အပိုင်း ၃၂
Viewers 23k

Chapter 32




နန်ယောင်ချွမ်က သူတို့နှစ်ယောက်ကိုစိုက်ကြည့်နေလျက် မျက်ခုံးများတွန့်ချိုးပြီး စိတ်မရှည်ဟန်ဖြစ်လာကာ တိုက်ခိုက်ရန် ပြန်ပြင်လိုက်သည်။


ယောကျာ်းသားနှစ်ယောက်က ဆက်လက်တိုက်ခိုက်နေကြသည်။


ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်ပေါ်သို့ လရောင်ကျရောက်လာစဉ်တွင် သူမည်သို့ ထွက်ပြေးရမည်ကို စဉ်းစားနေမိသည်။


ထိုအချိန်တွင် မြေပြင်ပေါ်၌ အရိပ်တစ်ခုပေါ်လာကာ တစ်ယောက်ယောက်က သူ့ကို ခါးမှဆွဲယူပြီး တင်းကြပ်စွာဖက်ထားသည်။


သူ့နားရွက်နားသို့ လေသံတိုးတိုးတစ်သံက တီးတိုးပြောလာသည်။


" ပိုင်ချယ့် နောက်ဆုံးတော့ မင်းကိုဖမ်းမိပြီ..."


အစောပိုင်းက အသည်းအသန်တိုက်ခိုက်နေခဲ့ကြသည့် လူနှစ်ယောက်က ရပ်တန့်သွားပြီး သူတို့မျက်နှာများက မည်းမှောင်လာသည်။


" ဟွားကျန်း..."


" နတ်ဆိုးဘုရင်သုံးဖော်ထဲက တစ်ယောက်ပဲ..."


ရှန်းလျိုရှန့်၏မျက်လုံးများ ပြူးကျယ်သွားပြီး တောင့်တင်းစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်သည့်အခါ ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ရောင်မျက်ဝန်းများကို တွေ့လိုက်ရသည်။ သူ့ ဦးရေပြားများပင် ထုံကျဉ်သွားမိသည်။


ငါတော့ ကိစ္စတုံးပြီ...


ဒါက ဟိုမြေခွေးထီးပဲ...


ဟွားကျန်းက ညစ်ကျယ်ကျယ်ဖြင့် ပြုံးပြလိုက်ပြီးနောက် ခြေတစ်လှမ်းဆုတ်ကာ ရှန်းလျိုရှန့်ကို သူနှင့်အတူခေါ်ပြီး ထိုနေရာမှ ပျောက်ဆုံးသွားလေသည်။



စုပိုင်ချယ့်က လင်ယဲ့ ဂိုဏ်းမှထွက်သွားသည့်အချိန်ကိုစောင့်နေပြီး သူ့နောက်မှ အမြန်လိုက်သွားသည်။


ထုံရှီး၏ လမ်းပြမှုကြောင့် ထိုနေရာသို့ ရောက်တော့မည့်အချိန်တွင် ယဲ့ပင်းရန်ကပါ ရောက်နေကြောင်းသိလိုက်ရ၍ လမ်းကြောင်းပြောင်းလိုက်ပေသည်။ သူ့အမူအရာက ကြမ်းတမ်းသွားသည်။


" ယဲ့ပင်းရန်က ဘာကိစ္စ သူ့ကိုကယ်ရတာလဲ..."


" ငါလည်း မသိဘူးလေ..."


ထုံရှီးက အကြမ်းဖျင်းမှန်းဆကြည့်လိုက်သည်။

" နန်ယောင်ချွမ်က သူတို့ကို ပြန်ဖမ်းမိသွားပြီး အခု နတ်ဆိုးဘုရင်သုံးဖော်ပါ ရောက်လာပြီထင်တယ်..."


စုပိုင်ချယ့် တအံ့တဩဖြင့် ပြောလိုက်သည်။

" ဟွားကျန်းလား..."


သူ လန့်သွားပြီး ခြေလှမ်းများကို နှေးပစ်လိုက်သည်။ ထိုနာမည်ကြောင့် စိတ်မချမ်းသာစရာမှတ်ဉာဏ်အချို့ ပြန်ပေါ်လာပေသည်။


သူတို့ပထမဆုံးအကြိမ်တွေ့ဆုံစဉ်တည်းက ဟွားကျန်းက သူ့ကိုပစ်မှတ်ထားခဲ့ပြီး သူ၏ ရှေးဟောင်းနတ်ဘုရားအသုံးအဆောင် နတ်ဆိုးလှေထဲသို့ သူ့ကို ပြန်ပေးဆွဲခဲ့သည်။ ထိုမျှသာမက သူ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေအောင်ပါ အထူးကြာပွတ်ဖြင့် ရိုက်နှက်ခဲ့သေးသည်။ ဟွားကျန်းက သူ့ကို "ချယ့်ချယ့်" ဟု ဆက်တိုက်ခေါ်နေ၍ သူ အော်ဂလီဆန်လုမတတ် ဖြစ်ခဲ့ရသည်။


