Chapter 38
" ချင်းလင်ဂိုဏ်းက တပည့်နှစ်ယောက် အတွင်းရေကန်ကနေ ဖရိုဖရဲနဲ့ ထွက်လာတယ်ဆိုတာ မင်းသိလိုက်သေးလား... အဲဒါတကယ်ကြီးလား..."
" တကယ်ပေါ့... သူတို့ထဲကတစ်ယောက်က ရှန်းလျိုလျိုလေ... သူ သတိလစ်သွားလို့ ပွေ့ချီပြီးပါ ထွက်လာရတယ် ပြောတယ်..."
" ဒါ... ဒါ နေ့ခင်းကြောင်တောင်ကြီးမှာတောင် ဒီလိုမျိုး ပြုမူနေတယ်ဆိုတော့ လူမြင်လို့တောင်မကောင်းဘူး... သူ့ကို ချီလာတာ ဘယ်သူလဲ..."
" ကျိုးရွှမ်လန်တဲ့... ချင်းလင်ဂိုဏ်းတပည့်တွေကို ဦးဆောင်လာတဲ့တစ်ယောက်လေ..."
" ဘာ... နျဉ်ရှစ်ရှု့(နျဉ်ယွင်ရှင်း)က အဲ့လိုလုပ်တယ်ဆိုရင် နားလည်နိုင်သေးပေမယ့် အခုက ကျိုးရွှမ်လန်လည်း ပါလာပြီပေါ့... သူတို့ ရှန်းလျိုလျိုကို ဘာလုပ်ကြမလို့လဲ... ကျိန်စာတိုက်ခံထားရတာများလား..."
" တကယ်လို့ ကျူးဟို့တိုင်းပြည်မှာသာ ဒီလိုဖြစ်ခဲ့တယ်ဆိုရင် ရှန်းလျိုလျိုက ပြဿနာရှာတတ်တဲ့ နတ်ဆိုးကြင်ယာတော်အဖြစ် သတ်မှတ်ခံရမှာ..."
ကောလဟာလများက ဓားဂိုဏ်းအတွင်း တောမီးသဖွယ်ပျံ့နှံ့သွားသော်လည်း ဤကိစ္စတွင် ပါဝင်သူများက တစ်လုံးတစ်ပါဒမှ မသိကြပေ။
" နတ်ဆိုးကြင်ယာတော် " ဟု ပြောနေကြသည့်လူ အိပ်ရာနိုးလာချိန်တွင် စိတ်ထဲ၌ သက်တောင့်သက်သာဖြစ်လွန်းနေ၍ မလှုပ်ရှားချင် ဖြစ်နေသည်။ သူ့ဆံပင်အဖျားမှစ၍ ခြေချောင်းသွယ်သွယ်များအထိ ပျင်းရိမှုများ ထုတ်လွှတ်နေသကဲ့သို့ ထင်ရပေသည်။
" အိုး... အရမ်းကို လန်းဆန်းသွားတာပဲ..."
ရှန်းလျိုရှန့် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ရေကန်ထဲတွင် ရှိနေခဲ့စဉ်က အလွန်နာကျင်လွန်းသောကြောင့် သေချင်ခဲ့မိသော်လည်း မမျှော်လင့်ထားသည်မှာ ယခုအချိန်၌ သူ့စိတ်ထဲ ပေါ့ပါးသွက်လက်နေသည်။
ထိုအချိန်တွင် တံခါးပွင့်လာသည်။
" ငါကြားတာဝောာ့ မင်း အတွင်းရေကန်ဘက်မှာ မသင့်တော်တဲ့ အပြုအမူတစ်ခု လုပ်ခဲ့တယ်တဲ့ ..."
လင်ယဲ့က အိပ်ရာနားသို့လျှောက်လာပြီး ရှန်းလျိုရှန့်ကို ငုံ့ကြည့်လိုက်သည်။
" အစကတော့ ငါမယုံခဲ့ဘူး ဒါပေမဲ့ အခု မင်းပုံစံကိုကြည့်ရတာတော့ အဲ့ကိစ္စက အမှန်ဖြစ်နေတဲ့ပုံပဲ..."
