အပိုင်း ၅၀
Viewers 24k

Chapter 50




လန်ရှောင်ရှန့်၏အကြည့်များက အခန်းထဲ တစ်ချက်ဝေ့ဝဲသွားသည်။ သူ ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် သိုလှောင်အိတ်ထဲမှ အမွှေးတိုင်သုံးတိုင် ထုတ်လိုက်သည်။


" ငါ့မှာ အစီအရင်လုပ်ဖို့အချိန်က အကန့်အသတ်ရှိတယ်... ဘယ်သူကမှ လက်မလျှော့ချင်ကြဘူးဆိုတော့ ငါတို့ သုံးခါကြိုးစားကြည့်ကြမယ်...သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲကို ဘယ်သူဝင်ဝင် အချိန်ပြည့်လို့မှ မအောင်မြင်ဘူးဆိုရင် ငါ သူတို့ကို ပြန်ဆွဲထုတ်မှာ..."


သူ ပြောပြီးနောက် ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ ယဲ့ပင်းရန်အတွက် စကားအချေအတင်ဖြစ်ပေးနေမည့်အစား လင်ယဲ့ကိုကြည့်ကာ ထပ်ပြောလိုက်သည်။


" မင်းက ကျင့်ကြံဆင့်အမြင့်ဆုံးဖြစ်တဲ့အပြင် သူ့ဆရာတူအစ်ကိုပဲ အဲ့တော့ သူ့ရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲကို မင်းအရင်ဆုံး ဝင်သွားဖို့သင့်တော်တယ်..."


[ ဒီထဲမှာတော့ အမွှေးတိုင်တစ်တိုင်ထွန်းစာအချိန်ကို ၁၅မိနစ်လောက်ပါပဲလို့ ပြောထားပါတယ် ]


လင်ယဲ့ ခေါင်းညိတ်ပြလိုက်သည်။

" အစ်ကိုကြီးပြောတာ ဟုတ်ပါတယ်..."


" ငါ့ကို အစ်ကိုကြီးလို့ခေါ်စရာမလိုပါဘူး ငါတို့နှစ်ယောက်လုံးက ဂိုဏ်းချုပ်တွေပဲကို..."

လန်ရှောင်ရှန့်က အစောပိုင်းတွင် ခက်ထန်နေခဲ့သော်လည်း အနည်းငယ် နူးညံ့ပျော့ပျောင်းသည့်လေသံဖြင့် ပြောလိုက်သည်။ ထို့နောက် လိုအပ်သည်များကို ညွှန်ကြားနေသည်။ 

" အထဲကို ရောက်သွားတာနဲ့ အိမ်မက်ဆိုးသားရဲကဘသူ့မှတ်ဉာဏ်တွေကိုသုံးပြီး ပုံရိပ်ယောင်တွေဖြစ်အောင် လုပ်လိမ့်မယ်... မင်း တစ်ချိန်လုံး သတိကြီးကြီးထားနေမှရမယ်... အိမ်မက်ဆိုးသားရဲရဲ့ အသွင်အစစ်ကိုရှာ အနိုင်ယူပြီးတော့ သူ ထောင်ခြောက်ဆင်ထားတဲ့ ပုံရိပ်ယောင်ထဲကိုဝင်ပြီး ရှန်းလျိုရှန့်ကို ပြန်ခေါ်ခဲ့..."


လင်ယဲ့ သဘောတူလိုက်ပြီး ကြမ်းပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ လန်ရှောင်ရှန့်က သူ့ဘေးနားတွင်ထိုင်ပြီး ပထမဆုံးအမွှေးတိုင်ကို မီးညှိလိုက်သည်။


ကျဉ်းမြောင်းလှသော အခန်းလေးတစ်ခုထဲတွင် မီးရောင်မှိန်ပျပျသာ ရှိနေပြီး စာရွက်အဟောင်းများ၏ အနံ့ကို ရနေသည်။


လင်ယဲ့က တံခါးတွင်ရပ်နေပြီး အခန်းထဲကို လှမ်းကြည့်လိုက်သည်။


ရှုပ်ပွနေသည့် စားပွဲကြီးတစ်ခု၏ရှေ့၌ ဒူးထောက်နေသော လူငယ်လေးက အနီရောင်အဝတ်အစားများ ဝတ်ဆင်ထားပြီး ခေါင်းကိုငုံ့ထားသည်။ သူ၏ တုန်ယင်နေသည့်လက်များဖြင့် စုတ်တံကိုကိုင်ထားပြီး စာရွက်ပေါ်တွင် တွန့်လိမ်နေသည့် စာလုံးများကို ရေးခြစ်နေသည်။


တံခါးဖွင့်သံကြားသည့်အခါ ခေါင်းပင်မော့မကြည့်ဘဲ အလိုမကျသည့်အသံတစ်ခု ပြုလိုက်သည်။


" ဒီတိုင်းပဲ ဆက်ကူးရေးရမယ် ဆက်ရေးနေမှရမယ်... ငါ ပျင်းနေလို့ မဖြစ်ဘူး..."

