Chapter 29
" ဂိုဏ်းချုပ်..."
စုပိုင်ချယ့် အလွန်ဒေါသထွက်နေသောကြောင့် စကားကိုရှင်းရှင်းလင်းလင်းမပြောနိုင်တော့ပေ။
" ဘာလို့ အင်မော်တယ်ရှန်းကို ကျွန်တော့်အစား စွန့်စားခိုင်းလိုက်တာလဲ... ကျွန်တော့်ကိုပဲ ဖမ်းခေါ်သွားခွင့်ပြုလိုက်ရင် ရနေတာကို..."
သူက ဒီတစ်မနက်လုံး အသည်းအသန်ကြိုးစားထားပြီးတော့ နန်ယောင်ချွမ်ရဲ့လက်ထဲရောက်အောင်အထိ မနည်းတိုက်ဆိုင်အောင် လုပ်ထားရတာလေ... အဲဒါမှ နတ်ဆိုးဘုံကိုရောက်သွားပြီး သောင်းနဲ့ချီတဲ့လူတွေရဲ့အထက်မှာ သက်တောင့်သက်သာနေနိုင်မှာကို...
ဒါပေမဲ့ အခုတော့ သူကြိုးစားကြံစည်ခဲ့ရတဲ့ ကိစ္စကြီးက မစခင်မှာတင် ပျက်စီးသွားပြီ...
လင်ယဲ့ သူ့ကိုလွှတ်ပေးလိုက်သည်။
" ငါ့ရဲ့ ဆရာတူညီလေးကို မင်းစိုးရိမ်နေတယ်ဆိုတာ ငါသိပါတယ်... ဒါပေမဲ့ မင်း စိတ်ချလက်ချ နေလို့ရပါတယ် နန်ယောင်ချွမ်က သူ့ကိုဒုက္ခပေးမှာ မဟုတ်ဘူး..."
ဘယ်သူက သူ့ကို စိုးရိမ်တာလဲ... သူကံကောင်းမှာကို ငါက ဖျက်ဆီးပစ်ချင်နေတာလေ...
စုပိုင်ချယ့် အံတင်းတင်းကြိတ်ထားပြီး အသိစိတ်လွတ်လုနီးနီးဖြစ်လာကာ သူ့မျက်နှာတစ်ခုလုံးကို ချက်ချင်းဆုတ်ဖြဲပစ်ချင်စိတ် ပေါ်လာသည်။
ထုံရှီးက သူ့ကို အဆက်မပြတ်သတိပေးနေသည့်အခါမှသာ သူ့စိတ်တည်ငြိမ်သွားပြီး လေသံက တဖြည်းဖြည်းပျော့ပျောင်းလာကာ ပြောလိုက်သည်။
" ဂိုဏ်းချုပ် ကျွန်တော် အင်မော်တယ်ရှန်းကိုကယ်ဖို့ နတ်ဆိုးဘုံကို လိုက်သွားပါ့မယ်..."
လင်ယဲ့က ပြန်ဖြေသည်။
" အဲဒီကို ငါသွားမှာပါ..."
သူက ရှန်းလျိုရှန့်၏ကိုယ်ပေါ်တွင် တည်နေရာအာရုံခံသည့်မန္တန်ကို နေရာချပေးလိုက်သောကြောင့် သူ့လှုပ်ရှားမှုများကို အာရုံခံနိုင်ပေသည်။ ယခုအချိန်တွင် သူတို့နှစ်ယောက်လုံး နတ်ဆိုးဘုံရှိရာသို့ ဦးတည်သွားနေကြသည်။
စုပိုင်ချယ့် ဒေါသထွက်လာသည်။
တကယ်လို့ သူ အခုနေ မသွားရဘူးဆိုရင် ချင်းလင်ဂိုဏ်းမှာပဲ တစ်သက်လုံး နေရတော့မှာလား...
