Chapter 28
ရှန်းလျိုရှန့်က ခဏတာငြိမ်သက်နေပြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ကျွန်တော်က စုပိုင်ချယ့်နဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတာပါ... ဂိုဏ်းထဲမှာ သူနဲ့ အရင်းနှ်ီးဆုံးက ကျွန်တော်ပဲ... သိပ်မကြာခင်ကတောင် ညလယ်ခေါင်ကြီး သူ့ကိုကြာစေ့စွပ်ပြုတ် သွားပေးသေးတယ် ... ဂိုဏ်းထဲက လူအားလုံး အဲ့ကိစ္စကို သိကြပါတယ်..."
လင်ယဲ့က တိတ်တဆိတ် ပြုံးလိုက်သည်။
နန်ယောင်ချွမ်က နှာမှုတ်လိုက်သည်။
" ဒါဆိုရင်လည်း ပြီးတာပဲ..."
ဒါဆိုရင် စုပိုင်ချယ့်က ကြာစေ့စွပ်ပြုတ်ကြိုက်တာပေါ့... နတ်ဆိုးဘုံကိုရောက်သွားမှ သူ့အတွက် နေ့တိုင်းပြင်ဆင်ထားခိုင်းရမယ်...
ညကောင်းကင်ယံကြီးကိုကြည့်ပြီး နန်ယောင်ချွမ်က ပြောလိုက်သည်။
" စုပိုင်ချယ့်က ဒီအချိန် အိပ်ပျော်နေလောက်ပြီ... မနက်ဖြန်မနက် ချန်နာရီမှာ သူနိုးလာတဲ့အချိန်မှ သူ့ကိုခေါ်သွားတော့မယ်..."
ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။
နတ်ဆိုးသခင်နှင့် သူ့စီနီယာအစ်ကိုက ထွက်သွားမည့်ဟန်မပြဘဲ မနက်မိုးလင်းချိန်အထိ သူမသာ ကိုယ်မသာ အနေအထားမျိုးဖြင့် နေနေမည်ကိုမြင်သည့်အခါ သူ ထိုနေရာမှ တိတ်တဆိတ်ထွက်လာပြီး ချောင်းယွင်တောင်ထွတ်သို့ ပြန်လာခဲ့သည်။ ညနက်နေသော်လည်း စိတ်လှုပ်ရှားမှုကြောင့် သူ အိပ်မပျော်နိုင်၍ ကျိုးရွှမ်လန်၏ အခန်းတံခါးကို သွားခေါက်လိုက်သည်။
မကြာမီအချိန်တွင် တံခါးပွင့်လာသည်။
ငိုက်မျဉ်းမှုကြောင့် လူငယ်လေး၏ မျက်လုံးများက မှေးစင်းနေကာ သူ့အသံက အက်ရှရှဖြစ်နေသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်က ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြောင့် ငါအိပ်လို့ မရတော့ဘူး..."
ကျိုးရွှမ်လန်၏ ငိုက်မျဉ်းမှုများ ပျောက်ကွယ်သွားပြီး စိတ်မသက်မသာဖြစ်သွားပုံရသည်။
" ရှစ်စွမ်း... ဒီတပည့်နဲ့ စကားအလေးအနက် ပြောချင်လို့လား..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။
" မဟုတ်ဘူး ငါနဲ့တူတူ ဝမ်ရွှေမြို့ကို လိုက်ခဲ့ပေး..."
ကျိုးရွှမ်လန် မေးလိုက်သည်။
" ရှစ်စွမ်းမှာ အရေးကြီးကိစ္စတစ်ခုခုများ ရှိလို့လား..."
ရှန်းလျိုရှန့် နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး သူ့မျက်လုံးများက အရောင်တောက်ပလာသည်။
" ဖရုံစေ့သွားဝယ်မလို့လေ... ငါတို့ မနက်ဖြန်ကျ ပွဲကြီးပွဲကောင်းကြည့်ရမှာ..."
.....
