အပိုင်း ၄၆
Viewers 22k

Chapter 46




ရှန်းလျိုရှန့် လန့်သွားခဲ့သည်။ သူ၏ မျက်တောင်ရှည်များက လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ့ပါးစပ်ကိုအုပ်ထားသည့်လက်ကို  အနည်းငယ်ဖွင့်လိုက်သည်။ 


" နေ‌ဦး မဟုတ်တာတွေ လျှောက်ပြောမနေနဲ့... မင်းကြားထားတဲ့ ကောလဟာလတွေက ငါကြားထားတာနဲ့ မတူဘူးထင်တယ်..."


ရှန်းလျိုရှန့်က ပြောလိုက်သည်။


ကျိုးရွှမ်လန်၏ မျက်ဆံများ နက်မှောင်သွားပြီး ရှန်းလျိုရှန့်၏နားနားကို ကပ်ပြောလိုက်သည်။


" အဲ့လိုလား..."


ထို့နောက် သူက အသံတိုးတိုးဖြင့် ဆက်ပြောသည်။

" ကျွန်တော် ကြားထားတာကတော့ ‌အရိုးသန့်စင်ရေပူစမ်းမှာ ရှစ်စွမ်းက ကျွန်တော်နဲ့ အတူနေမိလို့ သေလုမျောပါးဖြစ်ပြီး သတိလစ်သွားတာတဲ့..."


" ရှစ်စွမ်းကရော အဲ့လိုမဟုတ်ဘဲ တခြားတစ်ခုခု ကြားထားတာလား..."


ရှန်းလျိုရှန့်၏ နားရွက်နားကို နွေးထွေးသော ဝင်သက်ထွက်သက်ဖြင့် ပွတ်တိုက်လိုက်၍ သူ၏ ဖြူဖွေးသောနှားရွက်ဖျားလေးများ ရဲတွတ်လာသည်။


‌အသက်ရှုသံကြောင့်လား နောက်ပြောင်ခံလိုက်ရလို့ ပူထူသွားတာများလား...


" အဲဒါဆို မင်းဘာလို့ ဝန်ခံလိုက်တာလဲ... ‌အဲဒါ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေဆိုတာ ရှင်းနေတာပဲကို..."


ရှန်းလျိုရှန့်၏ နားရွက်က ပူနွေးလာပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပူစီးကြောင်းတစ်ခု ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့နောက်မှလူနှင့် ဝေးသည့်နေရာကို ပြေးထွက်သွားချင်သော်လည်း သူ့ခါးကိုဖက်ထားသောလက်များက ပိုမိုတင်းကြပ်လာသည်။


" ကျွန်တော် ရှင်းပြပြီးပြီပဲလေ... အဲဒါအမှန်ပဲကို..."

ကျိုးရွှမ်လန်က ခေါင်းမာနေသည်။


ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်ပြီး ဒေါသထွက်မိလုဆဲဆဲ ဖြစ်လာသော်လည်း ရှစ်စွမ်းတစ်ယောက်ဟူသော သူ့နေရာကို ပြန်တွေးမိ၍ စိတ်ထိန်းထားလိုက်သည်။ သို့ရာတွင် အသံကူးပြောင်းမှုတစ်ခုကို သူ လက်ခံရရှိလိုက်သည်။


" ကျွန်တော်က ရှစ်စွမ်းအစား ကူဖြေရှင်းပေးနေတာ..."


သူ ထိတ်လန့်သွားပြီး မျက်နှာကြီး မည်းမှောင်နေသည့် နျဉ်ယွင်ရှင်းကိုကြည့်ကာ ထိုလူက လွယ်လွယ်နှင့် လက်လျှော့မည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။ 


" အလုပ်ဖြစ်မှာ မဟုတ်ဘူး..."

ရှန်းလျိုရှန့်က အခိုင်အမာပြောလိုက်သည်။


သူ့တပည့်ပါ ဤကိစ္စထဲတွင် ဝင်ပါပြီး သူ့အစားဖြေရှင်းပေးရန် မဆိုနှင့် တပည့်ဖြစ်သူနှင့်ပါ မကင်းမရှင်းဖြစ်သည်ဆိုကာ သိက္ခာကျမည့်အဖြစ်ကိုလည်း သူ မလိုလားပေ။ ၎င်းက နှစ်ယောက်လုံးအတွက် သိက္ခာကျစရာဖြစ်လာနိုင်သည်။


" ဘာလို့လဲ..."

ကျိုးရွှမ်လန်က မေးလိုက်သည်။


" အလုပ်မဖြစ်ဘူးဆို မဖြစ်တာပဲ တော်လိုက်တော့..."

