အပိုင်း ၃၅
Viewers 23k

Chapter 35



ဒါ ဘယ်သူကြီးလဲ...


ရှန်းလျိုရှန့် သိချင်စိတ်ဖြစ်လာသောကြောင့် မေးလိုက်မိသည်။


လူငယ်လေး၏အမူအရာက အနည်းငယ်တောင့်တင်းသွားပြီး သူ့မျက်နှာထက်မှ ပျော်ရွှင်ဝမ်းမြောက်နေသည့်အမူအရာက ဒီရေကဲ့သို့ ပြန်ကျသွားသည်။ သူ ရှန်းလျိုရှန့်၏လက်ကို တင်းကြပ်စွာ ကိုင်ထားလိုက်သည်။


" ငါက နျဉ်ယွင်ရှင်းပါ... ငါတို့တွေ နတ်ဆိုးနယ်မြေမှာ တွေ့ခဲ့ဖူးတယ်လေ...  ဓားဂိုဏ်းကိုလာပြီး ငါ့ကိုရှာမယ်လို့တောင် ပြောခဲ့ဖူးသေးတယ်လေ ဒါပေမဲ့ မင်း တစ်ခါမှလည်း မလာခဲ့ဘူး... ငါ မင်းကိုရှာနေတာ တော်တော်ကြာပြီ ဘာလို့ ငါ့ကို မမှတ်မိရတာလဲ..."


ရှန်းလျိုရှန့်၏လက်များကို နာကျင်သည်အထိ ဖိညှစ်ခံထားရသောကြောင့် တိတ်တဆိတ် နှုတ်ခမ်းကိုစေ့ထားလိုက်သည်။


သူက အရေးကြီးသော ဇာတ်ကောင်တစ်ယောက် မဟုတ်သည့်အပြင် သူ့အကြောင်းများက ရံဖန်ရံခါသာ ပါဝင်ခဲ့သောကြောင့် ဝတ္ထုထဲမှ နျဉ်ယွင်ရှင်း၏အကြောင်းများကို ပြန်အမှတ်ရရန် ကြိုးစားလိုက်သည်။ 


အတိတ်တွင်မူ နျဉ်ယွင်ရှင်းက ဓားဂိုဏ်း၏ ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် အဆင့်ကျသွားခဲ့ပြီး ရွှေအမြုတေအဆင့်တွင်သာ တစ်ဘဝလုံး နေခဲ့ရသည်။


" လူမှားနေတာဖြစ်မယ်..."

ရှန်းလျိုရှန့်က သူ့လက်ကိုပြန်ဆွဲယူရန် ကြိုးစားသော်လည်း တစ်ဖက်က သူ့ကိုပိုမိုတင်းကြပ်စွာ ဆွဲထားသည်။


နျဉ်ယွင်ရှင်းက သူ့ကိုလျစ်လျူရှု့ထားပြီး သူ့စိတ်သူမထိန်းနိုင် ဖြစ်နေသည်။


" မင်း သူ့ကိုနာအောင် လုပ်နေတာပဲ..."

ကျိုးရွှမ်လန်၏ မျက်ဝန်းများက အေးစက်နေပြီး နျဉ်ယွင်ရှင်း၏လက်များကို တစ်ချောင်းချင်း ဆွဲခွာနေသည်။

" သူ့ကိုလွှတ်ပေးလိုက်..."


နျဉ်ယွင်ရှင်းက နာကျင်နေသည်ကို ဂရုမစိုက်ဘဲ ရှန်းလျိုရှန့်ကိုသာ စူးစူးရဲရဲကြည့်နေသည်။


" ငါ လူမမှားပါဘူး... မင်းဘာလို့ ငါ့ကိုမသိချင်ယောင်ဆောင် နေရတာလဲ..."


သူ့ရှေ့မှလူက တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ရှန်းလျိုရှန့် ခံစားလိုက်ရသည်။ သူ အဖြစ်မှန်ကို ရင်ဆိုင်၍ ပြောလိုက်သည်။


" ကျွန်တော့်မျက်နှာက သာမန်ဆန်ပါတယ်... အပြင်မှာ ကျွန်တော်နဲ့တူတဲ့လူ ခုနစ်ယောက် ရှစ်ယောက်လောက်ကို ရှာတွေ့နိုင်တယ်... အဲဒါကြောင့် ကျွန်တော့်ကို တစ်ယောက်ယောက် နဲ့ မှားနေတယ်လို့ပဲထင်တယ်... ကျွန်တော့်နာမည်က ရှန်းလျိုလျိုပါ... မင်းရှာနေတဲ့သူက ကျွန်တော် မဟုတ်လောက်ဘူး..."