ရှန်းလျိုရှန့် ထထိုင်လိုက်သည်။ သူ့မျက်လုံးများက ငိုထားသည့်သဖွယ်နီရဲနေပြီး နူးညံ့ပျော့ပျောင်းသည့် အနက်ရောင်ဆံပင်များကလည်း ကပိုကယိုဖြစ်နေကာ ပါးပြင်ကလည်း ရဲတွတ်နေသည်။
ခေါင်းမှခြေဖျားအထိ အတွင်းအပြင် နှစ်ခုလုံး ဖွတ်ဖွတ်ညက်ညက်ကြေထားသကဲ့သို့ ဖြစ်နေသည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားခဲ့သည်။
မသင့်တော်တဲ့ အပြုအမူဆိုပါလား...
သူ စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ လင်ယဲ့က သူ့ဆံပင်ကိုဆွဲဖွလိုက်ပြီး နွေးထွေးသောအသံဖြင့် ပြောလိုက်သည်။
" ငါ့ကို ရိုးရိုးသားသားပဲပြောပါ... တကယ်လို့ ဒီကိစ္စက အမှန်ပဲဆိုရင် ငါတို့ချင်းလင်ဂိုဏ်းကို ပြန်ရောက်တာနဲ့ မင်းနဲ့ ကျိုးရွှမ်လန်တို့ တာအိုလက်တွဲဖော်ဖြစ်လာအောင် အခမ်းအနားကျင်းပပေးမယ်... စောစောစီစဉ်လိုက်တော့ နောက်ဖြစ်လာမယ့် ပြဿနာတွေကိုပါ ကြိုကာကွယ်ပြီးသား ဖြစ်သွားတာပေါ့..."
" ဘာကြီး..."
ရှန်းလျိုရှန့် အလန့်တကြားထအော်လိုက်သည်။
သူ နာလို့ သူ့တပည့်ကို အကြိမ်ရေနည်းနည်းလေးတော့ ကိုက်မိသွားပါတယ် ဒါပေမဲ့ အဲဒါလေးကြောင့် တစ်ယောက်ကိုတစ်ယောက် တာဝန်ယူပြီး တာအိုလက်တွဲဖော်တွေ ဖြစ်လာစရာ လိုလို့လား...
လင်ယဲ့၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်သည်။
" ငါမင်းကို ဒီကိစ္စပြောတာ သုံးကြိမ်ရှိပြီနော်..."
" ဒီကိစ္စကလည်း အထင်လွဲနေတာပါ အစ်ကိုကြီး..."
ရှန်းလျိုရှန့် အသည်းအသန်ရှင်းပြလိုက်ရသည်။
" ကျွန်တော်ပြောတာကို ယုံပါ... ကျွန်တော့်တပည့်နဲ့ ကျွန်တော်က ရိုးရိုးသားသားပါပဲ... အရိုးသန့်စင်ရေပူစမ်းမှာ ဖြစ်သွားတဲ့ကိစ္စကြောင့် ကျွန်တော်တို့ ပြဿနာတက်သွားတာပါ..."
သူ စကားပြောနေစဉ်တွင် ရုတ်ချည်း အလေးအနက်ဖြစ်လာသည်။
" ဆရာတူအစ်ကို ကျွန်တော်အရင်တုန်းက ဒဏ်ရာအကြီးအကျယ်ရဖူးလား..."
လင်ယဲ့ မသိမသာ မျက်မှောင်ကြုတ်သွားပြီး ရှန်းလျိုရှန့်ကို အကဲခတ်နေသည်။
" မင်း ဂိုဏ်းအပြင်ဘက်ကို စူးစမ်းဖို့ထွက်သွားတိုင်း အောင်ပွဲခံပြီးပြန်လာတာချည်းပဲလေ... မင်း ဒဏ်ရာရခဲ့တဲ့ တစ်ခုတည်းသောအချိန်က လွန်ခဲ့တဲ့ ဆယ်နှစ်က အရှေ့ပိုင်းကျက်တီးမြေမှာရှိတဲ့ နတ်ဆိုးမျိုးနွယ်စုတွေရဲ့ အနှောင့်ယှက် ခံရတုန်းကပဲ... မင်း အဲမှာ ဒဏ်ရာအပြင်းအထန်ရသွားလို့ ယဲ့ပင်းရန်က ကယ်လာပေးတာလေ..."
