အပိုင်း ၄၁
Viewers 22k

Chapter 41




အားလုံးက ခေါင်းလှည့်ကြည့်လိုက်ကြသည်။ 


ကျောပေါ်တွင် အနက်ရောင်ဓားရှည်ကြီးနှင့် အရပ်ရှည်ရှည်လူငယ်လေးက လန်ရှောင်ရှန့်ကို ဦးညွှတ်အရိုအသေပြုပြီး တည်ကြည်လေးနက်သောအသံဖြင့် ပြောလိုက်သည်။


" ဂိုဏ်းချုပ် ကျွန်တော့်ခရီးကနေ ပြန်ရောက်ပါပြီ..."


လန်ရှောင်ရှန့် ခေါင်းညိတ်ပြလိုက်သည်။

" အချိန်ကိုက်ပဲ... မင်းရဲ့ဆရာကလည်း တာအိုအကြောင်းဆွေးနွေးနေတာ... ပြီးမှ ငါနဲ့တူတူ နားထောင်လေ..."


ကျောက်လင်း၏အကြည့်က ဘေးနားသို့ရောက်သွားသည်။

" ရှစ်ရှုန်း..."


ယဲ့ပင်းရန်က ခေါင်းအသာညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမှ မပြောပေ။ 


ဓားဂိုဏ်းမှ အခြားတပည့်များက သူတို့အကြားမှ ဆက်ဆံရေးကို ကျင့်သားရနေပြီဖြစ်သည်။ အကယ်၍ အပြင်ပန်းပုံစံကို ကြည့်မည်ဆိုပါက သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက မကောင်းမွန်ဟု ထင်မြင်နိုင်ပေသည်။ သို့သော် အမှန်တွင် သူတို့နှစ်ယောက်က ညီအစ်ကိုရင်းချာသဖွယ် ရင်းနှီးကြပေသည်။


‌‌ကျောက်လင်း ငယ်ရွယ်စဉ်အချိန်က ဓားဂိုဏ်း၏ တပည့်ဖြစ်လာပြီးသည့်နောက်တွင် ဂိုဏ်းချုပ်လန်က တာဝန်ယူရမှုများစွာရှိနေသောကြောင့် သူ့ကို အနည်းငယ်ခန့်သာ သင်ကြားပေးခဲ့ရသည်။ သို့ဖြစ်၍ သူ့ကို သင်ကြားပေးရမည့်တာဝန်များက စီနီယာအစ်ကိုဖြစ်သော ယဲ့ပင်းရန်အပေါ်သို့သာ ကျရောက်သွားရသည်။


ကျောက်လင်းအတွက်မူ ယဲ့ပင်းရန်က ဆရာတူအစ်ကိုဖြစ်ရုံသာမက ဆရာတစ်ယောက်သဖွယ်လည်းဖြစ်၍ သူ့ကို အလွန်လေးစားပေသည်။


‌ဓားဂိုဏ်းမှလူအားလုံး သတ်ချင်နေကြသည့် အင်မော်တယ်ရှန်းက ယဲ့ပင်းရန်ကို အကြိမ်ကြိမ်အခါခါ လာရောက်နှောင့်ယှက်ခဲ့စဉ်က အခြားသူများမှာ ရှန်းလျိုရှန့်၏ အင်မော်တယ်ဟူသော ဂုဏ်ပုဒ်ကိုကြောက်၍ မဟန့်တားရဲခဲ့ပေ။ သို့ရာတွင် ကျောက်လင်းက အချိန်တိုင်းတွင် သူ့ကိုတားဆီးပြီး နှင်ထုတ်ပစ်ခဲ့သည်။


သူတို့နှစ်ယောက်က စကားများများမပြောကြလဲ အေးတိအေးစက်သာ နေကြသော်လည်း တစ်ယောက်‌နှင့်တစ်ယောက် ညီအစ်ကိုရင်းချာသဖွယ် သဘောထားကြသည်။


" ရှစ်ဖူ( ဆရာ )လည်း တံခါးပိတ်ကျင့်ကြံနေဝာာကနေ ထွက်လာပြီလား..."

ကျောက်လင်းက နျဉ်ယွင်ရှင်းကိုမြင်သည်နှင့် နှုတ်ဆက်လိုက်သည်။

" မတွေ့ရတာကြာပြီ ရှစ်ဖူ..."


