အပိုင်း ၂၆
Viewers 22k

Chapter 26




သို့ရာတွင် ယခုနောက်ပိုင်းတွင်မူ သူတို့ဆရာတပည့်နှစ်ယောက်အကြားမှ သံယောဇဉ်က သိသာထင်ရှားလာသည်။ ကျိုးရွှမ်လန် ပြိုင်ပွဲအတွက် ပြင်ဆင်နေစဉ်တွင် ရှန်းလျိုရှန့်က တစ်ညလုံးတူတူလေ့ကျင့်ပေးခဲ့ပြီး ပြိုင်ပွဲကွင်းထဲတွင် ဒဏ်ရာရနေသော ကျိုးရွှမ်လန်ကိုဖက်ပြီး ငိုယိုနေသည့် ရှန်းလျိုရှန့်၏ပုံစံကြောင့် အားလုံးရင်ထဲ ထိသွားခဲ့ရသည်။


သူတို့အကြားမှ သံယောဇဉ်က အလွန်နက်ရှိုင်းလွန်းပေသည်။


ကျိုးရွှမ်လန်က နှစ်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပြီးသည့်နောက်တွင် အင်မော်တယ်ရှန်းထံမှ ဆုလာဘ်ကို လက်ခံရတော့မည်ဖြစ်သည်။ 


အားလုံးက ထိုမြင်ကွင်းကိုတွေ့ရန် မျှော်လင့်နေကြသည်။


သို့သော်...

" ငါ မသွားဘူး..."


ရှန်းလျိုရှန့်က ပိုးထည်‌ထိုင်ခင်းတစ်ခုပေါ် သက်တောင့်သက်သာလှဲနေပြီး ခေါင်းအုံးပေါ် မေးတင်ထားကာ စပျစ်သီးအခွံခွာနေသည်။


" အရင်လိုပဲ မင်း ငါ့အစား သွားလိုက်လေ..."


လင်ဟွား သူ့နှဖူးကို ဖိနေလိုက်သည်။


" မင်းက ဂိုဏ်းထဲမှာပဲ နေတာနော်... လင်ရှောင်းခန်းမဆောင်ကို မျက်စိတစ်မှိတ်အတွင်းသွားရင် ရောက်တာကို ဘာလို့ ငါက မင်းကိုယ်စား သွားပေးရမှာလဲ..."


ရှန်းလျိုရှန့်က နှုတ်ခမ်းတွန့်ပြီး အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။


မမေးနဲ့ ငါ့ကိုအဲ့လိုတွေ လာမမေးနဲ့...


ကျိုးရွှမ်လန်ဆိုတဲ့ကောင်လေးက ဒီလို ထူးချွန်ဆုမပြောနဲ့ အနိုင်ရနိုင်တာကို ရှုံးချင်ယောင်ဆောင်ခဲ့လို့ အကောင်းဆုံးသရုပ်ဆောင်ဆုတောင် ပေးထားသင့်တာလေ....


သူ့ကို ခေါ်မရကြောင်းသိသည့်အခါ လင်ဟွားက စကားလမ်းကြောင်းပြောင်းလိုက်သည်။


" ငါကြားတာတော့ မင်းရဲ့တပည့်က ကြွယ်ချွန်းမြစ်မှာ လေ့ကျင့်နေတာ ရက်တော်တော်ကြာပြီတဲ့... အဲ့နေရာက အရမ်းအေးတာနော် အဲ့ကောင်လေးက ပိန်ပိန်ပါးပါးနဲ့ သနားစရာလေးကို..."


ရှန်းလျိုရှန့်၏မျက်နှာ အမူအရာက မပြောင်းလဲသွားဘဲ စပျစ်သီးဆက်စားနေသည်။


" ငါသူ့ကို ချောင်းယွင်တောင်ထွတ်ကို ပြန်မလာနဲ့လို့ မပြောထားမိပါဘူး..."