"အရှေ့ပိုင်းကျက်တီးမြေ" ဟူသော စကားလုံးများကို ကြားလိုက်ရသည့်အခါ ရှန်းလျိုရှန့်၏စိတ်ထဲသို့ မှတ်ဉာဏ်အပိုင်းအစအချို့ရောက်လာသည်။ သို့ရာတွင် ထိုမှတ်ဉာဏ်များက သူ့ကို ခေါင်းအပြင်းအထန် ကိုက်လာစေသည်။
သူ့ခေါင်းကို အုပ်ထားပြီး တစ်ကိုယ်လုံး ကွေးညွတ်လိုက်မိသည်။
လင်ယဲ့၏အမူအရာပြောင်းလဲသွားပြီး လက်ဆန့်ထုတ်ကာ သူ့ကိုထိတော့မည့်အချိန်တွင် အခန်းအပြင်ဘက်မှ ဆူဆူညံညံအသံတစ်ချို့ ကြားလိုက်ရသည်။
သူ မျက်မှောင်ကြုတ်ပြီး ဂရုတစိုက် နားထောင်နေလိုက်သည်။
" ချင်းလင်ဂိုဏ်းက လူတစ်ယောက်ယောက်... ရှန်းလျိုလျိုကို အမြန်ခေါ်လာကြ... သူက သခင်လေးရဲ့ ဝိညာဉ်သားရဲကို လွှတ်ပေးလိုက်တယ်တဲ့ ဘယ်လိုတောင် ရဲတင်းနေတာလဲ..."
" ငါတို့ဂိုဏ်းရဲ့ သခင်လေးက အရမ်းဒေါသထွက်လွန်းလို့ တစ်ညလုံးတောင် အိပ်မရဘူး... အကြီးအကဲဝေ့ သူ့အစား တရားမျှတမှုရအောင် ပြန်လုပ်ပေးပါ..."
" သခင်လေးပြောတာတော့ သူ ကိုယ်တိုင် ရှန်းလျိုလျိုရဲ့လက်ကိုဖြတ်ပစ်မယ်တဲ့ အဲဒါမှ နောက်တစ်ကြိမ် မျှားမပစ်ရဲတော့မှာတဲ့..."
လူတစ်အုပ်စုက ခြံဝင်းထဲ အတင်းအကြပ်ဝင်လာကြ၍ ဓားဂိုဏ်းမှတပည့်များက သူတို့ကိုတားဆီးရန် ကြိုးစားနေကြသည်။
" အကြီးအကဲဝေ့ ရှန်းလျိုလျိုက နျဉ်ရှစ်ရှု့ယုံကြည်ရတဲ့ ဧည့်သည်ပါ... ကျေးဇူးပြုပြီး ပြဿနာ မဖြစ်ပါစေနဲ့..."
ဝေ့ထျန်းကျီ( ရှီးယန်ဂိုဏ်းမှအကြီးအကဲ ) က လမ်းပိတ်ပေးထားသည့် တပည့်များကို လက်ဖြင့်ကာပြီး ပြောလိုက်သည်။
" အဓိပ္ပါယ်မရှိတာတွေ ဝောာ်တော့... ကျိုးကြောင်းဆီလျော်တာပဲ ပြောကြမယ်... တကယ်လို့ နျဉ်ယွင်ရှင်းက အတင်းအကြပ် ကြားဝင်ဖြေရှင်းမယ်ဆိုရင် ဓားဂိုဏ်းမှာ မင်းတို့လို ပြဿနာရှာတတ်တဲ့သူတွေနဲ့ ပြည့်နေတယ်လို့ တစ်လောကလုံးသိအောင် လုပ်ပစ်မယ်..."
သူ ကောလဟာလများ ကြားထားသော်လည်း သူတို့က သူထင်ထားသည်ထက် ပုံကြီးချဲ့လွန်းသူများ ဖြစ်နေသည်။
သူတို့နှစ်ယောက် အရင်က ပတ်သက်ဖူးတယ်ဆိုရင်တောင် သူတို့ရဲ့ ဖြစ်တည်မှုတွေက အကွာကြီးကွာနေတာကို သူတို့နှစ်ယောက်ကြား ဘာဖြစ်နိုင်မယ်တဲ့လဲ...