အကယ်၍ သူ ထိုအချိန်က ကယ်တင်မခံခဲ့ရပါက ဟွားကျန်း၏အကြံက အောင်မြင်သွားနိုင်သည်။


ထိုနေရာမှ မထွက်ခွာမီ သူ့ကိုကြည့်နေသော မက်မွန်ရောင်မျက်လုံးများ၏ ရွံရှာစက်ဆုပ်ဖွယ်ကောင်းမှုကို သူ ထင်ထင်ရှားရှား သတိရနေသေးသည်။


" နောက်တစ်ခါရင် မင်းကိုယ်တိုင် ငါ့ကိုလုပ်ပေးပါလို့ တောင်းဆိုရအောင် လုပ်ပစ်မယ်..."


စုပိုင်ချယ့် ကြက်သီးထလာပြီး ‌သူ့အကြောက်တရားကို မဖိနှိပ်နိုင်တော့ပေ။ 

" ငါ ချင်းလင်ဂိုဏ်းကိုပြန်တာပဲ ပိုကောင်းပါတယ်..."


ထုံရှီးက ပြောလိုက်သည်။

" သူ ရှန်းလျိုရှန့်ကိုဖမ်းခေါ်ပြီး နတ်ဆိုးလှေပေါ် ခေါ်သွားပြီ..."


စုပိုင်ချယ့်၏ ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်သွားပြီးနောက် စိတ်ထဲတွင် ကြိတ်ဝမ်းသာနေမိသည်။



လရောင်က ခပ်မှိန်မှိန်သာ တောက်ပနေသည်။


ဝမ်းပြားလှေတစ်စင်းက ရေကန်မျက်နှာပြင်ပေါ်တွင် မျောနေသည်။


ရုတ်တရက် ထိုလှေက အရောင်တောက်ပလာပြီး လေထဲတွင် ပျောက်ကွယ်သွားသည်။


၎င်း၏ ရိုးစင်းလှသော အပြင်ပိုင်းသွင်ပြင်နှင့် ဆန့်ကျင်စွာဖြင့် လှေအတွင်းပိုင်းက အလွန်ကြီးကျယ်ခမ်းနားပြီး နန်းတော်ကြီးတစ်ခုနှင့်တူကာ တောက်ပသော ပရိဘောဂများဖြင့်ပြည့်နေတာ ယစ်မူးစေသော ရနံ့တစ်မျိုးလည်း ပျံ့လွင့်နေသည်။ ထိုအနံ့ကို တစ်ချက်ရှုလိုက်ရုံဖြင့် အိမ်မက်ထဲရောက်သွားသကဲ့သို့ ခံစားရပြီး ထိုအိမ်မက်ထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မြုပ်သွားမည်ဖြစ်သည်။


ဟွားကျန်းက သူဖမ်းလာသည့်လူကို အိပ်ရာကြီးတစ်ခုပေါ်တင်လိုက်ပြီးနောက် အလှလေးကို နူးညံ့ပျော့ပျောင်းသည့် အိပ်ရာခင်းပေါ် အိပ်စေလိုက်သည်။


သူ့ကို အနိုင်ကျင့်ရန် မစောင့်နိုင်တော့သည့်ပုံဖြင့် သူ့အနားတိုးသွားကာ သူ့လက်ချောင်းများက "စုပိုင်ချယ့်" ၏ မေးဖျားကို အသာထိကာ ဖြားယောင်းသွေးဆောင်သည့် စကားအချို့ကို ပြောလိုက်သည်။ 


" ချယ့်ချယ့် ဒီအမွှေးအကြိုင်တွေက မင်းအတွက် အထူးပြင်ဆင်ထားတာ... လိမ်လိမ်မာမာနဲ့ ကောင်းကောင်းစောင့်နေနော်... အခုက မင်းရဲ့ ပထမဆုံးအကြိမ်ဆိုတော့ ငါ ညင်ညင်သာသာ လုပ်ရမှာပေါ့ ဟုတ်တယ်မလား..."

 

ခဏအကြာတွင် ဟွားကျန်းက အိပ်ရာပေါ်လှဲနေသည့် လှပသောပုံရိပ်လေးကို ကြည့်လိုက်သည်။ ပါးပြင်များက အနီရောင်သန်းလာပြီး ခန္ဓာကိုယ်တစ်ခုလုံးကလည်း တုန်ယင်လာပေသည်။ 


"စုပိုင်ချယ့်" က လိုလားတောင့်တစိတ်များကို အရှုံးပေးလိုက်ရသည့်ပုံပေါ်၍ ဟွားကျန်းကလည်း စိတ်မထိန်းနိုင်တော့သည့် ပုံပေါ်သည်။


သူ တစ်ဖက်လူ၏ အဝတ်အစားများကို အမြန်ချွတ်ကာ နောက်တစ်ဆင့်ထပ်တက်ရန် ပြင်ဆင်လိုက်သည်။


သို့သော် ကျောက်စိမ်းသဖွယ်ဖြူသွယ်သည့်လက်တစ်စုံက သူ့ကို ဟန့်တားလိုက်သည်။


" နေပါဦး..."