သို့ရာတွင် နျဉ်ယွင်ရှင်းက သူ့ကိုအာရုံမစိုက်နိုင်ပေ။ တစ်ယောက်ယောက်က သူ့ကိုစကားပြောနေခြင်းကိုပင် သတိမပြုနိုင်သည့်ပုံ ဖြစ်နေသည်။ သူ့အကြည့်က ချင်းလင်ဂိုဏ်းမှ တပည့်များအပေါ်တွင်သာ ရှိနေသည်။


ကျောက်လင်းက သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။


သူ့မြင်ကွင်းထဲတွင် တပည့်နှစ်ယောက်ကို တွေ့လိုက်ရသည်။ အခြေခံအုတ်မြစ်တည်အဆင့်သာ ရှိသေးသော တပည့်လေးက ရွှေအမြုတေအဆင့်သို့ရောက်နေသော တပည့်တစ်ယောက်အပေါ် ခေါင်းတင်ထားပြီး သူတို့ဘေးနားတွင် ဆန်မုန့်လုံးသဖွယ် ကလေးလေးတစ်ယောက်က ကွေးကွေးလေး ရှိနေသည်။


ထိုမြင်ကွင်းက သူ့အခြေအနေနှင့်သူ သဟဇာတဖြစ်နေသော်လည်း ထူးဆန်းလွန်းနေသည်။ 


ကျောက်လင်း မျက်မှောင်ကြုတ်လိုက်ပြီး ရှစ်ဖူက စူးစမ်းချင်နေသည့်အရာကို နားမလည်နိုင်ဖြစ်နေသည်။ ကံကောင်းသည်မှာ ဤကိစ္စက သူနှင့် မသက်ဆိုင်နေ၍ သူ အာရုံမစိုက်ဖြစ်လိုက်တော့ပေ။ 


သူ အကြည့်ပြန်လွှဲတော့မည့်အချိန်မှာပင် လေပြည်တစ်ချက်ဝေ့လာပြီး အခြေခံအုတ်မြစ်တည်အဆင့် လူငယ်လေး၏ မျက်နှာကို ဖုံးကွယ်ထားသကဲ့သို့ဖြစ်နေသော တပည့်လေး၏ဆံပင်ကို လွင့်သွားစေ၍ သူ့မျက်နှာလေး ပေါ်လာသည်။


ကျောက်လင်း၏ မျက်လုံးများပြူးကျယ်သွားပြီး တအံ့တဩဖြစ်သွားသည့် အမူအရာမျိုး ပေါ်လာသည်။ 


" အစ်ကိုရှန်းရှန့်လား..."


သူ အတည်ပြုလိုသောကြောင့် ထိုနေရာသို့ ချက်ချင်းလျှောက်သွားလိုက်သည်။ လန်ရှောင်ရှန့်က သူ့ကိုလှမ်းခေါ်နေသော်လည်း ကျောက်လင်းက အာရုံမစိုက်နိုင်ဝောာ့ပေ။


ယဲ့ပင်းရန် မျက်မှောင်ကြုတ်လိုက်သည်။

" ရှစ်တိက ဘာဖြစ်သွားတာလဲ..."


ဂိုဏ်းချုပ်လန်က ပြောလိုက်သည်။

" သူက ချင်းလင်ဂိုဏ်းသားတွေ ရှိတဲ့ဘက်ကို သွားနေတာပဲ ငါတို့သွားကြည့်ရအောင်..."


သူ ပြောနေစဉ်မှာပင် နျဉ်ယွင်ရှင်းက သူတို့ရှေ့မှထွက်သွားသည်ကို မြင်လိုက်ရသည်။


ဓားဂိုဏ်းသားများ ရုတ်ရုတ်သဲသဲဖြစ်သွားခြင်းကြောင့် အခြားလူများ၏ အာရုံစိုက်မှုများက သူတို့ထံသို့ လျင်မြန်စွာရောက်ရှိလာသည်။


ကျောက်လင်းက ချင်းလင်ဂိုဏ်းသားများ ရှိရာဘက်သို့ချဥ်းကပ်သွားပြီး သူ့ကျောပေါ်မှ ဓားရှည်ကြီးကိုချထားကာ တပည့်နှစ်ယောက်ရှေ့တွင် ထိုင်ချလိုက်သည်ကို အားလုံးမြင်လိုက်ရသည်။ ထိုတပည့်နှစ်ယောက်အနက်မှတစ်ယောက်ကို ဂရုတစိုက် စူးစမ်းနေပြီး နောက်ဆုံးတွင် သူ၏ ပုံမှန်အချိန်၌ တည်ကြည်နေတတ်သော မျက်နှာထက်၌ ဝမ်းသာပျော်ရွှင်သွားသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။

" အစ်ကိုရှန်းရှန့်က ဘာလို့ ဒီနေရာမှာ ရှိနေတာလဲ..." 


ချင်းလင်ဂိုဏ်းမှ တပည့်များက အလွန်ခေါင်းရှုပ်သွားတော့သည်။


ဓားဂိုဏ်းမှ တပည့်များမှာမူ တို့ဟူးတစ်တုံးစီဝယ်ပြီး သူတို့ခေါင်းပေါ် ရိုက်ခွဲပစ်ချင်စိတ်များ ပေါ်လာသည်။

ဒီ ရှန်းလျိုလျိုပဲ ဖြစ်နေပြန်ပြီလား...