နျဉ်ယွင်ရှင်း အဆင့်တက်သွားပြီးသည့်နောက်ပိုင်း ရှန်းလျိုလျိုကို လာရောက်တွေ့ဆုံခြင်း မရှိတော့၍ အခြေအနေကို လက်ခံလိုက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
ထို့အပြင် ဂိုဏ်းမှ မထွက်ခွာလာမီ၌ ရှီးယန်ဂိုဏ်းချုပ်က သူ့သားထံ၌ မည်သည့်ပြဿနာမှာ မဖြစ်လာစေရန် အထူးမှာကြားခဲ့သည်။ ထိုသို့မဟုတ်ပါက ပြဿနာရှာသူကို သူကိုယ်တိုင် လာရောက်တိုက်ခိုက်မည်ဖြစ်သည်။ ယခုအခါ ကျင်းတျယ်ရှန့် အရှက်ခွဲခံခဲ့ရ၍ ဤကိစ္စကို သူ ကောင်းကောင်း မကိုင်တွယ်နိုင်လျှင် သူတို့ဂိုဏ်းသို့ပြန်ရောက်သည်နှင့် သူ့အကြီးအကဲနေရာက မလုံခြုံနိုင်တော့မည်ကို ဝေ့ထျန်းကျီ ကြောက်နေမိသည်။
ထိုအတွေးဖြင့် ဝေ့ထျန်းကျီက တပည့်တစ်အုပ်စုကို ဦးဆောင်ကာ ရှန်းလျိုလျို၏ အခန်းတံခါးဝသို့ အမြန်သွားရတော့သည်။
အားဖြင့် ပိတ်ကန်လိုက်သောကြောင့် တံခါးက ဘန်းခနဲ ပွင့်သွားသည်။
" ချင်းလင်က ကောင်စုတ်လေး... ထွက်လာပြီးတော့ မင်း ရှာခဲ့တဲ့ ပြဿနာတွေကို လာရှင်းစမ်း..."
အခန်းထဲမှ ထွက်လာသူကိုကြည့်ကာ "သေစမ်း" ဟူသော စကားက ဝေ့ထျန်းကျီ၏လည်ချောင်းထဲ တစ်ဆို့သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာကာ သူ့ခြေလှမ်းများ ကတိုက်ကရိုက် ရပ်တန့်သွားရသည်။
သူ့နောက်တွင်ရပ်နေသည့် အရိပ်အကဲနားမလည်သော တပည့်တစ်ယောက်က မနက်ပိုင်းတွင် ကြားခဲ့သည့် အတင်းအဖျင်းများကို ပြန်စဉ်းစားမိပြီး ထိုလူကိုကြည့်ကာ အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" ခင်ဗျားက ရှန်းလျိုလျိုရဲ့ ကောင်လေးလား... ခင်ဗျားချစ်သူကို အခုချက်ချင်းခေါ်လိုက်..."
ဝေ့ထျန်းကျီ ထိုတပည့်ကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေပြီး သူ့ကို ထိုနေရာတွင်ပင် သတ်ပစ်ချင်စိတ် ဖြစ်သွားရသည်။
ဒီကောင် ရူးသွားတာလား..
ချင်းလင်ဂိုဏ်းချုပ်လင်ယဲ့ကို မမှတ်မိရုံတင် မကဘူး... ဒီလို မိုက်မိုက်ရိုင်းရိုင်းတွေတောင် သွားပြောနေသေးတယ်...
