အပိုင်း ၄၀
Viewers 22k

Chapter 40




ခန်းမဆောင်ထဲတွင် ဂျင်ဆင်းကလေးလေး၏ ပျော်ရွှင်နေသော အသံသေးသေးလေးဖြင့် ပဲ့တင်ထပ်သွားသည်။


အားပုက လက်ဆောင်သေတ္တာဘူးကို လေ‌ထဲလွှင့်ပစ်လိုက်ပြီးနောက် ထောင့်တစ်နေရာတွင် စားသောက်နေသည့် ဆယ်ကျော်သက်လေးထံ တစ်ဟုန်ထိုး ပြေးသွားတော့သည်။


" ပါပါး... ပါပါးရေ..."


သူ၏ အားပါးတရအော်ခေါ်သံက တဖြည်းဖြည်းနီးကပ်လာလေသည်။


ရှန်းလျိုရှန့်က တစ်ခုခုလွဲချော်နေကြောင်း သတိပြုမိ၍ မော့ကြည့်လိုက်ပြီးနောက် ခေါင်းရှုပ်သွားပုံရသည်။ 


ခေါင်းထက်တွင် ရွှေရောင်သစ်ရွက်များနှင့် ဝဝဖိုင့်ဖိုင့် ဆန်မုန့်လုံးလေးသဖွယ် ကလေးလေးက သူ့ထံသို့ စိတ်လှုပ်ရှားစွာဖြင့် ပြေးလာသည်ကို မြင်လိုက်ရသည်။ ကလေးလေးက ရှန်းလျိုရှန့်၏ရင်ခွင်ထဲပစ်ဝင်လိုက်ပြီး သူ့မျက်နှာပေါ်တွင်လည်း ဝမ်းမြောက်မှုများ ဖုံးလွှမ်းနေသည်။ 


" တကယ်ကြီး ပါပါးဖြစ်နေတာပဲ..."


အားပုက ရှန်းလျိုရှန့်၏အဝတ်များကို လက်နှစ်ဖက်ဖြင့်ဆွဲထားပြီး လည်ပင်းတွင် မျက်နှာအပ်ထားကာ ပွတ်သပ်နေချိန်၌ သူ့ခေါင်းပေါ်မှ သစ်ရွက်များက အရောင်ဖျော့ဖျော့တောက်ပလာပြီး  လူငယ်လေး၏ အံ့ဩတကြီးဖြစ်နေသော မျက်နှာထက်တွင် ရောင်ပြန်ဟပ်နေသည်။


" အားပုက ပါပါးကို အရမ်းလွမ်းနေတာ..."


ရှန်းလျိုရှန့် : “······”


ခန်းမထဲမှ အခြားလူများ : “······”


ဓားဂိုဏ်းမှ တပည့်များ၏မျက်နှာများက တင်းမာကုန်ပြီး သူတို့၏ နျဉ်ရှစ်ရှု့ထံ လှည့်မကြည့်ဘဲ မနေနိုင်ကြတော့ပေ။ သူတို့ ခါးသီးလှသည့် စကားများကို ပြောမထွက်ကြသော်လည်း မျက်ဝန်းများထဲတွင်မူ "ဦးထုပ်စိမ်း ဆောင်းခံလိုက်ရပြီ" ဟူသော အကြည့်များဖြင့် ပြည့်ကုန်သည်။


နျဉ်ရှစ်ရှု့ လောကကြီးထဲမှာ အချောအလှလေးတွေ အများကြီး ရှိပါတယ်... ပြီးတော့ သူ့ကလေးက ၃နှစ်လောက်တောင် ရှိနေပြီ...


