အပိုင်း ၃၄
Viewers 23k

Chapter 34




နောက်တစ်နေ့ နေ့လယ်ခင်းအချိန်တွင် ချင်းလင်ဂိုဏ်းသားများအုပ်စု ရောက်လာတော့မည့်အချိန်ကျလာသည်။ ရှန်းလျိုရှန့်က ဝိုင်ကောင်းများနှင့် ဟင်းပွဲများ မှာထားပြီး ဦးစွာစားသောက်နေလိုက်သည်။


စားသောက်ဆိုင်တွင် လူများစွာပြည့်သိပ်နေပြီး အများစုမှာ ကျင့်ကြံသူများဖြစ်ကြ၍ စားပွဲဝိုင်းများတွင် တဝဲလည်လည်ဖြစ်နေသည့် အကြောင်းများမှာ ဓားဂိုဏ်းတွင် လတ်တလောဖြစ်သွားခဲ့သည့် ဝမ်းသာစရာကိစ္စအကြောင်းသာ ဖြစ်သည်။


" တာအိုဆရာသခင်က မဟာယနအဆင့်ကို ရောက်သွားပြီဆိုတော့ ဓားဂိုဏ်းတစ်ခုလုံးကို အကျိုးအမြတ်ရစေမှာပဲ... တစ်ချက်ခုန်လိုက်ရုံနဲ့ ကောင်းကင်ဘုံကို တက်သွားနိုင်တယ်လို့တောင် ပြောလို့ရတယ်..."


" အဲ့လိုလည်း ပြောလို့မရပြန်ဘူး... လက်ရှိဂိုဏ်းချုပ်နဲ့ တာအိုဆရာသခင်ရဲ့ ဆက်ဆံရေးက မကောင်းဘူး... သူတို့က ဆရာတပည့်ဆိုပေမယ့် မရင်းနှီးကြဘူးလေ... တာအိုဆရာသခင်ကလည်း သူ့ရဲ့ တပည့်ငယ်လေး နျဉ်ယွင်ရှင်းကို အရမ်းချစ်တာဆိုတော့..."


" မဟုတ်ဘူး မင်း တပည့်နောက်တစ်ယောက်ကို ထပ်ထည့်ပြောသင့်တယ်... ယဲ့ပင်းရန် လေ..."


" အဲဒါ အတိတ်တုန်းကပါ... နျဉ်ယွင်ရှင်း မတော်တဆထိခိုက်မိတည်းက တာအိုဆရာသခင်က သူ့တပည့်လေး ကျင့်ကြံဆင့်တိုးလာအောင် ကူညီပေးရင် အလုပ်များနေခဲ့တာ..."


" ကံဆိုးချင်တော့ တစ်ခါက ဓားဂိုဏ်းရဲ့အမြွှာကျောက်တိုင်နှစ်ခုလို့တောင် ပြောလို့ရမယ့် နျဉ်ယွင်ရှင်းနဲ့ ယဲ့ပင်းရန်က အခုတော့ ကျင့်ကြံဆင့်ကွာခြားချက်က တော်တော်ကြီးမားသွားပြီလေ..."


" နျဉ်ယွင်ရှင်း လောကကြီးကို တွေ့ကြုံခံစားဖို့ ထွက်သွားပြီးတဲ့နောက် သူက စိတ်ခံစား‌ချက်တွေရဲ့ အနှောင်အဖွဲ့ခံရပြီး ရွှေအမြုတေအဆင့် မှာပဲရပ်သွားပြီး ထပ်တိုးမလာတော့ဘူးလေ... ကံကောင်းချင်တော့ သူက ဆရာကောင်းတစ်ယောက်ဖြစ်နေတယ်လေ အခု ဓားဂိုဏ်းတစ်ခုလုံးမှာ သူ့နာမည်က ကျသွားရမယ့်အစား ပိုတက်လာပြီ..."