နျဉ်ယွင်ရှင်း၏ အမူအရာက ရှုပ်ထွေးနေသည်။

" မင်းနာမည်ပြောင်းလိုက်တာနဲ့ပဲ ငါကမင်းလို မမှတ်မိတော့ဘူးလို့ ထင်နေတာလား ရှန်းလျို..."


ရှန်းလျိုရှန့် ကြောင်အသွားရသည်။


‌ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က တကယ်ပဲ ဒီလူနဲ့ တစ်ခုခုပတ်သက်နေပြီးတော့ ရုပ်ဖျက်မန္တန်သုံးပြီး ရှန်းလျိုဆိုတဲ့နာမည်နဲ့ပဲ သူနဲ့ပတ်သက်ဖူးတာလား...


သူ့အတွေးများကို မနည်းစိစစ်နေရသည်။


ထိုအခိုက်အတန့်တွင်  သူ့လက်ပေါ်မှ လှုပ်ရှားမှုအချို့ကို သတိပြုမိသည်။


ရှန်းလျိုရှန့် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ နီရဲတွတ်နေသည်အထိ ဆွဲညှစ်ခံထားရသောသူ့လက်ကို ကျိုးရွှမ်လန်က သူ့လက်ပေါ်တင်ပြီး ငြင်သာစွာ နှိပ်နယ်ပေးနေသည်ကို တွေ့လိုက်ရသည်။


ရှန်းလျိုရှန့် ရင်ထဲထိသွား၍ မျက်ရည်များ ဝဲလာသည်။

တကယ်ကို ငါ့တပည့်လေးက အကောင်းဆုံးပဲ...


" သူက ဘယ်သူလဲ..."


နျဉ်ယွင်ရှင်း၏အကြည့်က နောက်ဆုံးတွင် ရှန်းလျိုရှန့်ထံမှ ဖယ်ခွာသွားပြီး သူ့ဘေးနားမှ လူငယ်လေးထံသို့ ကျရောက်သွားသည်။ ထို့နောက် အနည်းငယ်ရင်းနှီးဟန်ဖြင့် မေးလိုက်ခြင်းဖြစ်သည်။


ကျိုးရွှမ်လန်က အေးစက်စက်ဖြင့် ပြန်ဖြေသည်။

" မင်းနဲ့ ဘာမှမဆိုင်ဘူး..."


ခရက်...


ရှန်းလျိုရှန့် ရေခဲအက်သံမျိုး ကြားလိုက်ရ၍ ငုံ့ကြည့်လိုက်သောအခါ သူ အမြင်မှားနေခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။ နျဉ်ယွင်ရှင်းနင်းထားသောမြေပြင်က တဖြည်းဖြည်း ရေခဲအဖြစ်ပြောင်းလာပြီး ဘေးပတ်ဝန်းကျင်ကိုပါ ပျံ့နှံ့လာသည်။


မျက်စိတစ်မှိတ်အတွင်းတွင် ရေခဲက ကျိုးရွှမ်လန်၏အနက်ရောင်ဖိနပ်နားကိုပါ ရောက်လာတော့သည်။ ရှန်းလျိုရှန့်က သူ့ကိုဆွဲခေါ်ပြီး ခြေလှမ်းအနည်းငယ်ခန့် ဆုတ်လိုက်သည်။ 


ထိုမြင်ကွင်းကိုတွေ့သည့်အခါ နျဉ်ယွင်ရှင်းအနားမှ လေအေးများက ပိုမိုပြင်းထန်လာသည်ဟု ထင်ရသည်။


" မဖြစ်ဘူး..."

နျဉ်ယွင်ရှင်း၏ဘေးမှ ကျင့်ကြံသူတစ်ယောက်ပေါ်လာပြီး သူ့ဝတ်ရုံလက်ကိုခါ၍ မြေပြင်ပေါ်မှ ရေခဲများကို ပျောက်ကွယ်သွားစေလိုက်သည်။


သူက ရှန်းလျိုရှန့်ဘက်သို့လှည့်ပြီး ပြောလိုက်သည်။

" တောင်းပန်ပါတယ်... ငါ့ရဲ့ဆရာတူညီလေးက နေမကောင်းဖြစ်နေတဲ့အချိန်ဆို တစ်ခါတစ်လေ အမှားလုပ်တတ်တယ်..."


