အပိုင်း ၄၃
Viewers 22k

Chapter 43




သို့ဖြစ်၍ ရှန်းလျိုရှန့်က အားစိုက်ထုတ်ပြီး မျက်လုံးမမှိတ်သွားစေရန် ကြိုးစားနေရတော့သည်။


ဆွေးနွေးပွဲမှ ပြန်လာပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က ရှန်းပုပုကိုချီလာပြီး သူ့တည်းခိုရာကို အမြန်ပြန်လာခဲ့လိုက်သည်။ 


ရှန်းပုပုက သူ့လည်ပင်းကို ဖက်တွယ်ထားပြီး ဝမ်းသာလွန်းသောကြောင့် မျက်ရည်များဝဲနေသည်။


" ပါပါးက သားကို မမေ့သွားဘူးပဲ ပုပု အရမ်းပျော်တယ်..."


" ဒါပေါ့ ငါ သေချာပေါက် မင်းကို မမေ့ပါဘူး...

ရှန်းလျိုရှန့်က ရှန်းပုပုကို အိပ်ရာပေါ်ချပေးလိုက်ပြီးနောက် စောင်ခြုံပေးလိုက်ကာ အိပ်ရာအစွန်းတွင် ထိုင်နေသည်။ 


" အိပ်တော့လေ ငါမင်းကို ကြည့်နေပေးမယ်..."


ရှန်းပုပုက တစ်ချက်ငိုရှိုက်လိုက်သောကြောင့် မျက်လုံးများ နီရဲလာသည်။

" ပါပါးက သားကိုအရမ်းကောင်းပေးတာပဲ..."


ရှန်းလျိုရှန့်က ချစ်ခင်မြတ်နိုးမှုများပြည့်နေသည့် အပြုံးတစ်ပွင့်ဖြင့်သာ တုံ့ပြန်လိုက်သည်။


ရှန်းပုပုက လျင်မြန်စွာ အိပ်ပျော်သွားခဲ့သည်။ သူ့မျက်လုံးများမှိတ်လိုက်သည်နှင့် အခန်းထဲတွင် ဟောက်သံတိုးတိုးလေးများဖြင့် ပြည့်သွားသည်။


ရှန်းလျိုရှန့်၏ နှုတ်ခမ်းများ တွန့်ကွေးသွားတော့သည်။ သူ ပုပုကို ခေါင်းနားအထိ စောင်ထပ်ခြုံပေးလိုက်ပြီးနောက် စောင်အောက်တွင် အဝတ်အစားအချို့ကို ခုထားလိုက်သည်။


ရှန်းပုပုအဖြစ် ရုပ်ဖျက်လိုက်ပြီးသော ရှန်းလျိုရှန့်က ခေါင်းလုံးအသေးလေးတစ်လုံးကိုပိုက်ပြီး ဘေးချင်းကပ်လျက်အခန်းကို အမြန်ပြေးသွားသည်။ သူ ယမန်နေ့ညတွင် အနှောင့်ယှက်ခံရမည်ကို သေချာနေသောကြောင့် တိတ်ဆိတ်သည့် နေရာတစ်ခုရှာပြီး အိပ်ချင်နေခြင်းဖြစ်သည်။


.....


ဂိုဏ်းပေါင်းများစွာမှ တပည့်များက နောက်ဆုံးတွင် သူတို့တည်းခိုသည့်နေရာများသို့ ပြန်ရောက်သွားကြပြီဖြစ်သည်။ ကျောက်လင်းက ရှန်းလျိုရှန့်ကို ရှာမတွေ့သောကြောင့် တွန့်ဆုတ်ခြင်းမရှိဘဲ ချင်းလင်ဂိုဏ်းသားများ တည်းခိုသည့်နေရာသို့ လိုက်သွားခဲ့သည်။ 


တင်းကြပ်စွာပိတ်ထားသည့်တံခါးရှေ့တွင် သူ ရပ်နေပြီး ပြောလိုက်သည်။

" ရှန်းရှန့် ကျွန်တော်ဝင်လာလို့ရလား..."


