အပိုင်း ၃၆
Viewers 22k

Chapter 36




ညပိုင်းတွင် ကောင်းမွန်စွာ အိပ်စက်အနားယူပြီး နောက်တစ်နေ့တွင် ‌ဓားဂိုဏ်းသို့ လူများစွာရောက်လာကြသည်။


လူအများ၏ အာရုံစိုက်စရာဖြစ်နေသည်မှာ အနီရဲရဲဝတ်ရုံများဝတ်ထားသည့် ရှီးယန်ဂိုဏ်းသားများဖြစ်သည်။ သူတို့၏ တပည့်များက နေမင်းသဖွယ် အရောင်တောက်ပနေပြီး မာန်မာန်ကြီးသည့်အော်ရာမျိုး ထုတ်လွှတ်နေသည်။ 


ရှေ့မှ ဦးဆောင်လာသည့်ဂိုဏ်းသား၏ခါးတွင် ဓားမြှောင်၊ အရိပ်မဲ့အပ်များ၊ ရွှေပြားများနှင့် အခြား ထူးခြားဆန်းကြယ်သည့် ရှေးဟောင်းရတနာများကို ချိတ်ဆွဲထားသည်။ အခြားတပည့်များက သူ့နီးပါး ထင်သာမြင်သာမရှိကြသော်လည်း တစ်ယောက်ချင်းစီထံတွင် ပစ္စည်းကိရိယာတစ်မျိုးစီ ချိတ်ဆွဲထားကြသည်။ 


သူတို့ဖြတ်သွားသည်နှင့် အနားမှလူများထံမှ အံ့ဩတကြီးပြောဆိုနေသံများ ထွက်ပေါ်လာသည်။


" အဲဒီလူက ရှီးယန်ဂိုဏ်းက သခင်လေး ကျင်းတျယ်ရှန့်လေ... သူက ဒီလောက်ငယ်ငယ်လေးပဲ ရှိသေးတာကို ရွှေအမြုတေအဆင့်အထိ ရောက်နေပြီ သူ့အနာဂတ်ကတော့ အဆုံးမရှိတော့ဘူး..."


" တကယ်ကို ရှီးယန်ဂိုဏ်းကတပည့်တွေ ပီသပါပေတယ်... ငါကြားတာတော့ သူတို့သယ်လာတဲ့ လက်နက်ပုန်းတွေက အပေါ်ယံသာသာပဲတဲ့ အဲ့ထပ်ပိုစွမ်းအားကြီးတာတွေကို ဖုံးကွယ်ထားတယ်ဆိုပဲ..."


" လက်နက်ပုန်းတွေဆိုမှ ပြောကြတာတော့ ကျင်းတျယ်ရှန့်ရဲ့ အရည်အချင်းက လက်နက်ပုန်းမဟုတ်ဘဲ မြှားပစ်အတတ်လို့ ပြောကြတယ်... သူ အခြေခံအုတ်မြစ်တည်အဆင့်မှာတုန်းကဆိုရင် မိုင်တစ်ထောင်အကွာအဝေးလောက်က ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ခေါင်းဖြတ်ပစ်ခဲ့တယ်လို့ ကောလဟာလတွေတောင်ရှိတယ်..."


" အဲဒါအမှန်ပဲ အဲ့ကောင်လေးရဲ့ မြှားအတတ်က တော်တော်လေး ဆန်းကြယ်တယ်... ရှီးယန်ဂိုဏ်းချုပ်က သူ့အတွက် လောကကြီးထဲမှာအကောင်းဆုံးသတ္တုတွေနဲ့ လေးနဲ့မြှားကို လုပ်ပေးထားပြီး လက်မှုပညာရှင်တစ်‌ယောက်ကလည်း သူ့အတွက် " ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှား နဲ့ မိုင်တစ်သောင်း နဂါးဟိန်းသံလေးကို သီးသန့်လုပ်ပေးထားတယ်ပြောတယ်..."


