အပိုင်း ၃၃
Viewers 22k

Chapter 33




ရှန်းလျိုရှန့် သွေးအရသာကို ခံစားလိုက်ရသည်။


သူ့နှုတ်ခမ်းများ ကိုက်ဖဲ့ခံလိုက်ရသောကြောင့် သွေးထွက်လာခြင်းဖြစ်သည်။ 


သူ့ကို သစ်ပင်တွင် ဖိကပ်ထားသူက ဆာလောင်နေသည့် မြေခွေးတစ်ကောင်သဖွယ် သူ့ကိုနမ်းရှိုက်နေခြင်းဖြစ်သည်။


ရှန်းလျိုရှန့် အမောတကောဖြင့် အသက်ရှုနေရပြီး သူ့ခါးနားကို လက်ဖြင့်စမ်းလိုက်သည်။ ကြယ်တာရာအိတ်ကိုကိုင်လိုက်ပြီးသည့်နောက်တွင် ချက်ချင်းအသုံးချလိုက်သည်။


တောနက်ထဲတွင် အလင်းရောင်မှိန်ပျပျ ထွက်ပေါ်လာသည်။ ကြယ်တာရာအိတ်ဖြင့် အစွပ်ခံလိုက်ရသော ကျိုးရွှမ်လန်က လှုပ်ရှားမှုများရပ်တန့်သွားပြီး ရှေ့တိုးလာကာ  ရှန်းလျိုရှန့်၏ကိုယ်ပေါ်မှီပြီး မူးမေ့လဲကျသွားသည်။


ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် ကျိုးရွှမ်လန်ကို လက်တစ်ဖက်ဖြင့်ထိန်းထားကာ နောက်လက်တစ်ဖက်ဖြင့် သူ့နှုတ်ခမ်းထောင့်ကို သုတ်လိုက်သည်။ 


သူ နာကျင်မှုကြောင့် အနည်းငယ်အော်ညည်းမိသွားသည်။ သူ့နှုတ်ခမ်းဖျားများတွင် သွေးစအနည်းငယ်ထွက်နေသည်။


" မင်းက ခွေးလား..."


ရှန်းလျိုရှန့် ထိတ်လန့်နေရာမှ အသိစိတ်ပြန်ဝင်လာချိန်တွင် အလွန်ဒေါသထွက်လွန်းသောကြောင့် သူ့တပည့်ခေါင်းကို နှစ်ကြိမ်တိတိ ခေါက်ပစ်ချင်လာသည်။


သို့ရာတွင် ကျိုးရွှမ်လန်က သူ့အစား မန္တန်ကို ကာဆီးပေးလိုက်သည်ကို တွေးမိသွားသောကြောင့် ဒေါသကို ထိန်းထားလိုက်သည်။ သူ သစ်ပင်ကိုမှီကာ ထိုင်ချလိုက်ပြီး ကျိုးရွှမ်လန်ကို သူ့ပခုံးပေါ် မှီနေစေလိုက်သည်။


ဤကိစ္စ၏အပြစ်များကို ဟွားကျန်းအပေါ်သာ ပုံချရတော့မည်ဖြစ်သည်။ 


ကျောက်တုံးပေါ်ထိုင်နေသည့် အောင်းယွဲ့မှာ အချိန်အတန်ကြာသည်အထိ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သူ့ထံသို့ တိုက်ရိုက်ရောက်လာသည့် အန္တရာယ်များသောအကြည့်တစ်ခုကို ခံစားမိသောကြောင့် သူ၏ သေးငယ်သော ခွေးခြေထောက်လေးတစ်ဖက်ကို ချက်ချင်းမြှောက်ကာ ပြောလိုက်သည်။


" ငါ ဘယ်သူ့ကိုမှ မပြောပါဘူး..."


ရှန်းလျိုရှန့်က ဝိညာဉ်ချည်နှောင်ကြိုးကို နေရာတကျဖြစ်အောင်လုပ်ပြီး မေးလိုက်သည်။


" မင်းဘာလို့ စိတ်လိုလက်ရ လိုက်လာပေးတာလဲဆိုတာ ပြောပြပါဦး..."