ညနက်ပိုင်းဖြစ်နေ၍ ဈေးဆိုင်အများစုက မဖွင့်တော့ပေ။ ရှန်းလျိုရှန့်က သူ့ဝိညာဉ်စွမ်းအင်ကိုသုံး၍ အချိန်အတန်ကြာအောင် ရှာပြီးသည့်နောက်တွင်မှ ဖရုံစေ့ရောင်းသည့်ဆိုင်ငယ်လေးတစ်ဆိုင်ကို ရှာတွေ့ခဲ့ပြီး ဟော်ပန်းသီးသကြားလုံးချောင်းနှစ်ချောင်းကို ဝယ်ခဲ့သည်။
တစ်ချောင်းကို သူ့တပည့်လေးကို ပေးလိုက်ပြီးနောက် မှာနေသည်။
" မနက်ဖြန်ကျရင် မြစ်နားမှာ သွားမလေ့ကျင့်နဲ့..."
ကျိုးရွှမ်လန်က ဇဝေဇဝါဖြစ်သွားပုံရသည်။
ရှန်းလျိုရှန့်က ဟော်ပန်းသီးကိုကိုက်လိုက်ပြီးနောက် ရေရွတ်လိုက်သည်။
" အန္တရာယ်ရှိလိမ့်မယ်... မနက်ဖြန်ကျ တစ်နေ့လုံးငါ့နားမှာပဲနေ..."
ကျိုးရွှမ်လန် လန့်သွားပြီး သကြားလုံးချောင်းကို တင်းကြပ်စွာကိုင်ထားလိုက်သည်။
.....
နောက်တစ်နေ့တွင် မနက်ခင်း၏ ပထမဆုံးအလင်းရောင် ဖြာကျလာသည်။
အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲဖြစ်နေခြင်းများကြောင့် ရှန်းလျိုရှန့် နိုးလာခဲ့သည်။ ချောင်းယွင်တောင်ထွတ်မှပင် ဆူညံသံအချို့ကို သူကြားနေရသည်။
ကျိုးရွှမ်လန်က တံခါးအပြင်ဘက်တွင်ရပ်နေပြီး တံခါးမခေါက်မီ အနည်းငယ်တွန့်ဆုတ်နေမိသည်။
ရှန်းလျိုရှန့်က ဝတ်ရုံတစ်ထည်ကို ကိုယ်ပေါ် အမြန်ပတ်လိုက်ပြီးနောက် အိပ်ချင်မူးတူးမျက်လုံးများဖြင့် တံခါးဖွင့်လိုက်သည်။
" ဘာတွေဖြစ်နေတာလဲ... ဘာလို့ ဂိုဏ်းထဲမှာ အဲ့လောက်ဆူညံနေရတာလဲ..."
ကျိုးရွှန်လန်က ပြောလိုက်သည်။
" နတ်ဆိုးသခင်က စုပိုင်ချယ့်ကို ဖမ်းခေါ်သွားလို့ပါ..."
ရှန်းလျိုရှန့်၏မျက်လုံးများ ပြူးကျယ်သွားပြီး အိပ်ချင်စိတ်အားလုံး ပျောက်သွားသည်။
ဟမ် လာတောင်ဖမ်းခေါ်ပြီးသွားပြီလား...
အခုက ချန်နာရီတောင် မရောက်သေးဘူးလေ... ပြီးတော့ မူရင်းဝတ္ထုထဲမှာ နန်ယောင်ချွမ်က စီနီယာအစ်ကိုနဲ့ တစ်ရက်တိတိတိုက်ခိုက်ပြီးတော့မှ စုပိုင်ချယ့်ကို ခေါ်သွားနိုင်တာလေ...
ပြီးတော့ ဘာလို့ အဲ့လောက်တောင် ချောချောမွေ့မွေ့ ဖြစ်နေရတာလဲ... စုပိုင်ချယ့်က သူကိုယ်တိုင် ထောင်ခြောက်ထဲ ပြေးဝင်သွားတာများလား...
