အခန်း၆
Viewers 22k

Chapter 6

Chapter 6


စုပိုင်ချယ့်က အနီးကပ်ကြည့်လျှင် ပို၍ညှို့ယူနိုင်စွမ်းရှိလှသည်။ သူက ကြည်လင်သန့်ရှင်းသည့်အလှမျိုးရှိသူဖြစ်သည်။ သူ၏ အရောင်ဖျော့ဖျော့မျက်ဝန်းများထဲတွင် စိုးရိမ်ပူပန်မှုနှင့် စိတ်ဓာတ်ကျမှုတို့ဖြင့် ပြည့်နေသည်။ 


ထိုမျက်နှာလေးကိုကြည့်လိုက်စဉ် ရှန်းလျိုရှန့် အသက်ရှုမှားမတတ် ဖြစ်သွားရသည်။


စုပိုင်ချယ့်က တော်တော်လေးလှတာပဲ...


သူ့အလှက တခြားလူတွေထက် သိသိသာသာထင်ပေါ်ပြီး လောကကြီးထဲက လူနည်းနည်းလောက်ပဲ သူနဲ့ ယှဉ်နိုင်မယ့် ပုံစံမျိုးပဲ...


ဒီလိုမျက်နှာ ဒီလိုခန္ဓာကိုယ်နဲ့ နူးညံ့ပျော့ပျောင်းတဲ့ အလှတရားလေး...


သူ့ကိုမြင်သမျှလူတိုင်းက ရင်ခွင်ထဲဖက်ထားပြီးတော့ တစ်နေကုန် ချော့မြူချင်နေမှာပဲလေ...


သူတို့နှစ်ယောက်ကို အတူတူတွေ့လိုက်သည့်အခါ လင်ဟွားက စိုးရိမ်စပြုလာသည်။


စုပိုင်ချယ့် နောက်ဆုံးအကြိမ် ရှန်းလျိုရှန့်နားကပ်ခဲ့စဉ်က လူအများရှေ့တွင် ပါးရိုက်ခံခဲ့ရပေသည်။ ကံကောင်းသည်နေသည်မှာ ထိုနေရာတွင်ရှိနေသူက မများလှ၍ ကိစ္စက အကြီးအကျယ်မဖြစ်သွားခြင်းဖြစ်သည်။


အခုချိန်တွင်မူ ဂိုဏ်းမှတပည့်အားလုံးက ဤနေရာတွင် ရှိနေသည်။ အကယ်၍ ရှန်းလျိုရှန့်က ထိုအချိန်ကနှင့် တစ်ပုံစံတည်း ပြုမူခဲ့မည်ဆိုပါ သူ့ကိုလူအများက ဝေဖန်ပစ်တင်ကြလိမ့်မည်။ 


လင်ဟွားက အမြန့်လက်ဆန့်ထုတ်ပြီး သူတို့နှစ်ယောက်ကို လူခွဲရန် ပြင်လိုက်သည်။


သို့ရာတွင် ဤတစ်ကြိမ်တွင်မူ ရှန်းလျိုရှန့်က သူ့လက်ကိုပြန်ဆန့်ပြီး စုပိုင်ချယ့်လက်ကို ကိုင်ထားလိုက်သည်အား တွေ့လိုက်ရသည်။


သူက နူးညံ့သိမ်မွေ့သောလေသံဖြင့် ပြောလိုက်သည်။ 

" မစိုးရိမ်ပါနဲ့ ငါမင်းအပေါ်ကို သွေးတစ်စက်မှ မစင်စေရဘူး..."


အမ်...


လင်ဟွား၏လက်က လေထုအလယ်တွင် ရပ်တန့်သွားသည်။


အခြားလူများလည်း ကြောင်အသွားပေသည်။ ယဲ့ပင်းရန်တစ်ယောက်တည်းသာ တင်းကြပ်စွာဆုပ်ကိုင်ထားကြသည့် လက်နှစ်ဖက်ကိုကြည့်ပြီး မျက်ခုံးများတွန့်ချိုးသွားသည်။


စုပိုင်ချယ့်သည်လည်း အံ့အားသင့်သွားသည်။

ဒါက သူစိတ်ကူးထားသလိုလည်း မဟုတ်ပါလား...


