အခန်း၇
Viewers 22k

Chapter 7

Chapter 7


ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးထိပ်တွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ ချင်းလင်ဂိုဏ်းတစ်ခုလုံးလည်း အံ့အားသင့်ကုန်ကြသည်။


အတိတ်တွင်မူ ရှန်းလျိုရှန့်က ထိုဆံပင်(သူ့ဆံပင်နဲ့ ယဲ့ပင်းရန်ရဲ့ဆံပင်ကို တွဲချည်ထားတာ)ကို ကာကွယ်ရန်အတွက် လင်ရှောင်းခန်းမဆောင်‌တွင် ဂိုဏ်းချုပ်နှင့် အပြင်းအထန်စကားများခဲ့ပေသည်။


သူတို့၏ရန်ပွဲက အလွန်ပြင်းထန်သွား၍ ရှန်းလျိုရှန့်က ဂိုဏ်းနှင့် အဆက်အသွယ်ဖြတ်ပြီး ထွက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ ထိုအခါမှသာ ဂိုဏ်းချုပ်က သူ့ကို အလျှော့ပေးခဲ့သည်။ 


သို့သော် ယနေ့တွင်မူ ရှန်းလျိုရှန့်က ထိုဆံပင်ကို သူ့လက်ဖြင့် ကိုယ်တိုင်ဖြတ်ပစ်လိုက်ပြီး ဓားသခင်ယဲ့နှင့် မည်သို့သောအခါမှ မပတ်သက်တော့မည်ဖြစ်ကြောင်း သစ္စာဆိုခဲ့ပေသည်။


ယဲ့ပင်းရန်ကို ဆယ်နှစ်ကျော်ကြာအောင်စွဲလန်းခဲ့သော ရှန်းလျိုရှန့်၏နှုတ်မှ ဤသို့သောစကားမျိုးထွက်လာ၍ ထိုစကားများ၏ သက်ရောက်မှုက အဆမတန်ကြီးမားကျယ်ပြန့်လှသည်။ ယခုအချိန်တွင် ကောင်းကင်ကြီးပြိုကျလာလျှင်ပင် မည်သူမှ ထိတ်လန့်ကြတော့မည်မဟုတ်ပေ။


ရှန်းလျိုရှန့်ကို စစ်ဖန့်သွေးရေကန်ထဲဝင်ခွင့်ပြုလိုက်သည့် လင်ဟွား၏ရွေးချယ်မှုကလည်း သူ့ကို သင်ခန်းစာတစ်ခု ပေးလိုက်သည့်နှယ် ဖြစ်သွားသည်။ 


ယဲ့ပင်းရန်က သူ့ကို လုံးဝဂရုမစိုက်သည့် နှလုံးသားမဲ့ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ရှန်းလျိုရှန့်တတ်နိုင်သမျှ မြန်မြန်သိသွားစေရန် လင်ဟွားမျှော်လင့်ခဲ့မိသည်။


သူက လျှို့ဝှက်စာလိပ်ကို ဂိုဏ်းအထိပြန်လာပေးပြီး ရှန်းလျိုရှန့်ကို လူပြောစရာဖြစ်အောင် လုပ်ခဲ့တာပဲမလား...


သူ့သူငယ်ချင်းက အနည်းငယ်ဒုက္ခရောက်သွားမှသာ အချို့ကိစ္စများကို သိမြင်နိုင်မည်ဟု လင်ဟွား တွေးခဲ့သည်။ ရှန်းလျိုရှန့်က သူ မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်ပြီး ပြတ်သားစွာဖြင့် ထိုဆံပင်ကိုပါ ဖြတ်ပစ်ခဲ့လေသည်။


