Chapter 47
ရှန်းလျိုရှန့် မျက်ခုံးတစ်ချက်ပင့်ပြီး ရိုးသားစွာဖြင့်သာ ဖြေလိုက်သည်။
" လူကြီးလူကောင်းတစ်ယောက်ဆိုတာ တခြားလူတွေ တောင့်တတဲ့အရာကို မလုယူပါဘူး... အရှင်လန် မသိလို့နေမှာပါ ဓားသခင်ယဲ့နဲ့ ကျွန်တော်တို့ဂိုဏ်းရဲ့ အကြီးအကဲစုက ဘဝအတွက် နှစ်ကိုယ်ကြားသီးသန့် သဘောတူညီမှုတွေ လုပ်ပြီးသွားပါပြီ... သူတို့အချင်းချင်း ချစ်ခင်မြတ်နိုးတာကို ကိုယ်တိုင်တွေ့ခဲ့တဲ့ ကျွန်တော်ကတော့ ကောင်းချီးပေးဖို့ပဲ ပြင်ဆင်ထားပါတယ်..."
လန်ရှောင်ရှန့်၏ မျက်ဆံများက မည်းနက်သွားသည်။
" အဲဒီအကြီးအကဲစုဆိုတာ ဘယ်သူလဲ..."
ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို တံတောင်ဖြင့် တွတ်လိုက်သည်။
ညီအစ်ကို အခုချိန်မှတော့ နောက်ဆုတ်မနေနဲ့တော့ မဟုတ်ရင် အဲဒီအလှလေးကို မင်းအပိုင်သိမ်းလို့ ရတော့မှာမဟုတ်ဘူး...
ယဲ့ပင်းယန်က တွန့်ဆုတ်နေပြီးသည့်နောက် အခိုင်အမာပြောလိုက်သည်။
" သူက ကျွန်တော်သဘောကျတဲ့သူပါ..."
လန်ရှောင်ရှန့်၏မျက်နှာထက်တွင် ဒေါသများဖြင့် ပြည့်လာပြီး ရှန်းလျိုရှန့်ကို လှမ်းဆွဲကာ သူ့မျက်နှာကို လက်ညှိုးထိုးပြလိုက်သည်။
" အကြီးအကဲစုဆိုတာ ဘယ်ကဟာလဲ... သူနဲ့ယှဉ်လို့ ရလို့လား... မင်း သေချာကြည့်စမ်းပါဦး..."
ယဲ့ပင်းရန် မျက်လွှာချလိုက်ပြီး အခိုင်အမာပြောလိုက်သည်။
" ကျွန်တော် ဆုံးဖြတ်ပြီးသွားပါပြီ... ဆရာ ဒီအကြောင်းကို ထပ်မပြောပါနဲ့တော့..."
လန်ရှောင်ရှန့် ဒေါသပိုထွက်လာသည်။
" မင်း လှည့်စားခံနေရပြီလို့ ငါထင်တယ်... မင်းက ကိုယ့်မျက်စိရှေ့တည့်တည့်မှာရှိတဲ့ ရတနာကို မမြင်နိုင်တာပဲ... မင်း နောင်တ ရလိမ့်မယ်..."
ယဲ့ပင်းရန်က တိတ်ဆိတ်နေသည်။
ဓားဂိုဏ်းချုပ်က သူတို့နှစ်ယောက်ကို အောင်သွယ်ပေးရန် ကြိုးစားနေသည့်အပြင် အလုပ်မဖြစ်သည့်အခါတွင်လည်း ဒေါသတကြီးဖြစ်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ အခြေအနေကို သုံးသပ်ကြည့်ရန် တွေးတောနေစဉ်မှာပင် လွင့်မျောမီးတာင်အဆောင်၏ ဘေးပတ်ပတ်လည်မှ အပူချိန်က ရုတ်ချည်းကျဆင်းလာသည်။
နျဉ်ယွင်ရှင်း၏ အေးစက်စက်အသံထွက်လာသည်။
" ရှစ်ရှုန်းက တော်တော်လေး စိတ်ဝင်စားစရာကောင်းတာပဲ... ဆရာ့ကို ကျွန်တော်နဲ့ ရက်ပိုင်းလောက် နေခိုင်းထားပြီးတော့ ပင်းရန်အတွက် လမ်းဖောက်ပေးနေတယ်ပေါ့လေ..."