သူ့တပည့်က ထိုသို့ပြုလုပ်ရသည့်အကြောင်းအရင်းကို သူ လုံးဝမတွေးတတ်အောင်ဖြစ်နေသည်။ သူ့စိတ်ထဲတွင်ပေါ်လာသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ကျိုးရွှမ်လန်က သူ့ထံတွင် ဝိညာဉ်ကျောက်တုံးများစွာရှိနေသည်ကိုသိ၍ အတိတ်က ရန်ညှိုးများကို တေးမှတ်ထားကာ လက်စားချေလိုက်သည်ဟုပင်။ 


ရှန်းလျိုရှန့်၏ရင်ထဲ ခါးသက်သက်ဖြစ်သွားရသည်။

သူ့စိတ်ထဲ ငါ့ကိုမကျေနပ်ရင် တိုက်ရိုက်လာ‌ပြောလို့ရတာပဲကို ဝိညာဉ်ကျောက်တုံးတွေက ဘာများအပြစ်ရှိလို့လဲ...


" မင်း စိတ်ပိုင်းဖြတ်ထားပြီးပြီဆိုရင်တော့ ငါ လင်ရှောင်းခန်းမဆောင်ကို သွားပြီနော်..."


လင်ဟွားက မထွက်သွားမီအချိန်တွင် တဗျစ်တောက်တောက်ဖြင့် ပြောနေသည်။


" အရင်ဆုံး ငါ့တပည့်အတွက် မှော်ပစ္စည်းတစ်ခု ပေးရမယ်၊ ပြီးရင် ဂိုဏ်းချုပ်က လင်မူရှန်းကို ဆုပေးတာကို ကြည့်ရမယ်၊ ပြီးရင် မင်းပေးရမယ့်ဆုကို ကျိုးရွှမ်လန်ဆီ ပေးရမယ်..."


" အိုး ဒါနဲ့ စကားမစပ်... သူ ဂိုဏ်းထဲကိုရောက်လာတဲ့ ပထမဆုံးနှစ်က ကျိုးရွှမ်လန် ပထမရခဲ့တာကို ငါမှတ်မိသေးတယ်... မင်း မရောက်လာတော့ ငါတခြားအကြီးအကဲတစ်ယောက်ကို ဆုပေးခိုင်းလိုက်ရရော... သူက အဲ့ဆုကို ကြမ်းပေါ်ပစ်ချလိုက်မိတယ်လေ... ခန်းမထဲက တပည့်တွေအားလုံးက ဟားတိုက်ရယ်ပြီးတော့ ကျိုးရွှမ်လန် အဲ့ဆုကိုကောက်မှာလား မကောက်ဘူးလားဆိုတာကို တိုးတိုး တိုးတိုးနဲ့ ပြောနေကြတာ..."


လင်ဟွားက တံခါးနားရောက်သည့်အခါ ရှန်းလျိုရှန့်၏ဘက်သို့လှည့်ပြီး ညစ်ကျယ်ကျယ်ပြုံးပြလိုက်သည်။


" ငါ့လက်တွေ တုန်နေရင် ဘယ်လိုလုပ်မလဲ... တကယ်လို့ ဆုက ပြုတ်ကျသွားမယ်ဆိုရင် ကျိုးရွှမ်လန်က ကောက်မယ်လို့ထင်လား..."


" မင်းပဲကောက်ပေးလိုက်ပေါ့ ချီးပဲ..."


စပျစ်စီးတစ်လုံးက တံခါးကိုလာထိသွားသည်။


.....


လင်ရှောင်းခန်းမဆောင်ထဲတွင် လင်ဟွားက ပန်းပွင့်ထိုးထားသည့် ဘူးတစ်ဘူးကိုယူပြီး လင်ကျင်းယဲ့ထံသို့ လျှောက်လာနေသည်။ သူတပည့်က ပြုံးစိစိဖြင့် သူ့ကိုလက်တစ်ဖက်ဆန့်ပေးနေသည်အား မြင်လိုက်ရသောအခါ လင်ဟွားက သူ့လက်ကို ရိုက်ချလိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။


" တတိယ ရတဲ့တပည့်လေး မင်း နည်းနည်းလောက်ပိုပြီး အလေးအနက်ထားလို့ မရဘူးလား..."