လင်ဟွား အလွန်စိတ်လှုပ်ရှားသောကြောင့် လက်ချောင်းများပင် တုန်ယင်လာသည်။ 


ရှန်းလျိုရှန့်က ယခုလက်ရှိအချိန်၌ အားလုံး၏အမြင့်တစ်နေရာတွင် ရပ်နေခြင်းဖြစ်သည်။ နှင်းမှုန်များက သူ့ပခုံးပေါ် ကျဆင်းနေပြီး သူ့ဆံပင်ကလည်း လေတိုက်ခတ်သောကြောင့် ဖရိုဖရဲဖြစ်နေသည်။ ရှန်းလျိုရှန့်က သူ့ပါးစပ်ထောင့်မှ သွေးကိုသုတ်လိုက်ပြီးနောက် တဖြည်းဖြည်းပြန်ဆင်းလာခဲ့သည်။ 


" မင်းကို တွဲပေးရဦးမလား..."

လင်ယွဲ့က မျက်နှာသေကြီးဖြင့် သူ့လက်ကိုလှမ်းကိုင်ပြီး မေးလိုက်သည်။ 


ရှန်းလျိုရှန့်၏မျက်နှာက သွေးဆုတ်‌ဖြူရော်နေသည်။ သွေးများစွန်းထင်းနေသည့် သူ့နှုတ်ခမ်းများသာ အရောင်အဆင်းအချို့ ရှိနေခြင်းဖြစ်သည်။ ၎င်းက အလွန်အမင်းလှပသော မြင်ကွင်းတစ်ခုဖြစ်သည်။


လင်ယွဲ့ သူ့နားကပ်လိုက်သည့်အခါ ရှန်းလျိုရှန့်၏ အသက်ရှုသံက မတည်မငြိမ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်က ကစဉ့်ကလျားဖြစ်နေသည်ကို ခံစားမိလိုက်သည်။


စစ်ဖန့်သွေးရေကန်ကနေ အကောင်းအတိုင်းပြန်ထွက်လာနိုင်တဲ့သူ ရှိမယ်တဲ့လား...

ရှန်းလျိုရှန့်က ပုံစံကိုကြည့်ပြီး သူ မနည်းတောင့်ခံထားရခြင်းဖြစ်ကြောင်း လင်ယွဲ့သဘောပေါက်လိုက်သည်။


ဓားရိုးကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်ချောင်းများက ပိုမိုတင်းကြပ်သွားသည်။


" မလိုဘူး..."


သူ့စကားများက ဟန်ဆောင်ခြင်းတစ်ဝက်၊ စစ်မှန်မှုတစ်ဝက်ဖြစ်သည်။ ကျောက်ယောင်(ဓားနာမည်) က သူ့ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာကြီးငယ်များစွာ ချန်ရစ်ထားခဲ့၍ သွေးများအဆက်မပြတ်စီးကျနေသည်။ နာကျင်မှုက ပြင်းထန်လွန်း၍ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ ရှန်းလျိုရှန့်က မနည်းတောင့်ခံထားပြီး ရပ်နေခဲ့သည်။


သို့ရာတွင် အခြားလူများ သူ့ကိုလာထိခွင့်မပြုနိုင်သည့် အကြောင်းအရင်းတစ်ခုရှိသည်။ သူက ဝိညာဉ်ကာကွယ်ဝတ်ရုံကို ဝတ်ထားဆဲဖြစ်ပေသည်။


ရှန်းလျိုရှန့်၏ မျက်လုံးများက အနည်းငယ်အရောင်လဲ့သွားသည်။ သူ့လက်တစ်ဖက်မြှောက်ပြီး လူအုပ်ထဲမှ ဆယ်ကျော်သက်လေးတစ်ယောကို လက်ညှိုးထိုးလိုက်သည်။ 


" ငါ့ကို လာကူညီဦး..."