" ငါကြားတာတော့ အဲဒီလေးနဲ့မြှားက အရည်အသွေးမြင့်ကြတယ်တဲ့... ငါတို့ဒီနေ့ အဲ့ပစ္စည်းတွေကို ‌မြင်ရရင်တော့ ကံကောင်းတာပဲ..."


ရှန်းလျိုရှန့်က သူ့အခန်းထဲတွင် အချိန်အတန်ကြာသည်အထိ နေနေပြီး ဝိညာဉ်ချည်နှောင်အစီအရင်စာလုံးများကို လေ့လာနေခဲ့သည်။ နေ့လယ်စာစားပြီးသည့်နောက်တွင် နွေးထွေးသောနေရောင်ခြည်အောက်၌ သူ လမ်းလျှောက်ထွက်လာသည်။


ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းဘက်မှ ဆူဆူညံညံအသံများထွက်လာသောကြောင့် သူ ထိုနေရာကို ထွက်လာလိုက်သည်။


ကျယ်ပြန့်လှသောရင်ပြင်တွင် ရှီးယန်ဂိုဏ်းမှ တပည့်များက ထောင့်‌တစ်နေရာ၌ စုဝေးနေကြသော်လည်း မရေမတွက်နိုင်သော ကြည့်ရှု့သူများ၏ အာရုံစိုက်မှုကို ရရှိထားသည်။


သူတိူ့က အသက်ငါးနှစ် ခြောက်နှစ်အရွယ်ခန့်ရှိသော ကလေးမလေး‌တစ်ယောက်ပါဝင်သည့် လှောင်အိမ်ကို ယူလာကြသည်။ သူမပုံစံက နူးညံ့ပြီး ချစ်ခင်စဖွယ်ဖြစ်သော်လည်း လှောင်အိမ်ထောင့်တွင် ‌ခန္ဓာကိုယ်ကို ကွေးထားသည်။ သူမမျက်နှာထက်တွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နေကာ မျက်ဝန်းထဲတွင်လည်း စိတ်ရှုပ်ထွေးမှုနှင့် ခြောက်ခြားမှုတို့ဖြင့် ပြည့်နေသည်။


လူအချို့က ချက်ချင်းဒေါသထွက်လာပြီး ရှေ့ထွက်ရပ်ကာ အခြေအနေကို ပြစ်တင်ရှုတ်ချချင်လာကြသည်။


" အထင်မလွဲကြပါနဲ့ ကျင့်ကြံသူတို့..."


ရှီးယန်ဂိုဏ်းမှ တပည့်တစ်ယောက်က လှောင်အိမ်ထဲမှ ကလေးမလေးကို လက်ညှိုးထိုးပြလိုက်သည်။


" သူက မသေမျိုးဇာမဏီရဲ့မျိုးဆက် နတ်ဆိုးတစ်ကောင်ပါ... "


ကြည့်ရှု့နေသူများ အုတ်အော်သောင်းနင်းဖြစ်ကုန်သည်။ 

မသေမျိုးဇာမဏီက ရှေးဟောင်းနတ်ဘုရားသားရဲလေ... ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီးပေါ်လာပြီး ရှီးယန်ဂိုဏ်းရဲ့လက်ထဲ ကျသွားတာလဲ..."


တပည့်တစ်ယောက်က ရှင်းပြလိုက်သည်။

" သူ့ရဲ့သွေးက မသန့်စင်ဘူးလေ သူကဒီတိုင်းမျိုးစပ်တစ်ကောင်ပဲ..."


တစ်စုံတစ်ယောက်က သူ‌ပြောသည်ကို တုံ့ပြန်လိုက်သည်။


" အဲ့လိုဆိုရင်တောင် သူက တော်တော်ရှားပါးတာလေ... ရှီးယန်ဂိုဏ်းက ဒီလိုသတ္တဝါမျိုးကို ဖမ်းနိုင်တယ်ဆိုတော့ တော်တော်စွမ်းအားကြီးတာပဲ..."


