အပိုင်း ၄၉
Viewers 23k

Chapter 49




ကျိုးရွှမ်လန်၏ မျက်တောင်ရှည်ကြီးများဖြင့် မျက်ဝန်းတစ်စုံက မျက်လွှာချထား၍ သူ့အမူအရာက စူးစမ်းကြည့်ရန် အခက်တွေ့နေသည်။ သူ လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးကာ ရှန်းလျိုရှန့်ကို လှမ်းပေးလိုက်ပြီး ပြောလိုက်သည်။


" ရှစ်စွမ်း လက်ဖက်ရည်သောက်ပါဦး..."


ရှန်းလျိုရှန့်က လက်ဖက်ရည်ကို တစ်ကျိုက်တည်းမော့သောက်လိုက်ပြီး ချောင်းတစ်ချက်ဆိုးလိုက်ကာ ထိုလက်ဖက်ရည်ကြမ်းများက ‌မည်သည့်နေရာမှ ဝင်သွားသည်ကိုပင် မသိလိုက်ပေ။ သူ့လက်ချောင်းဖြူဖြူသွယ်သွယ်များဖြင့် လက်ဖက်ရည်ခွက်ကိုကိုင်ထားလျက် ဘေးပတ်ပတ်လည်မှ အကြည့်များကို သတိထားမိလိုက်သည်။ အထူးသဖြင့် စကားပြောရန် တွန့်ဆုတ်နေသောလင်ယဲ့နှင့် အံဩတကြီးဖြစ်သွားပုံရသည့် ယဲ့ပင်းရန်တို့ထံမှ အကြည့်များဖြစ်သည်။


လက်ဖက်ရည်ခွက်၏အဝကို လက်ဖျားဖြင့် အသာပွတ်နေလိုက်ပြီးနောက် မတ်တပ်ရပ်ကာ အိပ်ရာနားသို့ လျှောက်သွားလိုက်သည်။ စုပိုင်ချယ့်က လင်ယဲ့ကို ရန်စလို၍ သူနှင့် ယဲ့ပင်းရန်အကြား ကတောက်ကဆဖြစ်အောင် ဖန်တီးလိုက်သည့်ပုံပေါ်သည်။


အိပ်ရာပေါ်မှလူက စကားကို ဗလုံးဗထွေးရေရွတ်နေဆဲဖြစ်ပြီး သူ့နာမည်ကို ခပ်တိုးတိုးခေါ်နေသည်။


" ငါ့နာမည်ကို မခေါ်နဲ့တော့..."


ရှန်းလျိုရှန့်က စုပိုင်ချယ့်၏နားနားတိုးကပ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ 


" ငါ ခုနက မင်းကို မဖက်ထားချင်ပါဘူး မင်းပုံစံက တော်တော်ရုပ်ဆိုးနေတဲ့အပြင် တစ်ကိုယ်လုံးကလည်း နံစော်နေလို့လေ... ငါ့အတွက် အဆင်မပြေဘူး..."


အိပ်ရာပေါ်မှ ကယောင်ကတမ်းပြောနေသံက ကတိုက်ကရိုက်ရပ်တန့်သွားပြီး အရာအားလုံး ငြိမ်သက်သွားတော့သည်။


ယဲ့ပင်းရန်က ဒေါသကိုမနည်းထိန်းထားရပုံဖြင့် လက်ချောင်းများကို တင်းတင်းဆုပ်ထားသည်။ သူ ရှန်းလျိုရှန့်ကို မတွန်းထုတ်မိအောင် မနည်း ထိန်းထားလိုက်ရပေသည်။ လင်ယဲ့ အနည်းငယ် အံ့အားသင့်သွားသော်လည်း မပြုံးဘဲ မနေနိုင်ပေ။ 


"ရုပ်ဆိုး" နေသည်ဟူသော စကားလုံးက စုပိုင်ချယ့်နှင့် လားလားမှ မဆိုင်သည့်အပြင် သူ့ထံမှ အနံ့ဆိုးထွက်နေခြင်းမျိုးလည်း မရှိသည့်အပြင် ဆွဲဆောင်မှုရှိသည့် ရနံ့ဖျော့ဖျော့တစ်မျိုးပါ ထွက်နေသေးသည်။


" သူက ရုပ်မဆိုးဘူး... အနံ့လည်း မနံပါဘူး..."