တစ်ခဏတွင်းချင်းမှာပင် အကြည့်အားလုံးက သူ လက်ညှိုးညွှန်လိုက်သည့်နေရာသို့ ရောက်သွားသည်။


ကျိုးရွှမ်လန် မျက်လွှာချလိုက်သည်။ သူ့မျက်ဝန်းထဲတွင် မည်သည့်စိတ်ခံစားချက်များ ဖုံးကွယ်ထားသည်ကို မြင်ရရန် မဖြစ်နိုင်ပေ။ 


ခဏအကြာတွင်မှ ကျိုးရွှမ်လန်က ‌ခပ်တောင့်တောင့်ဖြင့် ဖြေလိုက်သည်။ 

" ဟုတ် ရှစ်စွမ်း..."


ယွီရှန်းနည်းစနစ်ကိစ္စက ပြီးဆုံးသွားပြီဖြစ်ရာ ယဲ့ပင်းရန်က ဤနေရာတွင် ဆက်နေစရာအကြောင်း မရှိတော့ပေ။ ထို့အပြင် သူ့အပေါ်အာရုံစိုက်မှုများကလည်း ရှန်းလျိုရှန့်ပြီးလျှင် ဒုတိယနေရာတွင် ရှိနေသည်။ 


အချို့က သူ့အမူအယာကို ချောင်းကြည့်နေကြပြီး ရှန်းလျိုရှန့်၏အပြုအမူကို မည်သို့တုံ့ပြန်မည်ကို စောင့်ဆိုင်းနေကြသည်။ 


ပျင်းစရာကောင်းလိုက်တဲ့ လူတွေပဲ...

ယဲ့ပင်းရန်က ဝတ်ရုံလက်ကိုခါလိုက်ပြီး သူ့ဂိုဏ်းမှ တပည့်များနှင့် ပြန်ထွက်သွားရန် ပြင်လိုက်သည်။ 


ထိုအချိန်တွင် တစ်ယောက်ယောက်က သူ့ကိုလှမ်းခေါ်သည်။ 


" ဓားသခင်ယဲ့ ကျေးဇူးပြုပြီး ခဏနေပါဦး..."


ရှန်းလျိုရှန့်က သူ့တပည့်အပေါ်မှီထားလျက်ဖြင့် ကျယ်လောင်စွာပြောလိုက်သည်။

" ဒီအင်မော်တယ်က ပြစ်ဒဏ်ခံယူပြီးပြီဆိုတော့ အခုမင်းအလှည့်ရောက်ပြီ..."


ယဲ့ပင်းရန် မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးတွင်ရပ်နေသည့် ‌ဓားဂိုဏ်းမှ တပည့်များကလည်း ပေါက်ကွဲကုန်ကြသည်။ 


" ဓားသခင်က ဘာလို့အပြစ်ပေးခံရမှာလဲ... သူက ဘာပြစ်မှု ကျူးလွန်ထားလို့လဲ..."


" ခင်ဗျားပဲ ဓားသခင်နဲ့ မပတ်သက်တော့ပါဘူးလို့ ပြောတယ်မလား... ဘယ်လောက်မှတောင် မကြာသေးဘူး ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်တော့ဘူးလား... စကားမတည်တဲ့ အင်မော်တယ်တစ်ယောက်ပဲ ရယ်ချင်လိုက်တာ..."


ရှန်းလျိုရှန့်က ဘာမှမရှင်းပြဘဲ လင်ယွဲ့ကို လှမ်းကြည့်လိုက်သည်။

" မင်းလက်ထဲက စာလိပ်ကို ဖွင့်ကြည့်လိုက်ပါ..."


လင်ယွဲ့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် တစ်ခုခုကို သဘောပေါက်သွားပုံရသည်။ 


တားမြစ်နည်းစနစ်ဖြစ်သော ယွီရှန်းစာလိပ်ကို လျှို့ဝှက်မန္တန်တစ်ခုဖြင့် ကာကွယ်ထားပေသည်။  ဂိုဏ်းချုပ်မှလွဲ၍ အတွင်းတွင်ပါရှိသည့်အရာများကို ကြည့်လိုသူက မန္တန်ကို သူတို့ကျင့်ကြံဆင့်ခွန်အားဖြင့် အတင်းချိုးဖျက်ပစ်ရပေမည်။ 


