အပိုင်း ၂၇
Viewers 23k

Chapter 27



ကောင်းကင်ဘုံခွေးက အစားကောင်းကြိုက်သူတစ်ယောက်အဖြစ် ကူးပြောင်းသွားသည်ကို ရှန်းလျိုရှန့် ကြည့်နေမိသည်။ 


လျှာသပ်ပြီးသည့်အခါ အောင်းယွဲ့က ရှန်းလျိုရှန့်၏လက်ချောင်းများကိုပါ လျက်နေသည်မှာ ကလေးလေးတစ်ယောက်က မိခင်နို့စို့နေသည်နှင့် တူပေသည်။


ရှန်းလျိုရှန့်၏နှုတ်ခမ်းကမဲ့သွားပြီး လက်ပြန်ရုတ်လိုက်သည်။


" ကျန်နေသေးတဲ့ ကြက်ပေါင်ကို သွားရည်ကျပြီး ကြည့်မနေနဲ့ ဒါငါ့ဖို့ညစာ..."


ထို့နောက် သူ အိမ်ထဲ ဝင်သွားရန် ပြင်လိုက်သည်။


အောင်းယွဲ့က လက်မလျှော့သေးဘဲ ရှန်းလျိုရှန့်၏အဝတ်စကို ကိုက်ဆွဲထားသည်။


" ငါ့ကိုကြက်ပေါင်ကျွေး... ငါမင်းကို တစ်နေ့ကျ မဟာတောင်တန်းနဲ့ ပင်လယ်တွေဆီ ခေါ်သွားပေးမယ်..."


မဟာတောင်တန်းနှင့် ပင်လယ်များက နတ်ဆိုးဘုံမှ နာမည်ကျော်ကြားသော မြင့်မြတ်နယ်မြေများဖြစ်ပြီး မရေမတွက်နိုင်သည့် မဟာနတ်ဆိုးများ မွေးဖွားသည့်နေရာဖြစ်သည်။ ၎င်းက ကျင့်ကြံရေးလောကမှလူများ ကြောက်ရွံ့ကြသည့်နေရာဖြစ်သော်လည်း လေ့လာစူးစမ်းချင်နေသည့် နေရာမျိုးဟုဆိုလျှင်လည်း မမှားပေ။ လွန်ခဲ့သော နှစ်တစ်ထောင်အတွင် ထိုနေရာသို့ သွားရောက်ခဲ့သူများအနက် ကျင့်ကြံသူတစ်ယောက်သာ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သည်။ ထိုလူက ဧကရာဇ်နန်းတော်၏ အုပ်ချုပ်သူ ဧကရာဇ်ရှင်းယွီဖြစ်သည်။


ရှန်းလျိုရှန့် မျက်လုံးများ မှေးကျဉ်းလိုက်သည်။

" ဒါဆို အပေးအယူဖြစ်ပြီ..."


အောင်းယွဲ့က တံတွေးမျိုချလိုက်ပြီးသည့်နောက်တွင် ကြက်ခြေထောက်ကို အားပါးတရ စားတော့သည်။ 


တောင်ထိပ်တွင် လေပြည်တစ်ချက်ဝှေ့လာ၍ အစိမ်းရောင်သစ်ရွက်တစ်ရွက်က ရှန်းလျိုရှန့်၏နားနားကို ပွတ်တိုက်သွား၍ ထိုသစ်ရွက်ပေါ်မှ တစ်စုံတစ်ရာက သူ့နားရွက်ထဲ ရောက်သွားသည်။


ရှန်းလျိုရှန့် ထိုနေရာတွင် အေးခဲသွားပြီး တောင့်တောင့်ကြီး ရပ်နေမိသည်။


နားရွက်ထဲသို့ အကောင်ငယ်လေးတစ်ကောင် ဝင်သွားချိန်တွင် သူ့တစ်ကိုယ်လုံး ယားကျိကျိဖြစ်လာသည်။သူ့ဦးရေပြားများ ကျိန်းစက်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့ကာ ထိုနေရာတွင်ပင် ရပ်နေမိသည်။


သူဟ အမူအရာကို ရုတ်ချည်းပြောင်းလဲသွားစေနိုင်သည့် တစ်ခုတည်းသောအရာမှာ အင်းစက်ပိုးမွှားများသာဖြစ်သည်။ သူ ငယ်စဉ်ကလေးဘဝတည်းက ပိုးကောင်များကို အလွန်ကြောက်ပြီး သူတို့ကိုတစ်ချက်ကြည့်ရုံဖြင့် တစ်ကိုယ်လုံးထိန်းမရအောင် တုန်ယင်လာနိုင်သည်။


" ရှစ်စွမ်း..."