ကျိုးရွှမ်လန်က သူ့နားများကိုအုပ်ထားပြီး အသံလုံစေသည့် မန္တန်ကို ရွတ်ဆိုပေးထားသောကြောင့် ရှန်းလျိုရှန့်က လှုပ်ရှားမှု ကင်းမဲ့နေဆဲဖြစ်သည်။ ဤအခိုက်အတန့်တွင် သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး ဘေးပတ်ဝန်းကျင်မှ အသံများကို လုံးဝမကြားရပေ။


ကျိုးရွှမ်လန်က ကျောက်လင်းကိုကြည့်ပြီး ပြောလိုက်သည်။

" သူ့နာမည်က ရှန်းလျိုလျို လို့ခေါ်တယ်..."


သူတို့နှစ်ယောက်က ဂိုဏ်းအပြင်တွင် အတွေ့အကြုံများ ရှာဖွေစဉ်က တစ်ယောက်နှင့်တစ်ယောက် တွေ့ဖူးကြ၍ တစ်ယောက်နှင့်တစ်ယောက် အနည်းငယ် ရင်းနှီးသည်ဟု သတ်မှတ်နိုင်ပေသည်။


ကျောက်လင်းက ပြန်ဖြေလိုက်သည်။

" ငါ့ကိုတော့ သူ့နာမည်က ရှန်းရှန့်လို့ ပြောခဲ့တာ..."


ကျိုးရွှမ်လန် မျက်ခုံးပင့်လိုက်ပြီး ရှန်းလျိုရှန့်၏ပေါင်ပေါ်အိပ်နေသည့် ခေါင်းပိစိလေးကိုကြည့်ကာ မျက်လုံးများ မှေးကျဉ်းလိုက်သည်။ 


ယဲ့ပင်းရန်က အိပ်ပျော်နေသူကိုကြည့်ပြီး မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ပေ။ 


သူတို့၏ဆရာက တာအိုအကြောင်း ဆွေးနွေးနေစဉ်တွင် ရှန်းလျိုလျိုက အလေးအနက် တွေးတောဆင်ခြင်နေရမည့်အစား တစ်ယောက်ယောက်၏ပခုံးပေါ်မှီ၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ အကယ်၍ သူက ဓားဂိုဏ်းမှ တပည့်တစ်ယောက်ယောက်ဖြစ်ခဲ့ပါက ယဲ့ပင်းရန်က ဆူပူကြိမ်းမောင်းပစ်မည်ဖြစ်သော်လည်း ထိုကောင်လေးက ချင်းလင်ဂိုဏ်းသားဖြစ်နေ၍ သူာဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ 


ယဲ့ပင်းရန် မေးလိုက်သည်။

" မင်း သူ့ကိုသိလို့လား..."


ကျောက်လင်းက ပြန်ဖြေသည်။

" ကျွန်တော် ရှစ်ရှုန်းကို အရင်က ပြောပြခဲ့ဖူးပါတယ် ... အရင်တုန်းက မြင့်မြတ်တဲ့လူတစ်ယောက်နဲ့တွေ့ခဲ့ဖူးတယ်ဆိုတာလေ... အဲဒါသူပဲ..."


ယဲ့ပင်းရန် အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။


ကျောက်လင်းက လူသူအရောက်အပေါက်နည်းပြီး ချောင်ကျ‌လာသော တောင်ပိုင်းစီရင်စုတစ်ခုမှ လာခဲ့ခြင်းဖြစ်ကြောင်း သူ့ကိုပြောပြခဲ့ဖူးသည်။ သူ့ဘဝ၏ အစောပိုင်းတွင် ကျင့်ကြံရေးလောကနှင့် ဆက်နွယ်မှု လုံးဝမရှိခဲ့ပေ။ သို့ရာတွင် ကံကောင်းစွာဖြင့် သူ ငယ်ရွယ်စဉ်အချိန်တွင် မြင့်မြတ်သူတစ်ယောက်နှင့် တွေ့ဆုံခဲ့သည်။


ထိုလူက သူ့ကို ဓားသိုင်းများ သင်ကြားပေးခဲ့ပြီး ဓားဂိုဏ်းသို့ ဝင်ရောက်နိုင်အောင် ကူညီပေးခဲ့သည်။


ကျောက်လင်း ဝင်ခွင့်စစ်ဆေးချက်တွင် ပါဝင်ခဲ့စဉ်က သူ့ကိုယ်ပေါ်တွင် ဝိညာဉ်စွမ်းအား အရိပ်အယောင်ပင် မရှိခဲ့၍ ရွယ်တူများထက် နောက်ကောက်ကျ ကျန်ရစ်ခဲ့သည်။ သို့သော် သူ့ဓားသိုင်းများကိုသုံး၍ သူ့ဆရာဖြစ်လာမည့်သူကို အထင်ကြီးစေခဲ့သောကြောင့် ဆရာဖြစ်သူက သူ့အရည်အချင်းကို အသိအမှတ်ပြုပြီး တပည့်အဖြစ် ခေါ်ယူခဲ့သည်။


ဖြစ်စဉ်တစ်ခုလုံးက ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းဖြင့် တက်သွားခြင်းနှင့် တူညီပေသည်။


