Chapter 39
တံခါးဝတွင်ရပ်ပြီး စကားပြောရသည်က မသင့်တော်သဖြင့် နျဉ်ယွင်ရှင်းကို အခန်းထဲဖိတ်ခေါ်ပြီး သူ့အတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။
" ငါ အဆင့်ထပ်တက်တော့မှာ..."
နျဉ်ယွင်ရှင်းက ပြောလိုက်သည်။
ရှန်းလျိုရှန့် သူ့နားသူ မယုံနိုင်အောင်ဖြစ်သွားပြီး အံ့ဩတကြီးဖြင့် မျက်လုံးအပြူးသားဖြစ်သွားသည်။
ကြောက်စရာကောင်းလိုက်တာ... သူ့ဖို့ အဆင့်တက်တယ်ဆိုတာ ကစားသလို လွယ်လွယ်လေးပါလား... ရွှေအမြုတေအဆင့်ကနေ ဝိညာဉ်အခြေတည်အဆင့် အလယ်ကိုရောက်ဖို့ နှစ်ရက်ပဲကြာလိုက်တယ်ပေါ့... ဒီတိုင်းသာဆို ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းကို ရောက်တော့မှာပဲ... ဒါကြီးက ကျိုးကြောင်းမဆီလျော်တော့ဘူး မူမမှန်သလိုတောင် ဖြစ်နေပြီ...
ရှန်းလျိုရှန့် တစ်ခုခုပြောလိုသော်လည်း သူ့ကိုယ်သူ တားဆီးထားလိုက်သည်။ လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တင်ထားလိုက်ချိန်တွင် နျဉ်ယွင်ရှင်းက သူထွက်ပြေးတော့မည့်အလား လက်ကောက်ဝတ်ကို လှမ်းဆွဲထားသည်။
" ငါ့ကို တကယ်ပဲ မမှတ်မိတာလား..."
ရှန်းလျိုရှန့်က ပြန်ဖြေသည်။
" ကျွန်တော့်ကို အဲ့အကြောင်းတွေ ပြန်ပြောပြပါလား..."
ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် နျဉ်ယွင်ရှင်းက ပြောလိုက်သည်။
" ငါတို့တွေ အရှေ့ပိုင်းကျက်တီးမြေမှာ တွေ့ခဲ့တာလေ... ငါ အဲဒီအချိန်တုန်းက ဒဏ်ရာအပြင်းအထန်ရထားလို့ မင်းက နတ်ဆိုးသားရဲတွေကိုမြှားခေါ်ပြီး ငါ့ကို ကယ်ခဲ့ပေးတာလေ..."
ရှန်းလျိုရှန့်က အခြေအနေကို အကြမ်းဖျင်းနားလည်သွား၍ သူ့ကို နှစ်သိမ့်လိုက်သည်။
" အသက်ပဲ ကယ်ခဲ့ပေးတာမလား စိုးရိမ်နေစရာ မလိုပါဘူး... ကျွန်တော်ကလည်း ကောင်းတဲ့ကိစ္စတွေလုပ်ပေးရင် တစ်ခုခုပြန်ရဖို့ မျှော်လင့်ထားတတ်တာမျိုးမဟုတ်ဘူးဆိုတော့ ခင်ဗျား နောက်ဆိုဒါနဲ့ပတ်သက်ပြီး စိုးရိမ်နေစရာ မလိုတော့ဘူး..."
သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်မိသည်။ မူလ ခန္ဓာကိုယ်က ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် နျဉ်ယွင်ရှင်း၏ကယ်တင်ခြင်း ခံခဲ့ရသည်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။
နျဉ်ယွင်ရှင်းကပြောလိုက်သည်။
" မင်းနဲ့ပတ်သက်ပြီး အဲ့ဒါကိုတော့ ငါ သဘောမကျဘူး..."