လင်ကျင်းယဲ့က ‌လျှာထုတ်ပြလိုက်ပြီး ပြုံးဖြဲဖြဲလုပ်နေသည်။


" ရှစ်စွမ်းလည်း အရင်တုန်းက ဂိုဏ်းချုပ်နဲ့ အင်မော်တယ်ရှန်းကို တစ်ခါမှ မနိုင်ခဲ့ဘူးဆို... ကျွန်တော်လည်း ရှစ်စွမ်းခြေရာအတိုင်းလိုက်တာပဲ..."


ဘယ်သူက အင်မော်တယ်ရှန်းအကြောင်း အဲ့လောက်သိသိသာသာကြီး ပြောလို့လဲ...

ခန်းမဆောင်ထဲမှလူများက လင်ကျင်းယဲ့အစား ချွေးပြန်ကုန်ကြသည်။


မမျှော်လင့်ထားသည်မှာ လင်ဟွားက သူ့တပည့်ခေါင်းကို အသာပွတ်သပ်ပေးလိုက်သည်။ 


" မင်းတောင် ပြောရဲဆိုရဲ ဖြစ်လာပြီပဲ..."


ကြည့်ရှု့နေသူများအနက် အချို့တပည့်များက စိတ်ထဲတွင် ချဉ်တူးကုန်ကြသည်။


အင်မော်တယ်တစ်ယောက်ဖြစ်သည့်လင်ဟွားက သဘောကောင်းသော်လည်း သူ့တပည့်ကို ဤမျှအထိ အလိုလိုက်မည်ဟု မထင်ထားခဲ့ကြပေ။ 


ချင်းလင်ဂိုဏ်းက ငါတို့ကို ဒီလိုရှစ်စွမ်းတစ်ယောက် အကြွေးတင်နေပြီ...


အစီအစဉ်အရဆိုလျှင် နောက်ထပ် ဆုလက်ခံရမည့်သူက ကျိုးရွှမ်လန်ဖြစ်ပေသည်။ သို့ရာတွင် အင်မော်တယ်ရှန်း၏ပုံရိပ်ကို ခန်းမဆောင်ထဲတွင် လုံးဝမမြင်ရပေ။ အားလုံး ဇဝေဇဝါဖြစ်နေစဉ်တွင် ဂိုဏ်းချုပ်က ဓားတစ်ချောင်းကိုင်၍ လင်မူရှန်းထံသို့ လျှောက်လာသည်။


" ဒီဓားကို ဇီရှောင်လို့ခေါ်တယ်... ငါ‌ ‌ဓားသွားပေါ်မှာ ဝိညာဉ်အမှတ်အသားတစ်ခု ချန်ထားတယ်... မင်း အန္တရာယ်တစ်ခုခုကြုံလာရင် ဒီဓားက ကာကွယ်ပေးလိမ့်မယ်..."


နေရာတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။


တပည့်များသာမက အကြီးအကဲအချို့၏ မျက်လုံးများပါ နီရဲလာသည်။


ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်အမှတ်အသားဆိုသည်မှာ အသက်ကယ်အဆောင်အင်းတစ်ခုနှင့် တူပေသည်။ လင်မူရှန်းက အသက်တစ်ချောင်းအပိုရလိုက်သည့်သဘောပင်။ 


လင်မူရှန်း စိတ်လှုပ်ရှားနေပြီး ဓားကိုကိုင်ထားသည့်လက်များက တုန်ယင်လာသည်။

" ကျေးဇူးတင်ပါတယ် ရှစ်စွမ်း..."


လင်မူရှန်း ဇီရှောင်ဓားကို သိမ်းထားလိုက်သည်ကိုကြည့်ပြီး တပည့်များ၏ရင်ထဲတွင် ချဉ်တူးလာပြန်သည်။


ဟုတ်ပြီ ချင်းလင်ဂိုဏ်းက ငါတို့ကို ဂိုဏ်းချုပ်လို ရှစ်စွမ်းတစ်ယောက် အကြွေးတင်သွားပြန်ပြီ...