သူ့အတွေးများ ဂယောက်ဂယက်ဖြစ်နေစဉ်တွင် သူ့မေးဖျားကို လက်ဖြင့်အသာပင့်တင်ခံလိုက်ရသည်။ 


ရှန်းလျိုရှန့်၏ လက်ဖျားများက နှင်းတမျှ နူးညံ့ဖြူဖွေးသော အသားအရေပေါ် ရောက်သွားပြီး အဆက်မပြတ် ပွတ်သပ်နေကာ သူ့ကိုယ်သူ မရပ်တန့်နိုင်တော့ပေ။ 


သူက နာကျင်နေသည့်လေသံဖြင့် မှတ်ချက်ပြုလိုက်သည်။

" ဆရာစုက လေးစားစရာလူတစ်ယောက် ဖြစ်နေတာတောင်မှ ငါ့ကို စိုးရိမ်နေသေးတယ်... ‌ဒီအင်မော်တယ်နဲ့ မထိုက်တန်ပါဘူး..."


ဒီလက် ဒီမျက်နှာလေး...


သူတို့က စာအုပ်ထဲမှာ ရေးထားသလိုပဲ တို့ဟူးလေးလို ပျော့ပျောင်းနေပါလား...

ရှန်းလျိုရှန့် ကိုယ်တိုင်သည်ပင် မရပ်တန့်နိုင် ဖြစ်သွားရသည်။


စုပိုင်ချယ့်က သူ့ကိုငုံ့ကြည့်လိုက်ပြီး ရှန်းလျိုရှန့်၏လက်ကောက်ဝတ်မှကိုင်၍ သူ့ကို အသားယူတေသည့်လက်များကို ဖယ်လိုက်သည်။


သူက အပြုံးတုတစ်ခုဖြင့် ပြောလိုက်သည်။

" ကျွန်တော်တို့က မိတ်ဆွေတွေပဲလေ စိုးရိမ်တာ ဖြစ်သင့်တာပေါ့..."


သူ၏ ယဉ်ကျေးသောစကားများကို အမြန်ဆုံးနှင့် ကောင်းကောင်းမွန်မွန်ပြောလိုက်မိပေသည်။ သို့သော် သူ့စိတ်ထဲတွင်မူ သူ့ကိုအမြဲအနိုင်ကျင့်သည့်ဤလူကို သတ်ပစ်ချင်နေခဲ့သည်။


ရှန်းလျိုရှန့်က ပါးစပ်ဟလိုက်ပြီး စကားထပ်ပြောရန်ပြင်လိုက်သော်လည်း သူ့ခါးကို တစ်ခုခုက ရုတ်တရက်လာထိသောကြောင့် ရပ်တန့်လိုက်ရသည်။


ငွေရောင်တောက်နေသည့် ဖဲကြိုးရှည်တစ်ချောင်းက သူ့က်ကို ရစ်ပတ်ထားပြီး စုပိုင်ချယ့်နှင့် တဖြည်းဖြည်းဝေးသွားအောင် ဆွဲထားသည်။


ဖဲကြိုးရှည်၏ အခြားတစ်ဖက်က ယဲ့ပင်းရန်၏လက်ထဲတွင် ရှိနေသည်။ သူက ထိုဖဲကြိုးကို လင်ယဲ့၏လက်ထဲ ချက်ချင်းထည့်လိုက်သည်။

" နောက်ကျတော့မယ်..."


‌ထိုငွေရောင်ဖဲကြိုးက နာမည်ကျော် ရှေးဟောင်းအသုံးအဆောင် ကျိုက်ယွဲ့ဖြစ်သည်။


လင်ယွဲ့က ဖဲကြိုးကိုလက်မခံဘဲ ရှန်းလျိုရှန့်ကို မေးလိုက်သည်။


" အင်မော်တယ်ကိုယ်တိုင်သွားမလား ဒါမှမဟုတ် တစ်ယောက်ယောက်က 'လိုက်ပို့' ရမလား..."


ရှန်းလျိုရှန့်က သူ့ခါးတွင်ချည်ထားသောဖဲကြိုးကို ဆွဲလိုက်ချိန်တွင် ၎င်းက ကျုံ့နိုင်ဆန့်နိုင်စွမ်းရှိသော်လည်း ဖယ်ရှား၍မရကြောင်း ‌သိလ်ိုက်ရသည်။


ပဉ္စလက်ဆန်လိုက်တာ...


ထိုဖဲကြိုးကို မည်မျှအထိ ဆွဲဆန့်နိုင်မည်ကို ရှန်းလျိုရှန့် သိချင်နေမိသည်။


သူ့ရဲ့စပ်စုချင်စိတ်လေးအတွက် အချိန်မရတော့တာတော့ နှမျောစရာပဲ...