သူ့နောက်မှ ခြေသံများ ထွက်ပေါ်လာသည်။


ရှန်းလျိုရှန့် မျက်လုံးအနည်းငယ်ပွင့်လာပြီး တောင်းပန်တိုးသျှိုးသည့် လေသံဖြင့် ပြောလိုက်သည်။


" မြန်မြန်လာပြီး ငါ့ကိုကယ်ပါဦး..."


သူ့ရှစ်စွမ်းက ပိုးကောင်ငယ်လေးတစ်ကောင်ကို ကြောက်လွန်းသောကြောင့် မလှုပ်ရှားနိုင်သည်အထိ ဖြစ်သွားလိမ့်မည်ဟု ကျိုးရွှမ်လန် မမျှော်လင့်ထားခဲ့ပေ။ 


ရှန်းလျိုရှန့်၏ နက်မှောင်သောဆံပင်ရှည်များကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်ပြီးသည့်အခါ ကြည်လင်ဖြူဖွေးပြီး အပြစ်အနာအဆာကင်းနေသည့် နားရွက်လေးကို မြင်လိုက်ရသည်။


" ဘာကောင်မှ မတွေ့ဘူး..."


" သေချာကြည့်ပါဦး..."

ရှန်းလျိုရှန့်၏အသံက ကြောက်စိတ်ကို မနည်းထိန်းထားရသည်နှင့်တူသည်။


" အဲဒါက ရုတ်တရက်ကြီး မလှုပ်တော့ဘူး..."


ကျိုးရွှမ်လန် သူ့အနားကပ်ပိုကပ်လာပြီးနောက် ခဏအကြာတွင် သူ့အကြည့်များ အေးခဲတောင့်တင်းသွားသည်။


ရှန်းလျိုရှန့်က သူ့လည်တိုင်နားမှ ဝင်သက်ထွက်သက်က အစီအစဉ်မကျဖြစ်လာသည်ကို အာရုံခံမိ၍ ချက်ချင်းမေးလိုက်သည်။


" ရှာတွေ့လား..."


ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီးနောက် သူ့အကြည့်များတွင် အံ့ဩမှုအချို့တို့ ရောယှက်ပါဝင်နေပေသည်။ သူ နေရခက်စွာဖြင့် ဘေးဖယ်လိုက်ပြီးနောက် လေးလံနေသည့်လေသံဖြင့် ပြောလိုက်သည်။


" တကယ် ဘာမှမရှိပါဘူး..."


ရှန်းလျိုရှန့် မျက်လုံးမှိတ်ထားလိုက်ပြီး သူ၏ တောင့်ခံထားရသော အာရုံကြောများက ပေါက်ကွဲထွက်လာတော့မည်ဟု ထင်လိုက်သည်။ ကံကောင်းသည်မှာ ထိုအချိန်၌ သူ့လည်ပင်းနှင့်ပခုံးတို့ဆုံရာတွင် လှုပ်ရှားမှုအချို့ ဖြစ်ပေါ်လာသည်ကို ခံစားမိလိုက်သည်။


ထို့နောက် ကျိုးရွှမ်လန်က တစ်စုံတစ်ရာကို နှိုက်ယူလိုက်ပြီးနောက် သူ့ရှေ့တွင် ထုတ်ပြလိုက်သည်။ ၎င်းက ပုရွက်ဆိတ်ပေါက်စလေးတစ်ကောင်ဖြစ်သည်။


ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။ ကံကောင်းသည်မှာ ၎င်းက ခြေတံလက်တံရှည်များဖြင့် ထူးဆန်းသောပိုးကောင် ဖြစ်မနေပေ။ ထိုသို့မဟုတ်ပါက သူ ထိုနေရာတွင်ပင် သတိလစ်သွားနိုင်သည်။


စိတ်တည်ငြိမ်သွားသည့်အခါ သူ၏ ကိုးရို့ကားယား ပုံပန်းသွင်ပြင်ကို ပြန်လည်အမှတ်ရသွားသည်။ ရှန်းလျိုရှန့် ရှက်သွားသောကြောင့် လက်တီးကိုတင်းတင်းဆုပ်ပြီး ချောင်းဟန့်လိုက်သည်။ 


" အချိန်က စောနေသေးတယ်လို့ထင်တယ် မင်းလည်း စောစောပြန်လာတယ်ဆိုတော့ နည်းနည်းလောက် ထပ်လေ့ကျင့်ရင်ရော ဘယ်လိုလဲ..."


