Chapter 44
ကျင်းရှန်ထျန်းက အလွန်အညှာအတာကင်းမဲ့သူဖြစ်သည်။ အထူးသဖြင့် သူ၏အချစ်ဆုံးသားဖြစ်သော ကျင်းတျယ်ရှန့်ကို ကာကွယ်ရမည်ဆိုပါက ပိုဆိုးသည်။
ဝိညာဉ်သားရဲကိစ္စကြောင့် ကျင်းတျယ်ရှန့်၏ စိတ်အခြေအနေကို သက်ရောက်မှုများစွာ ဖြစ်စေခဲ့ပြီး ယခင်က အပြစ်အနာအဆာကင်းမဲ့ခဲ့သော သူ၏ မြှားပစ်စွမ်းရည်က ယခုအခါတွင် အားနည်းချက်များစွာဖြင့် ပြည့်နေပြီဖြစ်သည်။ သူ နောက်တစ်ကြိမ် မြှားပစ်ချင်စိတ်ပင် မရှိတော့ပေ။
ရှန်းလျိုရှန့်က ဖရုံစေ့ကိုသာ ဆက်ဝါးနေပြီး ရှီးယန်ဂိုဏ်းမှ သားအဖကို စိတ်ဝင်စားဟန် မပြသပေ။
ဒီနေရာက ဓားဂိုဏ်းလေ သူတို့တွေ လူမြင်ကွင်းမှာတော့ ပြဿနာ မရှာရဲလောက်ပါဘူး...
သူက အလောတကြီးဖြင့် ဆက်ပြောလိုက်သည်။
" အရှက်မဲ့ရှန်းအကြောင်းတွေ ထပ်ပြောပြပါဦး ငါအဲဒါတွေ နားထောင်ချင်သေးတယ်..."
ယဲ့ရှစ်က သူ့ကို ကြိမ်ဖန်များစွာကြည့်လိုက်ပြီးနောက် လည်ချောင်းရှင်းကာ ဇာတ်လမ်းကို ဆက်ပြောပြနေလိုက်သည်။
.....
နေ့လည်ခင်းအချိန်တွင် တာအိုပညာရှင်ကျန့်ကျန်းက သူ ကျင့်ကြံရာလှိုဏ်ဂူထဲမှ ဟောပြောစင်တွင် လူငယ်မျိုးဆက်များကို လမ်းညွှန်ဟောပြောမှုများ ပြုလုပ်လေ့ရှိသည်။ ဂိုဏ်းများစွာမှ ထိပ်တန်းတပည့်သုံးယောက်ကို တက်ရောက်ရန်လည်း ဖိတ်ခေါ်ထားသည်။
ရှန်းလျိုရှန့်က ထိုနေရာသို့မသွားဘဲ သစ်ပင်ကြီးတစ်ပင်အောက်တွင် တစ်ယောက်တည်းထိုင်နေကာ သူ့လက်ကောက်ဝတ်မှ ဝိညာဉ်ချည်နှောင်ကြိုးကို ဆွဲဆိတ်ကြည့်နေသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ပြီး အရောင်တလက်လက်တောက်လာသည့် စာလုံးများကိုကြည့်ကာ မျက်ခုံးများ တွန့်ချိုးလိုက်သည်။
ထိုစာလုံးအများစုကို သူ သဘောပေါက်လာပြီ ဖြစ်သော်လည်း သူ နားမလည်နိုင်သည့် အပိုင်းအချို့ ရှိနေသေးသည်။
အချိန်ကြာသည်အထိ ဇဝေဇဝါဖြစ်နေပြီးနောက်တွင် ရှန်းလျိုရှန့်က ခေါင်းကုတ်လိုက်ပြီး ကျောက်စိမ်းပြားလေးကိုထုတ်ကာ သူ့လက်ချောင်းသွယ်သွယ်များဖြင့် တောက်နေမိသည်။
" ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ပါဦး... ခင်ဗျားရဲ့ တပည့်ကောင်းဆိုတဲ့လူက ခင်ဗျားသင်ပေးထားတဲ့ မန္တန်နဲ့ ကိုယ့်သားကို ဒုက္ခပေးနေပြီ..."
" ခင်ဗျားက ဘယ်လိုအဖေလဲ..."