ထိုလူက ဓားဂိုဏ်း၏ဂိုဏ်းချုပ် လန်ရှောင်ရှန့်ဖြစ်သည်။


နျဉ်ယွင်ရှင်းက သူ့ကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် နှင်းမှုန်များ ထွက်နေသောမျက်နှာထက်တွင်  အေးစက်မှုများဖြင့် ပြည့်လာသည်။


" ဝင်မပါနဲ့... ကျွန်တော် ဒီတစ်ခါ ဘာအမှားမှ မလုပ်ဘူး..."


လန်ရှောင်ရှန့်က ပြန်တုံ့ပြန်လိုက်သည်။

" နှစ်ပေါင်းများစွာတောင်ကြာပြီလေ သူကဘာလို့ အဲ့တုန်းကနဲ့ တစ်ပုံစံတည်း ဖြစ်နေဦးမှာ‌လဲ..."


နျဉ်ယွင်ရှင်း မျက်မှောင်ကြုတ်လိုက်သည်။

" သူ ရုပ်ဖျက်ထားဝာာ ဖြစ်ရင်ဖြစ်မှာပေါ့..."


ပြောပြီးသည်နှင့် ရှန်းလျိုရှန့်အနားထပ်ကပ်ရန် ကြိုးစားလိုက်သည်။


ရှန်းလျိုရှန့်က အမြန်နောက်ဆုတ်လိုက်သည်။


၎င်းကိုမြင်သည့်အခါ နျဉ်ယွင်ရှင်း အနည်းငယ်အံ့ဩသွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်ကာ သူ့မျက်နှာထက်တွင်လည်း နာကျင်သွားသည့် အမူအရာမျိုး ပေါ်လာသည်။


သူ ရှန်းလျိုရှန့်၏လက်ကိုလွှတ်ပေးလိုက်ပြီး ထိုနေရာတွင် ခဏရပ်နေပြီးမှ ခြောက်ကပ်စွာဖြင့် ရယ်ပြလိုက်သည်။


" ငါ့ကျင့်ကြံဆင့်က အရမ်းနိမ့်နေလို့ မင်းငါ့ကိုရှောင်နေတာဖြစ်မယ်... ရပါတယ် ကျင့်ကြံဆင့်မြင့်သွားတဲ့အချိန်မှ ငါပြန်လာမယ်... မင်း နှုတ်ဆက်စကားပြောပြီး ထပ်မထွက်သွားရင် ပြီးတာပဲ..."


‌စကားဆုံးသည်နှင့် နျဉ်ယွင်ရှင်းက ရှန်းလျိုရှန့်၏မြင်ကွင်းထဲမှ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။


ဓားဂိုဏ်းမှ အကြီးအကဲများကလည်း သူ့နောက်မှ အမြန်လိုက်သွားကြသည်။

" နျဉ်ရှစ်ရှု့ ဘယ်ကိုသွားမလို့လဲ... လျှောက်မသွားပါနဲ့ အကြီးအကဲမြင်ရင် ကျွန်တော်တို့ကို အပြစ်တင်လိမ့်မယ်..."


ပြဿနာရှာသူ ထွက်သွားသည့်အခါ ကျန်ခဲ့သည့်လူအပေါ်သာ အကြည့်များ စုပြုံလာသည်။


ရှန်းလျိုရှန့်မှာ ဓားဂိုဏ်းမှတပည့်များ၏ ဝေဖန်ချက်များကို သည်းခံနေရသည်။ 


" ချီးပဲ ငါတို့ရှစ်ရှု့ရှာနေတဲ့လူက သူဖြစ်နေတာလား... သူ့ပုံစံက သာမန်ဖြစ်နေတာကို ငါတို့ ရှစ်ရှု့ကိုပါ ငြင်းလိုက်သေးတယ်ပေါ့... ဒီလောက် မျက်နှာသာပေးထားတာကို..."