အောင်းယွဲ့ : " သေချာပေါက်ကို မင်းကို သတိရလို့ပေါ့..."


အားးးး...


ရှန်းလျိုရှန့်က သူ့ကိုမယုံပေ။ ဝိညာဉ်ချည်နှောင်ကြိုးအထက်မှ အရာများကိုကြည့်နေလျက် ခေါင်းမမော့ဘဲ ထပ်မေးလိုက်သည်။


" အမှန်အတိုင်းပြောစမ်း..."


အောင်းယွဲ့က ခဏတာတွန့်ဆုတ်နေပြီးမှ မပြတ်မသားပြောလာသည်။ 


" ငါ အပေးအယူတစ်ခု လုပ်လာတာ... အသေးစိတ်တော့ ပြောပြလို့မရဘူး..."


ကျိုးရွှမ်လန်က သူ့ကိုတွေ့ချိန်တွင် ရှန်းလျိုရှန့် ဖမ်းခေါ်သွားခံရကြောင်း ပြောပြခဲ့ပြီး သူ့ကို အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။


ကောင်းကင်ဘုံခွေးများက အော်ရာအငွေ့အသက်ရရုံဖြင့် လူတစ်ယောက်၏တည်နေရာကို မိုင်ထောင်ပေါင်းများစွာ ကွာဝေးသည့်နေရာတစ်ခုမှ ရရှိနိုင်ပေသည်။ အောင်းယွဲ့ အနံ့ခံကြည့်လိုက်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့် မည်သည့်နေရာတွင်ရှိနေကြောင်း သိသွားခဲ့သည်။ သို့ရာတွင် မကောင်းဆိုးဝါးအင်မော်တယ်ရှန်းက ဒုက္ခရောက်နေခြင်းဖြစ်၍ အောင်းယွဲ့စိတ်ထဲတွင် ဝမ်းသာသွားပြီး ကူညီချင်စိတ် မရှိပေ။ 


သို့ရာတွင် ကျိုးရွှမ်လန်က သူ မငြင်းဆိုနိုင်သည့် အပေးအယူတစ်ခုဖြစ်သော မိစ္ဆာအရိုးဆေး၏ တည်နေရာကို ပြောပြမည်ဟု ဆိုခဲ့သည်။


နှစ်သောင်းကြာသည်အထိ ပျောက်ကွယ်နေခဲ့သော မိစ္ဆာအရိုးဆေးက မည်သည့်နတ်ဆိုးအတွက်မဆို မလွန်ဆန်နိုင်စရာ ဖြစ်နေသည်။


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်မိသည်။


ဤအခိုက်အတန့်တွင် ညကောင်းကင်ယံက ရုတ်ချည်းလင်းလက်လာပြီး ရောင်စုံရောင်ခြည်တန်းတစ်ခု ပေါ်လာကာ မရေမတွက်နိုင်သော ဝိညာဉ်စွမ်းအင်များက မြောက်အရပ်ဘက်သို့ ဦးတည်မြင့်တက်လာသည်။ 


၎င်းက စွမ်းအားကြီးကျင့်ကြံသူတစ်ယောက် အဆင့်တက်တော့မည့်ဖြစ်စ‌‌ဥ်ပင်။


ပေလွင်ဂိုဏ်းမှ တစ်ယောက်ယောက်ဟု ရှန်းလျိုရှန့် တွေးလိုက်မိသည်။


မူရင်းဝတ္ထုက စုပိုင်ချယ့်နှင့် များပြားလှသည့် အမျိုးသားဇာတ်ပို့များအပေါ်မူတည်၍ လှည့်ပတ်နေသောကြောင့် များပြားလှသည့်တိုက်ပွဲများနှင့် စွမ်းအားကြီးလူများအကြောင်းများကို မြောက် များစွာ ဖော်ပြခဲ့သည်။ မသက်ဆိုင်သည့်ကိစ္စများအပေါ် အာရုံစိုက်ခဲ့ခြင်းမရှိသောကြောင့် မည်သူအဆင့်တက်သည်ကို သူ မသိနိုင်ပေ။ သူ မှန်းဆထားသည့်အတိုင်း လင်ယဲ့က လေဟာနယ်ထဲမှ ထွက်လာသည်။


"အဲဒါ ဓားသခင်ကျန့်ကျန်းပဲ..."