သို့သော် ယခုအခိုက်အတန့်တွင်မူ လင်ယွဲ့က လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် စာလိပ်ကိုဖွင့်နိုင်နေသည်။ ဤကိစ္စက မည်သည်ကို ဆိုလိုချင်နေကြောင်း သိသာထင်ရှားလှပေသည်။

တစ်ယောက်ယောက်က မန္တန်ကိုချိုးဖျက်ပြီး ယွီရှန်းနည်းစနစ်စာလိပ်ထဲက အကြောင်းတွေကို ဖတ်သွားတာပဲ...


" ဘာတွေဖြစ်နေတာလဲ..."


လင်ဟွား၏အမူအရာက သိသိသာသာပြောင်းလဲသွားပြီး စူးရှသောအကြည့်များဖြင့် ယဲ့ပင်းရန်ကို လှမ်းကြည့်လိုက်သည်။ 


" ဓားသခင်ပြောတော့ ဒီစာလိပ်ကိုလုံးဝမထိထားဘူးဆို..."


ယဲ့ပင်းရန်က အံ့အားသင့်စွာဖြင့် ပြန်ဖြေလိုက်သည်။ 

" ကျုပ် တကယ် မဖွင့်ထားပါဘူး..."


ထိုစကားများ ကြားသည့်အခါ ဓားဂိုဏ်းမှတပည့်များက ချက်ချင်း ခွန်းတုံ့ပြန်ကြသည်။


" ချင်းလင်ဂိုဏ်းကလူတွေ တခြားလူတွေကို ချောက်ချနေတာ ရပ်လိုက်ပါတော့... ‌ဒီစာလိပ်ကို အင်မော်တယ်ရှန်းကိုယ်တိုင်ဖွင့်ထားပြီး အခုမှ ဓားသခင်ကို လွှဲချနေတာ ဖြစ်မှာပေါ့..."


" ကျွန်တော်တို့ဓားသခင်က ဒီစာလိပ်ကိုဖွင့်ထားပါတယ်ဆိုတဲ့သက်သေ ဘယ်မှာရှိလို့လဲ... ကျွန်တော်တို့ကို နာမည်ဖျက်ဖို့ မကြိုးစားပါနဲ့..."


လင်ဟွား၏အကြည့်က ရှန်းလျိုရှန့်အပေါ် ပြန်ရောက်သွားပြန်သည်။ ယွီရှန်းနည်းစနစ်က အခြားလူတစ်ယောက်၏စိတ်ကို ထိန်းချုပ်နိုင်စေသည့် တားမြစ်နည်းစနစ်ဖြစ်သည်။ အခြားလူတစ်ယောက်က ဖတ်သွားမိပါက ကိစ္စသေးလှမည်မဟုတ်ပေ။ 


" ငါလည်း အဲ့စာလိပ်ကို မထိထားဘူး... သက်သေခံပေးနိုင်တဲ့လူ ရှိတယ်..."


ရှန်းလျိုရှန့်၏ဒဏ်ရာက မီးဖြင့်မြှိုက်လိုက်သကဲ့သို့ ပြင်းထန်စွာနာကျင်လာသည်။ သူ မျက်မှောင်ကြုတ်လျက် ကျိုးရွမ်လန်၏လက်ချောင်းများကို တင်းကြပ်စွာကိုင်ထားပြီး သူ့မျက်နှာအမူအရာကလည်း လေးနက်တည်ကြည်နေသည်။ 


" ဓားသခင် ပြောပြလိုက်ပါ..."


အားလုံး၏အကြည့်က သူတို့နှစ်ယောက်ထံတွင်သာ ရှိနေသည်။


ယဲ့ပင်းရန်က မျက်လုံးခဏမှိတ်ထားကာ အတန်ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။


" အင်မော်တယ်ရှန်း ကျုပ်ကို အဲ့စာလိပ်လာပေးတုန်းက လျှို့ဝှက်နည်းစနစ်ဆိုတာ ပြောပြခဲ့ပါတယ် အဲဒီအချိန်တုန်းက စာလိပ်က အကောင်းပကတိအတိုင်းပဲ ရှိသေးတာ လျှို့ဝှက်နည်းစနစ်လည်း ရှိသေးတယ်..."


