အပိုင်း ၃၀
Viewers 24k

Chapter 30




သူ မိုင်တစ်ရာခန့်အထိ ထွက်ပြေးလာခဲ့ပြီးမှ လူအသွားအလာနည်းပါးသည့်နေရာတွက် ရပ်တန့်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သည့်အခါ တစ်သီးတစ်သန့်ရှိနေသည့် တောအုပ်ကြီးကိုကြည့်ပြီး ငြိမ်ကျသွားမိသည်။


သစ်ပင်တစ်ပင်တွင်မှီလျက် အမောတကော ပင့်သက်ရှိုက်နေပြီး သူ့မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ပေါ်လာသည်။ 


" သူတို့ကများ ငါ့ကိုမျက်စိဒေါက်ထောက်ကြည့်ချင်သေးတယ်ပေါ့လေ ဟမ့်... ဒီသခင်လေးကို အဲ့လောက်လွယ်မယ်ထင်နေတာလား..."


ခဏနားပြီးသည့်နောက်တွင် သူ ထွက်သွားရန် ပြင်လိုက်သည်။ ထိုအခိုက်အတန့်တွင်  သူ့လက်ကောက်ဝတ်ထက်မှ ဝိညာဉ်ချည်နှောင်ကြိုးက ရုတ်တရက် ပူလာသည်ကို ခံစားလိုက်ရသည်။


ကြိုးမှ အနက်ရောင်မြူခိုးများ ထွက်လာပြီးနောက် တဖြည်းဖြည်း ပုံရိပ်တစ်ခုအသွင် ဖြစ်လာသည်။


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ 


နောက်အခိုက်အတန့်တွင် လေထုအလယ်မှ ကြိုးမျှင်များက တင်းကြပ်သွားပြီး မမြင်နိုင်သောအားတစ်ခုက သူ့ကိုတောထဲမှ ဆွဲထုတ်ကာ လူများစွာဖြင့် စည်ကားနေသည့်လမ်းပေါ် တွန်းပို့လိုက်သည်။ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ အမည်မသိ အရပ်မျက်နှာတစ်ခုသို့ ဆွဲခေါ်ခံလိုက်ရသည်။ 


ထိတ်လန့်တကြားဖြင့် သူ့ရှေ့တွင် ပေါ်လာသည့် အရပ်ရှည်ရှည်လူကို လှမ်းကြည့်လိုက်သည်။ သူက ရှောင်တိမ်းခြင်းမပြုဘဲ လမ်းအလည်ခေါင်တည့်တည့်တွင် ရပ်နေသည်။ 


ဘန်း...


လမ်းမထက်တွင် ချိတ်ဆွဲထားသော ရောင်စုံမီးအိမ်များက လေနှင့်အတူ ယိမ်းနွဲ့နေသည်။


ရှန်းလျိုရှန့်၏ခေါင်းက ထိုလူ၏ တောင့်တင်းကျယ်ပြန့်သောရင်အုပ်ကြီးနှင့် ဝင်တိုက်မိသွား၍ ခေါင်းမူးနောက်နောက်ပင် ဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့ရှေ့မှလူက သူ့ဂုတ်ပိုးမှ ဆောင့်ဆွဲပြီး သူ့ကိုဆွဲခေါ်သွားသည်။


" တော်တော်လေး လျင်တာပဲ..."


နန်ယောင်ချွမ်၏ မျက်နှာက အထင်အမြင်သေးသည့်ဟန် ပြသနေသော်လည်း သူ့ကိုချီးကျူးနေသည့် အရိပ်အမြွက်အချို့လည်း ပါဝင်နေသည်။

" ဝိညာဉ်ချည်နှောင်ကြိုးကြောင့်သာမဟုတ်ရင် မင်း လွတ်သွားလောက်ပြီ..."