ရှန်းလျိုရှန့်က ပြောလိုက်သည်။


အေးစက်စက်အော်သံတစ်သံက သူတို့နှစ်ယောက်၏ စကားဝိုင်းကို အနှောင့်အယှက်ပြုလိုက်သည်။


ဓားဂိုဏ်းမှ တပည့်များက ရင်းနှီးနေသည့်အသံကို ကြားသည့်အခါ ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထလာသည်။ အခြေအနေမကောင်းဟု ခံစားလိုက်ရသောကြောင့် တုန်တုန်ယင်ယင်ဖြင့် အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ 


" အဲဒါ ဂိုဏ်း ဂိုဏ်းချုပ်ပဲ..."


သူတို့တော့ ပြဿနာတက်ပြီ... ဂိုဏ်းချုပ်ကဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ... မဟုတ်မှလွဲရော...


လန်ရှောင်ရှန့်၏မျက်နှာက အေးစက်နေပြီး ရှန်းလျိုရှန့်နှင့် ကျိုးရွှမ်လန်ကို တစ်လှည့်ချင်းစီ ကြည့်နေသည်။ သူ မျက်မှောင်ကြုတ်ထားပေသည်။


" အားလုံးရဲ့ရှေ့မှာ မင်းတို့နှစ်ကိုယ်ကြား ကိုယ်ရေးကိုယ်တာကိစ္စတွေကို‌ ထုတ်ပြောနေတာ လုံးဝမသင့်တော်ဘူး..."


လန်ရှောင်ရှန့်က ပြောပြောဆိုဆိုနှင့် လင်ယဲ့ဘက်ကို လှည့်ကြည့်လိုက်သည်။ 


" ဂိုဏ်းချုပ်လင်... ခင်ဗျားတပည့်တွေရဲ့ အပြုအမူ အပြောအဆိုတွေကို ပိုဂရုစိုက်ဖို့ ကျုပ်အကြံပေးပါတယ်..."


လင်ယဲ့က နူးညံ့စွာပြုံးလိုက်သည်။

" ဒီပြဿနာကိုစလိုက်တာ ခင်ဗျားတပည့်ပါ..."


လန်ရှောင်ရှန့်၏အကြည့်က နျဉ်ယွင်ရှင်း၊ ယဲ့ပင်းရန်နှင့် ကျောက်လင်းတို့ထံ ရောက်ရှိသွားပြီး ခဏတာ ငြိမ်ကျသွားသည်။ ‌ထို့နောက်တွင် ထိတ်ထိတ်ပျာပျာလေသံဖြင့် အော်ပြောလိုက်သည်။


" မင်းတို့အားလုံး ကျင့်ကြံရေးမှာ အာရုံစိုက်ကြစမ်း... မင်းတို့အကုန် ဓားရေးလေ့ကျင့်ဖို့လောက်ပဲသိတယ်..."


" ကောင်းပါပြီ ဆရာ..."

ယဲ့ပင်းရန်က အရိုအသေပြုလိုက်သည်။


သူ့အကြီးဆုံးတပည့်၏ မျက်နှာထက်မှ စိတ်အားထက်သန်နေသည့်အမူအရာကို မြင်လိုက်ရသောအခါ လန်ရှောင်ရှန့် ပို၍ စိတ်အနှောင့်အယှက်ဖြစ်လာပြီး သူ့စိတ်ထဲတွင် ဆဲရေးနေလိုက်သည်။ သူ ယဲ့ပင်းရန်ကို လျစ်လျူရှု့ထားလိုက်ပြီး တစ်ဖက်သို့လှည့်ကာ ခြေလှမ်းကျဲများဖြင့် ထွက်သွားတော့သည်။


သူ နေထိုင်ရာတောင်ထွတ်သို့ ရောက်သည့်အခါ တစ်ယောက်တည်း ရှေးဟောင်းဇာမဏီပင်အောက်တွင် ရပ်နေမိသည်။ နေ့အချိန်မှ တဖြည်းဖြည်း မှောင်ရီပျိုးစအချိန်သို့ ကူးပြောင်းလာချိန်တွင်မှ နောက်ဆုံးတွင် သက်ပြင်းချလိုက်သည်။


" လင်းလန် ငါတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ခံစားချက် မကောင်းဘူး..."


ညကောင်းကင်ယံတွင် တောက်ပသည့်ကြယ်များဖြင့် ပြည့်နေသည်။


လန်ရှောင်ရှန့်က မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ့အိတ်ကပ်ထဲမှ အနက်ရောင်ကျောက်တုံးများစွာကို ထုတ်လိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်ကို အသက်သွင်းလိုက်ချိန်တွင် ကျောက်တုံးများပေါ်၌ ‌အင်းစာလုံးများ ပေါ်လာပြီး ကောင်းကင်ယံမှ ကြယ်များနှင့် တူညီသည့် အလင်းရောင်ဖျော့ဖျော့မျိုးကို ထုတ်လွှတ်နေသည်။


