Chapter 184 [Final Chapter of story]
လင်းရွှမ်သည် သူမနှင့် 100% ဝိညာဉ်ရေးအရ လိုက်ဖက်ညီနေနိုင်သည်ဟု တွေးမိသည်။ လင်းယောင်ယောင် ၏ မျက်လုံးတွေကို သူမြင်လိုက်သည့်အခါ သူမက ဘာစကားမှမပြောလျှင်တောင် သူမ ဘာတွေးနေမှန်း သိနိုင်၏။ ယခု သူမသည် 012 နှင့် 168 ကိုတွေ့ရသည့်အတွက် ပျော်နေသော်လည်း ဟန်းနီးမွန်းခရီးမှာ သူနှင့်အတူ အချိန်မကုန်ရသည့်အတွက် နောင်တရနေရှာ၏။
လင်းရွှမ် လျှောက်လာပြီး ကလေးမလေး၏ ခေါင်းကို ထိလိုက်၏။ သူ၏ ပါးစပ်က မပွင့်လာသော်လည်း သူ့အသံကို လင်းယောင်ယောင် ကြားလိုက်သလိုပင်။
'ဒါဆို ညဘက်ကျရင် ကိုယ့်ကို အချိန်ပေးရမယ်နော်'
သူမ မျက်လုံးပြူး၍ သူ့ကို စိုက်ကြည့်နေမိသည်။
"ကိုယ့်တို့က 100% ဝိညာဉ်ရေးနယ်ပယ်ချင်း လိုက်ဖက်ညီမှုရှိတယ်... ဒါကြောင့် အခုအချိန်မှာ ကိုယ်တို့ချင်း စိတ်ပိုင်းဆိုင်ရာနယ်ပယ်ထဲကို ဝင်ပြီး စက်ဝန်းတွေ မချိတ်ဆက်ရင်တောင် ကိုယ်တို့ စိတ်ချင်း ဆက်သွယ်နိုင်ပြီ...မင်းရဲ့ခွင့်ပြုချက်မရဘဲ မင်းရဲ့အတွေးတွေကို ကိုယ်ကြားနေရတာ အဆင်ပြေရဲ့လား... "
လင်းယောင်ယောင် ၏ မျက်ခုံးများ ကောက်ကွေးသွားရကာ အမြန်ငြင်းလိုက်သည်။ "မဟုတ်ပါဘူး... အရမ်းကောင်းတယ်...နောက်ဆို ညီမလေးက ပြဿနာပဲလို့တောင် အစ်ကိုကြီး တွေးနေမိမယ်ထင်တယ်"
012 နှင့် 168 တို့သည် ဤလူသားနှစ်ဦးသည် ခွေးစာကျွေးနေပြီဟုသာ ခံစားနေရတော့၏။ 012 က တုန်တုန်ယင်ယင်နှင့် 168 ကို နောက်သို့ ခြေနှစ်လှမ်းဆုတ်စေကာ...
" ပါဝင်ပစ္စည်းတွေကို ငါတို့နှစ်ယောက်တည်းသွားယူရအောင်...လိုအပ်မှ အကူအညီတောင်းဖို့ ပြန်လာမယ်လေ"
လင်းယောင်ယောင် က သူတို့အတွက် ဘာမှမချက်ပေးလျှင်တောင် လင်းရွှမ် သည် အစားအသောက် ကုထုံးပညာရှင်များကို ခေါ်လာခဲ့သည်။
168 ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။သူတို့နှစ်ဦးသည် လျှောက်ပတ်သွား၍ ပါဝင်ပစ္စည်းများ ရှာဖွေပါက၊လူများက သူတို့အတွက်အစားအသောက်ကောင်းများ ဖန်တီးပေးလိမ့်မည်ဖြစ်သည်။
သူမကို အထီးကျန်စွာထားခဲ့သည့် အိမ်မွေးတိရစ္ဆာန်နှစ်ကောင်မှာ ပိုပို၍ လူကို မတွယ်ကပ်လာကြောင်း လင်းယောင်ယောင် တွေးမိ၏။
"အရူးလေး... ကိုယ်က မင်းရဲ့အနားမှာ အမြဲရှိနေမှာပါ...အရသာရှိတာတစ်ခုခု အရင်စားမလား ဒါမှမဟုတ် မင်းအဘွားကို အရင်တွေ့မလား"
"အဘွားကို အရသာရှိတာတစ်ခုခုကို ယူသွားပြီး သွားတွေ့ရတာ ပိုကောင်းမယ်ထင်တယ်"
လင်းယောင်ယောင် ၏အဘွားသည် Green Star မဟာမိတ်၏ လက်ရှိဥက္ကဌဖြစ်သည်။သူမသည် ဒေါသကြီးသော အဘွားအိုတစ်ဦးဖြစ်သော်လည်း အလွန်နူးညံ့သိမ်မွေ့သော နှလုံးသားရှိသည်။ Green Star များက ဆွေမျိုးစပ်ရခြင်းကို သိပ်ဂရုမစိုက်ကြပေ။ဆွေမျိုးချင်းချင်းဆိုလျှင် သူငယ်ချင်းပေါင်း ပေါင်းတတ်ကြ၏။ သူမသည် လင်းယောင်ယောင် ရောက်ရှိလာခြင်းကို အလွန်ကြိုဆိုသော်လည်း မြေးမလေး၏ မြင့်မားသော အရည်အချင်းကို ဝမ်းနည်းမိသည်။ ထိုသို့ကျွမ်းကျင်သော တိုက်ခိုက်ရေးသမားနှင့် အရန်ကုထုံး ပညာရှင်ဆိုသည်မှာ ရှားတောင့်ရှားခဲဖြစ်သည်။သူမက ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ် စစ်စစ်မဟုတ်သောကြောင့် Green Star မဟာမိတ်၏ ဥက္ကဋ္ဌမဖြစ်နိုင်ချေ။