သူ့ညီငယ်လေး အချိန်အတန်ကြာအောင် တွေးတောနေခဲ့ရသည့်ထိုလူက သူ့ရှေ့မှ လူငယ်လေးဖြစ်နေရုံသာမက သူ့စီနီယာအစ်ကို ရှာဖွေခဲ့သည့်လူ ဖြစ်နေမည်ဟု ယဲ့ပင်းရန် မမျှော်လင့်မိခဲ့ပေ။ 


ကျောက်လင်းက သူ့ရှေ့မှလူကို စကားပြောလိုသော်လည်း ရှန်းလျိုရှန့် အနားယူနေသည်ကို မနှောင့်ယှက်မိအောင် ထိန်းချုပ်ထားသည်။


သို့ဖြစ်၍ သူက ရှန်းလျိုရှန့်၏ မျက်နှာချင်းဆိုင်တွင် တင်ပျဉ်ခွေထိုင်နေပြီး လက်တစ်ဖက်တွင် မေးထောက်ထားကာ သူ့ကိုစိုက်ကြည့်နေခဲ့သည်။


နျဉ်ယွင်ရှင်းကလည်း ထိုင်ချလိုက်ပြီး ထိုနေရာကို လှမ်းကြည့်နေသည်။


ထိုအချိန်တွင် ကျိုးရွှမ်လန်က တိတ်ဆိတ်နေဆဲဖြစ်သော်လည်း မျက်ခုံးတစ်ဖက်အသာပင့်လိုက်ပြီး သူ့လက်ချောင်းများဖြင့် ရှန်းလျိုရှန့်၏ ဆံပင်များကိုအသာကိုင်ပြီး မျက်နှာတစ်ခုလုံးနီးပါး ဖုံးသွားအောင် အုပ်ထားလိုက်လေသည်။


လေထုအခြေအနေက ကိုးရို့ကားယားဖြစ်လာ၏။


ဓားဂိုဏ်းမှ တပည့်များအားလုံးလည်း သေချင်ယောင်သာ ဆောင်နေလိုက်ကြသည်။ ‌ဓားဂိုဏ်းတွင် အရည်အချင်းရှိသူ များစွာရှိသော်လည်း ကျင့်ကြံရေးလောကတွင် နာမည်ရထားသူက အနည်းငယ်သာရှိသည်။ ယခင်မျိုးဆက်တွင်မူ ထိုလူက ယဲ့ပင်းရန်နှင့် နျဉ်ယွင်ရှင်းဖြစ်ခဲ့ပြီး ယခုချိန်တွင်မူ ကျောက်လင်း ဖြစ်ပေသည်။


ဓားဂိုဏ်းရဲ့ အနာဂတ်ကို သယ်ဆောင်သွားမယ့် လူနှစ်ယောက်လုံးက အခုချိန်မှာ ရှန်းလျိုလျိုနဲ့ ပတ်သက်မိနေမယ်လို့ ဘယ်သူတွေးမိမှာလဲ...


ဓားဂိုဏ်းမှ တပည့်များအားလုံး၏ နှလုံးသားများက အေးစက်လာသော်လည်း ယဲ့ပင်းရန်တစ်ယောက် ကျန်နေသေး၍ သူတို့ စိတ်သက်သာရာ ရသွားသည်။ ဂိုဏ်းတွင်မွေးဖွားပြီး ကြီးပြင်းလာခဲ့သော ယဲ့ပင်းရန်က သူ ငယ်ရွယ်စဉ်တွင် ကယ်တင်ပေးခဲ့သည့် မြင့်မြတ်သူတစ်ယောက် မရှိသည့်အပြင် ‌ဂိုဏ်းအပြင်၌ လေ့ကျင့်ရေးဆင်းစဉ် ရေစက်ဆုံပြီး တွေဖူးခဲ့သူလည်း မရှိပေ။ သူ ပြုလုပ်နိုင်သည့် တစ်ခုတည်းသောအရာက အခြားလူများကို ကယ်တင်ခြင်းဖြစ်သည်။


အူတိုင်ထဲထိ လှိုဏ်နေအောင် ပုပ်သိုးနေသည့် အင်မော်တယ်ရှန်းကိုပါ သူ ကယ်တင်ခဲ့သော်လည်း ဂိုဏ်းသားအားလုံး ဂရုစိုက်ရသည့် အခြားလူများကိုပါ ကယ်တင်ပေးခဲ့ခြင်းဖြစ်၍ သူတို့စိတ်ထဲ သက်တောင့်သက်သာ ဖြစ်သွားရသည်။


ဓားဂိုဏ်းသားများ၏ ရှုပ်ထွေးနေသော အတွေးများနှင့် နှိုင်းစာပါက ချင်းလင်ဂိုဏ်းသားများ၏ အတွေးက ပိုမိုရိုးရှင်းပေသည်။


ကြောက်လန့်ခြင်းကြောင့် တုန်လှုပ်နေခြင်းဟူသည့် စကားဖြင့် သူတို့အခြေအနေကို ဖော်ပြနိုင်သည်။


ဂိုဏ်းချုပ်၊ ဓားသခင်ယဲ့ပင်းရန်၊ နျဉ်ရှစ်ရှု့နှင့် ကျောက်ရှစ်ရှုန်းတို့၏ စောင့်ကြည့်ခြင်း ခံနေရသောကြောင့် သူတို့အားလုံး ကြောက်လန့်တကြားဖြစ်ပြီး ဇောချွေးများပြန်ကာ တစ်ကိုယ်လုံးအေးစက်နေကြသည်။


ငါတို့ အရင်တုန်းက တစ်ခါမှ ဒီလိုအခြေအနေမျိုးကြီး မဖြစ်ဖူးဘူး...