နျဉ်ယွင်ရှင်း၏ ကြောက်စရာကောင်းသောအကြည့်က လန်ရှောင်ရှန့်အပေါ်ကျရောက်လာပြီး ညစ်ကျယ်ကျယ် ပြုံးလိုက်သည်။
" နှမျောစရာကောင်းလိုက်တာ... ကျွန်တော့်တူလေးရဲ့ နှလုံးသားထဲမှာက တစ်ယောက်ယောက် ရှိနေပြီးသားထင်တယ်..."
သူ တစ်ဖက်သို့လှည့်ပြီး ယဲ့ပင်းရန်ကို ပြုံးပြလိုက်သည်။
" အကြီးအကဲစုဆိုတာ ဘယ်သူလဲ... မင်းတို့နှစ်ယောက် တစ်ယောက်တဲ့တစ်ယောက် မေတ္တာမျှနေမှတော့ ဒီရှစ်ရှု့က သေချာပေါက် ကူညီပေးရမှာပေါ့..."
" သူက ငါတို့ဂိုဏ်းရဲ့ အကြီးအကဲတွေထဲက တစ်ယောက်လေ..."
လင်ယဲ့က တစ်ဖက်လမ်းမှ အေးအေးလူလူလျှောက်လာပြီး သိမ်မွေ့စွာပြုံးလိုက်သည်။
ရှန်းလျိုရှန့်၏စိတ်ထဲတွင် လက်ခုပ်တီးနေမိသည်။
ကြည့်ရသည်မှာ သူ့ဆရာတူအစ်ကိုကလည်း စုပိုင်ချယ့်ကို အနည်းငယ် သဘောကျနေပုံရသည်။ ယဲ့ပင်းရန်နှင့် စုပိုင်ချယ့်အကြားတွင် အတားအဆီးအချို့က ရှိလာနိုင်တော့မည့်ပုံပင်။
သူ အနောက်သို့ဆုတ်လိုက်ပြီး ကျိုးရွှမ်လန်ကို တိတ်တဆိတ် ဆင့်ခေါ်လိုက်သည်။
" ရှစ်စွမ်း ဘာလို့လဲ..."
ကျိုးရွှမ်လန်က မေးခွန်းထုတ်လာသည်။
" ငါ့ကို ဖရုံစေ့နည်းနည်းပေးစမ်းပါ..."
ရှန်းလျိုရှန့် လက်ဖြန့်လိုက်သည်။
ကျိုးရွှမ်လန် : “······”
သူ့ သိုလှောင်အိတ်ကိုဖြည်ပြီး ဖရုံစေ့တစ်ထုပ်နှင့်အတူ သစ်သီးခြောက်များ၊ မုန့်များကိုပါ ထုတ်လိုက်ရသည်။
ရှန်းလျိုရှန့်က ဖရုံစေ့ကိုခွာလိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်နေသည်။
" စုပိုင်ချယ့် ဒီမှာမရှိတာ ဘယ်လိုတောင် နှမျောစရာကောင်းတာလဲ... မဟုတ်ရင် ပိုစိတ်ဝင်စားစရာကောင်းမှာ..."
မမျှော်လင့်ထားသည်မှာ သူ့စကားဆုံးသည်နှင့် နေသာနေသည့် ကောင်းကင်ကြီးက မည်းမှောင်လာပြီး တိမ်တိုက်များ တလှိန့်လှမ့်တက်လာကာ အဝေးတစ်နေရာတွင် သက်တံ့တစ်ခု ပေါ်လာသည်။
စုပိုင်ချယ့်က နှင်းဖြူရောင်ဝတ်ရုံကို ဝတ်ထားပြီး သူ့ကိုယ်တွင်လည်း သွေးစက်များစွာစွန်းထင်းနေကာ နူးညံ့သောမျက်နှာလေးက ဖြူဖျော့နေသည်။ ထိုလူအုပ်စုကိုမြင်သည့်အခါ ကယ်တင်ရှင် ရှာတွေ့သွားသည့်ဟန် ဖြစ်သွားသည်။
သူ မြေပြင်ပေါ်သို့ ပြုတ်ကျလာ၏။
လင်ယဲ့နှင့် ယဲ့ပင်းရန်၏ အမူအရာက ပြောင်းလဲသွားပြီး သူ့ကိုကယ်တင်ရန် ပြင်လိုက်သည်။
" ပိုင်ချယ့်..."