ရှန်းလျိုရှန့်၏ မှန်းဆချက်က မှန်ကန်ခဲ့သည်။
ယမန်နေ့ညက ထုံရှီး၏စကားများကို နားထောင်ပြီးသည့်နောက်တွင် စုပိုင်ချယ့်က နန်ယောင်ချွမ်နှင့် ချက်ချင်းလိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။ သူ နတ်ဆိုးဘုံသို့သွားရန် မစောင့်နိုင်တော့ပေ။
စွမ်းအားကြီးတဲ့ နတ်ဆိုးအရှင်သခင်တစ်ယောက် ပေါ်လာမှတော့ ဘာကိုတွန့်ဆုတ်နေဖို့ လိုဦးမှာလဲ... သူ နတ်ဆိုးဘုံကိုရောက်တာနဲ့ ဒီလောကကြီးထဲက ဝိညာဉ်ရတနာတွေနဲ့ ရှားပါးရတနာတွေကိုရှာခိုင်းပြီး ဝိညာဉ်အခြေတည်အဆင့်ကနေတက်အောင် လုပ်ရမယ်...
သူ ချင်းလင်ဂိုဏ်းမှာဆက်နေပြီး လူကောင်းယောင်ဆောင်နေစရာ မလိုတော့ဘူး...
စုပိုင်ချယ့်က စိတ်ထဲတွင် ဝမ်းသာသွားသော်လည်း စိုးရိမ်ဟန်ဆောင်ကာ သူ့လက်မောင်းကို လှမ်းဆွဲထားသည့်လူကိုကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။
" ခင်ဗျားက ဘယ်သူလဲ..."
နန်ယောင်ချွမ်က သူနှင့်အလွန်နီးကပ်နေသည့် မျက်နှာလှလှလေးကိုကြည့်ကာ သူ့စိတ်နှလုံးတစ်ခုလုံး တုန်လှုပ်လာသည်။ အချိန်အတန်ကြာသည်အထိ သူ ပြောစရာစကား ရှာမရပေ။
တကယ်ကို တစ်ပုံစံတည်းပဲ...
တစ်ယောက်ယောက်က ပုံတူထုထားသလိုကို တူတာ...
" ငါက မင်းရဲ့အစ်ကိုကြီးလေ..."
နန်ယောင်ချွမ်၏အသံက ခြောက်ကပ်နေသည်။
ထိုစကားကိုကြားသည့်အခါ စုပိုင်ချယ့်၏ အမူအရာက အနည်းငယ်စိတ်အေးသွားဟန် ဖြစ်သွားပြီး ညင်သာစွာပြောလိုက်သည်။
" အထင်လွဲနေတာဖြစ်မယ် ကျွန်တော်က မိသားစုထဲမှာ တစ်ဦးတည်းသောသားပါ အစ်ကိုကြီးမရှိဘူး..."
သူ ငြင်းဆန်လိုက်သည်ကို ကြားသောအခါ နန်ယောင်ချွမ်၏ လက်ဆစ်များက အလိုလိုတောင့်တင်းသွားမိသည်။ နာကျင်သဖြင့် အော်ညည်းလိုက်သံကို ကြားလိုက်ရသဖြင့် ကိုင်ထားသည့်လက်ကို အနည်းငယ်လျှော့ပေးလိုက်သည်။
" ငါ အရင်တုန်းကတော့ ဝင်မပါခဲ့ဘူး ဒါပေမဲ့ အခုကတော့ အရင်လိုမဟုတ်တော့ဘူး..."
တစ်ဖက်တွင်မူ လင်ယဲ့၏ မျက်နှာက အေးစက်မှုများဖြင့် ပြည့်နေသည်။
" ဖျောက်..."
ရှန်းလျိုရှန့်က ထောင့်တစ်နေရာတွင်ထိုင်ကာ ဖရုံစေ့ဝါးနေပြီး နှစ်ဖက်အားပြိုင်နေသည်ကို အေးအေးလူလူကြည့်နေသည်။
သူ့တပည့်က ပြောစရာတစ်ခုခုရှိနေပုံဖြင့် ကြည့်နေသည်အား မြင်လိုက်ရသောအခါ သူ၏ကြယ်တာရာအိတ်ထဲမှ ဖရုံစေ့ လက်တစ်ဆုပ်စာကိုထုတ်ပေးလိုက်သည်။
" ရော့ တူတူစားမယ်လေ..."