ထိုစဉ်အချိန်က သူတို့နှစ်ယောက်လုံး အေးစိမ့်စိမ့်လှိုဏ်ဂူထဲတွင် ပိတ်မိခဲ့ကြပြီး မရေမတွက်နိုင်သော နတ်ဆိုးသားရဲများ၏ ဝန်းရံခံခဲ့ရကာ သူတို့စီမံထားသည့် အရံအတားကလည်း ပြိုလဲလုနီးပါး ဖြစ်နေခဲ့သည်။ အရံအတား ပြိုလဲသွားသည်နှင့် သူတို့နှစ်ယောက်လုံး သားရဲများ၏အစာ ဖြစ်လာပေတော့မည်။
အရံအတားပြိုလဲသွားပါက ရှန်းလျိုကို ငါးစာအဖြစ်အသုံးချကာ သားရဲများကို အာရုံပြောင်းသွားအောင်လုပ်ပြီး အခွင့်အရေးကိုအသုံးချကာ ထွက်ပြေးမည်ဟု နျဉ်ယွင်ရှင်း၏ရင်ထဲ ကျိန်ဆိုထားခဲ့သည်။ သို့သော် သူ နိုးလာချိန်၌ အပြင်လောကတစ်ခုလုံးက စက်ဆုပ်စရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သည်။
နတ်ဆိုးသားရဲများ မရှိတော့ပေ။
သူ့ဘေးနားမှ လူငယ်လေးလည်း မရှိတော့ပေ။
နျဉ်ယွင်ရှင်းက ကယ်တင်ခံရပြီးသည့်နောက်တွင် သူ့ကို မရပ်မနားရှာဖွေခဲ့ပြီး စိတ်ထဲတွင်လည်း ခြောက်ခြားဖွယ်ရာ အတွေးတစ်ခုက နေရာယူလာခဲ့သည်။
အဲ့လူငယ်လေး သေသွားတာများလား...
သူ့ရင်ထဲမှ စိုးရိမ်ပူပန်မှုက ရူးသွပ်လုဆဲဆဲစွဲလန်းမှုတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။
နှစ်ရက်နီးပါး ကြာမြင့်ခဲ့ပြီးမှ သူ့ကိုပြန်တွေ့ခဲ့သည်။ ထိုလူငယ်လေးက သူ့ကိုပြောလာသည်။
" တကယ်လို့ မင်းသေသွားမယ်ဆိုရင် အကြီးမားဆုံးနောင်တဖြစ်လာမှာက လောကကြီးတစ်ခွင်ကို ခရီးမထွက်ဖြစ်ခဲ့ပဲ လှတဲ့ရှု့ခင်းတွေကို မကြည့်လိုက်ရမှာပဲဆို... ငါနဲ့လိုက်ခဲ့ပါ မင်းသွားချင်တဲ့ ဘယ်နေရာကိုမဆို ငါခေါ်သွားပေးမယ်..."
ရှန်းလျိုရှန့်က ထိုစကားကိုကြားသည့်အခါ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ခြောက်ကပ်ကပ်ဖြင့် ရယ်လိုက်သည်။
" ခင်ဗျား အရူးလုပ်ခံလိုက်ရတာဖြစ်မယ်... တကယ်တော့ ကျွန်တော်က အိပ်ရာပေါ်လှဲနေတဲ့ ငါးဆားနယ်လေးတစ်ကောင်ပဲ ဖြစ်ချင်တာ..."
နျဉ်ယွင်ရှင်းက သူ့စကားများ၏ အဓိပ္ပါယ်ကို လေးလေးနက်နက် တွေးတောနေဆဲဖြစ်ပြီး သူ့ခန္ဓာကိုယ်က တုန်ယင်လာသည်။
" ငါ အဆင့်တော့မယ်ထင်တယ်...ငါ့နေရာကို ပြန်ဖို့လိုနေပြီ..."