သူ စိတ်ဆိုးမာန်ဆိုးဖြင့် စကားလုံးများကို မထိန်းချုပ်နိုင်တော့ပဲ လှောင်ပြောင်သရော်စွာ ပြောလိုက်သည်။
" ဂိုဏ်းချုပ်ရဲ့ရင်ထဲမှာ အင်မော်တယ်ရှန်းက ကျွန်တော့်ထက်ပို အရေးကြီးမယ်လို့ မထင်ထားခဲ့မိဘူး... တကယ့်ကို ချီးကျူးထိုက်ပါပေတယ်..."
လင်ယဲ့က မျက်မှောင်ကြုတ်လိုက်ပြီးနောက် စုပိုင်ချယ့်ကို နက်နက်နဲနဲ ကြည့်နေလိုက်သည်။ ခဏအကြာတွင် အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မင်း နန်ယောင်ချွမ်ရဲ့လက်ထဲရောက်သွားတဲ့အချိန် ငါမင်းကိုရွေးလိုက်တယ်ဆိုတာ သူနဲ့လိုက်သွားရင် သေဖို့များလို့ပဲ... ဒါပေမဲ့ ငါ့ရဲ့ ဆရာတူညီလေးကတော့ မတူဘူးလေ... တကယ်လို့ နန်ယောင်ချွမ်က သူ့ကို မကျေနပ်ဘူးဆိုရင်တောင် ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး..."
စုပိုင်ချယ့်၏စိတ်ထဲတွင် သရော်လိုက်သည်။
ဘယ်သူ့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလဲ... အဲဒီနတ်ဆိုးဘုရင်က ငါ့ကို သူ့ညီအရင်းတစ်ယောက်လိုသဘောထားပြီး အတိတ်ကနောင်တတွေအတွက် ပြန်ပေးဆပ်ချင်နေတယ်ဆိုတာကို ထုံရှီးက သေချာစုံစမ်းထားတာ... သူက ငါ့ကို အန္တရာယ်ပေးမယ်တဲ့လား..."
ပြီးတော့ အဲဒီနတ်ဆိုးသခင်က ရှန်းလျိုရှန့်ကို ဒုက္ခမပေးဘူးလို့ လင်ယဲ့က ဘာလို့သေချာနေရတာလဲ... ငါ့မျက်နှာက ရှန်းလျိုရှန့်ထက်မသာလို့ သူ့ရင်ထဲက ရှန်းလျိုရှန့်နဲ့ မယှဉ်နိုင်ဘူးလို့ တွေးနေတာလား...ဘယ်လိုတောင် ရယ်စရာကောင်းတာလဲ...
လင်ယဲ့က ဆက်မပြောတော့ဘဲ အကြံပေးလိုက်သည်။
" မင်းက ဂိုဏ်းထဲမှာပဲနေပါ..."
ထို့နောက်တွင် လင်ယဲ့က လေဟာနယ်ထဲခြေချပြီး ထွက်ခွာသွားတော့မည့်အချိန်၌ တစ်စုံတစ်ရာကို ရုတ်တရက်တွေးမိသွားပြီး ထောင့်တစ်နေရာကို ကြည့်လိုက်သည်။
လူငယ်လေးက မည်သည့်အချိန်ကပျောက်သွားကြောင်းမသိဘဲ ထိုနေရာတွင် ပြန့်ကျဲနေသည့် ဖရုံစေ့များသာ ကျန်ခဲ့ကြောင်း သူ တွေ့လိုက်ရပေသည်။
…
ရှန်းလျိုရှန့်၏ မျက်တောင်များ အနည်းငယ်တုန်ယင်လာပြီးနောက် အသိစိတ်ပြန်ကပ်လာသည်။ စကားပြောနေသံအချို့ကို ကြားလိုက်ရပြီးနောက် ထိုအသံများထဲတွင် နန်ယောင်ချွမ်၏အသံ ပါနေသည်ကို သိလိုက်ရသည်။
လျိုရှန်းယွင်က အိပ်ရာပေါ်မှလူကို လှမ်းကြည့်လိုက်သည်။
" ဆရာ အဲဒါဘယ်သူလဲ..."