" အဲ့လောက်လည်းမဟုတ်ပါဘူး... ဂိုဏ်းချုပ်က သူ့ကိုဖမ်းဖို့ တော်တော်အားစိုက်ထုတ်ခဲ့ရတာ..."


ထိုတပည့်က ဟန်ဆောင်ပန်ဆောင်ဖြင့် နှိမ့်ချလိုက်သော်လည်း သူ့မျက်နှာထက်မှ ဝင့်ကြွားနေမှုကို မဖုံးကွယ်နိုင်ပေ။ 


" ဂိုဏ်းချုပ်က သခင်လေး မြှားပစ်လေ့ကျင့်ဖို့အတွက် သူ့ကို အထူးတလည်ဖမ်းပေးထားတာ... ဒီငှက်က ဘယ်လောက် ဒဏ်ရာရရ သွေးမထွက်ဘူးလေ... သူ့ရဲ့ အော်သံနဲ့ ဒဏ်ရာအကျက်မြန်တဲ့အရှိန်ကိုကြည့်ပြီး တိုက်ခိုက်မှုရဲ့စွမ်းအားကို အကဲဖြတ်လို့ရတယ်..."


" မြှားပစ်လေ့ကျင့်ဖို့ အသင့်တော်ဆုံးဝိညာဉ်သားရဲပဲ..."


ထိုစကားကိုကြားသည့်အခါ လူများက အနားတိုးကြည့်လာကြ၍ ထိုကလေးမလေး၏ ကိုယ်ပေါ်တွင် အမာရွတ်များဖြင့် ပြည့်နေသည်ကို သတိပြုမိသွားကြသည်။ ဒဏ်ရာအများစုက ပြန်လည်သက်သာပျောက်ကင်းသွားပြီး အမှတ်အသားအချို့သာ ကျန်ရစ်ခဲ့ပေသည်။


သူမခန္ဓာကိုယ်ကို ကွေးညွတ်ထားပြီး ခေါင်းမော့ကာ လူအုပ်ကြီးကို မျက်ရည်များပြည့်နေသည့် မျက်ဝန်းဖြင့်ကြည့်ပြီး မည်သူ့ကို အကူအညီတောင်းရမည်မသိ ဖြစ်နေသည်။ 


" သမီးက လူဆိုးမဟုတ်ပါဘူး... ကျေးဇူးပြုပြီး လွှတ်ပေးကြပါ... သမီး အိမ်ပြန်ချင်တယ်..."


နှလုံးသားနူးညံ့သောကျင့်ကြံသူအချို့က မကြည့်ရက်နိုင် ဖြစ်သွားသည်။


" သူက နတ်ဆိုးဆိုရင်တောင် အသိဉာဏ်ရှိနေတာပဲ... သူ့ကို မြှားပစ်လေ့ကျင့်ဖို့အတွက် သုံးတာကတော့ အရမ်းရက်စက်လွန်းပါတယ်..."


လူအုပ်ထဲမှ အေးစက်စက်နှာမှုတ်သံတစ်သံ ထွက်ပေါ်လာသည်။


ကျင်းတျယ်ရှန့်က ထိုစကားပြောလိုက်သူကို လက်တစ်ဖက်မြှောက်ကာ မြေပြင်တွင် ရိုက်ချလိုက်သည်။


" မင်းက မနာလိုဖြစ်နေတာပဲလို့ ငါထင်တယ်... နတ်ဆိုးတွေကို ကိုင်တွယ်တဲ့နေရာမှာ ရက်စက်တယ် မရက်စက်ဘူးဆိုတာမျိုး မရှိဘူး...မလိုအပ်တဲ့ ကရုဏာသက်မှုတွေက တိုးတက်မှုကို နှောင့်နှေးစေတယ် အဲဒါကြောင့်မို့ မင်းရဲ့အသက်အရွယ်နဲ့ ရွှေအမြုတေအဆင့်ကနေ မတက်သေးတာပဲ... ငါသာ မင်းနေရာမှာဆိုရင် ရှက်လွန်းလို့သေလောက်ပြီ..."