သူက ရှန်းလျိုရှန့်၏လက်ကို တစ်ချက်ဆုပ်ကိုင်လိုက်ပြီးနောက် နေရာမှ ပျောက်ကွယ်သွားသည်။
အပြင်ဘက်တွင်မူ ဓားဂိုဏ်းမှ တပည့်များက အပျော်လွန်နေကြသည်။ သို့ရာတွင် ယခုနောက်ပိုင်း၌ အဆက်မပြတ် အဆင့်တက်နေခြင်းများကြောင့် သူတို့ရိုးအီလာပြီဖြစ်သည်။
နျဉ်ယွင်ရှင်းကမူ မြင့်တက်လာသည့် ဝိညာဉ်စွမ်းအင်များကို မထိန်းသိမ်းနိုင်တော့၍ သူ့စံအိမ်သူ ပြန်သွားတော့သည်။
…
နျဉ်ယွင်ရှင်း နေထိုင်သည့်စံအိမ် ပတ်ပတ်လည်တွင် အစီအရင်များဖြင့် ပြည့်နေ၍ ရှန်းလျိုရှန့်က အချိန်တစ်ခဏတာခန့် ထွက်သွား၍မရ ဖြစ်နေသည်။ သူစံအိမ်ထဲ လျှောက်သွားနေစဉ် အဖြူရောင်မြူခိုးများက ဝေ့ဝဲနေပြီး မြေကြီးပေါ်ပေါက်ရောက်နေသော ဝိညာဉ်ဆေးပင်များကို မြင်လိုက်ရသည်။ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏ လည်ပင်းမှကိုက်ရာကို ပြန်သတိရသွား၍ ဆေးပင်အချို့ခူးပြီး သူ့အနာကို ကုသပေးရန် တွေးနေမိသည်။
သူ အမှတ်တမဲ့ဖြစ်နေစဉ် ထောင့်တစ်နေရာတွင်စိုက်ထားသောအပင်က အဖြူရောင်စိုစွတ်စွတ် အလင်းတန်းတစ်ခုနှင့်အတူ ခရမ်းရောင်ဖျော့ဖျော့အရောင်မျိုး ထုတ်လွှတ်နေသည်ကို မြင်လိုက်မိသည်။
ရှန်းလျိုရှန့်၏မျက်ခုံးများ တွန့်ချိုးသွားသည်။
ဤစံအိမ်ကို ဓားသခင်ကျန့်ကျန်းက နျဉ်ယွင်ရှင်းအတွက် အထူးဆောက်လုပ်ပေးထားပြီး အတွင်းထဲမှ ပန်းပွင့်နှင့် ဆေးပင်တိုင်းကလည်း ထူးခြားဆန်းကြယ်ကြောင်း ကြားသိထားပေသည်။
သူ လက်ဆန့်ပြီး ထိုဝိညာဉ်ဆေးပင်ကို ခူးလိုက်သည်။
ထိုအခိုက်အတန့်တွင် နျဉ်ယွင်ရှင်းက အောင်အောင်မြင်မြင်ဖြင့် အဆင့်တက်သွားနိုင်ပြီး သူ့ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်များကို နေသားတကျဖြစ်အောင် ပြုလုပ်နေသည်။ အရံအတားက အနည်းငယ် အားလျော့သွားသည်နှင့် ရှန်းလျိုရှန့်က ဤအခွင့်အရေးကိုယူ၍ စံအိမ်ထဲမှ ထွက်ပြေးလာပြီး ဆေးပင်ကို ကြယ်တာရာအိတ်ထဲ ထည့်လိုက်သည်။
အပြင်ဘက်တွင် စောင့်ကြပ်ရန် အမိန့်ပေးခံထားရသော ဓားဂိုဏ်းရှိတပည့်များက သူ့ကိုမြင်သည့်အခါ နျဉ်ယွင်ရှင်းအထင်နှင့် နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း သူ့မျက်နှာကိုမြင်သည့်အခါ သူတို့၏ အမူအရာများက အေးခဲတောင့်တင်းကုန်သည်။
" သူက ချစ်သူအသစ်ရထားပြီးတာတောင် ငါတို့ရှစ်ရှု့ကို လာနှောင့်ယှက်နေတုန်းပဲပေါ့... တကယ် စိတ်တိုစရာပဲ... ငါ့ဒေါသပြေအောင် အဲ့လူကို ပညာပြလိုက်ချင်တယ်..."
