Chapter 42
" ရှန်းလျို..."
" အစ်ကိုရှန်းရှန့်..."
" ပါပါး ~ "
မရင်းနှီးသော အသုံးအနှုန်းများစွာကို ရှန်းလျိုရှန့် သတိပြုမိလိုက်၍ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် သူ့မျက်နှာချင်းဆိုင်မှလူကိုမြင်သွားသည်။
" မင်း ဘယ်သူ့ကို အစ်ကိုလို့ ခေါ်နေတာလဲ..."
" အစ်ကို့ကို ခေါ်တာပေါ့..."
ကျောက်လင်းက သူ့ကိုကြည့်ပြီး ထပ်ခေါ်လိုက်သည်။
" အစ်ကိုရှန်းရှန့်..."
ရှန်းလျိုရှန့် : " ဟမ်..."
အခုမှ နိုးလာရုံရှိသေးတယ် လူတစ်ယောက်က ဘာကိစ္စ ငါ့ကိုအစ်ကိုလို့ လာခေါ်နေတာလဲ...
ရှန်းလျိုရှန့် ဘာတစ်ခွန်းမှ မပြောနိုင်ဘဲ ဤမြင်ကွင်းနှင့် ထူးထူဆန်းဆန်း ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ သူ နျဉ်ယွင်ရှင်းနှင့် အခြားလူများကို ကြည့်လိုက်ပြီးသည့်နောက်တွင် သူ့အမူအရာက ခြားနားသွားပြီး ဝတ်ရုံလက်ကို လက်ချောင်းသွယ်သွယ်များဖြင့် တင်းကြပ်စွာ ကိုင်ထားလိုက်မိသည်။ ယခုအချိန်တွင် သူ တိတ်ဆိတ်စွာသာ နေချင်မိသည်။
ထို့နောက် သူ့ဝတ်ရုံလက်ကို လက်ဖျားများနှင့် ထိကပ်နေရာမှ အညှာအတာမဲ့စွာ ဆွဲခွာခံလိုက်ရသည်။
ကျိုးရွှမ်လန်က သူ့ဝတ်ရုံလက်ကို လိပ်တင်ပေးလိုက်ပြီး ခြေလှမ်းတစ်ဒါဇင်ခန့်အကွာကို တည်ငြိမ်စွာလျှောက်သွားပြီး ထိုင်ချလိုက်ကာ မျက်လုံးမှိတ်၍ တရားထိုင်နေလိုက်သည်။
ရှန်းလျိုရှန့် သဘောမပေါက်သဖြင့် မျက်ဝောာင် ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။
သူ့တပည့် စိတ်အခြေအနေ မကောင်းကြောင်းမြင်သည့်အခါ အနားသွား၍ စစ်ဆေးကြည့်ရန် ပြင်လိုက်သော်လည်း သူ မတ်တပ်ရပ်လိုက်သည်နှင့် ဝဝဖိုင့်ဖိုင့်ကလေးလေးက သူ့ကို ပြန်ဆွဲထားသည်။
" ပါပါး ဘယ်သွားမလို့လဲ ပုပုကို ပစ်မထားခဲ့ပါနဲ့..."
" ငါ လမ်းခဏလျှောက်မလို့ပါ ဖယ်ပေးဦး..."
ရှန်းပုပုက သူ့ကိုမလွှတ်ပေးဘဲ ပြောလိုက်သည်။
" ပါပါး နောက်ဆုံးတစ်ခေါက် သားကိုထားခဲ့တုန်းကလည်း အဲ့တိုင်းပြောသွားတာပဲ..."
ရှန်းလျိုရှန့်မှာ သူ့ယခင်ဘဝမှ ကလေးဘဝအဖြစ်အပျက်ကို ပြန်တွေးမိသောကြောင့် နှလုံးသားက နူးညံ့သွား၍ ကလေးဝတုတ်လေးကို ချီရန် ပြင်လိုက်သည်။ သို့သော် သူ မလှုပ်ရှားနိုင်မီမှာပင် သူ့လက်မောင်းကို တစ်ယောက်ယောက်က လာကိုင်သည်။
" အစ်ကိုရှန်းရှန့်..."
ကျောက်လင်း၏မျက်နှာက အနည်းငယ်ဖြူဖျော့လာသည်။
" ကျွန်တော့်ကို ဘာလို့ လျစ်လျူရှု့နေတာလဲ..."