လင်ယဲ့က အခန်းဝတွင် လက်နောက်ပစ်ရပ်နေသည်။ သူ၏ ဖြူနီရောင်ဝတ်ရုံက သူ့ကိုပို၍ အရပ်ရှည်ပြီး ကျက်သရေရှိအောင် ပံ့ပိုးနေသကဲ့သို့ ထင်ရသည်။ ဒေါသထွက်နေသောကြောင့် မှုန်ကုပ်ကုပ်ဖြစ်နေသည့် ရှီးယန်ဂိုဏ်းသားများကို သူတစ်ချက်ကြည့်လိုက်သည်။ လင်ယဲ့က သူ၏ စိတ်ရှည်သည်းခံတတ်မှုကြောင့် လူသိများသူတစ်ယောက် ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင်မူ သူ့အမူအရာက မည်းမှောင်နေ၏။
သူ့ဆရာတူညီလေးက နာကျင်မှုကြောင့် ခေါင်းကို အုပ်ကိုင်နေသည်ကို မြင်လိုက်ရခြင်းကြောင့် သို့မဟုတ် သူ့ရှေ့မှလူအုပ်စုက အလွန်နားငြီးသည်ဟု ထင်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။
သူက အလွန်ဒေါသထွက်ခဲသူတစ်ယောက်ဖြစ်သည်။
သို့ဖြစ်၍ သူ မေးလိုက်သည်။
" မင်းတို့ ရှန်းလျိုလျိုနဲ့ ဘာကိစ္စရှိလို့လဲ..."
တပည့်တစ်ယောက်က အေးတိအေးစက်ဖြင့် လှောင်ပြောင်လိုက်သည်။
" သူက ကျွန်တော်တို့ဂိုဏ်းက သခင်လေးရဲ့ ဝိညာဉ်သားရဲ မသေမျိုးဇာမဏီကို လွှတ်ပေးလိုက်တယ်... အဲ့လောက်ရှားပြီး တန်ဖိုးကြီးတဲ့ နတ်ဆိုးသားရဲကို သူ့ဘဝနဲ့လဲပေးရင်တောင် ပြန်ရနိုင်တော့မှာ မဟုတ်ဘူး... ကျွန်တော်တို့သခင်လေးက သဘောထားကြီးလွန်းလို့သာ သူ့လက်တစ်ဖက်တည်းနဲ့ လျော်ကြေးပေးခိုင်းလိုက်တာ..."
" မသေမျိုးဇာမဏီလေးတစ်ကောင်ပဲကို သူလွှတ်ချင်ရင် လွှတ်ပေးလိုက်ပါစေပေါ့... တကယ်လို့ ကျင်းရှန်ထျန်း(ရှီးယန်ဂိုဏ်းချုပ် ကျင်းတျယ်ရှန့်ရဲ့အဖေ ) မကျေနပ်ဘူးဆိုရင် သူကိုယ်တိုင် ငါ့ဆီလာပြောလို့ ပြောလိုက်..."
လင်ယဲ့က ခံစားချက်ကင်းမဲ့နေသည့် မျက်နှာပေးဖြင့် ပြောလိုက်သည်။
" မင်းတို့ လာနှောင့်ယှက်တာ ဒီကိစ္စကြောင့်ဆိုရင် အကုန်လုံးသွားလို့ရပြီ..."
လောကကြီးတစ်ခုလုံး သိသိသာသာပြောင်းလဲသွားသည်။
ဝေ့ထျန်းကျီနှင့်အတူ ဒါဇင်နှင့်ချီသော ရှီးယန်ဂိုဏ်းသားများက လေပွေတစ်ခုထဲ ရုတ်ချည်းရောက်ရှိသွားပြီး လေထဲလွင့်သွားကာ သနာစရာကောင်းစွာ အော်ဟစ်နေကြသည်။ သူတို့အားလုံး အမှိုက်များသဖွယ် ခြံအပြင်ဘက်သို့ လွှင့်ပစ်ခံလိုက်ရသည်။
ဆူညံသံများကြောင့် အပြင်ထွက်လာသည့် ချင်းလင်ဂိုဏ်းသားများက သူတို့ ဂိုဏ်းချုပ်၏ ခက်ထန်နေသောမျက်နှာထားကို မြင်လိုက်ရ၍ မည်သူမှ အသံမထွက်ရဲကြပေ။
.....
ဧည့်သည်များကိုကြိုဆိုသည့်တောင်ထွတ်၏ တောင်ခြေတွင်မူ လေပွေကြောင့်လွင့်သွားသည့် ရှီးယန်ဂိုဏ်းသားများက သစ်ကိုင်းများပေါ် ချိတ်နေကြသည်။ အဝေးမှကြည့်လျှင် သူတို့ပုံစံက ရောင်စုံနေလုံးများနှင့်တူနေ၍ ဖြတ်သွားဖြတ်လာအချို့၏အာရုံကို ဆွဲဆောင်နေသည်။
" သူတို့ ရှန်းလျိုလျိုကို ပြဿနာသွားရှာတာမလား... ဘာလို့ ဒီလိုဖြစ်ကုန်ကြတာလဲ..."