" ပြောကာမှပဲ... သူ့ကို တစ်ယောက်ယောက်က ငြင်းလိုက်တယ်လို့ ငါကြားတယ်နော်... အဲဒါကြောင့်မို့ သူ့စိတ်ထဲက နတ်ဆိုးက တဖြည်းဖြည်း ပိုကြောက်စရာကောင်းတယ်လို့ ပြောကြတာပဲ..."


" ဟမ် ဘယ်လို... အဲ့အချိန်တုန်းကဆို သူ့ကိုကြည့်ရတာ ကောင်းကင်ဘုံရဲ့ သားတော်လေး လိုပဲလေ ဘယ်မိန်းကလေးက သူ့ကို ငြင်းနိုင်မယ်တဲ့လဲ..."


" မဟုတ်ဘူး ငါကြားတာတော့ အဲဒါလူငယ်ကောင်လေးတစ်ယောက်တဲ့..."


" သူက တော်တော်လေး ထူးခြားဆန်းကြယ်လို့ ဖြစ်ရမယ်..." 


" မဟုတ်ဘူး မဟုတ်ဘူး... ငါကြားတာတော့ သူ့ပုံစံက သာမန်ပါပဲတဲ့..."


" ဘယ်လို..."


.....


ရှန်းလျိုရှန့်နှင့် လင်ယွဲ့က အခြားလူများနှင့်ဆုံကြသည်နှင့် ဂိုဏ်းအဝတ်အစားများလဲလှယ်ပြီး မြောက်ပိုင်းမှ ဓားဂိုဏ်းကို အတူတကွ ထွက်ခွာသွားကြသည်။


ခရီးစဉ်တစ်ယောက်လုံးတွင် ရှန်းလျိုရှန့်က ကျိုးရွှမ်လန်အနားကိုသာ ကပ်နေသောကြောင့် အခြားတပည့်များအကြားတွင် အာရုံစိုက်စရာဖြစ်နေသည်။ တပည့်အများစုက သူ့ကို သိသိသာသာနှင့် မသိမသာပါ ကြည့်နေကြစဉ်တွင် လင်ကျင်းယဲ့က တဲ့တိုးအဆန်ဆုံးဖြစ်ပြီး သူတို့နားသို့ရောက်လာကာ မေးမြန်းတော့သည်။


" ဒါ ဘယ်သူလဲ... ငါအရင်က သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး..."


ကျိုးရွှမ်လန်က ပြောလိုက်သည်။

" သူက လျိုလျိုလေ..."


သူတို့မထွက်ခွာလာမီတွင် ရှန်းလျိုရှန့်က ကျိုးရွှမ်လန် စကားနားထောင်အောင် သူ့နှဖူးကို နမ်းခဲ့သောကြောင့် ကျိုးရွှမ်လန်က ယခုအချိန်တွင် ပုံမှန်အတိုင်း ပြုမူနေခြင်းဖြစ်သည်။


" ဒါပေမဲ့ သူ့ကို ရှန်းလျိုလျိုလို့ ခေါ်ရင်ရတယ်..."

ကျိုးရွှမ်လန် ခဏရပ်သွားပြီး ဆက်ပြောလိုက်သည်။

" ဒါမှမဟုတ် သူ့ကို ကျိုး... အွန်း..."


ရှန်းလျိုရှန့်က သူ့ပါးစပ်ကို ပိတ်ထားလိုက်ပြီး လင်ကျင်းယဲ့ကို ပြုံးပြလိုက်သည်။


" ငါက အပြင်ပိုင်းကတပည့်ပါ... မင်းငါ့ကို တစ်ခါမှ မမြင်ဖူးတာ ပုံမှန်ပါပဲ..."