ရှန်းလျိုရှန့် သူ့နှဖူးကို လက်ဖြင့်အုပ်ထားလိုက်ပြီး သူ့ရှေ့မှ ချောမောခံ့ညားသော်လည်း ခက်ထန်သည့်မျက်နှာဖြင့်လူကို ကြည့်လိုက်သည်။ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် သူ ဆဲရေးသည့်စကားတစ်လုံး တီးတိုးပြောလိုက်သည်။


" ဖာ့ခ်..."


ထိုစကားတစ်ခွန်းကြောင့် နန်ယောင်ချွမ်က ရှန်းလျိုရှန့်ကို စကားပြောမရအောင် လုပ်လိုက်သည်။ 


ရှန်းလျိုရှန့် တည်းခိုဆောင်သို့ ပြန်ဆွဲခေါ်လာခံရ၍ မျှော်လင့်ချက်မဲ့သွားပေသည်။ မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့မျက်နှာတစ်ခုလုံး ဖြူဖျော့နေပြီး အပြင်းအထန်ဒဏ်ပေးခံရတော့မည်ဟု ထင်နေချိန်တွင် အံ့ဩစရာကောင်းစွာဖြင့် နန်ယောင်ချွမ်က သူ့ကိုဘာမှမလုပ်ဘဲ လွှတ်ပေးထားသည်။


" မင်းက ငါ့မွေးစားအဖေရဲ့သား ဖြစ်ထိုက်ပါပေတယ် စွမ်းရည်တချို့တော့ ရှိသားပဲ..."


စကားမပြောဘဲ နာရီဝက်ခန့်နေနေရ၍ ရှန်းလျိုရှန့်၏စိတ်ထဲတွင် ရူးတော့မည်ဟု ထင်လာသည်။ သူ့လည်ချောင်းကို လက်ညှိုးထိုးပြပြီး သူ စကားပြောချင်ကြောင်း ပြသလိုက်သည်။ 


နန်ယောင်ချွမ်က သူ့ကိုလျစ်လျူရှု့ထားပြီး လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်။ သို့ရာတွင် သူ လက်ဖက်ရည်ခွက်ကို ကိုင်လိုက်သည်နှင့် ဖန်ခွက်က သူ့လက်ထဲ အစိတ်စိတ်အမြွှာမြွှာဖြစ်သွား၍ အင်္ကျီကို လက်ဖက်ရည်များ စင်ကုန်သည်။


နန်ယောင်ချွမ်က မျက်လုံးများမှေးကျဉ်းလိုက်ပြီး ရှန်းလျိုရှန့်လက်ကို ဆောင့်ဆွဲပြီး ဝိညာဉ်ချည်နှောင်ကြိုးကိုဆွဲဆိတ်၍ ပြောလိုက်သည်။


" ရွှေအမြုတေအဆင့်လောက်ထားဖို့က မင်းအတွက် မြင့်လွန်းနေတယ်ထင်တယ်... ငါ အခြေခံအုတ်မြစ်တည်အဆင့်လောက်ပဲ ထားလိုက်ရမလား..."


ရှန်းလျိုရှန့်: “…”


သူ့စိတ်ထဲတွင် ထပ်မံဆဲရေးမိလိုက်ပြန်သည်။




ထို့နောက်တွင် နန်ယောင်ချွမ်က သူ့ကို ဤညအတွက် အနားယူရန်ပြောပြီး ဘေးချင်းကပ်အခန်းကို ထွက်သွားလိုက်သည်။


ဤနေရာက နတ်ဆိုးများ၏ နယ်မြေနှင့် ကျင့်ကြံသူတို့၏နယ်မြေ ဆုံရာဖြစ်သည်။ လေထဲမှ ဝိညာဉ်စွမ်းအင် အတက်အကျက အလွန်အားပြင်းလှသောကြောင့် ညဘက်တွင် ခရီးသွားလာရသည်က အလွန် အန္တရာယ်များသည်။ သူတို့ ညဘက်တွင် ဤနေရာ၌ အနားယူပြီးမှ နောက်နေ့မနက်တွင် နတ်ဆိုးနယ်မြေသို့ ခရီးဆက်နိုင်မည်ဖြစ်သည်။


