Chapter 51
အခန်းတွင်းမှ ပဋိပက္ခဖြစ်နေသံများက တဖြည်းဖြည်းစဲသွားသည်။ ရုတ်တရက် တံခါးပွင့်လာပြီးနောက် ယဲ့ပင်းရန်ကို ခေါ်လိုက်ပေသည်။ ညွှန်ကြားချက်များကို နားထောင်ပြီးသည့်နောက်တွင် သူ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
" ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ် ဆရာ..."
လန်ရှောင်ရှန့်က အမွှေးတိုင်ထွန်းပြီးနောက် သတိထပ်ပေးလိုက်သည်။
" အိမ်မက်ဆိုးသားရဲက လျိုရှန့်ရဲ့မှတ်ဉာဏ်တွေကိုသုံးပြီး မင်းကိုတိုက်ခိုက်မှာ... ပုံရိပ်ယောင်တွေကို မယုံသွားဘဲ စိတ်ကိုကြည်လင်အောင်ထား... အိမ်မက်ဆိုးသားရဲရဲ့ အသွင်အစစ်ကိုရှာပြီး ဖမ်းလာခဲ့..."
" စိတ်ချပါ ရှစ်စွမ်း..."
ထိုအကြောင်းတွေးလိုက်သည့်အခါ ရှန်းလျိုရှန့်၏မှတ်ဉာဏ်များထဲတွင် သူ့စိတ်အခြေအနေကို သက်ရောက်နိုင်သည့်အရာတစ်ခုမှ မရှိပေ။ သို့ဖြစ်၍ အိမ်မက်ဆိုးသားရဲက သူ့ကိုမည်မျှ လှည့်စားသည်ဖြစ်စေ သူ့ကိုမသက်ရောက်နိုင်ပေ။
ယဲ့ပင်းရန် ထိုအကြောင်းတွေးနေလျက် မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် နှင်းပွင့်များ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
ဆောင်းရာသီအလယ်တွင် ဓားဂိုဏ်းတစ်ခုလုံးက အဆုံးမဲ့နှင်းမှုန်များဖြင့် ဖုံးလွှမ်းနေပြီး တောင်ထွတ်အားလုံးက ငွေရောင်သန်းနေသည်။ တောင်အနောက်ဘက်မှ ကွင်းပြင်လွတ်ကြီးတွင်လည်း အဖြူရောင်နှင်းများ ဖုံးနေသည်။
ယဲ့ပင်းရန်က ဓားကိုင်ထားသည့် လက်သေးသေးလေးကိုကြည့်ပြီး နှင်းစက်များအကြား ရပ်နေမိသည်။
ထိုမြင်ကွင်းက သူနှင့်အလွန်ရင်းနှီးလွန်းနေသည်။ သူ ဓားဂိုဏ်းထဲရောက်ပြီး ပထမဆုံး နှစ်နှစ်တွင် သူ၏နေ့ရက်များကို အိပ်စက်အနားယူခြင်း၊ စားသောက်ခြင်း နှင့် ဓားဂိုဏ်းအနောက်မှတောင်တွင် ဓားရေးလေ့ကျင့်ခြင်း တို့ဖြင့်သာ ကုန်ဆုံးခဲ့သည်။
သူ့လက်ထဲမှဓားမှာ သူ၏ ပထမဆုံးဓား "လီထျန်း" ဖြစ်သည်။ နောက်ပိုင်းတွင် အန္တရာယ်များသော အခြေအနေတစ်ခု ကြုံတွေ့ခဲ့ရ၍ ထိုဓားက သူ့ကို ကယ်တင်ချိန်တွင် ကျိုးသွားခဲ့ရသော်လည်း အပိုင်းအစများကို သူ့အခန်းထဲတွင် သိမ်းထားဆဲဖြစ်သည်။
ယဲ့ပင်းရန်က သူ့လက်ချောင်းများဖြင့် ဓားကို အသာထိလိုက်သည့်အခါ ရင်းနှီးနေသောအသံကို ကြားလိုက်ရသည်။ သူ့မျက်ဝန်းထဲတွင် အတိတ်ကို တမ်းတမှုများ ဖြစ်ပေါ်လာသည်။
ဓားဂိုဏ်းသို့ ဝင်လာခဲ့ပြီးသော ပထမဆုံး နှစ်နှစ်တွင် ဤဓားက သူ၏တစ်ဦးတည်းသောမိတ်ဆွေဖြစ်ခဲ့သည်။
" မိတ်ဆွေဟောင်းကြီး မင်းကဘာလို့ ဒီရောက်နေတာလဲ..."