ကျိုးရွှမ်လန် ထိတ်လန့်သွားပြီးနောက် တုံ့ဆိုင်းစွာဖြင့် သဘောတူလိုက်သည်။ သူ ကြွယ်ချွန်းမြစ်ကမ်းရှိရာသို့ နောက်တစ်ကြိမ်ဦးတည်သွားလိုက်ပေသည်။



ကျိုးရွှမ်လန် ကျောက်တုံးကြီးပေါ်၌ တင်ပျဉ်ခွေထိုင်နေစဉ် မြစ်ရေက ကျယ်လောင်စွာဖြင့် စီးဆင်းနေသည်။


ညနေခင်းနေရောင်က လူငယ်လေး၏ ခန္ဓာကိုယ်မှတစ်ဆင့် ကျောပြင်ပေါ်နှင့် ပခုံးထက်သို့ရောက်လာပြီး တောင့်တင်းလှသည့် မေးရိုးကို ကျော်ဖြတ်ကာ နောက်ဆုံးတွင် မျက်ခုံးများအကြား၌ ပျောက်ကွယ်သွားသည်။


ဘေးပတ်ဝန်းကျင်မှ လေထုကလည်း တဖြည်းဖြည်းအေးစက်လာသည်။


သို့ရာတွင် ကျိုးရွှမ်လန်၏စိတ်ထဲ ရုတ်ချည်းပူအိုက်လာသည်။


သူ့ရှစ်စွမ်း၏ ဖြူဖွေး နူးညံ့သော နားသံသီးလေးပေါ်တွင် အနက်ရောင်မှဲ့တစ်လုံး ရှိနေသည်။  


၎င်းက အလွန်ညှို့ယူဖမ်းစားနိုင်လွမ်းလှသည်။


ထိုမှဲ့လေးက ဖြူဖွေးလှသည့်အသားအရေကြားထဲ ပုန်းအောင်းနေကာ သူ့ကိုရှာတွေ့သွားသည့်လူကို " ငါ့ကိုထိကြည့်ပါ ~ " ဟု လက်ယပ်ခေါ်နေသည်နှင့် တူလှသည်။ ထိုမှဲ့ကိုမြင်သူတိုင်း ထိတွေ့ချင်စိတ်ကို မနည်းထိန်းချုပ်ထားရမည်သာဖြစ်သည်။


ကျိုးရွှမ်လန်၏ မျက်နှာတစ်ခုလုံး ရဲတွတ်လာသည်။


သူ အသက်ဖြည်းဖြည်းရှုထုတ်လိုက်ပြီးနောက် မည်းနက်နေသည့် မျက်လုံးများကိုဖွင့်လိုက်သည်။ ဤအခိုက်အတန့်တွင် သူ့အမူအရာက စိတ်မသက်မသာဖြစ်နေပုံရသည်။



ညနက်လာလေ ရာသီဥတုက ပိုအေးလာလေဖြစ်သည်။ ရှန်းလျိုရှန့် နှာချေလိုက်ပြီးနောက် လင်းကျူတောင်ထွတ်မှ လတ်လတ်ဆတ်ဆတ်အသီးများခူး၍ သီချင်းတညည်းညည်းဖြင့် ပြန်လာသည်။


သူ မမျှော်လင့်ဘဲ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ 


အဝေးတစ်နေရာရှိ ရေကန်‌အလယ်မှ လက်ဖက်ရည်ဆောင်လေးတစ်ခုအပေါ်တွင် အရပ်ရှည်ရှည်နှင့် ပုံရိပ်နှစ်ခု ရပ်နေသည်။ တစ်ယောက်က လင်ယဲ့ဖြစ်ပြီး အခြားတစ်ယောက်က ခရမ်းရင့်ရောင်ဝတ်ရုံဝတ်ထားကာ ဘေးပတ်ပတ်လည်တွင် မြူများဆိုင်းနေသည့်လူတစ်ယောက်ဖြစ်သည်။


စီနီယာအစ်ကိုကြီးက လရောင်အောက်မှာ တစ်ယောက်ယောက်နဲ့ လျှို့ဝှက်တွေ့နေတာများလား...


