Chapter 31
ယဲ့ပင်းရန်က ဝိညာဉ်ဆေးပင်များရောင်းသည့် ဆိုင်ရှေ့တွင်ရပ်နေပြီး ဆေးများရွေးနေစဉ်၌ အကြည့်တစ်ခုက သူ့အပေါ်ရောက်လာသည်ကို အာရုံခံမိသည်။ သူ့ခေါင်းကို တစ်ဖက်သို့လှည့်ပြီး ကြည့်လိုက်သည်။
' စုပိုင်ချယ့် ' က သူ့ကို မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြုံးစစအမူအရာဖြင့် ကြည့်နေသည်။
[ ရှန်းလျိုရှန့်က စုပိုင်ချယ့်မျက်နှာ ဖြစ်နေတာကို သူ မသိလို့ပါ ]
ယဲ့ပင်းရန် သူကြည့်နေသည့်ဘက်ကို လိုက်ကြည့်လိုက်သောအခါ အရှေ့မှဦးဆောင်သွားသည့် နတ်ဆိုးသခင်ကို မြင်လိုက်ရသည်။
သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ဖြစ်ပျက်နေသည့်အရာများကို သဘောပေါက်သွားသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ 'စုပိုင်ချယ့်' နှင့် နန်ယောင်ချွမ်၏အကြားကို သူ့ဓားဖြင့် ပိတ်ဆို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူက 'စုပိုင်ချယ့်'၏ဘေးနားတွင်ပေါ်လာပြီး လျိုရှန်းယွင်ကို လက်ဖဝါးဖြင့် တစ်ချက်ရိုက်ကာ သူ့ကိုခေါ်ထုတ်သွားတော့သည်။
" မင်း မသက်မသာ ဖြစ်နေသေးလား..."
ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို ကူညီပေးလိုက်ပြီးနောက် သန့်ရှင်းသည့်နေရာတစ်ခုတွင် ထိုင်နေစေလိုက်သည်။
" နန်ယောင်ချွမ်ရဲ့ ကျင့်ကြံဆင့်က တော်တော်လေးနက်နဲတယ်... တကယ်လို့ ငါတို့တွေ မိုင်တစ်ထောင်ကူးပြောင်းနည်းကိုမသုံးရင် အဖမ်းခံရလိမ့်မယ်..."
ရှန်းလျိုရှန့်ကို နန်ယောင်ချွမ်က အခြေခံအုတ်မြစ်တည်အဆင့် ဖြစ်အောင် ဖိနှိပ်ထားသောကြောင့် မိုင်ထောင်ပေါင်းများစွာ သွားလာပြီးသည့်နောက်တွင် တစ်ကိုယ်လုံး ဆုတ်ပြဲလုမတတ် ဖြစ်လာသည်။
သူ အသက်ပြင်းပြင်းရှုလိုက်ပြီး ဖြူဖျော့နေသည့်မျက်နှာပြင် ခေါင်းခါလိုက်သည်။ သူက ကျေးဇူးတင်မှုကို ဖော်ပြလိုသော်လည်း ကိစ္စတစ်ခုကို ရုတ်တရက်တွေးမိသွား၍ အမြန်ပါးစပ်ပိတ်ထားလိုက်သည်။
ဘေးနားမှ သစ်ကိုင်းခြောက်တစ်ချောင်းကိုကောက်ယူပြီး သစ်ရွက်များကိုဖယ်ကာ မြေပြင်ပေါ် စကားလုံးအချို့ ရေးပြလိုက်သည်။
" ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်၊ ကျေးဇူးမမေ့ပါဘူး..."
" မင်းရဲ့အသံကို ချိပ်ပိတ်ထားတာလား..."
ယဲ့ပင်းရန် လက်တစ်ဖက်ဆန့်လိုက်သည်။
" ငါ ပြန်ဖွင့်ပေးမယ်လေ..."
ရှန်းလျိုရှန့် သူ့လက်ကိုရှောင်ပြီး စကားလုံးအချို့ အမြန်ရေးလိုက်သည်။
" လည်ချောင်းနာနေလို့ပါ..."
သို့ဖြစ်၍ ယဲ့ပင်းရန်က သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းလေးတစ်လုံးထုတ်ပြီး သူ့ကိုပေးလိုက်သည်။
" ဒါက ချင်းလင်ဆေးရည်... မင်း လည်ချောင်းနာတာ သက်သာသွားလိမ့်မယ်..."