အခန်းတွင်းမှ မည်သည့်တုံ့ပြန်မှုမှ မကြားရပေ။ 


ကျောက်လင်း ခဏခန့် တိတ်ဆိတ်စွာ ရပ်နေလိုက်သည်။

" ကျွန်တော် ပြောစရာရှိလို့ပါ..."


ဂိုဏ်းချုပ်နှစ်ယောက်က စစ်ဆေးထားသော်လည်း ကျောက်လင်းက သူ အထင်မမှားဟု ထင်နေဆဲဖြစ်သည်။ တစ်ဖက်လူက သူ့ကို မမှတ်မိချင်ယောင်ဆောင်နေရခြင်းကိုသာ သူ နားမလည်နိုင်ဖြစ်နေခြင်းပင်။ သို့ဖြစ်၍ ကိုယ်တိုင်အတည်ပြုရန် ရောက်လာရခြင်းဖြစ်သည်။


အခန်းထဲတွင် အချိန်အတော်အတန်ကြာသည်အထိ တိတ်ဆိတ်နေခဲ့သည်။ 


ကျောက်လင်း အာရုံခံကြည့်လိုက်သောအခါ အခန်းထဲမှ အသက်ရှုသံတိုးတိုးလေးကို ကြားလိုက်ရသည်။ အိပ်ရာပေါ်မှလူက အိပ်မောကျနေပြီဖြစ်ကြောင်း သူ ချက်ချင်းသဘောပေါက်လိုက်သည်။ ရှန်းရှန့်က ထိုမျှ ချစ်စရာကောင်းစွာဖြင့် အသံတိုးတိုးလေးနှင့် ဟောက်နေမည်ဟု မမျှော်လင့်ထားမိခြင်းသာ။ 


ကလေးလေး ကျနေတာပဲ...


ညပိုင်းတွင် လေပူများ တိုက်ခတ်နေ၍ ကျောက်လင်း၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ အိပ်ရာပေါ်မှလူက စောင်အောက်တွင် မွန်းကြပ်နေမည်ကို စိတ်ပူ၍ အခန်းထဲဝင်ပြီး စောင်ကိုအသာမ'ပေးရန် ပြင်လိုက်သည်။


ထိုအချိန်တွင် ပုံရိပ်နောက်တစ်ခုက အခန်းဝ၌ ပေါ်လာသည်။

" ငါ ဆရာနဲ့ ခဏလေးနေနေတုန်း မင်းက ရောက်လာတယ်ပေါ့... တော်တော်လေးမြန်တာပဲ..."


ကျောက်လင်းက ထိုလူကို ဦးညွှတ်လိုက်ပြီး ရှစ်ရှု့ဟု ခေါ်လိုက်သည်။


...


ကျိုးရွှမ်လန် ခြံဝင်းထဲ ပြန်ရောက်လာချိန်တွင် ရှန်းလျိုရှန့်၏ အခန်းတံခါးပွင့်နေသည်ကို တွေ့လိုက်ရသည်။ သူ အတွင်းသို့ဝင်ကြည့်လိုက်သည့်အခါ မျက်နှာအမူအရာတစ်ခုလုံး မည်းမှောင်သွားတော့သည်။


သူ့ရှစ်စွမ်းက အိပ်ရာပေါ်တွင် စောင်ခြုံကာ ကွေးကွေးလေးအိပ်နေစဉ် နျဉ်ယွင်ရှင်းနှင့် ကျောက်လင်းက ဘေးနားမှ လက်ဖက်ရည်စားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်နေကာ လက်ဖက်ရည်တစ်ခွက်စီ ကိုင်ထားကြသည်။ သူတို့ အကြည့်များက အိပ်ရာပေါ်တွင်သာ ရှိနေပြီး နှစ်ယောက်လုံး၏ အမူအရာကလည်း မထုံတတ်တေးဖြစ်နေသည်။


ကျိုးရွှမ်လန် အလေးအနက်တွေးမိလေ သူ့မျက်နှာက ပို၍အေးစက်လာလေဖြစ်သည်။


ထို့နောက် သူ တစ်ဖက်ကိုလှည့်ပြီး ထွက်သွားတော့သည်။


သူက တပည့်တစ်ယောက်သာဖြစ်၍ ထိုလူနှစ်ယောက်ကို နှင်ထုတ်ခွင့် မရှိပေ။ 


ကျိုးရွှမ်လန် အခန်းထဲ ပြန်ဝင်လာပြီးနောက် တံခါးမပိတ်မှီ ခဏတာ တွန့်ဆုတ်နေသေးသည်။ နောက်ဆုံးတွင်မူ တံခါးကို ဒုန်းခနဲဆောင့်ပိတ်လိုက်သည်။ 