ရှန်းလျိုရှန့်က အားတက်သရောမရှိလှသည့်အသံလေးဖြင့် ပြောလိုက်သည်။

လင်ယဲ့ ငြိမ်သက်နေဆဲဖြစ်ပြီး ခဏအကြာတွင် ကြမ်းပေါ်၌ ထိုင်ချလိုက်သည်။


အသံကြားသည့်အခါ ရှန်းလျိုရှန့် ခေါင်းမော့ကြည့်လိုက်ပြီး သူ၏ ဇာမဏီမျက်ဝန်းထဲတွင် အံ့ဩတကြီးဖြစ်သွားသည့် အမူအရာမျိုး ပေါ်လာသည်။

" ရှစ်ရှုန်း ပြန်လာပြီ..."


လင်ယဲ့ ဤမြင်ကွင်းကို ပြန်အမှတ်ရသွားမိသည်။ 


တစ်ခါက လင်ယဲ့ ခရီးထွက်သွားစဉ်တွင် ရှန်းလျိုရှန့်က အပြစ်ကျူးလွန်းခဲ့သောကြောင်း ဂိုဏ်းချုပ်က ဤအခန်းကျဉ်းလေးထဲတွင် ဂိုဏ်းစည်းကမ်းများကို အကြိမ်တစ်ရာခန့် ကူးရေးခိုင်းခဲ့ဖူးသည်။ အားလုံးကို မရေးပြီးမချင်း ထွက်သွား၍ မရပေ။ 


" မင်း ကြွေပန်းအိုးတစ်အိုးကို ခွဲလိုက်တယ်လို့ ငါကြားတယ်..."

လင်ယဲ့က အခန်းပတ်ပတ်လည်ကို ကြည့်လိုက်ပြီး အိမ်မက်ဆိုးသားရဲ ပုန်းအောင်းနေမည့်နေရာကို မှန်းဆကြည့်ပြီးနောက် ထိုင်ချလိုက်သည်။


ထိုအကြောင်းကြားသည့်အခါ ရှန်းလျိုရှန့်၏ စိတ်အားတက်ကြွမှုများ ပျောက်ဆုံးသွားပြီး ခေါင်းငိုက်စိုက်ကျသွားသည်။

" ကျွန်တော် တမင်လုပ်တာ မဟုတ်ဘူး..."


သူ စုတ်တံကို ချထားလိုက်ချိန်၌ သူ၏ ဖြူဖွေးသွယ်လျသော လက်ချောင်းများတွင် ဒဏ်ရာအနာတရအချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ လက်နှစ်ဖက်လုံးက ဖူးယောင်နေပြီး ကြည့်ရသည်မှာ အလွန်ထိတ်လန့်စရာ ကောင်းလှသည်။


" ဂိုဏ်းချုပ်က ကျွန်တော့်ကို အကြာကြီးဆူပြီးတော့ ပေတံနဲ့ ဆယ်ချက်တောင်ရိုက်တယ်..."


လင်ယဲ့ သူ့ဝတ်ရုံထဲမှ ဆေးပုလင်းကိုထုတ်ပြီး ရှန်းလျိုရှန့်၏လက်ပေါ် ဆေးလိမ်းပေးနေလျက် ပြောလိုက်သည်။


" အစ်ကိုကြီးကို စောဒကတက်နေလည်း ဘာမှလုပ်ပေးလို့ မရဘူး..."


အနီရောင်ဝတ်ရုံနှင့်ကောင်လေးက နာကျင်မှုကြောင့် ညည်းတွားလိုက်မိသည်။


လင်ယဲ့က သူ မျက်မှောင်ကြုတ်ထားသည်ကို မြင်သောအခါ ဆေးလိမ်းပေးနေလျက် ဖိအားများလျော့သွားစေရန် ပြောလိုက်သည်။

" ပန်းအိုးလေးတစ်အိုးပဲကို... ဂိုဏ်းချုပ်အိုကြီးက မင်းကို တော်တော်လေး အပြစ်ပေးထားတာပဲ..."


" အဲ့အဖိုးကြီးက ကျွန်တော့်ကို အရင်တည်းက သဘောမကျဘူးလေ..."


ရှန်းလျိုရှန့်က ရေရွတ်လိုက်သည်။

" သူ တခြားလူတွေကိုဆူရင် သတိပေးရုံလောက်နဲ့ ပြီးသွားတာ ကျွန်တော့်ကိုကျတော့ အမာရွတ်တွေ မကျန်မချင်း ရိုက်တာမရပ်ဘူးလေ..."