ရှန်းလျိုရှန့် အံ့အားသင့်သွားရသည်။
လည်ချောင်းနာတာလေးတစ်ခုတည်းနဲ့ အဆင့်မြင့်ဝိညာဉ်ဆေးရည်တွေပါ ထုတ်ပေးနေတယ်ဆိုတော့ ဓားသခင်က သူ့ကို(စုပိုင်ချယ့်) ကို တော်တော်ဖြစ်နေတာပဲ...
သူ ငြင်းဆန်လိုက်ပြီးနောက် ဝတ်ရုံလက်ကိုလှန်တင်ကာ သူ၏ပိန်သွယ်သောလက်ကောက်တွင် ချည်နှောင်ထားသည့် ဝိညာဉ်ချည်နှောင်ကြိုးကို ပြလိုက်သည်။
ယဲ့ပင်းရန်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွသည်။
" ဝိညာဉ်ချည်နှောင်နည်းစနစ်ကို နန်ယောင်ချွမ်တစ်ယောက်ပဲ ပြန်ဖွင့်နိုင်မှာ... တစ်ခုတည်းသောနည်းလမ်းက ချည်နှောင်ထားတဲ့ နေရာတစ်ဝိုက်ကို ဖြတ်တောက်ပစ်ဖို့ပဲ..."
ဟမ် သူ့လက်ကိုဖြတ်မလို့လား...
ရှန်းလျိုရှန့် ကြောက်လန့်တကြားဖြင့် လက်ပြန်ရုတ်လိုက်သည်။
သူ ပျာယာခတ်သွားသည်ကို မြင်သောအခါ ယဲ့ပင်းရန်၏ ခက်ထန်နေသော အမူအရာက နူးညံ့သွားသည်။
" မကြောက်ပါနဲ့ နည်းလမ်းတစ်ခုခုတော့ ရှိမှာပါ..."
သူ မတ်တပ်ရပ်လိုက်သည်။
" မင်းကိုယ်ပေါ်မှာ ဝိညာဉ်ချည်နှောင်ကြိုးရှိတယ်ဆိုတော့ သိပ်မကြာခင် နန်ယောင်ချွမ်က ငါတို့ကိုတွေ့သွားလိမ့်မယ် ငါတို့ ဒီထက်ပိုဝေးဝေး သွားရမယ်..."
ရှန်းလျိုရှန့် အားတက်သရောဖြင့် ခေါင်းညိတ်ပြလိုက်ပြီးသည်နှင့် ယဲ့ပင်းရန်က သူ့ကိုဓားပျံပေါ် တင်သွားသည်။ ဓားက ကောင်းကင်ယံတွင် လှစ်ခနဲ ပျံသန်းနေလေသည်။ သူတို့က နယ်မြေနှစ်ခုအကြားနေရာတွင် တည်ရှိနေဆဲဖြစ်၍ ညဘက်တွင် ဝိညာဉ်စွမ်းအင် အတက်အကျများက နေ့ခင်းထက် ပိုပြင်းထန်သောကြောင့် သွားလာရသည်မှာ အန္တရာယ်များ ပေသည်။
ညနေဘက်ရောက်သည့်အခါ တောင်ပေါ်တွင် လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားကြသည်။ ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို အတွင်းသို့ခေါ်သွားပြီး မန္တန်တစ်ခုရွတ်ကာ မီးဖိုပေးလိုက်သည်။
တစ်နေ့တာလုံး ပြေးလွှားနေခဲ့ရ၍ ရှန်းလျိုရှန့်က အလွန်ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ စိုစွတ်နေသည့် မြေပြင်ပေါ်တွင် သူ ထိုင်ချလိုက်မိတော့သည်။ သူ ခေါင်းမော့လိုက်သည့်အခါ ယဲ့ပင်းရန်က သူ့ကို အံ့ဩတကြီးဖြစ်နေသည့် အမူအရာဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ လန့်သွားသောကြောင့် မြေပြင်ပေါ်မှ အမြန်ထပြီး ကျောက်တုံးတစ်ခုကိုရှာကာ သိမ်သိမ်မွေ့မွေ့ထိုင်လိုက်သည်။ ထို့နောက် ယဲ့ပင်းရန်ကို ပြုံးရုံပြုံးပြလိုက်သည်။
ယဲ့ပင်းရန်၏ ဇဝေဇဝါဖြစ်နေသောအကြည့်က ပျောက်ကွယ်သွားပြီး မျက်လုံးများအသာမှိတ်ထားကာ ရှန်းလျိုရှန့်၏ဘေးတွင် တရားထိုင်နေသည်။
လှိုဏ်ဂူက တိတ်ဆိတ်လွန်းနေ၍ ရှန်းလျိုရှန့် နေသားမကျဖြစ်နေသည်။ သူ လက်တစ်ဖက်ဆန့်ပြီး ယဲ့ပင်းရန်ကို တို့လိုက်သည်။
ယဲ့ပင်းရန်က သူ့ကိုလှည့်ကြည့်သည်။
" ဘာဖြစ်တာလဲ..."