သူ မျက်လွှာချပြီး အိပ်ရာနားသို့လျှောက်လာစဉ် တစ်ခုခုထူးဆန်းနေသည်ဟု ရုတ်ချည်းခံစားလိုက်ရသည်။


‌ကြမ်းပြင်တွင် သူနှင့်ရင်းနှီးနေသော ဖိနပ်တစ်ရံ ရှိနေသည်။ မော့ကြည့်လိုက်သည့်အခါ လူငယ်လေးတစ်ယောက်က အိပ်ရာပေါ်လှဲနေပြီး သူ၏ နူးညံ့သော ဆံနွယ်များကလည်း အိပ်ရာပေါ် ပြန့်ကျဲနေသည်။ 


သူက မျက်လုံးမှိတ်ထားပြီး ငြိမ်းငြိမ်းချမ်းချမ်းသာ အိပ်ပျော်နေသည်။ 


ကျိုးရွှမ်လန် ထိတ်လန့်သွားရသည်။


ရှစ်စွမ်းက ဒီရောက်နေတာဆိုရင် ခုနက အခန်းထဲမှ အိပ်နေတာ ဘယ်သူလဲ...


သူ ခဏတာ ကြောင်အသွားပြီးနောက် အိပ်ရာဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ၏ မျက်ဆံနက်များဖြင့် ရှန်းလျိုရှန့်၏မျက်နှာကို အချိန်အတန်ကြာသည်အထိ စိုက်ကြည့်နေပြီးမှ နှုတ်ခမ်းပါးတစ်စုံက လှုပ်လာကြီး ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။


" ရှစ်စွမ်း ကျွန်တော့်ကို တကယ်များ မုန်းနေတာလား..."


ရှန်းလျိုရှန့်က တစ်ရက်နှင့် တစ်ညတိတိ နှစ်ခြိုက်စွာ အိပ်နေခဲ့သော်လည်း အိပ်ရာဘေးနားသို့ တစ်ယောက်ယောက်ချဉ်းကပ်လာကြောင်း ဝိုးတဝါး အာရုံခံမိသည်။


သူ အိပ်ချင်မူးတူးဖြင့် မျက်လုံးများ ဖွင့်ကြည့်လိုက်သည့်အခါ နက်စွေးနေသည့် မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။


နျဉ်ယွင်ရှင်းနှင့် အခြားလူများ လာနှောင့်ယှက်ခြင်းမှ ရှောင်ရန် ကျိုးရွှန်လန်၏ အခန်းထဲသွားအိပ်ခဲ့သည်ကို သူ မှုန်ဝါးဝါးဖြင့် မှတ်မိနေခဲ့သည်။


ထိုအသိစိတ်ကြောင့် သူ့စိတ်ထဲတွင် အချက်ပေးသံမြည်သွားသကဲ့သို့ ခံစားလိုက်ရသည်။


သူတပည့်က သူ့ကိုနှင်ထုတ်ပစ်မည်ကို စိုးရိမ်နေခြင်းဖြစ်သည်။


ရှန်းလျိုရှန့် စောင်ကို တင်းကြပ်စွာဆွဲခြုံလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ပိန်ပိန်သွယ်သွယ်လေးက အိပ်ရာအတွင်းပိုင်းထဲ တဖြည်းဖြည်းတိုးသွားကာ ခေါင်းအုံးပေါ်တွင် နေရာအနည်းငယ်လွတ်သွားစေရန် သူ့ခေါင်းကို နေရာရွှေ့လိုက်သည်။


သူ အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ပါးစပ်ဟလိုက်ပြီးနောက် အိပ်ချင်မူးတူးအသံလေးဖြင့် ပြောလိုက်သည်။


" ငါ့ကို နှင်မထုတ်ပါနဲ့..."