ရှန်းလျိုရှန့်က သိချင်စိတ်ကို ဘေးဖယ်လိုက်ပြီး ဝတ်ရုံလက်ကိုခါကာ စစ်ဖန့်သွေးရေကန်ရှိရာသို့ ခြေလှမ်းကျဲများဖြင့် လျှောက်သွားလိုက်သည်။


သူက ဓားသခင်၏ပခုံးကို ဝင်တိုက်သွားသည်။ လေပြည်‌တစ်ချက် ဝှေ့လိုက်ချိန်တွင် သူ၏ ဆံပင်ရှည်က အနည်းငယ် ‌ဝဲသွားပြီး ရှန်းလျိုရှန့်၏ မျက်နှာထက်တွင်လည်း ခပ်ယဲ့ယဲ့အပြုံးတစ်ခုပေါ်လာသည်။


ဝတ္ထုထဲတွင်မူ ယဲ့ပင်းရန်သည် အများကိစ္စ ဝင်ပါတတ်သည့်လူ မဟုတ်ပေ။ သို့သော် ဤတစ်ကြိမ်တွင်မူ သူ့ကို စစ်ဖန့်သွေးရေကန်သို့ပို့ရန် မစောင့်နိုင်တော့သည့်ပုံပေါ်သည်။


အကြောင်းအရင်းက တစ်ခုသာ ရှိပေသည်။ တစ်စုံတစ်ယောက်က စုပိုင်ချယ့်၏အနားကပ်သောကြောင့် သဝန်တိုသွားခြင်းပင်။


ယဲ့ပင်းရန်ကတော့ ပေလွင်ရှာလကာရည်ဘုရင်ကြီးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်ပါပေတယ်...

( ပေလွင်က အရှေ့မှာပါခဲ့တဲ့ ယဲ့ပင်းရန်တို့ရဲ့ဓားဂိုဏ်းနာမည်ပါ၊ ရှာလကာရည်ကတော့ သဝန်တိုတာကိုပြောတဲ့ တရုတ်ဗန်းစကားပါ )


ရှန်းလျိုရှန့် စိတ်ထဲတွင် သက်ပြင်းအသာချလိုက်မိသည်။


ဒါပေမဲ့ ငါ့ကိုအမြောက်စာ ဇာတ်ကောင်လိုမျိုး ဆက်ဆံချင်တယ်ဆိုရင်တော့... ယဲ့ပင်းရန် မင်းလည်ပင်းကို သန့်ရှင်းအောင်ထားပြီး ငါ စာရင်းရှင်းမယ့်အချိန်ကို စောင့်နေလိုက်တော့...

( လည်ပင်းကို ဖြတ်ပစ်မယ်လို့ပြောတာပါ ဟီးဟီး )


စစ်ဖန့်သွေးရေကန်၏ ဝင်ပေါက်က ကျယ်ဝန်းလှသည့်စင်မြင့်တစ်ခုပေါ်တွင် ရှိနေသည်။ အပြာရောင်လှေကားထစ်ရှည်ကြီးကို တက်ပြီးမှ အပေါ်သို့ ရောက်နိုင်ပေသည်။ 


လင်ယွဲ့က ယွီရှန်းနည်းစနစ်ပါဝင်သော စာလိပ်ကို လက်ထဲတွင်ကိုင်ထားပြီး အဝေးတစ်နေရာတွင် ရပ်နေကာ ရှန်းလျှိုရှန့်၏ပြစ်ဒဏ်ကို စီရင်ချက်ချနေသည်။


တပည့်များကိုလည်း ထပ်တူညီသည့်အမှားမျိုး မပြုလုပ်ရန်  သတိပေးနေသည်။ ဆုံးမစကားရှည်ကြီးကို နားထောင်ပြီးသည့်နောက်တွင်မူ ရှန်းလျိုရှန့်က အကြိမ်အနည်းငယ်ခန့် သမ်းဝေလိုက်ပြီး ထိုနေရာတွင်ပင် အိပ်မောကျလုမတတ်ဖြစ်သွားသည်။


သူ့ခါးကိုရစ်ပတ်ထားသည့် ငွေရောင်ဖဲပြားရှည်ကြီး ပြေလျော့သွားချိန်မှသာ အနည်းငယ် နိုးကြားလာသည်။ 