" သူ မင်းကို သေချာပေါက်လျစ်လျူရှု့မှာပေါ့..."
နျဉ်ယွင်ရှင်းက လက်နောက်ပစ်ပြီးနောက် အေးစက်စွာဖြင့် နှာမှုတ်လိုက်သည်။
" သူက ရှန်းလျိုလေ ရှန်းရှန့်မှမဟုတ်တာ... မင်း လူမှားနေပြီ..."
ကျောက်လင်း မျက်မှောင်ကြုတ်လိုက်ပြီး နျဉ်ယွင်ရှင်း၏ ရှန်းလျိုရှန့်အပေါ် အလွန်အကြူးအာရုံစိုက်နေမှုကို ရုတ်တရက် သတိပြုမိသွားသည်။
" ရှစ်ရှု့လည်း ရှန်းရှန့်ကိုရှာနေတာ နှစ်ပေါင်းများစွာ ကြာပြီလား..."
နျဉ်ယွင်ရှင်းက သူ့ကို အမှန်ပြင်ပေးလိုက်သည်။
" သူက ရှန်းလျိုပါ..."
ရှန်းပုပု ဇဝေဇဝါဖြစ်လာပြီး ပြောလိုက်သည်။
" ဒါပေမဲ့ ပါပါးက သူ့ကိုယ်သူ ရှန်းရှန့်ရှန့် လို့ ခေါ်တာလေ..."
ကျောက်လင်းက ပြောလာသည်။
" ကျွန်တော့်စိတ်ထင် ရှစ်ရှု့ လူမှားနေတာပဲ ဖြစ်ရမယ်... သူ သေချာပေါက် သူ့ကိုယ်သူ ရှန်းရှန့်လို့ ပြောခဲ့တာ..."
နျဉ်ယွင်ရှင်းက အေးတိအေးစက်ဖြင့် ပြောလိုက်သည်။
" တူလေးက ငယ်ငယ်တုန်းကကိစ္စမို့ သေချာ မမှတ်မိတော့တဲ့ပုံပဲ... ရှန်းလျိုဆိုတဲ့ နာမည်စာလုံးကို သူကိုယ်တိုင် ငါ့ကိုရေးပြခဲ့တာ..."
ရှန်းပုပုက မပျော်မရွှင်ဖြင့် နှုတ်ခမ်းစူလိုက်သည်။
" ဦးဦးတို့ အားလုံးမှားနေတာ ပါပါးက သားကို မလိမ်ဘူး..."
သူတို့သုံးယောက်လုံးမှာ သူတို့သိထားသည့်အမည်က မှားယွင်းနေကြောင်း ယုံကြည်ရန် ငြင်းဆန်နေကြပြီး အားပါးတရငြင်းခုန်နေကြသည်မှာ ထရန်ဖြစ်မတတ်ဖြစ်လာသည်။
ယဲ့ပင်းရန် မျက်ခုံးများ တွန့်ချိုးလိုက်ပြီးနောက်တွင် သူ၏ အေးစက်စက်အကြည့်များက ထွက်ပြေးရန် ကြိုးစားနေသည့် လူငယ်လေးအပေါ်သို့ ရောက်လာသည်။
" အဲ့မှာ ရပ်လိုက်စမ်း... မင်းဘယ်သူလဲ မှန်မှန်ပြော..."
ထိုမေးခွန်းတစ်ခုတည်းကြောင့် အားလုံး နိုးနိုးကြားကြားဖြစ်သွားသည်။
လူငယ်လေးက နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သော်လည်း ရုပ်ရည်သွင်ပြင်နှင့် အမူအကျင့်များက ပြောင်းလဲသွားခြင်းမရှိသည်ကို သဘောပေါက်သွား၍ သူတို့ယခင်က တွေ့ခဲ့သူနှင့် ယခု ရှေ့တည့်တည့်တွင် ရှိနေသူက ရုပ်ပြောင်းမန္တန်သုံးပြီး ရုပ်ဖျက်ထားကြောင်း သိလိုက်သည်။
အခြေအနေမကောင်းသည်ကို သတိပြုမိသော ရှန်းလျိုရှန့်မှာ တွန့်ဆုတ်မနေတော့ဘဲ ထွက်ပြေးရန် ကြိုးပမ်းလိုက်သည်။
ရှန်းလျိုလျိုရဲ့ သိက္ခာကျတာက ဘာမှမဖြစ်သေးဘူး ဒါပေမဲ့ တကယ်လို့ ငါဘယ်သူဆိုတာ အားလုံးရှေ့တင် ဖော်ထုတ်ခံလိုက်ရမယ်ဆိုရင် ကျင့်ကြံရေးလောကတစ်ခုလုံးကို ဒီလိုမျိုးကောလဟာလတွေ ပျံ့သွားတော့မှာ...