နန်ယောင်ချွမ် သူ့အခန်းထဲသို့ ပြန်ရောက်လာပြီးသော်လည်း ရှန်းလျိုရှန့်၏ လှုပ်ရှားမှုများကို သူ၏ နတ်ဘုရားအာရုံခံမှုဖြင့် စစ်ဆေးနေသည်။


နန်ယောင်ချွမ် ထွက်သွားပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က ဒေါသဖြေဖျောက်သည့်အနေဖြင့် လက်ဖက်ရည်တစ်အိုးလုံးကို တစ်ကျိုက်တည်းမော့သောက်လိုက်သည်။ ထို့နောက် စားပွဲနားသို့သွား၍ စာရွက်နှင့် စုတ်တံကိုကိုင်ကာ တစ်စုံတစ်ရာကို ပြင်ဆင်နေသည်။



နန်ယောင်ချွမ် မျက်လုံးမှိတ်ထားလျက် တွေးတောနေသည်။ ရှန်းလျိုရှန့်ကို ခေါ်ဆောင်သွားရမည်မှာ လွယ်ကူသောကိစ္စမဟုတ်ပေ။ လင်ယဲ့က ဤနေရာသို့ လာနေသည်မှာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ကံကောင်းသည်မှာ နန်ယောင်ချွမ်က ရှန်းလျိုရှန့်၏ကိုယ်ပေါ်မှ တည်နေရာ အာရုံခံနည်းစနစ်ကို သတိပြုမိသောကြောင့်ပင်။ သူ ၎င်းကို မဖျက်ဆီးပစ်နိုင်သော်လည်း ထိုပစ္စည်းကိုအသုံးချပြီး တစ်ဖက်လူကို လှည့်ဖျားကာ အချိန်ဆွဲနိုင်ပေသည်။


နတ်ဆိုးဘုံတွင် ကိစ္စအချို့ကို ကိုင်တွယ်ပြီးသည်နှင့် စုပိုင်ချယ့်ကို ပြန်လာခေါ်မည်ဖြစ်သည်။


နန်ယောင်ချွမ် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး သူ့ဘေးနားမှ အနက်ရောင်မြူများက ပိုမိုသိပ်သည်းလာသည်။


ထိုအခိုက်အတန့်တွင်  နံရံဘက်မှ အသံတစ်သံကြားလိုက်ရ၍ သူ့အတွေးများကို အဆက်မပြတ် နှောင့်ယှက်လာသည်။


နန်ယောင်ချွမ် မှုန်ကုပ်ကုပ်အမူအရာဖြင့် မျက်လုံးများပွင့်လာပြီး တစ်ဖက်မှအခန်းတွင်း ရုတ်ချည်းပေါ်လာကာ နံရံနားတွင် သူ့လက်ထဲ ကျောက်တုံးကိုင်ပြီးရပ်နေသည့် ရှန်းလျိုရှန့်ကို စိုက်ကြည့်လိုက်သည်။ သူ အေးတိအေးစက်လေသံဖြင့် ပြောလိုက်သည်။


" မင်းကိုကြည့်ရတာ အရေးကြီးကိစ္စတစ်ခုခု ပြောစရာရှိနေသလိုပဲ..."


ရှန်းလျိုရှန့်က စကားတစ်ခွန်းမှ မပြောနိုင်သောကြောင့် ကျောက်တုံးကိုလွှင့်ပစ်လိုက်ပြီး စားပွဲပေါ်တွင် သူ ပြင်ဆင်ထားသည့်စာလိပ်ကို လှမ်းယူလိုက်သည်။ ထို့နောက် စာလိပ်ကို တဖြည်းဖြည်းဖြန့်ပြီး နန်ယောင်ချွမ်ကို ပြလိုက်သည်။


ဖြူဖွေးလှသည့်စာရွက်ပေါ်တွင် ချုံ့တွနေသော စာလုံးကြီးအချို့ ရှိနေသည်။


" အစ်ကိုကြီးကို 'အစ်ကိုကြီး' လို့ခေါ်နိုင်ဖို့ အခွင့်အရေးလေး ပေးပါ..."