ဒါက ရှန်းလျိုရှန့်ရဲ့မှတ်ဉာဏ်ဆိုရင် လီထျန်းက ဘာကိစ္စပေါ်လာတာလဲ... သူတို့ကလေးဘဝတုန်းကရော တွေ့ဖူးတာများလား...
ယဲ့ပင်းရန် ဇဝေဇဝါဖြစ်သွားသော်လည်း အမြန်ငြင်းဆိုလိုက်သည်။
မဟုတ်သေးပါဘူး ငါတို့တွေ့ဖူးခဲ့ရင် မေ့သွားတယ်ဆိုတာ မဖြစ်နိုင်ဘူး... ဒီအချိန်လောက်က မှတ်ဉာဏ်တွေက ငါ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထဲမှာ ရှိနေတာ... လေးနက်သိမ်မွေ့ပြီးတော့ အမေ့မခံနိုင်တဲ့ အပိုင်းအစလိုမျိုးပဲ... ပြီးတော့ ဒီအချိန် ဒီနေရာမှာ ငါ ပိုင်ချယ့်ကို တွေ့ခဲ့...
ထို တစ်ခဏတွင်းတွင်...
ယဲ့ပင်းရန် ထိုနေရာ၌ တောင့်တောင့်ကြီးဖြစ်သွားသည်။
သူ့နှဖူးမှ ဇောချွေးများ လှိမ့်ဆင်းလာသည်။
ထိုအခိုက်အတန့်တွင် သူ့နောက်မှ အမောတကောအသက်ရှုသံက တဖြည်းဖြည်းနီးကပ်လာသည်ကို ကြားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှသွေးများ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ဓားကိုင်ထားသည့်လက်က ရေခဲတမျှ အေးခဲလာသည်။
မဖြစ်နိုင်ဘူး... သေချာပေါက် မဖြစ်နိုင်ဘူး...
အိမ်မက်ဆိုးသားရဲက သူ့မှတ်ဉာဏ်တွေထဲ ခိုးဝင်ပြီးတော့ စိတ်ရှုပ်ထွေးအောင် လုပ်ထားတာပဲဖြစ်ရမယ်... ဒီလိုဖြစ်လာရမှာ မဟုတ်ဘူးလေ...
ဒါပေမဲ့...
ဒီနေရာက သူ့ရဲ့ စိတ်ဝိညာဉ်ပင်လယ်မဟုတ်ဘဲ ရှန်းလျိုရှန့်ရဲ့ စိတ်ထဲလေ...
" ဟေး သစ်သားတုံးလေး..."
အနောက်ဘက်မှ ကြည်လင်ပြတ်သားသောအသံ ထွက်ပေါ်လာသည်။
ယဲ့ပင်းရန်၏တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဓားအိမ်ကိုပင် မကိုင်နိုင်လုနီးပါး ဖြစ်သွားရသည်။ သူ၏ ဖြူဖျော့နေသည့် အရေပြားများအောက်မှ အပြာရောင်သွေးကြောများက သက်သေဖြစ်သည်။
" မင်းက ဦးလေးလန် ပြောပြထားတဲ့ စကားလည်းမပြော လူတွေကို လျစ်လျုရှု့တတ်ပြီး ဓားရေးပဲလေ့ကျင့်နေတတ်တဲ့ သစ်သားတုံးတပည့်လေးလား..."