ပရိသတ်က ချက်ချင်းပင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။


ထိုစာလိပ်က အင်မော်တယ်ရှန်းနှင့် ဓားသခင်ယဲ့တို့ လက်ထဲသာ ရောက်ခဲ့ခြင်းဖြစ်သည်။ အကယ်၍ စာလိပ်ကိုဖွင့်ခဲ့သူက အင်မော်တယ်ရှန်းမဟုတ်ပါက တစ်ယောက်တည်းသာ ကျန်တော့သည်။


" ဒါ လုံးဝမဖြစ်နိုင်ဘူး... ဓားသခင်ယဲ့က ဒီလိုမျိုးလူမှမဟုတ်တာ... ပြီးတော့ တကယ်လို့သူက အဲ့စာလိပ်ထဲကဟာတွေ ခိုးဖတ်ထားမယ်ဆိုရင် ဘာကိစ္စ ချင်းလင်ဂိုဏ်းကို ပြန်လာပေးဦးမှာလဲ... ဒါ ထောင်ခြောက်ထဲ တည့်တည့်ကျသွားတာပဲလေ..."


" ဓားသခင်က အင်မော်တယ်ရှန်းကို ကာပေးနေတာများလား..."


" ဓားသခင်ယဲ့က တားမြစ်နည်းစနစ်ကို ခိုးကြည့်ထားတယ်လို့ ပြောချင်နေတာလား..."


လင်ယွဲ့က လေးနက်တည်ကြည်သည့် မျက်နှာထားဖြင့် ယဲ့ပင်းရန်၏ဘေးကိုလျှောက်လာသည်။


" ဒါက အသေးအဖွဲ့ကိစ္စမျိုးမဟုတ်ဘူး... ဓားသခင် ကျေးဇူးပြုပြီး ယွီရှန်းနည်းစနစ်ကို တခြားလူတစ်ယောက်ယောက်ကို ပြလိုက်တာ ဟုတ်မဟုတ် သက်သေပြပေးပါ..."


ရှန်းလျိုရှန့်၏မျက်လုံးများ မှေးကျဉ်းသွားသည်။ 


ယဲ့ပင်းရန် မည်သို့ပြန်ဖြေမည်ကို သူ သိချင်နေမိသည်။ ဝတ္ထုထဲတွင်မူ ဤကိစ္စကို မည်သူကမှ မထုတ်ဖော်ခဲ့ပေ။ သို့ဖြစ်၍ ယဲ့ပင်းရန်က စာလိပ်ကို စုပိုင်ချယ့်လက်ထဲ ခဏထားခဲ့မိကြောင်းကိုပါ ဖုံးကွယ်ထားပြီး ဖြစ်သွားခဲ့သည်။


" ကျုပ် ဘယ်သူ့ကိုမှ မပေးခဲ့ပါဘူး..."

ယဲ့ပင်းရန်က ပြန်ဖြေလိုက်သည်။


ရှန်းလျိုရှန့် ပြုံးရုံသာပြုံးလိုက်သည်။


၎င်းက အဓိကဇာတ်လိုက်ဖြစ်သော စုပိုင်ချယ့်နှင့် ထိုက်တန်သော ဆက်ဆံမှုမျိုးဖြစ်သည်။ သူ့ကြောင့် ဘဝတွင် တစ်ကြိမ်တစ်ခါမှ မလိမ်ခဲ့ဖူးသူက စည်းမျဉ်းများကို ချိုးဖောက်လိုက်ပေသည်။


ရှန်းလျိုရှန့် သူ့တပည့်ကို လှည့်ကြည့်လိုက်သည်။

" တကယ်လို့ တစ်ယောက်ယောက်က အမှားလုပ်ခဲ့မိရင် မင်းသူ့အတွက် ဖုံးကွယ်ပေးထားမှာလား..."