တစ်ဖက်မှ ချင်းလင်ဂိုဏ်းတပည့်များကလည်း ပြောနေကြသည်။

" ဂိုဏ်းအပြင်ပိုင်းကလူလည်း အရည်အချင်းရှိတာပဲ... ကြည့်ရတာ သူက ဓားဂိုဏ်းရဲ့ အကြီးပိုင်းတွေထဲကတစ်ယောက်နဲ့ ရင်းနှီးရုံတင်မကဘူး သူ့ကိုငြင်းပြီး အချစ်သစ်ပါ ရှာနေတဲ့ပုံပဲ..."


ဂို‌ဏ်းပေါင်းစုံမှ တပည့်များက အလွန်အမင်းသိချင်နေကြ၍ အတင်းအဖျင်းမီးတောက်က ပြင်းထန်စွာလောင်ကျွမ်းနေသည်။


ထိုညတွင် ရှန်းလျိုရှန့်အကြောင်း ကောလဟာလက ‌ဓားဂိုဏ်း၏ နေရာတစ်ခုမကျန် ပျံ့နှံ့သွားသည်။ 


" ငါတို့ရှစ်ရှု့ အကြာကြီး စောင့်နေခဲ့ရတဲ့သူကို ရှာတွေ့ပြီ... ငါကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့ခဲ့တာ..."


" သူက ဘာတွေများထူးခြားနေလို့ ကြီးကျယ်နေရတာလဲ... ငါတို့ရှစ်ရှု့က မျက်နှာသာပေးနေတာကို ငြင်းပစ်တယ်... သူ့ကိုကြည့်ရတာ အချစ်သစ်ရှာတွေ့သွားပြီထင်တယ်..."


" သူက ဘာကောင်မို့ ငါတို့ရှစ်ရှု့ကို အထင်သေးနေရတာလဲ... ငါတို့ရှစ်ရှု့က ရွှေအမြုတေအဆင့်ကနေ မတက်လာဘူးဆိုရင်တောင် သူ့ရုပ်ရည်၊ သူ့နောက်ခံအင်အားနဲ့ ကျင့်ကြံရေးနည်းက ရှန်းလျိုလျိုဆိုတဲ့ကောင်ထက် အဆပေါင်းတစ်သောင်းလောက် ပိုသာတယ်... သူလိုဟာမျိုးက ငါတို့ရှစ်ရှု့ကို ငြင်းတယ်ဆိုတော့ ကျေးဇူးတင်ရကောင်းမှန်း မသိတာပဲ... 


" သူတစ်ယောက်တည်းကြောင့် ချင်းလင်ဂိုဏ်းတော့ နာမည်ပျက်ပါပြီ... ဒါပေမဲ့ သူက အပြင်ပိုင်းတပည့်လို့တော့ ငါကြားထားတယ်..."


" သနားစရာကောင်းလိုက်တဲ့ရှစ်ရှု့... သူက မကောင်းတဲ့လူကိုမှ ချစ်မိသွားတာပဲ ဘာလို့ အဲ့လောက်တောင် အချစ်မျက်ကန်းဖြစ်နေရတာလဲ... လမ်းဘေးမှာတွေ့တဲ့ လူတစ်ယောက်ယောက်ကို ဆွဲခေါ်လာရင်တောင် သူ့ထက်ပိုကောင်းဦးမယ်..."


တစ်ညတည်းဖြင့် "ရှန်းလျိုလျို" ဟူသောအမည်မှာ အကျင့်မကောင်းမှုအပေါင်း၏ သင်္ကေတဖြစ်သွားတော့သည်။


ရှန်းလျိုရှန့် အိပ်ရာပေါ်လှဲနေစဉ် သူ့ကိုလက်ဖက်ရည်ယူလာပေးသော ဓားဂိုဏ်းမှတပည့်က အဆိပ်ခတ်သတ်တော့မည့်ပုံစံဖြင့် ကြည့်နေသည်။ သူ စောင်ကို ပိုမိုတင်းကြပ်စွာ ခြုံထားလိုက်သည်။


ခြောက်လပိုင်းသာ ရှိသေးသော်‌လည်း ပတ်ဝန်းကျင်အခြေအနေက အေးစိမ့်စိမ့်နိုင်လွန်းလှသည်။


အရင်တုန်းက ဓားဂိုဏ်းနဲ့ ပဋိပက္ခဖြစ်ခဲ့တာတွေကြောင့်များလား... မူလကိုယ်က ယဲ့ပင်းရန်ကို လိုက်နေတုန်းကလည်း ဓားဂိုဏ်းက တပည့်တွေက သူ့ကိုအရှက်မဲ့တယ်ဆိုပြီး ရွံကြတယ်... အခု ယဲ့ပင်းရန်ကို မလိုက်တော့လည်း အားလုံးက သူ့ကို သောက်ကျင့်မကောင်းတဲ့ကောင်လို့ ထင်နေပြန်ပြီ...


