အပိုင်း ၄၈
Viewers 22k

Chapter 48




ရှန်းလျိုရှန့် ထိုနေရာတွင်ရပ်နေပြီး ခဏကြာသည်အထိ သူ့ဘေးနားမှလူက လုံးဝမလှုပ်သေးသည်ကို မြင်လိုက်ရသည်။ သူ အံ့အားသင့်စွာဖြင့် မေးလိုက်သည်။


" မင်းရော မသွားဘူးလား..."


ကျိုးရွှမ်လန်က ပြန်ဖြေသည်။

" ကျွန်တော်က ဘာလို့သွားရမှာလဲ..."


" မင်း စိတ်မပူဘူလား... အကြီးအကဲစုက ဒဏ်ရာအကြီးအကျယ်ရထားတာလေ..."


ကျိုးရွှမ်လန်၏မျက်နှာထက်‌တွင် လှောင်ပြောင်သရော်သည့် အေးစက်စက်အမူအရာမျိုးပေါ်လာသည်။


" သူ ရှစ်စွမ်းရဲ့ရင်ခွင်ထဲမှာ သတိလစ်သွားတာကို အားလုံးမြင်တာပဲ... ဘာစိတ်ပူရမှာလဲ..."


ရှန်းလျိုရှန့်က သူ့အသံနေအသံထားနှင့် ပြောလိုက်သည့်စကားများကို အ‌လေးအနက် တွေးတောနေသော်လည်း ကျိုးရွှမ်လန်က စုပိုင်ချယ့်ကို အမှန်တကယ် ဒေါသထွက်နေခြင်းလော၊ စုပိုင်ချယ့်က သူ့ရင်ခွင်ထဲ မရောက်လာ၍ သဝန်တိုနေသည်လောကို အတိအကျ မမှန်းဆနိုင် ဖြစ်နေသည။


ကျိုးရွှမ်လန် ခေါင်းငုံ့ထားပြီး သူ့အကြည့်များက သွေးထွက်နေသည့် လက်မောင်းထက်ကို ရောက်သွားသည်။ သူ ကျောက်စိမ်းပုလင်းလေးကိုယူ၍ ရှန်းလျိုရှန့်၏ ဝတ်ရုံလက်ကို မ'ကြည့်လိုက်သည့်အခါ ပြတ်ရှရာကြီးသုံးခုပေါ်လာသည်။ ထိုသုံးခုအနက်မှ တစ်ခုမှာ အရိုးပေါ်သည်အထိ နက်လွန်းလှသည်။


" ဒီတပည့်ရဲ့ အမှားကြောင့်ပါ..."


ကျိုးရွှမ်လန် မျက်လွှာချထားလိုက်ပြီးနောက် သူ၏ အုံ့မှိုင်းနေသော အကြည့်များကို ဖုံးကွယ်လိုက်သည်။


" တကယ်လို့ ကျွန်တော်သာ စောစောတုံ့ပြန်ပြီး အဲဒီလူရဲ့လက်နှစ်ဖက်ကို ဓားနဲ့ ဖြတ်ပစ်ခဲ့ရင် ရှစ်စွမ်းဒဏ်ရာရသွားမှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် ရေရွတ်လိုက်ပြီး သူ့စကားများ၏ ဆိုလိုရင်းကို နားလည်ရန် ကြိုးစားနေချိန်၌ ဆေးမှုန့်များက သူ့ဒဏ်ရာပေါ်  ရုတ်တရက်ကျလာသည်။


သူ့တစ်ကိုယ်လုံး ဆတ်ခနဲတုန်ယင်သွားပြီး နာကျင်မှုကြောင့် အော်ညည်းလိုက်မိသည်။


" ဒဏ်ရာကို အရမ်းမပွတ်နဲ့..."