အိပ်ရာပေါ်မှလူက ရီဝေဝေ‌ဖြစ်နေသည့် မျက်လုံးများပွင့်လာပြီး အသံကလည်း တုန်ယင်နေသည်။

" ငါ နာမှာကြောက်တယ်... ငါ့ကို နာကျင်မှုပျောက်တဲ့ ဝိညာဉ်ဆေးလေး တိုက်လို့ရမလား..."


ဟွားကျန်းက အလှလေးများ‌အပေါ် အမြဲစိတ်ရှည်တတ်သူဖြစ်သည်။ အထူးသဖြင့် သာယာမှုအတွက် ကြိုတင်ပြင်ဆင်ထားတတ်သည့် အလှလေးများကိုဖြစ်သည်။


ထိုသို့ ရှေ့မှဦးဆောင်နေသောကြောင့် သူ့စိတ်ထဲ ကျေနပ်နေမိသည်။


" ချယ့်ချယ့်... မင်းပြောသမျှအရာအားလုံးကို ငါလိုက်လျောပေးတတ်တာ မင်းသိပါတယ်..."


ရှန်းလျိုရှန့် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာပြီး အပေါ်ယံတွင် ခြောက်ကပ်ကပ်ရယ်လိုက်ကာ သူ့ခါးမှ အိတ်လေးတစ်အိတ်ကို ဆွဲလိုက်သည်။ 


" ငါ အားမရှိလို့ ကူဖွင့်ပေးလို့ရလား..."


အလှလေး၏ လက်များနှင့် ခြေထောက်များ အားနည်းနေသည်ကို ဟွားကျန်း မကြည့်ရက်တော့ပေ။ သူ့မျက်လုံးများ နီရဲလာပြီးသည့်နောက် ဝိညာဉ်ဆေးလုံးတစ်လုံးကိုယူပြီး တိုက်လိုက်သည်။


ထို့နောက် ရှန်းလျိုရှန့်၏ ကြယ်တာရာအိတ်ကိုဖွင့်ပေးလိုက်သည်။


" ပိုင်ချယ့် ငါညင်သာပါ့မယ်..."


" ယီးကိုညင်သာ..."


ရှန်းလျိုရှန့်က မန္တန်တစ်ခုရွတ်ပြီး ဟွားကျန်းကို အိပ်ရာပေါ်မှ ကန်ချလိုက်သည်။


သတိလက်လွတ်ဖြစ်သွားသည့်ဟွားကျန်းက ‌ကြမ်းပေါ်လဲကျသွားသည်။ သို့ရာတွင် သူ ပြန်မတုံ့ပြန်နိုင်မီမှာပင် သူ့အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားပြီး စိတ်ထဲတွင် မိုးခြိမ်းသံသဖွယ် ဟိန်းဟောက်သံကြီးကို ကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်များပါ တစ်ခဏတွင်းချင်း ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။


ခေါင်းပေါ်တွင် အနက်ရောင်အဝတ်အိတ် စွပ်ထားလျက်ဖြင့် မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း ‌ကြမ်းပေါ်သို့ ပြန်ကန်ချခံလိုက်ရသည်။


ရှန်းလျိုရှန့်က သူ့ကိုဖိထားပြီး ဆက်တိုက်ကန်‌ကျောက်ကာ လက်သီးဖြင့်ထိုးနေသည်။ 


နတ်ဆိုးလှေပေါ်တွင် အော်ဟစ်သံကြီးက ဆက်တိုက်ပဲ့တင်ထပ်လာသည်။


အမွှေးတိုင်တစ်ဝက် ထွန်းစာအချိန်ခန့် ရိုက်နှက်ကန်ကျောက်ပြီးသည့်နောက်တွင် ကြမ်းပေါ်မှလူက မလှုပ်ရှားတော့ပေ။ ရှန်းလျိုရှန့် အမောတကောဖြင့် အသက်ရှုနေပြီး မောဟိုက်နေသည်။ ခဏစူးစမ်းနေပြီးသည့်နောက်တွင် သူ့ဒေါသကိုမထိန်းနိုင်ဖြစ်ပြီး ဟွားကျန်းကို ထပ်ကန်လိုက်သည်။


" ဟွားကျန်း မင်းကို လွယ်လွယ်နဲ့ အလွတ်ပေးစေချင်လား..."