ရှန်းလျိုရှန့်က စပ်စုချင်စိတ်ကို မထိန်းထားနိုင်သောကြောင့် အသက်အောင့်ထားပြီး လေကြောင်းအတိုင်းလိုက်သွားကာ ရေကန်စပ်နားသို့ရောက်ချိန်တွင် ခြုံပုတ်တစ်ခုအနား၌ ပုန်းနေလိုက်သည်။ 


သူ့အကြည့်က ဘေးနားမှ ခရမ်းရောင်ဝတ်ရုံနှင့်လူအပေါ်ရောက်နေပြီး ထိုလူ၏ညာဘက်မျက်လုံးနားမှ အမာရွတ်ကြီးကိုတွေ့ချိန်၌ ထိတ်လန့်မှုကြောင့် ပင့်သက်ရှိုက်မိလိုက်သည်။


" ဘယ်သူလဲ ..."


ရှန်းလျိုရှန့်၏အော်ရာ မြင့်တက်လာသည်နှင့် နန်ယောင်ချွမ်က သူ့ညာဘက်လက်တစ်ဖက်ကိုမြှောက်ပြီး လက်ချောင်းရှည်များကို ကွေးညွတ်လိုက်ကာ အဝေးမှ ရှန်းလျိုရှန့်ကို ဖမ်းဆွဲလိုက်သည်။


ဝုန်း...


ရှန်းလျိုရှန့်က လက်ဖက်ရည်ဆောင်ငယ်လေးထဲ ပစ်ချခံလိုက်ရပြီး သူ့လက်မောင်းထဲမှ သစ်သီးများကညပြန့်ကျဲကာ အချို့က ပျက်စီးကုန်သည်။


အသိစိတ်ပြန်ကပ်လာပြီးသည့်နောက်တွင် သူ့ဘေးပတ်ပတ်လည်မှ ရှုပ်ပွနေသည့် သစ်သီးများကိုကြည့်ကာ ကြမ်းတမ်းသောမျက်နှာထားဖြင့် နတ်ဆိုးသခင်ကို စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ သူ ခဏတာငြိမ်သက်သွားပြီးသည့်နောက် အထိတ်တလန့်ဖြင့် အံကြိတ်ထားလိုက်သည်။


" မင်း... ငါ့ကို သစ်သီးတွေ ပြန်လျော်ပေးစမ်း..."



နန်ယောင်ချွမ်က ကြမ်းပြင်ပေါ်မှ ကျင့်ကြံသူငယ်လေးကိုကြည့်ပြီး မျက်ခုံးများတွန့်ချိုးလိုက်သည်။


ငါတို့ကို ချောင်းကြည့်ပြီးတော့ သစ်သီးတွေအတွက် လျော်ကြေးလည်း တောင်းသေးတယ်ပေါ့လေ... ဒီကောင်လေးကိုတော့ သင်ခန်းစာပေးဖို့ လိုနေပြီ...


" ချင်းလင်ဂိုဏ်းရဲ့ တပည့်တွေက ဒီလိုပဲလား..."


သူ့လက်ကိုတစ်ချက်ယမ်းလိုက်သည်နှင့် ကြမ်းပေါ်တွင် အပိုင်းပိုင်းအစစဖြစ်နေသည့် သစ်သီးများက စတင်တုန်ယင်လာသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းတို့အားလုံး ရှန်းလျိုရှန့်၏ရှေ့တွင် စုဝေးလာသည်။ 


သစ်သီးများက နဂိုမူရင်းပုံစံ ပြန်ဖြစ်သွားရုံသာမက ပန်းသီး၊ စပျစ်သီး၊ လိမ္မော်သီး အစရှိသဖြင် အစဉ်အတိုင်း သပ်သပ်ရပ်ရပ် စီထားပေးပေသည်။