" ငါတို့လုပ်လို့ မဖြစ်ဘူးလေ... သူ့ရဲ့ချစ်သူအသစ်က ရွှေအမြုတေအဆင့်တောင် ရောက်နေပြီ ငါတို့ သူ့ကိုယှဉ်နိုင်မှာ မဟုတ်ဘူး..."
" ဒါဆိုရင်လည်း ကျောက်ရှစ်ရှုန်း(စီနီယာအစ်ကိုကျောက်) ပြန်လာတဲ့အထိပဲစောင့်ရအောင် ... သူ ပြန်လာမှ ငါတို့တွေရဲ့ ရှစ်ရှု့အတွက် လက်စားချေခိုင်းပြီး ရှန်းလျိုလျိုကို ပညာပြခိုင်းရမယ်..."
.....
စားပွဲသောက်ပွဲကြီးကို ပင်မခန်းမဆောင်ထဲ ကျင်းပခြင်းဖြစ်သည်။ ရှန်းလျိုရှန့် အထဲသို့ဝင်လာသည်နှင့် တီးတိုးပြောသံများနှင့်အတူ အကြည့်များအားလုံးက သူ့အပေါ်ကျရောက်လာသည်။
" နျဉ်ယွင်ရှင်းကို မြှူဆွယ်ထားတယ်ဆိုတာ သူလား... သူ့ကိုကြည့်ရတာ ဘာမှ ထူးထူးခြားခြားလည်း မဟုတ်ပါလား..."
" နျဉ်ယွင်ရှင်းတစ်ယောက်တည်း မကဘူး... သူ့ဘေးနားက ကျိုးရွှမ်လန်ဆိုတဲ့ တစ်ယောက်ကိုရောပဲ... အဲ့ကောင်လေးက အနာဂတ်မှာ ချင်းလင်ဂိုဏ်းချုပ် ဖြစ်လာနိုင်တဲ့သူလေ... သူတို့နှစ်ယောက်ကြားက ပတ်သက်မှုကလည်း မရှင်းမရှင်းပဲ..."
" ရှီးယန်ဂိုဏ်းက သခင်လေးကတောင် ရှန်းလျိုလျိုကို မကျေမနပ်ဖြစ်နေတာ... ကျောက်ရှစ်ရှုန်း ဒီမှာ မရှိတာ ကံကောင်းသွားတယ်... မဟုတ်ရင်တော့ သူ့အတွက် ရင်လေးစရာပဲ..."
" ဟားဟား စိုးရိမ်စရာ မလိုပါဘူး... ကျောက်ရှစ်ရှုန်းက ဆရာလန်နဲ့ ဓားသခင်ကျန့်ဇွင်းရဲ့ ကိုယ်ပိုင်တပည့်ပဲ... သူက ကျင့်ကြံတာကလွဲပြီး ဘာကိုမှ စိတ်မဝင်စားဘူးဆိုတော့ ရှန်းလျိုလျို လိုလူမျိူကို အာရုံစိုက်နေမှာ မဟုတ်ပါဘူး..."