ယဲ့ပင်းရန်က အေးတိအေးစက်အသံဖြင့် ရှင်းပြလိုက်သည်။ 


ရှန်းလျိုရှန့်က ပြန်ဖြေသည်။ 

" အလှဆိုတာ ကြည့်တဲ့သူအပေါ် မူတည်တယ်ဆိုပေမယ့် ဒီလိုအနံ့မျိုးကတော့..."


စုပိုင်ချယ့်က ရုတ်တရက် သွေးအန်ထွက်လာ၍ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ ဖြူဖွေးသောမေးစေ့၌ သွေးများစွန်းထင်းသွားသည်။ ယဲ့ပင်းရန်က သူ့လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး လန်ရှောင်ရှန့်ဘက်သို့ လှည့်လိုက်သည်။


" ဆရာ သူ့ကို နောက်တစ်ခါ ထပ်စစ်ပေးကြည့်ပါလား... တခြားဒဏ်ရာတွေ ရှိရင်ရှိဦးမှာ..."


လန်ရှောင်ရှန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီး ချလိုက်သည်။

 

ယဲ့ပင်းရန် ဤမျှအထိ စိုးရိမ်တကြီးဖြစ်နေသည်ကို သူ တစ်ကြိမ်မှ မမြင်ခဲ့ဖူး၍ သူ့တပည့်၏စိတ်ကို မပြောင်းလဲနိုင်တော့ကြောင်း သိသွားပုံပင်။


ရှန်းလျိုရှန့်က အခြားလူများနှင့်အတူ အခန်းထဲမှ ထွက်သွားသည်။


လင်ယဲ့က တံခါးကို ညင်သာစွာပိတ်လိုက်ပြီးသည့်နောက်တွင် ရှန်းလျိုရှန့်ကို အုံ့မှိုင်းမှိုင်းအမူအရာမျိုးဖြင့် ကြည့်လိုက်သည်။

" ငါနဲ့လိုက်ခဲ့..."


ရှန်းလျိုရှန့်၏ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။


လင်ယဲ့ကရော ငါ့ကို အချစ်ပြိုင်ဘက်လို့ တွေးနေတာများလား...ငါ ရှင်းပြမှ ရတော့မယ်...


" ဆရာတူအစ်ကို ကျွန်တော်နဲ့ စုပိုင်ချယ့်က..."


" တခြားလူဆိုရင် ရတယ်..."

လင်ယဲ့က သူ့ကိုဖြတ်ပြောလိုက်သည်။


လေပြည်တစ်ချက်တိုက်ခတ်သွားချိန်တွင် သစ်ရွက်ကြွေများ သယ်ဆောင်လာပြီး သူတို့နားကို လွင့်လာစေသည်။

" စုပိုင်ချယ့်ကတော့ မဖြစ်ဘူး..."


ရှန်းလျိုရှန့် ပါးစပ်ဟလာပြီးသည့်နောက် အကြောင်းအရင်းကို မေးချင်လာသည်။

စုပိုင်ချယ့်က သူ့အတွက် အထူးတလည်ဖြစ်နေလို့များလား...


သို့ရာတွင် သူ့စကားလုံးများက လည်ချောင်းဝတွင် တစ်ဆို့သွားပြီးနောက် ပြန်မျိုချလိုက်မိသည်။ အဘယ့်ကြောင့်ဆိုသော် လင်ယဲ့က သူနှင့် သက်ဆိုင်နေသော စီနီယာအစ်ကို မဟုတ်သည့်အပြင် မူရင်းပိုင်ရှင်နှင့်လည်း အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးမျိုးမဟုတ်၍ သူ ဝင်ရောက်စွက်ဖက်ခွင့် မရှိပေ။ 


လင်ယဲ့ ‌အနောက်သို့လှည့်လိုက်သည့်အခါ ရှန်းလျိုရှန့် မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။ သူ လက်တစ်ဖက်မြှောက်ပြီး သူ့ခေါင်းပေါ်မှ သစ်ရွက်ခြောက်ကို ဖယ်ပေးလိုက်သည်။


" ငါမင်းကို အပြစ်တင်နေတာ မဟုတ်ပါဘူး ကံတရားရဲ့နောက်ကို လိုက်နေရုံပါပဲ..."


ရှန်းလျိုရှန့် နားမလည်နိုင် ဖြစ်သွားရသည်။


ညနေခင်းတွင် ရှန်းပုပုက ပြတင်းပေါက်ဘောင်တွင် လှဲနေပြီး ပန်းအိုးထဲမှ ပန်းပွင့်လေးဖြင့် ပျော်ရွှင်စွာကစားနေကာ သူ့လက်ထဲမှပန်းသီးကို ကိုက်နေသည်။


တံခါးနားမှ လှုပ်ရှားသံကြားသည့်အခါ ပြုံးလိုက်ပြီး ထခုန်တော့မည့်အချိန်၌ ရုတ်တရက် နှာခေါင်းရှုံ့လိုက်သည်။ 


" ပါပါးကိုယ်ပေါ်က ဘာအနံ့ကြီးလဲ..."