" အစ်ကိုကြီးနဲ့ ရှစ်စွမ်းတို့ ဂိုဏ်းမှာ မရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ကျွန်တော့်ကို အနိုင်ကျင့်နေတာ... အရင်လပိုင်းတွေတုန်းကလည်း ကျင့်ကြံတာအပြင် ကျွန်တော် လင်ရှောင်းခန်းမဆောင်မှာလည်း လိုတာတွေ လုပ်ပေးရသေးတယ်... လက်ဖက်ရည်ကြမ်းငှဲ့ရတယ်၊ တံမြက်စည်းလှည်းရတယ် ပြီးတော့ တခြားအလုပ်တွေလည်း လုပ်ခိုင်းသေးတယ်...သူ စိတ်တိုင်းမကျတာတွေ့ရင်လည်း ကျွန်တော့်ကို အရမ်းဆူတာပဲ..."


 ရှန်းလျိုရှန့် အစောပိုင်းက သတိမပြုမိသော်လည်း ယခုအခါ သူ့ကို ဆေးလိမ်းပေးနေသူနှင့် ပတ်သက်ပြီး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလာရသည်။

" အစ်ကိုကြီး နောက်တစ်ခါ ခရီးထွက်ရင် ကျွန်တော့်ကိုလည်း ခေါ်သွားပါလား..."


ဆေးလိမ်းပေးပြီးသည့်အခါ လင်ယဲ့က စားပွဲပေါ်တွင်ပြန့်ကျဲနေသည့် စာရွက်များကိုကြည့်ပြီး ပြောလိုက်သည်။

" မင်းက ငယ်သေးတာဆိုတော့ လိုက်လို့မရဘူး..."


" အစ်ကိုကြီးက ကျွန်တော့်ကိုအနှောင့်အယှက်ဖြစ်တယ်လို့ ထင်နေတာပဲ..."


ရှန်းလျိုရှန့်ပြောလိုက်ပြီးနောက် ဒူးထောက်နေရာမှထကာ နာကျင်ကိုက်ခဲနေသည့် ဒူးနှစ်ဖက်ကို ပွတ်နေသည်။


" ရှစ်စွမ်းပြောတာတော့ အစ်ကိုကြီးက တိတ်ဆိတ်မှုကို သဘောကျလို့ နာမည်ကြီးတောင်တွေနဲ့ မြစ်ချောင်းတွေကို ခရီးထွက်ရတာ ကြိုက်တယ်တဲ့... နောက်တစ်ခါ ခရီးထွက်သွားလို့ ချင်းလင်ဂိုဏ်းကို ပြန်မလာတော့ရင်လည်း မထူးဆန်းပါဘူး..."


" ရှစ်စွမ်းက သူ့ဘဝမှာ တစ်ခါမှ အလိမ်အညာတွေ မပြောခဲ့ဖူးဘူး..."

လင်ယဲ့က ရှန်းလျိုရှန့်ကိုကြည့်၍ ပြန်ဖြေလိုက်သည်။

" ငါ အပြင်လောကမှာ နေရတာကို ပိုသဘောကျတယ်ဆိုတာ အမှန်ပဲ မင်းကလည်း ငါ့ကို တစ်ခါတစ်လေ စိတ်အနှောင့်အယှက်ပေးတယ်ဆိုတာ အမှန်ပဲ..."


" အစ်ကိုကြီးရဲ့ စကားတွေက ကျွန်တော့်ကို တကယ်နာကျင်စေတယ်..."

ရှန်းလျိုရှန့်က အလွန်အမင်း ဝမ်းနည်းပက်လက်ဖြစ်သွားပုံပေါ်သည်။


" ကျွန်တော့်ရင်ထဲ နာကျင်သွားရပြီ... ကြည့်ရတာ ရှစ်ရှုန်းက ကျွန်တော့်ကိုကူပြီး ဂိုဏ်းစည်းမျဉ်းတွေ ကူးရေးပေးတော့မှ ကျွန်တော့်စိတ်ထဲ ကောင်းသွားမယ်ထင်တယ်..."


" ဂျီမကျနဲ့တော့ ငါ ကူရေးပေးမယ်..."


လင်ယဲ့က စာရွက်လွတ်တစ်ကွက်ကိုယူပြီး စားပွဲပေါ်ဖြန့်ကာ သူ့ဝတ်ရုံလက်ကို ခေါက်တင်ပြီး စတင်ရေးတော့သည်။

" တိတ်တိတ်လေးသာ နေပေး..."