#အင်မော်တယ်ရှန်းက မိန်းမနဲ့ကလေးကို စွန့်ပစ်သွားလို့ ဂျင်ဆင်းကလေးလေးက သူ့အဖေကိုရှာဖို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့ရတာ#
#ဓားဂိုဏ်းရဲ့ရှစ်ရှု့က သူ့ကိုသစ္စာရှိရှိ ချစ်နေသေးလို့ အားလုံးနဲ့ သံယောဇဉ်ဖြတ်လိုက်ရတာ#
#အဲဒီညတုန်းက ယဲ့ပင်းရန်က နျဉ်ယွင်ရှင်းနဲ့ ကျောက်လင်းရဲ့ တိုက်ခိုက်သမျှကို တောင့်ခံခဲ့ရလို့ ဓားဂိုဏ်းရဲ့နာမည်ကြီးသုံးယောက်လုံး သေသွားခဲ့ရတာ#
#ရှန်းသိုက်ကျိက ခြေထောက်တစ်ဖက်တည်းနဲ့ လှေသုံးစင်းပေါ် ခြေချထားတာပဲ#
[ သိုက်ကျီဆိုတာ တရုတ်ဒဏ္ဍာရီလာ မြေခွေးဝိညာဥ်ဖြစ်ပြီးတော့ 11BCလောက်က ရှန်မင်းဆက်ဧကရာဇ် ကျို့ရှင်းရဲ့ကိုယ်လုပ်တော်ပါ၊ လှပတဲ့မိန်းမတစ်ယောက်ကြောင့် မင်းဆက်တစ်ခုလုံးပါ ပျက်စီးသွားရတယ်ဆိုတဲ့ ဂန္ဓဝင်ဥပမာမျိုးအဖြစ် သူ့ကိုသတ်မှတ်ကြပါတယ်၊ သိုက်ကျီက ဘုရင်ကျို့အပေါ် လွှမ်းမိုးမှု အရမ်းရှိလို့ သူ့ကို ကိုးမြီးမြေခွေးဝင်စားတယ်လို့လည်း ယုံကြည်ကြပါတယ်၊ ဒီနေရာမှာ ရှန်းလျိုရှန့်ကို သိုက်ကျီလို့ သုံးနှုန်းထားတဲ့သဘောက သူက ဓားဂိုဏ်းက လူတွေကြားထဲမှာ အကောင်းကြီးကြီးသုံးယောက်ရဲ့ အာရုံစိုက်မှုကိုရထားလို့ ဖြားယောင်းတတ်တဲ့ မြေခွေးလိုလူမျိုးလ်ို့ ဆိုလိုလိုက်တာပါ ]
ရှန်းလျိုရှန့်၏ ခြေလှမ်းများက လျှပ်စီးလက်သည့်သဖွယ် မြန်ဆန်လှသော်လည်း ဓားသမားတစ်အုပ်စုနှင့်မူ မယှဉ်နိုင်ပေ။ လေထဲတွင် ဝှစ်ခနဲအသံများဖြင့် ပြည့်သွညးပြီးနောက် အေးစက်စက်ဓားသုံးချောင်းက အနောက်မှရောက်လာပြီး မြေကြီးပေါ်စိုက်သွားကာ သူ့ကို အတွင်းတွင် ပိတ်လှောင်ထားနိုင်သည့် အစီအရင်ငယ်လေးတစ်ခု ဖြစ်ပေါ်လာသည်။
" အစ်ကိုရှန်းရှန့်က ဘယ်သူဖြစ်ဖြစ် ဘယ်လိုပုံစံဖြစ်ဖြစ် ကျွန်တော့်အတွက် အရေးမကြီးပါဘူး..."
ကျောက်လင်းက သူ့ထံသို့ တဖြည်းဖြည်းလျှောက်လာသည်။
" ကျွန်တော်စိုးရိမ်တာက တစ်နေ့နေ့မှာ နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ရင် အစ်ကို့ကို မမှတ်မိဘဲ ထိခိုက်အောင်လုပ်မိမှာကို ပါပဲ..."