နန်ယောင်ချွမ်၏မျက်နှာက အနည်းငယ် ပျော့ပျောင်းသွားသည်။


" မင်း ရိုးရိုးသားသား ပြောနေတာလား..."


ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလိုက်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ သူ၏ချောမောလှသည့်မျက်နှာထက်တွင် ရိုးသားဖြူစင်မှုတို့ဖြင့် ပြည့်နေသည်။


" ငါ့ကို အစ်ကိုကြီးလို့ခေါ်ဖို့ မင်း စကားမပြောနိုင်အောင်လုပ်ထားတဲ့ မန္တန်ကို ဖျက်ပေးရမှာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး..."


နန်ယောင်ချွမ် ရှေ့တစ်လှမ်းတိုးလာပြီး လက်တစ်ဖက်မြှောက်ကာ ရှန်းလျိုရှန့်၏မေးရိုးကိုဆောင့်ဆွဲလိုက်ပြီး သူ့မျက်နှာကို စေ့စေ့စပ်စပ် ကြည့်နေသည်။


" ဒါပေမဲ့ ငါမင်းကို ကြည့်မရသေးဘူး အဲ့တော့ ထားလိုက်ပါတော့..."


ရှန်းလျိုရှန့် : “…”


ငါ မင်းကို ‌ဒီလောက်တောင် မျက်နှာသာပေးထားတာကို...


ဇာမဏီမျက်ဝန်းတစ်စုံထဲမှ စိတ်မကြည်မလင်ဖြစ်သွားမှုအချို့ကို မြင်လိုက်ရသည့်အခါ နန်ယောင်ချွမ် အသံတိုးတိုးဖြင့် ရယ်လိုက်ပြီး ရှန်းလျိုရှန့်၏ပါးကို လက်ချောင်းရှည်များဖြင့်ဆွဲညှစ်လိုက်သည်။


" ကောင်းပြီလေ ဒါဆိုရင် ငါ့ကိုအခု အစ်ကိုကြီးလို့ခေါ်..."


ရှန်းလျိုရှန့် ချောင်းဟန့်လိုက်ပြီး နောက်ဆုံးတွင် အသံထွက်နိုင်သွားတော့သည်။ 


သူ တစ်စုံတစ်ရာ ပြောတော့မည့်အချိန်တွင် နန်ယောင်ချွမ်က သူ့ကို ပုံမှန်မဟုတ်ဘဲ နူးညံ့ညင်သာသောအကြည့်ဖြင့် ကြည့်နေသည်ကို သတိပြုမိလိုက်သည်။


ရှန်းလျိုရှန့် စိတ်ထဲ ခံစားချက်မကောင်းဖြစ်လာ၍ အနီးနားမှ ကြေးမုံတစ်ချပ်ယူပြီး မျက်နှာကိုကြည့်လိုက်သည်။ သူ့မျက်နှာက ကြည်လင်သန့်ရှင်းပြီး လရောင်သဖွယ် လှပနေသည်။


“······” သူ မရယ်ဘဲ မနေနိုင်တော့ပေ။


ရှန်းလျိုရှန့် ဒေါသပေါက်ကွဲသွားမည်ဟုာနန်ယောင်ချွမ် မျှော်လင့်ထားသော်လည်း အံ့ဩစရာ ကောင်းသည်မှာ ရှန်းလျိုရှန့်က ပြုံးရုံသာပြုံးပြီး သူ၏ နူးညံ့သောအသံလေးကို အသုံးချလိုက်သည်။


" အစ်ကိုကြီး ကျွန်တော်ဗိုက်ဆာနေပြီ ကျွန်တော်စားဖို့ တစ်ခုခုလုပ်ပေးပါလား..."