သို့ရာတွင် ဤအဖြစ်အပျက်ကို ဖြစ်စေခဲ့သူက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး သူ့မျက်နှာပေါ်မှ ဆံပင်များကြောင့် ယားကျိကျိဖြစ်လာ၍ ခေါင်းကို အနည်းငယ် နေရာရွှေ့လိုက်ပြီး ကျိုးရွှမ်လန်၏ပခုံးကိုမှီကာ ဆက်အိပ်ရန်အတွက် သက်တောင့်သက်သာဖြစ်မည့် နေရာတစ်ခုကို ရှာနေသည်။


" မင်း သူ့ကို ဘယ်မှာတွေ့ခဲ့တာလဲ..."

နျဉ်ယွင်ရှင်းက မေးလိုက်သည်။


" တောင်ပိုင်းစီရင်စုမှာပါ..."


" ငါ့ကို အသေးစိတ် ထပ်ပြောပြ..."


" ကျွန်တော့်ကို တောင်ပိုင်းစီရင်စုက ဒေသလေးတစ်ခုမှာမွေးခဲ့ပြီးတော့ အသက်ရှစ်နှစ်အရွယ်ရောက်တဲ့အထိ သူဖုန်းစားအဖြစ်ပဲ လှည့်လည်သွားလာခဲ့ရတာပါ... အန္တရာယ်ရှိနေတဲ့ အခြေအနေကို ရောက်လာတဲ့အချိန်မှာ လူငယ်လေးတစ်ယောက်က ကျွန်တော်ကို ကယ်ခဲ့ပါတယ်..."


ကျောက်လင်း၏အကြည့်က ရှန်းလျိုရှန့်၏ မျက်နှာထက်သို့ ကျရောက်သွားပြီး သူ့မျက်ဝန်းထဲတွင် အတိတ်ကို လွမ်းဆွတ်တမ်းတမှုများဖြင့် ပြည့်သွားသည်။


အစိမ်းရောင်ဝတ်ရုံ ဝတ်ထားသောလူငယ်လေးက သူ့ကိုယ်သူ ရှန်းရှန့်ဟု မိတ်ဆက်ခဲ့သည်။


ထိုစ‌ဥ်အချိန်က ကျောက်လင်းမှာ ကျင့်ကြံသူကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသေးသည့်အပြင် လောကကြီးက ကျယ်ပြန့်ကြောင်းနှင့် ကျင့်ကြံသူကဲ့သို့ တည်ရှိမှုများ ရှိနေကြောင်း မသိခဲ့ပေ။ ရှန်းရှန့်က သူကြားဖူးခဲ့သည့် ပုံပြင်များထဲမှ နတ်သားလေးတစ်ယောက်နှင့်တူ၍ သူ့ကို "အင်မော်တယ်အစ်ကိုကြီး" ဟု ခေါ်ခဲ့သည်။


ထိုနာမည်ကြောင့် လူငယ်လေးက အချိန်အတန်ကြာသည်အထိ ပျော်ရွှင်နေခဲ့သည်။


သူတို့ မနက်မှ ညအထိ စကားစမြည်ပြောကာ ရယ်မောနေခဲ့ပြီးနောက် လူငယ်လေးက သူ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန်အတွက် ဓားသိုင်းများ သင်ပေးခဲ့သည်။


ကျောက်လင်းမှာ ထိုအချိန်က ငယ်ရွယ်သေးသူတစ်ယောက်ဖြစ်သော်လည်း သူ့ရှေ့မှလူက သူ့ကံကြမ္မာကို ပြောင်းလဲပေးနိုင်မည်ဟု သဘောပေါက်ခဲ့သည်။ အင်မော်တယ်များက သေမျိုးလောကသို့ ဆင်းသက်လာပြီး တပည့်များရှာဖွေကာ အသိပညာ ဗဟုသုတများ သင်ကြားပေးတတ်ကြောင်း တွေးမိသွား၍ သူ့ကိုတပည့်အဖြစ် သတ်မှတ်ပေးရန် လူငယ်လေးကို မေးခဲ့သည်။ 


အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက တွန့်ဆုတ်ခြင်းမရှိဘဲ ငြင်းဆန်ခဲ့သည်။


" ဆရာတစ်ယောက်ဖြစ်ရတာ အဲ့လောက် မကောင်းပါဘူး... တပည့်တွေ လုပ်ထားသမျှ အရှုပ်တွေကိုလည်း ဖြေရှင်းရသေးတယ်... တကယ်လို့ သူတို့က ငါ့ဆရာတူအစ်ကိုလိုမျိုးဖြစ်လာရင် တော်သေးတယ်... ငါ့လိုမျိုး ဖြစ်လာရင်တော့ မဟုတ်သေးဘူး..."