ကျိုးရွှမ်လန်က သူ့လက်ကောက်ဝတ်ကိုကိုင်ထားပြီး စကားတစ်လုံးမှမပြောဘဲ ဆေးထည့်ပေးနေသည်။


ရလဒ်အနေဖြင့် ရှန်းလျိုရှန့်မှာ ပို၍နာကျင်လာရသည်။

" မင်း ဆေးမှုန့်နည်းနည်းလောက် ချန်ထားပေးလို့မရဘူးလား... အဲဒါက အဆင့်မြင့်..."


သူ့စကားမဆုံးမီမှာပင် ကျိုးရွှမ်လန်၏မျက်နှာထားက ပိုမိုတင်းမာလာ၍ သူ့အသံက တဖြည်းဖြည်းတိုးဝင်သွားကာ နောက်ဆုံး ဘာသံမှ မထွက်လာတော့ပေ။ 


ထားလိုက်ပါတော့လေ ကျောက်စိမ်းပုလင်းကျန်ရင် တော်ပါပြီ...


ဒီကျောက်စိမ်းပုလင်းက ချင်းလင်ဂိုဏ်းချုပ်ကိုယ်တိုင်သုံးတဲ့ပစ္စည်းဆိုတော့ ဘယ်လောက်နဲ့ ရောင်းလို့ရမလဲ မသိဘူး ဟီးဟီး...


ကျိုးရွှမ်လန်၏ လက်ဖျားများက ချောမွေ့ဖြူဖွေးသောအရေပြားပေါ် ကျရောက်လာပြီး ဆေးမှုန့်များကို ညင်သာစွာလိမ်းပေးနေလျက် ပြုံးလိုက်သည်။


" ဒီတစ်ခါ ကျွန်တော်တို့ဂိုဏ်းကို ပြန်ရောက်ရင် ကျွန်တော် လေ့ကျင့်ဖို့သွားတိုင်း ရှစ်စွမ်းကို ခေါ်သွားမယ်... ရှစ်စွမ်းက ဝိညာဉ်ရတနာတွေ လိုချင်တာမလား... ကျွန်တော် ရှာပေးမယ်လေ..."


ရှန်းလျိုရှန့် ခေါင်းခါလိုက်သည်။

" ငါမင်းနဲ့ နေရာအနှံ့ကို လိုက်နေမယ်ဆိုရင် မင်း ဘာအတွေ့အကြုံမှ ရလာမှာမဟုတ်ဘူး..."


တကယ်လို့ အန္တရာယ်တွေအားလုံးကို ကျိုးရွှမ်လန်ကပဲ ရှင်းပေးနေမယ်ဆိုရင် သူ ဒီအခြေအနေမှာ ဘယ်လိုရင့်ကျက်လာတော့မှာလဲ...


" ပြဿနာ မရှိပါဘူး..."

ကျိုးရွှမ်လန်က နှုတ်ခမ်းများ ကော့ညွတ်သည်အထိ ပြုံးပြလိုက်သည်။ 


" ကျွန်နတော် ရှစ်စွမ်းကို ခေါ်သွားပြီး ရတနာတွေရှာမယ်... ရှစ်စွမ်းက ဝိညာဉ်ရတနာတွေ လိုချင်တာမလား ကျွန်တော် ရအောင်ယူပေးမှာပေါ့..."


ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားပြီး ပျော်ရွှင်မှုက ကောင်းကင်ဘုံမှ ဆင်းသက်လာသကဲ့သို့ ဝမ်းသာအားရ ဖြစ်သွားသည်။


မူရင်းဝတ္ထုတွင် ကျိုးရွှမ်လန်က အလွန်ကံကောင်းသည့်လူဖြစ်၍ အကယ်၍ လမ်းဘေးမှ ကျောက်တုံးတစ်တုံးကို သူ ကောက်လာမိလျှင်ပင် ဆယ်ကြိမ်တွင် ရှစ်ကြိမ် ကိုးကြိမ်က ရှေးဟောင်းဝိညာဉ်ကျောက်စိမ်းများ ဖြစ်နေတတ်သည်။


ရှန်းလျိုရှန့် သူ့လက်သန်းကို ကွေးလိုက်ပြီး ကျိုးရွှမ်လန်၏ လက်သန်းနှင့် ချိတ်လိုက်သည်။


" ဒါဆို အပေးအယူဖြစ်ပြီနော် ငါတို့ ၅၀ - ၅၀ ခွဲကြမယ်..."