နန်ယောင်ချွမ် အံ့အားသင့်သွားမိသည်။ 


ထိုအခိုက်အတန့်တွင် သူ့ညီလေး အမှန်တကယ် ပြန်ရောက်လာသည်ဟုပင် သူ ထင်သွားမိသည်။


သူ ပြန်လည်တုံ့ပြန်နိုင်သည့်အချိန်တွင် ဟင်းပွဲများကို စားပွဲပေါ်အပြည့် ပြင်ဆင်ထားပြီး ဖြစ်နေသည်။


ရှန်းလျိုရှန့်က တူကိုယူပြီး နူးညံ့သည့်အသံလေးဖြင့် ပြောလိုက်သည်။


" အစ်ကိုကြီး ကျွန်တော်နဲ့ အတူစားလေ တစ်ယောက်တည်းစားရတာ ပျော်စရာမကောင်းဘူး..."


နန်ယောင်ချွမ် သူ့ကိုစိုက်ကြည့်နေပြီး ပြန်ဖြေလိုက်သည်။

" မင်းစားနေတာကို ကြည့်‌နေရတာ ပိုကောင်းပါတယ်..."


" အဲလိုလား ဒါဆိုလည်း ကျွန်တော် အားမနာတော့ဘူးနော်..."

ရှန်းလျိုရှန့်က ရှက်ရွံ့ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။


ပြောပြီးသည်နှင့် တူကို ဘေးနားချထားလိုက်ပြီး ပန်းကန်ထဲမှ ကြက်ပေါင်ကိုလှမ်းကိုင်လိုက်သည်။ ထို့နောက် ကြက်ပေါင်ကို ပါးစပ်ထဲထိုးထည့်ကာ တသ်ကိုက်တည်းစားပစ်လိုက်သည်။


လျိုရှန်းယွင် အခန်းထဲဝင်လာသည့်အခါ ထိုမြင်ကွင်းကို ကြောင်အနေသည့် အမူအရာဖြင့် ‌စိုက်ကြည့်နေမိသည်။ 


အခန်းထဲရှိ ထမင်းစားပွဲတွင် လှပသောမျက်နှာလေးနှင့် အမျိုးသားတစ်ယောက်က တင်ပျဉ်ခွေထိုင်နေပြီး အမဲသားများကို ဆီပေနေသည့်လက်ဖြင့်ယူကာ အငမ်းမရစားသောက်နေပြီး နောက်ပန်းကန်တစ်ချပ်ထံသို့ လက်လှမ်းနေသည်။


စားပွဲပေါ်တွင် အရိုးများ၊ ပုစွန်ခွံများဖြင့် ပြန့်ကျဲ ရှုပ်ပွနေသည်။ ထိုမြင်ကွင်းက အလွန်ပင် သည်းမခံနိုင်ဖွယ်ရာဖြစ်သည်။


ထိုအချိန်တွင် နတ်ဆိုးသခင်က ထိုနေရာ၌ မလှုပ်ယှက်ထိုင်ပြီး သူ့မျက်နှာတစ်ခုလုံးကလည်း တောင့်တင်းအေးခဲနေပုံရသည်။ 


ကျေနပ်အားရအောင် စားပြီးသွားသည်နှင့် ရှန်းလျိုရှန့်က တစ်ဖက်သို့လှည့်လိုက်သည်။ 


" အစ်ကိုကြီး ဘာလို့ ကျွန်တော့်ကို အဲ့လိုကြောက်စရာကောင်းတဲ့ပုံကြီးနဲ့ ကြည့်နေတာလဲ... ကျွန်တော်က အစ်ကိုကြီးရဲ့ ညီလေးနဲ့ မတူဘူးလား..."


ဘန်း...