ရှန်းလျိုရှန့်က သစ်ကိုင်းခြောက်တစ်ခုကိုကောက်ပြီး မြေကြီးပေါ် စာရေးပြလိုက်သည်။
" ဘာလို့ ဒီနေရာကို ရောက်နေတာလဲ..."
ယဲ့ပင်းရန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။
" ကြာပွတ်နဲ့အရိုက်ခံရတဲ့ ဒဏ်ရာက မပျောက်သေးလို့ ဝိညာဉ်ဆေးပင်တွေ လာရှာတာပါ..."
ရှန်းလျိုရှန့် : “······”
ရှန်းလျိုရှန့် အပြစ်မကင်းသကဲ့သို့ ခံစားလိုက်ရသည်။ သူ ဝမ်းနည်းစွာဖြင့် မြေပြင်ပေါ် ရေးလိုက်သည်။
" ငါ မှားသွားပါတယ်..."
သူ အရမ်း ပြင်းပြင်းထန်ထန် ရိုက်မိသွားတာပဲ...
ယဲ့ပင်းရန် ခဏတာ တိတ်ဆိတ်သွားသည်။
" ပိုင်ချယ့် ငါဘာလို့ အဲ့လိုလုပ်ရတာလဲဆိုတာ မင်းနားလည်မှာပါ..."
ရှန်းလျိုရှန့် ရင်တုန်သွားသည်။
ဒီလိုကနေ ဖွင့်ပြောတော့မလားမသိ...
ကျေးဇူးတင်စရာကောင်းသည်မှာ ယဲ့ပင်းရန်က ထိုစကားတစ်ခွန်းသာပြောပြီးနောက် သူ့ကိုထပ်မံ၍ ဖိအားမပေးတော့ပဲ စကားလမ်းကြောင်းလွှဲလိုက်သည်။
" သူမင်းကို ထပ်ပြီးအနိုင်ကျင့်သေးလား..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်ပြီး ဤအခွင့်အရေးကို အသုံးချကာ သူ့ကိုယ်သူ မြှောက်ပင့်ပြီး ရေးပြလိုက်သည်။
" သူ ငါ့ကို ကောင်းကောင်းဆက်ဆံပါတယ်..."
ယဲ့ပင်းရန်က ထိုစကားများကို မယုံကြည်သကဲ့သို့ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
" မင်းတကယ် အဲ့လိုထင်တာလား..."
ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ပင်းရန်က ခဏတာ အလေးအနက် တွေးတောနေပြီးသည့်နောက်တွင် သူ့ရင်ထဲမှ စကားအချို့ကိုပြောရန် ကြိုးစားနေပုံပေါ်သည်။ ရှန်းလျိုရှန့်ကိုကြည့်နေသော အေးတိအေးစက်အကြည့်များက တွန့်ဆုတ်နေပုံရသည်။
" ဒါဆိုရင် ငါကရော..."
ရှန်းလျိုရှန့်လိုလူမျိုးကတောင် သူ့ကိုကောင်းကောင်းဆက်ဆံပေးမယ်ဆိုရင် ငါကရော...
သစ်ကိုင်းခြောက်ကိုကိုင်ထားသည့် ရှန်းလျိုရှန့်၏လက်ချောင်းများက အနည်းငယ် တောင့်တင်းသွားသည်။ ခဏစဉ်းစားပြီးသည့်နောက် မြေပြင်ပေါ်တွင် ရေးပြလိုက်သည်။
" မင်းကတော့ သေချာပေါက် သူ့ထက်သာတာပေါ့..."