သူက ကြယ်တာရာဂမ္ဘီရအစီအရင်များကို အသုံးပြုနေခြင်းဖြစ်ပြီး ကျောက်တုံးများကို ကျောက်တုံးများကို ကြိုးကိုင်ခြယ်လှယ်နေကာ နာရီပေါင်းများစွာကြာသည်အထိ မရပ်တန့်ခဲ့ပေ။ 


ထိုအချိန်တွင် အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက် စားပွဲပေါ်ရှိ အနက်ရောင်ကျောက်တုံးများအနက်မှတစ်တုံးက အမှုန့်ဖြစ်သည်အထိ အပိုင်းပိုင်းအစစ ကွဲကြေသွားသည်။


လန်ရှောင်ရှန့်၏မျက်နှာက ဖြူဖျော့လာပြီး သွေးအန်ထွက်လိုက်သည်။ သူ့မျက်လုံးသူငယ်အိမ်များလည်း ကျုံ့ဝင်သွားတော့၏။



နောက်တစ်နေ့မနက်စောစောတွင် ရှန်းလျိုရှန့် အိပ်ရာပေါ်ကွေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေစဉ်၌ ရှန်းပုပုက သူ့ဘေးတွင် ဟောက်နေပြီး ပုံစံပေါင်းစုံဖြင့် အိပ်နေလေသည်။


တံခါးက ကျွီခနဲပွင့်လာပြီး တီးတိုးရေရွတ်သံများက အခန်းထဲ ထိုးဖောက်ဝင်ရောက်လာ၏။


ရှန်းလျိုရှန့် အိပ်ငိုက်နေသည့် မျက်လုံးများပွင့်လာသည့်အခါ ရေခဲတမျှအေးစက်သည့် မျက်နှာတစ်ခုက သူ့အမြင်အာရုံထဲ ရောက်ရှိလာသည်။ ထိုလူ၏ ရုတ်ချည်းပေါ်ထွက်လာမှုက သူ့ကိုလန့်သွားစေ၍ သူ အိပ်ရာပေါ် ထထိုင်လိုက်မိသည်။ 


လန်ရှောင်ရှန့်က သူ့အိပ်ရာဘေးကိုလျှောက်လာပြီး ရှန်းလျိုရှန့်၏ခေါင်းပေါ်တွင် လက်တင်ကာ သူ၏ ရှုပ်ပွနေသည့်ဆံပင်များကို ဆွဲဖွလိုက်သည်။

" အိပ်ရာထတော့ ငါမင်းကို မေးစရာတစ်ခုရှိတယ်..."


ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်နေပြီး ဓားဂိုဏ်းချုပ်က သူ့ထံမှ မည်သည့်အရာကို အလိုရှိနေသည်အား နားမလည်နိုင် ဖြစ်သွားသည်။


လန်ရှောင်ရှန့်က သူ့ဘေးတွင်ရပ်ကာ အေးစက်သည့်အော်ရာတစ်မျိုး ထုတ်လွှတ်နေသော ယဲ့ပင်းရန်ကို လက်ညှိုးထိုးပြလိုက်သည်။


" ငါ့ရဲ့ ဒီတပည့်က ဝိညာဉ်အခြေတည်အဆင့်မှာ ရပ်နေခဲ့တာ တော်တော်လေးကြာပြီ...မင်းကတော့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုတောင် ရောက်နေပြီလေ... မင်းရဲ့ အတွေ့အကြုံတွေကို သူ့ဆီလက်ဆင့်ကမ်းပေးရင်ရော ဘယ်လိုလဲ..."


ရှန်းလျိုရှန့် ချက်ချင်းပင် မျက်လုံးအပြူးသားဖြစ်သွားသည်။

" မဖြစ်ဘူး..."


ယဲ့ပင်းရန်ကို ကျင့်ကြံစဉ်တွေ သင်ပေးရမယ်တဲ့လား ဘယ်လိုမှ မဖြစ်နိုင်တာကြီးကို...


ပထမဆုံးအနေနဲ့ ပြောရရင် ငါတို့နှစ်ယောက်ကြားမှာ အရမ်းရှုပ်ထွေးတဲ့ အမှတ်တရတွေ ရှိတယ်လေ... ဒုတိယအနေနဲ့ ငါ့မှာ ဘာမှလည်း သင်ပပေးစရာမရှိဘူး... ရှိရင် သင်ပေးလိုက်တာ ကြာရောပေါ့... တတိယက...


" တစ်နေ့ကို ဝိညာဉ်ကျောက်တုံးတစ်ထောင် ပေးပါ့မယ်..."

လန်ရှောင်ရှန့်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။


ရှန်းလျိုရှန့် လက်သီးကို တင်းတင်းဆုပ်ထားပြီး ချောင်းဟန့်လိုက်သည်။

" တကယ်တော့ လုံးဝ မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး..."