" စုပိုင်ချယ့်..."
ထိုအခိုက်အတန့်တွင် ဖြူဖျော့သောပုံရိပ်လေးက ဒယိမ်းဒယိုင်လျှောက်လာပြီး သူတို့နှစ်ယောက်ကိုကျော်သွားကာ ချောမောခံ့ညားသည့် လူငယ်လေး၏ရင်ခွင်ထဲ ပစ်ဝင်သွားကာ တင်းကြပ်စွာဖက်ထားလိုက်သည်။
" ကယ်ပါဦး..."
စကားဆုံးသည်နှင့် သူ သတိလစ်သွားသည်။
ရှန်းလျိုရှန့်၏လက်ထဲမှ ဖရုံစေ့များက မြေပြင်နေရာအနှံ့တွင် ပြန့်ကျဲကုန်တော့သည်။
အော်ဂလီဆန်ဖွယ်ရာ အနံ့ဆိုးကြီးကို သွေးနံ့ပြင်းပြင်းဖြင့် ရောစပ်လိုက်သည့်အခါ ရှန်းလျိုရှန့်၏အစာအိမ်ထဲ ပြင်းပြင်းထန်ထန်ရိုက်ခတ်သွားသည်။ သူ အန်မချမိအောင် မနည်းထိန်းထားလိုက်ရသည်။
" မင်း လူမှားနေပြီ..."
သူ ဒယိမ်းဒယိုင်ဖြင့် နောက်သို့ဆုတ်လိုက်ပြီး မနည်းပြန်ရပ်လိုက်ကာ သူ့ခါးနားမှ စုပိုင်ချယ့်၏ အဝတ်အစားများကိုဆွဲကာ တွန်းထုတ်ပစ်ရန် ကြိုးစားလိုက်သည်။
ဒီနေရာမှာ အရံဇာတ်ကောင်ကြီးနှစ်ယောက်နဲ့ အဓိကဇာတ်ကောင်တစ်ယောက် ရှိနေတယ်လေ...
ဘာလို့ ငါ့ကို လာဖက်နေတာလဲ...
ရှန်းလျိုရှန့်ကို တင်းကြပ်စွာဖက်ထားသည့် စုပိုင်ချယ့်ကိုကြည့်ပြီး ယဲ့ပင်းရန်၏ ဆန့်ထုတ်ထားသော လက်က လေထဲတွင်ရပ်တန့်သွားသည်။ ထိုအခိုက်အတန့်တွင် သူ့ရင်ထဲ၌ ခံစားချက်ပေါင်းစုံ ရောပြွန်းသွားတော့သည်။
ငါတစ်ယောက်လုံး ဒီမှာရှိနေတာကို သူက တခြားလူတွေဆီက အကူအညီယူနေတာလား...
ပြီးတော့ အဲဒီလူက ရှန်းလျိုရှန့်တဲ့လား... စုပိုင်ချယ့်ရဲ့နှလုံးသားထဲမှာ ငါက သူနဲ့ မယှဉ်နိုင်ဘူးလား...
လင်ယဲ့က အံ့ဩနေသည့်အမူအရာဖြင့် မျက်ခုံးပင့်လိုက်သည်။
အတိတ်တွင်မူ စုပိုင်ချယ့်က ဆရာတူညီလေးထံမှ အနိုင်ကျင့်ခံခဲ့ရသော်လည်း ယခုအခါတွင်မူ သူ့ထံမှ အကူအညီတောင်းနေပြန်သည်။
စုပိုင်ချယ့်က ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရွေးချယ်လိုက်တာများလား...
လင်ယဲ့ ပြုံးလိုက်မိပြီး သူ့လက်ကို ပြန်ရုတ်လိုက်သည်။
ရှန်းလျိုရှန့်က တင်းကြပ်စွာဖက်ထားခံရသောကြောင့် စုပိုင်ချယ့်ကို ခွာမချနိုင် ဖြစ်နေသည်။ သူ့ပုံစံက စိတ်ပျက်လက်ပျက် ဖြစ်နေပုံရသည်။ ထို့နောက် လက်တစ်ဖက်က စုပိုင်ချယ့်၏လက်မောင်းကို ဆွဲယူပြီး သူ့ကိုတွန်းထုတ်ပစ်ရန် ကြိုးပမ်းနေသည်။
" လွှတ်လိုက်..."