ရှန်းလျိုရှန့် ပင့်သက်ရှိုက်မိလိုက်သည်။


ဓားသခင်ကျန့်ကျန်းက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်နေပြီလေ... သူ အဆင့်ထပ်တက်မယ်ဆိုရင် မဟာယနအဆင့်ကို ရောက်သွားတော့မှာလား...


လင်ယဲ့က ပြောလိုက်သည်။

" မင်း နန်ယောင်ချွမ်နဲ့ တခြားလူတွေကို စိတ်ပူစရာ မလိုတော့ဘူး..."


ဓားသခင်ကျန့်ကျန်း အဆင့်တက်သွားသည်နှင့် မဟာယနအဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်သည့် မဟာကျင့်ကြံသူတစ်ယောက် တိုးလာပြီဖြစ်သည်။ များစွာသော အင်အားစုခေါင်းဆောင်များက ဤရက်ပိုင်းအတွင်းတွင် အလုပ်များနေကြဦးမည်ဖြစ်သည်။ 


ရှန်းလျိုရှန့်က မျက်လုံးမှိတ်နေသည့် သူ့တပည့်လေးကိုကြည့်ပြီး ပြောလိုက်သည်။


" သူ့ကို ဟွားကျန်းရဲ့မန္တန်သက်ရောက်သွားတယ်... ကူညီပေးဖို့ နည်းလမ်းတစ်ခုခုမရှိဘူးလား အစ်ကိုကြီး..."


လင်ယဲ့၏အကြည့်က ရှန်းလျိုရှန့်အပေါ် ကျရောက်လာပြီး နီရဲဖူးယောင်‌ကာ ပြတ်ရှရာတစ်ခုရှိနေသည့် နှုတ်ခမ်းကို သတိပြုမိသွားသည်။ သူ့မျက်ခုံးများပင့်ကာ မေးလိုက်သည်။

" မင်းတပည့်က ကိုက်ထားတာလား..."


ရှန်းလျိုရှန့် ရှင်းပြလိုက်သည်။

" သူ မန္တန်အောက် ရောက်သွားလို့ပါ..."


"  အဲဒါက အတွေးနယ်ချဲ့အစီအရင်လို့ခေါ်တယ်ဆိုတာ ဟွားကျန်းမထွက်သွားခင် ငါ့ကိုပြောပြခဲ့တယ်... အဲဒါက လူ့ခန္ဓာကိုယ်ကို မထိခိုက်စေပေမယ့် ရင်ထဲက အတွေးတွေကိုတော့ ပုံကြီးချဲ့လိုက်သလို ဖြစ်သွားစေတယ်တဲ့... ဒါပေမဲ့ သူ့စကားတွေက အမြဲတမ်း အမှန်တစ်ဝက် အမှားတစ်ဝက်ဆိုတော့ သူပြောသမျှတိုင်းကို ယုံနေလို့ မဖြစ်ဘူး..."


သူ့စကားတွေကပဲ အမှန်တစ်ဝက် အမှားတစ်ဝက်မဟုတ်ဘူး ဒီဝတ္ထုတစ်ခုလုံးကိုက အမှားဆယ်ခုမှာ အမှန်တစ်ခုလောက်ပါတာလေ...


ရှန်းလျိုရှန့် မေးလိုက်သည်။

" မန္တန်ကိုဖျက်ဖို့ နည်းလမ်းရှိလား..."


" မရှိလောက်ဘူးထင်တယ် ဒါပေမဲ့ မန္တန်ရဲ့ သက်ရောက်မှုက အချိန်ကြာလာတာနဲ့အမျှ ပျောက်သွားမှာပါ... မင်းတပည့်နိုးလာရင်တော့ တော်တော်လေး ပျောက်သွားလောက်ပါပြီ..."


အင်း ဟုတ်မှာပါလေ...