စကားဆုံးသည်နှင့် သူက လက်နောက်ပစ်ပြီး သံမဏိလှောင်အိမ်ထံ လျှောက်သွားလိုက်သည်။


ထိုကလေးမလေးက သူ့ကိုမြင်သည်နှင့် စူးစူးရှရှအော်ဟစ်ပြီး ခန္ဓာကိုယ်ကို ပိုမိုကွေးညွတ်လိုက်ကာ ငှက်တစ်ကောင်၏ အော်သံမျိုး ထွက်လာသည်။


ကျင်းတျယ်ရှန့်က သူမကို ဆူပူကြိမ်းမောင်းပြီးနောက် လှောင်အိမ်တံခါးကို ဖွင့်လိုက်သည်။ 


မိန်းကလေးက လှောင်အိမ်ထဲမှ ဒယိမ်းဒယိုင်ဖြင့်ထွက်လာပြီး ချက်ချင်းပင် ငှက်တစ်ကောင်အဖြစ် အသွင်ပြောင်းသွားသည်။ သူမ၏ ခန္ဓာကိုယ်က အလင်းဖောက်နိုင်သည့်သဖွယ် ဖြစ်နေပေသည်။ နေရောင်က သူမ၏ ကြည်လင်တောက်ပနေသော အတောင်ပံများအပေါ် ထိုးဖောက်သွားချိန်တွင် တောက်ပသည့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်။


မသေမျိုးဇာမဏီ၏ လှပသောသွင်ပြင်ကြောင့် အားလုံး ရင်သပ်ရှု့မောသွားမိကြသည်။


" သူ ထွက်ပြေးပြီ..."

တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။


နောက်အခိုက်အတန့်တွင် ကျင်းတျယ်ရှန့်က လှောင်အိမ်အပြင်ဘက်တွင်ချိတ်ထားသော လေးတံရှည်ကြီးကိုယူကာ ငှက်မွေးနှင့်တူသောမြှားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လေးကြိုးကိုဆွဲပြီး မြှားပစ်လွှတ်လိုက်သည်။


ဝှစ်...



အေးစက်လှသောမြှားက လေကိုထွင်းဖောက်သွားပြီး မသေမျိုးဇာမဏီ၏ ခေါင်းကိုစိုက်သွားပြီးနောက် မြေပြင်ပေါ် ပြန်ပြုတ်ကျလာသည်။


တပည့်တစ်ယောက်က ထိုမြှားကို အမြန်ပြန်ကောက်လာပေးသည်။


မသေမျိုးဇာမဏီက လေထဲတွင် ခဏတာရပ်တန့်သွားပြီးနောက် သူ့ဦးခေါင်းပေါ်တွင် အက်ရာတစ်ခု ထင်ကျန်လာကာ ခဏတာခန့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။


ရှီးယန်ဂိုဏ်းမှတပည့်များက ချီးကျူးလိုက်ကြသည်။ 


" သခင်လေးရဲ့ မြှားပစ်စွမ်းရည်ကတော့ တကယ့်ကို ပြောင်မြောက်လွန်းပါတယ်... အဆင့်နိမ့်တဲ့ လေးနဲ့မြှားကို ကိုင်ထားတာတောင်မှ ဒီလိုအားမျိုးနဲ့ ပစ်နိုင်တယ်... တကယ်လို့သာ ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှား နဲ့ မိုင်တစ်သောင်း နဂါးဟိန်းသံလေးကိုသုံးလိုက်မယ်ဆိုရင် ဒီငှက်က အင်မော်တယ်ဖြစ်နေတာတောင်မှ သေမှာပဲ..."