လူငယ်လေး၏ ပုံပန်းသွင်ပြင်က သာမန်ဆန်သော်လည်း ကြော့ရှင်းကျက်သရေရှိမှု အနည်းငယ်မျှသာ ရောယှက်ပါဝင်နေသည်။ သို့ရာတွင် သူ ပြုံးလိုက်ချိန်တိုင်း လခြမ်းကွေးသဏ္ဍာန်မျက်ဝန်းထဲတွင် သက်ဝင်မှုတို့ကို မြင်နေရ၍ သူ့မျက်နှာလေးတစ်ခုလုံးက မျက်စိပသာဒဖြစ်ဖွယ်ရာပင်။ 


လင်ကျင်းယဲ့က သူပြောသည်ကို လက်ခံလိုက်သည်။ 

" ငါတို့တွေအားလုံးက ချင်းလင်ဂိုဏ်းသားတွေပဲလေ... အတွင်းတပည့်နဲ့ အပြင်တပည့်ကြားမှာ ဘာမှမခွဲခြားထားပါဘူး..."


သူက ရှန်းလျိုရှန့်၏ ပခုံးပေါ်သို့ လက်လှမ်းတင်တော့မည့်အချိန် တစ်ဝက်တစ်ပျက်တွင် ဖြန်းခနဲရိုက်ချခံလိုက်ရသည်။


" လင်... စီနီယာလင်ယွဲ့ .."


လင်ယွဲ့က ပြောလိုက်သည်။

" လေးစားသမှုရှိပါ..."


ဟမ် သူ့ပခုံးကိုဖက်တာ ဘယ်လိုများ မလေးမစားလုပ်သလို ဖြစ်သွားလို့လဲ...

လင်ကျင်းယဲ့ တအံ့တဩဖြစ်သွားပြီး တွန့်ဆုတ်‌တွန့်ဆုတ်ဖြင့် လက်ပြန်ရုတ်လိုက်သည်။


သူတို့အားလုံး ဓားဂိုဏ်း၏ဝင်ပေါက်သို့ ရောက်သည့်အခါ အပြင်ဘက်တွင် စောင့်ဆိုင်းနေသည့်တပည့်များက သူတို့ကို အသည်းအသန်လာရောက်နှုတ်ဆက်ကြသည်။ 


" မင်္ဂလာပါ ချင်းလင်ဂိုဏ်းက မိတ်ဆွေတို့... ကျွန်တော်တို့တွေလည်း ရောက်လာမှာကို စောင့်နေကြတာပါ... ကျေးဇူးပြုပြီး ဂိုဏ်းထဲကို လိုက်ခဲ့ကြပါ..."


စွမ်းအားအကြီးဆုံး အင်မော်တယ်ဂိုဏ်းများအနက်မှ တစ်ဂိုဏ်းအပါအဝင်ဖြစ်သော ချင်းလင်ဂိုဏ်းက အမြဲတစေ အခြားလူများ၏ အာရုံစိုက်မှုကို ရရှိထားသည်။ သူတို့ ဓားဂိုဏ်းထဲ ခြေချလိုက်သည်နှင့် အရပ်မျက်နှာအနှံ့မှ အကြည့်အားလုံးက သူတို့အပေါ် ရောက်ရှိလာသည်။


ချင်းလင်ဂိုဏ်းသားများမှာ ထိုသို့အာရုံစိုက်ခံရသည်ကို ကျင့်သားရနေပြီးဖြစ်၍ တည်ငြိမ်စွာသာ လျှောက်လာကြပြီး ဘေးဘီကို မျက်လုံးကစားမနေဘဲ ဂိုဏ်းကြီးတစ်ခုမှ ဂိုဏ်းသားများဟူသော ဂုဏ်ပုဒ်ကို ထိန်းသိမ်းထားပေသည်။


သူတို့အကြားတွင် ရှန်းလျိုရှန့်တစ်ယောက်သာ အများနှင့်မတူ တစ်မူထူးခြားနေသည်။ သူတစ်ယောက်တည်းသာ စပ်စပ်စုစုဖြင့် ဘေးမှ အရာအားလုံးကို လိုက်ကြည့်နေသည်။


" အဲ့တပည့်လေးက ဘယ်သူလဲ..."


" ငါလည်းမသိဘူး ဒါပေမဲ့ သူက ချင်းလင်ဂိုဏ်းကို သိက္ခာချနေတာပဲ..."