လင်ယဲ့က ရှန်းလျိုရှန့်ကို ဤသို့ကူညီဖူးသည်မှာ အကြိမ်ပေါင်းများစွာဖြစ်သောကြောင့် ဤအလုပ်နှင့် ရင်းနှီးနေပြီဖြစ်သည်။ ရှန်းလျိုရှန့်က သူ့လက်ရေးကို အတိအကျပုံတူကူးရေးနိုင်ရုံသာမက ရံဖန်ရံခါတွင် စုတ်တံကို သေချာမကိုင်ပဲ သူ့လက်ပေါ်မှ ဒဏ်ရာများကို တမင်တကာ ပြသလေ့ရှိသည်။


ရှန်းလျိုရှန့် ကြမ်းပြင်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်နှာကို လက်ဖြင့်ထောက်ထားကာ လင်ယဲ့ကိုစိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ့မျက်လုံးများ ညွှတ်ကျလာပြီး အိပ်ငိုက်လာကြောင်း ပြသနေသည်။ 


" ရှစ်ရှုန်းက အကောင်းဆုံးပဲ... အဲ့အဖိုးကြီးက ကျွန်တော့်ကို အမြဲမျက်မှောင်ကြုတ်ကြည့်ပြီးဆူတယ်... နောက်ထပ်တက်လာမယ့်ဂိုဏ်းချုပ်က ကျွန်တော့်ကို ကောင်းကောင်းဆက်ဆံဖို့ မျှော်လင့်ရတာပဲ..."

သူ ရေရွတ်လိုက်သည်။


လင်ယဲ့ကလည်း အေးအေးလူလူပင် ပြန်ဖြေလိုက်သည်။ 

" အကြီးအကဲတွေ တော်တော်များများကတော့ ဒီနေရာကို စိတ်ဝင်စားကြပေမယ့် ဝါစဉ်အရဆိုရင်တော့ အင်မော်တယ်မုန့်က ဂိုဏ်းချုပ်ဖြစ်ဖို့ အလားအလာ အများဆုံးပဲ..."


" အင်မော်တယ်မုန့်လား... ဟင်း..."

ရှန်းလျိုရှန့် သက်ပြင်းချလိုက်သည်။

" သူကလည်း ကျွန်တော့်ကိုမြင်တိုင်း မျက်မှောင်ကြုတ်နေတာ... သူ ဂိုဏ်းချုပ်ဖြစ်လာရင်လည်း ကျွန်တော့်ဖို့ လွယ်မှာမဟုတ်ဘူး..."


သူ ရုတ်တရက် ပင်ပန်းနွမ်းနယ်သွားပုံပေါ်ကာ သမ်းဝေလိုက်ပြီး ဇာမဏီမျက်လုံးများပွင့်လာရန် မနည်းကြိုးစားနေရသည်။

" သူကတော့ အဖိုးကြီးထက် ကျွန်တော့်ကိုပိုကြင်နာပေးဖို့ မျှော်လင့်ရတာပဲ..."


" ဒါပေမဲ့ တကယ်လို့သာ ရှစ်ရှုန်းက ဂိုဏ်းချုပ် ဖြစ်လာခဲ့ရင်..."


သူ ငိုက်မျဉ်းစွာဖြင့် လင်ယဲ့ကိုကြည့်လိုက်သည်။

" ကျွန်တော် ဘာလုပ်လုပ် ရှစ်ရှုန်းက အပြစ်ပေးမှာ မဟုတ်ဘူး... အဲဒါဆိုရင် ကျွန်တော်လည်း ချင်းလင်ဂိုဏ်းမှာနေရတာ အရမ်းပျော်မိမှာပဲ..."


လင်ယဲ့၏လက်များ ရပ်တန့်သွားသည်။


ခုံပေါ်လက်တင်၍ အိပ်မောကျသွားကာ အိမ်မက်ထဲ ရောက်ရှိသွားသည့် ဝတ်ရုံနီဝတ် လူငယ်လေးကို လှည့်ကြည့်လိုက်သည်။


လင်ယဲ့ သူ့ကို အချိန်တစ်ခုအထိ စိုက်ကြည့်နေပြီးသည့်နောက်တွင် ဆက်လက်ကူးရေးနေသည်။ ကျဉ်းမြောင်းပြီး အလင်းရောင်မှိန်ပျပျသာရှိသော အခန်းထဲတွင် ထွက်ပေါ်နေသည့် တစ်ခုတည်းသောအသံက စာရွက်ပေါ် စုတ်တံနှင့် ရေးနေသံဖြစ်သည်။


မြင်ကွင်းများ ပြောင်းလဲသွားပြီးနောက် လခြမ်းကွေးသဏ္ဍာန်လမင်းကြီးက ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။


တောင်ထွတ်များက တိမ်တိုက်များကြားထဲ ဝင်ရောက်နိုင်သည့်တိုင်အောင် မြင့်မာလှပြီး ဓားသွားများသဖွယ် မတ်စောက်ချွန်ထက်လှပေသည်။ လင်ယဲ့က ကောင်လေးကို သူ့ကျောပေါ် ကုန်းပိုးလာပြီး တောင်တက်လမ်းအတိုင်း လျှောက်လာသည်။


သူ့ကျောပေါ်မှလူ၏ပုံစံက ဖရိုဖရဲဖြစ်နေပြီး နှဖူးထက်တွင်လည်း သွေးများဖြင့်နီရဲနေသည့်ဒဏ်ရာတစ်ခုရှိကာ ပါးပြင်တွင်လည်း ကုတ်ခြစ်ရာများစွာ ရှိနေသည်။ မူလက ဖြူဖွေးသွယ်လျသော ခြေချင်းဝတ်များက ယခုအခါ ယောင်ကိုင်းနေပြီး အဝတ်အစားများကလည်း ဆူးများကြောင့် စုတ်ပဲနေသည်။


" ရှစ်ရှုန်း ကျွန်တော့်ကိုရှာတွေ့လို့ တော်သေးတယ်..."