ထိတ်လန့်သွားကြသော ဓားဂိုဏ်းတပည့်များက ပထမဦးစွာ သူတို့၏ နျဉ်ရှစ်ရှု့ကို ကြည့်လိုက်ပြီးနောက် ဂျင်ဆင်းကလေးလေးကို ရင်ခွင်ထဲထည့်ထားသည့် ရှန်းလျိုရှန့်ဘေးနားမှ ကျိုးရွှမ်လန်ကို လှည့်လိုက်ကြသည်။ သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်လာတော့မည့် ကိစ္စများကို စိတ်ကူးနိုင်နေပြီဖြစ်သည်။


အကြည့်အားလုံးက သူ့အပေါ်သို့ ကျရောက်လာ၍ ရှန်းလျိုရှန့် ပြဿနာတက်တော့မည်ဟု ခံစားလိုက်ရသည်။ သူ့ကိုအတင်းဖက်တွယ်ကာ ပွတ်သပ်နေသော ဂျင်ဆင်းကလေးလေးကို ချီထားလျက် ပြောလိုက်သည်။

" မင်းငါ့ကို တစ်ယောက်ယောက်နဲ့ လူမှားနေတာထင်တယ်..."


အားပုက ခေါင်းပြန်လှည့်လာပြီး ရှန်းလျိုရှန့်၏မျက်နှာကို တရှုံ့ရှုံ့ အနံ့ခံကာ ပြောလိုက်သည်။

" ပါပါးက သားရဲ့ပါပါးလေ..."


" မဟုတ်ဘူး..."


" ဟုတ်ပါတယ်..."


" မဟုတ်ဘူးဆို..."


ရှန်းလျိုရှန့် ဒေါသထွက်လာသည်။

" မင်းဘာလို့ လူတစ်ယောက်ရဲ့ ဖြူစင်မှုကို ဖျက်ဆီးနေတာလဲ..."


အားလုံး၏စိတ်ထဲ တစ်ပြိုင်နက် တွေးလိုက်ကြသည်။

" ဖြူစင်မှုတဲ့လား ငါတို့အားလုံးရဲ့ မျက်လုံးတွေနဲ့ တပ်အပ်မြင်တာလေ... လှေနံနှစ်ဖက်နင်းတယ်ဆိုတာလည်း အကန့်အသတ်ရှိတယ်... ဒါပေမဲ့ မြူတွေကင်းသွားတာနဲ့ အားလုံးရှင်းသွားမှာပါ...


အားပု ခဏတာ အံအားသင့်သွားပြီး နှုတ်ခမ်းစူလိုက်မိကာ သူ့စိတ်ထဲ အမှားလုပ်မိသည်ဟု ခံစာလိုက်ရသည်။


သူ ရှန်းလျိုရှန့်၏အမူအရာက စေ့စေ့စပ်စပ်ကြည့်နေပြီးနောက် အသံတိုးတိုးလေးဖြင့် ခေါင်းမာစွာပြောလိုက်သည်။

" ပါပါးက သားရဲ့ပါပါးဆိုနေ..."


‌ပါပါးက ဘာလို့ ငါ့ကို မမှတ်မိတာလဲ...


အားပုက မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပြီး လက်ချောင်းဆယ်ချောင်းကို ဂနာမငြိမ် လှုပ်နေကာ သူ့ဦးနှောက်သေးသေးလေးဖြင့် ဤအကြောင်းကို မနည်းစဉ်းစားနေရသည်။ ခဏအကြာတွင် သူ့မျက်လုံးထဲ မျက်ရည်များ ပြည့်လာတော့သည်။


ပါပါးက ငါ့ကို မချစ်တော့ဘူးထင်တယ်...


အားပု ဝမ်းနည်းတကြီးဖြင့် ငိုတော့မည့်အချိန်တွင် သူ့နောက်မှ လက်တစ်ဖက်ထွက်လာပြီး သူ့ကိုချီလိုက်သည်။


ခေါင်းအထက်မှ ရွှေရောင်သစ်ရွက်များကို လက်ချောင်းသွယ်သွယ်တစ်ဖက်က အသာဖိညစ်ထားပြီး လူငယ်လေး၏ အကြည့်ကလည်း အေးစက်နေသည်။ သူ အားပုကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

" မင်းအမေက ဘယ်သူလဲ..."


ရှန်းလျိုရှန့် ကလေးကိုချီလိုက်သည့် သူ့တပည့်ကိုကြည့်ပြီး တွေးလိုက်မိသည်။

ဟမ် ဘာကြီး...