ကျိုးရွှမ်လန်၏မျက်နှာက အေးစက်နေသည်။
သူ့ကိုဆွဲခွာရန် ကြိုးစားသည့်အခါ စုပိုင်ချယ့်က အားဖြင့် ပိုမိုတင်းကြပ်စွာ ဖက်ထားသည်ကို သတိပြုမိလိုက်သည်။ ထိုအင်အားက အားနည်းနေသည့်လူတစ်ယောက်တွင် ရှိသင့်သော တုံ့ပြန်မှုမျိုး မဟုတ်ပေ။ သို့ဖြစ်၍ သူ အားအနည်းငယ်ထုတ်ကြည့်လိုက်သောအခါ ပိုမိုတင်းကြပ်စွာ ပွေ့ဖက်ခံလိုက်ရ၍ အရိုးများအက်ကွဲသံပါ ထွက်လာသည်ဟု ခံစားလိုက်ရသည်။
သူ့တပည့်၏ မပျော်မရွှင်ဖြစ်နေသည့် မျက်နှာကို မြင်လိုက်ရသောအခါ ရှန်းလျိုရှန့်မှာ သူ့ခေါင်းပေါ် ရေခဲရေတစ်ပုံး လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဘာလို့ တခြားလူကို သွားမဖက်တာလဲမသိဘူး...
ကျိုးရွှမ်လန်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူတို့ကိုအမြန်ဆွဲခွာလိုက်ပြန်သည်။
သို့ရာတွင် ကျိုးရွှမ်လန် သူတို့နှစ်ယောက်ကို မခွဲနိုင်မီအချိန်တွင် တိမ်မည်းများဖြင့်ပြည့်နေပြီးဖြစ်သောကောင်းကင်ကြီးက ရုတ်တရက် မိုးခြိမ်းသံများပါ ထွက်ပေါ်လာသည်။
ကြီးမားခက်ထန်သော သားရဲကြီးတစ်ကောင်က အတောင်ပံ တဖျတ်ဖျတ်ခတ်လိုက်ပြီး အနီရောင်မီးအိမ်ကဲ့သို့ တစ်လုံးတည်းသောမျက်လုံးကြီးဖြင့် စုပိုင်ချယ့်ကို စူးစူးရဲရဲကြည့်နေသည်။ ၎င်း၏ သင်တုန်းဓားပုံစံလက်သည်းများက လေကိုဆုတ်ဖြဲပစ်ပြီး သူ့ထံသို့ တစ်ဟုန်ထိုး ထွက်လာနေသည်။
" အဲဒါနတ်ဆိုးသားရဲပဲ..."
အားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။
နတ်ဆိုးသားရဲက နတ်ဆိုးမျိုးနွယ်မှ အထူးမကောင်းဆိုးဝါးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်အသိဉာဏ် နိုးထလာခြင်းမျိုးမရှိဘဲ အခြေခံတုံ့ပြန်နိုင်စွမ်းသာ ရှိသည်။ သို့ရာတွင် ၎င်းတို့က အလွန်စွမ်းအားကြီးကာ ထူထပ်မာကြောသော အရေပြားမျိုးကို ပိုင်ဆိုင်ထားကြသည်။ သာမန်မန္တန်များက သူတို့အယားပြေရုံမျှသာဖြစ်သည်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများပင် သူတို့ကိုကိုင်တွယ်ရန် အလွန်ခက်ခဲလှသည်။
နတ်ဆိုးသားရဲများမှာ များသောအားဖြင့် နတ်ဆိုးဘုံတွင်သာ အခြေချနေထိုင်ကြပြီး ကျင့်ကြံရေးလောကနှင့် နတ်ဆိုးလောကနှစ်ခုလုံးတွင် ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် သတ္တဝါများဖြစ်သည်။
ဘာလို့ အဲ့လိုအကောင်ကြီးက ရုတ်တရက်ပေါ်လာပြီး မိုင်တစ်ထောင်ကျော်လောက်ကိုဖြတ်ပြီး စုပိုင်ချယ့်ရဲ့နောက်ကို လိုက်နေရတာလဲ...