ရှန်းလျိုရှန့်က ဆေးစိမ်ထားသော လက်ကိုင်ပဝါကို နှဖူးပေါ်တင်ထားပြီး သူ့ရင်ထဲတွင် တုန်ယင်နေဆဲဖြစ်သည်။


သူ ယနေ့တွင်မှ ဓားပျံစီးရမည့်နည်းလမ်းကို သင်ယူခဲ့၍ တောင်ထွတ်များပေါ်တွင် ဓားပျံစီးနေခဲ့ခြင်းဖြစ်သည်။ သူ နေ့ခင်းပိုင်းတွင် ချောင်းထျန်းတောင်ထွတ်သို့သွားခဲ့သော်လည်း တောင်နံရံမှကွာကျလာသည့် ကျောက်တုံးတစ်တုံးနှင့် မတော်တဆ တိုက်မိသွားခဲ့သည်။ 


သူ တောင်အလယ်မှလိမ့်ကျပြီး တောင်ခြေရောက်သွားသည်။


သူ နိုးလာချိန်တွင် မူးဝေဝေဖြစ်ပြီးနောက် မျက်စိလည်လမ်းမှားတော့သည်။ ညနက်နေပြီဖြစ်သည့်အပြင် သူ့ခန္ဓာကိုယ်တစ်ခုလုံး၌ ဒဏ်ရာအနာတရများဖြင့်ပြည့်နေ၍ လှုပ်ရှားလိုက်ရုံဖြင့် နာကျင်လာသည်။ သူ သစ်ပင်ကြီးတစ်ပင်၏ ပင်စည်တွင်မှီနေပြီး ထိုညတွင် ဤနေရာ၌သာ အနားယူရန် ပြင်လိုက်သည်။


မမျှော်လင့်ထားသည်မှာ သူ့ရှစ်ရှုန်းက သူ့ကိုလာရှာခဲ့သည်။


" ချောင်းထျန်းတောင်ထွတ်က တိမ်တွေကြားထဲဖုံးနေတာ‌ဆိုတော့ အန္တရာယ်များတယ်... မင်း အခုမှ ဓားပျံစည်းနည်းကို စသင်ထားတာလေ ဘာလို့ အဲ့နေရာမှာ သွားပျံရဲရတာလဲ..."

လင်ယဲ့က ပြောလိုက်သည်။


" ကျွန်တော် ရှစ်ရှုန်းကို လာတွေ့တာလေ..."

ရှန်းလျိုရှန့်က ပြန်ဖြေသည်။


လင်ယဲ့၏ အမူအရာက အနည်းငယ်နူးညံ့သွားသည်။

" ငါ အခုနောက်ပိုင်း အလုပ်များနေတာ... တကယ်လို့ အရေးကြီးကိစ္စမရှိဘူးဆိုရင် ငါ့ကိုလာမရှာနဲ့..."


" ရှစ်ရှုန်း ဘာတွေအလုပ်များနေတာလဲ..."


" ငါ တခြားလူတွေနဲ့အတူ ဂိုဏ်းချုပ်နေရာအတွက် ဝင်ပြိုင်မလို့..."


ရှန်းလျိုရှန့် အံ့အားသင့်သွား၍ မျက်လုံးအပြူးသားဖြစ်သွားသည်။ ခဏအကြာတွင် သူ မျက်မှောင်ကြုတ်လိုက်သည်။ 

" ရှစ်ရှုန်းက ထူးချွန်တယ်ဆိုပေမယ့် တပည့်အဆင့်ပဲ ရှိသေးတာလေ... အထက်မှာ အကြီးအကဲတွေနဲ့ အင်မော်တယ်တွေ ရှိသေးတယ်... ဘယ်လိုလုပ် ဂိုဏ်းချုပ်ဖြစ်လာနိုင်မှာလဲ..."


" ဂိုဏ်းချုပ်ဆိုတဲ့နေရာက အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေ အတွက်ပဲလေ..."