ကျောက်လင်းက စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် နားထောင်နေသော်လည်း ဤလူက သူ၏တစ်ခုတည်းသော အခွင့်အရေးဖြစ်ကြောင်း သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာတွင် သိနေသည်။


ကံကောင်းသည်မှာ လူငယ်လေးက အဆောတလျင် မထွက်ခွာသွားခဲ့ပေ။ သူ ထိုနေရာတွင် အတန်ကြာအောင် နေထိုင်ခဲ့ပြီးနောက် အဝေးတစ်နေရာမှ ကောင်းကြီးကင်နှင့် နေမင်းကြီးကိုပါ ဖုံးအုပ်နေသည့် တောင်တန်းကြီးတစ်ခုကို ကြည့်နေခဲ့သည်။


တစ်ခါက ညအချိန်တွင် သူ မည်သည့်အရာကိုကြည့်နေကြောင်း ကျောက်လင်းက မေးခဲ့သည်။


လူငယ်လေးက မီးပုံကို သစ်ကိုင်းခြောက်ဖြင့်ထိုးကာ ဆော့ကစားနေပြီး ကခုန်နေသည့် မီးရောင်က သူ၏ ဖြူဖွေးသောမျက်နှာပေါ် ကျရောက်နေသည်။ သူ့နှုတ်ခမ်းများကို တွန့်ကွေးပြီး ပြောလိုက်သည်။ 

" အဲဒီ တောင်ရဲ့ အနက်ဆုံးတစ်နေရာမှာ ‌ကျားနဲ့ ကျားသစ်တွေ ပုန်းနေတယ်... ပြီးတော့ လယ်ကွင်းပြင်ထဲမှာ ချီလင်တွေကို မြှုပ်ထားတယ်..."


ကျောက်လင်း နားမလည်ခဲ့ပေ။ 


သို့ဖြစ်၍ လူငယ်လေးက အဝေးမှတောင်ကို လက်ညှိုးထိုးပြပြီး ရှင်းပြလိုက်သည်။

" အဲဒီမှာ ရတနာတွေ မြှုပ်ထားတယ် ပြီးတော့ တန်ဖိုးကြီးတဲ့ပစ္စည်းတွေလည်း ရှိနေတယ်..."


ကျောက်လင်းက ခိုးဝှက်ရခြင်းနှင့် ရတနာရှာဖွေရခြင်းကို အသားကျနေပြီဖြစ်၍ လူငယ်လေးက တည်ငြိမ်စွာဖြင့် ရှင်းပြလိုက်သည်။ 

" စိတ်မပူပါနဲ့ အချိန်မတန်သေးပါဘူး... ငါတို့ ခဏစောင့်ရဦးမယ်..."


သို့ဖြစ်၍ သူတို့ လဝက်ခန့်အထိ စောင့်ဆိုင်းနေခဲ့ကြသည်။


ထိုအချိန်အတောအတွင်းတွင် လူငယ်လေးက ရှေးဟောင်းသစ်ပင်ကြီးတွင်မှီ၍ နေ့ရက်များကို ကုန်ဆုံးခဲ့သည်။


လက်နှစ်ဖက်ပေါ် ခေါင်းမှီ၍ ခြေထောက်တစ်ဖက်ကို အသာလွှဲယမ်းကာ အမည်မသိ သီချင်းတစ်ပုဒ်ကို ညည်းနေခဲ့သည်။ လေပြည်လေညှင်းများ တိုက်ခတ်မှုကြောင့် သစ်ရွက်များ တရှပ်ရှပ်လှုပ်ရှားနေစဉ်တွင် သူ့ပုံစံက အေးအေးလူလူဖြစ်ပြီး အပူအပင်ကင်းမဲ့နေသည်။


နေ့စဉ်နေ့တိုင်း ကျောက်လင်းထံတွင် လုပ်စရာအလုပ်သုံးခုရှိသည်။ သစ်ပင်အောက်တွင် ဓားသိုင်းလေ့ကျင့်ခြင်း၊ ဆာလောင်မှုကို ဖြေဖျောက်ရန်အတွက် တောထဲ၌ သစ်သီးများ ရှာဖွေရခြင်းနှင့် သစ်ပင်ပေါ် အနားယူနေသူအတွက် အကောင်းဆုံးသစ်သီးများ ရှာဖွေပေးရခြင်းတို့ဖြစ်သည်။


လဝက်ခန့် ကုန်ဆုံးသွားသည့်အခါ လူငယ်လေးက သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ရတနာရှာဖွေရန်အတွက် စွန့်စားခန်းထွက်ရမည့်အချိန်ကျလာပြီဟုပြောလာခဲ့သည်။