ဒါ ဘာသဘောလဲ... အမေက မရှိဘူးလေ... ရှိရင်တောင် ငါနဲ့ဘာဆိုင်လို့လဲ...


အားပုက ကျိုးရွှမ်လန်ကို ခဏစိုက်ကြည့်နေပြီးနောက် စိတ်ရှုပ်သွားဟန်ဖြင့် မျက်ခုံးလေးများ တွန့်ချိုးသွားသည်။ ထို့နောက် ကျိုးရွှမ်လန်၏လည်ပင်းနားကိုကပ်လာပြီး အနံ့ခံကြည့်ကာ တအံ့တဩအသံပြုလိုက်သည်။


" ကိုကြီးဆီက ပါပါးရဲ့အနံ့ရတယ် ညတုန်းက ပါပါးနဲ့ တူတူအိပ်ထားတာလား..."


" ဝိုး..."


ခန်းမဆောင်တစ်ခုလုံး အုတ်အော်ဟောင်းနင်း ဖြစ်ကုန်သည်။


" အဲ့တော့ သူတို့တွေက တကယ်ကြီး ဝတ်ရုံလက်ပြတ်စုံတွဲပေါ့လေ... နျဉ်ရှစ်ရှု့ရဲ့ အကြိုက်ကတော့ တော်တော်ဆိုးဝါးတာပဲ..."


" ဓားဂိုဏ်းသားတွေ မင်းတို့ဘာလို့ အဲ့လိုရိုင်းရိုင်းစိုင်းစိုင်း ပြောနေရတာလဲ... ငါတို့ရဲ့ ချင်းလင်ဂိုဏ်းသားနှစ်ယောက် အချင်းချင်းချစ်ကြိုက်တာ မင်းတို့နဲ့ ဘာဆိုင်လဲ..." 


" ချစ်ကြိုက်တယ်တဲ့လား ဒါဆိုရင် ဒီဂျင်ဆင်းကလေးလေးက ပါပါးလို့ခေါ်နေတာ ဘယ်သူ့ကိုလဲ... ငါ့အထင်တော့ ရှန်းလျိုလျိုက အားလုံးကို အရူးလုပ်ထားတာပဲ..."


ကျိုးရွှမ်လန် ဇဝေ‌ဇဝါဖြစ်သွားပြီး ရှန်းလျိုရှန့်ကို လှမ်းကြည့်လိုက်သည်။ 


ရှန်းလျိုရှန့်က ဂျင်ဆင်းကလေးလေး၏ နောက်စေ့ကိုကြည့်နေပြီး အံကြိတ်ထားကာ ကလေးကို လှမ်းဆွဲတော့မည့်ပုံ ပြင်ထားသည်။ 


" ကလေးတွေက ရိုးရိုးသားသား ပြောတတ်ကြတာပဲ..."

ကျိုးရွှမ်လန်က အားပုကိုပြုံးပြပြီးနောက် ရှင်းပြလိုက်သည်။


" အဲဒါ ခြစ်ရာကြောင့်ပါ... သူ ငါ့ကိုကူပြီး ဆေးလိမ်းပေးထားတယ်လေ..."


အခြားလူများ : ခြစ်ရာတဲ့လား...


သူတို့ အိပ်ရာပေါ်မှာ ရထားတာလား....


အားပုက လက်ခုပ်တီးပြီး ရယ်လိုက်သည်။

" ကိုကြီးကို ဆေးကူလိမ်းပေးထားတာလား ပါပါးက အရမ်းသဘောကောင်းတာပဲ..."


" သူ့ကို ဦးဦးလို့ခေါ်..."

ကျိုးရွှမ်လန်က သူ့ကို အမှန်ပြင်ပေးလိုက်ပြီး ထပ်မေးလိုက်သည်။

" မင်းရဲ့ အမေက ဘယ်သူလဲ..."


အားပု၏မျက်နှာက ရှုံမဲ့သွားပြီး စိတ်ရှုပ်ထွေးသွားပုံပေါ်သည်။


သူ့ကို ပါပါးက တောင်ကြီးတစ်‌တောင်ရဲ့ နောက်ကနေ တူးထုတ်လာပေးတာလေ အမေက ဘယ်နေရာက ရောက်လာမှာလဲ...