ကျိုးရွှမ်လန် နိုးလာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်၏ခါးကို လာဖက်ပြီး ပွေ့ဖက်နမ်းရှုံ့ကာ ကိုက်ခဲနေသဖြင့် ရှန်းလျိုရှန့် လင်ယဲ့ကို မျက်စောင်းထိုးလိုက်သည်။ 


လင်ယဲ့က ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။


' အတွေးနယ်ချဲ့အစီအရင် ' ဆိုတာ ဘာကြီးလဲ...


ဒါကြီးက စိတ်ကြွဆေးကြီးပဲနေမှာ...


ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် ကျိုးရွှမ်လန်၏လည်ပင်းကိုရိုက်လိုက်သည့်အခါ သူ့တပည့်က မြေကြီးပေါ် ချက်ချင်းလဲကျသွားသည်။


လင်ယဲ့ ရယ်၍ဝသောအခါ သူ့မျက်နှာကို လက်ဖြင့်အုပ်ပြီး ချောင်းဟန့်လိုက်သည်။


" ကျန့်ကျန်းက မဟာယနအဆင့်ကိုရောက်သွားပြီဆိုတော့ ဂုဏ်ပြုပွဲဆင်နွှဲဖို့အတွက် ဓားဂိုဏ်းက ကျင့်ကြံရေးလောကတစ်ခုလုံးကို ဖိတ်မယ်ထင်တယ်... ဂိုဏ်းတွေအားလုံးက စားပွဲသောက်ပွဲကြီးကိုလာဖို့ ဖိတ်စာကိုယ်စီရထားတယ်... ချင်းလင်ဂိုဏ်းကလည်း လက်ဆောင်ပစ္စည်းတွေ ပြင်ဆင်ထားပြီးတော့ လင်ယွဲ့ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့က သွားကြမှာ... မင်းရော သွားချင်လား..."


ရှန်းလျိုရှန့် မျက်လုံးများ အရောင်လက်သွားပြီး သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ 


စားပွဲသောက်ပွဲတွင် တည်ခင်းထားမည့် အရသာရှိသော အစားအစာများကိုတွေးမိရုံဖြင့် သူ မထိန်းနိုင်အောင် သွားရည်ယိုလာသည်။


သို့သော် သူက လက်ရှိအချိန်တွင် အခြေခံအုတ်မြစ်တည်အဆင့်၌သာ ရှိနေသေး၍ လူအများရှေ့တွင်ပေါ်လာရန် မသင့်တော်သေးပေ။ 


" ကျွန်တော့်ကိုယ်ကျွန်တော် ချင်းလင်ဂိုဏ်းက တပည့်တစ်ယောက်ဆိုပြီး ရုပ်ဖျက်သွားရင်ရော... ဘယ်လိုထင်လဲ ဆရာတူအစ်ကိုကြီး..."


" ဒါလည်း ကောင်းသားပဲ..."


လင်ယဲ့က ရှန်းလျိုရှန့်ကိုအဖော်ပြုပြီး လွင်ဟွားမြို့သို့ လိုက်လာခဲ့သည်။ သူ့ကို တည်းခိုခန်း‌တွင် နေရာချပေးပြီးသည့်အခါ လင်ယဲ့က ဓားဂိုဏ်းသို့သွားရန် ပြင်နေသည်။


" လင်ဟွားမြို့က ‌ဓားဂို‌ဏ်းရဲ့အုပ်ချုပ်မှုအောက်မှာရှိတာ... ကျင့်ကြံသူတွေက လက်လွတ်စပယ် ပြဿနာမရှာရဲဘူး... အဲဒါကြောင့်မို့ လုံခြုံရေးအတွက်တော့ စိတ်ပူဖို့ မလိုဘူး..."


ရှန်းလျိုရှန့်က လူငယ်လေးတစ်ယောက်ပုံစံ အသွင်ပြောင်းထားပြီး သူ့မျက်နှာကလည်း ရိုးရိုးရှင်းရှင်းနှင့် သတိမပြုမိဖွယ်ရာ ပုံစံဖြစ်နေသောကြောင့် လူအုပ်ကြားထဲတွင် ထင်ထင်ရှားရှားဖြစ်မနေပေ။ 


" သွားနှင့်ပါ စီနီယာအစ်ကို... ကျွန်တော် လင်ယွဲ့နဲ့ ဒီနေရာမှာတွေ့ပြီး ဓားဂိုဏ်းကို အတူတူသွားလိုက်မယ်..."