သူ ရေရွတ်လိုက်သည်။


" ခေါင်းအုံးတစ်ဝက်ကို မင်းဖို့‌နေရာချန်ထားပေးတယ်လေ ဒါဆိုရတယ်မလား..."


ကျိုးရွှမ်လန်၏ မျက်ဆံများ မည်းနက်သွားတော့သည်။ 


တစ်ခဏတွင်းချင်း သူ့ခန္ဓာကိုယ်ကို ကိုင်းညွတ်လိုက်ပြီးနောက် လက်ချောင်းသွယ်သွယ်များက အိပ်ရာပေါ်လှဲနေသည့် လူငယ်လေးထံရောက်ရှိသွားကာ လည်ပင်းနားတွင် ရှုပ်ထွေးနေသည့် အနက်ရောင်ဆံစများကို ညင်သာစွာ ဖယ်ပေးလိုက်သည်။


" ရှစ်စွမ်း ဘာလိုချင်လဲ... ဘာပဲလိုချင်တာဖြစ်ဖြစ် ကျွန်တော် ပေးပါ့မယ်..."



ညင်သာသော မနက်ခင်းလေပြည်လေးက တိုက်ခတ်သွား၍ ဆီးနှင်းရည်တစ်စက်က မြေပြင်ပေါ်မှ သစ်ရွက်စိမ်းလေးပေါ်သို့ တောက်ခနဲကျလာသည်။


အတွင်းဝတ်ရုံတစ်ထပ်သာ ဝတ်ဆင်ထားသော ပိန်သွယ်သွယ်ပုံရိပ်လေးက အိပ်ရာပေါ်တွင် ထထိုင်လိုက်ပြီးနောက် ရှုပ်ပွနေသည့် အနက်ရောင်ဆံပင်များက သူ့ကျောနောက်တွင် ပြန့်ကျဲနေသည်။ သူ ခဏတာ ငြိမ်သက်နေပြီးသည့်နောက် အိပ်ငိုက်နေသည့် မျက်လုံးများကို ပွတ်လိုက်သည်။


နောက်ဆုံးတွင် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာခဲ့သည်။


ကျိုးရွှမ်လန် ယမန်နေ့ညက ပြန်ရောက်လာခဲ့သည်ကို သူ ရေးတေးတေး မှတ်မိနေသော်လည်း ယခုအချိန်တွင်မူ အခန်းထဲ၌ မည်သူမှ မရှိနေပေ။ 


သူ အဝတ်အစားများပြန်ဝတ်ပြီး အခန်းထဲမှ ထွက်တော့မည့်အချိန်၌ တစ်ခုခု ထူးဆန်းနေကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ 


ရှန်းပုပုရော...


သူ သက်ပြင်းတစ်ချက်ရှိုက်လိုက်ပြီး အခန်းအပြင်ဘက် ပြတင်းပေါက်နားကို တဖြည်းဖြည်း ချဉ်းကပ်သွားလိုက်သည်။ တစ်ဝက်တစ်ပျက်ဖွင့်ထားသော ပြတင်းပေါက်ထဲကို သူ ချောင်းကြည့်လိုက်မိသည်။ 


လက်ဖက်ရည်စားပွဲတွင် လူနှစ်ယောက်ထိုင်နေပြီး နှစ်ယောက်လုံးက လက်ဖက်ရည်ခွက်များကို ကိုင်ထားကာ သူတို့အကြည့်များက အိပ်ရာပေါ်အိပ်နေသူထံတွင် ရှိနေသည်။ သူတို့ စောင့်ကြည့်နေသည်မှာ အချိန်မည်မျှကြာပြီကို မသိသော်လည်း သူတို့မျက်နှာထက်တွင် စိတ်ရှုပ်ထွေးနေသည့် အမူအရာမျိုးကို မတွေ့ရပေ။ 


နျဉ်ယွင်ရှင်းက ရုတ်တရက် တစ်ခုခုကို အာရုံခံမိသွားဟန်ဖြင့် ပြတင်းပေါက်ဘက်သို့ လှမ်းကြည့်လိုက်သည်။ ရှန်းလျိုရှန့် ခေါင်းအမြန်ငုံ့ထားလိုက်ပြီး ထိုအချိန်တွင် အိပ်ရာပေါ်မှ အသံတစ်သံ ထွက်ပေါ်လာသည်။


" ရှန်းလျို..."