ကျိုးရွှမ်လန် : “…”
သူတို့က အလွယ်တကူ မမြင်ရသည့် ထောင့်တစ်နေရာတွင် ရှိနေသော်လည်း တပည့်အများစု၏ အာရုံစိုက်မှုကို ရရှိထားသည်။
ရှန်းလျိုရှန့်နှင့် သူ့တပည့်က စုပိုင်ချယ့်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေသည်ကို အားလုံး သတိပြုမိကြ၍ ဖြစ်ပျက်နေသည့်အရာများကို စပ်စုချင်နေသည်။
ဘေးနားမှလူများက စိုးရိမ်နေသော်လည်း ရှန်းလျိုရှန့်က အေးအေးဆေးဆေးထိုင်ကာ ဖရဲစေ့စားနေ၍ အခြားလူများက ရုတ်ချည်း ဒေါသထွက်လာသည်။
" သူ ဘာလို့ အဲ့လိုကြီးထိုင်ကြည့်နေတာလဲ...စုပိုင်ချယ့်ကို သဘောမကျဘူးဆိုရင်တောင်မှ ဂိုဏ်းသားအချင်းချင်းကူညီရမှာပေါ့..."
" ငါကတော့ အင်မော်တယ်ရှန်း ပြောင်းလဲသွားပြီလို့ထင်နေတာ တကယ်တော့ အားလုံးက ဟန်ဆောင်နေတာပဲ..."
" ဟင်း... ငါလည်း အင်မော်တယ်ရှန်းနဲ့ပတ်သက်ပြီး အထင်မှားမိသွားတာပဲ..."
ရှန်းလျိုရှန့်က သူ့ဘေးနားတွင် တီးတိုးပြောနေကြသည်ကို လျစ်လျူရှု့ထားပြီး ကောင်းကင်ထက်မှ မြင်ကွင်းကိုသာ ကြည့်နေသည်။
လင်ယဲ့က ဒေါသထွက်လာပုံရပြီး ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်၍ ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များက သူ့ထံရောက်ရှိလာသည်။
" မင်း သူ့ကိုမလွှတ်ဘူးဆိုရင် ငါ့ကိုနှလုံးသားမဲ့တယ်ဆိုပြီး အပြစ်မတင်နဲ့..."
ရှန်းလျိုရှန့် စိတ်လှုပ်ရှားသွားပြီး ဖရုံစေ့အချို့ကိုခွာကာ ပါးစပ်ထဲထည့်လိုက်သည်။ သူက ခေါင်းတစ်ချက်မှပင် မလှည့်ဘဲ သူ့တပည့်ကို ညွှန်ကြားလိုက်သေးသည်။
" ငါ့ကိုပဲ ထိုင်ကြည့်မနေနဲ့... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတွေကြားကတိုက်ပွဲက တော်တော်ရှားပါးတာဆိုတော့ မင်းရဲ့စိတ်အခြေအနေပေါ် အများကြီးသက်ရောက်လိမ့်မယ်... သေချာကြည့်ထား..."
ကျိုးရွှမ်လန်က ရုတ်တရက်ကြီး လူမိသွား၍ နေရခက်စွာဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။
လေထုအလယ်တွင် ဝိညာဉ်စွမ်းအင်များစုစည်းကာ ဖြစ်တည်လာသော လင်ယဲ့၏ အေးစက်စက်ဓားကို ရင်ဆိုင်နေရသော်လည်း နန်ယောင်ချွမ်၏မျက်နှာတွင် ထိတ်ထိတ်ပျာပျာဖြစ်နေပုံ မပေါ်ပေ။ သူ တည်ငြိမ်စွာဖြင့် ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည့်အခါ အနက်ရောင်ဖျော့ဖျော့ မြူနှင်းအချို့က သူနှင့်စုပိုင်ချယ့်ကို ဝန်းရံသွားသည်။
သူတို့နှစ်ယောက်၏ ဘေးပတ်ပတ်လည်တွင် မရေမတွက်နိုင်သည့် ဓားအလင်းတန်းများနှင့် အရိပ်များပေါ်လာ၍ စွမ်းအားကြီးသော ခုခံမှုအရံအတားကြီး ဖြစ်လာသည်။
" တကယ်လို့ မင်း အားကုန်သုံးမယ်ဆိုရင်တော့ သွေးဝါးမျိုအစီအရင်က မထိန်းထားနိုင်လောက်ဘူး... ဒါပေမဲ့ ဒီနေရာက ချင်းလင်ဂိုဏ်းနော်... မင်း ခွန်အားရဲ့ ၇၀ရာခိုင်နှုန်းထက် ပိုထုတ်လိုက်မယ်ဆိုရင် မင်းရဲ့ဂိုဏ်းတစ်ခုလုံး ဒုက္ခရောက်မှာ..."