" အကုန် ရှစ်စွမ်းပဲယူပါ..."


ရှန်းလျိုရှန့် အပျော်လွန်သွားရသည်။ ထိုအခိုက်အတန့်တွင် သူ့လက်မောင်းက မနာကျင်တော့သကဲ့သို့ သူ့ရင်ထဲလည်း ပေါ့ပါးသွားသည်။ ခဏအကြာတွင် ကျိုးရွှမ်လန်နှင့်အတူ စုပိုင်ချယ့်ထံသို့ အမြန်သွားလိုက်သည်။


အခန်းကျယ်ကြီးထဲတွင် ရင်းနှီးနေသော ပုံရိပ်များစွာက မတ်တပ်ရပ်နေသူကရပ်ပြီး ထိုင်သူက ထိုင်နေကြသည်။


အိပ်ရာပေါ်လှဲနေသူ၏ မျက်နှာက ကျောက်စိမ်းသဖွယ် ဖြူဖွေးနေပြီး မျက်တောင်များက ကော့ညွတ်နေကာ နှာတံက ဖြောင့်စင်းနေပြီး သွေးဆုံးရှုံးမှုကြောင့် နှုတ်ခမ်းများ ဖြူဖျော့နေသည်။ မည်သို့ပင်ဖြစ်စေ သူ့ပုံစံက လူအများ၏ နှလုံးသားထဲတွင် သနားမှုများ ကိန်းဝပ်လာစေသည်။


ရှန်းလျိုရှန့် တံခါးကို တွန်းဖွင့်လိုက်သည့်အခါ အားလုံး၏အကြည့်က သူ့ထံသို့ ရောက်လာသည်။


ထိုအကြည့်များထဲမှ တစ်ခုတွင် သင်္ကာမကင်းမှု၊ စိတ်ပျက်မှု၊ အလိုမရှိမှု စသည့် စိတ်ခံစားချက်ပေါင်းစုံ ရောပြွန်းနေသည်။


၎င်းက ပေလွင်ရှာလကာရည်ဘုရင်ကြီး ဓားသခင်ယဲ့ပင်းရန်ထံမှဖြစ်သည်။


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်ပြီး သူ့ဘေးနားမှ ကျိုးရွှမ်လန်ကို ကြည့်လိုက်သည်။ ကျိုးရွှမ်လန်က တည်တည်ငြိမ်ငြိမ်ဖြင့် စုပိုင်ချယ့်ဘေးနားမှ စိုးရိမ်တကြီးဖြစ်နေသူများကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရသောအခါမှ သူ စိတ်ချသွားပြီး ယဲ့ပင်းရန်ကို ပြန်စိုက်ကြည့်လိုက်သည်။


စုပိုင်ချယ့်ကို ဖက်မိတာ ဘာများကြီးကျယ်သွားလို့လဲ... တမင်တကာလုပ်တာမှ မဟုတ်တာ... ငါတပည့်လေးကိုကြည့်ဦး ဘယ်လောက်တောင် သဘောထားကြီးလိုက်လဲ...


ယဲ့ပင်းရန်က နှုတ်ခမ်းများစေ့ထားကာ တိတ်တိတ်နေလိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။


လန်ရှောင်ရှန့်က အခြေအနေအားလုံးကို အကဲခတ်နေပြီးသည့်နောက်တွင် သူ့အမူအရာက အကျည်းတန်လာသည်။


ငါ အခုမှ သဘောပေါက်သွားပြီ သူတို့ကို အောင်သွယ်ဖို့မပြောနဲ့ ကြည့်ရတာ သူ့တပည့်အကြီးဆုံးက ရှန်းလျိုရှန့်ကို အချစ်ပြိုင်ဘက်သို့ သဘောထားနေတာပဲ...