လန်ရှောင်ရှန့်၏အပြုံးက ပိုမိုလေးနက်သွားသည်။


ရှန်းလျိုရှန့် သူ့ဆံပင်များကို စည်းနှောင်ပြီး သပ်သပ်ရပ်ရပ်ဝတ်စားကာ အခန်းထဲမှထွက်လာချိန်၌ ကျိုးရွှမ်လန်နှင့်ဆုံသည်။


" ရှစ်စွမ်း ဘယ်သွားမလို့လဲ..."

သူ စောစောစီးစီးနိုးနေသည်မှာ အလွန်ထူးဆန်းလှ၍ ကျိုးရွှမ်လန်က မေးလိုက်ခြင်းဖြစ်သည်။


ကျိုးရွှမ်လန်က ဓားဂိုဏ်းသို့ရောက်နေသော်လည်း ကျင့်ကြံခြင်းကို လျစ်လျူမရှု့ထားကြောင်း ရှန်းလျိုရှန့် သတိထားမိသည်။ သို့ရာတွင် မိမိနှင့် မရင်းနှီးသောနေရာတစ်ခုတွင် တိတ်ဆိတ်သောနေရာရှာရသည်က မလွယ်ကူလှပေ။ ကျိုးရွှမ်လန်က သူ တရားထိုင်သည့်နေရာများကို မကြာခဏ ပြောင်းရွှေ့နေရကြောင်း သူကြားမိသည်။


" ငါ အပြင်သွားမလို့..."

ရှန်းလျိုရှန့်က သူ့ခါးမှ ကျောက်စိမ်းပြားကို ယမ်းပြလိုက်သည်။

" တကယ်လို့ ငါ နေရာကောင်းရှာတွေ့ရင် မင်းကိုလှမ်းခေါ်လိုက်မယ်..."


ယဲ့ပင်းရန်က ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်လျှံကာ အလွန်အမင်းတိတ်ဆိတ်လှသည့် ဝါးရုံတောများဝန်းရံနေသော အေးခဲရေကန်တွင် တရားထိုင်နေခြင်းဖြစ်သည်။


ရှန်းလျိုရှန့် ထိုနေရာသို့ရောက်သည်နှင့် အေးစက်မှုကြောင့် တုန်ယင်သွားမိ၏။


ယဲ့ပင်းရန်က ရေကန်ကို မျက်နှာချင်းဆိုင်ပြိီး တင်ပျဉ်ခွေထိုင်နေချိန် အနောက်မှ တရှပ်ရှပ်အသံကို ကြားလိုက်ရသည်။ သူ မျက်ခုံးများ တွန့်ချိုးလိုက်သော်လည်း ထိုပုံစံအတိုင်း မလှုပ်မယှက် နေနေသည်။


ရှန်းလျိုရှန့် သက်ပြင်းချလိုက်မိသည်။


ယဲ့ပင်းရန်က သူ့ကိုအာကုံမစိုက်ပေ။ 


ရှန်းလျိုရှန့် သူ့လက်နှစ်ဖက်ကိုယှက်ထားပြီး အေးစက်မှုကလည်း ခြေဖျားမှနေ၍ အထက်သို့တက်လာ၍ အလွန်အေးစိမ့်နေသည်။ အေးစက်မှုကြောင့် သူ့အသံများပါ တုန်နေလေသည်။


" ငါမင်းကို သင်ပေးစရာ များများစားစားမရှိဘူး...ပြီးတော့ မင်းကလည်း ငါသင်ပေးတာကို ခံချင်တဲ့ပုံ မပေါ်ဘူး... ‌ဒီလို အပေးအယူလုပ်ရအောင်... ငါ မင်းနဲ့ ဒီမှာ တစ်ရက်နေပေးမယ်... ကိစ္စတွေပြီးသွားရင် မင်းကို ဝိညာဉ်ကျော်တုံး သုံးရာခွဲပေးမယ်ဆိုရင်ရော ဘယ်လိုလဲ..."


ယဲ့ပင်းရန် မျက်လုံးများပွင့်လာပြီး သူ့ကို‌လှည့်ကြည့်လိုက်သည်။

" မင်းက တကယ်ကို ဝိညာဉ်ကျောက်တုံးကြောင့် ရောက်လာတာပဲ..."


ရှန်းလျိုရှန့်က မြေပြင်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး လေပူများ မှုတ်ထုတ်နေသည်။

" မဟုတ်ရင် ငါ ဘာကိစ္စနဲ့ လာရမှာလဲ..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီးနောက် တစ်စုံတစ်ရာကို သတိရသွား၍ ရယ်လိုက်သည်။

" ငါမင်းကို သဘောကျနေတုန်းလို့ တွေးနေတာများလား... အဲဒါကြောင့်မို့ ဒီနေရာကို အမြန်ပြေးလာတာထင်တယ် ဟုတ်လား..."