ကံကောင်းသည်မှာ ရှန်းလျိုရှန့်က စုပိုင်ချယ့်အပေါ် ဟွားကျန်းမည်သို့သဘောထားသည်ကို သိနေခဲ့သည်။ နတ်ဆိုးလှေပေါ်သို့ ‌ ခြေချလိုက်ချိန်တည်းက သူ့လျှာကိုကိုက်ထားပြီး အနံ့ခံအာရုံကိုချိပ်ပိတ်ကာ စိတ်ကြွဆေးများကို အနံ့မခံမိအောင် ကာကွယ်ထားခဲ့သည်။


ဟွားကျန်း၏ကျင့်ကြံဆင့်က အမှန်ပင် နက်နဲလှပေသည်။ ခေါင်းပေါ်တွင် ကြယ်တာရာအိတ်ကိုစွပ်ထားသော်လည်း ချက်ချင်းသတိမမေ့သွားခဲ့ပေ။ သူ အချိန်အနည်းငယ်အထိ တောင့်ထားနိုင်ခဲ့သည်။ 


ရှန်းလျိုရှန့် စိတ်ချလက်ချမနေရဲပေ။ သူ မတ်တပ်ရပ်ကာ အဝတ်အစားများကို တင်းကြပ်စွာပြန်ဝတ်ပြီး ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည့်အခါ နံရံပေါ်မှ ကြာပွတ်ရှည်ကြီးကို တွေ့လိုက်သည်။ ၎င်းကိုသုံး၍ ဟွားကျန်း၏ ခြေလက်များကို တုတ်နှောင်ထားလိုက်ပေသည်။


ဤကြာပွတ်က ဟွားကျန်း၏ ဂုဏ်ယူရသော ရတနာများအနက်မှတစ်ခုဖြစ်ပြီး ကျင့်ကြံဆင့်မြင့်သူတစ်ယောက်ပင်လျှင် ထိုကြာပွတ်နှင့်ထိသည်နှင့် ‌ခြေလက်များ ‌ထုံထိုင်းသွားစေနိုင်သော အဆင့်မြင့် နတ်ဘုရားအသုံးအဆောင်ဖြစ်သည်။


ကံဆိုးသည်မှာ ၎င်းက ဟွားကျန်းလက်ထဲ ကျရောက်သွားခဲ့၍ အိပ်ခန်းထဲတွင် အသုံးပြုရသည့်ပစ္စည်းဘဝ ရောက်သွားသည်။


ရှန်းလျိုရှန့်က ကြယ်တာရာအိတ်ကိုဖယ်လိုက်သည့်အခါ ရက်စက်ယုတ်မာသည့် အော်ရာမျိုး ထွက်ပေါ်နေသည့်မျက်နှာကို မြင်လိုက်ရသည်။


နှာခေါင်းချွန်ချွန် နှာတံစိုစွတ်စွတ်နှင့် မျက်ခုံးနှစ်ခုအလယ်တွင် ပန်းပွင့်ပုံစံပါရှိသောမျက်နှာ...

မက်မွန်ရောင်မျက်ဝန်းများက ပိတ်နေပြီး အသက်ဓာတ်ကင်းမဲ့နေသည်။


နတ်ဆိုးဘုရင်သုံးဖော်ထဲက ဟွားကျန်း...

 

မူရင်းဝတ္ထုတွင်မူ ဟွားကျန်းပေါ်လာချိန်တိုင်းတွင် စုပိုင်ချယ့်ကို ဖြားယောင်းသွေးဆောင်ခြင်း သို့မဟုတ် သူ့ကိုအိပ်ရာပေါ်တင်ရန်ကြိုးစားခြင်းတို့သာ ပြုလုပ်လေ့ရှိသည်။


သူ့အသက်ကိုပါရင်း၍ စုပိုင်ချယ့်ကို သူ့အပိုင်ပြုလုပ်ရန် ကြိုးစားခဲ့သော်လည်း မည်မျှကြိုးစားပါစေ မအောင်မြင်ခဲ့သည့် ဇာတ်ကောင်တစ်ခုသာ ဖြစ်ခဲ့သည်။


နတ်ဆိုးလှေက ဟွားကျန်း၏ အသက်ရတနာဖြစ်သော်လည်း ရှန်းလျိုရှန့်က ယခုအချိန်တွင် အခြေခံအုတ်မြစ်တည်အဆင့်တွင် ရှိနေသောကြောင့် ထိုလှေပေါ်မှ မထွက်သွားနိုင်ပေ။ ထိုလူနိုးလာပြီး သူ့ကိုလွှတ်ပေးမည့်အချိန်ကိုသာ စောင့်နေရတော့ပေမည်။


ခဏအကြာတွင် ကြမ်းပေါ်မှလူက လှုပ်လာသည်။


ဟွားကျန်း မျက်လုံးများပွင့်လာပြီး သူ့မျက်နှာတစ်ခုလုံး ပုပ်သိုးနေသည်။

" မင်းက စုပိုင်ချယ့် မဟုတ်ဘူးပဲ..."