အေးစက်စက်လေပြင်းတစ်ချက်ဝှေ့သွားချိန်တွင် လေထဲ၌ နှင်းများလွင့်လာပြီး ယဲ့ပင်းရန်၏ ခန္ဓာကိုယ်ကို အညှာအတာကင်းမဲ့စွာ ရိုက်ခတ်သွားသည်။
သူ့အသက်ရှုသံများ မြန်ဆန်လာပြီး အနောက်မှ ခြေလှမ်းက အရှိန်မြင့်လာသည်ကို ကြားလိုက်ရသောအခါ အားကုန်သုံးပြီး နောက်သို့လှည့်ကြည့်ရန် ပြင်လိုက်သည်။
ချောမောလှသည့် ကောင်လေးတစ်ယောက်က သူ့မြင်ကွင်းထဲ ဝင်လာသည်။ သူက အနီရောင်ခါးစည်းနှင့် အဖြူရောင်ဝတ်ရုံကိုဝတ်ထားပြီး ခေါင်းပေါ်တွင် အစိမ်းရောင်ကြာရွက်ကြီးတစ်ရွက် ဆောင်းထားကာ နှင်းစက်များကို ကာထားသည်။
သူ့ခေါင်းမော့ကြည့်လိုက်ချိန်တွင် သူ၏ ချောမောပြီး ချစ်စဖွယ်ကောင်းသောမျက်နှာလေးက ကြာရွက်အောက်မှ ပေါ်လာသည်။ အေးစက်စက် နှင်းပွင့်ဖတ်များက သူ့မျက်ခုံးမျက်လုံးများကို ပွတ်တိုက်သွားချိန်၌ သူ့ပုံစံကို အလွန်ထူးခြားလှပအောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။
သူ့မျက်လုံးထောင့်များ ကော့ညွတ်နေပြီး နှင်းထဲတွင်ရပ်နေသည့် ဓားကျင့်ကြံသူကောင်လေးကိုကြည့်ကာ တအံ့တဩဖြစ်နေပုံရသည်။
ခဏတာ စိုက်ကြည့်နေပြီးသည့်နောက်တွင် သူ့နှုတ်ခမ်းများတွန့်ကွေးကာ ပြုံးလိုက်သည်။
" နှင်းထဲက ရေခဲနဲ့နှင်းပွင့်ဖတ်တွေ... ပြီးတော့ လောကကြီးထဲက ပြိုင်ဘက်ကင်းအလှတရားလေးတစ်ခု..."
သူ့စကားဆုံးသည်နှင့် လီထျန်းဓားက မြေပြင်ပေါ် ပြုတ်ကျသွားတော့သည်။
ယဲ့ပင်းရန်၏ မျက်လုံးသူငယ်အိမ်များ ကျုံ့ဝင်သွားပြီး သွေးထအန်ကာ သူ့ရှေ့မှ နူးညံ့လှပသောပုံစံဖြင့် ကောင်လေးကိုကြည့်ပြီး မျက်လုံးများနီရဲလာကာ နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလာသည်။
" မင်း ဘယ်သူလဲ..."
တဝှီဝှီတိုက်ခတ်နေသော လေပြင်းများက သူတို့အသံကို ဖုံးအုပ်နေသည်။
ဤနေရာက မှတ်ဉာဏ်များဖြင့် ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးထားသည့်နေရာဖြစ်ကြောင်း ယဲ့ပင်းရန် ရုတ်ချည်းသတိရသွားသော်လည်း တစ်ဖက်လူက သူ့ကို ပြန်မဖြေလာပေ။
ချောမောလှပလွန်းသည့်ကောင်လေးက နှင်းထဲကျသွားသည့် လီထျန်းဓားကို ကောက်ကာ သူ့ကိုလာပေးသည်အား စိုက်ကြည့်နေမိသည်။ ထို့နောက် ဘေးနားကိုလျှောက်သွားပြီး နှင်းများတင်နေသည့် ကျောက်တုံးတစ်တုံးကိုခါကာ ထိုင်ချလိုက်သည်။
ရှန်းလျိုရှန့်က သူ့ခေါင်းကိုစောင်းငဲ့လိုက်ပြီး လက်တစ်ဖက်ဖြင့် မေးထောက်ထားကာ သူ့ကို စူးစူးရဲရဲစိုက်ကြည့်နေသူကို ပြန်ကြည့်လိုက်သည်။
သူ့စိတ်ထဲ တွေးနေမိသည်။
သူ့ကိုကြည့်ရတာ တကယ့်သစ်သားတုံးကျနေတာပဲ... တုံးတုံးအအနဲ့ ထုံထုံထိုင်းထိုင်းလေး...