" အစ်ကို‌ရှန်းရှန့်..."


နျဉ်ယွင်ရှင်းနှင့် ကျောက်လင်းတို့နှစ်ယောက်လုံး တစ်ချိန်တည်း လှမ်းခေါ်လိုက်ကြသည်။


သူတို့မြင်ကွင်းထဲတွင် စောင်အောက်မှ ရွှေရောင်သစ်ရွက်နှစ်ရွက်နှင့်အတူ ဖြူဖြူနုနု မျက်နှာလေးတစ်ခု ထွက်ပေါ်လာသည်။ သူက နှုတ်ခမ်းစူထားလျက် ချိုသာသော ကလေးအသံလေးဖြင့် ပြောလိုက်သည်။


" ပါပါး ဘယ်မှာလဲ..."


နျဉ်ယွင်ရှင်း : “······”


ကျောက်လင်း : “······”


အခန်းထဲတွင် ခဏတာ ငြိမ်သက်သွားပြီးနောက် နျဉ်ယွင်ရှင်းက ရယ်လိုက်မိသည်။ သူ၏ ကျက်သရေရှိသော မျက်နှာထက်တွင် ဒေါသအစား အပြုံးတစ်ခု ဖြစ်တည်လာသည်။


" မင်းအဲ့လိုလုပ်တာ မထူးဆန်းတော့ပါဘူး ရှန်းလျို..."


စကားဆုံးသည်နှင့် သူ ထိုနေရာမှ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားတော့သည်။ အခန်းထဲကို ချောင်းကြည့်နေသည့် လူငယ်လေးကလည်း အမြန်ထွက်ခွာသွားတော့သည်။


နျဉ်ယွင်ရှင်းက အချိန်ဖြုန်းမနေဘဲ သူ့နောက်ကို အမြန်လိုက်သည်။


အခန်းထဲမှ ကျောက်လင်းကမူ ရှန်းပုပုက သူ့ကိုဖက်တွယ်ထားပြီး ကျယ်လောင်စွာငိုကြွေးနေသောကြောင့် သူတို့နောက် လိုက်မရ ဖြစ်သွားသည်။


" ဝါး ဝါး ဝါးးး ပါပါးထွက်ပြေးသွားပြီ... သားကို ပါပါးဆီခေါ်သွားပေး..."


ရှန်းပုပု၏ပါးပြင်မှ မျက်ရည်များစီးကျလာသည်ကိုကြည့်ပြီး ကျောက်လင်းက သူ့ကိုချီလိုက်ရသည်။


ကျောက်လင်း ကလေးကိုချီကာ ဂိုဏ်းထဲတွင် ရှာဖွေနေသော်လည်း မည်သူ့ကိုမှ ရှာမတွေ့ပေ။ ခဏအကြာတွင် နျဉ်ယွင်ရှင်းက လန်ရှောင်ရှန့်နှင့်အတူ မျက်စိပျက် မျက်နှာပျက်ဖြင့် ပြန်လျှောက်လာသည်ကို တွေ့လိုက်ရသည်။


နျဉ်ယွင်ရှင်းက လူငယ်လေးနောက်ကို လိုက်နေစဉ်တွင် နှောင့်ယှက်ခံလိုက်ရသည့်ပုံပေါ်သည်။


ကျောက်လင်းက ရိုသေစွာဖြင့် ဦးညွှတ်လိုက်သည်။ 

" ဆရာ..."


လန်ရှောင်ရှန့်၏အကြည့်က ရှန်းပုပုအပေါ်ရောက်နေပြီး လက်လှမ်းကာ သူ့ကိုချီရန်ပြင်လိုက်သည်။


" ဦးဦးရဲ့ ခန်းမထဲ ခဏလာထိုင်နေဦး... ရှန်းလျို မင်းကို လာခေါ်မှာ စောင့်နေလေ..."