ကံကောင်းသည်မှာ သူတို့က ကျိုးရွှမ်လန်ကိုကြည့်၍ နှစ်တိုင်း နှစ်သိမ့်မှုအချို့ ရရှိနိုင်ပေသည်။ အင်မော်တယ်ရှန်း ယနေ့ရောက်လာလိမ့်မည်ဟု သူတို့ထင်ထားကြသော်လည်း ဤတစ်ကြိမ်တွင်လည်း သူ့တပည့်ဘက်တွင် မရှိနေပေးသည့်ပုံဖြစ်သည်။


လင်ကျင်းယဲ့ စိုးရိမ်လာသည်။ ပင်မခန်းမဆောင်သို့ မလာစဉ်က အင်မော်တယ်ရှန်း လာမလာကို ကျိုးရွှမ်လန်ကို သူ မေးခဲ့သည်။


ကျိုးရွှမ်လန်က သူလည်းမသိကြောင်း ပြန်ဖြေခဲ့သည်။


သူက မျက်လွှာချထားပြီး ခါးသက်စွာဖြင့် ပြန်ပြောခဲ့သည်။


" ရှစ်စွမ်းက ငါ့ကိုဂရုမစိုက်တော့ဘူး... သူဘာလို့ ငါ့ကိုစိတ်ဆိုးသွားတာလဲ ငါမသိဘူး..."


လင်ကျင်းယဲ့က လင်ဟွား၏ဝတ်ရုံလက်ကို လှမ်းဆွဲလိုက်သည်။


" ရှစ်စွမ်း သူ့ကိုမြန်မြန်ဆုသွားပေးလိုက်ပါ သူတစ်ယောက်တည်း ရပ်နေရတာ..."


ကျိုးရွှမ်လန်က ဝမ်းနည်းမှုများကို ဖုံးကွယ်ထားတာ ရင်ထဲတွင် သက်ပြင်းချလိုက်သည်။


ငါလည်း သူ လာမယ်လို့ မထင်ပါဘူး...


ကျိုးရွှမ်လန်က ရှားပါးဝိညာဉ်ဆေးလုံးများပါဝင်သည့် အပြာရောင်ဘူးတစ်လုံးကို လက်ခံရမည်ဖြစ်သည်။ သူ ဆုကိုယူရန် လက်လှမ်းလိုက်ချိန်တွင် ကျောက်စိမ်းတမျှဖြူဖွေးသော လက်တစ်ဖက်က မည်သည့်နေရာကမှန်းမသိ ပေါ်လာပြီး ထိုဘူးကို လှမ်းယူသွားသည်။


" တပည့်ပိုင်တဲ့အရာကို ဆရာလည်းပိုင်တာပဲ..."


ရှန်းလျိုရှန့်က ပြောပြောဆိုဆိုဖြင့် သူ့ခါးမှ သိုလှောင်အိတ်ကိုထုတ်လိုက်ပြီး ဘူးကို သေတ္တာထဲ ပစ်ထည့်လိုက်သည်။


" ငါ ဒါကိုယူမယ်..."


ခန်းမဆောင်တစ်ခုလုံး အုတ်အုတ်ကျက်ကျက်ဖြစ်ကြန်သည်။


ပထမဆုံး - မည်သူကမှ ရှန်းလျိုရှန့် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။ ဒုတိယ - အခြားဆရာများက သူတို့တပည့်များကို ဆုလာဘ်များ ချီးမြှင့်နေစဉ်တွင် ရှန်းလျိုရှန့်က လူဆိုးတစ်ယောက်သဖွယ် သူ့တပည့်၏ဆုကိုပါ လုယူသွားသည်။


ရင်းနှီးနေသည့်အသံကို ကြားလိုက်ရသည့်အခါ ကျိုးရွှမ်လန် ဆတ်ခနဲ ခေါင်းမော့ကြည့်လိုက်သည်။ အဖြူရောင်ဝတ်ရုံ ဝတ်ထားသည့်လူအပေါ် သူ့အကြည့်များက ကျရောက်သွားရသည်။


သူ့နှုတ်ခမ်းပါးလေး တုန်ယင်လာပြီး အနည်းငယ် ထိန်းချုပ်ထားရသကဲ့သို့ အသံမျိုး ထွက်လာသည်။

" ရှစ်စွမ်း..."