အဘွားက လင်းယောင်ယောင် ယူလာသည့် အစားအစာများကို လက်ခံပြီး ချမ့်ယောင် ပေးသော လက်ဆောင်များလည်း ယူသည်။ ထို့နောက် သူမက လင်းယောင်ယောင် ၏ နဖူးကို နှိပ်ကာ ၎င်းသည် သူမ၏ လက်ဆောင်ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။
လင်းယောင်ယောင် သည် သူမ၏နဖူးပေါ်တွင် အနည်းငယ်အေးမြမှုကို ခံစားလိုက်ရပြီး Green Star မဟာမိတ်၏ မျိုးနွယ်အချက်အလက်အားလုံးကို သူမ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း နားလည်သွားသလို ခံစားမိသည်။ သူမသည် သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များ၏ မျိုးနွယ်တို့ကို ပို၍ စေ့စေ့စပ်စပ် နားလည်လာခဲ့သည်။
ဤသည်က... လူမျိုးရေးမှတ်ဉာဏ် အမွေဆက်ခံသည့် နည်းပညာပင်။ ဤနည်းကိုသုံးနိုင်သူသည် ကျွမ်းကျင်မှုနှစ်မျိုးရှိသော ထောင်ချီရှိသည့် ဝိညာဉ်ပန်းပွင့်မျိုးနွယ်ဝင်ဖြစ်ရမည်။
ထို့နောက် အဘွားအိုက လင်းရွှမ် ကို ငုံ့ကြည့်ကာ ခေါင်းညိတ်ပြသည်။
"မင်းတို့နှစ်ယောက်က 100% လိုက်ဖက်မှုရှိတာပဲ...မင်းတို့ ကလေးတွေထဲမှာ Green Star မျိုးနွယ်အစစ်ပါလာရင် အဘွားတို့ဆီကို ပြန်ပို့ပေးဖို့ မမေ့နဲ့"
လင်းယောင်ယောင် ကိုယ်တိုင်က သွေးစစ်သော Green Star တစ်ယောက် မဟုတ်သော်လည်း သူမသည် တိုက်ခိုက်ရေးနှင့် အရန်ကုထုံး စွမ်းရည်နှစ်မျိုးရှိ၏။ သူမသည် မှတ်ဉာဏ်အမွေကိုလည်း လက်ခံခဲ့ပြီး 100% ဝိညာဉ်ရေးအရ လိုက်ဖက်သူတစ်ဦးကို လည်း တွေ့ရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူမ၏ သားသမီးများတွင် လူသားစစ်စစ်၊သို့မဟုတ် Green Star သွေး စစ်စစ်များ ရှိနိုင်သည်။
ကလေးမွေးခြင်းသည် သူမနှင့် ဝေးကွာနေသေးသည်ဟု လင်းယောင်ယောင် ခံစားမိသည်။ သူမမှာ ကလေးရှိလျှင်လည်း ဘယ်လိုအသွေးအသားမျိုးပဲရှိရှိ သူမအနားမှာသာ ထားချင်မိ၏။ လင်းရွှမ် ကလည်း သူတို့၏ နှစ်ယောက်ထဲကမ္ဘာကြီးကို ဖျက်ဆီးပစ်မှာစိုး၍ ကလေးမလိုချင်ပေ။
"ယောင်ယောင် နဲ့ ကျွန်တော့်မှာ တစ်ကယ်Green Star စစ်စစ် ကလေးတစ်ယောက်ရှိခဲ့ရင် အဘွားနဲ့တွေ့ဖို့ ပြန်ခေါ်လာပေးလို့ရတယ်... သူတို့ကြီးပြင်းလာတဲ့အခါ Green Star မဟာမိတ်ကို ရွေးချယ်မယ်ဆိုရင် ပြဿနာမရှိဘူး…ဒါပေမယ့် ကလေးကို ငယ်ငယ်ကထဲက မလွှတ်ချင်ပါဘူး"
အဘွားအိုက ခဏလောက်စဉ်းစားပြီး "ဟုတ်တယ်...အမွေဆက်ခံသူပဲလိုတယ်…ကလေးတစ်ယောက်ကို ကြီးပြင်းအောင် မွေးဖို့ အရမ်းပျင်းတယ်"
လင်းယောင်ယောင်: "..."