ထိုစကားများပြောနေစဉ်တွင် ကျောက်စိမ်းပြားက ရွှေရောင်တလက်လက် တောက်ပလာသည်။ ရှန်းလျိုရှန့် လန့်သွားသောကြောင့် လက်ကိုခါလိုက်မိသည့်အခါ ကျောက်စိမ်းပြားက ဒေါက်ခနဲ မြေကြီးပေါ် ပြုတ်ကျသွားသည်။
လက်ဖဝါးအရွယ်ခန့်ရှိသော ပုံရိပ်တစ်ခု ပေါ်လာပေသည်။
ထိုပုံရိပ်က လက်ချောင်းသွယ်သွယ်များဖြင့် အစီအရင်များကို ပြုလုပ်နေသည်။
ရှန်းလျိုရှန့် ၎င်းကို ခဏတာ စူးစမ်းကြည့်နေပြီးသည့်နောက်တွင် ဝမ်းသာအားရ ဖြစ်သွားသည်။ ထိုလက်က ဝိညာဉ်ချည်နှောင်အစီအရင်ကို ပြန်ချိုးဖျက်ရမည့် မန္တန်ကို သရုပ်ပြသနေခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ထက်၌ သက်တံ့ရှည်ကြီးတစ်ခုက ဖြတ်သန်းလာပြီး ဓားဂိုဏ်းသို့ရောက်လာကာ ရှီးယန်ဂိုဏ်းသားများ၏ တည်းခိုဆောင်များရှိရာသို့ ဆင်းသက်သွားသည်။
" ငါ့သား ဘယ်မှာလဲ..."
ကျင်းရှန်ထျန်း၏မျက်နှာက ခက်ထန်နေပြီး သူ့ကိုအမြန်လာကြိုသည့် ဝေ့ထျန်းကျီကို ပါးရိုက်လိုက်သောကြောင့် ထိုလူက မြေပြင်ပေါ် ဖင်ထိုင်လျက် လဲကျသွားတော့သည်။ ဝိညာဉ်အခြေတည်အဆင့်သို့ ရောက်ရှိနေသော ကျင့်ကြံသူတစ်ယောက်၏ ထည်ဝါလှသော အော်ရာကြောင့် ခြံဝင်းထဲတွင်ရှိသော ရှီးယန်ဂိုဏ်းသားများက ချက်ချင်းကြောက်လန့်ကုန်ပြီး ဖြူဖျော့နေသည့် မျက်နှာများဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်လိုက်ကြတော့သည်။
" ငါ့သား ရှန့်အာက ဘာလို့ ဒီလိုမျိုး အရှက်ခွဲခံရတာလဲ မင်းကို အဖော်ထည့်ပေးလိုက်တာ ဘာအသုံးကျလဲ..."
သူက ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းသို့ အတင့်တက်ရန် အရေးကြီးသည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ မူလက အဆင့်တက်ရန် အသည်းအသန်ကြိုးစားအားထုတ်နေသော်လည်း ကျင်းတျယ်ရှန့် အနိုင်ကျင့်ခံရပြီး သူ့စိတ်အခြေအနေကို သက်ရောက်သွားကာ မြှားထပ်မပစ်နိုင်တော့ကြောင်း ကြားလိုက်ရ၍ ဓားဂိုဏ်းသို့ ချက်ချင်းထွက်လာခဲ့ခြင်းဖြစ်သည်။
သာမန်ကျင့်ကြံသူများအတွက်မူ သူတို့၏စိတ်အခြေအနေကို အနည်းအများ ထိခိုက်ခြင်းက အလွန်မဆိုးဝါးလှပေ။ သို့ရာတွင် ကျင်းတျယ်ရှန့်အတွက်မူ ထိုကိစ္စက အလွန်ပြင်းထန်သည်။ သူက ငယ်ရွယ်စဉ်ကလေးဘဝတည်းက အထင်သေး ရှုတ်ချခံရခြင်းမျိုးကို တစ်ကြိမ်တစ်ခါမှ မကြုံတွေ့ခဲ့ဖူး၍ သူ့စိတ်အခြေအနေက အခြားလူများထက် အားပျော့သည်။ အနည်းငယ်ကံခေသွားရုံဖြင့် သူ့စိတ်ကို အောက်ဆုံးအထိ ထိုးကျသွားစေသောကြောင့် ကျင့်ကြံဆင့်တက်ရန် အခက်အခဲဖြစ်နိုင်ပေသည်။
" ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကို အသေးစိတ်ပြောစမ်း .."