" ဒီလိုအခါမျိုးမှာ ထူးချွန်ပြီး နေတတ်ထိုင်တတ်တဲ့ တပည့်မျိုးကိုပဲ ခေါ်လာသင့်တာမလား... ချင်းလင်ဂိုဏ်းက ဘာလို့ အဲ့လိုလူထူးဆန်းလေးကို ခေါ်လာတာများလဲ..."


" မရိုမသေ ပြုမူမနေကြနဲ့..."


ဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်ပေါ်လာပြီး တီးတိုးပြောနေကြသည့် တပည့်များကို ဆူပူလိုက်သည်။


အကြီးအကဲထွက်သွားသည့်အခါ တပည့်များက ဤကိစ္စကို ဆက်လက်မဆွေးနွေးရဲတော့သော်လည်း ဇဝေဇဝါဖြစ်ကုန်သည်။


" အကြီးအကဲဝူက ဘာကိစ္စ ရောက်လာတာလဲ... သူက ဦးလေးနျဉ်ကို စောင့်ရှောက်နေရတာမလား..."


" နဉ်ရှစ်ရှု့က ဒီမနက်ပဲ ဂူပိတ်ကျင့်ကြံနေရာက ထွက်လာပြီလေ..."


" ဘာ... သူ လှိုဏ်ဂူထဲက မထွက်တာတောင် နှစ်ပေါင်းများစွာ ကြာပြီလေ..."


" တာအိုဆရာသခင်က သူ့ဆရာဖြစ်တဲ့အပြင် သူ့ကို အရမ်းဂရုစိုက်တာလေ အပြင်ထွက်လာပြီး ဂုဏ်မပြုရင် အရမ်းအသည်းမာလွန်းရာကျတာပေါ့..."


" အခု နဉ်ရှစ်ရှု့ ဘယ်ရောက်မှာလဲ... ငါ သူ့ကိုမတွေ့ရတာ နှစ်ပေါင်းများစွာရှိပြီ..."


" သူက အေးစက်မှုဓားသွားစင်မြင့်မှာ ဓားသခင်နဲ့ တခြားလူတွေကို အဖော်လုပ်ပေးနေတယ်..."


.....


အေးစက်မှုဓားသွားစင်မြင့်တွင် 


ယဲ့ပင်းရန်က သူ့ကိုကျောပေးထားသည့်လူငယ်လေးကို ‌ခေါင်းငုံ့ကြည့်ပြီး ပြောလိုက်သည်။


" ဆရာတူညီလေး ‌ဒီနေရာက အေးတယ်လို့ ဆရာကပြောတယ်... မင်း ဒီနေရာမှာ ကြာကြာမနေသင့်ဘူး..."


ယဲ့ပင်းရန် ဆရာတူညီလေးဟု ခေါ်လိုက်သူက သူနှင့် အသက်အရွယ်ချင်း မတိမ်းမယိမ်းဖြစ်သည်။ သူ့ဆံပင်ရှည်များက ကျောပြင်တွင်ဖြာကျနေပြီး ချောမောသည့်မျက်နှာလေးက ကျောက်စိမ်းသဖွယ်ဖြူဝင်းနေသော်လည်း နှုတ်ခမ်းများဖြူဖျော့ကာ မျက်ခုံးများအနည်းငယ်တွန့်ချိုးထားပေသည်။ 


" ကျွန်တော်က ကျင့်ကြံဆင့်မတက်လာရုံပါပဲ ရောဂါဖြစ်နေတာ မဟုတ်ပါဘူး... အစ်ကိုကြီး ဘာတွေတွေးနေတာလဲ..."