ထိုအနံ့က စုပိုင်ချယ့်ထံမှဖြစ်သည်ဟု ရှန်းလျိုရှန့် မှန်းဆလိုက်သည်။ အခြားလူများက ထိုအနံ့ကို ရသည့်ပုံမပေါ်ပေ။


ရှန်းပုပုက အနံ့ကြောင့် အသက်ရှုကြပ်လာ၍ သူ့ခေါင်းပေါ်မှ ရွှေရောင်အရွက်တစ်ရွက်ကိုနှုတ်ပြီး ခုံပေါ်တွင် မတ်တပ်ရပ်ကာ ရှန်းလျိုရှန့်ကို သစ်ရွက်ဖြင့် ယပ်ခတ်ပေးလိုက်သည်။


ပြီးဆုံးသွားသည့်အခါမှ အသက်ဝဝရှုလိုက်ပြီး ရွှေရောင်သစ်ရွက်ကို သူ့နေရာသူ ပြန်ထားလိုက်သည်။


ရှန်းလျိုရှန့်က ထိုသစ်ရွက်ကို လှမ်းတောက်လိုက်သည်။

" ဒီသစ်ရွက်က ဘယ်လိုသုံးရတာလဲ..."


" ပါပါး အဲ့လိုမလုပ်နဲ့ သား ယားကျိကျိဖြစ်လာပြီ..."

ရှန်းပုပု၏ပါးပြင်က အနည်းငယ်နီရဲသွားပြီး သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်ကို လက်နှစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။


" အဲဒါက အသီးသီးလာရင် အသုံးဝင်မှာ..."


ရှန်းလျိုရှန့်က ထူးဆန်းသည်ဟု တွေးလိုက်မိသည်။

" ဘယ်တော့မှ အသီးသီးမှာလဲ..."


ရှန်းပုပုက ခေါင်းစောင်းငဲ့လိုက်ပြီး အလေးအနက်‌စဉ်းစားနေသည်။


" အရွက်ဆယ်ရွက်‌လောက် ပေါက်လာရင် သီးပြီထင်တယ်..."


ရှန်းလျိုရှန့် ခေါင်းညိတ်ပြလိုက်ပြီးနောက် သမ်းဝေလိုက်သည်။ သူ့စိတ်ထဲ အနည်းငယ် ပင်ပန်းနွမ်းနယ်နေ၍ စောစောအိပ်ရာဝင်လိုက်သည်။



အခြားအခန်းတစ်ခုထဲတွင်မူ စုပိုင်ချယ့်က တိတ်တဆိတ် သူ့မျက်လုံးကို ဖွင့်လိုက်ပြီး သူ့နှဖူးကို လက်ဖျားများဖြင့်ထိကာ မန္တန်တစ်ပုဒ်ကို ရွတ်လိုက်သည်။ 


တစ်ခဏတွင်းချင်း အနက်ရောင်ပုံရိပ်တစ်ခုက ကြမ်းပြင်တွင် ဒူးထောက်လိုက်သည်။ သူ၏ ကတ္တီပါနီရောင်မျက်ဝန်းများက ရုပ်သေးတစ်ကောင်ကဲ့သို့ အသက်မဲ့နေသည်။


" အမိန့်ပေးပါ သခင်..."


ထိုအချိန်တွင် ထုံရှီးက ပြောလိုက်သည်။

" အိမ်မက်ဆိုးသားရဲက မင်းနဲ့မလိုက်ဘူး...ငါ့စကားကိုနားထောင်ပါ ဇာမဏီဖြူက မင်းရဲ့ပုံစံနဲ့ ပိုလိုက်ဖက်တယ်..."


လရောင်က အခန်းထဲတွင် ဖြာကျနေပြီး အိပ်ရာပေါ် တင်ပျဉ်ခွေထိုင်နေသည့် စုပိုင်ချယ့်က ပြောလိုက်သည်။

" ငါက အသုံးဝင်လား မဝင်လားပဲ စိတ်ဝင်စားတာ..."