" ငါ့ကို နတ်ဆိုးလှေပေါ်က လွှတ်ပေး..."


" မင်းရဲ့ ရှေးဟောင်းနတ်ဘုရားပစ္စည်းက စွမ်းအားကြီးသားပဲ..."


ရှန်းလျိုရှန့် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူ့လက်ကောက်ဝတ်ကို ပွတ်နေသည်။


" ငါ့ကို နတ်ဆိုးလှေပေါ်ကလွှတ်ပေးလို့ပြောနေတယ်..."


ဟွားကျန်းက သူ့ကိုလျစ်လျူရှု့ထားပြီး သူ့မျက်နှာကို အလွန်နီးကပ်စွာ ကြည့်လိုက်သည်။ 


" မင်းရဲ့ မူရင်းပုံစံက ဘယ်လိုမျိုးလဲဆိုတာ ငါသိချင်မိတယ်... တကယ်လို့ ရုပ်မဆိုးဘူးဆိုရင်တော့ ငါမင်းကို လက်ခံရင် လက်ခံမှာပေါ့... နာခံတတ်တဲ့သူတွေကိုပဲ မြင်နေရတာ ရိုးနေပြီ... တစ်ခါတစ်လေတော့ မင်းလို ဆတ်ဆတ်ကြဲလေးတွေကို စမ်းကြည့်ချင်တယ်..."


ရှန်းလျိုရှန့်၏ နှုတ်ခမ်းကမဲ့သွားပြီး လက်ချောင်းရှည်ရှည်သုံးချောင်းကို ဆန့်ထုတ်လိုက်သည်။ 


" သုံးခါရှိပြီနော်... တကယ်လို့ နတ်ဆိုးလှေကို မဖွင့်ပေးဘူးဆိုရင်တော့ ငါ မယဉ်ကျေးနိုင်တော့ဘူး..."


" ဒီဘုရင်ရဲ့အရေပြားက ကြမ်းတမ်းတယ်ဆိုတာ မင်းမသိဘူးလား... သာမန် မန္တန်လေးတွေက ငါ့ကို နည်းနည်းလေးတောင် မထိခိုက်စေနိုင်ဘူး..."


ဟွားကျန်းက အကြောက်အလန့်မရှိဘဲ ပြောနေပြီး ပရောပရည်ပြုလုပ်ဟန်ဖြင့် နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

" မင်းဘာလို့ ကောင်းကောင်းမွန်မွန်နဲ့ အိပ်ရာပေါ် မတက်တာလဲ..."


ရှန်းလျိုရှန့် ရေတွက်နေသည်။

" သုံး နှစ် တစ်... " 


ရေတွက်မှုပြီးဆုံးသွားသည်နှင့် သူ့လက်ညှိုးက ဟွားကျန်း၏ နှဖူးပြင်ထက်ကို ရောက်လာသည်။


ဟွားကျန်း၏ အမူအရာက သိသိသာသာပြောင်းလဲသွားသည်။


နှဖူးက ငါ့ရဲ့ အသက်ဓာတ်တွေ ရှိ‌တဲ့နေရာလေ...


တကယ်လို့ တစ်ယောက်ယောက်က မန္တန်ရွတ်နေတုန်း အဲ့နေရာကို ဖိချလိုက်မယ်ဆိုရင် မန္တန်က ဘယ်လောက်အဆင့်နိမ့်တာပဲဖြစ်ဖြစ် ငါ့ကိုထိခိုက်သွားမှာ... ငါ့ကိုသတ်ဖို့ အားစိုက်ထုတ်နေစရာတောင် မလိုတော့ဘူး...


ရှန်းလျိုရှန့်က ရုန်းကန်နေသည့် ဟွားကျန်းကို ဖိချထားလိုက်ပြီး သူ့လက်ဖျားများက ဟွားကျန်း၏နှဖူးထက်မှ ပန်းပွင့်ပုံကို ထိလိုက်သည်။ ထို့နောက် မန္တန်တစ်ခုကို တိတ်ဆိတ်စွာရေရွတ်လိုက်သည်။


ဟွားကျန်း၏ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။


နတ်ဆိုးလှေပေါ်တွင် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ခဏတွင်းချင်းမှာပင် မိုးခြိမ်းသံသဖွယ် ရယ်သံကြီးက နေရာတစ်ခုလုံးကို ပဲ့တင်ထပ်လာသည်။


" ဟားဟားဟား... ဟားဟားဟား... ဟားဟားဟား..."


ရှန်းလျိုရှန့်က မြေပြင်တွင်လှိမ့်နေသောဟွားကျန်းကိုကြည့်ပြီး အေးစက်စက်ဖြင့် ပြောလိုက်သည်။


" မင်း ငါ့ကို မလွှတ်ပေးဘူးဆိုရင် ရယ်နေရင်းသေသွားအောင် လုပ်ပစ်မယ်..."