နန်ယောင်ချွမ်က အသာစီးရထားပေသည်။
" သူ့ကိုခေါ်သွားတာကို ဒီတိုင်းပဲ ကြည့်နေလိုက်ပါလို့ ငါမင်းကို ပြောချင်တယ်..."
လင်ယဲ့က အရံအတားကို ခဏကြည့်လိုက်ပြီးနောက် သူ၏ဓားစွမ်းအင်ကို လွင့်ပြယ်သွားစေလိုက်သည်။
စုပိုင်ချယ့်၏စိတ်ထဲ ဝမ်းသာသွားမိသည်။
သွေးဝါးမျိုအစီအရင်က အမှန်ပင် စွမ်းအားကြီးပေသည်။ လင်ယဲ့က ၎င်းကို အင်အားသုံး၍ မဖျက်ဆီးနိုင်သည့် အခြေအနေတွင်ရှိနေ၍ သူ့ကို နန်ယောင်ချွမ် ခေါ်သွားသည်ကိုသာ ကြည့်နေရမည်ဖြစ်သည်။ လင်ယဲ့က သူ့ကိုကယ်တင်မည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုအခါတွင်မူ စိတ်အေးလက်အေး သက်ပြင်းချနိုင်ပြီဖြစ်သည်။
" ဂိုဏ်းချုပ်..."
စုပိုင်ချယ့်က ကြောက်လန့်ဟန်ဆောင်နေပြီး နှုတ်ခမ်းကိုက်ကာ တုန်ယင်နေသည့်အသံဖြင့်ခေါ်ပြီး လင်ယဲ့ကိုကြည့်လိုက်သည်။
ထိုအသံကြောင့် လင်ယဲ့ မတုံ့ပြန်နိုင်မီမှာပင် ဂိုဏ်းမှ တပည့်များအားလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။
" ဒါဘယ်လို အမှိုက်အစီအရင်ကြီးလဲ... ငါ အဲ့ဟာကိုချိုးဖောက်ပြီး အကြီးအကဲစုကို ကယ်ပြမယ်..."
" ဟုတ်တယ် အကြီးအကဲစုကို နတ်ဆိုးအရှင်သခင်တစ်ယောက်လက်ထဲ ရောက်သွားခွင့်ပြုလို့ မဖြစ်ဘူးလေ..."
" စိတ်အေးအေးထားပါဦး... မင်းတို့တွေ သွေးဝါးမျိုအစီအရင်ရဲ့အကြောင်း ကြားဖူးတယ်မလား... အဲ့နားကိုကပ်သွားတဲ့ ဘယ်သူမဆို ဝိညာဉ်စွမ်းအားတွေ ဖယ်ထုတ်ခံလိုက်ရပြီး ချက်ချင်းသွေးအိုင်ကြီးဖြစ်သွားမှာ..."
" ကြောက်စရာကောင်းလိုက်တာ... ဒါဆိုရင် ငါတို့ဘာလုပ်ကြမလဲ..."
အားလုံးက စိတ်ပျက်လက်ပျက် ဖြစ်ကုန်သည်။
" ရလဒ်က ဆုံးဖြတ်ပြီးသား ဖြစ်နေပြီပဲ..."
နန်ယောင်ချွမ်က လင်ယဲ့ကို တစ်ချက်ကြည့်လိုက်သည်။
" မင်း အစီအရင်ကို မဖျက်နိုင်ဘူးလေ အဲ့တော့ ငါသူ့ကို ခေါ်သွားတော့မယ်..."
" ငါ့မှာ နည်းလမ်းမရှိဘူးလို့ ဘယ်သူပြောလဲ..."