" ကောင်းပြီ ‌ဒဏ်ရာတွေအားလုံးကို ကုပေးပြီးပြီဆိုတော့ ပြဿနာကြီးကြီးမားမား မရှိတော့ပါဘူး..."


လန်ရှောင်ရှန့် အခန်းထဲကို တစ်ချက်ဝှေ့ကြည့်လိုက်ကြီးသည့်နောက် ကျိုးရွှမ်လန်ကိုမြင်သည့်အခါ ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဆက်ပြောလိုက်သည်။


" မင်းတို့အားလုံး ဒီမှာရှိ‌‌နေတယ်ဆိုတော့ မပြီးသေးတဲ့ကိစ္စတွေကို တစ်ခါတည်းရှင်းတာပေါ့..."


နျဉ်ယွင်ရှင်း၏လေသံက မဖော်ရွေတော့ပေ။

" ရှစ်ရှုန်း ဝင်ပါတာ များနေပြီထင်တယ်..."


" ငါ့မှာလည်း ကိုယ့်အကြောင်းပြချက်နဲ့ကိုယ်ရှိတယ်..."

လန်ရှောင်ရှန့်က ယဲ့ပင်းရန်၏ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။

" ငါမင်းကို နောက်ဆုံးတစ်ကြိမ်မေးမယ်... မင်း တကယ်ပဲ ဒီစုပိုင်ချယ့်ကို ရွေးမှာလား..."


ယဲ့ပင်းရန်၏နှုတ်ခမ်းများ ပွင့်ဟလာသည်။


" ပင်းရန်..."


လန်ရှောင်ရှန့်၏အသံက လေးနက်နေသည်။

" မင်း ဓားဂိုဏ်းကို အသက်ငါးနှစ်တည်းက ရောက်လာခဲ့ပြီး အဲ့အချိန်တည်းက ငါနဲ့အတူ ရှိနေခဲ့တာ... ငါက မင်းကြီးပြင်းလာတာကို စောင့်ကြည့်နေခဲ့တဲ့သူဆိုတော့ မင်းရဲ့အကျင့်စရိုက်ကို ကောင်းကောင်းသိတယ်...ဓားရေးလေ့ကျင့်တာကလွဲရင် မင်းစိတ်ဝင်စားတာ ဘာမှမရှိဖူးဘူး...မင်းဘာလို့ အဲဒီလူကိုသဘောကျမှန်း မသိပေမယ့် ပြန်မဖြေခင်မှာ အလေးအနက်စဉ်းစားဖို့တော့ မျှော်လင့်မိတယ်..."


ယဲ့ပင်းရန် ငြိမ်ကျသွားပြီးနောက် သူ့အကြည့်များက စုပိုင်ချယ့်ထံသို့ ရောက်သွားသည်။


သူ့ပုံစံက တစ်ခုခု ပြောချင်နေပုံရသည်။


လန်ရှောင်ရှန့်က ဆက်ပြောသည်။

" မင်းတစ်ယောက်တည်း ရှန်းလျိုရှန့်ကို ရွေးချယ်ဖို့ မလိုပါဘူး... တကယ်လို့ မင်းသူ့ကို တကယ်မကြိုက်ဘူးဆိုရင် မင်းရဲ့ရှစ်ရှု့နဲ့ ရှစ်တိတို့ကို မင်းနေရာမှာ အစားဝင်ခိုင်းလို့ရတယ်..."