ဒါပေမဲ့ တခြားလူတွေ ဒီကိစ္စကို သိလို့မဖြစ်ဘူး...


" ရှန့်ရှန့်... မာမားရဲ့နာမည်က ရှန့်ရှန့်..."


ကျိုးရွှမ်လန် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ဘေးနားမှ ရိုးရိုးသားသားပုံစံနှင့် လူငယ်လေးကို မေးလိုက်သည်။


" ရှန့်ရှန့်က ဘယ်သူလဲ..."


ရှန်းလျိုရှန့်က ပြန်ဖြေသည်။

" သူက ခြောက်လပိုင်းမှာ ကျတတ်တဲ့ နှင်းကိုခေါ်တာ မဟုတ်ဘူးလား..."


နျဉ်ယွင်ရှင်းထံမှ သင်ခန်းစာရခဲ့သော ရှန်းလျိုရှန့်မှာ သူ့ရှေ့တည့်တည့်ရှိ ဂျင်ဆင်းကလေးလေးက မူလခန္ဓာကိုယ်နှင့် သက်ဆိုင်နေခြင်း ရှိမရှိကို မသေချာဖြစ်နေသည်။


တကယ်လို့ သူကသာ တစ်ယောက်ယောက်ရဲ့ကလေး ဖြစ်နေမယ်ဆိုရင်...


ရှန်းလျိုရှန့်၏ အမြင်အာရုံထဲ အမှောင်ထုကြီး ကြီးစိုးလာပြီး စိတ်ထဲတွင် သွေးတစ်လုတ်မက အန်နေမိတော့သည်။ 


" အဓိပ္ပါယ်မရှိတာတွေ..."

ဂျင်ဆင်းတောင်မှ ခေါင်းဆောင်က ဒေါသတကြီးအော်ပြောလိုက်သည်။


" မင်းက သစ်ပင်ကနေ ပေါက်လာတဲ့ အသီးအပွင့်လေ ဘယ်လိုဖြစ်လို့ လူသားအဖေ ရှိနေမှာလဲ..."


ရှန်းလျိုရှန့်၏မျက်နှာက တောက်ပသွားသည်။ သို့သော် သူ အပြည့်အဝ မပျော်နိုင်မီမှာပင် အားပုက သူ့ရင်ခွင်ထဲ ပြေးဝင်လာပြီး ချစ်စရာကောင်းအောင် နှုတ်ခမ်းစူလိုက်သည်။


" သားက ဂျင်ဆင်းတောင်ပေါ်က သစ်သီးမဟုတ်ဘူး... သားကို ပါပါးပဲပိုင်တာ... သားကို အားပုလို့မခေါ်နဲ့ ရှန်းပုပုလို့ခေါ်..."


ဆောင်းဦးလေပြည်တစ်ချက် တိုက်ခတ်သွားပြီး ရှန်းလျိုရှန့်၏နှလုံးသားထဲတွင် သစ်ရွက်များကြွေကျသွားသကဲ့သို့ ခံစားလိုက်ရသည်။


ငါ အေးလာပြီ တကယ်ကြီး အေးနေပြီ...


ငါ့ရဲ့ ရှေ့နာမည်ကြီးကိုတောင် သိနေပြီဆိုတော့ အခုနေ စမ်းချောင်းဝါမြစ်ထဲကို ခုန်ချသွားမယ်ဆိုရင်တောင် ဖြူစင်မှုကိုပြန်ရအောင် မဆေးကြောနိုင်လောက်တော့ဘူး...


ပုံရိပ်တစ်ခုက ဖျတ်ခနဲ လှုပ်ရှားသွားသည်။  ခန်းမဆောင်ထဲမှ တစ်စုံတစ်ယောက်က နောက်ဆုံးတွင် ကြည့်မနေနိုင်တော့ပေ။


နျဉ်ယွင်ရှင်းက ရှန်းပုပု၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လက်သီးဆုပ်အရွယ်အစားခန့်ရှိသည့် အရှေ့ပင်လယ်ပုလဲကိုထုတ်လိုက်၍ ပုလဲ၏တောက်ပမှုကြောင့် အားလုံး မျက်စိကျိန်းကုန်သည်။


" ဦးနာမည်က ဦးလေးနျဉ်ပါ... မင်း ဆော့ဖို့ ဒါလေးယူထားလိုက်..."