ယဲ့ပင်းရန်လိုလူမျိုးကိုတောင် စုပိုင်ချယ့်ရဲ့စိတ်ထဲ နိမ့်ကျတယ်လို့ထင်နေရင်တော့ ချောက်ကမ်းပါးပေါ်က ခုန်ချသင့်နေပြီ...
ထိုအဖြေကိုမြင်သည့်အခါ ယဲ့ပင်းရန်က ရှန်းလျိုရှန့်ကို စိုက်ကြည့်နေပြီး တစ်ခွန်းချင်းပြောလိုက်သည်။
" အဲဒါဆို ငါက အကောင်းဆုံးလို့ ပြောချင်တာလား..."
ထိုမေးခွန်းကိုဖြေရန် အလွန်ခက်ခဲလှပေသည်။
ရှန်းလျိုရှန့်က ဆက်လက်ဟန်ဆောင်နေသင့်လားဟု တွေးတောနေချိန် မီးရောင်အောက်ရှိ မြေကြီးပေါ် တွန့်လိမ်တွန့်လိမ်ဖြင့်သွားနေသည့် အကောင်တစ်ကောင်ကို ရုတ်တရက် သတိပြုမိသွားသည်။
ရှန်းလျိုရှန့်၏ခေါင်းထဲမှ ကြိုးစလေးက ပြတ်တောက်သွားသည်။
သူ ထိုင်နေရာမှ ချက်ချင်းထခုန်လိုက်ပြီး လှိုဏ်ဂူထဲမှ နောက်ထပ်လူတစ်ယောက်ကို လက်ညှိုးထိုးလိုက်သည်။
" ကယ်ကြပါဦး ပိုးကောင်ကြီး ရှိနေတယ် ပိုးကောင်ကြီး..."
" မင်း ဘယ်သူလဲ..."
ဓားအလင်းရောင်တစ်ချက်လင်းလက်သွားပြီး ရှန်းလျိုရှန့်၏လည်ပင်းကို ချိန်ရွယ်ထားပေသည်။
ယဲ့ပင်းရန်၏မျက်နှာက သံမဏိသဖွယ် အေးစက်လာသည်။ ထိုအသံကို သူရင်းနှီးနေသော်လည်း ၎င်းက စုပိုင်ချယ့်၏အသံ မဟုတ်ပေ။
ရှန်းလျိုရှန့်က မြေကြီးထဲဝင်သွားသည့် ပိုးကောင်ကို တစ်ချက်ကြည့်ပြီးနောက် စိတ်အေးလက်အေးဖြစ်သွားသည်။ သူ၏ လှပသောမျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
" မင်းရဲ့အချစ်ဟောင်းလေ..."
လှိုဏ်ဂူတစ်ခုလုံး ငြိမ်ကျသွားသည်။
ယဲ့ပင်းရန်၏မျက်နှာက အေးတိအေးစက်ဖြစ်လာကာ အံကြိတ်ပြီး စကားကိုတစ်လုံးချင်း ပြောလိုက်သည်။
" ရှန်း... လျို... ရှန့်..."
" ဟုတ်တယ် ငါလေ..."
ရှန်းလျိုရှန့်က နောက်တစ်လှမ်းဆုတ်ပြီး သူ့ကိုတရိုတသေ ဦးညွတ်လိုက်သည်။
" ငါတို့အတိတ်တုန်းက ပဋိပက္ခလေးတွေ ရှိခဲ့ပေမယ့် ကူညီပေးတာကို ကျေးဇူးတင်ပါတယ်..."
ယဲ့ပင်းရန်၏မျက်နှာက အစိမ်းရောင်တလှည့် အဖြူရောင်တစ်လှည့်ဖြစ်နေပြီး သူ့နှုတ်ခမ်းများက "ငါနဲ့ဝေးဝေးနေ" ဟု ပြောချင်နေပုံရသော်လည်း သူက ယဉ်ကျေးသည့်လူတစ်ယောက်ဖြစ်၍ မနည်းထိန်းချုပ်ထားပုံရသည်။ ခဏတာ ရုန်းကန်နေပြီးသည့်နောက်တွင် ဓားကိုဓားအိမ်ထဲ ပြန်ထည့်လိုက်သည်။
" နှုတ်ဆက်ခဲ့ပါတယ်... မင်းဘာသာဆက်သွားတော့..."
" မသွားပါနဲ့..."