ယဲ့ပင်းရန် စကားတစ်ခွန်းမှ မပြောပေ။ 

သူ ထိုသို့တွေးခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။


" ဒါဆိုရင်လည်း ငါ့ကိုစောင့်ကြည့်လေ..."

ရှန်းလျိုရှန့်က ပြောလိုက်သည်။


ယဲ့ပင်းရန် မျက်မှောင်ကြုတ်လိုက်ပြီး မျက်လုံးလှန်ကြည့်လိုက်သည်။ 


သူ့မြင်ကွင်းထဲတွင် ချောမောသည့် လူငယ်လေးက ပြုံးလိုက်ပြီး လက်နှစ်ဖက်ကိုမြှောက်ကာ လေသံအေးအေးလေးဖြင့် ပြောလိုက်သည်။


" ငါဆိုတဲ့ ရှန်းလျိုရှန့်က မင်းကို နည်းနည်းမှတောင် သဘောကျတဲ့စိတ် မရှိတော့ပါဘူးလို့ ကျိန်ဆိုပါတယ်... မင်းကို ကြိုက်နေသေးတယ်ဆိုရင် မိုးကြိုးပစ်ပါစေ..."


" အဲ့လိုလုပ်စရာမလိုပါဘူး..."

ယဲ့ပင်းရန်က ဖြတ်ပြောလိုက်သည်။


ကျင့်ကြံသူတစ်ယောက်၏ ကျိန်ဆိုသောစကားများက ပေါ့ပေါ့တန်တန်သဘောထား၍ရသည့်အရာမျိုး မဟုတ်ပေ။ 


ထို့အပြင် ၎င်းက သက်ရောက်မှုရှိနေသည်။


" ငါမင်းကို ယုံပါတယ်..."

ယဲ့ပင်းရန် သက်ပြင်းတစ်ချက်ချလိုက်ပြီး စိတ်အေးလက်အေးဖြစ်သွားပုံရသည်။ 


ကြည့်ရတာ ရှန်းလျိုရှန့်က တကယ်ကို အသိစိတ်ပြန်ဝင်သွားတာထင်တယ်... ဒါလည်းကောင်းတာပဲ...


ဒီနှစ်တွေထဲမှာ ငါလည်း တော်တော်လေး အနှောင့်ယှက် ခံလိုက်ရတာ...


" ဒီလိုဆိုရင် ခုနက ငါ ကမ်းလှမ်းထားတာကို ဘယ်လိုသဘောရလဲ..."


ရှန်းလျိုရှန့်က အေးစက်နေသည့်လက်များကို ပွတ်လိုက်ပြီး ဖော်ဖော်ရွေရွေဖြင့် အဆိုပြုလိုက်သည်။

" ငါ မင်းကို နည်းနည်းပိုပေးမယ်လေ... ဝိညာဉ်ကျောက်တုံးလေးရာဆိုရင်ရော ဘယ်လိုလဲ..."


" မင်း အဲ့လောက်တောင် ဆင်းရဲသွားတာလား..."


ယဲ့ပင်းရန် မျက်ခုံးပင့်လိုက်ပြီးနောက် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ဝိညာဉ်ကျောက်တုံးတစ်ထောင်အတွက် အသည်းအသန်ဖြစ်နေရသည်ကို သဘောမ‌ပေါက်တော့ပေ။သတင်းများပျံ့သွားပါက လှောင်စရာဖြစ်လာနိုင်သည်။


သူပြောနေစဉ်တွင် ရှန်းလျိုရှန့်၏မျက်လုံးများက သူ့ကို စစ်ဆေးသကဲ့သို့ ကြည့်နေသည်ကို ခံစားရပြီး ယဲ့ပင်းရန်က ထိုသို့စိုက်ကြည့်ခံရသည်ကို စိတ်မသက်မသာဖြစ်လာသည်။


" တကယ်လို့ မင်း ငွေလိုတယ်ဆိုရင် ဆေးလုံးတွေနဲ့ ရှေးဟောင်းပစ္စည်းတွေ လက်နက်တွေ ရောင်းလို့ရတာပဲ... မင်းမှာ အရင်တုန်းက အဖိုးတန်ရတနာတွေအများကြီးရှိတာ ငါသိပါတယ်..."


ရှန်းလျိုရှန့် ညစ်ကျယ်ကျယ်ဖြင့် ပြုံးလိုက်သည်။

" အဲဒါတွေအားလုံး မင်းကိုပဲ ပေးလိုက်တာလေ..."


" လိမ်ပြောမနေနဲ့..."

ယဲ့ပင်းရန်၏ အမူအရာက အေးစက်လာသည်။

" ငါမင်းရဲ့ ရတနာတွေကို တစ်ခါမှ မယူဖူးဘူး..."