ရှန်းလျိုရှန့် စကားပြောနေစဉ်တွင် ကြေးမုံမှန်ထဲ ရောင်ပြန်ဟပ်နေသော သူ့ပုံရိပ်ကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။


" ရုပ်ဖျက်ရတဲ့ မန္တန်တွေက တော်တော်ခက်တာပဲ... ကျွန်တော့်လက်ရှိစွမ်းရည်ရဲ့ အဆုံးစွန်လောက်တောင် ရောက်နေပြီ..."


သူ ရုပ်ဖျက်နိုင်သည့်နည်းလမ်းကိုအသုံးပြုရန် အချိန်အတော်အတန် ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် စိတ်ကျေနပ်ဖွယ်ရလဒ်တစ်ခုကို ရရှိခဲ့ပေသည်။

အနည်းဆုံးတော့ လူနဲ့တူပါသေးတယ်လေ...


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်က ရုပ်ဖျက်ပြီး စုပိုင်ချယ့်နှင့်တူအောင် ကြိုးစားခဲ့သည်ကို သူ အမှတ်ရမိသည်။ သို့ရာတွင် ထိုပုံစံက အလွန်ကြောက်စရာကောင်းလှပြီး လူနှင့်မတူ သရဲနှင့်မတူ ဖြစ်နေခဲ့သည်။ သို့ရာတွင် နန်ယောင်ချွမ်က သူ့မျက်နှာကို တစ်ချက်ဆွဲဆိတ်လိုက်ချိန်တွင်မူ ပြီးပြည့်စုံသော ပုံတူတစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။


အရည်အချင်းကွာခြားချက်က အဲ့လောက်တောင်ပဲလား...


ရှန်းလျိုရှန့် အနည်းငယ် စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။ 


လင်ယဲ့က သူ့ကိုတစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ 


" အခုမှ ပြန်တွေးမိတယ်... မင်း ငယ်ငယ်တုန်းကလည်း အပြင်ထွက်ပြီး လေ့ကျင့်ရတော့မယ်ဆို အမြဲအဲ့လိုလုပ်တယ်... ရုပ်ဖျက်တဲ့မန္တန်သုံးပြီး တဗျစ်တောက်တောက်ပြောတာလေ... အခုလည်း အဲ့လိုတွေ ပြောတုန်းပဲ..."


ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။


" မင်းပြောင်းထားတဲ့ မျက်နှာက သာမန်ပုံစံပါပဲ... ဒါပေမဲ့ အရင်တုန်းကလည်း ငါ မကြာခဏ တွေ့ဖူးတယ်... အခုမှ ပြန်ကြည့်မိတော့ အတိတ်ကိုတောင် ပြန်သတိရသွားပြီ..."


လင်ယဲ့၏အသံက နွေးထွေးနေပြီး ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။


" ငါ လင်ယွဲ့ကို အကြောင်းကြားထားပြီးပြီ... သူ တစ်ယောက်တည်းကလွဲရင် တခြားဘယ်သူမှ မင်းက ဘယ်သူဘယ်ဝါဆိုတာ မသိဘူး... အခုတော့ မင်းက သာမန်တပည့်တစ်ယောက်ပဲပေါ့လေ..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်သည်။


မူလတွင်မူ လင်ယဲ့က ဤသတင်းကို ‌နန်းတော်သို့အကြောင်းကြားပြီး ဝိညာဉ်ချည်နှောင်ကြိုးကို ဖျက်ဆီး၍ရမည့်နည်းလမ်းကို ရှာဖွေလိုခြင်းဖြစ်သည်။ သို့ရာတွင် ရှန်းလျိုရှန့်က ငြင်းဆန်လိုက်သည်။ သူ အချိန်တစ်ခုအထိ နန်းတွင်းနှင့် မပတ်သက်ချင်သေးသည့်အပြင် ဝိညာဉ်ချည်နှောင်သင်္ကေတအချို့ကို သူ ဝှက်စာဖော်နိုင်မည်ဟု စိတ်ထဲ မှန်းဆထားသည်။ သုတေသနအနည်းငယ်ပြုလုပ်ပြီးသည်နှင့် သူကိုယ်တိုင် ဤကိစ္စကို ဖြေရှင်းကောင်းဖြေရှင်းနိုင်ပေသည်။