သူက ယနေ့တွင် ချင်းလင်ဂိုဏ်းမှအဖွဲ့နှင့်အတူ ဓားဂိုဏ်းသို့ လာရောက်ဆော့ကစားခြင်းဖြစ်သည်။ သူတို့ရှစ်စွမ်းကို တာအိုပညာရှင်ကျန့်ကျန်းက ခေါ်သွား၍ သူ့စီနီယာအစ်ကိုများက လေ့ကျင့်ရေးကွင်းသို့ သွားကြပြီး သူ့ကို ဦးလေးလန်က ခေါ်လာခဲ့ခြင်းဖြစ်သည်။
ဦးလေးလန်က သူ့ကို အလွန်ချစ်ပြီး သူတို့တွေ့ဆုံချိန်တိုင်းတွင် လက်ဆောင်ပစ္စည်းကောင်းများ ပေးလေ့ရှိသည်။ ဤတစ်ကြိမ်တွင်လည်း ချွင်းချက်မဟုတ်ခဲ့ပေ။
သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အရသာရှိသော အစားအသောက်များကျွေးကာ သိုလှောင်အိတ်တစ်ခုလုံး ပြည့်သွားသည့်အထိ ပစ္စည်းများပေးခဲ့သည်။ ရှန်းလျိုရှန့်က လှပသော အိပ်ရာပေါ်တွင် နွေးထွေးပြီး အမွေးနုများဖြင့် ချုပ်ထားသောစောင်ကိုခြုံပြီး အိပ်ခဲ့သည်။
သူ အိပ်တော့မည့်အချိန်တွင် ဦးလေးလန်က ကြိုးကိုးချောင်းပါသည့် ဗျပ်စောင်းကိုထုတ်ကာ သူ အိမ်မက်ကောင်းများမက်စေရန် သာယာနာပျော်ဖွယ်ကောင်းသည့် တေးသွားများကို တီးခတ်ပေးခဲ့သည်။
နာရီဝက်ခန့် အိပ်ပျော်သွားပြီးသည့်နောက်တွင် ရှန်းလျိုရှန့်က မျက်လုံးများပွတ်လိုက်ပြီး ဦးလေးလန်က တစ်ယောက်ယောက်နှင့် စကားပြောနေသည်ကို ကြားလိုက်ရသည်။
" သူ ဓားဂိုဏ်းကိုရောက်တာ ၂နှစ်ကြာပြီးတာတောင် အခုထိ စကားမပြောသေးဘူး... တောင်အနောက်မှာပဲ တစ်နေကုန် ဓားရေးလေ့ကျင့်နေတယ်... ငါ နည်းမျိုးစုံနဲ့ ကြိုးစားကြည့်ပြီးပြီ ဘယ်လိုမှ လုပ်လို့မရဘူး..."
သူ့ဘေးနားမှလူက သက်ပြင်းခပ်ဖွဖွချလိုက်သည်။
" အစ်ကိုလန်က အရမ်းအားစိုက်ထုတ်ထားတာပဲ... ဒီကလေးလေးက တကယ်ကို သနားစရာကောင်းပါတယ်လေ... သူ့မိဘတွေက သူ့ကိုကာကွယ်ဖို့ နတ်ဆိုးသားရဲအစားခံလိုက်ရပြီး ခန္ဓာကိုယ်တွေ အပိုင်းပိုင်းအစစ ဖြစ်ကုန်တာကို မြင်လိုက်ရတာဆိုတော့... သူ့လို ငါးနှစ်သားလေးမပြောနဲ့ ကျွန်တော်ဆိုရင်တောင် ရူးသွားနိုင်တယ်..."
" သူ့နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာထဲမှာ နာကျင်နေလို့ နေ့နေ့ညည ဓားရေးပဲ လေ့ကျင့်နေတာထင်တယ်..."
ဦးလေးလန်သည်လည်း သက်ပြင်းချလိုက်သည်။
" သူ ငါ့ကို ဆရာအနေနဲ့ အရိုအသေပြုတဲ့အချိန်တိုင်း ငါသူ့ကို ဘာကြောင့်ဓားကိုင်ရတာလဲလို့မေးတော့ ငါ့လက်ပေါ်မှာ စာရေးပြတယ် 'ကျွန်တော့်ရှေ့မှာ လူတွေတစ်ယောက်မှသေတာ မမြင်ချင်လို့' တဲ့..."