လူများစွာ၏ အလေးချိန်ကို မခံနိုင်သောကြောင့် သစ်ကိုင်းခြောက်များ ကျိုးကျသွားပြီး ဝေ့ထျန်းကျီကိုယ်တိုင်လည်း အသိစိတ်မကပ်နိုင်မီအချိန်မှာပင် မြေကြီးပေါ် ဝုန်းခနဲ ပြုတ်ကျတော့သည်။
သတိမလစ်သေးသော ရှီးယန်ဂိုဏ်းသားတပည့်အချို့က ပြောလိုက်သည်။
" အကြီးအကဲ... ရှန်းလျိုလျိုရဲ့ချစ်သူက တော်တော်လေး စွမ်းအားကြီးတာပဲ ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."
ဝေ့ထျန်းကျီ၏မျက်နှာက ပြာနှမ်းသွားပြီး ကျောက်ခဲတစ်လုံးကောက်ကာ ထိုတပည့်ထံ ပစ်ပေါက်လိုက်ပြီး ဒေါသတကြီး ထအော်တော့သည်။
" ပါးစပ်ပိတ်ထားစမ်း ပါးစပ်ပိတ်ထား... အဲဒါ ချင်းလင်ဂိုဏ်းချုပ်ကွ..."
ထိုအကြောင်းကိုကြားသည့်အခါ သတိမလစ်သေးသည့် တပည့်အချို့က တစ်ကိုယ်လုံး ဖြူဖျော့သွားပြီး လုံးဝသတိလစ်သွားတော့သည်။
.....
လင်ယဲ့ထွက်သွားသည်နှင့် လူများစွာက ချက်ချင်းရောက်လာတော့သည်။
ရှန်းလျိုရှန့်က အဝတ်အစားများ ပြန်ဝတ်ထားပြီး အနက်ရောင်ဆံနွယ်များက ပခုံးပေါ်ဝဲကျနေသည်။ ဆံပင်စည်းရန် အခန်းထဲ၌ တစ်ခုခုကို ရှာဖွေနေစဉ် တံခါးခေါက်သံတစ်သံ ကြားလိုက်ရသည်။ သူ အဝတ်စတစ်စကိုရှာကာ လက်ချောင်းများပေါ်ပတ်ပြီးမှ ဖရိုဖရဲဖြစ်နေသည့် ဆံပင်ကို ချည်နှောင်ထားလိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် နျဉ်ယွင်ရှင်းက သူ့ကိုစိုက်ကြည့်နေပြီး ပြောလိုက်သည်။
" အရိုးသန့်စင်ရေပူစမ်းက ကောလဟာလတွေ ကြားခဲ့တယ်..."
ရှန်းလျိုရှန့်က တည်ငြိမ်စွာဖြင့်သာ "အင်း" ဟု ပြန်လည်တုံ့ပြန်လိုက်သည်။
သူဘာလို့ အဲ့လိုကြီး လာမေးနေတာလဲ... ငါ့တပည့်နဲ့ငါနဲ့က ရိုးသားတယ်လေ အကုန်လုံးကို လိုက်ရှင်းပြနေစရာ လိုလို့လား...
နျဉ်ယွင်ရှင်းက ဆက်ပြောလာသည်။
" အဲဒါ အမှန်မဟုတ်ဘူးဆိုတာ ငါသိတယ်..."
ရှန်းလျိုရှန့် အံ့ဩသွားသည်။
နျဉ်ယွင်ရှင်းက ဆ
က်ပြောသည်။
" ဘာလို့လဲဆိုတာ မင်းမှာ နှလုံးသားမရှိဘူးဆိုတာ ငါသိလို့ပဲ..."
ရှန်းလျိုရှန့်၏စိတ်ထဲ အစော်ကားခံလိုက်ရသည်ဟု ခံစားမိသွားသည်။
“…”
ငါ့ကို လာစော်ကားနေတာပဲ...