Chapter 37
သူ့ပုံစံကိုကြည့်ရတာ အင်မော်တယ်ရှန်းလိုမျိုးပဲ...
မင်ထန် သူ့ရင်ဘတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ယူလိုက်ပြီးနောက် သူ့ပါးပြင်က အနည်းငယ် ရဲတွတ်လာသည်။ ထိုစာအုပ်က သူနှင့်အတူရှိနေခဲ့သည်မှာ အလွန်ကြာပြီဖြစ်၍ စာရွက်များက ဝါကျင်နေကာ အချို့စာလုံးများက ဝါးဝာားဝာားဖြစ်နေသည်။
[ မင်ထန် ဘယ်သူလဲဆိုတာ မေ့သွားမှာစိုးလို့ ပြန်သတိပေးတာပါ - သူက ချင်းလင်ဂိုဏ်းကို တခြားဂိုဏ်းချုပ်တွေနဲ့ အတူလာလည်ဖူးတဲ့ တချမ်ဂိုဏ်းချုပ်၊ ရှန်းလျိုရှန့်ရဲ့ fanအကြီးစားပါ ]
သို့ရာတွင် သူက ထိုစာအုပ်ကို ရတနာသဖွယ် တန်ဖိုးထားပြီး လှန်လှောကြည့်လိုက်ချိန်တွင် ချင်းလင်ဂိုဏ်း၏ ၇၃ဆက်မြောက်တပည့် ရှန်းလျိုရှန့်၏အကြောင်း ရေးသားထားသည့်စာမျက်နှာသို့ တန်းရောက်သွားသည်။
မှတ်တမ်းများအရဆိုလျှင် ရှန်းလျိုရှန့်ဟူသောတပည့်ထံတွင် အံ့အားသင့်ဖွယ်ရာ အရည်အချင်းများစွာ ရှိပေသည်။ မန္တန်များကိုသင်ယူမှုစွမ်းရည်က ရွယ်တူအချင်းချင်းထက် ပိုမြင့်ရုံသာမက ဆေးဖော်စပ်ခြင်း၊ မြှားပစ်ခြင်းနှင့် ဂီတပညာရပ်တို့တွင်လည်း ရှားပါးသည့်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားပေသည်။
တစ်ညတည်းဖြင့် ထောင်ချီသော ဝိညာဉ်ဆေးဖက်ဝင်အပင်များကို မှတ်သားနိုင်ပြီး ထူးခြားဆန်းကြယ်သည့် ဆေးများကိုလည်း ဖော်စပ်နိုင်ပေသည်။ ကံဆိုးသည်မှာ သူ၏ ဆန္ဒပြင်းပြမှုက ဤနယ်ပယ်တွင် လိမ်ညာ၍ မရနိုင်ပေ။
ထောင်နှင့်ချီသောအကွာအဝေးတစ်ခုကို မြှားဖြင့်ပစ်ခတ်လိုက်၍ တာအိုပညာရှင်ဝူယွမ်၏ အစိမ်းရောင်ဆံပင်တစ်ချောင်းကိုပါ ဖြတ်နိုင်လိုက်သည်ဟူသော ကောလဟာလတစ်ခုလည်း ရှိဖူးသည်။ ထိုကိစ္စကြောင့် အပြစ်ပေးခံလိုက်ရပြီးသည့်နောက်တွင် လေးနှင့်မြှားကို နောက်တစ်ကြိမ် ထပ်မထိတော့ပေ။
မင်ထန်၏ပါးပြင်က နီရဲလာပြီး သူနှင့် ရင်းနှီးနေသောစာကြောင်းများကို အကြိမ်အနည်းငယ်ခန့် ထပ်ဖတ်လိုက်သည်။
အင်မော်တယ်ရှန်းကိုယ်တိုင် ဓားဂိုဏ်းသို့ မရောက်လာခဲ့ကြောင်း သိလိုက်ရစဉ်က သူ အချိန်အတန်ကြာသည်အထိ စိတ်ညစ်သွားခဲ့ရသည်။ ယမန်နေ့က ရှန်းလျိုလျိုကို လေ့ကျင့်ရေးကွင်း၌ တွေ့စဉ်တွင် သူ၏ ရှားပါးသော စိတ်နေစိတ်ထားမျိုးကို သတိပြုမိသွား၍ သူ့စိတ်ထဲမှ သံသယများ မြင့်တက်လာရသည်။ ယခုအခါ ဤမြင်ကွင်းကို ကိုယ်တိုင်တွေ့လိုက်ရစဉ်တွင်မူ သာမန်ဆန်လှသောလူငယ်လေးက ရှန်းလျိုရှန့်ကိုယ်တိုင်ဖြစ်သည်ဟု သူ ချက်ချင်း သေချာသွားခဲ့သည်။
အားးးးးးးးးးးး
သူ့ဆီကိုသွားပြီး နှုတ်ဆက်ချင်လိုက်တာ... ဒါပေမဲ့ အင်မော်တယ်ရှန်းက ငါ့ကို မှတ်မိပါ့မလား...