ရှန်းလျိုရှန့် ဝမ်းနည်းသွားမိပြီး ခေါင်းငုံ့ကာ လက်နှစ်ဖက်ဖြင့် ဆော့ကစားနေသည်။
ညနေခင်းအချိန်ရောက်သည့်အခါ ပိုမိုမှောင်မိုက်လာသည်။
ရေခဲရုပ်တု ဖြစ်လုနီးနီးဖြစ်နေသော ယဲ့ပင်းရန်၏နောက်တွင် သူ လာရပ်လိုက်သည်။
" ငါ့မှာ မင်းအတွက် လက်ဆောင်ပါတယ်..."
လက်ဖဝါးအရွယ်ခန့်ရှိသော နှင်းလူရုပ်လေးနှစ်ရုပ်က ယဲ့ပင်းရန်၏မြင်ကွင်းထဲ ပေါ်လာသည်။ တစ်ယောက်က သစ်ကိုင်းခြောက်ကို ကိုင်ထားပြီး အခြားတစ်ယောက်၏ ခေါင်းထက်တွင် အစိမ်းရောင်သစ်ရွက်တစ်ရွက် ရှိနေသည်။
" မင်း စကားမပြောဘူးဆိုတော့ လက်ဆောင်ကို ယူချင်တယ်လို့ပဲ သဘောထားလိုက်မယ်..."
ရှန်းလျိုရှန့်က နှင်းလူရုပ်လေးများကို မြေကြီးပေါ် တစ်ခုချင်းစီ ချထားလိုက်ပြီး မျက်လုံးလှန်ကြည့်လိုက်သည်။ ထို့နောက် ခါးမတ်မတ်ထားပြီး ရဲတင်းစွာဖြင့် ပြောလိုက်လေသည်။
" ကောင်းပြီ အခုက မင်း တစ်ခုခု ပြန်ပေးရမယ့်အချိန်ပဲ..."
ဘေးပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေကာ နှင်းစက်များကျနေသည့် အသံကိုသာ ကြားနေရသည်။
ယဲ့ပင်းရန်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးသွားသည့် အမူအရာဖြစ်လာသည်။ သူ့ သိုလှောင်အိတ်ကို အမြန်လှမ်းယူရန် လက်ဆန့်လိုက်သော်လည်း သူ့ခါးတွင် မည်သည့်အရာမှ ရှိမနေပေ။ သိုလှောင်အိတ်သာမက ကျောက်စိမ်းပြားတစ်ပြားမှပင် မရှိချေ။
သူ အနည်းငယ် ရှက်သွားသည်ကို မြင်လိုက်သောအခါ ရှန်းလျိုရှန့်က ပြုံးလိုက်သည်။
" ဒါဆိုလည်း ငါ ရိုးရိုးရှင်းရှင်းတစ်ခုပဲ တောင်းပါတော့မယ်...ငါက သတ္တိမရှိတဲ့လူ ဖြစ်တဲ့အပြင် သေရမှာလည်းကြောက်တယ်... ငါ့အသက်ကိုငါ တန်ဖိုးအထားဆုံးပဲ..."
သူက အစိမ်းရောင်သစ်ရွက်နှင့် နှင်းလူရုပ်လေးကို ယူလိုက်ပြီး ယဲ့ပင်းရန်၏လက်ကို ဆွဲဖြန့်ကာ နှင်းလူရုပ်လေးကို တင်ပေးလိုက်သည်။
" အခုကစပြီး ငါ အန္တရာယ်တစ်ခုခု ကျရောက်လာမယ်ဆိုရင် မင်း လာကယ်ရမယ်... ငါကို တစ်ခုခုပြန်ပေးတယ်လို့ သဘောထားလိုက်..."
ယဲ့ပင်းရန်၏ လက်ဖျားများက အနည်းငယ်တုန်ယင်နေပြီး ရေခဲတမျှ အေးစက်လှသော မျက်လုံးများက သူ့လက်ထဲမှ နှင်းလူရုပ်လေးကို စိုက်ကြည့်နေမိသည်။
မှားနေပြီ...
အားလုံးက မှားနေပြီ...
ငါ နှင်းလူရုပ်လေးကို လက်က မချနိုင်ဘဲ ကိုင်ထားခဲ့မိလို့ အရည်ပျော်သွားခဲ့တဲ့နေ့က လိုမျိုးပါလား...