သူက အဝေးမှ ချောင်းကြည့်နေခဲ့ခြင်းဖြစ်ပြီး နတ်ဆိုးသခင်က စုပိုင်ချယ့်ကို ဤကျင့်ကြံသူကြောင့်တွန်းလွှတ်လိုက်ချိန်တွင် သူ့ရင်ထဲ၌ မုန်တိုင်းတစ်ခု တိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ့ညီလေးနှင့် အလွန်တူသည့်လူတစ်ယောက်ကိုတွေ့သည့်အခါ နန်ယောင်ချွမ်၏မျက်ဝန်းထဲမှ ပျော်ရွှင်မှုကို သူ သတိပြုမိသည်။
အဲ့တော့ အခုမှ ပေါ်လာတဲ့လူက ဘယ်သူမို့ သူ့ညီလေးနဲ့တူတဲ့သူကိုတောင် လက်လျှော့ခဲ့တာလဲ...
နန်ယောင်ချွမ်က လက်ဖက်ရည်ခွက်ကို ချထားလိုက်ပြီး စားပွဲကို လက်ချောင်းများဖြင့်တောက်နေကာ လေးလံလှသည့်အသံမျိုး ပြုလုပ်နေသည်။
ခဏအကြာတွင်မှ သူပြောလိုက်သည်။
" သူက ငါ့မွေးစားအဖေရဲ့သားပဲ..."
နတ်ဆိုးသခင်တွင် မွေးစားအဖေတစ်ယောက်ရှိသည့်အကြောင်းကို လျိုရှန်းယွင် တစ်ခါမှ မကြားခဲ့ဖူး၍ အံ့အားသင့်သွားရသည်။ သူ့အကြည့်က အိပ်ရာပေါ် မတော်တဆရောက်သွားချိန်တွင် စောင်ပေါ်မှ ဖြူဖွေးသွယ်လျသောလက်ချောင်းများ လှုပ်ရှားလာသည်ကို မြင်လိုက်သည်။
တစ်ချိန်တည်းမှာပင် နန်ယောင်ချွမ်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။
" နိုးနေပြီဆိုရင်လည်း မျက်လုံးဖွင့်လေ... ကောင်းကောင်းနေနော် မင်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ပဲ ရှိသေးတာမလား..."
ရှန်းလျိုရှန့် စိတ်ထဲတွင် ကျိန်ဆဲနေသောကြောင့် ထွက်လာသည့် တံတွေးများက နန်ယောင်ချွမ်ကိုပင် ရေနှစ်သတ်နိုင်နေပြီဖြစ်သည်။
ရှန်းလျိုရှန့် တစ်ခုခုကို သတိပြုမိသည်။ ၎င်းက နန်ယောင်ချွမ်၏ ပြိုင်ဘက်ကင်းမန္တန်များထဲမှ တစ်ခုဖြစ်သည့် ဝိညာဉ်ချည်နှောင်အနုပညာဖြစ်သည်။
သူ့လက်ကောက်ဝတ် ပတ်ပတ်လည်တွင် ချည်နှောင်ထားသော အနက်ရောင်ကြိုးက နန်ယောင်ချွမ်၏ ဝိညာဉ်စွမ်းအားဖြင့် ပြုလုပ်ထားသော ဝိညာဉ်ချည်နှောင်ကြိုးဖြစ်သည်။ မန္တန်ကိုစီရင်သူထက် ကျင့်ကြံဆင့်နိမ့်သည့် မည်သူမဆို သူတို့၏ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ခံရပြီး ကျင့်ကြံဆင့်ကိုလည်း ဖိနှိပ်ခံထားရသည်။
ရှန်းလျိုရှန့် ထထိုင်လိုက်သည့်အခါ သူ့ဆံပင်ရှည်များက ကျောပေါ်တွင် ပြန့်ကျဲနေ၍ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ မည်သို့ထွက်ပြေးရမည်ကို တွေးနေစဉ်မှာပင် နန်ယောင်ချွမ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
" အဝတ်တွေချွတ်လိုက်..."
" ဟမ်..."
ရှန်းလျိုရှန့် မျက်လုံးပြူးသွားပြီး လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်လိုက်ကာ နန်ယောင်ချွမ်ကို စိုးရိမ်တကြီး ကြည့်နေလိုက်သည်။
ဘာလို့ အဝတ်တွေချွတ်ခိုင်းနေတာလဲ... ငါ မှတ်မိသလောက်ဆိုရင်တော့ နန်ယောင်ချွမ်က အဲ့လိုအကျင့်မျိုးရှိတဲ့သူ မဟုတ်ပါဘူး... ဟိုမြေခွေးတစ်ကောင်ပဲ အဲ့လိုလုပ်တတ်တာ...