မင်ထန် စာအုပ်ကို အနီးကပ်ကြည့်လိုက်ချိန်တွင် အသက်ရှုသံများ မြန်ဆန်လာပြီး ခဏအကြာတွင် စာအုပ်ကို အတွင်းဝတ်ရုံအိတ်ထဲ အသာပြန်ထည့်ထားလိုက်သည်။ ထို့နောက် မသေမျိုးဇာမဏီကို တစ်ချက်ကြည့်လိုက်သည်။
ဒါဆိုရင်တော့ ငါ အင်မော်တယ်ရှန်းကို ကူညီပေးမှဖြစ်မယ်...
မင်ထန်၏လက်ချောင်းများ အနည်းငယ်လှုပ်ရှားသွားပြီးနောက် လေထဲတွင် အနက်ရောင်မြူခိုးများဖြင့် ပြည့်လာသည်။
" ဟိုမှာကြည့်ကြစမ်း... ဘာကြီးတွေတုန်း..."
လူတစ်ယောက်က ထိတ်လန့်တကြား ထအော်လိုက်သည်။
လေထုအလယ်တွင် မည်သည့်နေရာက ပေါ်လာသည်မသိသော မြူများက မသေမျိုးဇာမဏီကို လွှမ်းခြုံသွားပြီး ပုံစံအမျိုးမျိုးပြောင်းလဲနေသည့် အနက်ရောင်မီးခိုးထုကြီးပုံစံဖြစ်လာသည်။ နောက်ဆုံးတွင် ၎င်းက ရက်စက်၍ စက်ဆုပ်ဖွယ်ကောင်းသော ညစ်ကျယ်ကျယ်ပြုံးနေသည့် မျက်နှာကြီးတစ်ခုအသွင်ဖြစ်သွားပြီးနောက် အရပ်မျက်နှာတစ်ခုထံ ပျံသန်းပျောက်ကွယ်သွားသည်။
ရှန်းလျိုရှန့်က လေးကိုချထားလိုက်ပြီး စိတ်ရှုပ်ထွေးသွားဟန်ဖြင့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။
မင်ထန် အမြန်ပုန်းနေလိုက်ရသည်။
အင်မော်တယ်ရှန်းက ငါကူညီပေးလိုက်တယ်ဆိုတာကို သိစရာမလိုပါဘူး... သူ့ရံ ကြင်ကြင်နာနာပြုံးတတ်တဲ့ မျက်နှာလေးကို မြင်ရရုံနဲ့တင် တော်ပါပြီ...
လေ့ကျင့်ရေးကွင်းထဲမှ လူအုပ်ကြီးက အနက်ရောင်မြူခိုးများကြောင့် ပေါ်ထွက်လာသည့် ထူးဆန်းသောမျက်နှာကြီးကို ကြောက်လန့်နေကြစဉ် အေးစိမ့်စိမ့် လေပြင်းတစ်ချက် တိုက်ခတ်လာ၍ သူတို့အားလုံး ဆတ်ခနဲတုန်ယင်သွားကြသည်။
ရှန်းလျိုရှန့်က လဲကျနေသည့် ရှီးယန်ဂိုဏ်းသားထံ လေးကိုပြန်ပေးလိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
" ငါ့ရဲ့ဝိညာဉ်သားရဲကို လွှတ်ပေးလိုက်ပြီးတာတောင်မှ မင်းက ထွက်ပြေးချင်သေးတာလား..."
အနောက်ဘက်မှ နဂါးဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး အေးစက်စက်မြှားတစ်စင်းအား လေထဲပစ်လွှတ်လိုက်သည်။
ရှန်းလျိုရှန့်၏ပုံရိပ်က ထိုနေရာမှ ဖျတ်ခနဲပျောက်သွားပြီးနောက် မြှားကို ပွတ်ကာသိီကာဖြင့် ရှောင်တိမ်းလိုက်နိုင်သည်။ ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားက သစ်ပင်ကြီးတစ်ပင်ကို သွားထိသောကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် ထူထဲလှသောပင်စည်ကြီးက နှစ်ပိုင်းပြတ်ကာ မြေပြင်ပေါ်လဲကျသွားသည်။
ကျင်းတျယ်ရှန့်၏မျက်နှာထားက ပိုမိုအေးစက်သွားသည်။
" မင်း ကံကောင်းသွားတာပဲ..."