လင်ယဲ့က ခေါင်းငုံလိုက်ပြီး လူမြင်ရမလွယ်သည့် ထောင့်တစ်နေရာသို့ ကြည့်လိုက်သည်။
" တကယ်လို့ ငါ အစီအရင်ကို အပြင်ပိုင်းကနေ ဖျက်လို့မရရင် အတွင်းထဲကနေ ဖျက်မှာပေါ့..."
ထိုနေရာတွင် တစ်စုံတစ်ယောက်က ဖရုံစေ့ကို စိတ်အေးလက်အေး ဝါးနေပေသည်။
" မင်းပြောချင်တာက တစ်ယောက်ယောက် ဝင်လာဖို့အတွက် ငါ့အစီအရင်ကို ဖွင့်ပေးရမယ်ပေါ့လေ... လုံးဝ မဖြစ်နိုင်ဘူး..."
နန်ယောင်ချွမ်က အေးစက်စက်ဖြင့် ရယ်လိုက်သည်။
" လင်ယဲ့ ငါဒီနေ့ စုပိုင်ချယ့်ကို ကျိန်းသေပေါက်ခေါ်သွားမှာ... မင်း တကယ်လို့ အစီအရင်နားကိုကပ်လာပြီး သွေးအဖြစ်ပြောင်းသွားရင်တောင်မှ ငါ့မန္တန်ကို တားလိုက်မှာမဟုတ်ဘူး..."
လင်ယဲ့က သူ့စကားကို ဝန်ခံခြင်း ငြင်းဆန်ခြင်းမပြုဘဲ ဖရုံစေ့များစားနေသည့်လူဘက်ကိုလှည့်ပြီး ပြောလိုက်သည်။
" ဆရာတူညီလေး ဒီကိုလာပါဦး..."
ရှန်းလျိုရှန့် ခေါင်းမော့ကြည့်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်ပြီးနောက် ကျိုးရွှမ်လန်၏လက်ကိုလှမ်းဆွဲ၍ ဖရုံစေ့ခွံများ ထည့်ထားလိုက်သည်။
" ငါ့အစား ခဏ ကိုင်ပေးထားပါဦး..."
မျက်စိတစ်မှိတ်အတွင်း သူ လင်ယဲ့၏ဘေးတွင် ပေါ်လာသည်။ အားလုံးကြည့်ရှု့နေချိန်၌ ဂိုဏ်းချုပ်၏အမိန့်ကို လွန်ဆန်ရန် ခဲယဉ်းလှသော်လည်း ဤကိစ္စအပေါ် သက်ရောက်မှု မကြီးမားမည်ကို သူသိသည်။ အကယ်၍ စီနီယာအစ်ကိုက သူ့ကိုတိုက်ခိုက်ခိုင်းပါက အစွမ်းကုန်တိုက်ခိုက်ပြလိုက်မည်ဟု ရှန်းလျိုရှန့် တွေးထားလိုက်သည်။
[ ဒီနေရာမှာ ရှန်းလျိုရှန့် တိုက်ခိုက်ပေးမယ်ဆိုတာက သူ ဘယ်လိုပဲ အစွန်းကုန်ကြိုးစားတာဖြစ်ဖြစ် ဇာတ်ကွက်အတိုင်းဆို စုပိုင်ချယ့်က သေချာပေါက်အဖမ်းခံရမယ်ဆိုတာ သိနေလို့ပါ ]
အားလုံး၏ မျက်စိရှေ့တွင် လင်ယဲ့၏ အစီအရင်ကို လက်ညှိုးထိုးပြီး တဲ့တိုးပြောလိုက်သည်။
" မင်း ရှေ့ကိုဝင်သွားလိုက်..."
ရှန်းလျိုရှန့် : " ဟမ်..."
တကယ်လို့ သူ ဝင်သွားမယ်ဆိုရင် သွေးဝါးမျိုအစီအရင်ထဲ ချက်ချင်းပျော်ဝင်သွားမှာပေါ့... လင်ယဲ့က သူ့ကိုအမြောက်စာလုပ်ခိုင်းနေတာလား...