သူတို့ကိုကြည့်နေကြသည့် အကြီးအကဲအားလုံးက တိတ်ဆိတ်နေပြီး နှဖူး‌တွင် ချွေးစေးများထွက်နေသည်။ ဓားဂိုဏ်းတစ်ခုလုံးတွင် နျဉ်ယွင်ရှင်းတစ်ယောက်တည်းသာ အခြားလူများအပါအဝင် ဂိုဏ်းချုပ်အထိ မရိုမသေပြုမူရဲသူတစ်ယောက် ဖြစ်သည်။


နျဉ်ယွင်ရှင်းက လူများဖြင့်စည်ကားနေသည့်ရင်ပြင်ကိုကြည့်ပြီး ပြောလိုက်သည်။

" အပြင်မထွက်ရတာ တော်တော်လေးတောင်ကြာပြီ ဂိုဏ်းမှာတောင် လူတွေများလားသလိုပဲ..."


အကြီးအကဲတစ်ယောက်က ပြန်ဖြေလိုက်သည်။

" သူတို့အားလုံးက ဓားဂိုဏ်းက မဟုတ်ပါဘူး... အခုနောက်ပိုင်း တခြားနေရာက ဧည့်သည်တွေလည်း လာကြပါတယ်..."


နျဉ်ယွင်ရှင်း၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။

" ဒါဆိုရင် သူရောလာမယ်လို့ထင်လား..."


အကြီးအကဲများက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်သည်။


ထင်တဲ့အတိုင်းပဲ...

 

နျဉ်ယွင်ရှင်းပြောလိုက်သည့် "သူ" ဟူသည့်လူကို ဓားဂိုဏ်းမှလူများက နျဉ်ယွင်ရှင်း၏ ကိုယ်တွင်းမှ နတ်ဆိုးဟု သတ်မှတ်ထားကြသည်။ အချို့ကမူ ဤလူအမှန်တကယ်ရှိမရှိ သံသယဝင်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့မည်မျှပင် မြေလှန်ရှာသည်ဖြစ်စေ ထိုလူကို ရှာမတွေ့သောကြောင့်ဖြစ်သည်။


" ဘာလို့ အဲ့လောက် တိုက်ဆိုင်မှာလဲ... ဆရာတူညီလေးနျဉ်... ဒီကိစ္စက တော်တော်လေးတောင်ကြာနေပြီ မင်းလက်လွှတ်လိုက်သင့်ပါပြီ..."


" ကျွန်တော်တစ်ခါမှ သူ့ကို ကပ်တွယ်မနေပါဘူး... ဘာကိစ္စ လက်လွှတ်ပေးရမှာလဲ..."


နျဉ်ယွင်ရှင်းက လက်နောက်ပစ်ရပ်နေပြီး ရင်ပြင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။

" ဒါပေမဲ့ အစ်ကိုကြီးပြောတာ မှန်ပါတယ်... ဘာလို့အဲ့လောက်တောင် တိုက်ဆိုင်မယ်တဲ့လဲ... ပြီးတော့ သူ ကျွန်တော့်ကို ရှောင်နေတာပဲဖြစ်ရမယ် မဟုတ်ရင် ဒီလိုရှာမတွေ့ဘဲနေမှာ မဟုတ်ဘူး..."


သူ့မျက်လုံးများက အရောင်မှိန်သွားပြီး အကြည့်ကို ပြန်ရုတ်သိမ်းတော့မည့်အချိန်တွင် ပိန်ပိန်ပါးပါးပုံရိပ်လေးတစ်ခုက သူ့မြင်ကွင်းထဲ ရုတ်တရက် ရောက်လာသည်။


နျဉ်ယွင်ရှင်း၏ အကြည့်များလေးနက်သွားပြီး သူ့မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။


ဓားသိုင်းပညာပြိုင်ဆိုင်ပွဲများ ကျင်းပသည့်စင်မြင့်တွင် ဓားဂိုဏ်းရှိ တပည့်များစွာက သူတို့၏ ဓားစွမ်းရည်များကို အစဉ်လိုက် လေ့ကျင့်နေကြသည်။ 


ချင်းလင်ဂိုဏ်းမှလူများ ဖြတ်သွားသည်ကို မြင်သည့်အခါ သူတို့ပို၍ စိတ်အားတက်ကြွလာပြီး သရုပ်ပြသမှုများကို အရှိန်မြှင့်လိုက်ကြသည်။


ရှန်းလျိုရှန့်က သူတို့ထဲမှတစ်ယောက်ကို သတိပြုလိုက်မိပြီး မရယ်ဘဲမနေနိုင်တော့ပေ။ 


" သူ ဓားအဖျားကို ပြောင်းပြန်ကြီးကိုင်ထားတယ် မနာဘူးလား မသိဘူး..."