သူ ငွေရောင်မြှားကို အမြန်ကိုင်လိုက်ပြီး သူ့ကိုဒေါသထွက်အောင်လုပ်ထားသူကို မြှားဖြင့်ထပ်ပစ်ရန် ပြင်နေသည်။
ရှန်းလျိုရှန့်က တစ်ဖက်သို့လှည့်ပြီး လှောင်ပြောင်လိုက်သည်။
" အဲ့လောက်လေးနဲ့ ငါ့ကိုယှဉ်နိုင်မယ် ထင်နေတာလား... မိုင်တစ်ထောင်အဝေးက ရွှေအမြုတေအဆင့် ကျင့်ကြံသူရဲ့ခေါင်းကို မြှားနဲ့ပစ်တယ်တဲ့လား... ငါမင်းကို အကွက်လေးနည်းနည်းလောက်တော့ သင်ပေးမှထင်တ..."
ကျင်းတျယ်ရှန့်က ဒေါသကြောင့် တဆတ်ဆတ်တုန်ယင်လာပြီး လေးတံကိုကိုင်ထားသည့်လက်က တုန်လာသည်။ သူကိုယ်တိုင်ပင် သတိမထားမိဘဲ ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားကို ထပ်မံပစ်လွှတ်လိုက်ပြန်သည်။
သူထင်ထားသည့်အတိုင်းပင် ရှန်းလျိုရှန့်က လုံးဝမလှုပ်ရှားဘဲ ထိုနေရာတွင်ရပ်နေပြီး ငွေရောင်မြှားက သူနှင့် လက်မအနည်းငယ်ခန့်အကွာမှ ဝှီးခနဲ ဖြတ်သွားသည်။
အကယ်၍ ထိုမြှားက ရှန်းလျိုရှန့်ကို ခြိမ်းခြောက်နိုင်သည်ဆိုလျှင်ပင် အများဆုံး သူ့ဆံပင်က လေထဲလွင့်သွားရုံသာဖြစ်သည်။
" ဟုတ်တယ် အဲ့လိုပစ်စမ်းပါ..."
ရှန်းလျိုရှန့် လက်မထောင်ပြလိုက်ပြီးနောက် လက်ကောက်ဝတ်ကိုလှည့်ကာ လက်ဖျားကို အောက်သို့ ညွှန်ပြလိုက်သည်။
ထို့နောက်တွင်မူ အားလုံး၏ မြင်ကွင်းရှေ့မှ ပျောက်ကွယ်သွားတော့သည်။
ကျင်းတျယ်ရှန့်က အရှက်ခွဲခံရမှုကို တောင့်မခံနိုင်တော့၍ လေးကိုပစ်ချလိုက်ပြီး ပြောလိုက်သည်။
" သူ့ကိုသွားရှာကြစမ်း... ငါ သူ့လက်ကို ချိုးပစ်မယ်..."
ရှန်းလျိုရှန့်၏လက်က တစ်နေလုံးနာကျင်နေခဲ့သည်။ သူ ယခင်က လေးနှင့်မြှားကို မကိုင်ဖူးသောကြောင့် စမ်းကြည့်ခဲ့ခြင်းသာ ဖြစ်သည်။ မမျှော်လင့်ထားသည်မှာ သူ မြှားကိုကိုင်ပြီး လေးကြိုးကိုလွှတ်လိုက်သည်နှင့် နတ်ဘုရားအစွမ်းတစ်မျိုး ရရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သို့ရာတွင် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများက မသက်သာလှပေ။ သူ့လက်နှင့် လက်မောင်းများ နာကျင်ကိုက်ခဲနေသောကြောင့် သူ လုံးဝမလှုပ်ချင်တော့ပေ။
ညရောက်သည့်အခါ အိပ်ငိုက်လာသောကြောင့် ရှန်းလျိုရှန့် သမ်းဝေလိုက်ပြီးသည့်နောက်တွင် ယနေ့ည၌ သူ့တပည့်က နှဖူးကိုနမ်းခိုင်းရန် ရောက်မလာကြောင်း သတိရသွား၍ သူ့ စိတ်ထဲ မသက်မသာ ခံစားလိုက်ရဟည်။
သူ အိပ်ရာပေါ်တွင် အချိန်အတန်ကြာသည်အထိ လူးလှိမ့်နေပြီးမှ နောက်ဆုံးတွင် စောင်ကိုတင်းကြပ်စွာခြုံပြီး အိပ်မောကျသွားသည်။
…
ကျိုးရွှမ်လန် နိုးလာသည့်အခါ သူနှင့် မရင်းနှီးနေသော အခန်းတစ်ခုထဲရောက်နေ၍ ထထိုင်လိုက်ပြီးနောက် ခဏကြာသည်အထိ ကြောင်အမ်းအမ်းဖြစ်နေမိသည်။ သူ့ရှစ်စွမ်းငို ဖက်လိုက်သည့်အချိန်တွင် မှတ်ဉာဏ်များက ရပ်တန့်သွားသည်။
အဲဒါပြီးတော့ရော...