" ဟားဟားဟားဟား..."


ဟွားကျန်းက ရူးနှမ်းလုမတတ် ဖြစ်သွားပြီး သူ့ရယ်ချင်စိတ်ကို ဖိနှိပ်ရန် ကြိုးစားနေရချိန်တွင် စိတ်ခံစားချက်များစွာ ရောပြွန်းလာသည်ကို ခံစားလိုက်ရသည်။

ဒီကျင့်ကြံသူက ငါ့ကို ဒီလို‌ဖိအားပေးနေတာပဲ... ငါ့ရဲ့နတ်ဆိုးအမြုတေကို အားလုံးက လိုချင်နေကြတာတောင်မှ သူက ငါ့ကိုသတ်ပြီး အမြုတေကိုယူဖို့ စိတ်ကူးရှိပုံမရဘူး...


ဝမ်းပြားလှေက ရေကန်မျက်နှာပြင်ထက်တွင် ပြန်ပေါ်လာသည်။ 


တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်မှ အလင်းတန်းပေါင်းများစွာ ဆင်းသက်လာသည်။


ရှန်းလျိုရှန့်၏ပုံရိပ်က အရောင်လက်သွားပြီး ရေကန်စပ်တွင် ပြန်ပေါ်လာသည်။ မျက်လုံးပင့်ကြည့်လိုက်သောအခါ ပုံရိပ်သုံးခုကိုတွေ့လိုက်ရသည်။


သူ့နောက်ကိုလိုက်လာသည်က နန်ယောင်ချွမ်၊ ယဲ့ပင်းရန်နှင့် နောက်ဆုံးတွင် သူ့ကိုရှာတွေ့သွားပြီဖြစ်သော လင်ယဲ့ဖြစ်သည်။


လေထုအနေအထားက အနည်းငယ်တင်းမာနေသည်။


ရှန်းလျိုရှန့်က ခဏတာ အလေးအနက်စဉ်းစားပြီးသည့်နောက်တွင် လင်ယဲ့ရှိရာသို့ ခြေလှမ်းလိုက်သည်။


နန်ယောင်ချွမ်က ဩရှရှအသံဖြင့် ပြောလိုက်သည်။

" ငါတစ်ယောက်တည်းကပဲ ဝိညာဉ်ချည်နှောင်အစီအရင်ကို ပြန်ဖျက်နိုင်တာ..."


သူပြောချင်သည်မှာ အကယ်၍ ရှန်းလျိုရှန့်က သူ၏မူလကျင့်ကြံဆင့်ကို ပြန်ရလိုပါက ‌အနှေးနှင့်အမြန် နန်ယောင်ချွမ်၏ အကူအညီကိုယူရမည်ဖြစ်သည်။ သို့ဖြစ်၍ သူ့ထံသို့သာ လာစေချင်နေခြင်းပင်။


လင်ယဲ့က တည်ငြိမ်စွာဖြင့် ပြုံးလိုက်သည်။

" ဆရာတူညီလေး ဒီကိုပဲလာပါ... သူ့ဆီက မန္တန်တွေရဲ့ ၉၀ရာခိုင်နှုန်းက မင်းအဖေဆီကလေ... အဲ့တော့ မင်းကို မခြိမ်းခြောက်နိုင်ပါဘူး..."


လင်ယဲ့က ပြောနေလျက်နှင့် နန်ယောင်ချွမ်၏ ရုပ်ဖျက်ခြင်းအစီအရင်ကို လက်တစ်ဖက်ယမ်းပြီး ဖျက်ပေးလိုက်သည်။ ရှန်းလျိုရှန့်က သူ့မျက်နှာသူ ထိကြည့်လိုက်ပြီး တွန့်ဆုတ်ခြင်းမရှိတော့ဘဲ လင်ယဲ့ထံသို့ လျှောက်သွားလိုက်သည်။

[ ရှန်းလျိုရှန့်ရဲ့ အရင်မျက်နှာလေး ပြန်ဖြစ်သွားပါပြီ ]


နန်ယောင်ချွမ်၏မျက်နှာက မည်းမှောင်သွားပြီး ရှန်းလျိုရှန့်ကို ဖမ်းဆီးရန် ရုတ်ချည်းလှုပ်ရှားလိုက်သည်။ သို့ရာတွင် လင်ယဲ့က တည်ငြိမ်စွာဖြင့် သူ့ကိုဟန့်တားလိုက်သည့်အခါ သူတို့နှစ်ယောက်အကြားတွင် ဝိညာဉ်စွမ်းအင် အတက်အကျပြင်းထန်ထာ၍ မြေပြင်ပါ နှစ်ခြမ်းကွဲသွားသည်။


ရှန်းလျိုရှန့်က မြင့်တက်လာသော ဝိညာဉ်စွမ်းအား၏ ရိုက်ခတ်ခံလိုကအရသောကြောင့် ယိုင်နဲ့စွာဖြင့် နောက်ဆုတ်သွားရပြီး ရေကန်ထဲကျလုမတတ်ဖြစ်သွားသည်။


ယဲ့ပင်းရန်က သူ့လက်ကောက်ဝတ်ကို အမြန်ဖမ်းဆွဲထားပြီး ပြောလိုက်သည်။


" ဂိုဏ်းချုပ်လင်က မင်းကို အရင်ခေါ်ထုတ်သွားပေးဖို့ ငါ့ကိုမှာထားတယ်..."