ဓားဂိုဏ်းမှလုများက အော်ဂလီဆန်စရာများစားထားရသည့် အမူအရာများဖြင့် သူ့ကိုစိုက်ကြည့်နေကြပြီး အော်ဟစ်ပစ်ချင်စိတ် ပေါ်လာပေသည်။

နျဉ်ရှစ်ရှု့ ထတော့ ကျေးဇူးပြုပြီး အိမ်မက်ကနေ ထလာလိုက်ပါတော့...


" တခြားလူတွေဆီက ပစ္စည်းတွေဆို မယူရဘူးလို့ ပါပါးက ပြောထားတယ်..."

ရှန်းပုပုက သူ့‌ပါပါး၏ ရုပ်တည်ကြီးကို အတုခိုးကာ ပြောလိုက်သည်။


အခြားလူများ : ကောင်းကောင်းသင်ပေးထားတာပဲ...


ရှန်းလျိုရှန့် : အဲ့လိုသင်ပေးထားတာ ငါမဟုတ်မှန်း သိသာနေတာပဲ...


နျဉ်ယွင်ရှင်းက သူ့ကို အတင်းဖိအားမပေးတော့ဘဲ လက်ပြန်ရုတ်တော့မည့်အချိန်တွင် ရှန်းပုပုက လက်နှစ်ဖက်လုံးဆန့်ထုတ်လိုက်ပြီး ပုလဲလုံးကို ဖက်ထားကာ လွှတ်ပေးတော့မည့်ပုံ မပြတော့ပေ။


" ပါပါးက တခြားလူတွေဆီက ပစ္စည်းကို မယူရဘူးလို့ပြောထားတယ်..."


သူ ရပ်လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားဟန်ဖြင့် ထပ်ပြောလိုက်သည်။


" ငြင်းလို့မရတာမျိုး မဟုတ်ရင်ပေါ့..." 


အခြားလူများ : ······


ရှန်းလျိုရှန့် ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။


ဂျင်ဆင်းဝောာင်မှ ခေါင်းဆောင်က သည်းမခံနိုင်တော့၍ ဟွန်းခနဲအသံပြုကာ လျှောက်လာပြီး ရှန်းပုပုကို လာဆွဲခေါ်တော့သည်။

" မင်း ပါပါးရဲ့ကိစ္စကို ငါတို့ နောက်မှပြောကြမယ်... အရင်ဆုံး အကြီးအကဲ ညွှန်ကြားထားတဲ့အတိုင်းလက်ဆောင်ပေးလိုက်ဦး..."


ရှန်းပုပုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်ကို ဆွဲယူလိုက်ပြီး နှုတ်ခမ်းစူထားသည်။


" သားက အဲဒါတွေကို ပါပါးကိုပဲ ပေးချင်တာ..."


သူက ရွှေရောင်သစ်ရွက်လေးကို အုပ်စုခေါင်းဆောင်ထံ ပေးလိုက်သည်။


" ရွှေမှုန်လေးတွေရေ ကိုယ့်ဘာသာပဲဖြန်းလိုက်တော့နော်... ‌ဒီရက်ပိုင်း ငါ့ကို လာမရှာပါနဲ့ ငါ ပါပါးနဲ့ပဲ နေ‌မှာ..."


သို့ဖြစ်၍ စားပွဲသောက်ပွဲ၏ ဒုတိယပိုင်းတွင် ရှန်းလျိုရှန့်၏ဘေးနား၌ ဆန်မုန့်လုံးလေးတစ်လုံး ကပ်နေတော့သည်။


သူ နောက်ဆုံးတွင် သည်းမခံနိုင်ဖြစ်လာပြီး သူ့နားအတင်းကပ်နေသည့် ရှန်းပုပုကို ကျိုးရွှမ်လန်ထံ ပေးကာ ပြောလိုက်သည်။


" ငါ အရေးကြီးကိစ္စတစ်ခု လုပ်စရာရှိသေးတာ ခုမှ သတိရတယ်... ငါအခုသွားရတော့မယ် ကျေးဇူးပြုပြီး ငါ့အစား သူ့ကိုကြည့်ပေးထားပါဦး..."