ညအချိန်ကျရောက်လာသော်လည်း ခန်းမဆောင်က နေ့အချိန်သဖွယ် တောက်ပလင်းထိန်နေသည်။
ရှန်းလျိုရှန့် တင်ပျဉ်ခွေထိုင်နေပြီး သူ့ရှေ့တည့်တည့်မှ စားပွဲပေါ်တွင်လည်း မြောက်ပိုင်းရေခဲငရုတ်ငါးဟင်း၊ တိမ်လွှာတောင်တန်းနှင်းယုန် အစရှိသည့် ရှားပါးဟင်းပွဲများဖြင့် ပြည့်နေသည်။ ထိုဟင်းပွဲများက အရသာရှိရုံသာမက ဝိညာဉ်စွမ်းအင်တိုးတက်စေရာတွင်လည်း အထောက်အကူဖြစ်နိုင်သည်။
လန်ရှောင်ရှန့်က ပင်မခန်းမဆောင်၏ ထိပ်ဆုံးစားပွဲတွင် ထိုင်နေပြီး ဝိုင်ခွက်မြှောက်ကာ အားလုံးကို အတူတူသောက်ရန် ဖိတ်ခေါ်နေသည်။
ရှန်းလျိုရှန့် တူကိုယူပြီး စိတ်မရှည်လက်မရှည်ဖြင့် ဟင်းပွဲအချို့ကို ယူစားလိုက်သည်။ သူ့စိတ်ထဲ အံ့ဩတကြီးဖြစ်သွားပြီး အချိန်ခဏကြာသည်အထိ စကားမပြောနိုင်ဖြစ်နေကာ ပန်းကန်ပြားထဲမှ ဟင်းများကုန်အောင် စားပစ်လိုက်သည်။
သူက အစားကြီးခြင်းမဟုတ်ဘဲ ထည့်ပေးထားသည့်ပမာဏက နည်းပါးခြင်းဖြစ်သည်။ ပန်းကန်ပြားတစ်ချပ်ပေါ်တွင် နှစ်ကိုက်သုံးကိုက်စာခန့် ပမာဏလေးသာ ပါဝင်ပေသည်။
တူကို ချထားလိုက်ပြီးသည့်နောက်တွင် ထပ်စားချင်နေသည့် အမူအရာဖြင့် ဘေးကိုကြည့်နေပြီး ဗိုက်မဝသော ခံစားချက်ကြောင့် စိတ်ထဲ သက်ပြင်းချလိုက်မိသည်။
သူ့ဘေးနားတွင်ထိုင်နေသည့် ကျိုးရွှမ်လန်က သူ့အဖြစ်ကို သတိပြုမိ၍ မန္တန်အသေးစားတစ်ခုရွတ်ကာ စားပွဲချင်းလဲပေးလိုက်ပြီး ပြောလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ပန်းကန်ထဲဟင်းတွေ စားလိုက်ပါ..."
ရှန်းလျိုရှန့် ပြုံးလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
" မင်းက တကယ်ကို ကြင်နာတတ်တဲ့ကလေးပဲ..."
" ရှစ်စွမ်း ဘာပြောပြော ကျွန်တော့်စိတ်ထဲ ပြဿနာတက်တော့မယ်လို့ပဲ ထင်နေတယ်..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုကို ပြောတော့မည့်အချိန်တွင် ခန်းမအပြင်ဘက်မှ ဆူဆူညံညံအသံများကို ကြားလိုက်ရသည်။
" ဂျင်ဆင်းတောင်က လက်ဆောင်ပါ... ဘိုးဘေးကြီးကလည်း အားလုံးကို နှုတ်ခွန်းဆက်ပါတယ်လို့ ပြောလိုက်ပါတယ်..."