ရှန်းလျိုလျို၏ မျက်နှာသေးသေးလေးပေါ်တွင် မျက်ရည်စီးကြောင်းများ ရှိနေပြီး နှာခေါင်းလေးကလည်း နီရဲနေသည်။


" ပါပါးက တကယ်လာခေါ်မှာလား... ပုပုကို မလိမ်နဲ့နော်..."


လန်ရှောင်ရှန့်က ညင်သာစွာပြုံးလိုက်ပြီး သူ့ရှစ်တိနှင့် တပည့်လေးကိုခေါ်၍ အတူတကွ ထွက်ခွာသွားသည်။ 


အရိပ်ထဲတွင်ပုန်းနေသော ရှန်းလျိုရှန့်က ယခုမှ စိတ်အေးလက်အေး သက်ပြင်းချနိုင်လိုက်ပြီး သူ့မျက်နှာထက်တွင်လည်း ဇဝေဇဝါဖြစ်နေသည့် အမူအရာမျိုး ပေါ်လာသည်။


ဓားဂိုဏ်းချုပ်က သူ့ကို အကြိမ်ပေါင်းများစွာ ကယ်တင်ခဲ့သောကြောင့် သူ့စိတ်ထဲတွင် ထိုလူအပေါ် ထူးဆန်းသည့် ရင်းနှီးမှုအချို့ကို ခံစားလိုက်ရသည်။


နောက်ဆုံးတွင် အားလုံးကို ရှင်းထုတ်လိုက်နိုင်ပြီဖြစ်၍ ရှန်းလျိုရှန့်က ဓားဂိုဏ်းထဲ လျှောက်သွားနိုင်ပြီဖြစ်သည်။


သူ လေ့ကျင့်ရေးကွင်းသို့ရောက်သည့်အခါ တပည့်အချို့က သစ်ပင်အောက်တွင် စုဝေးနေပြီး စကားစမြည်ပြောနေကြသည်။


ရင်းနှီးနေသော ရှေ့နာမည်တစ်ခုကို ကြားလိုက်ရ၍ သူတို့နားကို တဖြည်းဖြည်းချင်းကပ်သွားလိုက်သည်။


" မင်းတို့တွေက ဂိုဏ်းကိုနောက်ကျမှ ရောက်လာတာဆိုတော့ အရှက်မဲ့ရှန်းက ဒီနှစ်တွေထဲ ဘယ်လောက်တောင် အရူးထခဲ့တယ်ဆိုတာ သိမှာမဟုတ်ဘူး... ဓားသခင်က ဂိုဏ်းကို ပြန်ရောက်လာတဲ့အချိန်တိုင်း အနံ့ရသလိုမျိုးကို ရောက်လာတာ... သူက ငါတို့ဓားသခင်ကို အမြဲကပ်နေတာ..."


ထိုအုပ်စု၏အလယ်တွင် ထိုင်နေသည့် တပည့်တစ်ယောက်က အင်မော်တယ်ရှန်းက ချင်းလင်ဂိုဏ်းကို ဤနှစ်များထဲတွင် မည်သို့သိက္ခာချခဲ့သည့်အကြောင်းများကို ပြန်လည်ဖောက်သည်ချနေသည်။


" သူ့ကိုကြည့်ရတာ ခွေးရူးတစ်ကောင်လိုပဲ ငါတို့ဓားသခင်နောက်က တကောက်ကောက်ကို လိုက်နေတော့တာ..."


တစ်ယောက်ယောက်က ပြောလိုက်သည်။

" ယဲ့ရှစ်ရှုန်း ကျွန်တော်တို့ကို ဟိုကိစ္စ နှစ်ခုအကြောင်း ပြောပြဦးလေ..."


" အေး အေး ငါပြောပြမယ်... တစ်ခါက ဓားသခင်က ဂိုဏ်းကို ညနက်မှပြန်လာပြီး ဒဏ်ရာတွေလည်း ရလာတာ... ဂိုဏ်းချုပ်လန်ကို နှုတ်ဆက်ပြီးတော့ အရိုးသန့်စင်ရေပူစမ်းကိုသွားပြီး ဒဏ်ရာတွေကုတယ်လေ... နောက်တော့ဘာဖြစ်သွားလဲ မှန်းကြည့်စမ်..."