ရှန်းလျိုရှန့်က သူ့အင်္ကျီလက်ကို ဆွဲထားလိုက်သည်။
" မင်းငါ့ကို ဒီအထိတောင် ကူညီပေးထားတာပဲ... အခု ငါက အခြေခံအုတ်မြစ်တည်အဆင့်ကို ဖိနှိပ်ခံထားရတာ... အပြင်ထွက်တာနဲ့ ငါသေပြီပဲ..."
ယဲ့ပင်းရန်၏မျက်နှာက အမူအရာကင်းမဲ့နေသည်။
" အဲဒါ ငါနဲ့ဘာဆိုင်လဲ..."
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး ရိုးသားစွာဖြင့် ပြောလိုက်သည်။
" မင်းရဲ့ အချစ်ဟောင်းအတွက်လို့ပဲ သဘောထားလိုက်ပါ..."
ယဲ့ပင်းရန်၏ ချောမောခံ့ညားသော မျက်နှာထက်တွင် အေးစက်မှုများဖြင့် ပြည့်လာသည်။ ရှန်းလျိုရှန့်ကိုင်ထားသော သူ့ဝတ်ရုံလက်ကိုဆွဲခါလိုက်ပြီး ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" အဲဒီမျက်နှာနဲ့ အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့..."
" ဟုတ်ပါပြီ ဟုတ်ပါပြီ... ငါတို့နှစ်ယောက်လုံးက အင်မော်တယ်ဂိုဏ်းဝင်တွေနော်... မင်းဒီနေ့ငါ့ကို စွန့်ပစ်ထားခဲ့မယ်ဆိုရင် အနာဂတ်မှာ လူတွေက ပေလွင်ဓားဂိုဏ်းမှာ သူများဒုက္ခရောက်နေတာကို မကူညီတတ်တဲ့ နှလုံးသားမဲ့တဲ့ ကျင့်ကြံသူတွေပဲရှိတယ်လို့ ပြောကြလိမ့်မယ်..."
သူ မျက်ခုံးပင့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။
" ဒါပေမဲ့ တကယ်လို့ ငါ့ကိုကယ်ခဲ့ရင်တော့ ငါ့ရဲ့ဆရာတူအစ်ကိုက ဝမ်းသာသွားပြီး မင်းနဲ့ အကြီးအကဲစုတို့ရဲ့ ဆက်ဆံရေးကို တစ်ခုခု လုပ်ပေးမယ်ထင်တယ်... အဲ့အချိန်ကျရင် မင်းလည်း အကြီးအကဲစုနဲ့တူတူရှိနေဖို့ အခွင့်အရေးရပြီ ဟီးဟီးဟီး..."
ယဲ့ပင်းရန်က သူ လျှောက်ပြောနေသည်ကို နားထောင်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။
" မင်းက တော်တော်နားငြီးတာပဲ..."
“… ”
ရှန်းလျိုရှန့် ဆွံ့အသွားမိသည်။
" ငါ့ရဲ့ လက်ရှိအဆင့်က နန်ယောင်ချွမ်နဲ့ မယှဉ်နိုင်ဘူး..."
ယဲ့ပင်းရန်၏လေသံက ခက်ထန်နေသည်။
" တကယ်လို့ သူ မင်းကိုလာရှာမယ်ဆိုရင်တော့ မင်းကိုခေါ်သွားတာကိုပဲ ငါထိုင်ကြည့်နေရမှာ..."
ရှန်းလျိုရှန့်က တီးတိုးပြောလိုက်သည်။
" ဒါပေမဲ့ မင်းခုနတုန်းက ငါ့ကို ဖျောင်းဖျထားသေးတယ်လေ... မင်းနဲ့ နတ်ဆိုးသခင်တို့က အဆင့်ချင်းတူတူလောက်ပဲဆို..."
ယဲ့ပင်းရန် သူ့ကို မျက်စောင်းထိုးလိုက်သည်။
" ငါ ကြာပွတ်နဲ့ အရိုက်ခံထားရတုန်းက ဒဏ်ရာတွေရှိသေးတယ်... မတိုက်ခိုက်နိုင်ဘူး..."
ရှန်းလျိုရှန့် အလိုက်တသိဖြင့် ပါးစပ်ပိတ်နေလိုက်တော့သည်။ ယဲ့ပင်းရန်က ရှန်းလျိုရှန့်၏ ဖြူဖွေးသွယ်လျသောလက်ကောက်ဝတ်ကိုတစ်ချက်ကြည့်ပြီး အတွေးထဲ နစ်မျောနေသည်။
" ဒါမှမဟုတ် ဝိညာဉ်ချည်နှောင်ကြိုးကို ငါ့ဓားနဲ့ဖြတ်ပေးရင်လည်း ရတာပဲ..."