ရှန်းလျိုရှန့် အံ့ဩတကြီး ဖြစ်သွားရပြန်သည်။


ထိုမန္တန်က အလွန် အံဩစရာကောင်းလွန်းလှသည်။ ဝတ္ထုထဲတွင် နန်ယောင်ချွမ်က ထူးခြားဆန်းကြယ်သော စွမ်းရည်များရှိပြီး မည်သူမှ မကြားဖူးသသည့် မန္တန်အချို့ကိုပါ သုံးနိုင်သည်ဟု အဆက်မပြတ် ဖော်ပြထားခဲ့သော်လည်း ယခုအခါ မျက်စိနှင့် တပ်အပ်မြင်ရသည့်အချိန်တွင်မှ သူ၏ ခမ်းနားကြီးကျယ်မှုကို အမှန်ပင် သဘောပေါက်သွားရသည်။


သူ လိမ္မော်သီးတစ်လုံးကိုယူ၍ သူ့လက်ချောင်းသွယ်သွယ်များဖြင့် ဖျစ်ညှစ်ကြည့်နေပြီးမှ စိတ်ရှုပ်ထွေးစွာဖြင့် နန်ယောင်ချွမ်ကို ကြည့်နေလိုက်သည်။


နေပါဦး... သူ ဘယ်တုန်းက အဲ့လောက်သဘောကောင်းသွားတာလဲ...


ထိုအကြောင်းကို အလေးအနက်တွေးတောနေစဉ်တွင် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ သူကိုင်ထားသည့် လိမ္မော်သီးကို နန်ယောင်ချွမ့်ထံသို့ ပစ်ပေါက်လိုက်ပြီးနောက် တစ်ချိန်တည်းမှာပင် သစ်သီးပုံကြီးဘေးမှ အမြန်ပြေးသွားလိုက်သည်။


သူ လှုပ်ရှားလိုက်သည့်အချိန်မှာပင် လက်ဖက်ရည်ဆောင်လေးထဲတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာတော့သည်။


ဗုန်း ဗုန်း ဗုန်း...


သစ်သီးများအားလုံး ပေါက်ကွဲထွက်ကုန်သည်။ အကယ်၍ ရှန်းလျိုရှန့် အချိန်မီမရှောင်လိုက်ပါက သူသည်လည်း ရောင်စုံသစ်သီးရည်များဖြင့် ဖုံးလွှမ်းသွားမည်ဖြစ်သည်။


နန်ယောင်ချွမ် ခေါင်းငုံ့ပြီး သူ့ဝတ်ရုံပေါ်မှ လိမ္မော်ရည်အစွန်းကွက်ကို ကြည့်လိုက်မိသည်။ သူ့မျက်နှာက ချက်ချင်းပြာနှမ်းသွားပြီး လင်ယဲ့ဘက်သို့လှည့်ကာ မေးလိုက်သည်။


" ငါ သူ့ကိုသတ်ပစ်ရင် မင်း ဘာလုပ်မလဲ..."


လင်ယဲ့က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

" တကယ်လို့ မင်းသူ့ကို သတ်ချင်တယ်ဆိုရင်တောင်မှ မသတ်နိုင်ပါဘူး..."


သူ၏ ကြမ်းတမ်းသောအကြည့်များထဲတွင် စူးရှလှသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိလိုက်၍ ရှန်းလျိုရှန့် ရင်တုန်သွားမိသည်။ နောက်ဆုံးတွင် ထိုနတ်ဆိုးသခင်က အညှာအတာကင်းမဲ့စွာ သတ်ဖြတ်တတ်သူတစ်ယောက်သာ ဖြစ်ပေသည်။ သူ ခြေသုံးလှမ်းလှမ်းပြီး စီနီယာအစ်ကိုဘေးသို့ အမြန်သွားလိုက်သည်။


နန်ယောင်ချွမ်က သန့်စင်ခြင်းမန္တန်တစ်ခုကိုသုံးပြီး သူ့ဝတ်ရုံပေါ်တွင် စွန်းထင်းနေသည်များကို သန့်ရှင်းလိုက်သည်။ ထို့နောက် ကြမ်းတမ်းရက်စက်လှသည့်အကြည့်ကို ပြန်ရုတ်သိမ်းပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။


" ငါက ချင်းလင်ဂိုဏ်းမှာ ပြဿနာလာရှာတာ မဟုတ်ပါဘူး... လူတစ်ယောက်ကို ခေါ်သွားဖို့ လာခဲ့တာပါ..."


" ဘယ်သူများလဲ..."

လင်ယဲ့ မျက်မှောင်ကြုတ်လိုက်သည်။


" စုပိုင်ချယ့်..."