ခန်းမတစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။
ဂျင်ဆင်းတောင်က မရေမတွက်နိုင်သော ရတနာပေါင်းများစွာနှင့် သူတော်စင်သစ်သီးများစွာရှိသည့် ရှေးဟောင်းအထွတ်အမြတ်နေရာတစ်ခုဖြစ်သည်။ ထိုနေရာမှ မည်သည့်ပစ္စည်းမဆို ကျင့်ကြံရေးလောကတွင် လှိုင်းဂယက်များကို ဖန်တီးနိုင်ပေသည်။
ဂျင်ဆင်းတောင်ကို စောင့်ရှောက်သူများက ထိတွေ့ခံစားနိုင်စွမ်းများရှိသည့် ဂျင်ဆင်းပင်များဖြစ်သည်။ သူတို့ထဲမှ ခေါင်းဆောင်ဖြစ်သူက ဂျင်ဆင်းဘိုးဘေးအိုကြီးဖြစ်ပြီး အင်မော်တယ်ပေါင်းများစွာနှင့် ဤလောကကြီးပေါ်မှ လေးစားကြည်ညိုဖွယ် တည်ရှိမှုများစွာနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ်သည်။
ဂျင်ဆင်းတောင်က အခြားသော အင်အားစုများဖြင့် ထိတွေ့ဆက်ဆံသည်က ရှားပါးလွန်းလှသည်။ သို့ဖြစ်၍ သူတို့ဓားဂိုဏ်းနှင့် အဆက်အသွယ်ရှိကြောင်း ကြားသိရသည့်အခါ အားလုံးက အံ့ဩတကြီးဖြစ်ကုန်ပြီး မနာလိုဖြစ်ကုန်ကြသည်။
သူတို့နှင့် ဆက်ဆံရေးကောင်းခြင်းက ကျင့်ကြံရေးအတွက် အဆုံးမဲ့ရင်းမြစ်များ ရနိုင်ခြင်းဟု ဆိုလိုပေသည်။
ရှန်းလျိုရှန့်က အပြင်ဘက်မှ အုတ်အုတ်ကျက်ကျက်ဖြစ်နေသည်များကို လှမ်းကြည့်နေပြီး သူ့မျက်နှာထက်တွင်လည်း စပ်စုချင်သည့် အရိပ်အယောင်မျိုးကို မြင်နေရသည်။
ပင်မခန်းမဆောင်၏ ရှေ့တည့်တည့်ဝင်ပေါက်တွင် အနီရောင်ဗိုက်အကာ(ဝမ်းပတ်) များ ဝတ်ဆင်ထားသည့် ဝဝဖိုင့်ဖိုင့်ကလေးငယ်လေးများက ပြုံးရွှင်စွာဖြင့် အတွင်းသို့ ဝင်လာကြသည်။ သူတို့ဝင်ရောက်လာသည်နှင့် ခန်းမဆောင်ထဲရှိလေထုက ချက်ချင်း လတ်ဆတ်သန့်ရှင်းလာသည်။
ထိုဂျင်ဆင်းကလေးငယ်များက ဦးခေါင်းပြောင်ပြောင်လေးများဖြစ်ပြီး သစ်ကိုင်းငယ်လေးတစ်ကိုင်းစီသာ ပေါက်ရောက်နေကာ တစ်ယောက်စီက ပုံစံတစ်မျိုးဖြစ်ကးသည်။ အချို့က သစ်ရွက်ရှည်များရှိကြပြီး အချို့က သစ်သီးငယ်လေးများ ရှိကြကာ အချို့က ယခုမှသစ်ကိုင်းထွက်ခါစ ဖြစ်သည်။
သူတို့ထဲမှ ခေါင်းဆောင်ဖြစ်သူက အဖြူရောင်မုတ်ဆိတ်များဖြင့် သေသေသပ်သပ်ဖြစ်သည်။ သူက ချောင်းဟန့်လိုက်ပြီး အဆော့သန်လွန်းသည့် ပါးနက်စ်( ဂျင်ဆင်းနာမည်ပါ ) ငယ်လေးများကို တိတ်တိတ်နေရန် သတိပေးနေသည်။
ထို့နောက် အိပ်ငိုက်နေသည့် ဝဝဖိုင့်ဖိုင့်ကလေးလေးတစ်ယောက်ကို ရှေ့သို့ခေါ်လာပြီး ပြောလိုက်သည်။
" မင်း တစ်လမ်းလုံးလည်း အိပ်လာတာပဲ... အခုထတော့ လက်ဆောင်ပေးရမယ့်အလှည့်ရောက်ပြီ..."
ထိုဂျင်ဆင်းကလေးငယ်က အခြားလူများနှင့် မတူသည်ကို အားလုံးသတိပြုမိသည်။ သူ့ခေါင်းပေါ်မှ သစ်ကိုင်းများက ရွှေရောင်တလက်လက် တောက်ပနေသည်။
" ဟမ်..."