ကျိုးရွှမ်လန်က မျက်ခုံးများတွန့်ချိုးထားပြီး ရှန်းပုပု မည်သည့်နေရာမှ ရောက်လာသည်ကို အလေးအနက် တွေးတောနေဆဲဖြစ်သည်။ သူ တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။


" တာအိုအစည်းအဝေးမပြီးခင် ဘယ်သွားမလို့လဲ ရှစ်စွမ်း..."


စားပွဲသောက်ပွဲ၏ ဒုတိယပွဲက ယနေ့အတွက် အဓိကပွဲကြီးဖြစ်သည်။ မဟာယနအဆင့်သို့ တက်သွားသော တာအိုပညာရှင်ကျန့်ကျန်းက ကျန်းစာများနှင့် ကျင့်ကြံဆင့်များအကြောင်းကို ဒြပ်စင်ငါးပါးစင်မြင့်ထက်တွင် ဆွေးနွေးမည်ဖြစ်သည်။ ၎င်းက ကြုံတောင့်ကြုံခဲ အခွင့်အရေးဖြစ်၍ အင်မော်တယ်ဂိုဏ်းများစွာ၏ ခေါင်းဆောင်များပင် နိမ့်ချစွာဖြင့် နားဆင်ကြမည်ဖြစ်သည်။


ဂျူနီယာတပည့်တစ်ယောက်အနေဖြင့် ရုပ်ဖျက်လာသော ရှန်းလျိုရှန့်က ထိုနေရာတွင် မရှိနေပါက အလွန်ဘဝင်လေဟပ်လွန်းသည်ဟု ထင်စရာဖြစ်သွားနိုင်သည်။


သို့ဖြစ်၍ ရှန်းလျိုရှန့်က အားလုံးနှင့် သဟဇာတဖြစ်အောင်နေပြီး အမြီးကုပ်ထားလိုက်ရသည်။


စင်မြင့်ကြီး၏ အလယ်ဗဟိုတွင် အဖြူရောင်အလင်းတန်းဖျော့ဖျော့များ ဝန်းရံနေသည့် ပုံရိပ်တစ်ခုက တင်ပျဉ်ခွေထိုင်နေသည်။ သူ့မျက်နှာကို မြူအလွှာပါးတစ်ခု ကာဆီးထား၍ ချောမောခန့်ညားမှုကို မှုန်ဝါးဝါးသာ မြင်တွေ့ရသည်။ 


ဆွေးနွေးမှုက နာရီပေါင်းများစွာကြာမြင့်မည်ဖြစ်ကာ နောက်တစ်နေ့ နေ့လည်အချိန်ထိ ရောက်သွားပြီးမှ ထိုပုံရိပ်က ပျောက်ကွယ်သွားမည်ဖြစ်သည်။ လေထဲတွင် တီးတိုးပြောဆိုသံများဖြင့် ပြည့်လာပြီး တပည့်အများစု၏ပုံစံက အလေးအနက်ဖြစ်နေကာ သူတို့အမြင်များကို အချင်းချင်းဆွေးနွေးနေကြသည်။ 


တပည့်များအကြားတွင် ထိပ်ဆုံးနေရာကိုရထားသော ကျိုးရွှမ်လန်က တာအိုပညာရှင်ကျန့်ကျန်းနှင့် အနီးဆုံးမှ နားထောင်ခဲ့လိုက်ရသည်။


လင်ကျင်းယဲ့က မျက်ခုံးအနည်းငယ်တွန့်ချိုးလိုက်ပြီးနောက် သူ့ဘေးနားမှလူကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

" ရွှမ်လန် မင်းဘယ်လိုထင်လဲ..."


" ရှူး..."