ယဲ့ရှစ်က ဒေါသတကြီးဖြင့် သူ့ပေါင်သူရိုက်လိုက်သည်။


" အရှက်မဲ့ရှန်းက ရေပူစမ်းထဲမှာ ပုန်းနေပြီးတော့... ဓားသခင်အဝတ်ချွတ်တာကို မြေခွေးတစ်ကောင်လို ချောင်းကြည့်ဖို့ စောင့်နေတာလေ..."


ဘေးနားမှ တပည့်များက တအံ့တဩဖြစ်ကုန်ပြီး ထိုဇာတ်လမ်းတွင်သာ အာရုံစိုက်နေကြ၍ သူတို့ဘေးနားသို့ လူအသစ်တစ်ယောက် ရောက်လာသညိကို သတိမထားမိကြပေ။ လူငယ်လေးက သူတို့ကြားထဲ ဝင်ထိုင်လိုက်ပြီး ဖရုံစေ့အချို့ဝါးကာ ဇာတ်လမ်းကို နားထောင်နေသညိ။


" ဘုရားရေ အင်မော်တယ်ရှန်းက သူများ အင်္ကျီချွတ်တာကို ချောင်းကြည့်တယ်တဲ့လား... တော်တော်လေး အရှက်မရှိတာပဲ..."


" ဂိုဏ်းထဲက တစ်ယောက်ယောက်က သူ့ကို အကြောင်းကြားလိုက်လို့ပဲ ဖြစ်ရမယ်... မဟုတ်ရင် ဓားသခင်က ဘယ်ချိန်ပြန်လာပြီးတော့ အရိုးသန့်စင်ရေကန်ကို သွားမယ်ဆိုတာ သူဘယ်လို ကြိုသိမှာလဲ..."


" ဓားသခင် သူ့ကို သတိထားမိသွားလို့ တော်သေးတာပေါ့ မဟုတ်ရင် သူ့အကြံတွေ အောင်မြင်သွားမှာ..."


" မဟုတ်ဘူး မင်းတို့အားလုံးမှားနေပြီ..."

ယဲ့ရှစ် လက်ကာပြလိုက်သည်။

" သူ့အော်ရာကို ဖုံးကွယ်ထားတာဆိုတော့ ဓားသခင်က သူ့ကို သတိမထားမိဘူး..."


အခြားလူများ ထိတ်လန့်ကုန်ကြသည်။

" ဒါဆိုရင်..."


" တကယ်လို့ အဲ့ကိစ္စက အမှန်ဖြစ်နေရင်တောင်မှ အရမ်းဒေါသထွက်စရာ ဖြစ်နေဦးမှာ မဟုတ်ဘူး..."

ယဲ့ရှစ်က လက်သီးကျစ်ကျစ်ဆုပ်ထားပြီး မုန်းတီးနေဟန်ဖြင့် ပြောလိုက်သည်။

" အရှက်မဲ့ရှန်းက ဘယ်လောက်တောင်ယုတ်မာလဲ မင်းတို့သိကြလား..."


" သူ အရိုးသန့်စင်ရေကန်မှာ ပုန်းနေတာက ဓားသခင်ကို ဝတ်လစ်စလစ်နဲ့ မြင်ချင်ရုံတင်မကဘူး... ဓားသခင် ဒဏ်ရာရနေဝာာကို အခွင့်ကောင်းယူပြီး မကောင်းတဲ့အကြံအစည်တွေ ကြံနေဝာာတဲ့..."


အဟွတ် အဟွတ် အဟွတ်...


ရှန်းလျိုရှန့်၏လည်ချောင်းထဲတွင် ဖရုံစေ့တစ်စေ့ကပ်သွား၍ ပါးစပ်အုပ်ကာ အဆက်မပြတ်ချောင်းဆိုးနေရသောကြောင့် မျက်နှာတစ်ပြင်လုံး နီရဲလာသည်။


ဘေးနားမှ တပည့်များက နောက်ဆုံးတွင် သူ့ကိုသတိထားမိသွားပြီး ရန်သူတစ်ယောက်ကို မြင်လိုက်ရသည့်နှယ် ဖြစ်သွားသည်။


" ရှန်းလျိုလျိုပါလား..."


ရှန်းလျိုရှန့်က အသက်မနည်းရှုပြီး ပြန်ဖြေလိုက်သည်။

" အာ..."