လင်ယဲ့စကားပြောနေစဉ်တွင် လမ်းဘေးနားမှ သစ်ပင်ရိပ်များက သူ့မျက်နှာပေါ်ကျလာပြီး မျက်နှာတစ်ဝက်က အရိပ်ထဲ ရောက်နေသည်။ ပုံမှန်အချိန်တွင် နူးညံ့သိမ်မွေ့စွာ ပြုံးတတ်သည့်လူက ယခုအချိန်တွင် အနည်းငယ်အေးတိအေးစက် ဖြစ်နေသယောင်ရှိသည်။


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ၏ ပူပန်များက ပျောက်ကွယ်သွားသည့်ပုံပေါ်သည်။

" တခြားလူဆိုရင်တော့ လုပ်နိုင်မယ်လို့ မထင်ပေမယ့် ရှစ်ရှုန်းဆိုတော့ ကျွန်တော် ဂုဏ်ပြုလက်ဆောင်ကြိုပြင်ထားလိုက်ပါ့မယ်..."


သူ ပြုံးလိုက်ချိန်တွင် မျက်ဝန်းများက အရောင်လက်လာသည်ဟု ထင်ရသည်။

" အစ်ကိုကြီး အင်မော်တယ်အဆင့်ထိ ရောက်သွားတဲ့အချိန်မှာ ငယ်ရွယ်ပြီး ခံ့ညားနေတုန်းဆိုရင် ကျင့်ကြံရေးလောကရဲ့ အငယ်ဆုံးနဲ့ အချောဆုံးဂိုဏ်းချုပ် ဖြစ်လာမှာပဲ... အဲဒါဆို ကျွန်တော် အပြင်မှာ လေ့ကျင့်ရင်းနဲ့ အန္တရာယ်တစ်ခုခုကြုံလာရင် 'ငါက ချင်းလင်ဂိုဏ်းချုပ်တဲ့ ဆရာတူညီလေးကွ ဘယ်သူမှ ငါ့ကိုမထိရဲဘူး 'လို့ ပြောလိုက်ရင်ရပြီ " 


လင်ယဲ့က ပြုံးနေသော်လည်း ငြိမ်သက်နေမိဆဲဖြစ်သည်။


ခဏအကြာတွင် ရှန်းလျိုရှန့်က ခေါင်းခါလိုက်သည်။

" မဟုတ်သေးဘူး ဒါဆိုရင် ရှစ်ရှုန်းအတွက် ရှက်စရာဖြစ်သွားမှာ..."


သူ ခဏတာ အလေးအနက်တွေးလိုက်ပြီးနောက် ပြုံးလိုက်သည်။

 " ဒါဆိုရင် အစ်ကိုကြီးက ဂိုဏ်းချုပ်ဆိုတော့ ကျွန်တော်လည်း အင်မော်တယ်တစ်ယောက်ဖြစ်လာပြီး အစ်ကိုကြီးကို ကူညီပေးမယ်..."


လင်ယဲ့၏ ခြေလှမ်းများ ရပ်တန့်သွားပြီး တစ်ကိုယ်တည်းရေရွတ်လိုက်သည်။

" ငါ သိပြီ..."


ဒါပေမဲ့ ဘာလို့ သူ့စိတ်ထဲက ဒီမှတ်ဉာဏ်တွေကို မြူအလွှာပါးတွေ ရစ်ပတ်ထားရတာလဲ... အိမ်မက်ဆိုးသားရဲက ရှန်းလျိုရှန့်ရဲ့မှတ်ဉာဏ်တွေကိုသုံးပြီး ငါ့ကို ပုံရိပ်ယောင်တွေနဲ့ အထင်မှားနေအောင်သာမလုပ်ရင် ဒီအဖြစ်အပျက်တွေကို မှတ်မိမှာမဟုတ်ဘူး... ပြန်သတိရခဲ့မယ်ဆိုရင်တောင် ငါ့စိတ်ရဲ့ တစ်ထောင့်တစ်နေရာမှာထားပြီး မေ့သွားမှာပဲ...


အခန်းထဲတွင် အပြာဖျော့ဖျော့မီးခိုးများဖြင့် ပြည့်လာသည်။


လင်ယဲ့၏ အမူအရာကို အကဲခတ်နေသော လန်ရှောင်ရှန့်၏ မျက်လုံးထဲတွင် စိုးရိမ်ပူပန်မှုများဖြင့်ပြည့်လာသည်။ လင်ယဲ့၏မျက်ခုံးများ တွန့်ချိုးနေရာမှ ပြေလျော့လာပြီး အနည်းငယ်ပျော်ရွှင်ဝမ်းသာနေသည့်ပုံဖြစ်လာသည်နှင့် သူတို့နှစ်‌ယောက်၏စိတ်ချင်းဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။


လင်ယဲ့ မျက်လုံးပွင့်လာပြီး မျက်ခုံးများ တွန့်ချိုးလိုက်သည်။

" ဘာလို့ ကျွန်တော့်ကို အလောတကြီး ပြန်ခေါ်ထုတ်လိုက်တာလဲ..."