ထိုရက်က ဟွာထျန်းတောင်ထွတ်တွင် သူ အဘယ့်ကြောင့် အနိုင်မရခဲ့ကြောင်း ပြောလိုက်ချိန်တွင် သူ့ရှစ်စွမ်း၏ အမူအရာက ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။


ရှန်းလျိုရှန့်က သူ့ကို လက်ညှိုးထိုးလိုက်သည်။

" မင်း မင်း မင်း မင်း..."


ခဏအကြာတွင် သူ စိတ်ဆိုးမာန်ဆိုးဖြင့် ထွက်သွားခဲ့သည်။ သူ အနောက်က ပြေးလိုက်သွားသော်လည်း သူ့ရှစ်စွမ်းက သူ့ကိုလျစ်လျူရှု့ထားခဲ့သည်။


ထိုရက်က ချောင်းယွင်တောင်ထွတ်သို့ ပြန်ရောက်ချိန်တွင်လည်း ရှန်းလျိုရှန့်က သူ့အခန်းအပြင်ဘက်တွင် အရံအတားတစ်ခုချထား၍ သူ့ကိုသွားတွေ့မရတော့ပေ။


( ဒီအောက်စာပ်ိုဒ်ကစပြီး လက်ရှိအချိန်ကို ပြန်ရောက်လာပါပြီ ပြန်စဉ်းစားနေတာများတော့ ရောကုန်မှာစိုးလို့ပါ )


ရှစ်စွမ်း ငါ့ကို စိတ်မဆိုးတော့လို့ လာတွေ့တာများလား...


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ရှေ့တွင်ရပ်နေပြီး သူ့ကိုစေ့စေ့စပ်စပ်ကြည့်နေသည်။ ကျိုးရွှမ်လန်၏မျက်ဝန်းနက်ထဲတွင် အနည်းငယ်နီရဲနေသည်ကို မြင်လိုက်ရသောအခါ မျက်ခုံးပင့်လိုက်မိသည်။


အထင်အမြင်သေးသည့် အသံတိုးတိုးတစ်သံပြုလိုက်ပြီးနောက် ရှန်းလျိုရှန့်က လက်တစ်ဖက်မြှောက်ပြီး သူ၏ကျောက်စိမ်းသဖွယ်လက်ချောင်းများဖြင့် ကျိုးရွှမ်လန်၏ နှဖူးကို ထိလိုက်သည်။


ထိုအခိုက်အတန့်တွင်...


အေးစက်စက်အရိပ်အယောင်အချို့ဖြင့် သူ့လက်ချောင်းများဖြင့် နှဖူးကို အသာ‌တောက်လိုက်သည်။


" ဖြုန်းတီးတဲ့ ကောင်စုတ်လေး..."


( ရှန်းလျိုရှန့်က သူ့ရဲ့ဝိညာဉ်ကျောက်တုံးတွေ ကျိုးရွှမ်လန်ကြောင့် ကုန်သွားလို့ သူက ဖြုန်းလိုက်တယ်ဆိုတဲ့သဘောနဲ့ ပြောလိုက်တဲ့စကားပါ )


ခန်းမဆောင်ထဲမှ ထွက်လာပြီးသည့်နောက်တွင် လင်ကျင်းယဲ့က သိချင်စိတ်ကို ထိန်းမထားနိုင်တော့ဘဲ စပ်စုစွာဖြင့် မေးလိုက်သည်။


" အင်မော်တယ်ရှန်းက ဘာလို့ မင်းနှဖူးကိုတောက်တာလဲ... သူ့ပုံစံက အပြစ်ပေးတာနဲ့မတူဘဲ မင်းကို ချစ်စနိုးနဲ့ စနောက်နေသလိုပဲ..."