" ငါလည်း အဲ့လိုပဲ... ရှန်းလျို ငါမင်းကို ထပ်မတွေ့တော့မှာဘဲ စိုးရိမ်တာပါ..."
နျဉ်ယွင်ရှင်းက ပြောလိုက်သည်။
ယဲ့ပင်းရန်က အေးစက်စက် ပြောလာသည်။
" မင်းရဲ့မျက်နှာအစစ်ကို ဘာလို့မပြရဲရတာလဲ..."
သူ့ဂိုဏ်းမှ ရှစ်ရှု့နှင့် ရှစ်တိတို့ ပါဝင်လာ၍ ယဲ့ပင်းရန်မှာ သူ့ရှေ့တည့်တည့်မှ လူငယ်လေးနှင့်ပတ်သက်၍ ခံစားချက်မကောင်းတော့ပေ။
သူတို့သုံးယောက်လုံး သူ့နားတဖြည်းဖြည်းရောက်လာသည်။
ထိုအခိုက်အတန့်တွင် ပုံရိပ်ငယ်လေးတစ်ခုက နောက်မှ ပြေးထွက်လာပြီး သူတို့ကိုကျော်သွားကာ သူတို့ရှေ့တွင် ဒေါသတကြီးဖြင့် ရပ်လိုက်သည်။
" ဦးဦးတို့က အရမ်းဆိုးတာပဲ... ပါပါးကို ဓားတွေနဲ့ မခြိမ်းခြောက်ရဘူး..."
ရှန်းပုပု အလွန်ဒေါသထွက်နေ၍ မျက်နှာလေးက စူပုတ်လာပြီး သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်နှစ်ရွက်က တိုက်မိသွားကာ ရွှေရောင်အလင်းတန်းလှိုင်းများ ပျံ့နှံ့လာသည်။
သို့ဖြစ်၍ ယဲ့ပင်းရန်နှင့် အခြားနှစ်ယောက်မှာ လမ်းလျှောက်နေရာမှ ရပ်လိုက်ရသည်။
ကျိုးရွှမ်လန် မျက်လုံးပွင့်လာပြီး ရှန်းလျိုရှန့်ကို လှမ်းကြည့်ကာ အတွေးနယ်ချဲ့နေမိသည်။
ရှစ်စွမ်းက ငါ့ကိုသဘောမကျရင် ဘာလို့ ငါနဲ့တူတူ ရှိနေရတာလဲ...
သူ့ကို သွားမနှောင့်ယှက်တာပဲ ကောင်းပါတယ်...
ထိုအတွေးကြောင့် ကျိုးရွှမ်လန်၏မျက်နှာက တဖြည်းဖြည်းအေးစက်လာသည်။ မည်သို့ပင်ဖြစ်စေ သူက ဓားအစီအရင်ထဲ ပိတ်မိနေသော လူငယ်လေးကို လှမ်းဆွဲထုတ်လိုက်ပြီး ပြောလိုက်သည်။
" ဒီလိုအဆင့်နိမ့်တဲ့ ဓားအစီအရင်လေးက ရှစ်စွမ်းကို ပိတ်ထားရုံပဲ လုပ်လို့ရပါတယ်..."
သူ့တပည့်၏စကားကြောင့် ရှန်းလျိုရှန့် ငိုချင်စိတ်ပေါက်လာသည်။
မူလကိုယ် ပြဿနာရှာခဲ့တာတွေက ငါနဲ့ ဘာများဆိုင်လို့လဲ... နောက်ပိုင်းကိစ္စတွေကို ငါကဘာလို့ ရှင်းရမှာလဲ...
ရှန်းလျိုရှန့် အန်ထွက်လာတော့မည့် သွေးတစ်လုတ်ကို မနည်းပြန်မျိုချထားလိုက်ရပြီးနောက် သူ့ကိုယ်သူ အရှုံးပေးလိုက်ရုံဖြင့် တစ်ဖက်သို့လှည့်လိုက်သည်။
" ငါ မဖုံးကွယ်ထားနိုင်တော့ဘူးဆိုတော့ အမှန်ကိုပဲ ပြောပြပါ့မယ်..."