အမွှေးတိုင်တစ်ဝက်စာအချိန် ကျန်ရှိနေသေးပေသည်။ 


" မင်းကိုယ်တိုင် သတိမထားမိဘဲ အိမ်မက်ဆိုးသားရဲရဲ့ ပုံရိပ်ယောင်တွေထဲ ပိတ်မိနေတာပဲ..."

လန်ရှောင်ရှန့်က သူ့နှဖူးကိုပွတ်၍ ပြောလိုက်သည်။ 


" တကယ်လို့ ငါသာ အခုလိုမလုပ်ဘဲ သူ့ကို ခေါ်ထုတ်ဖို့ မင်းတစ်ယောက်တည်းကို လုပ်ခွင့်ပြုလိုက်ရင် မင်းလည်း ပုံရိပ်ယောက်ထဲ နစ်မျောသွားမှာ... ငါ မင်းကို အစတည်းက သတိပေးထားပါတယ် အထဲမှာ ဘာတွေကိုပဲမြင်မြင် အိမ်မက်ဆိုးသားရဲရဲ့ အသွင်အစစ်ကိုရှာပြီး ဖမ်းခေါ်ပြီးရင် ပြန်ထွက်လာပါဆိုတာကို ဘာလို့ သူ့ရဲ့လှည့်ကွက်ထဲ ရောက်သွားရတာလဲ..."


လင်ယဲ့ ငြိမ်ကျသွားသည်။

" အဲဒါက ပုံရိပ်ယောင်ဆိုတာ ကျွန်တော်သိပါတယ်..."


အိမ်မက်ဆိုးမိစ္ဆာက သူ့လက်ထဲကိုင်လိုက်သည့် စုတ်တံနှင့် နောက်ပိုင်းတွင် လက်ကိုင်ပဝါအဖြစ် အသွင်ပြောင်းထားသည်ကို သူသိပေသည်။


လန်ရှောင်ရှန့် ထိတ်လန့်သွားသည်။

" ဒါဆိုဘာလို့ သူ့လှည့်ကွက်ထဲ ကျသွားတာလဲ..."


လင်ယဲ့ ချက်ချင်းပြန်မဖြေနိုင်ဘဲ ရှန်းလျိုရှန့်လှဲလျောင်းနေသည့် အိပ်ရာထက်ကို လှမ်းကြည့်‌လိုက်မိသည်။


" ကျွန်တော် သူ့စိတ်ထဲကို ပြန်မဝင်ခင် အချိန်လိုအပ်နေသေးတယ်...  အမွှေးတိုင်နှစ်တိုင်စာကျန်သေးတယ်ဆိုတော့ နောက်ထပ် ဘယ်သူသွားမှာလဲ..."


" ပင်းရန်ပဲ ကျိန်းသေပေါက် သွားရမှာပေါ့..."

လန်ရှောင်ရှန့်က ပြန်ဖြေလိုက်သည်။


လင်ယဲ့ ခေါင်းခါလိုက်သည်။

" သူက ကျွန်တော့်ရှစ်တိကိုမှ သဘောမကျတာ... အစွမ်းကုန်ကြိုးစားပြီး ခေါ်ထုတ်လာပေးမှာ မဟုတ်ဘူး..."


လန်ရှောင်ရှန့်က ခွန်းတုံ့ပြန်သည်။

" ငါ့ရဲ့ အကြီးဆုံးတပည့်အကြောင်း ငါသိပါတယ်..."


လင်ယဲ့က တည်ငြိမ်နေသောအမူအရာဖြင့် တဖြည်းဖြည်းပြောလိုက်သည်။

" သူသဘောကျတဲ့သူက ကျွန်တော့်ရှစ်တိနဲ့ ပတ်သက်နေတာလေ ကျွန်တော့်ရှစ်တိကို ဘယ်တော့မှ မနိုးလာ‌နိုင်တော့ဖို့ မျှော်လင့်နေတာတောင် ဖြစ်နိုင်တယ်..."


လန်ရှောင်ရှန့် ဒေါသထွက်လာပြီး စားပွဲကို ဝုန်းခနဲ ထုရိုက်လိုက်သည်။

" သူက အဲ့လိုလူမျိုးမဟုတ်ပါဘူး ပြီးတော့..."


သူ ပြောနေရာမှရပ်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။


" သူ ရှန်းလျိုရှန့်ကို မကြိုက်ဖို့ဆိုတာ မဖြစ်သင့်ဘူး ဘာလို့ ဒီလိုဖြစ်သွားရတာလဲ..."


အခန်းထဲတွင် စကားအချေအတင်များမှုများက ဆက်လက်ဖြစ်ပေါ်နေ၍ တံခါးအပြင်ဘက်တွင် ရပ်နေသူများ၏ အမူအရာများ ပြောင်းလဲကုန်သည်။


ကျောက်လင်း၏ မျက်ခုံးများတွန့်လာသည်။

" ကြည့်ရတာ သူတို့ကျရှုံးသွားပုံပဲ..."