ရှန်းလျိုရှန့်၏ကိုယ်က သူ့အပေါ်မှီထားသော်လည်း ကျိုးရွှမ်လန်က မတ်မတ်ရပ်နေဆဲဖြစ်သည်။ ထိုစကားများကြားသည့်အခါ သူ ပြန်ဖြေလိုက်သည်။


" အမှားလုပ်မိသမျှလူတိုင်း အပြစ်ပေးခံရမှာပါပဲ..."


ရှန်းလျိုရှန့်က ထိုစကားများကို မယုံကြည်ပေ။

" အဲဒီလူက ဆရာစု ဖြစ်နေရင်ရော..."


ကျိုးရွှမ်လန်က သူ့ကိုစိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်သည်။


" ဆရာစုက တခြားလူတွေနဲ့ ဘာတွေများကွာခြားလဲဆိုတာ ဒီတပည့် မသိပါဘူး..."


ဆရာစုက ပေါင်းသင်းရလွယ်ကူပြီး ဂိုဏ်းထဲမှ တပည့်များကို ကောင်းမွန်စွာ ဆက်ဆံပေသည်။ သို့သော် သူတို့နှစ်ယောက်အကြား ကိုယ်ရေးကိုယ်တာအရ ပတ်သက်မှု မရှိခဲ့ပေ။ 


ရှန်းလျိုရှန့်က လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ခေါင်းခါလိုက်သည်။

အလိုလေးလေး... သူက ငယ်သေးတာပဲ...


တကယ်လို့ ကျိုးရွှမ်လန် အသက်နည်းနည်းပိုကြီးလာမယ်ဆိုရင်တော့ စုပိုင်ချယ့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ဆိုလိုချင်တာကို သဘောပေါက်မှာပဲ...


လင်ယွဲ့က မျက်မှောင်ကြုတ်လိုက်ပြီး အင်မော်တယ်လင်ဟွားကို ကြည့်လိုက်သည်။ 


ယဲ့ပင်းရန်၏နှုတ်မှ အခြားလူတစ်ယောက်၏နာမည်ထွက်မလာတော့၍ သူ တားမြစ်နည်းစနစ်ကို ကြည့်ခဲ့သည်ဖြစ်စေ မကြည့်ခဲ့သည်ဖြစ်စေ တာဝန်ယူမှုအားလုံးက သူ့အပေါ် ပုံကျသွားသည်။


ယခု အ‌ဓိကပြဿနာမှာ အပြစ်ပေးသင့် မပေးသင့် ဖြစ်နေသည်။


အဘယ့်ကြောင့်ဆိုသော် ယဲ့ပင်းရန်က နာမည်ကြီး ပေလွင်ဓားသခင် ဖြစ်သောကြောင့်ပင်။ 


သူတို့ သူ့ကို စိတ်လိုက်မာန်ပါ အပြစ်ပေး၍ မရပေ။  ထိုသို့လုပ်လိုက်မိသည်နှင့် ပေလွင်ဂိုဏ်းကလည်း သူတို့ကို အလွတ်ပေးတော့မည် မဟုတ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း သူ့ကို ပြစ်ဒဏ်ပေးသည့်ကိစ္စကို သာမန်ကာလျှံကာ ပြုလုပ်၍မရပေ။ ထိုသတင်းပျံ့နှံ့သွားပါက သူတို့၏ချင်းလင်ဂိုဏ်းက ပေလွင်ဂိုဏ်းကို ကြောက်ရသည်ဟု အများက ယူဆသွားနိုင်သည်။ 


" ဝိညာဉ်လှုံ့ဆော် နတ်ဘုရားကြာပွတ်ကို သုံးလို့ရတာပဲ... အဲ့ကြာပွတ်က တစ်ချက်ရိုက်လိုက်ရုံနဲ့ ကောင်းကင်ဘုံကိုပါ တုန်လှုပ်သွားစေနိုင်တယ်လေ... ကြာပွတ်ကလည်း လူသိများတာပဲဆိုတော့ ပြစ်ဒဏ်ခတ်ဖို့ သင့်တော်ပါတယ်..."