ရှန်းလျိုရှန့်က မျက်လုံးများကို ပွတ်လိုက်ပြီး အောက်ဘက်သို့ လည်ဆန့်ကြည့်လိုက်သည်။ လူအုပ်ကြီးက အနည်းငယ် သတိအနေအထား ဖြစ်သွားသည်။


ထိူလူများကြားထဲတွင် ကျိုးရွှမ်လန်ကို သူတွေ့လိုက်သည်။


ပတ်ဝန်းကျင်မှ တပည့်များက တစ်ယောက်နှင့်တစ်ယောက် ခေါင်းချင်းဆိုင်ပြီး တီးတိုးပြောနေကြသော်လည်း ကျိုးရွှန်လန်တစ်ယောက်တည်းသာ ခါးမတ်မတ်ဖြင့် ရပ်နေသည်။ သူ့ပုံစံက အပြည့်အဝအာရုံစိုက်ထားပုံရပြီး ဟိုဟိုသည်သည် မျက်စိကစားမနေပေ။ 


သူက ဆုံးမစကားရှည်ကြီးကို အပြီးပြည့်စုံဆုံး အနေအထားဖြင့် နားထောင်နေသည်။


သူ့အကြည့်ကို သတိပြုမိသောအခါ ကျိုးရွှမ်လန်က မော့ကြည့်လိုက်သည်။ 


သူတို့နှစ်ယောက်က သိသိသာသာဝေးကွာလွန်းနေပေသည်။ သို့ရာတွင် ဤအခိုက်အတန့်၌ တစ်ဖက်လူက အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်ဟု ရှန်းလျိုရှန့် ခံစားလိုက်ရသည်။


" ဘာလဲဟ..."


ရှန်းလျိုရှန့် နားမလည်နိုင် ဖြစ်သွားရသည်။


တွေးတောကြည့်ပြီးသည့်အခါ ကျိုးရွှမ်လန်က  ဝိညာဉ်ကာကွယ်ဝတ်ရုံကို စိတ်ပူနေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိသည်။


ရှန်းလျိုရှန့်က သူ့ညာဘက်လက်သန်းကို ကျိုးရွှမ်လန်ရှိရာဘက်သို့ ဆန့်ထုတ်ပြီးနောက် ကွေးညွတ်ပြလိုက်လေသည်။

( ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို ဝတ်ရုံက လုံခြုံအောင်ထားပါ့မယ်လို့ pinky promise ပေးလိုက်တဲ့ပုံမျိုးပါ ) 


" တတိယဦးလေး ဘာလုပ်နေတာလဲ..."

လင်မူရှန်းက မေးလိုက်သည်။


ရှန်းလျိုရှန့် စင်မြင့်ပေါ်မှ အောက်ဘက် သူတို့ရှိသည့်နေရာကိုလှမ်းကြည့်ပြီး လက်သန်းကို ကွေးပြလိုက်သည်ကို သူ သတိပြုလိုက်မိသည်။

" မင်းတို့နှစ်ယောက်ကြားက လျှို့ဝှက်စကားများလား..."


" ငါလည်းမသိဘူး..."

ကျိုးရွှမ်လန်က အကြည့်ပြန်လွှဲလိုက်ပြီး အေးစက်စက်ဖြင့် ပြောလိုက်လေသည်။


" သူ့လက်တွေ အကြောဆွဲနေတာ နေမှာပေါ့..."


ဘန်းခနဲအသံဖြင့် ချောက်ကမ်းပါးထိပ်မှ အခြေအနေက ကတိုက်ကရိုက်ပြောင်းလဲသွားသည်။


ရှန်းလျိုရှန့်က စစ်ဖန့်သွေးရေကန်နှင့် တဖြည်းဖြည်းနီးသွားသည်။


တစ်ခဏတွင်းချင်းပင် သူ ကြက်သီးထပြီး အေးစက်စက် ခံစားလိုက်ရသည်။ ရေကန်ဝင်ပေါက်က မီးမှိန်ပျပျသာရှိပြီး ရေကန်တစ်ခွင်လုံးကို အဆုံးမဲ့အမှောင်ထုက ဖုံးလွှမ်းထားသည်။ ၎င်းက ကြက်သီးထစရာကောင်းလွန်းလှသည်။


ဂိုဏ်း၏ တစ်ထောင့်တစ်နေရာမှ အမည်မသိ အော်သံကျယ်ကြီး ထွက်ပေါ်လာသည်။ ၎င်းက ဝံပုလွေအူသံနှင့် တူပေသည်။


" အာဝူး ~~~ " 


စစ်ဖန့်သွေးရေကန်၏ ပထမဆုံးနယ်မြေက ခရမ်းရောင်လျှပ်စီးများဖြင့် ပြည့်နေသည်။ 


ရှန်းလျိုရှန့်က သူ့ခြေထောက်နားမှ ကျောက်စရစ်ခဲတစ်လုံးကိုကောက်လိုက်ပြီး အတွင်းသို့ပစ်လိုက်သည့်အခါ ခရမ်းရောင်အလင်းတန်းတောက်တောက်ကိုသာ မြင်လိုက်ရသည်။ 


ရှဲ...