ဖိအားကြောင့် စားပွဲက ကျိုးကြေသွားပြီး ဒုန်းခနဲ ပြိုလဲကျသွားပေသည်။


ရှန်းလျိုရှန့် ကြမ်းပေါ်မှထလာပြီး အေးအေးလူလူဖြင့် ဖုန်များကို ခါနေသည်။ သူက မျက်နှာပျက်နေသော နတ်ဆိုးသခင်၏ရှေ့ကိုလျှောက်လာပြီး ပြောလိုက်သည်။


" အစ်ကိုကြီး ဒါက စုပိုင်ချယ့်ရဲ့ ပုံစံအစစ်ပဲလေ... မကြိုက်ဘူးလား..."

[ နန်ယောင်ချွမ်က ရှန်းလျိုရှန့်ရဲ့မျက်နှာကို စုပိုင်ချယ့်ရဲ့ပုံစံ ပြောင်းထားလိုက်တာပါ ]


နန်ယောင်ချွမ်၏အသံက တုန်ယင်နေသည်။

" ငါနဲ့ ဝေးဝေးနေစမ်း..."


ရှန်းလျိုရှန့်က ပိုမိုလျင်မြန်စွာလျှောက်လာပြီး သူ့နှုတ်ခမ်းထက်တွင်လည်း ကြက်သွန်မြိတ်စများ ပေနေသည်။ သူက နတ်ဆိုးသခင်ကြီး အလွန်ဂရုစိုက်သည့် မျက်နှာဘေးဖြင့် ကြောက်စရာကောင်းစွာ ပြုံးပြလိုက်သည်။


" အစ်ကိုကြီး ~ "


နန်ယောင်ချွမ် အလွန်ပင် စိတ်ညစ်သွားသည်။


သူ့စိတ်ထဲမှ နူးညံ့သိမ်မွေ့ပြီး စကားကို ညင်ညင်သာသာပြောတတ်သော ညီငယ်လေး၏ပုံရိပ်က လုံးဝပျောက်ဆုံးသွားပြီး ရှန်းလျိုရှန့်၏ အစားကြူးတစ်ယောက်သဖွယ် စားသောက်နေသည့် မျက်နှာကြီးသာ ပေါ်လာပေသည်။ 


" ဝေးဝေးနေစမ်း..."


သူ့ရင်ထဲမှ ညီငယ်လေး၏ပုံစံက ဖျက်ဆီးခံလိုက်ရသည်။ 

" ငါ့သူ့ကို တကယ်သတ်ပစ်ချင်နေပြီ..."


မီးရောင်မှိန်ပျပျသာရှိသည့် စင်္ကြန်လမ်းတွင်ရပ်နေလျက် သူ့အမူအရာက အလွန်စိတ်ညစ်ညူးနေပုံ ဖြစ်နေသည်။


" အခုတော့ ငါ့ညီလေးအကြောင်း တွေးလိုက်တိုင်း ကြက်သွန်မြိတ်တွေနဲ့ပြည့်နေတဲ့ မျက်နှာကြီးကိုပဲ မြင်ယောင်မိတော့မယ်..."


လျိုရှန်းယွင်လည်း နတ်ဆိုးသခင်ကို မည်သို့အားပေးနှစ်သိမ့်ရမည်ကို မသိတော့ပေ။ သူ သက်ပြင်းချလိုက်ပြီး နန်ယောင်ချွမ်က တစ်ညလုံး တံခါးအပြင်ဘက်တွင် ငြိမ်သက်စွာနေနေခဲ့သည်ကိုသာ စောင့်ကြည့်နေ‌လိုက်ရသည်။


နောက်တစ်နေ့တွင် ရှန်းလျိုရှန့်က အိပ်ရာပေါ်မှ ဆွဲချခံလိုက်ရသည်။


သူ လျိုရှန်းယွင်ကိုကြည့်ပြီး မေးလိုက်သည်။

" အစ်ကိုကြီး ဘယ်ရောက်သွားတာလဲ..."


" အရှင်က မင်းကို မတွေ့ချင်ဘူးတဲ့..."