ရှန်းလျိုရှန့် တစ်ယောက်တည်းသာ အံ့ဩနေသည်မဟုတ်ဘဲ အစောပိုင်းက အုတ်အုတ်ကျက်ကျက်ဖြစ်သွားသည့် တပည့်များကလည်း အံ့အားသင့်ပြီး တုံ့ဆိုင်းနေသည့် အမူအရာမျိုး ဖြစ်ကုန်သည်။
" ဒါတော့ မဟုတ်သေးဘူးထင်တယ်... ဂိုဏ်းချုပ်က အင်မော်တယ်ရှန်းကို စတေးပစ်မလို့လား..."
လူအုပ်ကြားထဲမှ လူတစ်ယောက်ကသာ တိတ်တဆိတ် ဝမ်းသာသွားပုံပေါ်သည်။
စုပိုင်ချယ့်၏နှုတ်ခမ်းများ တွန့်ကွေးသွားသည်။ လင်ယဲ့၏အကြံအစည်ကို သူ မသိသော်လည်း ရှန်းလျိုရှန့် ဝင်လာသည်နှင့် နတ်ဆိုးသခင်က ညှာတာပေးမည့်လူမျိုးမဟုတ်ပေ။ သူ ကျိန်းသေပေါက် အထင်လွဲနေပုံရသည်။
သူ့ကို အတိတ်က အနိုင်ကျင့်ခဲ့သော ရှန်းလျိုရှန့်ဟူသည့်လူက သွေးအိုင်အဖြစ်ပြောင်းလဲသွားမည်ကို သူမြင်ချင်နေမိသည်။
သူ့စိတ်ထဲ ဝမ်းသာသွားသော်လည်း စုပိုင်ချယ့်က အားနည်းသည့်လူတစ်ယောက်အဖြစ် ဆက်ဟန်ဆောင်နေရန် မမေ့ပေ။
" ဂိုဏ်းချုပ်... အင်မော်တယ်ရှန်းကို မလာခိုင်းပါနဲ့... အင်မော်တယ်ရှန်း ကျွန်တော့်ကြောင့် ဒုက္ခရောက်မှာကို မြင်ရမည့်အစား နတ်ဆိုးသခင်ရဲ့ လက်ထဲမှာပဲ သေလိုက်ပါတော့မယ်..."
လင်ယဲ့က တည်ငြိမ်စွာပြောလိုက်သည်။
" ငါမင်းကို ကယ်မှာပါ..."
ထိုစကားကိုကြားသည့်အခါ စုပိုင်ချယ့်၏ မျက်နှာထက်မှအပြုံးကို ဖုံးဖိမရတော့ပေ။
လင်ယဲ့က သူ့ကို ကယ်တင်လိုလေ ရှန်းလျိုရှန့်ကိုသုံးပြီး နတ်ဆိုးသခင်၏သည်းခံစိတ်ကို စမ်းသပ်လေ ဖြစ်သည်။ နတ်ဆိုးသခင်နှင့် ရှန်းလျိုရှန့်တို့အကြားတွင် မည်သည့်ဆက်နွယ်မှုမှမရှိကြောင်း ထုံရှီးက သူ့ကိုပြောပြထားပြီးဖြစ်သည်။ သို့ဖြစ်၍ ရှန်းလျိုရှန့် အရံအတားထဲ ဝင်လာပါက သူ့အတွက် လွတ်လမ်းရှိတော့မည်မဟုတ်ပေ။
စုပိုင်ချယ့်၏စိတ်ထဲတွင် အလွန်အမင်းကျေနပ်နေမိသည်။
ရှန်းလျိုရှန့်က လင်ယဲ့ကိုစိုက်ကြည့်ပြီး သူ့ရည်ရွယ်ချက်ကို မှန်းဆနေပုံရသည်။
ဒါပေမဲ့ လင်ယဲ့က ဘာကိစ္စနဲ့ စုပိုင်ချယ့်ရဲ့လုံခြုံရေးကြောင့် ငါ့အသက်ကို အလောင်းအစားလုပ်နေပါလိမ့်... ပြီးတော့ နတ်ဆိုးဘုံမှာသာဆို စုပိုင်ချယ့်က အေးအေးချမ်းချမ်း ဇိမ်ခံပြီး နေရမှာလေ...