ကျောက်တုံးက တစ်ခဏတွင်းချင်း ပြာမှုန်ဘဝရောက်သွားသည်။ အစိမ်းရောင်မီးခိုးလက်တစ်ဆုပ်စာလည်း ထွက်လာပေသည်။


“…” 


ရှန်းလျိုရှန့်က သူ့ဝတ်ရုံကို တင်းကြပ်စွာဝတ်လိုက်ပြီး အနောက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။


လင်ယွဲ့က ဝင်ပေါက်နားတွင် ရပ်နေသည်။ ရှန်းလျိုရှန့် ရှေ့ဆက်မသွားချင်သည့်ပုံစံဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဂရုမစိုက်သည့်အကြည့်ဖြင့် လက်တစ်ဖက်မြှောက်လိုက်သည်။


မတွန်းလှန်နိုင်သည့် အင်အားတစ်မျိုးက ရှန်းလျိုရှန့်ကို လျှပ်စီးကွင်းပြင်ထဲရောက်အောင် လိုက်သည်။

( အဲဒီသွေးရေကန်နယ်မြေထဲရောက်ရင် ကျင့်ကြံဆင့်တွေက လျော့သွားတတ်ပါတယ်၊ အဲဒါကြောင့်မို့ ရှန်းလျိုရှန့်က လင်ယွဲ့ထက် ကျင့်ကြံဆင့်မြင့်ပေမယ့် အဲဒီအားကို မခုခံနိုင်တာပါ )


လင်ယွဲ့က ချက်ချင်းပင် ဝင်ပေါက်ကိုပိတ်လိုက်ပြီး တစ်ချက်မှ ပြန်လှည့်မကြည့်ဘဲ လမ်းလျှောက်ထွက်သွားသည်။ 


အနောက်ဘက်မှ အော်သံယဲ့ယဲ့ကို ကြားနေရသည်။ ၎င်းက နာကျင်မှုကြောင့်အော်ဟစ်နေသံများဖြစ်သည်ကို သတိပြုမိသည့်အခါ လင်ယွဲ့၏နားရွက်များ အနည်းငယ် လှုပ်ရှားသွားပြီး  ခဏနားထောင်နေလိုက်သည်။ 


" -ီးပဲ လင်ယွဲ့...."


" ငါ ပြန်ထွက်လာရင်  မင်းငါ့ကို အဖိုးလို့ တတဲ့အထိ ရိုက်ပစ်မယ်..."


… …


လင်ယွဲ့က သက်ပြင်းတစ်ချက်ချပြီး စစ်ဖန့်သွေးရေကန်၏စွမ်းအားကို ပိုတိုးသွားစေသည့် မန္တန်တစ်ခု ရွတ်လိုက်သည်။


ပြန်လည်ရှင်သန်ခြင်းချောက်ကမ်းပါးထိပ်က သုဿန်တစပြင်ကဲ့သိူ့ တိတ်ဆိတ်ငြိမ်သက်သွားသည်။


ရှန်းလျိုရှန့် ရေကန်ထဲ ဝင်သွားပြီးသည့်နောက်တွင် တပည့်များအားလုံး တစ်ကိုယ်လုံးတုန်ယင်သွားပြီး စကားတစ်ခွန်းမှ မပြောရဲတော့ပေ။ 


အချိန်အလွန်ကြာညောင်းသွားသော်လည်း ယခင်က အောင်းယွဲ့၏ နာကျင်မှုကြောင့်အော်ဟစ်သံများက သူတို့စိတ်ထဲတွင် အရိပ်သဖွယ်စွဲမြဲနေဆဲဖြစ်သည်။


စစ်ဖန့်သွေးရေကန်ဝင်ပေါက် ပိတ်သွားသည်နှင့် အပြင်လောက က အတွင်းတွင် ဖြစ်ပျက်နေသည့်အရာများကို မသိနိုင်တော့ပေ။