ကျောက်လင်း၏မျက်နှာက တစ်ခဏတွင်းချင်း ဖြူဖျော့သွားပြီး လူငယ်လေးက သူ့ကို တပည့်အဖြစ် ခေါ်သွားမည်လောဟု တုန်ယင်စွာဖြင့် မေးလိုက်သည်။ 


၎င်းက သူ၏ နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်းကို သူသိသည်။ အကယ်၍ လူငယ်လေးက သူ့ကိုငြင်းဆန်ခဲ့ပါက သူ့မျှော်လင့်ချက်များ ပျောက်ဆုံးသွားမည်ဖြစ်သည်။


အဆုံးတွင်မူ လူငယ်လေးက ငြင်းမြဲအတိုင်း ငြင်းဆန်ခဲ့သော်လည်း အလျင်စလို မထွက်သွားခဲ့ပေ။ ထိုအစား မြေပြင်ပေါ်တွင် အစီအရင်တစ်ခု ရေးဆွဲ၍ မှော်လက်နက်များစွာကို ပြင်ဆင်နေခဲ့သည်။


" မင်းက ဓားရေးမှာ အရည်အချင်းရှိပြီး ဆုံးဖြတ်ချက်ပြတ်သားတဲ့ စိတ်ဓာတ်မျိုး ရှိတယ်ဆိုတော့ မင်းလျှောက်ရမယ့်လမ်းပေါ်ကို ပို့ပေးခဲ့မယ်..."

သူက ပြောပြောဆိုဆိုနှင့် အစီအရင်ပေါ်တွင် ရာနှင့်ချီသော ဝိညာဉ်ကျောက်တုံးများစွာကို တင်လိုက်သည်။ 


" အချိန်ကို အကဲဖြတ်ကြည့်ရသလောက်ဆိုရင် ပေလွင်ဓားဂိုဏ်းက သိပ်မကြာခင် တပည့်အသစ်တွေ ခေါ်တော့မှာ... ငါ ဒီအစီအရင်ကိုသုံးပြီး မင်းကို လွင်ဟွားမြို့ကို တိုက်ရိုက်ပို့ပေးခဲ့မယ်... အင်မော်တယ်ဂိုဏ်းကို ဝင်နိုင်မဝင်နိုင်ကတော့ မင်းရဲ့ကိုယ်ပိုင်ကံကြမ္မာအပေါ်ပဲ မူတည်တယ်..."


ကျောက်လင်း၏ စိတ်ဓာတ်ကျမှုများမှာ မျှော်လင့်ချက်တစ်ခုကြောင့် ပြန်လည်မီးမြှိုက်ပေးလိုက်သကဲ့သို့ ဖြစ်လာသည်။


သူ အစီအရင်ထဲတွင် ရပ်နေခဲ့သော်လည်း သူ့နှုတ်မှ စကားတစ်ခွန်းမှ မထွက်နိုင်ခဲ့ဘဲ အစီအရင်အပြင်ဘက်မှလူတစ်ယောက်ကို စူးစိုက်ကြည့်ကာ ထိုလူ၏ သွင်ပြင်ကို သူ့နှလုံးသားထဲ ခိုင်မြဲစွာ ရိုက်နှိပ်ထားခဲ့သည်။


လမ်းနံလေးတွင်ရပ်နေသော လူငယ်လေးက သူ့လက်ဖြင့် လည်ပင်းကိုထောက်ထားပြီး ပါးစပ်ထဲတွင် မြက်ပင်တစ်ပင်ကို ဝါးနေခဲ့သည်။


လေပြည်က ညင်သာစွာတိုက်ခတ်လိုက်ချိန်၌ သူ့ဆံနွယ်အနက်ရောင်များ လွင့်လာပြီးနောက် တဖြည်းဖြည်းပြုံးပြလိုက်သည်။


" ကံတရားက ခွင့်ပြုမယ်ဆိုရင် ငါတို့ ထပ်ဆုံကြဦးမှာပါ..."


ကျောက်လင်းက သူ့အမှတ်တရများကို တမ်းတနေရာမှ ဖျတ်ခနဲ သတိပြန်ဝင်လာပြီး ရှန်းလျိုရှန့်၏ အိပ်မောကျနေသည့် မျက်နှာလေးကို ငေးကြည့်ကာ သူ့ကို ထိတွေ့ချင်စိတ်ကို မတောင့်ခံနိုင်တော့ပေ။ သို့ရာတွင် သူ့လက်များက လမ်းတစ်ဝက်တွင် ရပ်တန့်သွားရသည်။


ကျိုးရွှမ်လန်က အလွန်မျက်နှာပျက်နေပြီး အံကြိတ်ထားကာ ပြောလိုက်သည်။

" သူ မင်းကို တပည့်အဖြစ်ခေါ်ဖို့ နောက်ဆုံးတစ်ကြိမ် ငြင်းခဲ့တုန်းက အကြောင်းပြချက်ကို ပြန်ပြော..."


