လာတဲ့ ဒဏ်ရာတွေက လွယ်လွယ်နဲ့ပျောက်မှာ မဟုတ်ဘူး... ကျင်းလင်ဆေးကလည်း နာမည်ကြီးဆိုပေမယ့် နာတာကိုတော့ တကယ်ရှောင်လွှဲလို့မရဘူး..."
ကျိုးရွှမ်လန်က စကားပြောနေစဉ်တွင် အာရုံမစိုက်မိဘဲ သူ့လက်ချောင်းများတွင် အားအနည်းငယ် မတော်တဆထည့်မိသွားသည်။
ရှန်းလျိုရှန့် တစ်ချက်တုန်ယင်သွားပြီး နာကျင်မှုကြောင့် ညည်းညူလိုက်သည်။ ထို့နောက် ငါးသေတစ်ကောင်သဖွယ် ငြိမ်ကျသွားပြီး အချိန်အတန်ကြာသည်အထိ မလှုပ်လာတော့ပေ။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်က သူ့မျက်နှာကို ခေါင်းအုံးထဲနှစ်ထားသည်။ သူ့မျက်လုံးထောင့်မှ မျက်ရည်စအချို့ ထွက်လာပေသည်။
ခဏအကြာတွင်မှ ခပ်အုပ်အုပ်အသံတစ်သံ ထွက်လာသည်။
" ဆေးဆက်လိမ်းလေ... ဘယ်ဘက်တစ်ခြမ်းပဲပြီးသေးတာ ညာဘက်လမ်းမောင်းကျန်သေးတယ်..."
သူသာ စောစောစီးစီးသိခဲ့မယ်ဆိုရင် တိရစ္ဆာန်သွေးလေးဘာလေး ကြိုပြင်ထားမှာပေါ့... အဲဒါဆို ကိုယ်ပေါ်လောင်းချလိုက်ရုံပဲ... ဒီလိုသနားစရာအခြေအနေမျိုးတောင် ဖြစ်လာမယ်မထင်ဘူး...
" စကားမစပ် ကျေးဇူးတင်ပါတယ်..."
ရှန်းလျိုရှန့်က ရုတ်တရက်ကြီး ပြောလိုက်သည်။
" ဝိညာဉ်ကာကွယ်ဝတ်ရုံကြောင့်သာမဟုတ်ရင် ငါ သေခါနီးဖြစ်နေပြီ..."
ကျိုးရွှမ်လန်၏လက်များ ခဏတာ ရပ်တန့်သွားသည်။ အချိန်အနည်းငယ်ကြာမှ သူ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကို ကျေးဇူးတင်စရာ မလိုပါဘူး... ရှစ်စွမ်း ပိုင်သမျှပစ္စည်းတွေလည်း ကျွန်တော့်ကိုပေးထားတာပဲကို..."
ထိုစကားများထဲတွင် မကျေမချမ်းဖြစ်မှုအနည်းငယ်ပါဝင်နေကြောင်း ရှန်းလျိုရှန့် သိလိုက်သည်။
ကျိုးရွှမ်လန် ပြောချင်နေသည့်အရာကို သူသဘောပေါက်သည်။ သူ့ခေါင်းကိုလှည့်၍ ရှင်းပြလိုက်ပေသည်။
" ငါမင်းကို တကယ်မလိမ်ပါဘူး... ကျောက်ယောင်ပြီးရင် ငါ့မှာ အဲဒီဝိညာဉ်ကျောက်တုံးနဲ့ မင်းကို ပေးရင်တောင် ဘာမှအသုံးမဝင်တဲ့ အာရုဏ်ဦးတိမ်လွှာစံအိမ်ပဲ ရှိတော့တာ..."