ကျိုးရွှမ်လန် သူ့နှဖူးကို သူထိကြည့်လိုက်သည်။ အင်မော်တယ်ရှန်း၏ အေးစက်စက်လက်ဖျားများက သူ့နှဖူးပေါ်ကျရောက်ပြီး တောက်လိုက်ချိန်တွင် သူ့မျက်နှာက အနည်းငယ်ရှုံ့မဲ့သွားသည်။ သူ့အကြည့်က ဇာမဏီမျက်ဝန်းတစ်စုံအပေါ်သို့ ကျရောက်သွားပေသည်။


သူ့ရှစ်စွမ်း၏ မျက်လုံးထောင့်စွန်းများက အနည်းငယ်ကော့ညွတ်ပြီး စိတ်ကျေနပ်သွားဟန်ဖြင့် ညစ်ကျယ်ကျယ်ပြုံးလိုက်သည်ကို မြင်လိုက်ရသည်။


ကျိုးရွှမ်လန် နာကျင်သွားသဖြင့် သူ့စိတ်ထဲ ကျေနပ်အားရသွားခြင်းဖြစ်သည်။


ကျိုးရွှမ်လန် ပျာယာခတ်သွားပြီး မည်သို့တုံ့ပြန်ရမည်ကို မသိတော့ပေ။ ထိုအခိုက်အတန့်တွင် သူ့ကိုယ်ထဲတွင် ပုန်းအောင်းနေသည့်အရာတစ်ခုက ပေါက်ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


သူ့အတွေးများကို ပြန်လည်စုစည်းလိုက်သည်။ မူလက သူ ချောင်းယွင်တောင်ထွတ်သို့ ပြန်သွားရန် တွေးလိုက်သော်လည်း ထိုအစား ကြွယ်ချွန်းမြစ်ဘေးသို့သွားကာ စိတ်တည်ငြိမ်အောင် ကြိုးစားလိုက်သည်။


ကြွယ်ချွန်းမြစ်ရေက ချင်းလင်ဂိုဏ်း၏အနောက်ဘက်တောင်မှ စီးဆင်းလာခြင်းဖြစ်၍ ရေ၏အရည်အသွေးက ကောင်းမွန်ပြီး သလင်းကျောက်သဖွယ် ကြည်လင်နေသည်။


ကျိုးရွှမ်လန်က မြစ်ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ရေကိုလက်ခုပ်ဖြင့်ခပ်ကာ မျက်နှာသစ်လိုက်သည်။ ရေစက်များက သူ့မေးရိုးပေါ်မှ ကျဆင်းသွားပြီး ရေထဲတွင် ရောင်ပြန်ဟပ်နေသည့် သူ၏ ချောမောသောမျက်နှာထက်တွင် လှိုင်းဂယက်များ ဖြစ်လာစေသည်။


မနီးမဝေးမှ မိန်းကလေးတပည့်အုပ်စုက မျက်နှာလေးများနီမြနိးကာ ရှက်သွားကြပြီး အချင်းချင်းတီးတိုးပြောဆိုနေကြသည်။


ကျိုးရွှမ်လန်က သူတို့စကားများကို နားစွန်နားဖျားကြားလိုက်၍ မျက်မှောင်ကြုတ်သွားမိသည်။ ထို့နောက် ဓားကိုယူ၍ နောက်သို့ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။


သူက ကျင့်ကြံနေချိန်၌ အနှောင့်အယှက်ပေးခံရသည်ကို မကြိုက်ပေ။ သို့ရာတွင် လူအချို့က သူ့နောက်မှ အမြဲလိုက်နေလေ့ရှိသည်။ ထိုအကြောင်းများကြောင့် သူ ကျင့်ကြံသည့်နေရာကို အကြိမ်ပေါင်းများစွာ ပြောင်းနေရသည်။ ကြွယ်ချွန်းမြစ်က လူအများစု မတောင့်ခံနိုင်သော အေးစက်သည့်စွမ်းအင်များဖြင့် ပြည့်နေ၍ သူ့နောက်မှလိုက်လာသူအချို့ကိုပါ ဖယ်ထုတ်ပြီးသားဖြစ်သွားသည်။ သို့သော် ပြိုင်ပွဲပြီးဆုံးသည့်နောက်တွင် သူ့နောက်မှလိုက်သူများ ရှိလာပြန်သည်။


သူတို့ဘာလို့ ငါ့နောက် လိုက်နေပြန်တာလဲ...