လင်ယဲ့ ခေါင်းခါလိုက်သည်။

" ဒါကတော့ မဖြစ်နိုင်ဘူး..."


နန်ယောင်ချွမ်က တစ်ဖက်ကိုလှည့်လိုက်ပြီး သူ့အကြည့်က တည်ငြိမ်နေသော ရေကန်မျက်နှာပြင်ပေါ် ကျရောက်လာသည်။ 


" ငါကမင်းက်ို အသိပေးဖို့ပဲ လာခဲ့တာ..."


ရှန်းလျိုရှန့်မျက်လုံးများ အရောင်လက်သွားသည်။


မူရင်းဝတ္ထုထဲတွင်မူ စုပိုင်ချယ့်က သေဆုံးသွားသည့် သူ့ညီလေးနှင့် တစ်ပုံစံတည်းတူကြောင်း နတ်ဆိုးသခင်က ရှာတွေ့ခဲ့သည်။ သူက စုပိုင်ချယ့်အပေါ် အလွန်ချစ်ခင်ပြီး နတ်ဆိုးဘုံသို့ခေါ်သွားကာ သူ့ကိုအဆုံးမဲ့သည့် မျက်နှာသာပေးမှုများ ပေးအပ်ခဲ့ပေသည်။


ယခုက စုပိုင်ချယ့်ကို ခေါ်ယူသွားရမည့်အချိန်ဖြစ်သည်။


စုပိုင်ချယ့်ကို တိတ်တဆိတ်မခေါ်ဆောင်သွားဘဲ ‌ရဲရဲတင်းတင်းဖြင့် လင်ယဲ့ကို လာပြောရခြင်းမှာ နန်ယောင်ချွမ်က အလွန်ခေါင်းမာပြီး လူသားများ နားမလည်နိုင်သည့်ကိစ္စများကို လုပ်တတ်သောကြောင့်ဖြစ်သည်။ သူက ပြိုင်ဘက်ကို ကြိုတင်အသိပေးပြီးမှ အချို့ကိစ္စများကို ပြုလုပ်တတ်သောကြောင့်ဖြစ်သည်။


သူ့စကားများနှင့် အပြုအမူများတွင်  မလွန်ဆန်နိုင်သည့် အသိပေးချက်တစ်ခု ပါဝင်နေသည်။ 


' ငါ လုပ်ချင်တဲ့ကိစ္စကို မင်းတို့တားရဲလား ' ဟူသည့်သဘောဖြစ်သညိ။


လင်ယဲ့၏မျက်နှာက လေးနက်တည်ကြည်လာသည်။

" သူက ချင်းလင်ဂိုဏ်းသားတစ်ယောက်ပါ..."


နန်ယောင်ချွမ်က သရော်လိုက်သည်။ 

" သိပ်မကြာခင် နတ်ဆိုးဘုံရဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်လာတော့မှာပါ..."


အေးစက်စက်လေပြင်းင ကန်ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာချိန်၌ လေထဲတွင် ယမ်းမှုန့်နံ့တချို့ပြည့်လာသည်။


ရှန်းလျိုရှန့် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။


လင်ယဲ့နှင့် နန်ယောင်ချွမ်တို့က လူငယ်ဘဝတွင် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသော်လည်း နောက်ပိုင်းတွင်မူ တစ်ယောက်က အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်လာခဲ့ပြီး အခြားတစ်ယောက်က နတ်ဆိုးဘုံ၏ အုပ်ချုပ်သူတစ်ယောက် ဖြစ်လာခဲ့‌သော်လည်း သူတို့က တစ်ယောက်အပေါ်တစ်ယောက် တွေးပေးနေဆဲဖြစ်သည်။


သို့ရာတွင် ဝတ္ထု၏နောက်ပိုင်းတွင်မူ သူတို့က စုပိုင်ချယ့်ကြောင့် ရန်သူဖြစ်သွားရသည်။ 