နျဉ်ယွင်ရှင်း မျက်ခုံးအသာပင့်လိုက်ပြီး သူ့အမူအရာက တင်းမာနေရာမှ အနည်းငယ်ပြေလျော့သွားသည်။


ကျောက်လင်း ခဏတာမှင်သက်နေပြီးမှ အဓိပ္ပါယ်ဖော်မရနိုင်သည့် လေသံတစ်ခုဖြင့် ပြောလိုက်သည်။


" ဆရာက ကျွန်တော့်ကို တပည့်မှန်းတော့ သတိရသေးတာပဲ..."


လန်ရှောင်ရှန့်က သူ့ကိုပြန်လှည့်ကြည့်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် အထင်သေးသည့် အမူအရာအချို့ ရှိနေသည်။


" မင်းက ငယ်ငယ်လေး ရှိသေးတာ... ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ငါမင်းကို သိပ်ပြီး စိတ်ကျေနပ်မှုမရှိပေမယ့် တခြားရွေးချယ်စရာမှ မရှိတာ..."


ရှန်းလျိုရှန့် ပါးစပ်အဟောင်းသားဖြစ်နေပြီး ရှေ့တစ်လှမ်းတိုးကာ သူ့ကို ဖြတ်ပြောချင်နေသော်လည်းလင်ယဲ့က သူ့ကိုတားလိုက်သည်။


" ဂိုဏ်းချုပ်လန်က လူကြီးဆိုတော့ သူ့ကို နည်းနည်းလောက် စိတ်ပူခိုင်းလိုက်ပါ... ဝင်ပြောလို့လည်း မကောင်းဘူး..."


ရှန်းလျိုရှန့်လည်း ရွေးချယ်စရာမရှိတော့၍ နောက်တစ်လှမ်းပြန်ဆုတ်ပြီး ခုံတွင် ထိုင်ချလိုက်ကာ သူ ကျိုးရွှမ်လန်ကို တီးတိုးပြောလိုက်သည်။

" ငါ့ကို ဖရုံစေ့နည်းနည်းပေးစမ်းပါ ငါ စောစောတုန်းက ဝအောင်မစားခဲ့ရဘူး..."


ဖရုံစေ့လက်တစ်ဆုပ်စာ ယူပြီးသည့်နောက်တွင် ယဲ့ပင်းရန်က အေးတိအေးစက်အသံဖြင့် ပြောသည်ကို သူ ကြားလိုက်ရသည်။


" အင်မော်တယ်ရှန်းက လူကောင်းတစ်ယောက်ပါ..."


သူ ပြောနေစဉ်တွင် သူ့အကြည့်က စုပိုင်ချယ့်အပေါ် ရောက်သွားပြီး မျက်ဝန်းထဲတွင် အတိတ်မှ အမှတ်တရများကို ပြန်တမ်းတနေသည့် အရိပ်အယောင်မျိုး ပေါ်လာသည်။ ပုံမှန်အချိန်တွင် အေးတိအေးစက်နေတတ်သော သူ့မျက်နှာအမူအရာက နူးညံ့ပျော့ပြောင်းနေပြီး ပြုံးရိပ်သမ်းနေသည်မှာ ရေခဲများအရည်ပျော်ကျသွားပြီးနောက် အဆုံးမဲ့ ချစ်ခင်မှုများ ချန်ထားရစ်ခဲ့သည်နှင့် တူပေသည်။


ယဲ့ပင်းရန်၏နှုတ်ခမ်းများ ကွေးညွတ်သွားပြီး သူ၏ ကြည်လင်အေးစက်နေသော မျက်ဝန်းထဲတွင် အိပ်ရာပေါ်လှဲနေသူ၏ ပုံရိပ်က ရောင်ပြန်ဟပ်နေသည်။ သူ့မျက်နှာထက်တွင် ဖြစ်ပေါ်နေသည့် ချစ်ခင်မြတ်နိုးမှုက သန့်စင်ပြီး အစွန်းအထင်း ကင်းမဲ့လှသည်။


" ဒါပေမဲ့ တခြားလူတွေက ဘယ်လောက်ပဲကောင်းကောင်း ပိုင်ချယ့်နဲ့တော့ နည်းနည်းတောင် ယှဉ်လို့မရပါဘူး..."