လင်မူရှန်းက အဆင့်တစ်နေရာ ရတဲ့သူလေ ဘာလို့ သူနဲ့အတူလေ့ကျင့်ဖို့ မသွားကြတာလဲ...


သူက တာအိုလမ်းစဉ်ပဲလိုက်ပြီး အချစ်ရေးကိစ္စကို စိတ်ဝင်စားမယ့်သူမှ မဟုတ်တာ... ဘာလို့ အချိန်ကုန်ခံပြီး သူ့နောက်လိုက်နေကြတာလဲ...



" ကျွတ် ကျွတ် ဒီနားလာဦး..."


ပျင်းရိနေသည့် ခွေးပေါက်စလေးတစ်ကောင်က မြက်ခင်းပေါ်လှဲနေပြီး မျက်လုံးများမှေးစင်းကာ နေပူဆာလှုံနေသည်။ လေပြည်တစ်ချက် တိုက်ခတ်လာချိန်တွင် သူ၏ မီးခိုးရောင်အမွေးအချို့က လေနှင့်အတူ ယိမ်းနွဲ့နေသည်။


ရှန်းလျိုရှန့်က သူ့စံအိမ်သို့ ပြန်ရောက်ရောက်ချင်း ဤမြင်ကွင်းကို တွေ့လိုက်ရသောကြောင့် ခွေးလေးနှင့် ဆော့ကစားချင်စိတ် ပေါက်လာသည်။ သူ ချော့မော့ပြီးပြောလိုက်သည်။ 


" ဒီကိုလာပါဦး ငါမင်းကို စားကောင်းတာတစ်ခု ပေးမယ်လေ..."


အောင်းယွဲ့၏ ခေါင်းကတစ်ချက်စောင်းသွားပြီးနောက် မျက်ဆံလှန်လိုက်သည်။


အကျင့်ယုတ်တဲ့ မကောင်းဆိုးဝါးအင်မော်တယ်ရှန်းက ဘာများရှိလို့လဲ... လွန်ခဲ့တဲ့ ၂ရက်တုန်းကတောင် သူ့အခန်းထဲက ခရမ်းရောင်သစ်သားနဲ့ထွင်းထားတဲ့ စားပွဲကြီးနဲ့ ကြွေပန်းအိုးကြီးကို ရောင်းစားနေတာ မြင်လိုက်သေးတယ်... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရောက်နေတဲ့ တခြားကျင့်ကြံသူတွေကတော့ သူ့ကြောင့်အရှက်ရမှာပဲ...


သူ  ထိုနေရာတွင် မလှုပ်မယှက်နေနေ၍ ရှန်းလျိုရှန့်က သူ့အနားကိုလျှောက်လာပြီး အောင်းယွဲ့၏ နားရွက်ဖောင်းဖောင်းလေးကို ဆွဲလိမ်လိုက်သည်။


" မင်းကိုကြည့်ရတာ နည်းနည်းထွားလာသလိုပဲ... ဒဏ်ရာတွေ ပြန်ကောင်းလာပြီထင်တယ် ဒါဆိုရင်..."


အောင်းယွဲ့၏တစ်ကိုယ်လုံး တုန်ယင်သွားပြီး အမြန်ထလာကာ နာခံစွာဖြင့် ရှန်းလျိုရှန့်၏လက်ကို သူ့ခေါင်းဖြင့် ပွတ်ပေးလိုက်သည်။


" အာ ဝူး ~ "


အောင်းယွဲ့၏ အသည်းက နာကျင်နေဆဲဖြစ်သည်။


သူသည်လည်း ကောင်းကင်ဘုံခွေးမျိုးနွယ်စုအတွက် သိက္ခာကျစရာ ဖြစ်လာသည့်ပုံပင်။


" လိမ္မာလိုက်တာ ငါမင်းကို ဆုပေးမယ်..."

ရှန်းလျိုရှန့်က သူ့ကြယ်တာရာအိတ်ထဲမှ ပူနွေးနေသည့်အရာတစ်ခုကိုထုတ်လာပြီး စက္ကူကိုဖြည်လိုက်ချိန်တွင် ကြက်ပေါင်တစ်ချောင်း ပေါ်လာသည်။


" ရော့ စားကြည့်ပါဦး..."