နျဉ်ယွင်ရှင်းက ပြောလိုက်သည်။

" ရပါတယ် ငါသူ့ကို ပြန်ခေါ်ခဲ့မယ်..."


စင်္ကြန်လမ်း၏ လက်ရန်းပေါ်ထိုင်နေသည့် ကျိုးရွှမ်လန်က ခေါင်းငိုက်စိုက်ကျနေပြီး သူ့လက်ထဲမှ သိုလှောင်အိတ်ကို လက်ဖြင့်ဆိတ်ဆွဲနေကာ အတွေးထဲ နစ်မျောနေသည်။


ရှန်းပုပုက အိပ်ချင်မူးတူးဖြင့် နှုတ်ခမ်းစူထားပြီး ရေရွတ်လိုက်သည်။

" အိပ်လို့မရဘူး... ပါပါးကလည်း အခုချိန်ထိ နိုးမလာလို့ အိပ်ရတာ အိပ်မပျော်ဘူး..."


ညဘက်လေပြည်က စင်္ကြန်လမ်းတွင် ဖြတ်သန်းတိုက်ခတ်နေ၍ တဖြည်းဖြည်းအေးစိမ့်လာစေသည်။


ယဲ့ပင်းရန်က သူ့သိုလှောင်အိတ်ထဲမှ အဖြူရောင်သားမွေးဝတ်ရုံတစ်ထည်ထုတ်ပြီး စုပိုင်ချယ့်ကို ကမ်းပေးလိုက်သည်။

" မင်း ဒဏ်ရာရထားတုန်းပဲဆိုတော့ အအေးမမိအောင် နွေးနွေးထွေးထွေးဝတ်ထားလိုက်..."


စုပိုင်ချယ့်က ချက်ချင်းပင် ငြင်းဆန်လိုစိတ်ပေါက်သွားသည်။

ဒီလောက်အေးတာလေးကိုများ ဘာကြောက်ရမှာလဲ...


ထုံရှီး၏လေသံက အေးစက်နေသည်။

" မင်းရဲ့ပုံရိပ်နဲ့ မသက်ဆိုင်တဲ့အပြုအမူတစ်ခုခု လုပ်မယ်ဆိုရင် ငါ အိမ်မက်ဆိုးသားရဲရဲ့ အော်ရာကို မဖုံးပေးထားတော့ဘူး... အဲ့အခါကျရင် အားလုံးကျရှုံးကုန်မှာပဲ..."


ကိစ္စများက ဤအ‌ခြေအနေထိရောက်လာ၍ စုပိုင်ချယ့်မှာ သူ့စကားနားထောင်ရုံမှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ သူ့ပါးစပ်ကိုအုပ်ထားကာ ချောင်းအသာဟန့်လိုက်ပြီး သားမွေးဝတ်ရုံကို ယူလိုက်သည်။


" ကျေးဇူးတင်ပါတယ်..."


ယဲ့ပင်းရန် ခေါင်းအသာငြိမ့်ပြလိုက်ပြီး အကြည့်ကို တခြားနေရာသို့လွှဲလိုက်သည်။


စုပိုင်ချယ့်က သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးသည့်နောက်တွင် ရုတ်တရက် သိချင်စိတ်ဖြစ်လာ၍ ထုံရှီးကို မေးလိုက်သည်။

" တကယ်လို့ ရှန်းလျိုရှန့်ကိုမကယ်ဖို့ ငါ ယဲ့ပင်းရန်ကို ပြောလိုက်မယ်ဆိုရင် သူ နားထောင်မယ်ထင်လား..."


ထုံရှီး၏လေသံက အလေးအနက်ဖြစ်လာသည်။

" အဲ့လိုလုပ်ရင် သူ့ရင်ထဲက မင်းရဲ့ပုံစံ ပျက်စီးသွားမှာပေါ့... ငါမင်းကို အဲ့လိုလုပ်ခွင့်မပြုနိုင်ဘူး..."


စုပိုင်ချယ့် မျက်ခုံးပင့်လိုက်သည်။

" သူ့ရင်ထဲမှာ ငါက ဘယ်လိုမျိုးလဲ..."


" သေချာပေါက် အရမ်း အရမ်း အရမ်းကို

စိတ်ထားကောင်းတဲ့လူပေါ့..."


" သူ့ကို ဘယ်သူက အဲ့လိုထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားလို့လဲ..."


စုပိုင်ချယ့်က သရော်လိုက်ပြီးနောက် ခေါင်းခါကာ သားမွေးဝတ်ရုံကိုခြုံလိုက်သည့်အခါ နွေးထွေးသောအော်ရာတစ်ခုက သူ့ကိုလွှမ်းခြုံသွားသည်။ ထိုဝတ်ရုံက မှော်ရတနာတစ်ခုခုဖြစ်ပုံရသည်။