လင်ဟွားက ထိုကြာပွတ်ကိုရုတ်ချည်းသတိရသွား၍ ပြောလာသည်။


" ကြာပွတ်ကိုသုံးမယ့်သူက ယဲ့ပင်းရန် အပြင်းအထန်ကြီး ဒဏ်ရာမရသွားအောင် စွမ်းအားကိုတော့ နည်းနည်းထိန်းချုပ်ရမယ်..."


လင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။

" ‌ဒါဆိုရင် ကြာပွတ်နဲ့ ဘယ်သူက အပြစ်ပေးမှာလဲ..."


ယဲ့ပင်းရန်က ဓားသခင်တာအို၏ တိုက်ရိုက်တပည့်ဖြစ်ပြီး ပေလွင်ဓားသခင်ဟု နာမည်ကြီးသူလည်းဖြစ်သည်။ ပြစ်ဒဏ်ခတ်ရမည့်သူကို ကြုံရာကျပန်းရွေး၍ မရဘဲ အနည်းဆုံး သူ့ဂုဏ်သတင်းနှင့် ယှဉ်နိုင်သူကို ရွေးရပေမည်။ 


လင်ဟွားက ပြောလာသည်။

"  ငါ လုပ်လိုက်မယ်..."


သူ့ဆရာက ဓားသခင်တာအိုနှင့် မနှိုင်းယှဉ်နိုင်သော်လည်း သူကိုယ်တိုင်က အများက လေးစားရသည့် အင်မော်တယ်ဟူသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားသည်။ သူ၏ နေရာက အရည်အချင်းပြည့်မီသည်ဟု ဆိုနိုင်သည်အထိ မြင့်ပေသည်။ 


ယဲ့ပင်းရန်က ဒီပြစ်ဒဏ်ပေးမှုကို လက်ခံလိုက်သည်။ 


ပေလွင်ဂိုဏ်းမှ တပည့်များက ကူကယ်ရာမဲ့ကုန်ပြီး အဓိကလက်သည်ဖြစ်သော ရှန်းလျိုရှန့်ကိုသာ မုန်းတီးစွာဖြင့် စိုက်ကြည့်နေလိုက်ကြသည်။


ဒီလူက ငါတို့ဓားသခင်ကိုချောက်ချဖို့ ထောင်ခြောက်ဆင်ထားတာပဲ...


" ဝိညာဉ်လှုံ့ဆော် နတ်ဘုရားကြာပွတ်နဲ့ တစ်ချက်ထိလိုက်တာနဲ့ ဝိညာဉ်အခြေတည်အဆင့်ရောက်နေတဲ့ ကျင့်ကြံသူတွေတောင် အရေပြားနဲ့အသားတွေ စုတ်ပြဲသွားနိုင်လို့ ပြောကြတယ်နော်... ဓားသခင်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ‌ခြေလှမ်းတစ်ဝက်စာလောက် ရောက်နေပြီဆိုပေမယ့်  တောင့်မခံနိုင်မှာစိုးတယ်..."


" ကြာပွတ်နဲ့ရိုက်မယ့်သူက အကြီးအကဲလင်ယွဲ့မဟုတ်တာ တော်သေးတယ် ... သူက မသနားတတ်ဘူးလို့ ငါကြားတယ်..."