ရှန်းလျိုရှန့် သူ့လက်ကို ဝတ်ရုံထဲ အမြန်ထိုးထည့်ထားလိုက်သည်။
" နတ်ဆိုးသခင် ငါ့ကိုဖမ်းသွားတာက ပိုကောင်းပါတယ်..."
သူ့စကားဆုံးချိန်တွင် လှိုဏ်ဂူပေါက်ဝမှ ခြေသံများကို ကြားလိုက်ရသည်။
" အဲ့လိုလား... ဒါဆိုရင်လည်း ငါနဲ့အတူ ပြန်လိုက်ခဲ့လေ..."
" ဟင်..."
ဝုန်း...
တောအုပ်တစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ခါသွားသည်။
လေထဲမှ မြင့်တက်လာသော ဝိညာဉ်စွမ်းအင်များကြောင့် ရှန်းလျိုရှန့် အပိုင်းပိုင်းဆုတ်ပြဲမတတ်ဖြစ်သွားရသည်။ သို့ရာတွင် ယဲ့ပင်းရန်က သူ့ဓားဖြင့် ကာပေးထားပြီး သူ့ဘေးနားတွင် အရံအတားတစ်ခု ချပေးထားလိုက်သည်။
ရှန်းလျိုရှန့် ရင်ထဲထိသွားမိသည်။
တကယ်လို့ စောစောကသာသိခဲ့မယ်ဆိုရင် အကောင်းဆုံးအမျိုးသားဇာတ်ကောင်ကို voteခိုင်းတုန်းက ယဲ့ပင်းရန်ကို ပေးခဲ့ပါတယ်...
ယဲ့ပင်းရန်က သူ့ကို ညာပြောနေခြင်းမဟုတ်ပေ။ သူ၏ကြာပွတ်က ခန္ဓာကိုယ်ကို ၇၀ရာခိုင်နှုန်း၊ စိတ်ဝိညာဉ်ကို ၃၀ရာခိုင်နှုန်း ပစ်မှတ်ထားခြင်းဖြစ်သည်။ ဝိညာဉ်ကိုထိခိုက်မိခြင်းက ကိုင်တွယ်ရန် ခက်ခဲလှပြီး ယခုအချိန်ထိ ပြန်မကောင်းလာသေးပေ။
ထို့အပြင် သူက ဝိညာဉ်အခြေတည်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည့်လူဖြစ်သည်။ ဤအခိုက်အတန့်တွင် သူ နန်ယောင်ချွမ်နှင့် မယှဉ်နိုင်သည့်အတွက် အကြိမ်အနည်းငယ် ရင်ဆိုင်တိုက်ခိုက်ပြီးနှင့် ရှုံးတော့မည့် အရိပ်အယောင် ပြသလာသည်။
ယဲ့ပင်းရန်၏နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာပြီး သူ့မျက်နှာတစ်ခုလုံးဖြူရော်လာကာ မြေပြင်ပေါ်ပြုတ်ကျပြီး ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွားရသည်။
ရှန်းလျိုရှန့်က သူ့ကိုအမြန်တွဲထူပေးလိုက်ပြီး တစ်ခုခု ပြောလိုသော်လည်း တွန့်ဆုတ်နေသည်။
" ဒီလိုလုပ်ရင်ရော..."
ယဲ့ပင်းရန်က သူ့ကိုအေးစက်စက်ဖြင့် ကြည့်လိုက်သည်။
" ငါ့ကို ထွက်ပြေးဖို့ ဖျောင်းဖျမလို့လား... ငါတို့နှစ်ယောက်လုံးက အင်မော်တယ်ဂိုဏ်
းက ကျင့်ကြံသူတွေလေ ငါဒီလိုမလုပ်နိုင်ဘူး..."
" မဟုတ်ပါဘူး..."
ရှန်းလျိုရှန့် ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
" ငါပြောချင်တာက မင်း နည်းနည်းလောက်ပိုပြီး အားစိုက်ထုတ်ရင်ရော ဘယ်လိုလဲလို့..."
“…,”
ယဲ့ပင်းရန် ဆွံ့အသွားတော့သည်။