ရှန်းလျိုရှန့် ဝမ်းနည်းပက်လက်ဖြင့် သက်ပြင်းချလိုက်ပြီး သူဝယ်လာသည့် ဝတ္ထုစာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် လှန်လှောဖတ်နေကာ အိပ်ရန်ပြင်ဆင်လိုက်သည်။


ထိုအချိန်တွင် အပြင်ဘက်၌ နေ့အချိန်ကဲ့သို့ လင်းထိန်သွားပြီးနောက် တစ်စုံတစ်ယောက်က အသံကျယ်ကြီးဖြင့် စိတ်လှုပ်ရှားစွာ အော်လိုက်သည်။


" နျဉ်ရှစ်ရှု့ အဆင့်တက်နိုင်သွားပြီကွ..."


တစ်ခဏတွင်းချင်း ဓားဂိုဏ်းတစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ လေထဲတွင် ဗုံသံမောင်းသံများဖြင့် ပြည့်သွားသည်မှာ သူတို့ဂိုဏ်း၏အကြီးအကဲက ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်သွားစဉ်ကနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။


" ဝူး ဝူး ဝူး... ဆယ်နှစ်ကြာပြီး နောက်ဆုံးတော့ ရှစ်ရှု့က ရွှေအမြုတေအဆင့်ကနေ ဝိညာဉ်အခြေတည်အဆင့်ဝောာင် ရောက်သွားခဲ့ပြီ..."


" အဲဒါ နေ့ခင်းတုန်းက ရှန်းလျိုလျိုကြောင့်ထင်တယ်... ငါတို့ရှစ်ရှု့က အသည်းကွဲပြီး နောက်ဆုံးတော့ ခံစားချက်တွေကို လက်လွှတ်နိုင်ခဲ့ပြီ..."


" ငါ ဘာမှ ထပ်မပြောတော့ဘူး အခုပဲ ရှန်းလျိုလျိုကို အမွှေးတိုင်သွားထွန်းပေးမယ်..."


ရှန်းလျိုရှန့် အပြင်ထွက်လာချိန်၌ ခြံဝင်းထဲတွင် ချင်းလင်ဂိုဏ်းသားများဖြင့် ပြည့်နေသည်။ သူတို့အားလုံး ခြံဝင်းထဲတွင်ရပ်ပြီး ကောင်းကင်ပေါ်မှ ပုံမှန်မဟုတ်သည့် ဖြစ်ရပ်ကိုကြည့်ကာ ဆွေးနွေးနေကြသည်။


သူ့ကိုမြင်သည့်အခါ လင်ကျင်းယဲ့က လက်ပြပြီး လှမ်းပြောလိုက်သည်။

" သူတို့အားလုံးပြောတာတော့ အဲဒါမင်းကြောင့်တဲ့..."


ရှန်းလျိုရှန့် : “…”


ကံဆိုးသည်မှာ မူလပိုင်ရှင်၏ မှတ်ဉာဏ်များက အပိုင်းအစ အနည်းငယ်သာ ကျန်ရစ်ခဲ့ပြီး မူရင်းဝတ္ထုထဲတွင်လည်း နျဉ်ယွင်ရှင်းနှင့်ပတ်သက်သည့်အကြောင်းကို များများစားစား မပါဝင်ခဲ့ပေ။ သို့ဖြစ်၍ ဤလူနှစ်ယောက်အကြားမှ ပတ်သက်မှုကို သူ အမှန်တကယ်ပင် မသိပေ။ 


ရှန်းလျိုရှန့် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကျိုးရွှမ်လန်၏ အခန်းတံခါးကို တင်းကြပ်စွာပိတ်ထားကြောင်း သတိပြုမိလိုက်သည်။


သူ အဘယ့်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေရသည်ကို သွားကြည့်ချင်စိတ်ပေါ်လာသည်။


ည ကောင်းကင်ယံက နောက်တစ်ဖန် လင်းလက်လာပြန်သည်။


ဓားဂိုဏ်း၏အထက်မှ ကောင်းကင်ဘုံကိုပင် ထိုးဖောက်သွားစေနိုင်သည့် စူးရှသောအော်သံကြီးကို ရှန်းလျိုရှန့် ကြားလိုက်ရသည်။


" အား အား အား နျဉ်ရှစ်ရှု့ ထပ်ပြီးအဆင့်တက်ပြန်ပြီ..."