ညနေဘက်တွင် ရှန်းလျိုရှန့်က ပြတင်းပေါက်ဘောင်ပေါ်မှီနေပြီး အပြင်ဘက်မှ စည်ကားသိုက်မြိုက်နေသောလမ်းမကြီးကို ကြည့်နေသည်။


အချိန်ကိုတွက်ဆကြည့်သောအခါ ဂိုဏ်းသားအချို့က နောက်တစ်နေ့ နေ့လယ်တွင် ရောက်လာနိုင်ပေသည်။ 


အိပ်ရာပေါ်တွင် လှုပ်ရှားမှုအချို့ ရှိနေသည်။ အစောပိုင်းတွင် ပြန်သတိရလာပြီးနောက် သတိပြန်မေ့သွားသည်အထိ အရိုက်ခံလိုက်ရသော ကျိုးရွှမ်လန်က နောက်တစ်ကြိမ် နိုးလာခဲ့ပြီဖြစ်သည်။ ရှန်းလျိုရှန့်က သူ့နားကိုလျှောက်လာပြီး လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သည်။


ကျိုးရွှမ်လန်က သူ့ကိုတွေဝေမိန်းမောစွာကြည့်နေပြီး သူ့ကို မည်သူဖြစ်ကြောင်း မမှတ်မိဟန်ဖြစ်နေကာ ထပ်မံလှုပ်ရှားခြင်းမပြုတော့ပေ။ 


ခဏအကြာတွင်မှ တွန့်ဆုတ်စွာဖြင့် ခေါ်လိုက်သည်။

" ရှစ်စွမ်း..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။

" မင်း နိုးလာပြီလား..."


ကျိုးရွှမ်လန် ခေါင်းအသာညိတ်ပြလိုက်၍ ရှန်းလျိုရှန့်က သူ့နားကပ်လာပြီး လူငယ်လေး၏မျက်လုံးများကို အနီးကပ်ကြည့်နေသည်။


သူ့ကို ဆူပူကျိန်းမောင်းတော့မည့်အချိန်တွင် ကျိုးရွှမ်လန်က သူ့ခေါင်းကိုအသာစောင်းကာ ရှန်းလျိုရှန့်ကို အောင်အောင်မြင်မြင်ဖြင့် အလစ်အငိုက်ဖမ်းနိုင်သွားပြီး နှုတ်လမ်းထောင့်ကို ဖျတ်ခနဲ နမ်းလိုက်သည်။ နောက်ဆုံးတွင် သူ၏ အနက်ရောင်မျက်ဝန်းထဲ၌ ပြုံးရိပ်သန်းလာသည်။


" ရှစ်စွမ်းက ဒီလိုအရသာမျိုးပေါ့..."


ရှန်းလျိုရှန့် : “…”


ကျိုးရွှမ်လန်ကို နောက်တစ်ကြိမ် သတိလစ်အောင် လုပ်တော့မည့်အချိန်တွင် သူက စောင်ကိုဆွဲယူထားပြီး တုန်ယင်ဟန်ဆောင်ပြလိုက်သည်။


" ရှစ်စွမ်း ကျွန်တော့်လည်ပင်းနာနေပြီ..."


သူ့လေသံလေးက အနည်းငယ် သနားစရာကောင်းနေသည်။


ရှန်းလျိုရှန့်က ခေါင်းငုံ့လိုက်ပြီး လူငယ်လေး၏ဆံပင်ကိုလှန်တင်ကြည့်လိုက်သည့်အခါ လွန်ခဲ့သောရက်အနည်းငယ်ခန့်က လည်ပင်းတွင် ပေါ်လာခဲ့သည့် အညိုအမည်းပေါင်းစုံကို မြင်လိုက်ရသည်။


" ထားပါတော့ ငါမင်းကို သတိလစ်အောင် မလုပ်တော့ဘူး... ဒါပေမဲ့ မင်းငါ့ကို ထပ်မနမ်းနဲ့တော့..."