သူ့ဘေးနားမှတစ်ယောက်ကလည်း သံယောင်လိုက်ပြီးပြောသည်။

" သေချာပေါက် ဟုတ်တာပေါ့... ဒီလောက်လူတွေအများကြီး ရှိနေတဲ့အချိန်မှာ ငါတို့တွေ သခင်လေးမြှားပစ်တာကို မျက်မြင်တွေ့လိုက်ရတာ တော်တော်ကံကောင်းတာပဲ..."


ကျင်းတျယ်ရှန့်က စိတ်မရှည်တော့ပေ။

" အမြဲတမ်း ငါတစ်ယောက်တည်း လေ့ကျင့်နေရတာလေ... မင်းတို့တွေရော ဘာလို့ မလေ့ကျင့်ကြတာလဲ... မင်းတို့ခါးမှာချိတ်ထားတဲ့မြှားတွေက အလှသက်သက်ပဲလား..."


တစ်စုံတစ်ယောက်က သူ့ကို ကပ်ဖားလျက်ဖား ပြောလိုက်သည်။

" သခင်လေး မြှားပစ်တာကို မြင်လိုက်ပြီးမှတော့ ဘယ်သူက မြှားပစ်ရဲဦးမှာလဲ..."


ကျင်းတျယ်ရှန့်က ဘဝင်မြင့်သွားဟန်ဖြင့် မျက်ခုံးပင့်လိုက်ပြီး နှာမှုတ်လိုက်သည်။


" မင်းက စကားပြောတော့ကောင်းသားပဲ ဒါပေမဲ့ မင်းပြောတာမှန်တယ်..."


ကောင်းကင်ထက်မှ မသေမျိုးဇာမဏီက ဒဏ်ရာပြန်လည်ပျောက်ကင်းလုနီးဖြစ်သွားပြီး အတောင်ပံတဖျတ်ဖျတ်ခတ်ကာ ထွက်ပြေးရန် ကြိုးပမ်းနေသည်။ 


၎င်းကိုမြင်သည့်အခါ ကျင်းတျယ်ရှန့်က သက်ပြင်းချလိုက်ပြီး ကူကယ်ရာမဲ့သွားသည့် အမူအရာမျိုး ပြသလိုက်သည်။ 


" သက်ရှိတွေအားလုံးမှာက အသက်ဝိညာဉ်ရှိကြလို့ ငါသူ့ကို ဒဏ်ရာအများကြီးရအောင် မလုပ်ချင်ပါဘူး... ဒါပေမဲ့ သူ လိမ်လိမ်မာမာနေတတ်ဖို့ လိုသေးတယ်..."


သူစကားပြောနေစဉ် လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ အနီရောင်လေးတံရှည်တစ်ချောင်းနှင့်အတူ ငွေရောင်မြှားသုံးစင်း ပေါ်ထွက်လာသည်။


" ငါ ဝိညာဉ်အခြေတည်အဆင့်မှာတုန်းက ဒီရတနာတစ်စုံကိုသုံးပြီးတော့ မိုင်ထောင်ပေါင်းများစွာက ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့လည်ပင်းကို ချိတ်ပိတ်ခဲ့တာ... အခု ငါကိုယ်တိုင်ကလည်း ရွှေအမြုတေအဆင့် ရောက်လာပြီဆိုတော့ ဒီမြှားကိုပစ်လိုက်ရင် ငယ်ငယ်လေးပဲရှိသေးတဲ့ မသေမျိုးဇာမဏီက ဒဏ်ရာရတာထက်တော့ ပိုပြီးထိခိုက်သွားမယ်ထင်တယ်..."


" ကောင်းလိုက်တာ ကျွန်တော်တို့တွေ မသေမျိုးဇာမဏီတစ်ကောင်အသတ်ခံရမယ့် မြင်ကွင်းကို တစ်ခါမှ မြင်ဖူးတာ မဟုတ်ဘူး..."