သူက ထိုကြက်ပေါင်ကို ဂိုဏ်းအတွင်းမှသာ ဝယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ငွေကနည်းနေ၍ ကြက်ပေါင်တစ်ချောင်းသာ ဝယ်လာခဲ့နိုင်သည်။


အောင်းယွဲ့က မျက်လုံးအပြူးသားဖြစ်သွားပြီး နောက်သို့တစ်လှမ်းဆုတ်ကာ ထွက်ပြေးရန် ကြိုးစားနေသည်။ သို့သော် အေးစက်စက် နှာမှုတ်သံတစ်သံ ကြားလိုက်ရသည့်အခါ ကူကယ်ရာမဲ့စွာဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။


ဒီလူ မကောင်းဆိုးဝါးအင်မော်တယ်ရှန်းပဲ... ငါ့အခြေအနေက ဒီလိုဖြစ်နေတာတောင် သူက ထပ်ပြီး အရှက်ခွဲချင်နေသေးတယ်...


ရှန်းလျိုရှန့်က မွှေးပျံ့လှသည့်ကြက်သားကို ဖဲ့ပြီး အောင်းယွဲ့၏ ပါးစပ်နား ကပ်ပေးလိုက်သည်။

" ဒီအင်မော်တယ်က အငြင်းခံရတာကို မကြိုက်ဘူးနော်... မင်း ပါးစပ်ဟမှာလား မဟဘူးလား..."


အောင်းယွဲ့၏မျက်လုံးများက မီးများထွက်လာတော့မည်ဟုပင် ထင်ရပေသည်။


" စစ်သည်တော်တစ်ယောက်က အသတ်ခံလို့ရပေမယ့် အရှက်တော့အခွဲမခံနိုင်ဘူး... ဒီဘဝမှာ ကောင်းကင်ဘုံခွေးမျိုးနွယ်ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်သာ ဖြစ်မနေခဲ့ဘူးဆိုရင် ငါဆိုတဲ့အောင်းယွဲ့က ဒီကြက်ပေါင်တစ်ချောင်းကို စားရမယ့်အစား ချောက်ကမ်းပါးကနေ ခုန်ချတာပဲဖြစ်ဖြစ် မြစ်ထဲ ခုန်ချတာဖြစ်ဖြစ် လုပ်လိုက်မှာ..."


သူ့မျက်နှာက ခွေးတစ်ကောင်ကဲ့သို့ ရှုံ့တွလာပြီးနောက် အောင်းယွဲ့က တုန်တုန်ယင်ယင်ဖြင့် ကြက်သားကို တစ်ကိုက်ကိုက်လိုက်သည်။ သူ့စိတ်ထဲတွင် ရှက်ရွံ့မှုနှင့် ပြိုလဲသွားမှုတို့ ရောယှက်လာသည်။ 

ဒီလိုအရာတွေက ငါ့ကို တကယ်နှိပ်စက်နေသလိုပဲ...


" အာဝူး..."


အောင်းယွဲ့၏မျက်လုံးများ ရုတ်ချည်းအရောင်လက်သွားပြီး ကြက်သားကို တစ်ကိုက်တည်းဖြင့် မျိုချလိုက်သည်။ သူ့ပုံစံက အစာမဝသေးသကဲ့သို့ လျှာတစ်လစ်ထွက်နေသည်။


" အာ အ

ာ အာဝူး ~ အရမ်းအရသာရှိတာပဲ..."


ယခင်က ဤမျှအရသာရှိသည့် စားစရာမျိုး သူ မစားဖူးခဲ့ပေ။ အသားက လျှာပေါ်တွင် အရည်ပျော်ကျသွားသည်နှင့်တူပြီး လှုံဆော်မှုတစ်မျိုးက အရသာခံဖုများကို ပျံ့နှံ့သွားသည်မှာ သွေးကြောအားလုံးကို ဖွင့်ပေးလိုက်သည်နှင့် တူပေသည်။