ထိုစကားများနှင့်အတူ "မွေးရာပါ ပါရမီရှင်" ဟူသောစကားက အားလုံး၏ရင်ထဲ ပေါ်ထွက်လာသည်။


ဓားဂိုဏ်းမှ မြောက်များစွာသော တပည့်များက သူ့အတွက် ဆင်နွှဲပေးနေကြပြီး အော်ဟစ်အားပေးသံများက အဆုံးမရှိ ပဲ့တင်ထပ်နေသည်။ ရှန်းလျိုရှန့် ထိုနေရာတွင်ရပ်ပြီး နားရွက်ကိုပွတ်နေလိုက်သည်။


ထိုအခိုက်အတန့်တွင် ကျိုးရွှမ်လန်၏အခန်းတံခါးက ရုတ်ချည်းပွင့်လာသည်။ 


ကျိုးရွှမ်လန်၏ မျက်နှာတစ်ဝက်က အမှောင်ထဲတွင် ရှိနေသည်။ ရှန်းလျိုရှန့်ကို စူးစိုက်ကြည့်နေပြီးနောက် သူ ရှေ့တိုးလာသည်။


ကျိုးရွှမ်လန်၏ ဘေးပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များက ကွဲပြားနေသည်ကို ရှန်းလျိုရှန့် သတိပြုမိသည်။ ဝိညာဉ်စွမ်းအင် လှည့်ပတ်နေသည့်အရှိန်နှင့် သိပ်သည်းမှုတို့ကလည်း အဆင့်အသစ်တစ်ခုကို ရောက်နေသည်။


" မင်း အဆင့်တက်နိုင်သွားတာလား..."

ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားသည်။


သူတို့ဘေးပတ်ပတ်လည်မှ ဆူညံသံများက ကျယ်လောင်လွန်းလှ၍ ကျိုးရွှမ်လန် ရှင်းလင်းစွာ မကြားရပေ။ သူ့ ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွတ်ပြီး မေးလိုက်သည်။

" ရှစ်စွမ်း ဘာပြောလိုက်တာလဲ..."


ရှန်းလျိုရှန့်က ထိုမေးခွန်းကိုသာ ထပ်မေးသည်။


ကျိုးရွှမ်လန်၏ အနက်ရောင်မျက်ဆံများထဲတွင် ပြုံးရိပ်သန်းလာပြီး သူ့နှဖူးကို လက်ညှိုးထိုးပြလိုက်သည်။

" ကျွန်တော့်ကိုနမ်းရင် ပြောပြမယ်လေ..."


ရှန်းလျိုရှန့် တစ်ဖက်သို့လှည့်ပြီး ထွက်သွားသည်။

ဒီအခြေအနေတိုင်းဆို သူ့ကို ဆယ်ခါလောက် နမ်းခိုင်းတော့မှာ နှုတ်ခမ်းတွေ ပြတ်ထွက်ကုန်လိမ့်မယ်...


ကျိုးရွှမ်လန်က သူ့ကို အမြတ်လှမ်းဆွဲထားလိုက်သည်။

" ရှစ်စွမ်း စိတ်မဆိုးပါနဲ့... ရှစ်စွမ်းရဲ့တပည့်က ရွှေအမြုတေအဆင့်ကို တက်သွားပြီ..."


ရွှေအမြုတေအဆင့်...


ရှန်းလျိုရှန့် ထိုစကားလုံးများကို ရေရွတ်နေလိုက်ပြီးနောက် သူ့အမူအရာက အနည်းငယ်တောင့်တင်းသွားသည်။


မူရင်းဝတ္ထုတွင် ကျိုးရွှမ်လန် ဤအဆင့်သို့ရောက်သွားသည့်အချိန်ကို သူ မှတ်‌မိနေသည်။ သူ့ကျင့်ကြံဆင့်များ ပျောက်ဆုံး၍ မရေမတွက်နိုင်သော အတိဒုက္ခများစွာကို ကြုံတွေ့ရကာ သူ့ယုံကြည်မှုများကို အဆက်မပြတ် ဖျက်ဆီးခံနေရသည်။ နောက်ဆုံးတွင် အဆုံးမဲ့အမှောင်ထုထဲသို့ ကျရောက်သွားပေသည်။