ကျိုးရွှမ်လန်က သူ့တုံ့ပြန်မှုကိုမြင်သည့်အခါ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ကို လာဆွဲလိုက်သည်။


ရှန်းလျိုရှန့်က သူ့ကိုမေးလိုက်သည်။

" ဟမ် ဘာလို့လဲ..."


ကျိုးရွှမ်လန်က သူ့ကို မျှော်လင့်တကြီးဖြင့်ကြည့်နေပြီး သူ့နှဖူးကိုသူ လက်ညှိုးထိုးပြလိုက်သည်။


ရှန်းလျိုရှန့် : “…”


လူတွေအများကြီး ကြည့်နေတယ်လေ...


ကျိုးရွှမ်လန်က နက်စွေးစွေးမျက်ဝန်းများနှင့် သူ့ကိုကြည့်နေပြီး ပိုမိုခေါင်းမာစွာဖြင့် သူ့နှဖူးကို လက်ညှိုးထိုးပြနေသည်။


" မရဘူး..."

ရှန်းလျိုရှန့်က ပြတ်ပြတ်သားသားငြင်းဆန်လိုက်သည်။


သူ့စကားဆုံးသည်နှင့် သူ့တပည့်၏မျက်နှာထားက သိသိသာသာပြောင်းလဲသွားပြီး တစ်ကိုယ်လုံး ပျော့ခွေကျမတတ်ဖြစ်သွားသည်။


ရှန်းလျိုရှန့် ခေါင်းကိုက်သွားသောကြောင့် သူ့မျက်ခုံးရိုးကို ဖိထားမိပြီး ခဏစဉ်းစားလိုက်ပြီးမှ လက်ချောင်းသွယ်သွယ်နှစ်ချောင်းကို မြှောက်လိုက်သည်။


" ဟုတ်ပါပြီ ငါမင်းကို အကြွေးတင်သွားပြီ နောက်မှ နှစ်ခါနမ်းမယ်နော်..."


ကျိုးရွှမ်လန် ခဏစဉ်းစားပြီးနောက်တွင် ခေါင်းပြန်မော့လာကာ ရှန်းလျိုရှန့်၏ မျက်လုံးရှေ့တည့်တည့်၌ လက်သုံးချောင်းထောင်ပြလိုက်သည်။


ဒီကောင်လေးက တစ်လက်မလောက်ပေးရင် တစ်ပေလောက် လိုချင်နေတာပဲ...


" အင်းပါ အင်းပါ ကောင်းပါပြီ..."

ရှန်းလျိုရှန့်က ကောင်လေး၏လက်ကိုဆွဲယူပြီး ဖိညှစ်ထားလိုက်သည်။


ထိုအခိုက်အတန့်တွင် မလှမ်းမကမ်း၌ အုတ်အော်သောင်းနင်းဖြစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဓားဂိုဏ်းဝင်များစွာပေါ်လာပြီး ချင်းလင်ဂိုဏ်းသားများ၏လမ်းကို ပိတ်ထားလိုက်သည်။


နျဉ်ယွင်ရှင်းက သူနှင့် ရင်းနှီးနေသည့် မျက်နှာတစ်ခုကို မြင်လိုက်သော်လည်း ယဲ့ပင်းရန်ကမူ သူ့ကို မှတ်မိနိုင်မည်မဟုတ်ပေ။ 


အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူတစ်ယောက် ချင်းလင်ဂိုဏ်းသားများကြားထဲဝင်လာချိန်တွင် သူ့နောက်မှ ဓားဂိုဏ်းအကြီးအကဲများက စိုးရိမ်တကြီးအော်ဟစ်နေသည်။ 


" ဆရာတူညီလေး ကျေးဇူးပြုပြီး အလောတကြီးမလုပ်ပါနဲ့... ဘယ်သူများလဲ ငါတို့မင်းကိုယ်စား တားပေးမယ်လေ..."