အိပ်ရာပေါ်မှလူက မလှုပ်ရှားသည်က်ို မြင်သောအခါ နန်ယောင်ချွမ်၏လေသံက ပိုမိုတင်းမာလာသည်။
" အဝတ်တွေချွတ်လို့ ငါပြောတယ်လေ..."
ရှန်းလျိုရှန့်က မျက်မှောင်ကြုတ်လိုက်ပြီး လှုပ်ရှားခြင်းမပြုပေ။
နန်ယောင်ချွမ်က သူ့လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချခွဲပစ်လိုက်ပြီး သူ့မျက်နှာတစ်ခုလုံးက ဒေါသတကြီး ဖြစ်လာသည်။
" မင်း မချွတ်ဘူးဆိုရင် ငါကိုယ်တိုင်လာပြီး မင်းအရေခွံတွေကို ခွာပစ်မယ်..."
ထိုကျင့်ကြံသူကို သူ အမှန်တကယ်ပင် သဘောမတွေ့မိပေ။ အမိန့်ကို မနာခံသူတိုင်းက အသက်ရှင်ရန် မထိုက်တန်ပေ။
ခဏစဉ်းစားပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က တစ်ခုခုကို ရုတ်ချည်းသဘောပေါက်သွားသည်။
သူ့စိတ်ထဲမှ တံတွေးထွေးလိုက်မိသည်။
နန်ယောင်ချွမ်က ကျောက်စိမ်းပြားကို မြင်ချင်တယ်ဆိုလည်း သူ့ကိုတိုက်ရိုက်မေးမှပေါ့... ဘာလို့ ကွေ့ပတ်ပြောပြီး အင်္ကျီအတင်းချွတ်ခိုင်းနေတာလဲ...
ရှန်းလျိုရှန့်က အင်္ကျီကော်လံကို ဆွဲချလိုက်ပြီးနောက် အတွင်းမှ ကျောက်စိမ်းဆွဲကြိုးကို ထုတ်ပြလိုက်သည်။ ကျောက်စိမ်းပြားကို လက်ထဲကိုင်လိုက်ချိန်မှာပင် သူ့လည်ပင်းနားမှ ကြိုးက ၎င်းကို အဝေးမှ နန်ယောင်ချွမ်ရှိရာသို့ ယူသွားလိုက်သည်။
နန်ယောင်ချွမ်က ကျောက်စိမ်းပြားကို ခဏတာလန့် စိုက်ကြည့်နေပြီးသည့်နောက် သူ့အမူအရာက ဆက်တိုက်ပြောင်းလဲသွားကာ ကျောက်စိမ်းပြားကိုကိုင်ထားသည့် လက်ဖျားများကလည်း ဖြူဖျော့လာသည်။
၎င်းက အမှန်ပင် သူ့မွေးစားအဖေထံမှ အမှတ်တရပစ္စည်းဖြစ်သည်။
သူ ရှန်းလျိုရှန့်၏မျက်နှာကို စူးစူးရဲရဲကြည့်နေပြီး တူညီချက်အချို့ကိုရှာဖွေရန် ကြိုးစားနေသော်လည်း သားအဖနှစ်ယောက်က တူညီသည့်အချက် များများစားစား မရှိလှပေ။
ဧကရာဇ်ရှင်းယွီက နန်ယောင်ချွမ် အလွန်လေးစားရသူတစ်ယောက်ဖြစ်သည်။ လင်ယဲ့ပြောသည်က မှန်ကန်ပေသည်။ သူ့မွေးစားအဖေ၏မျိုးဆက်ကို သူ အန္တရယ်မပြုသင့်ပေ။
သို့ရာတွင် ...