အင်မော်တယ်တစ်ယောက်ဖြစ်သည့် ရှန်းလျိုရှန့်က ရှေးဟောင်းနတ်ဘုရားအသုံးအဆောင်၊ ဝိညာဉ်ဆေးလုံးနှင့် ကျောက်တုံးများ မရှားလှပေ။ သို့ရာတွင် ယဲ့ပင်းရန်ကို နှစ်ပေါင်းများစွာ လက်ဆောင်ပေးကမ်းပြီးသည့်နောက် သူ့ပစ္စည်းများ ကုန်ခမ်းသွားခဲ့ပြီဖြစ်သည်။
လက်ရှိအရုဏ်ဦးတိမ်လွှာစံအိမ်တွင် ဝိညာဉ်မြက်တစ်ပင်မှ မကျန်ရှိတော့ပေ။
ယနေ့မနက်အစောပိုင်းတွင် ရှန်းလျိုရှန့်က သူ့အခန်းကို မြေလှန်ရှာခဲ့သည်။ အိပ်ရာအောက်တွင် ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရှာတွေ့ခဲ့သောကြောင့် သူ့ခါးတွင်ချိတ်ထားသည့် သိုလှောင်အိတ်ထဲထည့်၍ ကျိုးရွှမ်လန်ကို ပေးခဲ့ခြင်းဖြစ်သည်။
" မင်း ငါ့စကားတွေကိုမယုံရင် အခန်းထဲကို ရှာကြည့်လို့ရပါတယ်..."
ကျိုးရွှမ်လန်က သူ့ကိုလျစ်လျူရှု့ထားသည်။ ပိန်သွယ်နေသည့် လက်မောင်းတစ်ဖက်ကို ကိုင်ထားလျက်ဖြင့် ကျန်ရှိနေသည့် ဒဏ်ရာပေါ်သို့ကျင်းလင်ဆေးကို လိမ်းလိုက်သည်။
ရှန်းလျိုရှန့်က ခေါင်းတစ်ချက်စောင်းပြီး စားပွဲပေါ်မှ ဆေးများကို ကြည့်လိုက်သည်။
" လင်တန့် ငါ့ကိုပေးထားတဲ့ဆေးတွေက တော်တော်တန်ဖိုးကြီးလား... ပြန်ရောင်းစားရင် ဘယ်လောက်လောက်ရမလဲ... ပြတင်းပေါက်ဘောင်ပေါ်က ကြွေအိုးကိုကြည့်လိုက် သူကရော တန်ဖိုးကြီးလား..."
ကျိုးရွှမ်လန် မေးလိုက်သည်။
" ရှစ်စွမ်း တကယ်ကြီး ငွေပြတ်နေတာလား..."
" တကယ်ကြီးပေါ့..."
ရှန်းလျိုရှန့်က အားတက်သရော ပြန်ဖြေလိုက်သည်။ သူ့မျက်ဝန်းထဲတွင် လိုလားတောင့်တမှုတို့ဖြင့် ပြည့်နေသည်။
" စကားမစပ်... မင်းလိုမျိုး တိုက်ရိုက်တပည့်တွေက လတိုင်း ငွေပြားတွေရတယ်မလား..."
ကျိုးရွှမ်လန်၏ခါးထက်မှ သိုလှောင်အိတ်ပေါ်သို့ မြေခွေးသဖွယ် အကြည့်စူးစူးကျရောက်လာသည်။
အခန်းထဲတွင် တိတ်ဆိတ်မှုက ခဏတာကြီးစိုးသွားသည်။
ကျိုးရွှမ်လန်၏ အေးခဲတောင့်တင်းသွားသည့် အမူအရာကို မြင်လိုက်ရသည့်အခါ ရှန်းလျိုရှန့်က ခပ်တိုးတိုးရယ်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်မှထကာ အဝတ်အစားကိုပြန်ဝတ်လိုက်သည်။
" စိတ်မပူပါနဲ့ မင်းရဲ့ရှစ်စွမ်းက အဲ့လောက်မဆိုးသေးပါဘူး..."
ကျိုးရွှမ်လန် စိတ်အေးသွားပြီး သက်ပြင်းခိုးချလိုက်သည်။ ထို့နောက် ရှန်းလျိုရှန့် နောက်ထပ်ပြောလာသည့်စကားများကို ကြားလိုက်ရသည်။
" နောက်ဆိုရင် ငါ့ကို ငွေနည်းနည်းတော့ချေးပါဦး... ငါမင်းကို ငွေချေးစာချုပ် ရေးပေးထားပါ့မယ်... ငါက တော်တော်လေး ယုံရပါတယ်..."
“… …”
(🤣)