ထိုအချိန်တွင် စုပိုင်ချယ့်က သူ့နှလုံးသားထဲ၌ အစားထိုးမရသောနေရာတစ်ခုကို ရယူထားနိုင်ခဲ့ပြီးဖြစ်ကာ မည်သူမှ မထိနိုင်သော နေရာတွင်လည်း ရှိနေခဲ့သည်။ 


ကျိုးရွှမ်လန် တွန့်ဆုတ်နေသည်။

" ရှစ်စွမ်း စိတ်ဆိုးသွားတာလား..."


အတွေးများကို နှောင့်ယှက်ခံလိုက်ရသောကြောင့် ရှန်းလျိုရှန့် အသိစိတ်ပြန်ကပ်လာပြီး နှုတ်ခမ်းများကွေးညွတ်ကာ တောက်ပစွာပြုံးပြလိုက်သည်။

" ငါ မင်းအတွက် ဝမ်းသာနေတာပါ..."


ဓားဂိုဏ်းတစ်ခုလုံးက နျဉ်ယွင်ရှင်း အဆင့်တက်နိုင်သွားသည်ကို ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အားပေးသံများလည်း ညံနေသည်။


ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို သူ့အခန်းထဲဆွဲခေါ်သွားပြီးနောက် ကြယ်တာရာအိတ်ကိုဖွင့်ကာ အတွင်းထဲတွင် ခဏတာ မွှေနှောက်ရှာဖွေပြီးသည့်နောက် အပြာရင့်ရောင်ဘူးတစ်ဘူးကို ထုတ်လိုက်သည်။


၎င်းက ချင်းလင်ဂိုဏ်းတပည့်များ၏ မဟာပြိုင်ပွဲတွင် အနိုင်ရသူများကို လင်ရှောင်းခန်းမဆောင်၌ ဆုပေးစဉ် ရှန်းလျိုရှန့် သူ့ထံမှ လုယူသွားခဲ့သည့်အရာဖြစ်ကြောင်း ကျိုးရွှမ်လန် မှတ်မိသည်။


ရှန်းလျိုရှန့်က သူ့ကို ထိုဘူးလေး ပေးလိုက်သည်။

" ဒါ မင်းအတွက် ဂုဏ်ပြုလက်ဆောင်..."


ကျိုးရွှမ်လန်က မယူပေ။

" ကျွန်တော့်အတွက်ဆိုတော့ ရှစ်စွမ်းပဲ သိမ်းထားလိုက်ပါ..."


" ‌စိတ်ချလက်ချယူပါ၊ အထဲက ဝိညာဉ်ဆေးလုံးတွေကို ငါထုတ်ပြီး ရောင်းစားလိုက်ပြီ..." (🤣)

ရှန်းလျိုရှန့်က မျက်စပစ်ပြလိုက်သည်။


အခန်းထဲတွင် အလင်းရောင်မှိန်ပျပျသာရှိသောကြောင့် သူ့မျက်ဝန်းများက ပိုမိုတောက်ပနေသယောင်ထင်ရပြီး ကြည့်ကောင်းလွန်းသောကြောင့် ကျိုးရွှမ်လန် အကြည့်မလွှဲနိုင်အောင် ဖြစ်နေသည်။


ရှန်းလျိုရှန့်၏ မျက်တောင်များ တုန်ယင်သွားပြီးနောက် အမြန်တိုက်တွန်းလိုက်သည်။

" အမြန်ဖွင့်ကြည့်..."


ကျိုးရွှမ်လန်က သူပြောသည့်အတိုင်း လုပ်လိုက်သည်။


သူ့လက်ချောင်းသွယ်သွယ်များဖြင့် ချည်ထားသောကြိုးကို ဖြည်လိုက်သည်။


အပြာရင့်ရောင်ဘူးက တဖြည်းဖြည်းပွင့်သွားစဉ်တွင် အရောင်ဖျော့ဖျော့တောက်ပနေကာ အနီရောင်ချည်မျှင်များဖြင့် ယှက်နွယ်နေသည့် ဝိညာဉ်သစ်သီးတစ်လုံးကို ကျိုးရွှမ်လန် မြင်လိုက်ရသည်။


" ရှန့်မင်သစ်သီးပါလား..."