ယဲ့ပင်းရန်၏စကားဆုံးသည်နှင့် ဟွားကျန်းက လှေပေါ်မှ ရုတ်တရက် ထွက်လာပြီး ရှန်းလျိုရှန့်ရှိရာသို့ တည့်တည့် ဦးတည်လာသည်။


" ဘယ်လိုတောင် စည်ကားနေတာလဲ... ငါလည်းပါမယ်လေ..."


ယဲ့ပင်းရန်က မျက်ခုံးပင့်လိုက်ပြီးမှ ရှန်းလျိုရှန့်ကိုတွန်းထုတ်ကာ ဟွားကျန်းနှင့် စတင်တိုက်ခိုက်တော့သည်။


ဘေးပတ်ပတ်လည်တွင် အားလုံးက ဖရိုဖရဲဖြစ်ကုန်သည်။


ရှန်းလျိုရှန့်တစ်ယောက်တည်းသာ ကြောင်အစွာဖြင့် ကျန်ရစ်ခဲ့တော့သည်။


သူ အသိစိတ်ပြန်ကပ်လာချိန်တွင် မည်သူမှ သူ့ကို ဂရုမစိုက်နိုင်တော့ကြောင်း သတိပြုမိလိုက်သည်။ သူ တစ်ဖက်သို့လှည့်ကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း နန်ယောင်ချွမ်က သူ့မှော်အစွမ်းကိုသုံး၍ ထိုနေရာမှထွက်သွား၍မရအောင် လုပ်ထားသည်။


တစ်ချိန်တည်းမှာပင် ဟွားကျန်း၏နှုတ်ခမ်းများက တွန့်ကွေးသွားသည်။


" တိုက်ခိုက်နေရင်တော့ ဘာကိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး... ဘာလို့ သူ့ကို မရွေးခိုင်းကြတာလဲ..."


ထို့နောက် ဟွားကျန်းက ရှန်းလျိုရှန့်အပေါ် မန္တန်တစ်ပုဒ် ရွတ်လိုက်သည်။


" ဒါ ငါကိုယ်တိုင်ဖန်တီးထားတဲ့မန္တန်ပဲ... အဲဒါက သူ့ရင်ထဲက အရင်းနှီးဆုံးလူ၊ သူသဘောကျတဲ့သူကို ပြပေးနိုင်တယ်..."


ရှန်းလျိုရှန့်၏မျက်လုံးများပြူးကျယ်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။ 


သူ့အမြင်အာရုံထဲတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု လက်လာပြီးနောက် တစ်ယောက်ယောက်၏ရင်ခွင်ထဲ ဆွဲသွင်းခံလိုက်ရသည်။ သူတို့၏ပုံရိပ်များက မြေပေါ်တွင်လှိမ့်နေပြီး မရပ်တန့်တော့ပေ။ 


သူတို့နှစ်ယောက်လုံး၏ ဝတ်ရုံအနားစများက လေထဲလွင့်နေ၍ လှိုင်းဂယက်များ ဖန်တီးနေသယောင် ထင်ရသည်။


ရှန်းလျိုရှန့်၏နားထဲသို့ အက်ရှရှ အသံတစ်သံ ဝင်ရောက်လာသည်။

" ရှစ်စွမ်း ကျွန်တော်လာတာ နောက်ကျသွားတယ်..."


ရှန်းလျိုရှန့်၏ မျက်လုံးသူငယ်အိမ်များ တုန်ယင်သွားသည်။

" မင်း ဒီမှာ ဘာလုပ်နေတာလဲ..."


အခုမှ အခြေခံအုတ်မြစ်တည်အဆင့်ပဲရှိသေးတဲ့လူတစ်ယောက် ဒီနေရာကိုလာတယ်ဆိုတာ ကိုယ့်ဘာသာ သတ်သေသလိုပဲလေ...


အာဝူး ~~~


ရုတ်တရက် ကောင်းကင်ဘုံခွေးကြီးတစ်ကောင်က မည်းနက်နေသည့် တိမ်တိုက်များထဲမှ ခုန်ထွက်လာပြီး မြေပြင်ပေါ်မှ လူနှစ်‌ယောက်ကိုဆွဲယူကာ အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့မိုင်ထောင်ချီ အကွာအဝေးသို့ ပျံသန်းသွားတော့သည်။


ဝုန်း...