ဝေ့ထျန်းကျီက သူ့မျက်နှာကို လက်ဖြင့်အုပ်ထားပြီး ထိုနေ့က ဖြစ်ပျက်ခဲ့သော အကြောင်းအရာကို အလွန်အကြူးချဲ့ကားပြောလိုက်သည်။
ကျင်းရှန်ထျန်း၏မျက်နှာက ထိုအကြောင်းကို နားထောင်လေ ပိုပြီးမည်းနက်လာလေဖြစ်သည်။
" မင်းပြောချင်တာက ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားက ငှက်မွေးမြှားကိုတောင် မယှဉ်နိုင်ဘူးပေါ့လေ... အဲ့တပည့်ရဲ့ ကျင့်ကြံဆင့်က ဘယ်လောက်မို့လဲ..."
ဝေ့ထျန်းကျီက ပြန်ဖြေသည်။
" အခြေခံအုတ်မြစ်တည်အဆင့်ပါ..."
ကျင်းရှန်ထျန်း၏နှလုံးသားက နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျင်းတျယ်ရှန့်က ရွှေအမြုတေအဆင့်သို့ ရောက်နေပြီးဖြစ်ကာ ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားကဲ့သို့ အဆင့်မြင့် ဝိညာဉ်လက်နက်မျိုးကို သုံးနိုင်သော်လည်း ငှက်မွေးမြှားသုံးသည့် သူ့ထက်အဆင့်နိမ့်သော တပည့်ထံတွင် ရှုံးခဲ့ပေသည်။
၎င်းက သူ့စိတ်အခြေအနေအတွက် ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပေသည်။
ကျင်းရှန်ထျန်းက ပိတ်ထားသည့်တံခါးကိုကြည့်ကာ မေးလိုက်သည်။
" ဒီကိစ္စဖြစ်ပြီးတော့ ငါ့သား တစ်ခုခု ပြောသေးလား..."
" သခင်လေးက အဲဒီမြှားပစ်တဲ့တပည့်ရဲ့လက်ကို ချိုးပစ်ချင်တယ်လို့ ပြောပါတယ်..."
ကျင်းရှန်ထျန်းက ခက်ထန်စွာဖြင့် ကျိန်းမောင်းလိုက်သည်။
" ဒါဆို သူဘာလို့ မလုပ်တာလဲ..."
သူ့သားက ထိုစကားမျိုးပြောလာခြင်းဖြစ်၍ ထိုတပည့်၏ မြှားပစ်စွမ်းရည်က သူ့ထက်သာကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် ကျင်းတျယ်ရှန့်၏စိတ်ထဲတွင် နတ်ဆိုးတစ်ကောင် ဖြစ်တည်လာနိုင်ပေသည်။
ထိုအခြေအနေမျိုးတွင် ရွေးချယ်စရာနည်းလမ်း ၂ခုသာရှိသည်။ တစ်ဖက်လူကို ပွင့်လင်းမြင်သာစွာဖြင့် ကျော်တက်သွားနိုင်လျှင် ဤပြဿနာကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ အခြားတစ်ခုမှာမူ ထိုတပည့်၏ မြှားပစ်နိုင်သည့်စွမ်းရည်ကို ဖြတ်တောက်ပစ်ပြီး သူ့သား၏ ကိုယ်တွင်းမှနတ်ဆိုးကို ပျက်စီးသွားအောင် ပြုလုပ်ခြင်းတို့ဖြစ်သည်။
ကျင်းတျယ်ရှန့်က ဒုတိယနည်းလမ်းကို ရွေးချယ်လိုက်သော်လည်း မအောင်မြင်ခဲ့၍ လေးနှင့်မြှားကို နောက်တစ်ကြိမ် ထပ်မကိုင်တော့ရန် ငြင်းဆန်ခဲ့သည်။
ဝေ့ထျန်းကျီက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ကျွန် ကျွန်တော် ဂိုဏ်းချုပ်လင်ကို တွေ့ခဲ့တယ်..."
ကျင်းရှန်ထျန်း မျက်ခုံးများ တွန့်ချိုးလိုက်ပြီး ဝတ်ရုံလက်ခါ၍ တံခါးကိုတွန်းဖွင့်လိုက်သည်။
.....