အားလုံး များများစားစားမတွေးနိုင်မီအချိန်မှာပင် လက်သည်းများဖြင့် စတင်တိုက်ခိုက်လာသောကြောင့် မြေပြင်ပေါ်တွင် တောက်ပနေသည့်မီးပွားများ ဖြစ်ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို ခပ်ဝေးဝေးတွန်းထုတ်ပစ်လိုက်ပြီး သူ့ကိုတင်းကြပ်စွာဖက်ထားသည့် စုပိုင်ချယ့်နှင့်အတူ လေပေါ်ခုန်တက်လိုက်ကာ သူ့ဓားကို ဆင့်ခေါ်လိုက်သည်။
ချွန်ထက်သော လက်သည်းများက ကျောက်ယောင်ဓားပေါ်သို့ ကုတ်ခြစ်မိသွားသည်။ အားကပြင်းထန်လွန်းလှ၍ ရှန်းလျိုရှန့်၏ လက်ချောင်းများပင် ထုံကျဉ်လာပြီး ဓားကိုမနည်းကိုင်ထားရသည်။
ကျောက်ယောင်ဓားက အဆင့်မြင့်မှော်ပစ္စည်းမျိုး မဟုတ်ပါက အမှုန့်ဘဝ ရောက်သွားနိုင်ပေသည်။
" ဂရား..."
နတ်ဆိုးသားရဲက အော်ဟစ်ဟိန်းဟောက်လိုက်ပြီး သွေးများပြည့်နေသည့်ပါးစပ်ကြီးကိုဟကာ သတိပေးခြင်းမရှိဘဲ ကြက်သွေးရောင်မီးတောက်ဘောလုံးများ ပစ်ထုတ်တော့သည်။
ရှန်းလျိုရှန့် ကတိုက်ကရိုက်ဖြင့်ရှောင်လိုက်ရ၍ ထိုအပူလှိုင်းများကို ရှောင်ရုံသာ ရှောင်နိုင်လိုက်ခြင်းဖြစ်သည်။ ထို့နောက်တွင် နက်မှောင်ချွန်ထက်သည့် လက်သည်းများက တစ်ဖန်ပြန်လည်တိုက်ခိုက်ပြန်သည်။
ထိုအခိုက်အတန့်တွင် ဓားအလင်းတန်းပေါင်းများစွာ ထွက်ပေါ်လာသည်။
ဓားသွားများ၏ တချွင်ချွင်အသံများက နတ်ဆိုးသားရဲကို ဟန့်တားလိုက်သည်။ ထိုအချိန်ခဏတာအတွင်းတွင် ရှန်းလျိုရှန့်က နတ်ဆိုးထံမှ ဝေးဝေးကို အမြန်ပြေးပြီး စုပိုင်ချယ့်နှင့်အတူ မြေပြင်ပေါ် ပြန်ဆင်းလာ၏။
ကျိုးရွှမ်လန်က ဦးစွာပြေးလာပြီး ရှန်းလျိုရှန့်၏လက်မောင်းတွင် သွေးများစိုရွဲနေကာ ဝတ်ရုံလက်မှ သွေးများတတောက်တောက်ကျနေသည်ကို တွေ့လိုက်ရသည်။
" ရှစ်စွမ်းဒဏ်ရာရထားတယ်..."
အစောပိုင်းတွင်မူ ရှန်းလျိုရှန့်က နတ်ဆိုးသားရဲကြီး၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန်ကိုသာ အာရုံစ်ုက်နေရ၍ သူ ဒဏ်ရာရသွားသည်ကို သတိမပြုမိပေ။ ယခု သတိထားမိသောအခါတွင် သူ့အသားကို ဓားနှင့်ထိုးခွဲနေသကဲ့သို့ ခံစားရပြီး နာကျင်မှုကြောင့် ချွေးစေးများပါ ပြန်လာပေသည်။
သူ့မျက်နှာဖြူဖျော့သွားသည်ကို မြင်လိုက်ရသောအခါ ကျိုးရွှမ်လန်၏အော်ရာက ချက်ချင်းနက်မှောင်သွားပြီး နတ်ဆိုးသားရဲကို စူးရှသောအကြည့်ဖြင့် ကြည့်လိုက်သည်။
နတ်ဆိုးသားရဲကြီးက တစ်စုံတစ်ရာကို အာရုံခံမိသကဲ့သို့ ကြေးခွံမည်းများဖြင့်ပြည့်နေသည့် ခေါင်းကြီးကိုလှည့်လိုက်သောအခါ အေးစက်တည်ငြိမ်သောမျက်နှာနှင့် လူငယ်လေးတစ်ယောက်ကို မြင်တွေ့လိုက်သည်။ ၎င်း၏ဧရာမခန္ဓာကိုယ်ကြီးက လေထုအလယ်တွင် ခဏတာ အေးခဲသွားပြီး သွေးနီရောင်မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ ထို့နောက် ရုတ်တရက် အတောင်ပံဖြန့်ပြီး အဝေးသို့ ထွက်ပြေးသွားတော့သည်။
" ဂါး ဂရား..."