ကျိုးရွှမ်လန် နှဖူးကိုပွတ်နေပြီး ထိုနောက်ပိုင်းမှ အကြောင်းအရာတစ်ခုကိုမှ မမှတ်မိတော့ပေ။
တံခါးနားတွင်လှုပ်ရှားမှုအချို့ကို မြင်လိုက်၍ အဝတ်အစားများဝတ်ပြီး တံခါးသွားဖွင့်လိုက်သည်။
ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံက သူ့ကိုကြည့်နေ၍ ကျိုးရွှမ်လန် မျက်တောင်မခတ်စတန်း ပြန်ကြည့်နေမိသည်။ သူ ရင်ခုန်သွားပြီးနောက် နှုတ်မှအလိုလို ခေါ်လိုက်မိသည်။
" ရှစ်စွမ်း..."
တစ်ဖက်လူက ချက်ချင်းခေါင်းညိတ်ပြလိုက်ပြီး သူ့အနားချဉ်းကပ်လာသည်။
တစ်ခဏတွင်းချင်းမှာပင် နွေးထွေးမှုကို သယ်ဆောင်လာသည့် နူးညံ့လှသော နှုတ်ခမ်းတစ်စုံက သူ့နှဖူးကိုထိသွားပြီး အနမ်းတစ်ပွင့်ခြွေလိုက်သည်။
ကျိုးရွှမ်လန်၏တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားသည်။
ရှစ်စွမ်းက ဘာလုပ်လိုက်တာလဲ...
" မင်းကို နမ်းပြီးပြီဆိုတော့ ဒီည စားပွဲသောက်ပွဲကျရင် ငါ့နားကိုပဲ ကပ်မနေနဲ့တော့..."
သူ့တပည့်၏ အံ့ဩတကြီးဖြစ်နေသည့်အမူအရာကို တွေ့လိုက်သည့်အခါ ရှန်းလျိုရှန့်က ထိုသို့ပြောလိုက်သည်။ သူ ကျိုးရွှမ်လန်၏ပါးကို ဖျစ်ညှစ်လိုက်သေးသည်။
" ငါပြောတာ သဘောပေါက်လား..."
ကျိုးရွှမ်လန် စကားတစ်ခွန်းမှ မပြောနိုင်ဖြစ်နေသည်။
ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးများ တွန့်ချိုးလိုက်သည်။ သူ့တပည့်လေး၏ ချောမောသောမျက်နှာက အလွန်အမင်းနီရဲလာသည်ကို သူမြင်လိုက်ရသည်။ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် ခြောက်ကပ်စွာဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း ဒီလိုအပြုအမူမျိုးက မသင့်တော်ပါဘူး... ကိုယ့်ကိုကိုယ် ထိန်းပါဦး..."
" ဟမ်..."
ရှန်းလျိုရှန့်မှာ သူ့တပည့်သူ မြှူဆွယ်မိသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သူ မတုံ့ပြန်နိုင်မီမှာပင် ဓားဂိုဏ်းမှတပည့်များရောက်လာပြီး သူတို့ကို အရိုးသန့်စင်ရေပူစမ်းသို့လာရန် ဖိတ်ခေါ်ကြသည်။
ရေကန်က ဓားဂိုဏ်း၏အထူးသီးသန့်နေရာဖြစ်ပြီး ဝိညာဉ်စွမ်းအင် ကြွယ်ဝပေသည်။ ထိုရေထဲတွင် ကျင့်ကြံခြင်းက အပြင်ဘက်တွင် ကျင့်ကြံသည်ထက် အဆတစ်ရာပိုသာပေသည်။ ပို၍အရေးကြီးသည်မှာ အရိုးသန့်စင်ရေကန်မှ ရေက ဒဏ်ရာများကို ပျောက်ကင်းစေနိုင်သော သက်ရောက်မှု ရှိပေသည်။ ရေထဲခဏစိမ်နေရုံဖြင့် အပြင်ပိုင်းဒဏ်ရာများအားလုံး ပျောက်ကင်းသွားစေနိုင်သည်။
ချင်းလင်ဂိုဏ်းသားများက သူတို့နောက်လိုက်သွားပြီးနောက် ဝင်ပေါက်သို့ရောက်ချိတ်တွင် ဓားဂိုဏ်းမှ တပည့်များက သူတို့တစ်ယောက်ချင်းစီကို လူစာရင်းမှတ်ပြီး ကတ်ပြားများ ပေးနေသည်။
ရှန်းလျိုရှန့်၏အလှည့်ရောက်သည့်အခါ လူစာရင်းမှတ်နေသည့် တပည့်များက သူ့ကိုချက်ချင်းမှတ်မိသွားပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ခဏဆွေးနွေးပြီးသည့်နောက်တွင် သူတို့ထဲမှတစ်ယောက်က ပြောလိုက်သည်။
" အပြင်ဘက်ရေကန်က လူတွေနဲ့ပြည့်နေပြီ... တကယ်လို့ ငါတို့တွေ ရှန်းလျိုလျိုကို လွှတ်လိုက်မယ်ဆိုရင်..."