ချွန်ထက်သော ငွေရောင်မြှားတစ်စင်းကို အပေါ်တည့်တည့်သို့ ချိန်ရွယ်ထားပေသည်။


မသေမျိုးဇာမဏီက အန္တရာယ်ကို အာရုံခံမိ၍ စိတ်ပျက်ဝမ်းနည်းစွာဖြင့် ရုန်းကန်နေသည်။ သို့ရာတွင် သူမဒဏ်ရာများက အပြည့်အဝ မပျောက်ကင်းသေးသဖြင့် လှုပ်ရှားနိုင်ရန် ခွန်အားမရှိသောကြောင့် လွယ်ကူသည့်ပစ်မှတ်ဖြစ်နေသည်။


သူမမျက်နှာထက်တွင် မျက်ရည်များစီးကျလာပြီး အထစ်ထစ်အငေ့ါငေါ့နှင့် တောင်းပန်တော့သည်။


" သမီးက လူဆိုးမဟုတ်ပါဘူး... တကယ် လူဆိုးမဟုတ်ပါဘူး... ကျေးဇူးပြုပြီး မသတ်ကြပါနဲ့... တောင်းပန်ပါတယ် ... သမီးက အိမ်ပြန်ချင်ရုံလေးပါ ဘယ်သူ့ကိုမှလည်း ရန်မရှာပါဘူး..."


အချို့လူများက မကြည့်ရက်တော့၍ ရှေ့တိုးလာပြီး တားမြစ်ရန် ကြိုးပမ်းတော့သည်။ သို့သော် သူတို့အဖော်များက သူတို့ကို အမြန်ပြန်ဆွဲထားသည်။


" မလုပ်နဲ့... ကျင်းတျယ်ရှန့်က သူတို့ဂိုဏ်းချုပ်ကိုယ်တိုင် ပစားပေးထားတဲ့သူ... မင်း သူ့ကိုသွားတားမိရင် သူတစ်ယောက်တည်းတင်မဟုတ်ဘူး ရှီးယန်အင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ရန်စမိသလို ဖြစ်သွားလိမ့်မယ်... သေချာစဉ်းစား..."


တွန့်ဆုတ်နေကြသည့် ‌ကျင့်ကြံသူများက ရှေ့ဆက်မတိုးရဲဘဲ ရပ်တန့်သွားတော့သည်။ သူတို့က ကလေးမလေးအတွက် စိတ်မကောင်းသော်လည်း နတ်ဆိုးတစ်ကောင်အတွက်နှင့် စွမ်းအားကြီးရှီးယန်ဂိုဏ်းကို မစော်ကားဝံ့ကြပေ။


ကျင်းတျယ်ရှန့်က သရော်လိုက်ပြီး လေးကြိုးကိုလွှတ်လိုက်သည်။


နဂါးဟိန်းသံကြီး ပဲ့တင်ထပ်လာသည်နှင့်အတူ ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားက ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွားပြီး အေးစိမ့်စိမ့်ဖိအားတစ်မျိုးကို သယ်ဆောင်လာကာ လေထုအလယ်တွင် မလှုပ်မယှက်ရပ်နေသည့် မသေမျိုးဇာမဏီထံသို့ ရောက်ရှိသွားသည်။


မသေမျိုးဇာမဏီက ဇကာပေါက်သဖွယ် တုန်ယင်နေပြီး မျက်လုံးအပြူးသားဖြစ်သွားကာ သူမထံ ချဉ်းကပ်လာသည့် အလင်းရောင်ကလည်း မျက်ဝန်းထဲ ရောင်ပြန်ဟပ်နေသည်။ သူမ ကြောက်လန့်တကြားဖြင့် အော်ဟစ်ငိုယိုတော့သည်။


ထိုအခိုက်အတန့်တွင် လေထုကိုထိုးဖောက်လာသည့်အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။


ဝှစ်...