နန်ယောင်ချွမ်က ရှန်းလျိုရှန့်ထံသို့လျှောက်သွားကာ ကျောက်စိမ်းဆွဲပြားကို ပြန်ပေးလိုက်ပြီးနောက် စက်ဆုပ်ရွံရှာသည့်ပုံဖြင့် မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
" ရှင်းလျန်နဲ့ ရှင်းလျန် နှစ်ယောက်စလုံးက နဂါးနဲ့ဇာမဏီငှက်တွေလိုပဲ...နှစ်ယောက်လုံးက ထူးချွန်ပြောင်မြောင်လို့ ငါ့မွေးစားအဖေရဲ့ ဆက်ခံသူတွေ ဖြစ်ထိုက်တယ်... ဒါပေမဲ့ မင်းအလှည့်ကျမှ ဘယ်လိုဖြစ်လို့ ငါ့မွေးစားအဖေရဲ့မျိုးဆက်က အထင်ကြီးစရာ မကောင်းတော့တာလဲ...
ရှန်းလျိုရှန့် : ဟမ်... သူသာ အားမနည်းနေဘူးဆိုရင် နန်ယောင်ချွမ်ကို သူ့သံလက်သီးချက်ကို မြည်းခိုင်းလိုက်တာကြာပြီ...
" ဒါဆိုရင် ကျွန်တော် သွားလို့ရပြီလား..."
သို့ရာတွင် နန်ယောင်ချွမ်က သူ့ပခုံးကိုကိုင်ပြီး ခပ်ကြမ်းကြမ်းပုတ်လိုက်သည်။
" ငါမင်းကို သဘောမကျဘူးဆိုပေမယ့် ငါ့မွေးစားအဖေရဲ့ တောင်းဆိုချက်အတိုင်း နတ်ဆိုးဘုံကို ခေါ်သွားမယ်... ပြီးရင် ငါမင်းကို ကောင်းကောင်းသင်ကြားပေးမယ် အဲဒါမှ ငါ့မွေးစားအဖေရဲ့မျိုးဆက်က ကျင့်ကြံရေးလောကမှာ မျက်နှာမပျက်ရမှာ..."
သူ ရှန်းလျိုရှန့်ကိုစိုက်ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
" နည်းနည်းတော့ လမ်းလွဲနေပြီဆိုပေမယ့် အဆင်ပြေပါသေးတယ်... ငါ မင်းကို တည့်မတ်ပေးနိုင်တယ်..."
ရှန်းလျိုရှန့် သူ့ကိုစိုက်ကြည့်နေလျက် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။
နန်ယောင်ချွမ်က သူ့ပခုံးကို ခပ်ပြင်းပြင်းပုတ်လိုက်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
" မတ်မတ်ထိုင်စမ်းပါ ဘာလို့ ပျော့တိပျော့ဖတ်နဲ့ ထိုင်နေတာလဲ..."
" ပြီးတော့..."
နန်ယောင်ချွမ်က ရှန်းလျိုရှန့်၏ ဆံပင်ရှည်ကြီးကို သူ့လက်ချောင်းကြားထဲထည့်၍ ပွတ်နေလိုက်သည်။
" မင်းရဲ့ ဆံညှပ်က ဘယ်မှာလဲ... ဒီလိုကြီးပြန့်ကျဲနေတော့ မသပ်မရပ်နဲ့... အမြန်စည်းထားစမ်းပါ..."
ရှန်းလျိုရှန့် ရှုံ့မဲ့သွားမိသည်။
သူက ပြန်တုံ့ပြန်သည့်အနေဖြင့် ခန္ဓာကိုယ်ကို တမင်တကာစောင်းလိုက်ပြီး အိပ်ရာပေါ်ပြန်လှဲကာ သူ့တစ်ကိုယ်လုံးကို ခေါင်းပါမကျန် စောင်ဖြင့် တင်းကြပ်စွာ ရစ်ပတ်ထားသည်။
" ဘာလို့ ပြန်လှဲနေတာလဲ... ထစမ်း..."
နန်ယောင်ချွမ်၏မျက်နှာက တင်းမာလာသည်။
စောင်အတွင်းမှ တစ်ခုတည်းသော တုံ့ပြန်မှုက ခပ်အုပ်အုပ်ညည်းသံတစ်သံသာ ဖြစ်သည်။
" ကျွန်တော် မထချင်ဘူး... ဒီတိုင်း လိပ်တစ်ကောင်လိုပဲ နေပါရစေ..."