တစ်ခဏတွင်းချင်းမှာပင် ကောင်းကင်ထက်မှ တိမ်မည်းများ ပျောက်ကွယ်သွားပြီး ကြည်လင်ရှင်းလင်းသွားပေသည်။
ငါးသေတစ်ကောင်ကဲ့သို့ မလှုပ်မယှက် နေနေခဲ့သော စုပိုင်ချယ့်မှာ သူ့လက်ဖျားများကို အသာရွှေ့လိုက်ပြီး ရှန်းလျိုရှန့်၏ အဝတ်အစားများကို တင်းကြပ်စွာဆွဲထားခြင်းကို အားလျှော့လိုက်သည်။
သူ့နှဖူးကို ရှန်းလျိုရှန့်၏လည်ပင်းနားကိုမှီလိုက်သည့်အါ ခပ်ဖျော့ဖျော့အနံ့တစ်မျိုးကို ရလိုက်သည်။
မိုးရွာပြီးစအချိန် ဝါးရုံတောထဲတွင်ရတတ်သည့် အနံ့မျိုးဖြစ်ပြီး လတ်ဆတ်သွားသည့်လေထုထဲတွင် ဝါးရနံ့တစ်မျိုး ထိုးဖောက်ဝင်လာခြင်းမျိုးနှင့်တူ၍ နှလုံးသားကို လန်းဆန်းသွားစေသည်။
ထိုရနံ့က အလွန်သက်တောင့်သက်သာဖြစ်သည်ဟု စုပိုင်ချယ့်တွေးလိုက်မိသည်။
နောက်အခိုက်အတန့်တွင်မူ သူ နောင်တမရဘဲ မနေတော့ပေ။ ဤသို့ကြမ်းတမ်းခက်ထန်လှသော နတ်ဆိုးသားရဲကပင် ရှန်းလျိုရှန့်ကို မသတ်နိုင်ခဲ့ပေ။
နတ်ဆိုးသားရဲက သူ့နောက်မှလိုက်နေခြင်းမှ ရှောင်ပြေးရန် ဓားဂိုဏ်းသို့ရောက်လာပြီးနောက် ရှန်းလျိုရှန့်ထံသို့ ပြေးဝင်ကာ သူ့ကိုသုံးပြီး နတ်ဆိုးသားရဲကိုသတ်ရန် မျှော်လင့်ခဲ့မိခြင်းဖြစ်သည်။ ကံဆိုးသည်မှာ အလုပ်မဖြစ်ခဲ့ပေ။
သို့သော် ယခုအခါတွင်လည်း နတ်ဆိုးသားရဲက ထွက်ပြေးသွားပြီဖြစ်၍ သူ့အတွက်ကောင်းနေသေးသည်။
စုပိုင်ချယ့် အတွေးထဲနစ်မျောနေစဉ်တွင် တစ်ယောက်ယောက်က သူ့လက်ကောက်ဝတ်ကို လာဆောင့်ဆွဲ၍ အရိုးများပါ ခွက်ခနဲအသံမြည်လာပြီး နေရာလွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရှန်းလျိုရှန့်၏ပခုံးပေါ်ရောက်နေသည့် လက်တစ်ဖက်ကိုလည်း ဆွဲဖယ်ခံလိုက်ရသည်။
နာကျင်မှုကြောင့် စုပိုင်ချယ့်၏မျက်နှာက ရှုံ့မဲ့သွားသော်လည်း ဆက်ပြီးဟန်ဆောင်နေသည်။
" ငါ့ရဲ့ နာကျင်မှုအာရုံခံနိုင်စွမ်းကို ချိတ်ပိတ်ပေး..."
" မလုပ်ပေးနိုင်ဘူး... မင်းက ကျိုးရွှမ်လန်ရဲ့ရင်ခွင်ထဲ ပြေးဝင်ရမှာလေ..."