ယနေ့အထိ Green Star မဟာမိတ်သည် မပြိုကွဲသေးသည်မှာ အံ့ဖွယ်တစ်ခုပင်။
ထို့နောက် လင်းယောင်ယောင် နှင့် လင်းရွှမ် တို့သည် Green Star မဟာမိတ်တွင် အလွန်သာယာသော အားလပ်ရက်ကို ဖြတ်သန်းခဲ့ကြပြီး အရသာရှိသော သက်သတ်လွတ်တိရစ္ဆာန်များနှင့် အသားစားသော ဟင်းသီးဟင်းရွက်များစွာကို စားသုံးခဲ့ကြသည်။
စစ်ပွဲကဲ့သို့သော အဖြစ်ဆိုးများမရှိလျှင် တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် လာကြမည်ဟု နှစ်ဦးသား သဘောတူထားသည်။
ဤသည်မှာ Foodie လင်းယောင်ယောင် နှင့် မယားချစ် လင်းရွှမ် တို့၏ သဘောတူညီချက်ဖြစ်သည်။
ကလေးလား...
လင်းရွှမ် ၏ အစီအစဥ်တွင်၊ ယင်းသည် ဒုက္ခတစ်ခုဖြစ်သည်။ နောက်အနှစ်တစ်ရာ သို့မဟုတ် နှစ်ရာအတွင်း စဉ်းစားလျှင်လည်း အချိန်မနှောင်းသေးပေ။ကြယ်တာရာခေတ်တွင်၊ မျိုးကွဲမျိုးစိတ်ပေါင်းစပ်မှုမှ မျိုးပွားစေသောဆေးဝါးများ သို့မဟုတ် သားဖွားမှုကို မြှင့်တင်ပေးသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အစားအစာဖြည့်စွက်စာများကို အသုံးမပြုပါက ကလေးမွေးဖွားရန် အလွန်ခက်ခဲသည်။
သို့သော်လည်း ကံကြမ္မာကို တားဆီး၍မရ။ 2နှစ်အကြာတွင် အစားအသောက်ကုထုံးပညာရှင် လင်းယောင်ယောင်သည် တက္ကသိုလ်မှ ဘွဲ့ရပြီး အင်ပါယာတစ်လျှောက် ရှေးတရုတ်အစားအစာဆိုင်ခွဲကို ဖွင့်လှစ်တော့မည့်အချိန်မှာ ရုတ်တရက် ကိုယ်ဝန်ရှိလာခဲ့သည်။ သူမသည် နဂါးနှင့်ဖီးနစ် အမွှာကို ကိုယ်ဝန်ဆောင်ထားခြင်းပင်။သားဖြစ်သူက လူသားစစ်စစ်ဖြစ်ပြီး သမီးဖြစ်သူက Green Star သွေးစစ်စစ်ပင်။
ထို့ကြောင့် သူမသည် Green Star မဟာမိတ်၏ ဟင်းသီး ဟင်းရွက်ဟင်းလျာများကို အချိန်အတော်ကြာ ပြင်းပြင်းထန်ထန် စားချင်နေပြီးနောက် တစ်ဖန် အရှင်သခင် အင်ပါယာ၏ အသားဟင်းများကိုပါ စားချင်လာပြန်သည်။ တစ်နေ့လျှင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင်လည်း အော့အန်ရ၏။
လင်းယောင်ယောင် ခံစားနေရသည်ကိုမြင်ပြီးနောက် လင်းရွှမ် သည် မမွေးသေးသည့် ပေါင်မုန့်နှစ်လုံးကို လွှင့်ပစ်ချင်စိတ် ဖြစ်လာရသည်။တစ်ယောက်ကို လင်းမိသားစု၏ မိဘများနှင့် အခြားတစ်ယောက်ကို Green Star မဟာမိတ်ဆီသို့ ပေးပစ်ချင်မ်ိ၏။နောက်ဆိုလျှင် သူလည်း သန္ဓေတားဆေး အသီးကို စားမည်ဟု စိတ်ထဲတွင် တွေးထားခဲ့သည်။သို့ဆိုလျှင် ယခုလိုဒုက္ခမျိုးတွေ ဘယ်တော့မှ ရှိမှာမဟုတ်ပေ။