" ငါပြောပြီးပြီပဲ မင်းတို့တစ်ယောက်ယောက်ကို ဒေါသထွက်ချင်တယ်ဆိုရင် ငါ့ရဲ့အစ်ကိုတွေကိုပဲ ဒေါသထွက်‌လို့ ငါ မဟုတ်ဘူး..."


တစ်ယောက်ယောက်က အေးစက်စက်ဖြင့် နှာမှုတ်လိုက်သည်။

" မင်းက ဘာကိစ္စ ဒီရောက်နေတာလဲ..."


ရှန်းလျိုရှန့်က ပြန်ဖြေသည်။

" ဖရုံစေ့ စားနေတာလေ..."


မူလဇာတ်လမ်းထဲတွင် ရှန်းလျိုရှန့်က ယဲ့ပင်းရန်အပေါ် တွယ်ကပ်ခဲ့ပုံများကို အတိုချုပ်သာ ရေးထားခဲ့သောကြောင့် ထိုအဖြစ်အပျက်များကို သူ မသိပေ။ ထိတ်လန့်သွားပြီးသည့်နောက်တွင်မူ ယဲ့ပင်းရန်အကြောင်း သူ့ကို အသိပေးသည့်လူက မည်သူမည်ဝါဖြစ်ကြောင်း မမှန်းဆကြည့်ဘဲ မနေနိုင်တော့ပေ။ 


သူမှတ်မိသည်မှာ ရှန်းလျိုရှန့်က ပစ္စည်းကောင်းတစ်ခုခုရှိတိုင်း ယဲ့ပင်းရန်ကို အမြဲတစေ ပေးချင်ခဲ့သည်ကိုပင်။ အကယ်၍ တစ်ဖက်လူက လက်မခံပါက ရှန်းလျိုရှန့်က သူ့ကိုယ်စား အခြားတစ်ယောက်ကို ပေးခိုင်းလေ့ရှိသည်။


အခု ပြန်တွေးကြည့်တော့မှ ဒီကိစ္စက တော်တော်ကြောက်စရာကောင်းနေတာပဲ...


သူ့ဆီကနေ ပစ္စည်းတွေယူသွားတဲ့လူက ယဲ့ပင်းရန်ကို ပေးလိုက်တယ်လို့ လိမ်ပြောနေတာများလား...


ထိုအချိန်တွင် ရှီးယန်ဂိုဏ်းသားအချို့က လေ့ကျင့်ရေးကွင်းနားမှ ဖြတ်သွားကြသည်။  တစ်စုံတစ်ယောက်က ရှန်းလျိုရှန့်ကိုမြင်သွားပြီး အခြားလူများကို တစ်ခုခုတီးတိုးပြောနေကာ ချက်ချင်းပင် အကြည့်အားလုံးက သူ့ထံသို့ရောက်လာသည်။


သူတို့အားလုံး၏ မျက်ဝန်းထဲတွင် အေးစက်မှုများဖြင့် ပြည့်နေသည်။


" ငါကြားတာတော့ ရှီးယန်ဂိုဏ်းက သခင်လေးက ဒီရက်ပိုင်းထဲ အခန်းထဲကနေ အပြင်တောင် မထွက်ဘူးတဲ့... သူ့ ဝိညာဉ်သားရဲ ပျောက်သွားတာကြောင့်လား မသိဘူး..."

ယဲ့ရှစ်က စောင်းပါးရိပ်ခြေ ပြောလိုက်သည်။


ရှန်းလျိုရှန့်

: " ဪ "


သူ့ပုံစံက အပူအပင် ကင်းမဲ့နေသည်။ 


ဤကိစ္စကို ပြောလိုက်ချိန်တွင် ဘေးနားမှ တပည့်အချို့က စိတ်အေးလက်အေးဖြစ်သွားသော်လည်း အချို့က သူ့ကို သတိလာပေးကြသည်။


" မင်း နောက်ရက်တွေထဲ သတိထားပြီးနေဦး... ငါတို့ကြားတာတော့ ရှီးယန်ဂိုဏ်းချုပ်က ဒီကိုလာနေတယ်တဲ့..."