ရှန်းလျိုရှန့် ထွက်ပြေးရန် တစ်ဖက်သို့လှည့်လိုက်သော်လည်း သူ့ပခုံးပေါ်မှ လက်တစ်ဖက်ကြောင့် ရပ်တန့်သွားရသည်။
" မကြောက်ပါနဲ့..."
လင်ယဲ့၏အသံက နွေးထွေးနေပြီး သူ့အသံထဲတွင် အဓိပ္ပါယ်ဖော်မရသော စိတ်ဓာတ်ပြတ်သားမှုအချို့ ပါဝင်နေသည်။
" နန်ယောင်ချွမ်က မင်းကို ဘယ်တော့မှ သတ်မှာမဟုတ်ဘူး... ဒီနည်းလမ်းတစ်ခုတည်းနဲ့ပဲ အရံအတားကို ချိုးဖျက်လို့ရမှာ..."
သူစကားပြောပြီးသည့်နောက် လက်ဖဝါးထက်တွင် အားအနည်းငယ်ထည့်ပြီး ရှန်းလျိုရှန့်ကို အရံအတားထံ တွန်းလွှတ်လိုက်သည်။
ကြည့်ရှုနေသူအားလုံးလည်း ကြောက်လန့်တကြား ပင့်သက်ရှိုက်ကုန်သည်။ နန်ယောင်ချွမ်၏မျက်ဝန်းထဲတွင် လှောင်ပြောင်သရော်မှု အရိပ်အယောင်တို့ရှိနေပြီး ရှန်းလျိုရှန့်က အရံအတားထဲတွင် အပိုင်းပိုင်းဖြစ်သွားမည်ကို လှုပ်ရှားမှုမရှိဘဲ ရပ်ကြည့်နေသည်။
" လင်ယဲ့ ငါ့ကို အရင်တုန်းကလိုများ ထင်နေ..."
ရုတ်တရက် သူ့စကားစပြတ်သွားသည်။
လင်ယဲ့က သူ့စိတ်ထဲမှနေ၍ အသံပို့လွှတ်လိုက်သည်။
" သူ့အဖေက ဧကရာဇ်ရှင်းယွီပဲ..."
အရံအတား၏ ဝန်းရံခံရတော့မည့် လူငယ်လေးကိုကြည့်ကာ နန်ယောင်ချွမ်၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။ တစ်ခဏတွင်းချင်း ပိတ်ဆို့တော့မည့် ထိုအရံအတားကို ရပ်တန့်လိုက်သည်။
ဘေးပတ်ဝန်းကျင်မှ အနက်ရောင်မြူများလည်း ပျောက်ကွယ်လုနီးပါး ဖြစ်သွားသည်။
စုပိုင်ချယ့်၏အပြုံးက အေးခဲသွားပြီး မတုံ့ပြန်နိုင်တော့သည့်အချိန်မှာပင် လင်ယဲ့က ရုတ်တရက် သူ့ကိုလှမ်းဆွဲလိုက်သည်။
သူ့စိတ်ကိုငြိမ်အောင်ထားပြီး မျက်နှာချင်းဆိုင်ကို လှမ်းကြည့်လိုက်ပေသည်။
ထိုနေရာတွင် နန်ယောင်ချွမ်က ရှန်းလျိုရှန့်ကို တင်းကြပ်စွာဖက်ထားပြီး သူ့အမူအရာက မသေမချာဖြစ်နေလျက် လင်ယဲ့ကို လှမ်းပြောလိုက်
သည်။
" ငါ့ကိုလှည့်စားလို့ကတော့ မင်းဆရာတူညီလေးရဲ့အလောင်းကိုကောက်ဖို့ ပြင်ထားလိုက်.."
ထိုသို့ပြောပြီးသည်နှင့် နတ်ဆိုးသခင်က လေဟာနယ်ထဲခြေချကာ ရှန်းလျိုရှန့်နှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ပျာယာခတ်မှုကြောင့် နှုတ်ခမ်းကိုက်မိမတတ်ဖြစ်သွားသော စုပိုင်ချယ့် : .....