ငှက်မွေးပုံသဏ္ဍာန်မြှားက လေထုအလယ်တွင် ကြော့ရှင်းစွာ ကွေးညွတ်သွားပြီးနောက် ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားဖြင့် ရုတ်ချည်းတိုက်မိသွားသည်။


သို့ရာတွင် မြှားနှစ်စင်းလုံးကို ကွဲပြားခြားနားသည့် သတ္တုများဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သို့ဖြစ်၍ ငှက်မွေးပုံသဏ္ဍာန်မြှားက ချက်ချင်းပင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော်လည်း ငွေရောင်မြှားက တစ်ခဏတာမှပင် ရပ်တန့်သွားခြင်းမရှိဘဲ မသေမျိုးဇာမဏီငှက်ထံသို့ ဆက်လက်ဦးတည်သွားသည်။


ထို့နောက် " ဝှစ် ဝှစ် " ဟူသည့် အသံနှစ်သံ ပေါ်ထွက်လာသည်။


ငှက်မွေးပုံသဏ္ဍာန်မြှားနှစ်စင်း ဆက်တိုက်ထွက်လာပြီး ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားဖြင့် တိုက်မိသွားသည်။


ထိုမျှသာမက ဆယ်စင်းထက်များသော ငှက်မွေးပုံစံမြှားများက ဆက်တိုက်ထွက်ပေါ်လာသည်ကို ကြည့်ရှု့နေသူများ မြင်လိုက်ရသည်။


" ဝှစ် ဝှစ် ဝှစ် " ဟူသောအသံများက အဆုံးမရှိတော့ပေ။ 


အဆုံးတွင် ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားက များပြားလှသည့် မြှားအရေအတွက်ကို မယှဉ်နိုင်သောကြောင့် ငွေရောင်အလင်းတန်းက မြေကြီးပေါ် ပြုတ်ကျလာသည်။


ထောက်ခနဲအသံဖြင့် မာကျောလှသည့်မြေပြင်ပေါ် ကျသွားတော့သည်။


လေ့ကျင့်ရေးကွင်းတစ်ခုလုံး၏ အတွင်းအပြင်နေရာနှစ်ခုလုံး ငြိမ်ကျသွားသည်။


ကျင်းတျယ်ရှန့်၏မျက်နှာက သံမဏိသဖွယ် အေးစက်လာပြီး လေးကိုကိုင်ထားသည့်လက်များက တုန်ယင်ကာ အကြောများထောင်တက်လာသည်။ ရင်ပြင်၏ ထောင့်တစ်နေရာကို သူ မကျေမနပ်ဖြင့် ကြည့်လိုက်သည်။


အားလုံးက သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သောအခါ သစ်ပင်ကိုမှီနေသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသည်။


သူက အဝတ်အနားစများတွင် ရွှေချည်ထိုးထားသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပေသည်။ သူ့ခြေထောက်နားတွင် အစောပိုင်းက မြှားနှုတ်ပေးခဲ့သော ရှီးယန်ဂိုဏ်းသားတစ်ယောက် လဲနေသည်။


သူ့လက်ထဲတွင် တစ်ဖက်လူထံမှယူထားသော လေးနှင့်မြှားတို့ ရှိနေသည်။


အခြားလူများ၏ အကြည့်ကို အာရုံခံမိသော ရှန်းလျိုရှန့်က ငှက်မွေးပုံစံမြှားကို သူ့လက်ချောင်းသွယ်သွယ်များထဲ ဆော့ကစားနေသည်။ ပြုံးယောင်သန်းနေသည့်မျက်လုံးများဖြင့် ရှီးယန်ဂိုဏ်းသားများ ဝန်းရံနေသည့် ကျင်းတျယ်ရှန့်

ရှိရာသို့ လေးကိုလှည့်ထားလိုက်ပြီး လေးကြိုးတွင်ဆွဲထားသော မြှားကလည်း အေးစက်စက်အရောင်မျိုး ထုတ်လွှတ်နေသည်။


" ‌ဒါမှမဟုတ် ငါလည်း အပျော်သဘောနဲ့ မင်းကိုမြှားနဲ့ပစ်ကြည့်ရမလား..."