လင်ကျင်းယဲ့ ထိတ်လန့်သွားရသည်။ ကျိုးရွှမ်လန်၏ဘေးတွင် ထိုင်နေသော ရှန်းလျိုလျိုက ကျိုးရွှမ်လန်၏ခေါင်းပေါ် ပခုံးမှီထားသည်ကို နောက်ဆုံးတွင် သူ သတိပြုမိသွား၏။ သူ၏ မျက်တောင်ရှည်များက အောက်သို့ ကော့ညွတ်နေပြီး အသက်ရှုသံတိုးတိုးက စည်းချက်ကျနနေသည်။ 


ရှန်းလျိုရှန့်တစ်ယောက်တည်းသာ အိပ်ပျော်နေခြင်းမဟုတ်ဘဲ ရှန်းပုပုကပါ သူ့ပေါင်ပေါ်မှီပြီး ရွှေရောင်သစ်ရွက်လေးနှစ်ရွက်က အောက်သို့ငိုက်စိုက်ကျနေကာ ပါးစပ်ဟထားပြီး ဟောက်နေသည်။


လင်ကျင်းယဲ့ တအံ့တဩဖြစ်သွားပြီး မေးလိုက်သည်။

" သူတို့တွေ အိပ်ပျော်နေကြတာလား..."


မဟာယနအဆင့်ရောက်နေတဲ့ တာအိုပညာရှင်က ဟောပြောနေတာကို အိပ်ပျော်သွားတယ်ဆိုတော့ ဒီကောင်လေးနဲ့ ကလေးပေါက်စလေးက တော်တော်လေးကို အံ့ဩစရာကောင်းတာပဲ...


ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို တိုးတိုးနေရန် အချက်ပြလိုက်သည်။ သို့ရာတွင် ပတ်ဝန်းကျင်၌ အသံများဖြင့်ဆူညံနေပြီး စကားပြောသံများက တဖြည်းဖြည်း ကျယ်လောင်လာလေသည်။


နူးညံ့ဖြူဖွေးသော လက်တစ်ဖက်က ညင်သာစွာ လှုပ်ရှားလာ၏။


ဆူညံသံများကြောင့် အိပ်ရာနိုးလုဆဲဆဲဖြစ်သွား၍ ရှန်းလျိုရှန့် မသိမသာ မျက်ခုံးများ တွန့်ချိုးလိုက်မိသည်။ ကျိုးရွှမ်လန်က သူ လှုပ်ရှားလာသည်ကို သတိပြုမိပြီး နွေးထွေးသော လက်ချောင်းများကို ဆန့်တန်းလိုက်မိသည်။ 


ညပိုင်းတွင် လေအေးများ တိုက်ခတ်မှုကြောင့် ရှန်းလျိုရှန့်၏ နားရွက်များက အေးစက်နေပြီဖြစ်သည်။ ရုတ်တရက် နွေးထွေးသော လက်ချောင်းများက နားရွက်ကို လာရောက်အုပ်မိုးသည့်အခါ ထိုလက်ပေါ် ခေါင်းမှီလိုက်ပြီး နွေးထွေးမှုပေးနေသည့်လက်ကို ပွတ်သပ်နေမိသည်။


နူးညံ့သော နားရွက်ဖျားလေးက ကျိုးရွှမ်လန်၏ လက်မဖြင့် မတော်တဆ ထိမိသွားချိန်တွင် ကျိုးရွှမ်လန်က သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ၎င်းကို ညင်သာစွာ ပွတ်ပေးနေမိသည်။


သူ့ကိုကြည့်ရတာ သက်တောင့်သက်

သာ ဖြစ်နေသလိုပဲ...


သက်တောင့်သက်သာဖြစ်လွန်းလို့ ဒီလိုချစ်စရာကောင်းတဲ့ အမူအရာလေးတောင် ဖြစ်သွားတာပဲ...


ထိုအခိုက်အတန့်တွင် ဓားဂိုဏ်းရှိတပည့်များ စုဝေးနေသည့်နေရာမှ အံ့ဩတကြီးအော်သံကြီး ထွက်ပေါ်လာလေသည်။


" ကျောက်ရှစ်ရှုန်းးး "