နန်ယောင်ချွမ် ဒေါသထွက်လာပြီး လက်တစ်ဖက်ကိုမြှောက်ကာ ရိုက်ချပစ်ရန် ပြင်လိုက်သည်။ သူ့လက်ဖဝါးထက်တွင် အနက်ရောင်မြူများ စုဝေးလာပြီး သူ့ရှေ့တည့်တည့်မှလူကို လက်ဖဝါးချက်တစ်ချက်တည်းဖြင့် ရိုက်သတ်ပစ်ရန်အထိ စိတ်လိုက်မာန်ပါလုပ်ချင်စိတ်ကို မနည်းဖိနှိပ်ထားရသည်။
စိတ်ငြိမ်သွားသည့်အခါ လေထုအလယ်မှ လက်ချောင်းများက ပြန်ကွေးညွတ်သွားပြီး လက်ဆစ်ချိုးနေသကဲ့သို့ အသံမျိုး ထွက်လာသည်။
တကယ်လို့ သူ့ပုံစံကို စုပိုင်ချယ့်လိုမျိုး ပြောင်းလိုက်မယ်ဆိုရင်တော့ နည်းနည်းသည်းခံနိုင်လောက်မယ်ထင်တယ်...
တံခါးပွင့်လာပြီး အပြင်ဘက်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ရသော လျိုရှန်းယွင် ဝင်လာသည့်အခါ နတ်ဆိုးသခင်၏မျက်နှာက မှုန်ကုပ်ကုပ်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
" အဲ့လူက အယောင်ဆောင်လား..."
" တကယ်လို့ သူသာအယောင်ဆောင်းထားတယ်ဆိုရင် ငါကသူ့ကို အိပ်ရာပေါ် သက်တောင့်သက်သာ လှဲအိပ်ခိုင်းထားမယ်တဲ့လား..."
နန်ယောင်ချွမ် အေးတိအေးစက်ဖြင့် နှာမှုတ်လိုက်ပြီး ဝတ်ရုံလက်ကိုခါကာ လက်နောက်ပစ်ထားလိုက်သည်။
" ငါ အပြင်ခဏသွားဦးမယ်... သူ့ကို မျက်စိဒေါက်ထောက်ကြည့်ထား ထွက်မပြေးစေနဲ့..."
လျိုရှန်းယွင်က ဝိညာဉ်အခြေတည်အဆင့်ကျင့်ကြံသူဖြစ်၍ ရှန်းလျိုရှန့်ကို စောင့်ကြည့်ရခြင်းက အလွန်လွယ်ကူသည့်တာဝန် ဖြစ်ပေသည်။
အမိန့်ရသည်နှင့် သူ ချက်ချင်းနာခံလိုက်သည်။
ရှန်းလျိုရှန့်က သူ၏ ဝိညာဉ်အာရုံခံမှုကိုသုံး၍ နန်ယောင်ချွမ် ထွက်သွားသည်ကို သိလိုက်သည်။ သူ စောင်ကိုဖယ်၍ အိပ်ရာပေါ်မှထကာ ဖရိုဖရဲဖြစ်နေသည့် အဝတ်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားသွားကာ အပြင်ကိုတစ်ချက်ကြည့်လိုက်သည်။
ညအချိန်တွင်လည်း မြို့က သက်ဝင်လှုပ်ရှားနေပြီး နေရာအနှံ့တွင် မီးများထွန်းထားသော်လည်း မှောင်ရိပ်ခိုနိုင်သည့် နေရာများစွာရှိနေသည်။
ရှန်းလျိုရှန့်၏မျက်လုံးများ အရောင်လက်သွားပြီး စားပွဲနားတွင် ရပ်နေသူကို တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်လူက လုံးဝမလှုပ်ရှားဘဲ သူ့ကိုသာ စိုက်ကြည့်နေသည်။
" ညီလေးလျို... ငါဗိုက်ဆာလို့ စားစရာတစ်ခုခု ဝယ်ပေးပါလား..."