ရှန်းလျိုရှန့် ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းနားမှ ဖြတ်သွားချိန်တွင် တစ်ယောက်ယောက်က သူ့ကိုဘေးနားဆွဲခေါ်လိုက်သည်။
" ရှီးယန်ဂိုဏ်းချုပ် ဒီကိုရောက်နေပြီ..."
အရှက်မဲ့ရှန်းအကြောင်း သူ့ကိုပြောပြခဲ့သည့် ယဲ့ရှစ်က အလောတကြီးဖြင် ပြောလိုက်သည်။
" မြန်မြန်လုပ် တစ်နေရာရှာပြီး ပုန်းနေဝောာ့..."
" အဲဒါ ငါနဲ့ဘာဆိုင်လို့လဲ..."
ရှန်းလျိုရှန့်က မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ဝတ်ရုံလက်ကို လိပ်တင်လိုက်သည့်အခါ ဖြူသွယ်သော လက်ကောက်ဝတ်နှစ်ခု ပေါ်လာသည်။
" အရင်နဲ့ ဘာကွာသွားလဲကြည့်ကြည့်..."
ယဲ့ရှစ်က စိုးရိမ်တကြီးဖြစ်နေပုံပေါ်သည်။
" ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေအားလုံးကလည်း ဆရာ့ရဲ့ လှိုဏ်ဂူထဲ ရောက်နေပြီ... ကျင်းရှန်ထျန်းက ဒီအခွင့်အရေးကိုယူပြီး မင်းကို ကျိန်းသေပေါက် တစ်ခုခုလုပ်တော့မှာ... ငါ အကြီးအကဲတွေကို အကြောင်းကြားဖို့တော့ လူလွှတ်ထားပြီးပြီ ဒါပေမဲ့ အချိန်ယူရဦးမှာ... မင်း သူတို့ကိုအချိန်ဆွဲဖို့ ပုန်းနေလိုက်ဦး..."
ရှန်းလျိုရှန့်က သူ့လက်ကောက်ဝတ်နှစ်ဖက်ကိုသာ ခါပြနေသည်။
" အရင်ဆုံး ကြည့်ပေးပါဦး... အရင်နဲ့ တူသေးလားဆိုတာ..."
" အရေးထဲ ဒီလိုအချိန်ကြီးမှာ..."
ယဲ့ရှစ် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကိုကြည့်ကာ ပြောလိုက်သည်။
" ညာဘက်က ကြိုးအမဲက မရှိတော့ဘူး... ပြီးတော့ ဘယ်ဘက်မှာ ကြိုးအနီတစ်ချောင်း ထပ်ရောက်လာပြီ..."
" ဟုတ်တယ် အဲ့လိုဖြစ်သွားပြီ..."
သူ့ရှေ့မှလူက ရူးနှမ်းစွာပြုမူနေသည်ဟု ယဲ့ရှစ်ခံစားမိလိုက်သည်။ ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်က သူ့ကိုလာရှာနေသော်လည်း သူက အဆင်တန်ဆာများ ဝတ်ဆင်ရန် စိတ်ထဲထည့်နေသေးသည်ဟု တွေးနေမိသည်။
" ကျင်းရှန်ထျန်းက ဘယ်လောက် ရက်စက်ပြီး ကြောက်စရာကောင်းတယ်ဆိုတာ မင်းသိရဲ့လား..."
ယဲ့ရှစ်က ရှန်းလျိုရှန့်ကို ခေါင်းခေါက်ပစ်ချင်လာသည်။
" နတ်ဆိုးသခင်ကို မင်းသိတယ်မလား... သူ့ရဲ့ညီလေးကို ကျင်းရှန်ထျန်းဦးဆောင်တဲ ကျင့်ကြံသူအုပ်စုက သတ်ပစ်ခဲ့တာ..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။ သူ ထိုအကြောင်းကို သတိပြုမိပေသည်။
မူလဝတ္ထုတွင်မူ နျန်ယောင်ချွမ်က သူ့ညီကို အန္တရာယ်ပြုခဲ့သူအားလုံးကို သတ်ပစ်ခဲ့ပြီး ခေါင်းဆောင်ဖြစ်သည့် ကျင်းရှန်ထျန်း တစ်ယောက်တည်းကိုသာ ချန်ထားရစ်ခဲ့သည်။
နတ်ဆိုးသခင်က ရှီးယန်ဂိုဏ်းကို ကြောက်ရွံသောကြောင့် ထိုသို့လုပ်သည်ဟု ကျင်းရှန်ထျန်းက တွေးခဲ့ပြီး ပိုမိုထောင်လွှားစွာပြုမူခဲ့ပေသည်။ သို့ရာတွင် နတ်ဆိုးဘုရင်က သူ့ကိုအသက်ရှင်လျက်ထားပြီး လက်စားချေသည့်အနေဖြင့် သူချစ်ရသောသားဖြစ်သူ၏ ကံကြမ္မာဆိုးငင်မှုကို စောင့်ကြည့်ခိုင်းမည်ဖြစ်ကြောင်းကို သတိမပြုမိခဲ့ပေ။
" မင်း ဘာလို့ ငါ့ကိုကူညီတာလဲ..."