အချိန်အတော်အတန်ကြာအောင်အထိ ပျံသန်းပြီးသည့်နောက်တွင် အောင်းယွဲ့က သည်းမခံနိုင်တော့ဘဲ ထူထပ်သည့် သစ်တောထဲသို့ ဆင်းသက်လာသည်။


ဒုန်း...


သူ ခွေးပေါက်လေးတစ်ကောင်အသွင် ပြန်ပြောင်းသွားပြီးနောက် မြေပြင်ပေါ်တွင် တုန်ယင်နေကာ သူ၏နူးညံ့သော မီးခိုးရောင်အမွေးများကလည်း မိုးရေများ ရွှံ့များ ပေကုန်သည်။


ရှန်းလျိုရှန့်က ခါးကိုင်းညွတ်၍ သူ့ကိုချီလိုက်ပြီးနောက် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်ထံ လျှောက်သွားလိုက်သည်။ ထို့နောက် အောင်းယွဲ့ကို ကျောက်တုံးတစ်တုံးပေါ် ဂရုတစိုက်တင်ကာ ပြောလိုက်သည်။

" မင်း အများကြီး ကြိုးစားပေးခဲ့တာပဲ ကျေးဇူးတင်ပါတယ်..."


အောင်းယွဲ့က ကျိုးရွှမ်လန်ကိုကြည့်ပြီး အသံတိုးတိုးဖြင့် "အာဝူး" ဟု တအီအီအော်နေသည်။


" ရှစ်စွမ်း..."

ကျိုးရွှမ်လန်က ဩရှရှအသံတိုးတိုးဖြင့် သူ့ကိုခေါ်လိုက်သည်။


ရှန်းလျိုရှန့် လှည့်ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်က သူ့ကိုသစ်ပင်နှင့် ဖိကပ်ထားလိုက်သည်။


အလင်းရောင်မှိန်ပျပျသာရှိသော တောအုပ်ထဲတွင် ကျိုးရွှမ်လန်၏မျက်နှာပေါ် အလင်းတန်းတစ်ခု ဖြာကျနေ၍ သူ့မျက်လုံးများကို ကြောက်စရာကောင်းလောက်အောင် နက်မှောင်လာစေကာ သူ့နှုတ်ခမ်းထက်တွင်လည်း အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ ထို့နောက် သူ အသံတိုးတိုးဖြင့် ထပ်ခေါ်လိုက်သည်။


" ရှစ်စွမ်း..."


ရှန်းလျိုရှန့်က တစ်စုံတစ်ရာထူးဆန်းနေကြောင်း ခံစားမိပြီးမှ အစောပိုင်းတွင် ဟွားကျန်းသူ့အပေါ် မန္တန်တစ်ခုရွတ်ရန် ကြိုးစားခဲ့ကြောင်း မှတ်မိသွားသည်။။သူ့အမူအရာက ပြောင်းလဲသွားတော့သည်။


" ကျိုးရွှမ်လန် ... ဟင်..."


သူ ဘာမှ မပြောနိုင်မီမှာပင် ကျိုးရွှမ်လန်က ခေါင်းငုံ့လာပြီး ပွင့်ဟနေသည့် သူ့နှုတ်ခမ်းတစ်စုံကို ပိတ်ဆို့လိုက်သည်။


ရှန်းလျိုရှန့် အသက်ရှုရပ်မတတ် ဖြစ်သွားပြီး ချက်ချင်းပင် အပြင်းအထန်ရုန်းကန်တော့သည်။


ကျိုးရွှမ်လန်၏မျက်ဆံများက မည်းနက်နေပြီး ရှန်းလျိုရှန့်၏ ခေါင်းအနောက်ကို မြဲမြံစွာကိုင်ထားကာ သူ့ကိုသစ်ပင်နှင့် ပိုမိုဖိကပ်ထားလိုက်ပြီး ရင်ခွင်ထဲသို့ လုံးဝကျရောက်သွားအောင် ဖက်ထားလိုက်သည်။


သူတို့နှုတ်ခ

မ်းပါးများ လှုပ်ရှားနေစဉ်တွင် ကျိုးရွှမ်လန်က မျက်လွှာချပြီး ကြည့်လိုက်မိသည်။ 


သူ့အမြင်အာရုံထဲတွင် ရှန်းလျိုရှန့်၏နှုတ်ခမ်းများက သွေးထွက်လုမတတ်ဖြစ်သည်အထိ နီရဲနေပေသည်။ သူ့အကြည့်များက ပိုမိုနက်ရှိုင်းသွားပြီး လေးနက်လာကာ သူ့ရင်ခွင်ထဲမှလူကို ပို၍ သတိလက်လွတ်အနေအထားဖြစ်သည်အထိ ထွေးပွေ့ထားလိုက်မိတော့သည်။