အိမ်မက်ဆိုးသားရဲက နတ်ဆိုးဘုံရှိ ရက်စက်ကြမ်းတမ်းသော သားရဲသုံးကောင်အနက်မှ တစ်ကောင်ဖြစ်သည်။ ၎င်းကို အောင်နိုင်ရန် အသက်နှင့် ရင်းခဲ့ရသည့်အပြင် ထိုရလဒ်ကြောင့် အခြားသောသားရဲများက သူ့ကိုရက်ပေါင်းများစွာ‌ကြာအောင် အမဲလိုက်ခဲ့ကြသည်။


" ဘာအသုံးဝင်တာလဲ..."


ထုံရှီးက စောဒကတက်လိုက်သည်။

" တကယ်လို့ငါသာ မင်းကိုကူညီပြီး အိမ်မက်အမှတ်အသားရဲ့ အနံ့ဆိုးကြီးကို မဖျောက်ပေးခဲ့ရင်... အဲ့ဟာ မင်းရဲ့ကိုယ်ပေါ်မှာဆိုတာ သိတာနဲ့ တခြားလူတွေ ထွက်ပြေးကုန်ကြမှာပဲ... မင်း ဘာသာဆို သူတို့ကို ဘယ်လိုလှည့်စားနိုင်မှာလဲ..."


စုပိုင်ချယ့်က အေးစက်စက်ဖြင့် သရော်လိုက်သော်လည်း နှစ်သိမ့်လိုက်သည်။

" စိတ်မပူပါနဲ့.. ငါ ရှန်းလျိုရှန့်ကို ကိုင်တွယ်လိုက်မယ်... ပြီးရင် မင်းပြောတဲ့အတိုင်းလုပ်မယ်..."


သူ့လက်များဖြင့် ချိပ်စည်းတစ်ခု ပြုလုပ်လိုက်ပြီးနောက် အိမ်မက်ဆိုးသားရဲကို ကြည့်နေလျက် ပြောလာသည်။

" မင်းရော မသိချင်ဘူးလား... မင်းသေချာနေတဲ့ကိစ္စတွေလေ သူက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို အဆင့်တက်သွားတာရော ကောင်းကင်ဘုံခွေးကို ဦးချိုးထားတာရော... အားလုံးက မင်းထင်ထားတာတွေနဲ့ တလွဲကြီး ဖြစ်နေတာတွေကို..."


ထုံရှီးက သစ္စာရှိရှိဖြင့် ပြန်ဖြေလိုက်သည်။ 

" ငါက မင်းကိုပဲ လိုက်ကူညီနေတာဆိုတော့ တခြားဟာတွေကို ဂရုမစိုက်နိုင်ဘူး..."


" ငါပြောချင်တာက သူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ် ဆိုတာပဲ..."


စုပိုင်ချယ့်က အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" သူ စစ်ဖန့်သွေးရေကန်ကို မဝင်သွားခင်က သူ့ဆီမှာ တစ်ခုခုဖြစ်သွားတဲ့ပုံပဲ... အဲဒါကို အတိအကျ မသိရမချင်း ငါ စိတ်အေးအေးနေနိုင်မှာမဟုတ်ဘူး..."


ထုံရှီးက ဤသို့ထင်နေခြင်းကို အလွန်အကျွံတုံ့ပြန်နေခြင်းဟု ထင်လိုက်သည်။ 

" စိတ်ပူစရာ မလိုပါဘူး... သူက ဘာမှမဟုတ်တဲ့ အသေးအမွှား ကျောက်တုံးလေးပါ... မင်းကို မခြိမ်းခြောက်နိုင်ဘူး..."


စုပိုင်ချယ့်က ထပ်မံ၍ စကားအချေအတင်ပြောရန် ပျင်းရိလွန်းနေ၍ အိမ်မက်ဆိုးသားရဲကိုသာ ကြည့်လိုက်သည်။

" သူ့မှတ်ဉာဏ်တွေကို သွားစစ်လိုက်..."


...


ရှန်းပုပုက အနံ့ဆိုးကြီးကြောင့် လန့်နိုးလာပြီး သူ့လက်သေးသေးလေးများက စောင်အောက်မှထွက်လာပြီး မျက်လုံးနှစ်လုံးကို ပွတ်လိုက်သည်။ သူ အိပ်ပျော်နေသည့် ရှန်းလျိုရှန့်နားကပ်ပြီး အနံ့ခံကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။


ယခုချိန်ထိ အနားမယူရသေးသော ကျိုးရွှမ်လန်မှာ ဘေးချင်းကပ်လျက် အခန်းထဲမှ အလောတကြီးခေါ်သံတစ်သံ ကြားလိုက်ရသည်။ သူ့မျက်နှာက ပြောင်းလဲသွားပြီး ဘေးအခန်းသို့ အမြန်ပြေးလာလိုက်သည်။


" ပါပါး ပါပါးရေ..."