ရှန်းလျိုရှန့် ခေါင်းခါပြီး သက်ပြင်းချလိုက်သည်။

" မင်းရဲ့တပည့်တွေပဲ အဲ့လိုလုပ်ကြတာနေမှာပေါ့... သူတို့က ငါ့ပစ္စည်းတွေယူသွားပြီးတော့ မင်းဆီပို့ပေးမယ်လို့ ပြောတယ်လေ... နောက်ဆုံးကျတော့ ငါ့မှာငွေလည်းမရှိ ပိုင်ဆိုင်မှုတွေလည်း ဆုံးရှုံးကုန်ရော..."


ယဲ့ပင်းရန်၏လေသံက အေးစက်သွားသည်။

" ဘယ်သူက အဲ့လို လုပ်ရဲတာလဲ..."


" ငါလည်း မမှတ်မိတော့ပါဘူး..."

ရှန်းလျိုရှန့်က အေးအေးလူလူသာပြန်ဖြေပြီး ဘာမှ ဆက်မပြောတော့ပေ။


ယဲ့ပင်းရန် အတွေးထဲ နစ်မျောသွားမိသည်။


ရှန်းလျိုရှန့်က ပိုနွေးသည့်ဝါးရုံတောနားသို့ တဖြည်းဖြည်းပြန်ဆုတ်သွားသည်။ သူ ကျိုးရွှမ်လန်ကို ဤနေရာသို့ခေါ်ရန် ဆုံးဖြတ်လိုက်သည်။ ဤနေရာက ဝိညာဉ်စွမ်းအင်များက အပြင်ထက် အ‌ဆပေါင်းများစွာ ကြွယ်ဝသည့်အပြင် ကျင့်ကြံရန်အတွက် တိတ်ဆိတ်အေးချမ်းလှသည့်နေရာလည်းဖြစ်သည်။


ဝိညာဉ်စွမ်းအားများကို အသက်သွင်းနေစဉ်တွင် ရှန်းလျိုရှန့်က အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။

" ငါ လူတစ်ယောက်ကို ဒီနေရာခေါ်ချင်လို့ မင်းနဲ့အဆင်ပြေမလား..."


"ဘယ်သူ့ကိုလဲ..."


" ငါ့တပည့်လေးလေ..."


ယဲ့ပင်းရန်က ခဏတာ တွန့်ဆုတ်နေပြီးနောက် ပြန်ဖြေလိုက်သည်။

" ပြဿနာ မရှိပါဘူး..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီး မကြားချင်ယောင်ဆောင်လိုက်သည်။

" အယ် ဘာပြောလိုက်တာလဲ ငါမကြားရဘူး..." 


ယဲ့ပင်းရန် : “…”


သူ အေးတိအေးစက်အမူအရာဖြင့် တစ်ဖက်သို့လှည့်လိုက်ပြီး မျက်လုံးမှိတ်ထားတာ တရားပြန်ထိုင်နေလိုက်သည်။ သို့ရာတွင် အာရုံစိုက်နိုင်ရန်က အလွန်ခက်ခဲလှ၏။


ခဏအကြာတွင် သူ့ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး အစောပိုင်းက ရောက်လာသူကို လှည့်ကြည့်လိုက်သည်။ ရှန်းလျိုရှန့်၏ပါးပြင်က အေးစက်မှုကြောင့် ဖြူဖွေးနေသည်ကို တွေ့လိုက်ရသောအခါ မျက်ခုံးများတွန့်ချိုးလိုက်ပြီး သူ့သိုလှောင်အိတ်ထဲမှ ကြက်သွေးရောင်မြေခွေး သားမွေးဝတ်ရုံကို ထုတ်ပေးလိုက်သည်။


ရှန်းလျိုရှန့် ခဏတာ ကြောင်အသွားသော်လည်း ဝတ်ထားလိုက်သည်။


လူငယ်လေး၏ ဇာမဏီရောင်မျက်ဝန်းများက အလွန်လှပပြီး ရပ်သပ်ရှု့မောဖွယ်ကောင်းသည့်မျက်နှာလေးနှင့် လိုက်ဖက်လွန်းလှသည်။ ကြက်သွေးရောင်ဝတ်ရုံက သူ့ကိုပိုမိုတောက်ပလာအောင် ပံ့ပိုးပေးနေသည်နှင့်တူပြီး သူ့နှုတ်ခမ်းထက်မှ အပြုံးကြောင့် ဘေးပတ်ဝန်းကျင်မှ အရာအားလုံးပင် အရောင်ဖျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။


ယဲ့ပင်းရန် တိတ်ဆိတ်စွာဖြင့် အကြည့်ပြန်လွှဲလိုက်သည်။


.....


ညသန်းခေါင်ယံသို့ ရောက်သောအခါ ယဲ့ပင်းရန် သူ နေထိုင်ရာသို့ ပြန်လာချိန်၌ လန်ရှောင်ရှန့်က အပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။


" မင်း ကျင့်ကြံနေတာ တော်တော်ကြာတာပဲ... ကြည့်ရတာ မင်းတို့ အဆင်ပြေကြတယ်ထင်တယ်..."