" သိပ်မသင့်တော်ဘူးထင်တယ်... ငါတို့အကြီးအကဲက သူ့ကိုလေးစားတဲ့ပုံဆိုတော့ သန့်သန့်စင်စင်ပဲထားသင့်တယ်ထင်တယ်... တကယ်လို့ သူ့အပြင်ဝတ်ရုံကိုချွတ်ပြီး ဒီတပည့်တွေနဲ့ အတူတူ စုပြီးရေချိုးရင် မသင့်တော်လောက်ဘူး..."
" ဒါဆိုရင် သူ့ကို အတွင်းပိုင်းရေကန်ကို သွားလို့ရတဲ့ကတ် ပေးလိုက်လေ..."
အခြားလူများက သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး ကတ်ကို ရှန်းလျိုရှန့်၏လက်ထဲထည့်လိုက်သည်။
" ဒါက အကြီးအကဲတွေ အင်မော်တယ်အရှင်သခင်တွေနဲ့ ဂိုဏ်းသားတွေပဲ ဝင်ခွင့်ရှိတဲ့ အတွင်းပိုင်းရေကန်ကိုသွားရမဲ့ ကတ်ပါ..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။
" ငါ ပိုပြီးလိမ်လိမ်မာမာ နေရမယ်လို့ ပြောချင်တာလား... ဘာလို့ အထူးတလည်တွေ လုပ်နေတာလဲ..."
တပည့်အားလုံးက တစ်ပြိုင်နက်ပြောကြသည်။
" အားလုံးက ငါတို့ရှစ်ရှု့အတွက်ပဲ..."
ရှန်းလျိုရှန့် : “…”
သူ ရေကန်အတွင်းပိုင်းထဲ ဝင်လာခဲ့ပြီးနောက် ကတ်ပြားမှ နံပါတ်နှင့်တူသော နေရာကို ရောက်လာခဲ့သည်။ သူ့ အပြင်ဝတ်ရုံကို ချွတ်လိုက်ပြီးသည့်နောက် ဆံပင်ကိုဖြည်ချလိုက်ကာ အဝတ်ပါးတစ်ထည်သာဝတ်ပြီး ရေကန်ထဲ ဆင်းလာခဲ့သည်။
အကယ်၍ သူ့ခန္ဓာကိုယ်က လက်ရှိအချိန်တွင် ဒဏ်ရာမရနေလျှင်ပင် ရေကန်ထဲ ဝင်ရောက်လိုက်သည်နှင့် နာကျင်မှုအချို့ကို ခံစားရနိုင်သည်ဟု သူ့ကိုကတ်ပြားပေးလိုက်သောတပည့်က သတိပေးခဲ့သည်။
အရိုးသန့်စင်ရေပူစမ်းက သူ့တစ်ဘဝတာလုံး ခံစားခဲ့ရသည့်ဒဏ်ရာများကို ပြန်လည်တူးဆွနိုင်ပေသည်။ ဒဏ်ရာများက ပြန်လည်ကောင်းမွန်ပြီးဖြစ်လျှင်ပင် တစ်ဖန်ပြန်လည်ကုသပေးမည်ဖြစ်သည်။
အရိုးသန့်စင်ရေပူစမ်းသို့ ဝင်ရောက်သွားသူတိုင်းက နာကျင်မှုကို ခံစားရသော်လည်း ရှန်းလျိုရှန့်ကမူ ရေစိမ်နေစဉ်တွင် မသက်မသာဖြစ်မှုမျိုး မခံစားရပေ။ သူ့ခန္ဓာကိုယ်က ဤမျှ အခြေအနေကောင်းနေမည်ဟု မထင်ထားမိ၍ တအံ့တဩဖြစ်စွာဖြင့် မျက်ခုံးပင့်လိုက်မိသည်။
ရေကန်၏ အလယ်ဗဟို၌ အားလုံး ရေပူစမ်းစိမ်နေစဉ် မှီထားနိုင်သော ကျောက်တုံးတစ်တုံးရှိသည်။ သူ ထိုကျောက်တုံးကို တစ်ချက်ကြည့်ပြီးနောက် ရေကန်၏အလယ်ဗဟိုသို့ လျှောက်လာခဲ့သည်။
သူ ချဉ်းကပ်လာစဉ်တွင် စိုစွတ်နေသည့်လက်ချောင်းများကို အေးစက်လှသည့် ကျောက်တုံးရှိရာဘက်သို့ ဆန့်တန်းလိုက်ပြီး ထိတော့မည့်အချိန်တွင် သူ့လက်ဖျားများ တုန်ယင်လာလေသည်။
ရှန်းလျိုရှန့် မျက်လုံးပြူးသွားလှပြီး စူးရှလှသည့်နာကျင်မှုတစ်မျိုးက သူ့ခန္ဓာကိုယ်ကို တစ်ခဏတွင်းချင်း ဖြတ်သန်းသွားသည်။