ဤအခိုက်အတန့်တွင် အားလုံးက စစ်ဖန့်သွေးရေကန်အထက်ကောင်းကင်တွင် လျှပ်စီးများလက်နေပြီး တိမ်တိုက်များအကြား၌ နားပင်းလုမတတ် မိုးခြိမ်းသံများကိုသာ ကြားနေရသည်။


အားလုံး ကြောက်လန့်ကုန်ကြသည်။ သို့သော် ခဏအကြာတွင် တစ်စုံတစ်ရာက မှားယွင်းနေသည်ဟု သူတို့ခံစားလိုက်ရသည်။


တစ်ခုခုတော့လွဲနေပြီထင်တယ်...


" အဲ့တုန်းကဆို အောင်းယွဲ့ရဲ့အော်သံကို တစ်ဂိုဏ်းလုံးကတောင် ကြားရတယ်လေ... အခု အင်မော်တယ်ရှန်းကျတော့ ဘာသံမှလည်း မထွက်ပါလား..."


" ဟုတ်သားပဲ... ‌ဒါက ကောင်းကင်ဘုံလျှပ်စီးကို အဆင့်မြှင့်ထားတာမျိုးပဲလေ...အောင်းယွဲ့လို အရေထူတဲ့ ဧရာမနတ်ဆိုးတောင် နာလို့အော်တဲ့အသံကျယ်ကြီးတွေ ကြားရတယ်..."


လင်ကျင်းယဲ့က ကြောက်ရွံ့မှုကြောင့်လော လေအေးကြောင့်လော မသိသော်လည်း သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။


သူ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။ 

" အင်မော်တယ်ရှန်းရဲ့ စိတ်စွမ်းအားက တော်တော်အံ့ဩစရာကောင်းတာပဲ... ငါသာ သူ့နေရာမှာဆိုရင် နားစည်ကွဲအောင်ကို အော်ပစ်မိမှာ..."


သူ့ဘေးနားမှလူကို လှမ်းကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ 

" မင်း အင်မော်တယ်ရှန်းကို စိုးရိမ်နေတာလား..."


ကျိုးရွှမ်လန်က ခေါင်းအသာညိတ်ပြလိုက်သည်။


ထိုလျှပ်စီးက အလွန်အားနည်းပြီး ဝိညာဉ်ကာကွယ်ရေးဝတ်ရုံက စွမ်းအားကြီးနေမည်ကို သူစိုးရိမ်နေခြင်းဖြစ်သည်။ သူ့ရှစ်စွမ်းက အားလုံးကို အလွယ်တကူဖြတ်ကျော်လာနိုင်မည်ကို သူ စိုးရိမ်နေမိခြင်းသာ။


ရှန်းလျိုရှန့်၏တပည့်ဖြစ်သော ကျိုးရွှမ်လန်က သူ့ရှစ်စွမ်း အပြစ်ပေးခံနေရသောကြောင့် စိတ်အခြေအနေမကောင်းဖြစ်နေသည်ဟု လင်ကျင်းယဲ့ တွေးလိုက်မိသည်။


သူ ကျိုးရွှမ်လန်ကို မနှောင့်ယှက်လိုသောကြောင့် ‌တစ်ဖက်သို့လှည့်ပြီး လင်မူရှန်းနှင့် စကားပြောနေလိုက်သည်။

" ဂိုဏ်းချုပ်က ဒါကိုသိသွားတော့ ဘာပြောနေသေးလဲ..."


" ရှစ်စွမ်းပြောတာတော့ သူ သေချာမပြောတတ်ပေမယ့် ကိစ္စတွေက အကောင်းဘက်ကို ဦးတည်နေတယ်တဲ့..."

လင်မူရှန်းက မျက်လုံးများမှေးကျဉ်းလိုက်သည်။ 


" မင်း နားမလည်ဘူးမလား... ငါလည်း နားမလည်ဘူး... ဒါပေမဲ့ ပြန်လည်ရှင်သန်ခြင်းတောင်ပေါ် တက်လာတဲ့အချိန် တချို့ကိစ္စတွေ ကြားခဲ့မိသေးတယ် ... အခုတော့ ငါ ရှစ်စွမ်းရဲ့စကားတွေကို နည်းနည်းသဘောပေါက်သွားပြီထင်တယ်..."