ရှန်းလျိုရှန့် သက်ပြင်းချလိုက်ပြီး သူ့မျက်နှာကို ထိလိုက်သည်။

" ဒီမျက်နှာလေးက နည်းနည်းရုပ်ဆိုးပေမယ့် အစ်ကိုကြီး သဘောကျလို့ ငါက မနည်းလက်ခံထားရတာကို... ဘာလို့ နောက်ထပ် နည်းနည်း ပိုမကြည့်တော့တာလဲ..."


လျိုရှန်းယွင်၏မျက်နှာက ရှုံ့မဲ့သွားပြီး ရှန်းလျိုရှန့်ကို တည်းခိုဆောင်ထဲမှ ခေါ်ထုတ်လာခဲ့သည်။ နန်ယောင်ချွမ်က အလှမ်းဝေးသည့် တစ်နေရာမှ လျှောက်နေပြီး နောက်ကိုလုံးဝလှည့်မကြည့်ပေ။ 


ရှန်းလျိုရှန့်က စိတ်ဓာတ်ကျနေသည့်လေသံဖြင့် ပြောလိုက်သည်။


" အစ်ကိုကြီး ငါ့ကိုဘာလို့ အေးတိအေးစက်တွေ ဆက်ဆံနေတာလဲ... အစတုန်းက ဒီလိုမဟုတ်ပါဘူး..."


လျိုရှန်းယွင်က ပြန်ဖြေလိုက်သည်။

" မင်း အသက်ရှင်နေသေးတာ ကံကောင်း..."


ရှန်းလျိုရှန့်က မျက်ခုံးတစ်ချက်ပင့်ပြီး ရယ်လိုက်သည်။ 


သူ့အကြည့်က လမ်းပေါ်မှ ပုံရိပ်တစ်ခုထံသို့ အလိုလိုရောက်သွားချိန်၌ မျက်လုံးများ ပြူးကျယ်သွားတော့သည်။


....




[ ကျင့်ကြံဆင့်တွေအကြောင်း ရှင်းပြချင်လို့ပါ ကိုယ့်စိတ်ထင်ပြောရရင်တော့ အခုပါပြီးသလောက်အထိဆိုရင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်က အမြင့်ဆုံးပါ၊ နန်ယောင်ချွမ်နဲ့ လင်ယဲ့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်နှောင်းပိုင်း ဒါမှမဟုတ် အဲ့အဆင့်ထက်မြင့်တဲ့သူတွေ ဖြစ်နိုင်ပါတယ်၊ ရှန်းလျိုရှန့်ကကျတော့ အခုမှ ဝိညာဉ်အခြေတည်အဆင့်ကနေ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်ထားတာပါ၊ အဲဒါကို နန်ယောင်ချွမ်က သူ့ကျင့်ကြံဆင့်ကို ဖိနှိပ်ထားလို့ လက်ရှိမှာ ရွှေအမြုတေအဆင့်ပဲရှိနေတာပါ၊ အခြေခံအုတ်မြစ်တည်အဆင့်ကတော့ ချင်းလင်ဂိုဏ်းက တပည့်တွေဖြစ်တဲ့ ကျိုးရွှမ်လန်တို့ လင်မူရှန်းတို့ရဲ့ အဆင့်လောက်တွေပါ 


လောလောဆယ်ပါထားတဲ့ ကျင့်ကြံဆင့်လေးခုကို မြင့်ရာက နိမ့်ရာကို စီလိုက်မယ်ဆိုရင်


ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်

⬇️⬇️⬇️

ဝိညာဉ်အခြေတည်အဆင့်

⬇️⬇️⬇️

ရွှေအမြုတေအဆင့်

⬇️⬇️⬇️

အခြေခံအုတ်မြစ်တည်အဆင့် 


ဒီလိုမျိုးတွေပါ မရှင်းတာရှိရင်လည်း လာမေးလို့ရပါတယ် 


ထပ်ပြီးတော့တိုးလာရင်လည်း ပြန်ရှင်းပြပေးပါမယ် ]