အားပု ဟူသည့် ကလေးလေးက မျက်မှောင်ကြုတ်လိုက်ပြီး အိပ်ငိုက်နေသည့် မျက်လုံးများကို ပွတ်လိုက်သည်။ လူပေါင်းများစွာက သူ့ကိုကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူ့ခေါင်းပေါ်မှ သစ်ကိုင်းများက အနည်းငယ် တုန်ယင်သွားသည်။
သူမှားကြောင်း သိသွား၍ နှုတ်ခမ်းစူပြီး ပြောလိုက်သည်။
" သားကို မဆူပါနဲ့..."
ထိုအခိုက်အတန့်မှာပင် အားလုံး၏ နှလုံးသားများ အရည်ပျော်ကျသွားတော့သည်။
သောက်ခေါင်းဆောင်ကြီး ကလေးကို မဆူနဲ့လေ...
ခေါင်းဆောင်အဖိုးအိုက သူ၏ချစ်စဖွယ် အမူအရာများတွင် မကျရှုံးသွားဘဲ အေးစက်စွာဖြင့် နှာမှုတ်လိုက်ကာ လက်ဆောင်ကို အားပုလက်ထဲ ထည့်ပေးလိုက်သည်။
" ဘိုးဘေးကြီးရဲ့ ညွှန်ကြားချက်တွေကို မမေ့နဲ့... မြန်မြန်လုပ် ငါတို့ ဒီက ကိစ္စပြီးတာနဲ့ မြန်မြန်ပြန်ရမှာ..."
"ဘိုးဘေးကြီး" ဟူသည့်စကားလုံးကိုကြားသည်နှင့် အားပုက အဖြူရောင်ကြာပန်းမြစ်များသဖွယ် လက်မောင်းများကို တွန့်ဆုတ်စွာဖြင့် ဆန့်ထုတ်လိုက်ပြီး လက်ဆောင်ဘူးကို ယူလိုက်သည့်အခါ သူ့ဗိုက်လုံးလုံးလေးက တစ်ချက်တုန်သွားသည်။
ခြေလှမ်းအနည်းငယ်ခန့် လှမ်းပြီးသည်နှင့် သူ စတင်မောဟိုက်လာသည်။
သူ ခဏနားပြီး အသက်ဝဝရှုကာ ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်ကိုဆွဲနှုတ်၍ လက်ဆောင်သေတ္တာဘူးထဲ ထည့်လိုက်ပြီးနောက် ရွှေရောင်အမှုန့်များ ဖြူးလိုက်သည်။ ထို့နောက် သစ်ရွက်ကို ခေါင်းပေါ်မှ သစ်ကိုင်းပေါ်ပြန်တင်လိုက်ပြီး ခြေထောက်သေးသေးလေးများဖြင့် ဆက်လျှောက်နေသည်။
ထိုအခိုက်အတန့်တွင် အားပုက ရင်းနှီးနေသော အော်ရာတစ်မျိုးကို ရုတ်ချည်း ခံစားလိုက်ရသည်။
သူ၏ ခြေထောက်ဖြူဖြူလေးများ ရပ်တန့်သွားလေသည်။
အားလုံး၏ အာရုံက ခေါင်းပေါ်တွင် ရွှေရောင်သစ်ကိုင်းရှိပြီး အံ့ဩတကြီးဖြစ်နေသည့် ဂျင်ဆင်းကလေးငယ်အပေါ်တွင်သာ ရှိနေသည်။ ထောင့်တစ်နေရာကို လှည့်ကြည့်လိုက်ပြီးသည့်နောက်တွင် သူ၏ မျက်လုံးရွှဲကြီးများ ပြူးကျယ်သွား၏။
ခန်းမဆောင်ထဲတွင် ပျော်ရွှင်တက်ကြွနေသည့် အသံတစ်သံ ပဲ့တင်ထပ်လာသည်။
" ပါပါးးး ..."
" တကယ်ကြီး ပါပါး ဖြစ်နေတာပဲ..."
…