ကျောက်လင်းက သူ့လက်ကို ပြန်ရုတ်လိုက်ပြီး ထိုအကြောင်းပြချက်ကို ပြန်ပြောသည်။ မြက်ပင်လေးကိုကိုက်ထားသည့် လူငယ်လေးက အလွန်စက်ဆုပ်ရွံရှာနေပုံဖြင့် ပြောခဲ့သည်။


" တပည့်တွေက ပြဿနာရှာတတ်ကြတယ် ငါကလည်း ပြဿနာရှာတဲ့အရာတွေကို အမုန်းဆုံးပဲ... တပည့်တစ်ယောက်ထားဖို့ဆိုတာ ငါ့အတွက် မဖြစ်နိုင်ဘူး... လုံးဝကို မဖြစ်နိုင်ဘူး..."


" ငါဆိုတဲ့ ရှန်းရှန့်က ဘဝတစ်လျှောက်လုံး တပည့်တစ်ယောက်မှ ထားမှာမဟုတ်လူး..."


ကျိုးရွှန်လန်၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။


အရာအားလုံးက ရုတ်ချည်း ယုတ္တိရှိလာခဲ့သည်။ သူ့ရှစ်စွမ်းက သူ့ကို တပည့်အဖြစ် ခေါ်ယူထားခဲ့သော်လည်း ရင်ထဲတွင်မူ အမှန်တကယ် အလိုမရှိခဲ့သောကြောင့် သူ့ကို နှစ်ပေါင်းများစွာ လျစ်လျူရှု့ထားခဲ့ခြင်း ဖြစ်ပေသည်။


သူ့ရှစ်စွမ်းက အရင်တည်းက တပည့်ထားရမှာကို မကြိုက်တာပဲ...


အဲ့တော့ သူ့ရှစ်စွမ်းက သူ့ကိုအမုန်းဆုံးပေါ့လေ အဲ့လိုလား...


ကျိုးရွှမ်လန်၏စိတ်ထဲ ဗလာကျင်းသွားပြီး ဝိညာဉ်စွမ်းအင်များ ဖရိုဖရဲဖြစ်လာသည်။ သို့ဖြစ်၍ ရှန်းလျိုရှန့်၏နားမှ အသံလုံမန္တန်ကလည်း ချက်ချင်း ပျောက်ကွယ်သွားတော့သည်။


ရှန်းလျိုရှန့် အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေစဉ်တွင် မရင်းနှီးသော အသံတစ်သံက စကားပြောနေသည်ကို မပီမသကြားလိုက်ရသည်။ ထိုအသံက သူနှင့်နီးကပ်နေသည်။


" အစ်ကိုရှန်းရှန့်ပြောခဲ့တာတော့ သူက တပည့်ထားရမှာ မကြိုက်ဆုံးမို့ ဘဝတစ်လျှောက်လုံး ဘယ်တော့မှ တပည့်တစ်ယောက်ရှိလာမှာ မဟုတ်ဘူးတဲ့..."


ရှန်းရှန့်တဲ့လား...


အဲဒါက ရှန်းလျိုရှန့်ဆိုတဲ့ငါနဲ့ ဘာ‌ဆိုင်လို့လဲ...


ဘာ‌လို့ သူ့ကို ဒါတွေ လာပြောနေတာလဲ...


ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများပွင့်လာသည့်အခါ ဘေးပတ်ပတ်လည်မှ အကြည့်အားလုံးက သူ့ထံသို့ ချက်ချင်း ရောက်ရှိလာသည်။


[ T/N - ကိုယ့်အထင် ပြောရရင်တော့ ရှန်းလျိုရှန့် ဒီကို မကူးပြောင်းလာခင် မူလခန္ဓာကိုယ် ရှန်းလျိုရှန့်ရဲ့အတိတ်က လူငယ်ဘဝမှာ နျဉ်ယွင်ရှင်းနဲ့ ကျောက်လင်းတို့နဲ့ တကယ်ကို တွေ့ခဲ့ပုံပါပဲ၊ အခုလက်ရှိ သူကကျတော့ ကူးပြောင်းလာတာဆိုတော့ အရင်က ကိစ္စတွေကို အသေးစိတ်မမှတ်မိတော့တာ ဒါမှမဟုတ် မူလဝတ္ထုမှာကျ အဲ့၂ယောက်က minor character တွေဆိုတော့ သူတို့အကြောင်းကို သေချာမပါခဲ့လို့ သူတို့နဲ့တွေ့ခဲ့ဖူးတယ်ဆိုဝာာကို လုံးဝမသိတာမျို

းပါ၊ ပြီးတော့ အခု သူက ဓားဂိုဏ်းထဲကို တပည့်အဖြစ် သူ့ငယ်ဘဝပုံစံလေးနဲ့ ရုပ်ဖျက်ဝင်လာတာမို့ အဲ့နှစ်ယောက်ကတော့ သူ့ကိုချက်ချင်းမှတ်မိသွားတာပါ၊ ခြုံပြောရရင်တော့ မူရင်းဝတ္ထုမှာ သိပ်မပါလာခဲ့တဲ့ လူတွေကပါလာပြီး ဇာတ်လမ်းကလည်း စပြောင်းလာပါပြီ ]