ရှန်းလျိုရှန့်က အိပ်ရာပေါ်လှဲနေပြီး သူ၏ပျော့ပျောင်းသော ဆံနွယ်များက ခေါင်းအုံးပေါ် ဖြာကျနေကာ မည်းနက်သောမျက်တောင်များက ကော့ညွတ်နေသည်။ သူ၏ အသက်ရှုသံက ဖြည်းဖြည်းမှန်မှန်သာ ဖြစ်သည်။


အကယ်၍ ရှန်းပုပုကသာ သူ့ကိုအားဖြင့်တွန်းလိုက်ပြီး အဆက်မပြတ်ခေါ်မနေပါက သူ့ပုံစံက အိပ်မောကျနေသည်ဟု ထင်ရပေသည်။ အခြားလူများကလည်း သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ဟု ထင်သွားနိုင်သည်။


ကျိုးရွှမ်လန်က ရှန်းလျိုရှန့်၏ လက်ကောက်ဝတ်ကို စမ်းကြည့်လိုက်သော်လည်း ပုံမှန်မဟုတ်သည့်အရာတစ်ခုခုကို ရှာမတွေ့ပေ။


သူ့မျက်ခုံးများ တွန့်ချိုးသွားပြီး စောင်ပါးလေးကိုဖယ်လိုက်ကာ ဝတ်ရုံတစ်ထည်ယူကာ ရှန်းလျိုရှန့်၏ကိုယ်ပေါ် ခြုံပေးလိုက်သည်။ ထို့နောက် သူ့ကိုအိပ်ရာပေါ်မှ ပွေ့ချီသွားကာ အခန်းထဲမှ ထွက်သွားလိုက်သည်။


စုပိုင်ချယ့်က အပြင်ဘက်တွင် အုတ်အော်သောင်းနင်းဖြစ်နေသည်များကို ကြားလိုက်ရသည့်အခါ သူ့ကို မြန်မြန် ရှာတွေ့သွားပြီလားဟု ထင်လိုက်မိသည်။


သူ ခဏတာ တွန့်ဆုတ်နေပြီးနောက် အခြားသူများနောက်မှ လိုက်သွားလိုက်သည်။


သူ ရောက်လာသည့်အခါ လန်ရှောင်ရှန့်က အိပ်ရာဘေးတွင် ရပ်နေပြီး သူ့လက်ဖဝါးကို ရှန်းလျိုရှန့်၏နှဖူးပေါ်စမ်းပြီး စစ်ဆေးနေသည်။ လင်ယဲ့၊ နျဉ်ယွင်ရှင်း၊ ကျောက်လင်း၊ ကျိုးရွှမ်လန်နှင့် ရှန်းပုပုတို့ကလည်း ထိုနေရာတွင် ရှိနေသည်။ ကျိုးရွှမ်လန်နှင့် ရှန်းပုပုတို့က တစ်ခုခုမှားယွင်းနေကြောင်း ပထမဆုံး သတိထားမိကြသူများဖြစ်သည်။


ရှန်းပုပုက ခြေဖျားထောက်ပြီး လည်ပင်းကိုစောင်းကာ အခြားလူများ၏အကြားတိုးဝှေ့ပြီး အိပ်ရာပေါ်ကို ကြည့်နေသည်။


ကျိုးရွှမ်လန်က သူ့ကိုချီလိုက်ပြီး စားပွဲပေါ် တင်ပေးရန် ပြင်လိုက်သော်လည်း ရှန်းပုပုက နှာခေါင်းရှုံ့ပြီး တံခါးဘက်သို့ လှမ်းကြည့်လိုက်သည်။ 


" ဘာလို့ အဲ့လောက် နံစော်နေတာလဲ..."


စုပိုင်ချယ့် ရင်တုန်သွားသည်။

" သူ ဘယ်လိုလုပ် အဲ့အနံ့ကို ရနေတာလဲ..."


" ပြဿနာ မရှိပါဘူး... မင်း လွှမ်းမိုးချင်တဲ့သူတွေက အဲ့အနံ့ကို မရဘူး..."


ထုံရှီးက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။


စုပိုင်ချယ့် အော်ရယ်လုမတတ် ဖြစ်သွားသည်။


ထိုအချိန် ရှန်းပုပုက သူ့နားကိုပြေးလာပြီး ခြေထောက်တစ်ဖက်ကိုမြှောက်ပြီး သူ့ကိုကန်လိုက်သည်။

" ပါပါးကို ဒုက္ခပေးတာ ဒီဦးလေးကြီးပဲဖြစ်မယ်..."