" မင်း ဘာတွေပြောနေဝာာလဲ... အင်မော်တယ်လင်ဟွားက ပိုကြောက်စရာ ကောင်းတာနော်...သူက ယောင်မုန့်ယွဲ့ကို ခုနစ်ခါသတ်ပြီး ခုနစ်ခါပြန်ကယ်ခဲ့တာ... နောက်ဆုံးတော့ အဲဒီနတ်ဆိုးမင်းသမီးလည်း ရူးသွားတော့တာပဲ... ဒါကပိုပြီး အညှာအတာမဲ့တာ မဟုတ်ဘူးလား..."


" ဒါဆိုရင် ‌ဓားသခင်တော့..."


ချောက်ကမ်းပါးထိပ်မှ အေးစက်စက်လေက ပိုပြင်းလာသည်။ လေထဲတွင်လည်း နှင်းပွင့်များ လွင့်ပျံ့ကခုန်နေသည်။ 


ရှန်းလျှိုရှန့်က အေးစက်မှုကြောင့် တုန်ယင်နေသည်။ ကျိုးရွှမ်လန်၏ ခန္ဓာကိုယ်က ထုတ်လွှတ်နေသည့်အနွေးဓာတ်ကြောင့် သူ့အနားပိုကပ်နေမိသည်။


သူက ရေဘဝဲတစ်ကောင်သဖွယ် သူ့တပည့်လေးကို ကပ်တွယ်နေသည်။


" ရှစ်စွမ်းရဲ့ အပြုအမူတွေက အမြင်မတော်ပါဘူး..."

ကျိုးရွှမ်လန်က မှတ်ချက်ပြုလိုက်ပြီးနောက် သူ့ပခုံးကိုတွယ်ကပ်ထားသည့် လက်တစ်ဖက်ကို လှမ်းဆွဲလိုက်သည်။ 


နောက်အခိုက်အတန့်တွင် သူ ထိုလက်ကို ပုတ်ထုတ်လိုက်သည်။


ရှန်းလျှိုရှန့်က လက်မလျှော့သေးဘဲ သူ့ကိုလှမ်းဆွဲထားသည်။ သူက တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။


" ငါ အရမ်းအေးပြီးတော့ ဒဏ်ရာကလည်း နာနေတယ်... မနည်းမတ်တပ်ရပ်နေရတာ... ငါတကယ်ပြောတာပါ... အခု ငါ လဲကျခါနီးတောင်ဖြစ်နေပြီ မင်းကို အမြန်မှီထားမှဖြစ်မယ်... လဲကျတော့မယ်..."


ကျိုးရွှမ်လန်က ခေါင်းတစ်ဖက်စောင်းပြီး သူ့ပခုံးပေါ်မှီလိုက်သည့်မျက်နှာလေးကို လှည့်ကြည့်လိုက်သည်။ 


ပန်းချီကားထဲမှ ထွက်လာသကဲ့သို့ အနုစိတ်ဖြစ်ပြီး ပြောင်မြောက်လှပလွန်းသည့် မျက်ခုံးမျက်လုံးများက အောက်သို့မျက်လွှာချထားသည်။ ရှန်းလျှိုရှန့်၏ အမူအရာက အားမရှိသကဲ့သို့ဖြစ်နေပြီး မျက်နှာကလည်း သွေးဆုတ်ဖြူရော်နေသည်။ သူ့နှုတ်ခမ်းများက တုန်ယင်နေသည်။


“…”


ရှန်းလျှိုရှန့်၏ ယခုပုံစံက လဲကျမသွားစေရန် မနည်းတောင့်ထားရပုံပေါ်နေလေသည်။


‌ဒါဆိုလည်း ထားပါတော့လေ အမြင်မတော်တာ မဟုတ်တော့ပါဘူး...


သူ့တပည့်က သူ့ကိုမတားတော့သည့်အခါ ရှန်းလျှိုရှန့် ပျော်သွားမိသည်။ သူ့ကိုယ်နေဟန်ထားကို ချက်ချင်းပြောင်းလဲလိုက်ပြီး ကျိုးရွှမ်လန်ကို သက်တောင့်သက်သာဖြင့် မှီထားလိုက်ပေသည်။