ဝတ္ထုကိုဖတ်နေစဉ်အချိန်ကမူ သူ့စိတ်ထဲ ချိုမြိန်မှုနှင့် ခါးသီးမှုတို့ကို တစ်လှည့်စီ ခံစားခဲ့ရသော်လည်း ယခုလက်ရှိအချိန်၌ အဓိကဇာတ်လိုက်ကို ဝန်းရံထားသည့် ပြင်းထန်လှသည့် လေထုအခြေအနေကို သူ ကိုယ်တိုင် ဦးစွာကြုံတွေ့လိုက်ရပေသည်။ သူ မရယ်ဘဲ မနေနိုင်ဖြစ်သွားပြီး ထိုအခိုက်အတန့်ကိုကြည့်ကာ ဝမ်းသာနေမိသည်။


ထိုအချိန်တွင် အကြည့်နှစ်ခုက သူ့ထံသို့ အလိုလိုရောက်လာသည်။ 


ရှန်းလျိုရှန့် သူ့ပါးစပ်ကို အမြန်အုပ်ထားလိုက်ပြီး မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။


နန်ယောင်ချွမ်က သူ့ကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးနောက် ပို၍ အမြင်မကြည်ဖြစ်လာပုံရသည်။ သူ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။


" လင်ယဲ့ မင်းက ဂိုဏ်းထဲက တပည့်တွေကို ထင်ရာလျှောက်လုပ်ဖို့ ခွင့်ပြုထားတဲ့အထိ စိတ်ပျော့လွန်းတယ်... တကယ်လို့ သူ့ကိုစည်းကမ်းအကြောင်း သင်ပေးဖို့ ငါ့ကိုရက်ပိုင်းလောက် အပ်ထားမယ်ဆိုရင် သူ တော်တော်လေး နာခံတတ်တဲ့သူ ဖြစ်လာမှာ..."


ရှန်းလျိုရှန့် : “…”


သူ ယခုမှ သတိရသွားခဲ့သည်။ နန်ယောင်ချွမ်က မာန်မာနကြီးသူတစ်ယောက်ဖြစ်ပြီး သူ့ကိုစိတ်အလိုမကျစေသည့်အရာမှန်သမျှကို ပြုပြင်ပေးတတ်သည်။ အကယ်၍ ပြုပြင်မရပါက ဖျက်ဆီးပစ်တတ်ပေသည်။


စုပိုင်ချယ့်ကို နတ်ဆိုးဘုံသို့ ခေါ်သွားပြီးသည့်နောက် အကောင်းဆုံးမျက်နှာသာပေးကာ ဆက်ဆံခဲ့ပြီး ရှားပါးလှသည့် ရတနာပေါင်းများစွာကို ရှာပေးခဲ့သော်လည်း စုပိုင်ချယ့်၏ စိတ်ပျော့မှုကို နန်ယောင်ချွမ်က သဘောမကျဘဲ အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့သည်။ တစ်ခါက သူ့ကိုထိန်းချုပ်ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာကို နေ့ညပေါင်းများစွာသတ်ခိုင်းကာ စိတ်ဓာတ်မာကျောလာအောင် ပြုလုပ်ခဲ့သည်။


ရလဒ်အနေဖြင့် စုပိုင်ချယ့်က သွေးကြောက်သည့်စိတ်ရောဂါဖြစ်လာပြီး နန်ယောင်ချွမ်ကို ကြောက်လန့်ရိုသေခဲ့ရသည်။


လင်ယဲ့က သိမ်မွေ့စွာပြုံးလိုက်သည်။ 

" ငါ့ရဲ့ ဆရာတူညီလေးက တဲ့တိုးဆန်လို့ပါ ငါကတော့ အဲဒါကို သဘောကျမိတယ်..."


" သူက မင်းရဲ့ဆရာတူညီလေးလား..."

နန်ယောင်ချွမ်က မျက်လုံးများမှကျဉ်းပြီး စက်ဆုပ်ရွံရှာသည့်ဟန် ပြုလုပ်လိုက်သည်။


" ငါတော့ သူ့ကိုစိတ်ဝင်စားစရာကောင်းတယ် မထင်ပါဘူး... တကယ်လို့ စုပိုင်ချယ့်ကသာ သူ့လိုမျိုးဆိုရင် ငါ တော်တော် စိတ်ပျက်မိမှာပဲ..."


ရှန်းလျိုရှန့် အံကြိတ်ထားလိုက်မိသည်။


စကားပြောနေသည့်အကြောင်းအရာက စုပိုင်ချယ့်ထံသို့ ပြန်လည်ရောက်ရှိသွား၍ ‌သဟဇာတဖြစ်နေသော လေထုအခြေအနေက ပျောက်ကွယ်သွားသည်။ နန်ယောင်ချွမ်က ဦးဆောင်ပြီး ပြောလိုက်သည်။


" မနက်ဖြန် 'ချန်'နာရီမှာ ငါသူ့ကို ခေါ်သွားမယ်..."