ရှန်းလျိုရှန့်က မာမာထန်ထန်ဖြင့် ပြောလိုက်သည်။


ကျိုးရွှမ်လန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။


" ရှစ်စွမ်း ဒါဆိုရင် ကျွန်တော့်ကို သတိလစ်အောင်ပဲ လုပ်လိုက်ပါတော့..."


ရှန်းလျိုရှန့် အမှန်တကယ်ပင် ထိုသို့လုပ်ပစ်ချင်နေသော်လည်း အကြိမ်တိုင်းသတိလစ်အောင်လုပ်နေသည်က ပြဿနာကို မဖြေရှင်းနိုင်ပေ။ ထို့အပြင် ကျိုးရွှမ်လန်၏ အခြေအနေက များစွာတိုးတက်လာပြီဖြစ်သည်။ အနည်းဆုံး သူ ပုံမှန်အတိုင်း စကားပြောနိုင်နေပြီဖြစ်သည်။


သို့ဖြစ်၍ ရှန်းလျိုရှန့်က ရိုးရိုးသားသားသာ ရှင်းပြလိုက်သည်။ 

" မင်းရဲ့တာအိုလက်တွဲဖော်ကလွဲရင် တခြားလူတွေကို လျှောက်မနမ်းရဘူး..."


" ဒါပေမဲ့ ကျွန်တော်မှ လျှောက်မနမ်းတာ... ရှစ်စွမ်းကလည်း တခြားလူ မဟုတ်ဘူးလေ..."ကျိုးရွှမ်လန် ခဏတွန့်ဆုတ်နေပြီးနောက် ပြန်လည်ချေပလိုက်သည်။


" ရှစ်စွမ်း ကျွန်တော့်ရဲ့ တာအိုလက်တွဲဖော်လုပ်လို့ရတာပဲလေ..."


ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်မိပြီး သူ့တပည့်ကို ဖြတ်မရိုက်မိအောင် မနည်းထိန်းထားလိုက်ရသည်။


သူ ဘာတွေလုပ်နေတာလဲ... ဘာတွေတွေးနေတာလဲ... ကိုယ့်ဆရာကို သစ္စာဖောက်ပြီး ဘိုးဘေးတွေကိုပါ ဖျက်ဆီးပစ်တော့မလို့လား...


သူ ကျိုးရွှမ်လန်၏နှဖူးကို အသာတောက်လိုက်သည်။

" ထလာတော့ ငါ့ကိုလည်း ထပ်မနမ်းနဲ့... ငါသေချာပြောထားတယ်နော်..."


ထိုစကားကိုကြားသည့်အခါ အိပ်ရာပေါ်မှ လူငယ်လေးက ဇက်ကလေးပုဝင်သွားပြီး သူ့ဘဝ၏ဦးတည်ချက် ပျောက်ဆုံးသွားသကဲ့သို့ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။


" ဒါပေမဲ့ ကျွန်တော် ရှစ်စွမ်းနားမှာပဲ နေချင်တာ အဲ့အတွေးကို ထိန်းချုပ်လို့မရဘူး..."


ရှန်းလျိုရှန့် ဟွားကျန်းကို စိတ်ထဲမှ နောက်တစ်ကြိမ် ကျိန်ဆဲလိုက်သည်။


ခဏတာတွေးတောပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်ပြီး သူ့နှဖူးကိုနမ်းကာ ခေါင်းကို ဝတ်ကျေတန်းကျေ ပုတ်ပေးလိုက်သည်။


" ကောင်းပြီလေ အခုကစပြီး ငါမင်းရဲ့ဆရာတစ်ယောက်အနေနဲ့ အရင်းနှီးဆုံးလူအဖြစ် ရှိပေးမယ်..."