ရှန်းလျိုရှန့်က ယဲ့ရှစ်ကိုကြည့်လိုက်သည်။
" ငါ ကျင်းရှန်ထျန်းကို မုန်းလို့လေ..."
စကားဆုံးသည်နှင့် ယဲ့ရှစ်က ရှန်းလျိုရှန့်ကို ခပ်ဝေးဝေး ဆွဲခေါ်သွားသည်။ သို့ရာတွင် သူတို့ ဝေးဝေးလံလံ မသွားရသေးမီမှာပင် ပြင်းထန်သောဖိအားကြီးတစ်ခု ဆင်းသက်လာပြီး သူတို့ကို ရှေ့ဆက်သွားမရအောင် ပြုလုပ်ထားလိုက်သည်။
အလင်းတန်းက ဖျတ်ခနဲဖြာထွက်လာပြီး မြေပြင်ပေါ်တွင် လူနှစ်ယောက် ပေါ်လာသည်။
" အဖေ သူက ရှန်းလျိုလျိုဆိုတဲ့ကောင်ပဲ..."
ကျင်းတျယ်ရှန့်၏ မျက်လုံးများက နီရဲနေပြီး လက်ဆယ်ချောင်းလုံးတွင် အမာရွတ်များဖြင့် ပြည့်နေသည်။ ရှန်းလျိုရှန့်ကို မြင်သည်နှင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး မသိမသာ တုန်ယင်လာတော့သည်။
သူ လေးနှင့်မြှားကို ကိုင်လိုက်ချိန်တိုင်းတွင် ကောင်းကင်ကိုးပါးတိမ်လွှာဖောက်ထွင်းမြှားကို ပိတ်ဆို့ခံလိုက်ရသည့်မြင်ကွင်းက စိတ်ထဲ ပြန်ပေါ်လာသည်။
သူ ဂုဏ်ယူဝံ့ကြွားရသော မြှားပစ်စွမ်းရည်ကို မည်သူကမှ သတိမပြုမိသော တပည့်တစ်ယောက်က ဖျက်ဆီးပစ်လိုက်ပေသည်။
ဒီလောကကြီးထဲမှာ ငါ့ထက်ပိုပြီး မြှားပစ်စွမ်းရည်ကောင်းတဲ့သူ ရှိနေသေးတယ်တဲ့လား...
ငါတစ်ယောက်တည်းကပဲ အတော်ဆုံး အထူးချွန်ဆုံးလေ...
ကံကောင်းသည်မှာ သူ့ဖခင်လည်း ရောက်လာ၍ သူအရှက်ခွဲခံရသည့်ကိစ္စကို ကျိန်းသေပေါက် ကူညီပေးမည်ဖြစ်သည်။
ကျင်းတျယ်ရှန့် ပြုံးလိုက်ပြီးနောက် သူ့မျက်လုံးများက ကြက်သွေးရောင် တောက်လာသည်။
အကယ်၍ ရှန်းလျိုရှန့်၏ မြှားပစ်စွမ်းရည်က အလွန်ကောင်းမွန်နေပါက ယနေ့တွင် သူ့အရွတ်များကို ဖြတ်ပစ်ပြီး လေးနှင့်မြှားကို ထပ်မကိုင်နိုင်အောင် ပြုလုပ်ပစ်မည်ဖြစ်သည်။
.....