ကျိုးရွှမ်လန် မျက်ခုံးအသာပင့်လိုက်မိသည်။
သူ၏ရုပ်ရည်သွင်ပြင်နှင့် ခန္ဓာကိုယ်ကို ပြောင်းလဲ၍ရသော်လည်း ကျင့်ကြံဆင့်ကိုမူ မရပေ။ အကယ်၍ အင်မော်တယ်ရှန်း၏ ကျင့်ကြံဆင့်က အခြေခံအုတ်မြစ်တည်အဆင့်သို့ ပြန်လည်ရောက်ရှိသွားကြောင်းအားလုံးသိပါက နောက်ဆက်ဆွဲပြဿနာများစွာ ရှိလာနိုင်သည်။
သူ တွန့်ဆုတ်နေပြီးနောက် သူ့ရှစ်စွမ်းက မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်တော့မည်ကို တားသင့် မတားသင့် တွေးတောနေသည်။
ထိုအခိုက်အတန့်တွင် ရှန်းလျိုရှန့် ခိုင်ခိုင်မာမာပြောလိုက်သည်ကို သူကြားလိုက်ရသည်။
" တကယ်တော့ ငါ့မိသားစုမှာ ညီအစ်ကိုလေးယောက်ရှိတယ်... အကြီးဆုံးသားက ရှန်းလျို၊ ဒုတိယသားက ရှန်းရှန့်ရှန့်၊ တတိယသားက ရှန်းရှန့်ပါ..."
" ငါကတော့..."
ရှန်းလျိုရှန့် ခဏတာရပ်တန့်သွားပြီးနောက် သနားစဖွယ်နှင့် ကူကယ်ရာမဲ့နေသော အမူအရာလေးအဖြစ် ပြောင်းလဲသွားတာ ငိုချမတတ် ဖြစ်လာသည်။
" ငါက မိသားစုထဲက အငယ်ဆုံးညီ ရှန်းလျိုလျိုပါ... ငါက မင်းတို့ရှာနေတဲ့သူ တကယ်မဟုတ်ဘူး..."
ထိုစကားများပြောပြီး ခေါင်းမော့ကြည့်လိုက်သည့်အခါ အားလုံး၏ မျက်မှာထက်မှ အမူအရာက တစ်ခုတည်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။
" ငါတို့ မင်းကို မယုံဘူး..."
ရှန်းလျိုရှန့် မျက်လုံးများ မှေးကျဉ်းသွားပြီး လင်ယဲ့ကိုကြည့်ကာ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည့် အမူအရာကို ထိန်းထားသည်။
" မယုံဘူးဆိုရင် ရုပ်ပြောင်းတဲ့မန္တန်သုံးထား မသုံးထားလား တစ်ယောက်ယောက်ကို စစ်ခိုင်းလို့ ရပါတယ်..."
လင်ယဲ့က ချက်ချင်းရှေ့ထွက်လာပြီး သူ့လက်များဖြင့် ရှန်းလျိုရှန့်၏နှဖူးကို ဖိလိုက်သည်။
" မင်းက ချင်းလင်ဂိုဏ်းသားဖြစ်နေမှတော့ ငါကိုယ်တိုင် စစ်ဆေးပေးပါ့မယ်..."
ချင်းလင်ဂိုဏ်းချုပ်ဖြစ်သော လင်ယဲ့ကို အားလုံးက လုံးဝဥဿုံယုံကြည်ကြသည်။ သို့ဖြစ်၍ သူကခပ်ယဲ့ယဲ့အပြုံးတစ်ခုဖြင့် ရှန်းလျိုရှန့်၏ ဘက်ဘက်ပါးနှင့် ညာဘက်ပါးပြင်ကို တစ်လှည့်စီဖျစ်ညှစ်လိုက်သည်ကို အားလုံးက ကြည့်နေကြသည်။
" ငါတော့ ရုပ်ဖျက်ထားတဲ့ အရိပ်အယောင်မျိုး မမြင်မိပါဘူး..."
ဘေးနားမှလူအားလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်သည်။ ရှန်းလျိုရှန့် အစောပိုင်းက ပြောခဲ့သည့်စကားများကို လူ ၉၀ရာခိုင်နှုန်းကျော်က ယုံကြည်သွားတော့သည်။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်ဖြစ်သည့်လင်ယဲ့က ဂိုဏ်းသားတစ်ယောက်၏ မူရင်းအသွင်ကို ကူညီဖုံးကွယ်ထားပေးပြီး သူ့ဂုဏ်သိက္ခာကို စွန်းထင်းအောင် ပြုလုပ်စရာ အကြောင်းမရှိသောကြောင့် ဖြစ်သည်။
" တကယ့် ပါပါး ဆိုနေမှ..."