သို့သော်၊ ကလေးနှစ်ယောက် တစ်ကယ်မွေးဖွားလာချိန်မှာ လင်းရွှမ် ၏ နှလုံးသားကို လင်းယောင်ယောင် နှင့်တူကာ ချစ်ဖို့ကောင်းသည့် သမီးငယ်လေးတစ်ယောက်က သူ့နှလုံးသားကို ဆုပ်ကိုင်ထားခဲ့သည်။ သွေးအေးသော စစ်ဗိုလ်ချုပ်ကြီးမှာ "အဖေမုဒ်" ကို ချက်ချင်းဖွင့်လိုက်သလို ဖြစ်သွားသည်။
လင်းယောင်ယောင် ကတော့ လင်းရွှမ် ကို တစ်ချိန်လုံး စနောက်နေတော့သည်။သူမက သူနှင့်ဆန့်ကျင်ဘက်ပင် မျက်နှာထားတည်တည်ရှိသည့် သားလေးနှင့် အမြဲအချိန်ကုန်ဖြစ်၏။
ညဘက်တွင် ကလေးများကို နို့ထိန်းစက်ရုပ်များထံ လွှဲပြောင်းပေးပြီးနောက် နှစ်ယောက်သား အချင်းချင်း ရန်ဖြစ်ကြရပြန်သည်။
လင်းယောင်ယောင် - "အစ်ကိုကြီး ဒီနေ့ အားယာကို နို့တိုက်ကူပေမယ့် ညီမလေးကိုကျတော့ ပစ်ထားတယ်နော်"
လင်းရွှမ် : "မင်းလည်း အဲ့ဒီကလေးစုတ်လေးကို ချော့သိပ်ပေမယ့် ကိုယ့်ကိုကျ တစ်ခါမှ သီချင်းလေးတောင် ဆိုမပြဖူးနော်"
သားသမီးများသည် သူတို့၏ ချစ်ခြင်းမေတ္တာကို ပုံဖော်သူများဖြစ်သည်။ သူတို့နှစ်ယောက်က ကလေးများကို နည်းမျိုးစုံနှင့်ချစ်ပြီး ဂရုစိုက်သော်လည်း အများဆုံး ကလေးအသက် 10နှစ်အထိသာ လိုက်ဂရုစိုက်ပေးရသည်။ထို့နောက်ပိုင်းမှာ ကလေးကို လက်လွှတ်ရပြီဖြစ်၏။
ယခုတော့ ဝေ့လင်းက သူ့မိန်းမကို ဘာ့ကြောင့် အရင်ရွေးချယ်ခဲ့သလဲဆိုသည်ကို လင်းယောင်ယောင် နားလည်သွားပြီဖြစ်သည်။ ရှန်းယွင်ကျင်း သည်လည်း ဘာကြောင့် လင်းထျန်းယွဲ့ နှင့်အတူ အချိန်အများစု ကုန်ဆုံးရသည်ကိုလည်း သူမနားလည်ခဲ့သည်။အကြောင်းမှာ၊သူမ ဘဝတွင်လည်း အချစ်ဆုံးလူတစ်ယောက်ရှိနေပြီးဖြစ်၍ ထိုသူကို လက်မလွှတ်နိုင်တော့ပေ။
အချိန်သည် ရှည်လျားပြီး စကြဝဠာရှိ ကြယ်အစုအဝေးများသည် ကြီးမားကြယ်ပြန့်လှသည်။ တစ်ယောက်နှင့်တစ်ယောက် ဆုံစည်းခွင့်ရသည်က အတော်ကံကောင်းခြင်းပင်။
နှစ်ရာပေါင်းများစွာကြာပြီးနောက်...
လင်းရွှမ် က မျှော်လင့်တကြီးမေးလိုက်သည်။
"နောင်ဘဝဆိုတာ ရှိလား"
လင်းယောင်ယောင် က ပြုံးပြီး "ညီမလေးက နောင်ဘဝကျ ယောက်ျားလေးဖြစ်ပြီး အစ်ကိုကြီးက မိန်းမဘဝဖြစ်ခဲ့လည်း အစ်ကိုကြီးကိုပဲ လက်ထပ်မယ်"
လင်းရွှမ်: "..."
❤️❤️❤️ပြီးပါပြီရှင် ...
Translated by IQ team ❤️❤️
Thank U 😊