လျိုရှန်းယွင်က အေးတိအေးစက်ဖြင့် ပြန်ဖြေလိုက်သည်။
" မရဘူး..."
ရှန်းလျိုရှန့် အေးအေးလူလူဖြင့် မျက်ခုံးပင့်လိုက်ပြီး သူ့ခါးမှ အိတ်လေးကို လှမ်းယူလိုက်သည်။
လျိုရှန်းယွင်က သတိအနေအထား ဖြစ်သွားသည်။
" ငါက ပေါက်စီလေးတစ်လုံး ဝယ်စားချင်ရုံပါ စိတ်မလှုပ်ရှားပါနဲ့..."
ရှန်းလျိုရှန့်က အပြစ်ကင်းသည့်အပြုံးဖြင့် ကြယ်တာရာအိတ်ကို ဆွဲထုတ်လိုက်သည်။
" မင်းက ငါ့ထက်တောင် ကျင့်ကြံဆင့်မြင့်နေတာပဲ ငါမင်းကို နိုင်မယ်ထင်လို့လား..."
လျိုရှန်းယွင် နှာမှုတ်လိုက်ပြီး သူရှင်းပြသည်ကို လက်ခံလိုက်သည်။
ရှန်းလျိုရှန့်က ကြယ်တာရာအိတ်ကိုထုတ်ပြီး ပြတင်းပေါက်နားတွင် ချိတ်ထားကာ သက်ပြင်းချလိုက်သည်။
" ငါ အိတ်ပေါ်မှာ ဘာအစီအရင်မှ မလုပ်ထားသင့်ဘူးဆိုတာ သိနေတယ်..."
သူက တစ်ဖက်မှလူကိုကြည်ပြောလိုက်သည်။
" ညီလေးလျို ငါ့ကို အိတ်လေးကူဖွင့်ပေးပါလား..."
တစ်ခုလုံး မည်းနက်နေတဲ့ အဲ့လိုရုပ်ဆိုးတဲ့အိတ်ကို ငါတစ်ခါမှ မမြင်ဖူးဘူး...
လျိုရှန်းယွင်က အိတ်ကိုယူပြီး သူ့လက်ထဲတွင် လှုပ်ကြည့်လိုက်သည့်အခါ မူမမှန်သည်ကို မတွေ့ရပေ။ ထို့နောက် သူ ကြိုးကိုဆွဲပြီးဖွင့်ပေးလိုက်သည်။
" ဒီလိုလေးဖွင့်လိုက်ရင် ရနေတာကို..."
သူ ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ့ရှေ့တည့်တည့်မှ လူချောလေးက နှုတ်ခမ်းကော့ညွတ်ကာ ပြုံးနေပြီး မန္တန်တစ်ခုကို ခပ်တိုးတိုး ရွတ်ဆိုလိုက်သည်အား ကြားလိုက်ရသည်။
တစ်ခဏတွင်းချင်း လျိုရှန်းယွင်၏ အမြင်အာရုံက အမှောင်ထုထဲ ရောက်ရှိသွားသည်ပြီး တစ်စုံတစ်ရာက သူ့ကိုမူးဝေလာအောင် ပြုလုပ်နေသည်နှင့် တူပေသည်။
သူ့တစ်ကိုယ်လုံး ယိမ်းယိုင်သွားပြီးနောက် ခုံပေါ်မှ လဲကျသွားသည်။
ရှန်းလျိုရှန့်က သူမြေကြီးပေါ်မလဲကျမီတွင် ထိန်းကိုင်ထားလိုက်
ပြီး အိပ်ရာပေါ်တင်ပေးကာ ခေါင်းကိုအုပ်ထားသည့် အဝတ်အိတ်ကို ဖယ်လိုက်သည်။ ထို့နောက် သူ့အဝတ်များကိုခါကာ ပြတင်းပေါက်မှ ခုန်ထွက်ပြီး မီးခိုးသဖွယ် ပြေးထွက်သွားပေသည်။
ငါ့လက်ထဲ ကြယ်တာရာအိတ်ရှိနေမှတော့ တစ်လောကလုံးက ငါ့အတွက်ပဲ...