စုပိုင်ချယ့် မျက်လုံးအပြူးသားဖြစ်သွားပြီးနောက်တွင် အကန်ခံလိုက်ရာမှ နာကျင်မှုကို ခံစားလိုက်ရ၍ ရှန်းပုပုက အလွန်သန်မာသူဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ 


အခန်းထဲမှ အကြည့်အားလုံးက သူတို့ထံသို့ ကျရောက်လာသည်။ စုပိုင်ချယ့်က မနည်းဟန်လုပ်၍ ပြုံးပြလိုက်ပြီး ရှန်းပုပု၏ ခေါင်းထက်မှ ရွှေရောင်သစ်ရွက်ကို ကြည့်လိုက်သည်။ သူ့လက်ဆန့်ထုတ်ပြီး ရှင်းပြရန်လည်း ပြင်လိုက်သည်။


" မင်း တစ်ခုခု‌ကို အထင်လွဲနေတာပဲဖြစ်ရမယ်..."


ရှန်းပုပုက ချက်ချင်း နောက်တစ်လှမ်းဆုတ်လိုက်ပြီးအခန်းထဲကိုကြည့်ကာ မကျေမနပ်ဖြစ်နေသည့် အမူအရာဖြင့် ကျိုးရွှမ်လန်ဘေးနားကို ပြန်ပြေးသွားသည်။ 


" သူ့ဆီက နံတယ်... ပါပါးဆီမှာရတဲ့ အနံ့လိုမျိုးပဲ..."


လန်ရှောင်ရှန့် တစ်ဖက်သို့လှည့်ကြည့်လိုက်သည်။

" ရွှံ့ပုတ်နံ့လို အနံ့မျိုးလား..."


ရှန်းပုပုက သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်ကို ထိလိုက်သည်။

" သား သေချာတော့မသိဘူး ဒါပေမဲ့ အနံ့ကြီးက အန်ချင်စရာကြီး..."


" အိမ်မက်ဆိုးသားရဲရှိရင် ရွှံ့ပုတ်နံ့လိုမျိုးအနံ့ ရတတ်တယ်..."


လန်ရှောင်ရှန့်က အဓိပ္ပါယ်ပါပါပြောပြီး စုပိုင်ချယ့်ကိုကြည့်လိုက်သည်။

" မင်းကို တခြားသားရဲတွေ ဘာလို့ပစ်မှတ်ထားရတာလဲဆိုတာ ငါသိချင်မိတယ်..."


တံခါးဝတွင်ရပ်နေသူက မျက်နှာတစ်ပြင်လုံးဖြူဖျော့လာပြီး ရှင်းပြရန် ကြိုးစားလိုက်သော်လည်း သူ စကားတစ်ခွန်းမှ မပြောနိုင်မီမှာပင် ပါးစပ်ကိုအုပ်ပြီး ပြင်းပြင်းထန်ထန် ချောင်းဆိုးတော့သည်။


သူ့လက်ချောင်းများထဲတွင် ရဲတွတ်နေသည့်သွေးများ ပါလာပြီး သူ၏ အားနည်းဖျော့တော့နေသည့်ပုံရိပ်က ယိမ်းယိုင်လာသည်။


" ကျွန်တော် အဟွတ် အဟွတ်..."


ယဲ့ပင်းရန်က အချိန်မီရောက်လာ၍ သူ့ကိုကူတွဲပေးပြီး မယုံသင်္ကာစွာဖြင့် ပြောလိုက်သည်။


" ဆရာ ဘာဖြစ်လို့ ပိုင်ချယ့်ကို သံသယဝင်ရတာလဲ... သူက အဲ့လိုလူမျိုး မဟုတ်ပါဘူး..."


" ငါတို့ ဒီကိစ္စကို နောက်မှ ဆွေးနွေးကြမယ်..."

လင်ယဲ့က မျက်ခုံးများတွန့်ချိုးလိုက်သည်။

" အရင်ဆုံး ငါ့ရဲ့ဆရာတူညီလေးကို ကယ်ရမယ်..."