ကျိုးရွှမ်လန် သူ့လက်ကိုမြှောက်ပြီး မှင်သက်သွားဟန်ဖြင့် နှဖူးကို ထိကြည့်လိုက်သည်။ သူ့ရှစ်စွမ်းက စတင်ဦးဆောင်ပြီး သူ့ကိုနမ်းသည်က ပထမဆုံးအကြိမ်ဖြစ်သည်။


သူ့နှုတ်ခမ်းများတွန့်ကွေးလိုက်ပြီး သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

 

နောက်ဆုံးတွင် နည်းလမ်းရှာတွေ့သွားသည့် ရှန်းလျိုရှန့်က ဝမ်းသာလွန်း၍ ငိုချင်စိတ်ပေါက်လာသည်။ ထိုညတွင် စားသောက်ဆိုင်၌ ပျော်ပွဲရွှင်ပွဲပါ နွှဲလိုက်သည်။ လင်ယဲ့မထွက်သွားမီက သူ့ကိုဝိညာဉ်ကျောက်တုံးအချို့ပေးသွား၍ ထင်တိုင်းကြဲနေခြင်းဖြစ်သည်။ အားပါးတရ စားသောက်ပြီးသည့်နောက်တွင် သူတို့နှစ်‌ယောက် လမ်းမပေါ်လျှောက်ကြည့်နေကြသည်။


" နောက်ရက်ပိုင်းတွေမှာ ငါ့ကိုရှစ်စွမ်းလို့ မခေါ်နဲ့..."

ရှန်းလျိုရှန့်က အရေးကြီးကိစ္စကို ရုတ်တရက် သတိရသွားသည်။


" ငါ ရှန်းလျိုလျိုဆိုတဲ့နာမည်တုကိုသုံးမယ် မင်းလည်း ငါ့ကို အဲ့လိုပဲခေါ်..."


ကျိုးရွှမ်လန် တွန့်ဆုတ်သွားမိသည်။

" ဘာလို့ ကျိုးလျိုလျိုလို့ မခေါ်တာလဲ..."

( တပည့်လေးက မလည်ရှာဘူး သူ့နာမည်နဲ့ 🤣)


ရှန်းလျိုရှန့် ခဏတာကြောင်အသွားပြီးနောက် တအံ့တဩဖြစ်သွားသည့် အမူအရာဖြင့် စိုက်ကြည့်နေမိသည်။


" ငါကမင်းကို တပည့်လို့သတ်မှတ်ထားတာလေ... မင်းက ငါ့ကိုအဖေလို့ ခေါ်‌ချင်နေတာလား..."

( လွဲကုန်ပြီ 🤣 )


ကျိုးရွှမ်လန် သူ့ကိုရှင်းပြတော့မည့်အချိန်တွင် ဘေးနားမှ ဈေးသည်က ရုတ်တရက် ထအော်လိုက်သည်။


" နောက်ဆုံးထွက်ထားတဲ့ စာအုပ်တွေနော် - ' အေးစက်တဲ့နှလုံးသားပိုင်ရှင် ရှစ်စွမ်းရဲ့ ချစ်စရာကောင်းတဲ့ တပည့်လေး ' ၊ ' စွမ်းအားကြီးတဲ့ဂိုဏ်းချုပ်က ငါ့ကိုသဘောကျနေတယ် ' ၊ ' ဂိုဏ်းချုပ်ကို ဦးဆောင်တဲ့ဇနီးသည်လေး ' ..." 


ရှန်းလျိုရှန့် စိတ်ဝင်စားသွားပြီး အပျေ

ာ်အနေဖြင့်ဖတ်ရန် ထိုစာအုပ်ပေါင်းတစ်ဒါဇင်ခန့် ဝယ်လာလိုက်သည်။


နောက်တစ်နေ့ နေ့လယ်ခင်းအချိန်တွင် ချင်းလင်ဂိုဏ်းသားများအုပ်စု ရောက်လာတော့မည့်အချိန်ကျလာသည်။ ရှန်းလျိုရှန့်က ဝိုင်ကောင်းများနှင့် ဟင်းပွဲများ မှာထားပြီး ဦးစွာစားသောက်နေလိုက်သည်။