ဂိုဏ်းချုပ်များစွာက အလျင်အမြန်လာနေကြသော်လည်း လေထုအလယ်မှ အရံအတားတစ်ခုကြောင့် ပိတ်ဆို့ခံလိုက်ရသည်။
" ကျင်းရှန်ထျန်းက ရှေ့မကြည့်နောက်မကြည့်နဲ့ ပြဿနာရှာနေတာပဲ... ဂိုဏ်းချုပ်ကို အမြန် သတင်းသွားပို့လိုက်..."
" အရံအတားထဲ ပိတ်မိနေတဲ့တပည့်ကိုကြည့်ရတာ ရင်းနှီးနေသလိုပဲ..."
" အဲဒါ ချင်းလင်ဂိုဏ်းက ရှန်းလျိုလျိုမလား..."
" ဘာဖြစ်တယ်..."
အားလုံး၏အကြည့်များက ရှန်းလျိုရှန့်အပေါ်သို့ ကျရောက်သွားကြသည်။ သူ့နာမည်ကို ဓားဂိုဏ်းမှလူအားလုံးက သိကြသည့်အပြင် သူ့အရေးပါမှုကိုလည်း သတိပြုမိကြသည်။
အကယ်၍ သူ တစ်ခုခုဖြစ်ခဲ့ပါက ဓားဂိုဏ်းထဲမှ လူတစ်ယောက်ထက်ပိုပြီး ရူးနှမ်းသွားကြမည်ဖြစ်သည်။
အရံအတား၏အပြင်ဘက်နားမှ ယဲ့ရှစ်မှာမူ ဂနာမငြိမ်တော့ပေ။ အားလုံးက ဒယ်အိုးပေါ်မှ ပုရွက်ဆိတ်သဖွယ် ဂနာမငြိမ်ဖြစ်နေသော်လည်း ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်ချထားသော အရံအတားဖြစ်၍ သူတို့ချိုးဖျက်နိုင်စရာအကြောင်း မရှိပေ။ ဂိုဏ်းချုပ် အမြန်ရောက်လာပြီး အထဲတွင် ပိတ်မိနေသူကို ကယ်တင်နိုင်ရန်သာ စိုးရိမ်တကြီး စောင့်ဆိုင်းနေရသည်။
အရံအတားအတွင်းမှ လူငယ်လေးက မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်ဖြစ်နေသည်မှာ သူ့ကိုချဉ်းကပ်လာသူက မည်မျှကြောက်စရာကောင်းသည်ကို မသိဟုပင် ထင်ရပေသည်။
သူက နှုတ်ခမ်းများ တွန့်ကွေးပြီး ပြုံးလိုက်သည်။
" ဘာလဲ ကိုယ့်ဘာသာတစ်ယောက်တည်းဆို မနိုင်လို့ မင်းအဖေကိုပါ ဆွဲခေါ်လာတာလား..."
ကျင်းတျယ်ရှန့်၏မျက်နှာက အဖြူတစ်လှည့် အနီတစ်လှည့် ဖြစ်နေသည်။ သူ တစ်ခုခုပြောတော့မည့်အချိန်တွင် ကျင်းရှန်ထျန်းက သူ့နောက်ကို တွန်းပို့လိုက်သည်။
" မင်းက စိတ်ပျော့လွန်းတယ်... သူ့လိုမျိုး ကိုယ့်အနေအထားကိုယ် မသိတဲ့ကောင်နဲ့ စကားပြောနေဖို့တောင် မလိုဘူး ဒီတိုင်းသတ်ပစ်လိုက်ရမှာ..."
လင်ယဲ့နှင့် အခြားလူများ၏ အော်ရာက ဤနေရာသို့ အလျင်စလိုလာနေကြသည်ကို ကျင်းရှန်ထျန်း ခံစားမိလိုက်သည်။
ဤလူငယ်လေးက သူ့သား၏စိတ်ဓာတ်ကို ဖျက်ဆီးလိုက်ခြင်းဖြစ်၍ အသက်ရှင်ခွင့် မရှိတော့ပေ။
ကျင်းရှန်ထျန်း၏မျက်လုံးများက ရက်စက်ကြမ်းကြုတ်သည့်ဟန် ဖြစ်လာပြီး သူ့လက်ဖဝါးကိုလှန်၍ အေးစက်များပြားလှသည့် ဝိညာဉ်စွမ်းအားကို စုဝေးလိုက်ပြီး ရှန်းလျိုရှန့်ထံ ပစ်လွှတ်လိုက်သည်။
ဘန်း...