ရှန်းပုပု၏ မျက်နှာက ရှုံ့မဲ့လာသည်။
" သူက ပါပါးနဲ့ အနံ့တူတူပဲ..."
ထိုစကားများကိုကြားသည့်အခါ နျဉ်ယွင်ရှင်း၏စိတ်ထဲမှ သံသယက ပိုမိုကြီးထွားလာသော်လည်း လင်ယဲ့က တစ်ကြိမ်စစ်ဆေးပြီးပြီဖြစ်သည်။ အကယ်၍ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးခိုင်းမည်ဆိုပါက လင်ယဲ့ကို အပြစ်ရှာရာကျသွားနိုင်၍ မသင့်တော်ပေ။
ယဲ့ပင်းရန်နှင့် ကျောက်လင်းကလည်း သူနှင့်အတွေးချင်းတူသည်။
သူတို့ ဘေးကျပ်နံကျပ်ဖြစ်နေစဉ်တွင် အုတ်အော်သောင်းနင်းဖြစ်မှုကို ဘေးနားမှ တစ်ချိန်လုံး ရပ်ကြည့်နေခဲ့သူတစ်ယောက်က ပြုံးလိုက်ပြီး ရှန်းလျိုရှန့်၏အနားသို့ တဖြည်းဖြည်းလျှောက်လာသည်။
" လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက ရုပ်ပြောင်းရုပ်လွှဲပညာရပ်ကို ပြီးပြည့်စုံတဲ့အဆင့်ထိရောက်အောင် သုံးနိုင်တဲ့ ကျင့်ကြံသူတစ်ယောက်ကို ကျုပ်တွေ့ခဲ့ဖူးတယ်... ဂိုဏ်းချုပ်လင်လို လူမျိုးတောင်မှ သူ့ကို ထိုးဖောက်မြင်နိုင်ဖို့က သိပ်မဖြစ်နိုင်ဘူး..."
လန်ရှောင်ရှန့်က ရှန်းလျိုရှန့်၏အရှေ့တွင်ရပ်လိုက်ပြီးနောက် ယဉ်ကျေးစွာဖြင့် ပြုံးလိုက်သည်။
" တိုက်တိုက်ဆိုင်ဆိုင်ပဲ သူက ကျုပ်ကို လောကကြီးထဲက ဘယ်လိုရုပ်ဖျက်ထားတာမျိုးကိုမဆို စစ်ဆေးကြည့်နိုင်တဲ့ အကွက်တချို့သင်ပေးခဲ့ဖူးတယ်..."
ပြောပြီးသည်နှင့် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
ရှန်းလျိုရှန့် နောက်သို့ဆုတ်လိုသော်လည်း သူ့ခန္ဓာကိုယ်က လုံးဝလှုပ်မရတော့ပေ။
လန်ရှောင်ရှန့်၏ မျက်ဝန်းထဲတွင် သတိပေးမှုများ ပါဝင်နေပြီး ရှန်းလျိုရှန့်ကို ငြင်းဆန်နေချိန်ပင် မပေးတော့ဘဲ သူ့လက်ချောင်းများဖြင့် ရှန်းလျိုရှန့်၏မျက်နှာကို ခိုင်မြဲစွာဖိလိုက်သည်။
ရှန်းလျိုရှန့်မှာ သူ့နှလုံးသားတစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
အခြေအနေကို မည်သို့ကိုင်တွယ်ရမည့်အကြောင်း တွေးတောနေစဉ်တွင် မမျှော်လင့်စွာဖြင့် လန်ရှောင်ရှန့်၏အကြည့်က သူ့မျက်နှာထက်ကို ရောက်လာပြီး အမူအရာက ပြောင်းလဲသွားသည်။
" ဘာ မန္တန်နဲ့မှ ရုပ်မဖျက်ထားဘူးပဲ..."
လန်ရှောင်ရှန့်က တစ်ဖက်သို့လှည့်ပြီး ပြတ်သားစွာဖြင့် ပြောလိုက်သည်။
နျဉ်ယွင်ရှင်းနှင့် အခြားလူများအားလုံး အံ့အားသင့်ကုန်သည်။
ရှန်းလျိုရှန့်လည်း အံ့ဩတကြီး ဖြစ်သွားရသည်။
လန်ရှောင်ရှန့်ရဲ့ ကျင့်ကြံဆင့်နဲ့ဆို သတိမထားမိတာ မဖြစ်နိုင်ပါဘူး... ဘာလို့ ကူဖုံးပေးနေရတာလဲ...
ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားသည့် အမူအရာကို တွေ့လိုက်ရသောအခါ လန်ရှောင်ရှန့်၏မျက်ဝန်းထဲတွင် ပြုံးရိပ်သန်းလာသည်။ ရှန်းလျိုရှန့်၏မျက်နှာကို ကိုင်ထားသည်အား လွှတ်ပေးလိုက်ပြီး သူ့လက်ကို ရှန်းလျိုရှန့်ခေါင်းပေါ်ပြောင်းတင်ကာ ဆံပင်များကို အသာအယာ ပွတ်ပေးနေသည်။
" မင်းက အလားအလာရှိတယ်ဆိုတာတော့ ငါမြင်နိုင်တယ်... ချင်းလင်ဂိုဏ်းကနေထွက်ပြီး ငါ့ရဲ့ဓားဂိုဏ်းကို လာပါလား..."
ထိုနေရာတွင် ရှိနေသူအားလုံး : သူက ပေါ်တင်ကြီးကို တပည့်ခေါ်နေတာပဲ ဓားဂိုဏ်းချုပ်က အဲ့လိုမျိုး လုပ်တတ်တာလား...
ဓားဂိုဏ်းသားများ : တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတာပဲ... ရှန်းလျိုလျိုက အတိတ်ဘဝတုန်းက ကောင်းမှုတွေ လုပ်ခဲ့တဲ့ပုံပေါ်တယ်... ရှစ်ရှု့နဲ့ ရှစ်ရှုန်းတင်မကဘူး ဂိုဏ်းချုပ်ကပါအခု သူ့ကို မျက်နှာသာပေးနေပြီ...
ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်သွားပြီး သူ့ရှေ့မှလူကို အနီးကပ်ကြည့်လိုက်သည်။ တစ်ဖက်လူ၏ ညင်သာသော အမူအရာထဲတွင် ချစ်ခင်မြတ်နိုးမှု အရိပ်အငွေ့ကို မသိမသာ ခံစားလိုက်ရသည်။
ရှန်းလျိုရှန့် : ဘာပါလိမ့်...
ထိုအခိုက်အတန့်တွင် စက်ဝိုင်းပုံစံ စင်မြင့်တစ်ခု၏ပုံရိပ် ရုတ်ချည်းပြန်ပေါ်လာ၍ အားလုံးက မူလနေရာသို့ ချက်ချင်းပြန်သွားလိုက်ကြသည်။
ဆွေးနွေးမှု၏ ဒုတိယပိုင်းတွင် တာအိုပညာရှင်ကျန့်ကျန်းက အားတက်သရော ဖြစ်နေသည်။ သူ ညဘက်မှ အာရုဏ်တက်ချိန်အထိ၊ ထိုမှတစ်ဆင့် မှောင်ရီပျိုးစအချိန်သို့ပါ ရောက်လာသည်။ နောက်ဆုံး၌ အားလုံးပြီးဆုံးသွားချိန်တွင် ရှန်းလျိုရှန့် မျက်လုံးမဖွင့်ထားနိုင်တော့ဘဲ မျက်ခွံကိုပါ လက်ဖျားဖြင့် ထောက်ထားရတော့သည်။
မူလက ခေါင်းငုံ့ပြီး အိပ်ပစ်လိုက်ချင်သော်လည်း လူပေါင်းများစွာက သူ့ဘေးနားတွင်ရှိနေ၍ တာအိုပညာရှင်ကျန့်ကျန်း၏ ဟောပြောချက်များကို မျက်စိဒေ
ါက်ထောက် နားထောင်နေရသည်။
သူ အိပ်နိုင်စရာအကြောင်း မရှိတော့ပေ။
ထို့အပြင် သူ အမြင်မှားသည်လား မသိသော်လည်း ဟောပြောချက်အတွင်းတွင် ဆရာသခင်ကျန့်ကျန်း၏ အကြည့်က မကြာခဏ သူ့ထံသို့ရောက်လာပြီး သူ့ကို စစ်ဆေးနေသည့်ပုံစံဖြစ်နေသည်။