နှဖူးပြင်တွင် ချွေးစေးများပြန်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး မထိန်းနိုင်အောင် တုန်ယင်လာသည်။ ရေပူစမ်းထဲနစ်နေသည့် သူ့ခါးနေရာ၊ ခြေထောက်နှင့် ခြေချောင်းများသာမက ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးကို အပ်ငယ်လေးများဖြင့် အဆက်မပြတ်ထိုးကာ၊ ပိုးကောင်ငယ်လေးများကလည်း ခန္ဓာကိုယ်ကို ကိုက်နေသကဲ့သို့ တစ်ကိုယ်လုံးမှသွေးကြောများ တောင့်တင်းသွားသည်။
ရှန်းလျိုရှန့်၏မျက်နှာက အလွန်အမင်းဖြူဖျော့လာပြီး ရေပူစမ်းကန်ထဲမှ ထွက်သွားလိုသော်လည်း သူ့ခန္ဓာကိုယ်က မတုံ့ပြန်တော့ဘဲ ထိုနေရာတွင်သာ ခိုင်မြဲစွာရပ်နေသည်။
သူ မိန်းမောနေလျက် ဤရေပူစမ်းတွင် သေဆုံးသည်အထိ နှိပ်စက်ခံရတော့မည်ဟု ခံစားလိုက်ရသည်။
သူ၏ တောင့်တင်းနေသော လက်ချောင်းများလှုပ်ရှားလာသည့်အခါ ရှန်းလျိုရှန့်က ရိုးစင်းသည့် မန္တန်တစ်ခုကို ရွတ်ဆိုလိုက်သည်။
ရေကန်ဘောင်တွင် တင်ထားခဲ့သော အဝတ်အစားများပေါ်မှ ကျောက်စိမ်းဆွဲပြားက အရောင်လင်းလက်လာသည်။
ရေပူစမ်းကန်က ကျယ်ဝန်းလှပြီး အဖြူရောင်မြူခိုးများက တိမ်ပင်လယ်များသဖွယ် လွင့်မျောနေသည်။ တိတ်ဆိတ်နေသည့် နေရာကျယ်ကြီးထဲတွင် ကြားနေရသည့် တစ်ခုတည်းသောအသံက ရေပူစမ်းမှ ရေများကျနေသံသာ ဖြစ်သည်။
ဤနေရာကို အဝတ်အစားတစ်ဝက်မပါဘဲ ဆင့်ခေါ်ခံလိုက်ရသည့် ကျိုးရွှမ်လန်မှာမူ ရေကန်ဘေးနားတွင်ရပ်နေလျက် ဇဝေဇဝါဖြစ်နေမိသည်။
သို့ရာတွင် သူ၏ အနက်ရောင်မျက်ဝန်းများမှ အကြည့်များက ရုတ်ချည်းနက်ရှိုင်းသွားသည်။
ရှန်းလျိုရှန့်က ဝတ်ရုံတစ်ထည်တည်းသာ ဝတ်ဆင်ထားပြီး ရေများစိုရွှဲနေသဖြင့် အဝတ်များက သူ့ကိုယ်ပေါ်ကပ်နေကာ သေးသွယ်လှသည့်ခါးနှင့် အနက်ရောင်ဆံပင်များနှင့်အတူ သူ့ခန္ဓာကိုယ်ကောက်ကြောင်းက ပေါ်လွင်နေသည်။ဈ
ထိုအခိုက်အတန့်တွင် သွေးများဖြင့် ရောစပ်နေသည့် ရေတစ်စက်က သူ့မေးစေ့မှ ကျဆင်းလာသည်။
တောက်...
ကြက်သွေးရောင် ရေစက်က သူ့ထံမှတစ်ဆင့် ရေကန်တစ်ခုလုံး ပျံ့နှံ့သွားသည်။
တဖြည်းဖြည်းနီရဲလာသည့် ဝတ်ရုံကိုကြည့်ကာ ကျိုးရွှမ်လန် တစ်စုံတစ်ရာကို သဘောပေါက်သွားသည်။ သူ ရေကန်ထဲ ဝုန်းခနဲ ခုန်ဆင်းသွားပြီး ရှန်းလျိုရှန့်ဘေးကို အမြန်ပြေးသွားလိုက်သည်။
ရှန်းလျိုရှန့်က နာကျင်နေသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ယင်နေသည်။ ကျိုးရွှမ်လန် သူ့ရှေ့တည့်တည့်တွင် ပေါ်လာသည်ကို မြင်သောအခါ မနည်းရုန်းကန်၍ လက်မြှောက်လိုက်ပြီး လက်ကိုကျိုးရွှမ်လန်၏ ပခုံးပေါ် တင်လိုက်သည်။
သူ့နှုတ်ခမ်းများက သေလုမျောပါးဖြူဖျော့နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ငါ ငါ့ကို ရေကန်ထဲက ခေါ်သွားပေးပါ..."
ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီး ရှန်းလျိုရှန့်ကို ခဏစိုက်ကြည့်နေသည်။ ထို့နောက် ရှေ့တစ်လှမ်းတိုးကာ ရှန်းလျိုရှန့်၏ခါးကိုဖက်၍ သူ့ရင်ခွင်ကျယ်ကြီးထဲ ဆွဲသွင်းလိုက်သည်။
" ရှစ်စွမ်းမှာ အရင်တုန်းက ဒဏ်ရာဟောင်းကြီးတစ်ခုရှိတဲ့ပုံပဲ..."
သူ၏ ဩရှရှအသံက နူးညံ့ညင်သာနေသည်။
" တပည့်ရဲ့အပေါ်မှာမှီပြီး ခဏတောင့်ခံထားလိုက်ပါ... အရိုးသန့်စင်ရေပူစမ်းက ရှစ်စွမ်းဒဏ်ရာတွေကို ကုပေးနေတာ..."
ကျိုးရွှမ်လန် ဤသို့သောမြင်ကွင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးပေ။
ရှန်းလျိုရှန့်ခန္ဓာကိုယ်၏ ရေပူစမ်းထဲနစ်မြုပ်နေသော အစိတ်အပိုင်းတိုင်းက သွေးများစွာထွက်နေသည်။
ပုံမှန်ဆိုလျှင် လူတစ်ယောက်က တစ်ကိုယ်လုံး ဒဏ်ရာပေါင်းမြောက်များစွာရထားလျှင်ပင် အကောင်းပကတိရှိနေသော နေရာအချို့ ရှိနေနိုင်သေးသည်။ သို့ရာတွင် သူ့ရှစ်စွမ်း၏ကိုယ်ပေါ်၌ ဒဏ်ရာမရထားသော နေရာတစ်ခုမှ မရှိပေ။
" ငါ့ကို ဒီကနေခေါ်သွားလို့ ပြောတယ်လေ..."
ရှန်းလျိုရှန့် အလွန်နာကျင်နေသောကြောင့် ကိုယ်နေဟန်ထားပင် ပျက်ယွင်းလုဆဲဆဲ ဖြစ်နေသည်။
သူ့လက်ချောင်းများ တင်းကြပ်သွားပြီး လက်သည်းခွံများက ကျိုးရွှမ်လန်၏ပခုံးသားထဲ နစ်ဝင်နေပြီဖြစ်သည်။ တုန်ယင်နေသည့်အသံဖြင့် သူ ဆက်ပြောလာသည်။
" ငါ့ကို ရေကန်ထဲက ခေါ်ထုတ်သွားပေး..."
ကျိုးရွှမ်လန် မျက်လွှာချပြီး ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်ကို ကြည့်လိုက်သည်။ ကြည်လင်နေသည့် ရေပြင်ထက်တွင် မရေမတွက်နိုင်သော အနီရောင်အစက်များစွာ ပေါ်လာပေသည်။
သူ့မျက်ဝန်းထဲတွင် အမှောင်ထုက လွှမ်းမိုးသွားသကဲ့သို့ ထင်ရသည်။
ဘယ်လောက်တောင် ဒဏ်ရာအပြင်းအထန်ရထားလို့ ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရတာလဲ...
ကျိုးရွှမ်လန်က အညှာအတာကင်းမဲ့လှသည်။ လက်တစ်ဖက်က ရှန်းလျိုရှန့်၏ခါးကို တင်းကြပ်စွာဖက်ထားပြီး သူ့ရင်ခွင်ထဲရောက်အောင် ခပ်တင်းတင်းဖက်ထားသည်။ အခြားလက်တစ်ဖက်ဖြင့် ရှန်းလျိုရှန့်၏ခေါင်းကို သူ့ပခုံးပေါ် အသာဖိလိုက်ပြီးနောက် သူတို့နှစ်ယောက်လုံး ရေပူစမ်းကန်ထဲ နှစ်လိုက်သည်။
တစ်ခဏတွင်းချင်းတွင် အစောပိုင်းက ရေပေါ်ရှိနေခဲ့သော ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ရေအောက်သို့ လုံးဝမြုပ်သွား၍ ဘေးနားမှ သွေးစက်များက ပိုမိုသိပ်သည်းလာသည်။
သူ၏ မျက်တောင်ရှည်များက ရေထဲတွင် တဖျတ်ဖျတ်လှုပ်နေပြီး ကျိုးရွှမ်လန်၏ အရေပြားကို ဖြူဖျော့နေသည့် လက်ဖျားများက ကုတ်ဆွဲထားသည်။
ခန္ဓာကိုယ်တစ်ခုလုံးမှ ဖြစ်တည်လာသည့် နာကျင်မှုများကြောင့် ရှန်းလျိုရှန့်၏စိတ်က ပြိုလဲပြီး သတိလစ်မတတ် ဖြစ်နေသည်။