အိမ်မက်ဆိုးသားရဲ၏စွမ်းအားမှာ ကျင့်ကြံသူတစ်ယောက်၏ စိတ်ဝိညာဉ်ပင်လယ်ထဲကို ကျူးကျော်ဝင်ရောက်နိုင်ပြီး ထိုလူ ယုံကြည်နေသည့်အရာမှန်သမျှကို အမှန်ဟုထင်အောင် ထင်ယောင်ထင်မှား ပြုလုပ်နိုင်ခြင်းဖြစ်သည်။ အကယ်၍ တစ်ယောက်ယောက်က အိမ်မက်ဆိုးသားရဲ တည်ရှိနေခြင်းကို တည်ရှိနေခြင်းကို အာရုံမခံနိုင်ပါက ပုံရိပ်ယောင်များထဲတွင် ထာဝရပိတ်မိနေပြီး နိုးထလာနိုင်တော့မည် မဟုတ်ပေ။ 


လန်ရှောင်ရှန့်က အလေးအနက်တွေးတောနေပြီးနောက် လင်ယဲ့ကို ကြည့်လိုက်သည်။


" တစ်ယောက်ယောက် သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်သွားပြီး ကူညီလို့ရနိုင်တဲ့ နည်းလမ်းကို ကျုပ်သိတယ်..."


" ကျွန်တော့် ဆရာတူညီလေးကို ပုံရိပ်ယောင်ထဲက ဆွဲထုတ်ဖို့လား..."


လင်ယဲ့က သူပြောချင်သည်ကို သဘောပေါက်သော်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။

" ဒါပေမဲ့ သူ အဲ့လူနဲ့ စိတ်လိုလက်ရ လိုက်လာမှဖြစ်မယ်..."


လန်ရှောင်ရှန့် ခေါင်းညိတ်ပြလိုက်သည်။

" အဲဒီလူက သူ နက်နက်ရှိုင်းရှိုင်း ယုံကြည်တဲ့သူဖြစ်ပြီး စိတ်နေစိတ်ထားက ကြည်လင်တဲ့သူဖြစ်ရမှာ... သူ့စိတ်ဝိညာဉ်ပင်လယ်က အိမ်မက်ဆိုးက ရှန်းလျိုရှန့်ရဲ့ မှတ်ဉာဏ်တွေကိုသုံးပြီး ပိတ်လှောင်ထားနိုင်တယ်..."


အခန်းထဲတွင် ငြိမ်သက်သွားသည်။


နျဉ်ယွင်ရှင်းက ချောင်းဟန့်လိုက်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

" ဒါဆိုရင်တော့ ကျွန်တော်သွားမှဖြစ်မယ်... ရှန်းလျိုရှန့်နဲ့ ကျွန်တော့်ရဲ့ ဆက်နွယ်မှုက နက်ရှိုင်းတယ်လေ... သူ့အတွက် ကျွန်တော်က နှစ်နှစ်ကာကာ ယုံကြည်နိုင်လောက်တဲ့သူပဲ... သိပ်သိသာဝာာမျိုး မဟုတ်ပေမယ့် သူက ဒီနေရာမှာ ရှိနေတဲ့လူအားလုံးထက် ကျွန်တော့်ကို ပိုယုံတယ်..."


" ဒါပေမဲ့ သူက ငါ့ရဲ့ ဆရာတူညီလေးလေ..."


လင်ယဲ့က လက်နောက်ပစ်ထားပြီး သူ့အကြည့်က ရှန်းလျိုရှန့်၏ အေးချမ်းစွာအိပ်ပျော်နေသည့် မျက်နှာထက်တွင် ရှိနေသည်။ သူ ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။


" သူ ယုံကြည်တဲ့လူတွေ အများကြီးရှိနိုင်ပေမယ့် သူ့ဆရာတူအစ်ကိုကတော့ ငါတစ်ယောက်တည်းပဲရှိတာ..."


နျဉ်ယွင်ရှင်း၏မျက်နှာက မည်းမှောင်သွားသည်။


" မင်းက တစ်ဦးတည်းသောဆရာတူအစ်ကိုဆိုပေမယ့် ဆရာတူအစ်ကိုပဲလေ..."

လန်ရှောင်ရှန့်က တံခါးဝနားကို လက်ညှိုးထိုးပြလိုက်သည်။


" သူ ဆယ်နှစ်ကျော်ကြာအောင် လိုက်ခဲ့တဲ့သူက အဲ့မှာရှိနေတာလေ... တကယ်လို့ ပင်းရန်သာ သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်သွားမယ်ဆိုရင် လျိုရှန့်က သူ့ကိုငြင်းနိုင်မယ်လို့ မထင်ဘူး..."