ထုံရှီးက အေးစက်စက်ဖြင့် ပြောလိုက်သည်။
နောက်ထပ် ခွက်ခနဲအသံထွက်လာပြီး အရိုးများနေရာလွဲသွားပြန်ကာ လက်ကို အတင်းအကြပ် ဖယ်ထုတ်ခံလိုက်ရသည်။
စုပိုင်ချယ့် နာကျင်မှုကြောင့် အော်ညည်းလိုက်မိပြီး မြေပြင်ပေါ်သို့ လဲကျလုမတတ် ဖြစ်နေစဉ် "ရှစ်စွမ်း" ဟု ခေါ်လိုက်သံကို သူ့နားထဲကြားလိုက်ရ၍ စိတ်ထဲတွင် ဆဲရေးလိုက်သည်။
" ယီးပဲ... "
တကယ်လို့ ငါ ကျိုးရွှမ်လန်ရဲ့ ရင်ခွင်ထဲပြေးဝင်လိုက်ရင် ငါ့လက်နှစ်ဖက်လုံး ကျိုးနေတာကြာရောပေါ့... သူ အဲ့အစား နတ်ဆိုးသားရဲ ပါးစပ်ပေါက်ထဲပဲ ပြေးဝင်လိုက်မယ်
ထုံရှီး ငြိမ်ကျသွားပြီး သရော်လိုက်သည်။
" လင်ယဲ့နဲ့ ယဲ့ပင်းရန်လည်း ရှိနေတာကို..."
သူ မြေပြင်ပေါ်မကျမီ တစ်ယောက်ယောက်ကို သူ့ကိုဖမ်းယူထားလိုက်ပြီး "ပိုင်ချယ့်" ဟု ငြင်သာစွာခေါ်လိုက်သံကို ကြားလိုက်ရသည်။
ထိုလူက ယဲ့ပင်းရန် ဖြစ်သည်။
စုပိုင်ချယ့်၏မျက်နှာက ဖြူဖျော့သွားသည်။ သူက အားနည်းပြီးလဲကျသွားသူတစ်ယောက်အဖြစ်ဟန်ဆောင်ရမည်ဖြစ်သော်လည်း ထုံရှီးကို စိတ်ထဲမှ ပြောလိုက်သေးသည်။
" မင်း ငတုံးလား... နတ်ဆိုးသားရဲက ငါ့ကို အရိုးထဲထိလှိုက်နေအောင် မုန်းနေဝာာလေ... တကယ်လို့ သူတို့နှစ်ယောက်ဆီ ပြေးဝင်သွားရင် သူတို့ကိုပါ ပစ်မှတ်ဖြစ်အောင် လုပ်လိုက်သလိုဖြစ်သွားမှာပေါ့..."
" ငါအခုတော့ တခြားလူတွေကို မထိသေးဘူး... ဒါပေမဲ့ ရှန်းလျိုရှန့်ကတော့ သေရမယ်..."
သူ အံတင်းတင်းကြိတ်ထားပြီး အညှိုးတကြီးဖြင့် ပြောလိုက်သည်။
" ငါ နတ်ဆိုးဘုံမှာ အများကြီး ခံစားခဲ့ရတာ... နေ့တိုင်းကြာစေ့စွပ်ပြုတ်တွေသောက်ပြီး ဝေါ့..."
ကြာစေ့စွပ်ပြုတ်အကြောင်းတွေးလိုက်သည်နှင့် သူ့အစာအိမ်ကို တင်းတင်းကြပ်ကြပ် ဆွဲလှုပ်ခံလိုက်ရသကဲ့သို့ဖြစ်သွားကာ ချက်ချင်းပင် ယဲ့ပင်းရန်၏ကိုယ်ပေါ် အန်ချပစ်လိုက်တော့သည်။
ယဲ့ပင်းရန်၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီးနောက် လက်ကိုင်ပဝါတစ်ထည်ထုတ်ကာ စုပိုင်ချယ့်၏ပါးစပ်ကို သုတ်ပေးလိုက်သည်။
" ငါမင်းကို ဆေးကုပေးဖို့ ခေါ်သွားမယ်..."
စုပိုင်ချယ့် ရင်ထဲထိသွားပြီး သက်ပြင်းချလိုက်မိသည်။
" သူသာ မိန်းကလေးဆိုရင် ငါ့ရဲ့မောင်းမဆောင်ထဲ ထည့်လိုက်ပြီ နှမျောဖို့ကောင်းလိုက်တာ..."