သူတို့အနားမှ ဓားဂိုဏ်းရှိတပည့်များလည်း အမူအရာပြောင်းလဲကုန်သည်။


" အဲဒါ နဉ်ရှစ်ရှုန်းပဲ... သူ တကယ်ကြီး ဂူပိတ်ကျင့်ကြံနေရာကနေ ထွက်လာတာလား..."


" သူ ထပ်ပြီး နေမကောင်းဖြစ်နေပြန်တာလား... မဟုတ်ရင် ဘာလို့ချင်းလင်ဂိုဏ်းသားတွေကြားထဲ ဝင်သွားမှာလဲ..."


" နေပါဦး သူ့ကိုကြည့်ရတာ တော်တော်လေး ပျော်နေသလိုပဲ... သူ အကြာကြီးရှာနေခဲ့တဲ့လူကို ရှာတွေ့သွားလို့များလား..."


" ဘာ... အဲဒါဘယ်သူလဲ ဘယ်သူလဲ... နဉ်ရှစ်ရှု အချိန်အကြာကြီး တွေးနေခဲ့တဲ့လူက ဘယ်လိုပုံစံမျိုးပါလိမ့်..."


" ငါကြားတာတော့ ဒီတစ်ခေါက် ချင်းလင်ဂိုဏ်းက ရောက်လာတဲ့လူတွေအားလုံးက အရည်အချင်းရှိတဲ့တပည့်တွေတဲ့... သူတို့အားလုံး မဆိုးကြဘူး... ငါထင်တာတော့ ရှေ့ဆုံးက ပြုံးနေတဲ့ လူငယ်လေးထင်တယ်..."


" ငါထင်တာတော့ နောက်က အေးတိအေးစက်နဲ့ ကြည့်ကောင်းတဲ့ကောင်လေးလားလို့... ဟေး ဟေး ဟေး ကြည့်လိုက်ဦး နဉ်ရှစ်ရှု့က ကောင်လေးဆီ လျှောက်သွားနေပြီ... သူ့ လက်ကိုတောင်ဆန့်လိုက်ပြီ သူ သူ သူ... ဟမ် သူ့နောက်လူလား..."


ဝရုန်းသုန်းကားဖြစ်သွားသောလူအုပ်ကြီးထဲမှ မည်သူမှသတိမထားမိသော ချင်းလင်ဂိုဏ်း၏တပည့်တစ်ယောက်ကို နျဉ်ယွင်ရှင်းက ဆွဲထုတ်လိုက်သည်။


ထိုကောင်လေး၏လက်ကို ကိုင်ထားလျက် နျဉ်ယွင်ရှင်း၏မျက်ဝန်းများထဲတွင် ချစ်ခင်မြတ်နိုးမှုများဖြင့်ပြည့်လာပြီး ပြောလိုက်သည်။


" နောက်ဆုံးတော့ မင်းကိုရှာတွေ့ပြီ..."


အားလုံး : ဟမ် ဘာတွေ...


ရှိရှိသမျှလူအားလုံး၏အာရုံက သူတို့ထံတွင်သာ ရှိနေသည်။


ရှန်းလျိုရှန့်

မျက်တောင်ခတ်လိုက်ပြီး သူ့ရှေ့တည့်တည့်မှ သူနှင့်မရင်းနှီးသော လူငယ်လေးကိုစိုက်ကြည့်ကာ ကြောင်အအဖြစ်သွားသည်။


သူ့အနောက်မှ အေးတိအေးစက်အသံတစ်သံထွက်လာမှသာလျှင် သူ အသိစိတ်ပြန်ကပ်သွားသည်။


" ရှစ်စွမ်း သူက ဘယ်သူလဲ..."