[ ချန်နာရီက မနက် ၇နာရီနဲ့ ၉နာရီကြားအချိန်ပါ ]


လင်ယဲ့က တည်ငြိမ်နေဆဲဖြစ်သည်။

" ငါတို့တွေ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ဖူးတာပဲ မင်း တစ်ကြိမ်မှ မနိုင်ဘူးလေ..."


" အဲဒါ အရင်တုန်းကိစ္စတွေပါ..."

နန်ယောင်ချွမ်၏လေသံထဲတွင် မိမိကိုယ်ကို အားမလိုအားမရဖြစ်မှုနှင့် နောင်တတို့ ပါဝင်နေသည်။


" တကယ်လို့ ငါသာ အခုအချိန်မှာရှိနေတဲ့ စွမ်းအားတွေရှိခဲ့ရင် ငါ့ညီလေးလည်း အဲ့လောက် ဝမ်းနည်းစရာကောင်းတဲ့ပုံနဲ့ သေသွားရမှာ မဟုတ်ဘူး..."


လင်ယဲ့ ငြိမ်ကျသွားမိသည်။


နန်ယောင်ချွမ် လက်သီးတင်းတင်းဆုပ်ထားလိုက်သည့်အခါ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များပင် အနည်းငယ်လှုပ်ခါသွားသည်ဟု ခံစားရသည်။ 


" ကျင့်ကြံရေးလောကထဲက သူတော်ကောင်းယောင်ဆောင်ထားတဲ့လူတချို့က နတ်ဆိုးတွေထက်တောင် ပိုရွံစရာကောင်းတယ်... မင်းကတော့ သူတို့နားမှာနေရတာ သည်းခံနိုင်ပေမယ့် ငါကတော့ မရဘူး..."


ရေကန်မျက်နှာပြင်ထက်တွင် ဧရာမလှိုင်းကြီးများ တက်လာသည်။


ဖိအားကို ရုတ်တရက်လွှတ်ထုတ်လိုက်ခြင်းကြောင့် ရှန်းလျိုရှန့် မသက်မသာဖြစ်သွားသည်။ နန်ယောင်ချွမ်၏ဒေါသများက တဖြည်းဖြည်းမြင့်တက်နေဆဲဖြစ်သည်ကို မြင်သောအခါ သူဖြတ်ပြောလိုက်သည်။


" ဘာလို့ ချန်နာရီမှလဲ ညဘက်က ပိုမကောင်းဘူးလား..."


နန်ယောင်ချွမ် ရပ်တန့်သွားသည်။

" မင်းက စုပိုင်ချယ့်ကို မကျေမနပ်တာတွေများ ရှိနေတာလား..."


သူတို့က တစ်ဂိုဏ်းတည်းသားချင်းဆိုတော့ စုပိုင်ချယ့်ရဲ့လုံခြုံရေးကို ပိုစိတ်ပူသင့်တာလေ...ဒါပေမဲ့ အဲ့လိုဖြစ်ရမယ့်အစား သူ့ကိုမြန်မြန်ခေါ်သွားဖို့တောင် အားပေးနေသေးတယ် သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေပါလိမ့်...


နန်ယောင်ချွမ်၏ အန္တရာယ်များသောအကြည့်က ရှန်းလျိုရှန့်အပေါ် ကျရောက်လာသည်။ 

" ငါကြားတာတော့ သူ့ကို ချင်းလင်ဂိုဏ်းမှာ အနိုင်ကျင့်တဲ့သူတစ်ယောက် ရှိတ

ယ်တဲ့ အဲဒါမင်းလား..."


ရှန်းလျိုရှန့် အေးခဲတောင့်တင်းသွားသည်။


စုပိုင်ချယ့်က နန်ယောင်ချွမ်၏ ညီငယ်လေးကိုယ်စား အစားထိုးဖြစ်လာမည့်သူ ဖြစ်သော်လည်း အကယ်၍ ယခုလက်ရှိအချိန်တွင် ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်မိပါက သူ့တပည့်လေး သူ့အလောင်းကို လာကောက်နေရလောက်ပေသည်။