ယဲ့ပင်းရန် လန့်သွားသော်လည်း ခေါင်းအသာညိတ်ပြလိုက်သည်။


သူက ရှန်းလျိုရှန့်အပေါ် ရှုပ်ထွေးသည့်ခံစားချက်များ ရှိပေသည်။ ရှန်းလျိုရှန့်က သူ့ကို နှစ်ပေါင်းများစွာလိုက်ခဲ့ကြီး နောက်ဆုံးတွင် သူ တစ်ယောက်ယောက်နှင့် ချစ်ကြိုက်မိသွား၍ သူ့ကိုနှောင့်ယှက်နေခြင်းအား ရပ်တန့်လိုက်သည်။ သို့ဖြစ်၍ သူ့နှလုံးသားထဲတွင် စိတ်မချမ်းမသာ ခံစားနေရသည်။


သို့ရာတွင် ကျင့်ကြံသူအချင်းချင်းဖြစ်၍ ဘေးနားတွင်ရပ်နေပြီး ဘာမှ မကူညီဘဲ နေနိုင်မည်မဟုတ်ပေ။ 


" ‌ဒီတပည့် စမ်းကြည့်ချင်ပါတယ်..."


ကျောက်လင်းက ဤလူများအကြာတွင် သူ့ကိုယ်သူ အားအနည်းဆုံးဟုသိ၍ ငြိမ်နေခဲ့သော်လည်း မကျေမချမ်းဖြစ်နေသည့်အသံဖြင့် တီးတိုးပြောလိုက်သည်။


" အစ်ကိုရှန်းရှန့်က ကျွန်တော်ကိုရွေးရင် ရွေးမှာ..."


" ပါပါးက သားကို အချစ်ဆုံးပဲ..."


ရှန်းပုပုက မျက်ဆံလှန်လိုက်ပြီး အခြေအမြစ်မရှိသည်များကို ပြောလာသည်။

" သားတို့က သွေးချင်းဆက်နွယ်နေတာ... သားက ပါပါးကို စိတ်ဝိညာဉ်ပင်လယ်ရဲ့ ပုံရိပ်ယောင်ထဲကနေ ကျိန်းသေထုတ်လာပေးမှာ..."


အားလုံးက သူ့ကိုလျစ်လျူရှု့ထားကြပြီး တစ်ချိန်လုံးတိတ်ဆိတ်ငြိမ်သက်နေသည့် လူငယ်လေးဘက်ကို လှည့်လိုက်ကြသည်။


" ကျွန်တော် ရှစ်စွမ်းရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲ ဝင်ဖူးပါတယ်..."

ကျိုးရွှမ်လန်က မည်သူ့ကိုမှ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

" အရိုးသန့်စင်ရေပူစမ်းမှာတုန်းက ရှစ်စွမ်းက ကျွန်တော့်ကို ဝင်ခွင့်ပြုခဲ့ပါတယ်... ကျွန်တော်တို့ အသိစိတ်တွေကို ရောမွှေထားဖူးတယ်ဆိုရင်တော့ အားလုံးက ကျွန်တော်တို့ကြားက ပတ်သက်မှုကို ရှင်းသွားမှာပါ..."


" အဲဒါ စိတ်အလိုလိုက်မိတဲ့ ခဏပါပဲ..."

လန်ရှောင်ရှန့်၏မျက်နှာက မည်းမှောင်လာသည်။

" ပင်းရန်သွားတာက ပိုကောင်းပါတယ်..."

 

နျဉ်ယွင်ရှင်း၏မျက်နှာထားက တင်းမာလာသည်။

" ကျွန်တော် ထပ်ပြောပြမယ်... သူ့ကို သတိလက်လွတ်ဖြစ်နေအောင်လုပ်နိုင်တဲ့သူက ကျွန်တော်ပဲရှိတာ..."


" ဓားဂိုဏ်းက လူတွေက တစ်ခုခုကို အထင်လွဲနေတာများလား..."

လင်ယဲ့၏မျက်နှာထက်မှ အပြုံ

းကပျောက်ကွယ်သွားသည်။

" သူက ချင်းလင်ဂိုဏ်းရဲ့ အင်မော်တယ်ရှန်း... ငါ့ရဲ့ ဆရာတူညီလေး... ‌ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံးက နောက်ဆုံးတော့ အပြင်လူတွေပဲ..."


ရှန်းပုပုက သူ့ခေါင်းကိုအုပ်ထားပြီး မျက်ခုံးလေးများကို တွန့်ချိုးထားကာ သူတို့စကားဝိုင်း၏ လွှမ်းမိုးခံလိုက်ရပုံပေါ်သည်။