ယဲ့ပင်းရန် ပြောလိုက်သည်။


လန်ရှောင်ရှန့်၏ နှလုံးသားက အောက်ခြေအထိ နှစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ မည်သည့်စကားထပ်ပြောသည်ဖြစ်စေ အသုံးမဝင်တော့ကြောင်း သိလိုက်ရ၍ ငြိမ်ကျသွားတော့သည်။


" အကြီးအကဲစုနဲ့ တူလေးယဲ့တို့က ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ လက်တွဲဖော်တွေလို့ထင်တယ်..."

နျဉ်ယွင်ရှင်းက အလွန်အမင်း ဝမ်းသာနေဟန်ဖြင့် ပြောလိုက်သည်။


" ဘာမှနှောင့်နှေးနေစရာအကြောင်း မရှိတော့ဘူး... သူ သတိရလာတာနဲ့ မင်းရဲ့ ဦးလေးဖြစ်တဲ့ ငါကိုယ်တိုင် အားလုံးကို တာဝန်ယူပြီး စီစဉ်ပေးမယ်... တန်ဖိုးကြီးလက်ဆောင်တွေ ပြင်ဆင်ထားပြီးတော့ မင်းရဲ့လက်တွဲဖော်ကို ငါကိုယ်တိုင်တောင်းရမ်းပေးမယ်... ဂိုဏ်းချုပ်ရော ဘယ်လိုထင်လဲ..."


" ကျွန်တော်တော့ အဲ့လိုလုပ်တာ မသင့်တော်ဘူးလို့ထင်တယ်..."


လင်ယဲ့က ထပြောလိုက်သည်။


ရှန်းလျိုရှန့်မှလွဲ၍ အခန်းထဲမှလူအားလုံး အံ့အားသင့်သွားကြပြီး သူတို့အမူအရာများက သိသိသာသာ ပြောင်းလဲသွားသည်။


အခန်းထဲတွင် ခဏတာခန့် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။


ရှန်းလျိုရှန့်က ဖရုံစေ့စားနေသည့် အရှိန်ကိုလျှော့လိုက်ပြီး သူ့မျက်နှာထက်တွင် စပ်စုလိုသည့် အမူအရာအချို့ ပေါ်လာသည်။


ဝတ္ထုဖတ်ခဲ့စဉ်က လင်ယဲ့ အဘယ့်ကြောင့် စုပိုင်ချယ့်ကို သဘောကျရသည်ကို သူ သိချင်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ ဇာတ်ကောင်နှင့် စိတ်နေစိတ်ထားအရဆိုပါက မည်သူ့ကိုမဆို အလွယ်တကူ သဘောကျတတ်သူ မဟုတ်သောကြောင့်ပင်။ သို့ရာတွင် ဂရုတစိုက် တွေးတောပြီးသည့်အခါတွင်လည်း အဓိကဇာတ်ကောင်၏ အရှိန်အဝါကြောင့်ဖြစ်သည်ဟုသာ တွေးလိုက်ရသည်။


လင်ယဲ့က အကြောင်းပြချက်ကို မရှင်းပြဘဲ အေးအေးလူလူ ပြောလိုက်သည်။

" သူက တစ်ယောက်ယောက်ရဲ့ လက်တွဲဖော်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ကျွန်တော်ထင်ပါတယ်..."