မြေပြင်က ပြင်းပြင်းထန်ထန်တုန်ယင်သွားသည်။
စွမ်းအားကြီးသော လက်ဖဝါးချက်ကြီးက အရံအတားအတွင်းတွင် ပိတ်ဆို့ခံထားရသော်လည်း လူငယ်လေးအပေါ် သက်ရောက်မှုများ ရှိနေဆဲဖြစ်သည်။
အားလုံး၏ရင်ထဲ တင်းကြပ်သွားကြသည်။
ထိုအခိုက်အတန့်တွင် လှိုဏ်ဂူထဲမှထွက်လာသည့် လူတစ်အုပ်စု ရောက်လာပေပြီ။
အခြေအနေကိုမြင်သည့်အခါ သူတို့မျက်နှာများ ဖြူဖျော့သွားတော့သည်။
" ရှန်းလျို..."
" အစ်ကိုရှန်းရှန့်..."
" ပါပါး ~ "
…
ကျင်းရှန်ထျန်း သူတို့ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်မှ အပြုံးက ပို၍ခြောက်ခြားစရာ ကောင်းလာသည်။
ဝိညာဉ်အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကို တိုက်ရိုက်ရင်ဆိုင်ရခြင်းက သေလမ်းသို့သွားနေသည်နှင့် တူညီပေသည်။ အကယ်၍ လင်ယဲ့နှင့် အခြားလူများ ရောက်လာလျှင်ပင် ကွာခြားချက်ရှိတော့မည် မဟုတ်ပေ။
သူက သေသွားတော့မှာပဲ... လူသေတွေက စကားမပြောနိုင်ဘူး...
ဤကိစ္စမှ ရှောင်ထွက်ရန် ဆင်ခြေတစ်ခုကို သူ အလွယ်တကူရှာနိုင်ပေသည်။ လင်ယဲ့က သူ့တပည့်တစ်ယောက်တည်းအတွက် ရှီးယန်ဂိုဏ်း၏ရန်သူ ဖြစ်လာချင်မည် မဟုတ်ပေ။
ကျင်းရှန်ထျန်း လက်မြှောက်လိုက်ပြီး အရံအတားကို ဖယ်ရှားရန် ပြင်လိုက်သည်။
ထိုအခိုက်အတန့်တွင် လေထုအလယ်မှ အက်ကွဲသံတစ်သံထွက်လာပြီး အရံအတားက အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။
သူ ရုတ်တရက် ထိတ်လန့်သွားပြီး မျက်နှာချင်းဆိုင်ကို လှမ်းကြည့်လိုက်သည်။
ဖုန်မှုန့်များ ပျောက်ကွယ်သွားသည့်အခါ အစောပိုင်းကပုံရိပ်နှင့်မတူသော လူတစ်ယောက်က လမ်းလျှောက်ထွက်လာသည်။
၎င်းက ဖြူဖွေးကြော့ရှင်းသောကိုယ်ဟန်နှင့် လူငယ်လေးတစ်ယောက်ဖြစ်ပြီး ခါးအထိရှည်သော အနက်ရောင်ဆံနွယ်များက လေနှင့်အတူ ယိမ်းနွဲ့နေသည်။ သူ့ပုံစံက အလွန်တောက်ပလွန်းပြီး ရင်သပ်ရှု့မောဖွယ် ကောင်းလှပေသည်။
သူ့နှုတ်ခမ်းထက်တွင် အပြုံးတစ်ပွင့် ရှိနေသည်။
သူ၏ ပြောင်မြောက်သော ဇာမဏီမျက်ဝန်းများထဲတွင် ရေခဲတမျှအေးစက်မှုများ ရှိနေသည်။
" ငါအခုပဲ မန္တန်တစ်ခု သင်ထားတာ... မင်းတို့ ငါ့ဆီရောက်လာတယ်ဆို
တော့ လေ့ကျင့်ကြည့်လို့ ရတာပေါ့လေ..."
သူ စကားပြောနေစဉ်တွင် ခန္ဓာကိုယ်မှ အသက်ရှုကြပ်လောက်စေသည့် စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။ သူ့ကျင့်ကြံဆင့်က ကျင်းရှန်ထျန်းနှင့် အဆင့်တူသည့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေလေသည်။