လင်ကျင်းယဲ့က အံ့အားသင့်သွားပြီးနောက် ခဏတာ စဉ်းစားလိုက်သည်။

" မင်းရော အင်မော်တယ်ရှန်းကို စိတ်ပူနေတာလား..."


လင်မူရှန်းက အသံလွင်လွင်ဖြင့်ရယ်ပြီး ပြန်ဖြေလိုက်သည်။

" တတိယဦးလေးက ကောင်းကင်ဘုံက ကောင်းချီးပေးခံထားရတဲ့သူလေ... သူ့ကို ငါစိတ်ပူနေဖို့ မလိုပါဘူး... ပြီးတော့ ငါတို့စကားပြောနေတဲ့အချိန် ဦးလေးရှန်းက အခုဆိုရင် စစ်ဖန့်သွေးရေကန်ထဲ လမ်းလျှောက်ပြီး ဟိုဟိုသည်သည်လျှောက်ကြည့်နေမှာ..."


ဟက်ချိုး ...


ရှန်းလျိုရှန့် ရုတ်ချည်း နှာချေလိုက်သည်။ 


သူ့တစ်ကိုယ်လုံးက ကန်ရေထဲ မြုပ်နေပေသည်။


ကောလဟာလများအရဆိုလျှင် ဤရေများက လူသားတို့၏ အရိုးနှင့်အသားကိုပင် အရည်ပျော်ကျသွားစေနိုင်သည်။


သို့ရာတွင် ရှန်းလျိုရှန့်၏ခန္ဓာကိုယ်ကို လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်များက ရစ်ပတ်ပြီး ကာကွယ်ပေးထားသည်။ သူက ရေများကြောင့် သက်ရောက်မှုမရှိသည့်အပြင် ရေကန်ကို ရေပူစမ်းသဖွယ် သဘောထားနေပေသည်။


ရေကတော့ တော်တော်လေး နွေးတာပဲ...


မမျှော်လင့်ထားသည်မှာ ရေထဲတွင် အချိန်အတန်ကြာအောင် နေထိုင်ပြီးသည့်နောက် အထက်မှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ ရောင်စုံအလင်းတန်းတစ်တန်း ပေါ်လာပေသည်။


ရေကန်က တစ်ဖန် ပြန်ပွင့်လာတော့မည်ဖြစ်သည်။


နာရီဝက်ခန့်ကြာပြီးနောက် လင်ယွဲ့က သူ့ကိုအပြင်ထုတ်ပေးရန် ကြံရွယ်လိုက်သည်။ 


ဗွမ်းခနဲအသံဖြင့် ရှန်းလျိုရှန့်က ရေကန်ထဲတွင် မတ်တပ်ထရပ်လိုက်သည်။ ‌ကန်ရေပြင်တွင် ရောင်ပြန်ဟပ်နေသည့်ပုံရိပ်က ထိခိုက်ဒဏ်ရာကင်းမဲ့နေပေသည်။ 

သူ ဒီလိုကြီးထွက်သွားလို့တော့ မဖြစ်ဘူးထင်တယ်.. လှည့်စားထားတယ်ဆိုတာ အရမ်းသိသာသွားလိမ့်မယ်...


သူ ခဏတာ အလေးအနက်တွေးတောလိုက်သည်။ ထိုအချိန်တွင် သူ့ဓားမှ အလင်းရောင်ဖျတ်ခနဲ လက်လာသည်။


အပြင်ဘက်တွင်မူ လေပြင်းများ တိုက်ခတ်နေသည်။ တိမ်တိုက်မည်းများက စစ်ဖန့်သွေးရေကန်အထက်တွင် စုဝေးနေသည်။


သွေးရေကန်ဝင်ပေါက်က နောက်တစ်ဖန် ပြန်ပွင့်လာခဲ့သည်။


လူပေါင်းတစ်သောင်းခန့်က အသက်အောင့်ထားကြစဉ် ရှန်းလျိုရှန့်က တစ်လှမ်းချင်း လမ်းလျှောက်ထွက်လာသည်။


သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သွေးစက်များ ကျန်ခဲ့သည်။


ယခင် အဖြူရောင်အဝတ်အစားများက ယခုအခါ သွေးများဖြင့် နီရဲနေပေသည်။ အဝေးမှကြည့်လျှင် သူက ကတ္တီပါနီရောင်ဝတ်ရုံ ဝတ်ထားသည်ဟုပင် ထင်ရသည်။


သူ့လက်ထဲတွင် ဓားတစ်ချောင်းကိုင်ထားသည်။ ဓားအဖျားက မြေပြင်နှင့် ဆက်တိုက်ထိနေ၍ အသံစူးစူးများ ထွက်ပေါ်နေသည်။


ထိုအသံမှလွဲ၍ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။


အချို့တပည့်များက ကြောက်လန့်သောကြောင့် တုန်လှုပ်နေကြသည်။


ရှန်းလျိုရှန့်က ခြေလက်အစုံအလင်နဲ့ ပြန်ထွက်လာနိုင်တာပဲ... ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး...သူ့ကျင်ကြံဆင့်က ဘယ်လောက်တောင်မြင့်တာလဲ...