သူ၏ ဆိုလိုရင်းက ရှင်းလင်းပေသည်။


ဓားဂိုဏ်းသားများ၏ အမူအရာက ထူးဆန်းကုန်သော်လည်း ယဲ့ပင်းရန်က ငြိမ်သက်နေဆဲဖြစ်ပြီး စုပိုင်ချယ့်၏လက်ကို ဆုပ်ကိုင်မြဲဆုပ်ကိုင်ထားကာ သူ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းသိရှိရန် ပြသထားသည်။


သူ နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ 


ရှန်းလျိုရှန့်၏စိတ်ထဲတွင် တွေးလိုက်သည်။

အိမ်းးးး တော်တော်လေးတော့ စိတ်ဝင်စားစရာကောင်းလာပြီ...


ထို့နောက်တွင် သူ့ဘေးမှ လူ၏ အမူအရာကိုသိရရန် လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။


ကျိုးရွှမ်လန်က မည်သူ့ကိုမှ ဂရုမစိုက်ဟန်ဖြင့် နေနေပြီး သူ့အကြည့်ကို အာရုံခံမိသည့်အခါ မျက်ခုံးအသာပင့်ပြလိုက်မိသည်။ ထို့နောက်တွင် သစ်သီးကိုခွာနေသည့်အရှိန်အား မြန်လိုက်သည်။


အခွံခွာပြီးသည်နှင့် ထိုသစ်သီးကို ရှန်းလျိုရှန့်၏ပါးစပ်နား ကပ်ပေးလိုက်သည်။

" မြည်းကြည့်ပါဦး ရှစ်စွမ်း..."


ရှန်းလျိုရှန့်၏စိတ်ထဲ ကျေနပ်အားရသွားပြီး သူ့ကိုချီးကျူးတော့မည့်အချိန်၌ အိပ်ရာပေါ်မှ အသံတစ်သံထွက်လာလေသည်။


ရှိရှိသမျှ မျက်လုံးများက စုပိုင်ချယ့်အပေါ်သို့သာ ရောက်ရှိသွားသည်။


စုပိုင်ချယ့်က မျက်ခုံးများတွန့်ချိုးလိုက်ပြီး သူ့နှုတ်ခမ်းများ အသာဖွင့်ဟကာ အိပ်မက်ထဲတွင် တစ်ခုခုကို ရေရွတ်နေပြီး ယဲ့ပင်းရန်၏ ဝတ်ရုံလက်ကို အလွတ်မပေးဘဲ ဆွဲထားသည်။


ယဲ့ပင်းရန်က ပြောလိုက်သည်။

" ငါ ဒီမှာရှိတယ်..."


လင်ယဲ့က ထိုင်ကြည့်မနေနိုင်တော့သည့်ပုံဖြင့် မတ်တပ်ရပ်လိုက်ပြီး အိပ်ရာနားသို့ ချဉ်းကပ်လာကာ သူ့မျက်နှာထက်တွင်လည်း စိုးရိမ်ပူပန်နေသည့် အမူအရာမျိုး ပေါ်လာသည်။


" တစ်နေရာရာက နာနေသေးလား..."


စုပိုင်ချယ့်က ခပ်တိုးတိုးညည်းတွားလိုက်ပြီး နာကျင်နေပုံပေါ်သည်။ သူ့ပုံစံက ကြောက်စရာကောင်းသော အိမ်မက်ထဲတွင် ပိတ်မိကာ မလွတ်မြောက်နိုင်ပုံ ဖြစ်နေသည်။


သူ အားနည်းဖျော့တော့သည့်လေသံဖြင့် တီးတိုးရေရွတ်လိုက်သည်။


" ကျွန်တော် အရမ်းကြော

က်တယ် အရမ်းလည်းအေးတယ်... ကျွန်တော့်ကိုဘာလို့ စောစောတုန်းကလိုမျိုး မဖက်ထားတော့တာလဲ အင်မော်တယ်ရှန်း..."


အခန်းထဲမှလေထုက ရုတ်ချည်းအေးခဲသွားသည်။


ရှန်းလျိုရှန့်မှာ ဝါးလက်စ သစ်သီးခြောက်ပါ နင်သွားရတော့သည်။