ကျိုးရွှမ်လန်၏လည်ချောင်းက ချောက်ကပ်သွားသည်။

" ကျွန်တော်ကအခုမှ ရွှေအမြုတေအဆင့်ကို ရောက်တာဆိုတော့ ရှန်မင်းသစ်သီးကို မလိုပါဘူး... ရှစ်စွမ်းပဲ သိမ်းထားလိုက်ပါ..."


ရှန့်မင်သစ်သီးက ဝိညာဉ်အခြေတည်အဆင့်အောက်မှလူများအားလုံး တပ်မက်ကြသည့် ဝိညာဉ်သစ်သီးတစ်မျိုးဖြစ်သည်။ အခြေခံအုတ်မြစ်တည်အဆင့်မှ ရွှေအမြုတေအဆင့်သို့ လောလောလတ်လတ်ရောက်ထားသည့် လူတစ်ယောက်အတွက်မူ ၎င်းက တန်ဖိုးမဖြတ်နိုင်သည့် ရတနာတစ်မျိုးဖြစ်သည်။


ရှန့်မင်သစ်သီးက ရှန်းလျိုရှန့်၏လက်ထဲတွင်ရှိနေကြောင်း ကျိုးရွှမ်လန် သိသော်လည်း သူ့ကိုပေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ 


" မင်း အသုံးမဝင်ရင်လည်း အဆာပြေမုန့်လိုပဲ သဘောထားလိုက်လေ

ရှန်းလျိုရှန့်က ခဏရပ်တန့်ပြီး မပြတ်မသားဖြင့် ပြောလိုက်သည်။ 

" အခုလောလောဆယ်တော့ သိမ်းထားတာ ပိုကောင်းတယ်... တကယ်လို့ အနာဂတ်မှာ ဝိညာဉ်စွမ်းအင်နဲ့ပတ်သက်တဲ့ ပြဿနာတစ်ခုခုဖြစ်ရင် အဲ့အသီးကိုသုံးပြီး အကျိုးရှိလား စမ်းကြည့်ပေါ့၊ အသုံးမဝင်ရင်တောင်မှ မင်းကို ဒုက္ခမပေးနိုင်လောက်ပါဘူး..."


ကျိုးရွှမ်လန်က ဘူးကိုတင်းကြပ်စွာကိုင်ထားပြီး အသံတိုးတိုးဖြင့်ပြောလိုက်သည်။

" တပည့် သဘောပေါက်ပါပြီ ကျေးဇူးတင်ပါတယ်..."


ရှန်းလျိုရှန့် သမ်းဝေလိုက်သည်။

" ကောင်းပြီ အဲဒါဆို ငါအိပ်တော့မယ် မင်းလည်းသွားတော့လေ..."


ကျိုးရွှမ်လန် မေးလာသည်။

" ကျွန်တော် ရှစ်စွမ်းနဲ့တူတူ အိပ်လို့ရလား..."


ရှန်းလျိုရှန့် သူ့ကိုအခန်းထဲမှ အမြန်ကန်ထုတ်လိုက်ပြီး တံခါးကိုဒုန်းခနဲပိတ်ကာ လက်ဖက်ရည်သောက်ရန် ပြင်လိုက်သည်။ သို့ရာတွင် ကျိုးရွှမ်လန်က အခန်းတံခါးဝတွင် ရပ်နေဆဲဖြစ်သည်။


" ရှစ်စွမ်း..."


" မရဘူး..."

ရှန်းလျိုရှန့်က ပြတ်သားလွန်းသည်။


ကျိုးရွှမ်လန် သူ့လက်တစ်ဖက်ကိုမြှောက်ပြီး နှဖူးကို လက်ညှိုးထိုးပြလိုက်သည်။

" ရှစ်စွမ်း မအိပ်ခင် ဒါကိုမေ့သွားပြီ..."


ရှန်းလျိုရှန့် ခဏတာ ဆွံ့အသွားမိသည်။

သူက တော်တော်လေး ခေါင်းမာတာပဲ...


သူ တံခါးဖွင့်လိုက်သည်။ မည်သူကမှ သတိမပြုမိသောအချိန်ဖြစ်၍ ကျိုးရွှမ်လန်၏နှဖူးကို အသာနမ်းလိုက်ပြီး သူ့ကိုအမြန်မောင်းထုတ်လိုက်သည်။



" ဟုတ်ပါပြီ အခုသွားတော့..."