ရှန်းလျိုရှန့်၏ သွေးစွန်းနေသောခန္ဓာကိုယ်ကို မြင်သည့်အခါ  ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်မိသည်။


ဝိညာဉ်ကာကွယ်ဝတ်ရုံက ဘာအစွမ်းမှ မရှိတာများလား...


ထိုသို့တွေးနေစဉ်မှာပင် ရှန်းလျိုရှန့်၏မျက်နှာက ရုတ်ချည်းဖြူဖျော့သွားသည်ကို သူမြင်လိုက်ရသည်။


ဖွီး...


သူ သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ သူ၏ ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်က ယိမ်းနွဲ့နေပြီး ခြေလှမ်းမမှန် ဖြစ်နေသည်။ သူ့ပုံစံက အချိန်မရွေး မြေပြင်ပေါ်သို့ လဲကျသွားတော့မည့်ပုံပင်။ 


လင်ဟွား၏ အမူအရာက ချက်ချင်းပြောင်းလဲသွားပြီး ရှေ့ထွက်‌သွားတော့မည့်အချိန်၌ လင်တန့်က သူ့ကိုပိတ်ထားလိုက်သည်။


" နေဦး...ဟိုမှာကြည့်လိုက်..."


ရှန်းလျိုရှန့်က သူ့ဆံပင်ကိုချည်ထားသည့်ဖဲကြိုးကို ဖြည်ချလိုက်သောကြောင့် အနက်ရောင်ဆံနွယ်များက လေထဲတွင် လှိုင်းများသဖွယ် လွင့်နေသည်။


သူ၏ အခြားလက်တစ်ဖက်ဖြင့် လက်ဖျောက်တီးလိုက်သည့်အခါ ဓားအစီအရင်တစ်ခုက ပန်းတစ်ပွင့်သဖွယ် ပေါ်လာသည်။ 


" လွန်ခဲ့တဲ့ဆယ်နှစ်က ကျွန်တော့်ကို ဓားသခင်ယဲ့က ကယ်တင်ပေးခဲ့လို့ အဲ့အချိန်ကစပြီး သူ့ကို လေးစားခဲ့ပါတယ်... ကျွန်တော် အခုချိန်ထိ အပြစ်တွေအများကြီးလုပ်ခဲ့မိတယ်... အခုတော့ ကျွန်တော် ထင်ယောင်ထင်မှားဖြစ်နေတာတွေကနေ နိုးထလာပါပြီ... အတိတ်က ကျွန်တော့်အိမ်မက်တွေက စိတ်ကူးယဉ်မှုတစ်ခုထက် မပိုပါဘူး..."


ရှန်းလျိုရှန့်က မြေပြင်နှင့်ထိစပ်လုမတတ်ရှည်လျားသည့် ဆံပင်ကို ဆုပ်ကိုင်လိုက်သည်။ လူအုပ်ထဲမှ ယဲ့ပင်းရန်ကို သူ၏ဇာမဏီမျက်ဝန်းများဖြင့် စေ့စေ့ကြည့်လိုက်ပေသည်။


" အနာဂတ်မှာ... တကယ်လို့ ကျွန်တော် ဓားသခင်ယဲ့ပင်းရန်နဲ့ ထပ်ပြီးပတ်သက်မိမယ်ဆိုရင်..."


သူ့ဓားက အရောင်လက်သွားသည်။


အနီရောင်ကြိုးစလေးက ဆုတ်ပြဲသွားပြီး ဆံပင်‌အထွေးလိုက်နှင့်အတူ မြေပြင်ပေါ်ကျသွားသည်။


" ကျွန်တော့်ကိုယ်ကျွန်တော်လည်း ဒီဆံပင်လိုမျိုး အပိုင်းပိုင်းဖြတ်ပစ်ပါ့မယ်..."