လန်ရှောင်ရှန့်က မှတ်ချက်ပြုလိုက်သည်။


" ဒီလိုပါပဲ..."

ယဲ့ပင်းရန်က မပြတ်မသား ဖြေလိုက်သည်။


လန်ရှောင်ရှန့်က စိတ်ကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကြီးဆုံးတပည့်က ယခင်က ရှန်းလျိုရှန့်ကို သဘောမကျသော်လည်း သူ၏ "ဒီလိုပါပဲ"ဟူသော စကားက သူတို့ကြားမှ ဆက်ဆံရေး အနည်းငယ်တိုးတက်လာမှုကို ပြသနေ၍ သူ ကျေနပ်သွားသည်။


" မင်း သူနဲ့ စကားပြောဖြစ်လား..."


ယဲ့ပင်းရန် ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။

" သူ အိပ်ပျော်သွားလို့ သိပ်မပြောလိုက်ရပါဘူး......"


လန်ရှောင်ရှန့်၏မျက်လုံးများ အရောင်တောက်ပသွားသည်။

" သူ ဘယ်မှာ အိပ်ပျော်သွားတာလဲ..."


" ပခုံးပေါ်မှီထားပြီး အိပ်ပျော်သွားတာ..."


လန်ရှောင်ရှန့် ဝမ်းပန်းတသာဖြစ်သွားပြီး အခြေအနေတိုးတက်မှုက မြန်ဆန်လွန်းလှသည်ဟု တွေးနေမိသည်။ သူ့အကြီးဆုံးတပည့်၏ပခုံးကိုပုတ်ပြီးနောက် သဘောတကျဖြင့် ပြောလိုက်သည်။

" ကောင်းတယ်... မင်းရဲ့ပခုံးတွေက ကျယ်တာပဲ... အဲ့တော့ သူ ကောင်းကောင်းအနားယူလို့ရတာပေါ့..."


" ဆရာ အထင်လွဲနေပြီ..."

ယဲ့ပင်းရန်က ဝန်ခံပြောဆိုလိုက်သည်။

" သူက သူ့တပည့်ပခုံးကို ခေါင်းအုံးလုပ်ပြီးအိပ်နေတာ..."


လန်ရှောင်ရှန့်ခေါင်းထဲ မူးဝေသွားပြီး ဒေါသများထွက်လာမိသည်။


ဒီကိစ္စကို အဲ့လိုဆက်ဖြစ်နေခွင့် မပြုတော့ဘူး...


လန်ရှောင်ရှန့်က ရှေ့ဖြစ်ဟောကိန်းရလဒ်များအကြောင်းတွေးမိကာ ကြောက်လန့်မှုကြောင့်တုန်ယင်နေခဲ့သည်။ တစ်ညလုံး အိပ်မပျော်ဖြစ်နေပြီးသည့်နောက်တွင်မူ ပြင်းထန်သည့်အကျိုးသက်ရောက်မှုများ ဖြစ်လာနိုင်သည့်အရာကိုလုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူက တစ်စုံတစ်ယောက်နှင့် လွင့်မျောမီးတောင်အဆောင်‌တွင် တွေ့ဆုံရန်စီစဉ်လိုက်သည်။



ပူပြင်းလှသော နေရောင်ခြည်အောက်တွင် ဖြစ်သော်လည်း ရှန်းလျိုရှန့်မှာမူ သဘောတူထားသည့် ဝိညာဉ်ကျောက်တုံးတစ်ထောင်ကိုရမည်ဖြစ်၍ သီချင်းလေးတညည်းညည်းဖြင့် ရောက်လာသည်။


အံ့အားသင့်ဖွယ်ရာကောင်းသည်မှာ တစ်စုံတစ်ယောက်က သူ့ထက်စောပြီး ထိုနေရာသို့ ရောက်နေခဲ့သည်။


၎င်းက လန်ရှောင်ရှန့်မဟုတ်ဘဲ သေသပ်ကောင်းမွန်စွာ ‌ဝတ်စားဆင်ယင်ထားသည့် ယဲ့ပင်းရန်ဖြစ်နေခဲ့သည်။


ခေါင်းအထက်တွင် ကျောက်စိမ်းသရဖူပုံစံ ဆံညှပ်ဖြင့် ဆံပင်ကိုချည်နှောင်ထားပြီး အဖြူဖျော့ဖျော့ဝတ်ရုံကို ရွှေရောင်ခါးပတ်ဖြင့် တွဲဖက်ဝတ်ဆင်ထား၍ သူ့ပုံစံက ကြော့ရှင်းထည်ဝါနေပြီး နှစ်ပေါင်းများစွာဓားရေးလေ့ကျင့်ထားသည့် အရပ်ရှည်ရှည်နှင့် ခန္ဓာကိုယ်ကို ပိုမိုကြည့်ကောင်းနေစေသည်။


သူ ရှန်းလျိုရှန့်ကိုမြင်သည့်အခါ ခဏတာမှင်သက်သွားမိပြီး သူ၏ အေးစက်ခံ့ညားသော မျက်နှာထက်တွင် အံ့အားသင့်သွားသည့် အမူအရာအချို့ ဖြစ်ပေါ်လာသည်။


" မင်းက ဒီဝတ်ရုံနဲ့ တော်တော်ကြည့်ကောင်းတာပဲ..."