ထုံရှီးက သူ့ကိုလှောင်လိုက်သည်။
" ဟမ့်..."
သူ စိတ်လှုပ်ရှား၍ မပြီးသေးမီတွင် သူ့ခါးနေရာက တင်းကြပ်သွားပြီး သူ့ကို ယဲ့ပင်းရန်က ချီမြှောက်လိုက်သည်။
စုပိုင်ချယ့်၏မျက်နှာက တောင့်တင်းသွားပြီး တစ်ကိုယ်လုံးမှ အမွေးများပါ ထောင်ထလာသည်ဟု ခံစားလိုက်ရသည်။ သူ အံတင်းတင်းကြိတ်ထားပြီး ခုန်မချမိအောင် မနည်းထိန်းထားရသည်။
ချီးပဲ... သူ့ကို မင်းသမီးလေးလို ချီသွားတာလား...
သူ့တပည့်က စုပိုင်ချယ့်ကိုချီပြီးထွက်သွားသည်ကို လန်ရှောင်ရှန့်က ကူကယ်ရာမဲ့စွာဖြင့်ကြည့်နေပြီး သူ့စိတ်ထဲတွင် စိုးရိမ်တကြီးဖြစ်လာသည်။ သူ အလွန်ဒေါသထွက်လွန်း၍ ဝတ်ရုံလက်ကိုခါပြီး နျဉ်ယွင်ရှင်းနှင့် ကျောက်လင်းကို သူ့နောက်မှလိုက်လာရန် ခေါ်လိုက်သည်။
ထို "အကြီးအကဲစု" ဟူသည့်လူက မည်မျှ အထူးတလည်ဖြစ်နေကြောင်း သူသိချင်နေမိသည်။
နျဉ်ယွင်ရှင်းက ရှန်းလျိုရှန့်၏ဘေးနားမှ ဖြတ်သွားသည့်အခါ ခဏ ရပ်တန့်လိုက်သည်။
" အဲဒါ တူလေးယဲ့ သဘောကျတဲ့သူမလား... ဘာလို့ မင်းဆီက အကူအညီတောင်းတာလဲ... မင်းတို့နှစ်ယောက် ရင်းနှီးလို့လား..."
ရှန်းလျိုရှန့် ပြန်ဖြေလိုက်သည်။
" ဘယ်သူသိမှာလဲ..."
နျဉ်ယွင်ရှင်း မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ်စိတ်ဝင်စားသွားမိသည်။ ထို့နောက် ယဲ့ပင်းရန်၏နောက်ကို အမှီလိုက်သွားလေသည်။
အရှေ့နာမည် "စု" နှင့်စသောလူက ကိုင်တွယ်ရန် မလွယ်ကူသည့်လူဖြစ်ကြောင်း သူ အမြဲသိနေခဲ့သည်။
လင်ယဲ့က ရှန်းလျိုရှန့်၏အနားကို အေးအေးလူလူဖြင့် လျှောက်လာပြီး သူ့သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကို ထုတ်လိုက်ပြီးပြောလာသည်။
" တကယ်လို့ နတ်ဆိုးသားရဲရဲ့ လက်သည်းရာတွေက ကုမရဘဲ သွေးထွက်တာလည်း မရပ်ဘူးဆိုရင် ဆေးနည်းနည်းလိမ်းလိုက်..."
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်သည်။
" ဘယ်လိုမျိုးဆေးလဲ..."
" အဆင့်မြင့် ဒဏ်ရာပျောက်ဆေး..."
ရှန်းလျိုရှန့် ပုလင်းကို ခါကြည့်လိုက်သည့်အခါ လေ
းလံနေကြောင်းသိလိုက်ရ၍ မျက်လုံးအရောင်တောက်သွားသည်။
ဒါဆိုရင်...
" ဒါက မင်းရဲ့ဒဏ်ရာတွေ ပျောက်ရုံပဲ လောက်တာနော်..."
လင်ယဲ့က သူ့ကိုဖြတ်သွားပြီးနောက် ပြုံးစစဖြင့် ပြောလိုက်သည်။
" ရောင်းဖို့ မကျန်လောက်ဘူး..."
ရှန်းလျိုရှန့် နှုတ်ခမ်းစူလိုက်မိသည်။