ရေကန်ကြီးတစ်ခုလုံး ကြက်သွေးရောင် ပြောင်းလဲသွားလေသည်။
ရှန်းလျိုရှန့် စိတ်ပျက်လက်ပျက်ဖြင့် ရုန်းကန်နေ၍ ရေကန်မျက်နှာပြင်ပေါ်တွင် လှိုင်းဂယက်များ ထလာသည်။
သူ မောပန်းနွမ်းနယ်လာပြီး ကျိုးရွှမ်လန်၏ရင်ခွင်ထဲခိုဝင်ကာ အထိန်းအကွပ်မဲ့ တုန်ယင်လာသည်။ သူ့ခေါင်းကို ကျိုးရွှမ်လန်၏လည်ပင်းပေါ်မှီထားပြီး လည်ပင်းသားကို အညှိုးတကြီးဖြင့် ကိုက်ဆွဲလိုက်တော့သည်။
သူ့လျှာပေါ်တွင် သွေးအရသာကို ခံစားလိုက်ရ၏။
သူ့မျက်လုံးများကလည်း ပိုမိုနီရဲလာလေသည်။
အချိန်က အဆုံးမရှိ ကုန်လွန်နေသကဲ့သို့ထင်ရပြီး ရေကန်က နောက်ဆုံးတွင် တဖြည်းဖြည်း တည်ငြိမ်သွား၏။
စီးဆင်းနေသည့် ရေများက ကြက်သွေးရောင် ကန်ရေမျက်နှာပြင်ကို ပြန်လည်သန့်စင်ပေးလိုက်ပြီး ဝိညာဉ်စွမ်းအင်သိပ်သည်းမှုကြောင့် ဖြစ်ပေါ်လာသည့် မြူများကလည်း အထက်တွင် စုဝေးနေသည်။ ရေက သလင်းကျောက်သဖွယ် ပြန်လည်ကြည်လင်လာသည်။
ကျိုးရွှမ်လန် ရေပေါ်သို့ ပြန်တက်လိုက်သည်။
သူ့ဝတ်ရုံက ဆုတ်ပြဲသွားပြီး ဆံပင်ရှည်ကြီးကလည်း ဖရိုဖရဲ ဖြစ်နေသည်။ ရေစက်များကလည်း သူ့ဆံပင်ပေါ်မှ လှိမ့်ဆင်းလာသည်။ လည်ပင်း၏ဘေးတစ်ဖက်တွင် သွေးများဖြင့်နီရဲကာ ကြောက်စရာကောင်းနေသည့် ကိုက်ရာများ ရှိနေ၏။
သူ့ရင်ခွင်ထဲမှ လူငယ်လေးမှာမူ အနက်ရောင်မျက်တောင်များက အောက်ကျနေပြီး နှုတ်ခမ်းများက နှင်းဆီရောင်ပြန်သန်းလာသည်။
ရေစိုနေသည့်ဆံပင်များက ကပိုကရိုဖြစ်နေကာ သူ၏ ရိုးသားဖြူစင်သော မျက်နှာလေးက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပုံရသည်။
ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီး ရှန်းလျိုရှန့်၏မျက်နှာကို တစ်လက်မမှ မကျန်အောင် စူးစူးစိုက်စိုက်ကြည့်နေမိသည်။
သူ့အကြည့်က ရေများစိုနေသည့် မျက်တောင်များမှတစ်ဆင့် နူးညံ့ဖြောင့်စင်းသော နှာတံသို့ရောက်သွားပြီး နောက်ဆုံးတွင် စိုစွတ်နေသည့် နှုတ်ခမ်းပါးများထံ ရောက်လာသည်။ ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ ညှိုယူဖမ်းစားခံလိုက်ရသည့်သဖွယ် ဖြစ်သွားပြီး ခေါင်းငုံ့ကာ ထိုနှုတ်ခမ်းပါးများကို နမ်းလိုက်သည်။
ထိုနှုတ်ခမ်းများက သူစိတ်ကူးခဲ့သည့်အတိုင်း နူးညံ့နေခြင်းဟုတ်မဟုတ် သူ သိချင်နေခဲ့သည်။
သို့ရာတွင် ထိုသို့နမ်းရှိုက်လိုက်ခြင်းက အခိုက်အတန့်တစ်
ခုသာ ဖြစ်သည်။
ကျိုးရွှမ်လန်၏မျက်ဝန်းများက လျင်မြန်စွာ ပြန်လည် ကြည်လင်လာသည်။ သူ့သိုလှောင်အိတ်ထဲမှ ဝတ်ရုံတစ်ထည်ကိုထုတ်ကာ လူငယ်လေး၏ သေးသွယ်သော ခန္ဓာကိုယ်ပေါ် လွှမ်းခြုံပေးလိုက်ပြီးနောက် သူ့ကိုပွေ့ချီကာ အရိုးသန့်စင်ရေပူစမ်းထဲမှ ခေါ်ထုတ်သွားတော့သည်။