ရှန်းလျိုရှန့်က ဦးစွာချီးကျူးလိုက်ပြီးနောက် လက်နှစ်ဖက်ဖြန့်လိုက်ပြီး လက်ချောင်းများကို တွန့်ပြလိုက်သည်။


" ဂိုဏ်းချုပ်လန်က ငါ့ကို ဒီနေရာမှာ ဝိညာဉ်ကျောက်တုံးတွေ လာယူခိုင်းထားတာ... မင်း အဲဒါ လာပေးတာ ဟုတ်တယ်မလား..."


ယဲ့ပင်းရန်က တည်ငြိမ်စွာဖြင့်သာ ရှင်းပြသည်။

" ဆရာက ငါ့ကို ဒီအဝတ်အစားတွေလဲပြီး ဒီနေရာကိုလာဖို့ပဲ မှာထားတာ..."


ရှန်းလျိုရှန့်၏မျက်ခုံးများတွန့်ချိုးသွားပြီး ဓားဂိုဏ်းချုပ်က ပေးရမည့်ငွေကို မပေးချင်၍ ရှောင်ပြေးနေသည်ဟု ထင်လိုက်မိသည်။ သူ ယဲ့ပင်းရန်ကို နောက်တစ်ကြိမ်ကြည့်လိုက်သည့်အခါ ‌ဖြစ်ပျက်နေသည့်အရာများကို ရုတ်ချည်းသဘောပေါက်သွားသည်။ 


သူ့ကို ဘလိုင်းဒိတ်လုပ်ခိုင်းဖို့ ကြံစည်ထားတာပဲ...

“…” 


ရှန်းလျိုရှန့် ဘေးနားကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

" ပုန်းမနေနဲ့တော့... မနေ့ကအတွက် ကျွန်တော့်ကို ပေးစရာရှိတာ ပေးတော့လေ..."


အရိပ်များထဲမှ ရယ်သံတစ်သံထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ဖက်ရည်ဆောင်ထဲမှ ပုံရိပ်တစ်ခု ပေါ်လာသည်။

" မင်း ငါ့တပည့်ကို သဘောကျတယ်မလား... ဘာလို့ ဝိညာဉ်ကျောက်တုံးတွေကိုပဲ အရေးလုပ်နေတာလဲ..."


ယဲ့ပင်းရန်၏ အမူအရာက ပြောင်းလဲသွားပြီး နောက်ဆုံးတွင် လန်ရှောင်ရှန့်၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားတော့သည်။


ရှန်းလျိုရှန့်က ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။

" ကျွန်တော်လည်း မတတ်နိုင်ဘူး... ကျွန်တော့်မှာ အသုံးအဖြုန်းကြီးတဲ့ တပည့်လေး ရှိသေးတယ်..."


လန်ရှောင်ရှန့်၏ မျက်နှာက မည်းမှောင်သွားပြီး ယဲ့ပင်းရန်ကိုစိုက်ကြည့်ကာ ရှန်းလျိုရှန့်ကို လက်ညှိုးထိုးလိုက်သည်။

" တပည့်ဆိုဝာာက ဘယ်သူလဲ... သူက ပင်းရန်နဲ့ ယှဉ်လို့ရလို့လား... မျက်လုံးကိုဖွင့်ပြီး သေချာကြည့်ကြည့်စမ်းပါ..."


" ‌ဓားသခင်က ငယ်ငယ်ရွယ်ရွယ်တည်းက နာမည်ကြီးခဲ့ပြီး လူပေါင်းများစွာရဲ့ လေးစားခံခဲ့ရတာပါ... ကျွန်တော် သူ

နဲ့ သွားမယှဉ်ရဲပါဘူး..."

ရှန်းလျိုရှန့်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလိုက်သည်။


လန်ရှောင်ရှန့်က မေးလိုက်သည်။

" သူက မင်းရဲ့တာအိုလက်တွဲဖော်ဖြစ်ဖို့ သင့်တော်လား..."


ယဲ့ပင်းရန်၏မျက်နှာက ရုတ်ချည်းပြောင်းလဲသွားပြီး စကားဝင်ပြောလိုသော်လည်း လန်ရှောင်ရှန့်က သူ့ကို ဖြတ်ပြောလိုက်သည်။


" ငါမင်းကို မမေးဘူး... ဝင်မပြောနဲ့..."