ငါ တကယ် တုံးအပြီးတော့ နမော်နမဲ့နိုင်တာပဲ...
" ငါ မင်းကို အနိုင်ကျင့်တယ်လို့ မပြောနဲ့နော်... ဒါက ကျေးဇူးပြန်ဆပ်တာပဲ..."
ရှန်းလျိုရှန့်က သူ့ခေါင်းပေါ်မှ ကြာရွက်လေးကို ခါလိုက်သည်။ နှင်းများ ပြုတ်ကျသွားပြီးသည့်အခါ ရှေ့တစ်လှမ်းတိုးလာပြီး ယဲ့ပင်းရန်၏ အေးစက်နေသော ခေါင်းကို သူ့ထံမှ ကြာရွက်ဖြင့် အုပ်ပေးလိုက်သည်။
" တိမ်တိုက်တွေပေါ်ကိုပဲ ကြည့်နေ... မင်း တကယ်လို့ ဘာကိုမှ မကြည့်ချင်ရင် ငါ့ကိုပဲကြည့်နေလို့ရတယ်..."
" ငါက ချင်းလင်ဂိုဏ်းက တပည့်ပါ..."
သူက နွေးထွေးညင်သာသည့်အသံဖြင့် ပြောလိုက်သည်။
စကားပြောပြီးသည်နှင့် အဖြူရောင်ဝတ်ရုံနှင့်ကောင်လေးက ကောင်းကင်ကိုမော့ကြည့်ပြီး သူ့ရှစ်စွမ်းက သူ့ကို ရှာနေတော့မည်ဟု ရေရွတ်ကာ တစ်ဖက်သို့လှည့်ပြီး ပြေးထွက်သွားသည်။
ယဲ့ပင်းရန်၏လက်ဖျားများက သူ့ဝတ်ရုံနှင့် ပွတ်တိုက်မိသွား၍ သူ့ကို လှမ်းဆွဲနိုင်လုနီးနီး ဖြစ်သွားသော်လည်း အဆုံးတွင် သူ့ကို မဖမ်းမိခဲ့ပေ။ ထိုလူလေပြင်းနှင့် နှင်းများအကြားတွင် ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေလိုက်ရသည်။
" မသွားနဲ့ဦး..."
ယဲ့ပင်းရန်က ရုတ်တရက် သူ့နောက်မှပြေးလိုက်တော့သည်။
သူက ယခင်နှင့် လုံးဝကွဲပြားစွာ ပြုမူနေခြင်းဖြစ်သည်။
အခန်းထဲမှ လန်ရှောင်ရှန့်၏မျက်နှာက သိသိသာသာပြောင်းလဲသွားသည်။ သူ အမွှေးတိုင်မီးကို ငြှိမ်းပစ်ရန် ကြိုးစားသော်လည်း မြင့်တက်လာသော ဝိညာဉ်စွမ်းအားတစ်ခုက အမွှေးတိုင်ကို ကာကွယ်ထားကာ သူ့လုပ်ရပ်များကို ဟန့်တားထားသည်။
ထိုဝိညာဉ်စွမ်းအား၏ရင်းမြစ်က အခြားလူမဟုတ်ဘဲ ယဲ့ပင်းရန်ကိုယ်တိုင်သာဖြစ်သည်။
" မဖြစ်တော့ဘူး သူ အိမ်မက်ဆိုးထောင်ခြောက်ထဲ ကျတော့မယ်..."
လင်ယဲ့၏မျက်လုံးများ အရောင်အနည်းငယ်လက်သွားသည်။
" မဟုတ်ဘူး သူက အမွှေးတိုင်ကို ကာကွယ်နေရင်း သတိလွတ်သွားတာဆိုတော့ အသိစိတ် ရှိနေသေးတဲ့အပြင် ပုံရိပ်ယောင်တွေထဲ ရောက်နေတယ်ဆိုတာ သိတဲ့ပုံပဲ..."
လန်ရှောင်ရှန့် အံ့အားသင့်သွားသည်။
" ဒါဆိုရင် ဘာလို့ ငါ သူ့ကိုကယ်မှာ ခွင့်မပြုရတာလဲ..."
လင်ယဲ့ မဖြေလိုက်ပေ။ တစ်ဝက်တိတိသာ လောင်ကျွမ်းထားသည့် အမွှေးတိုင်ကို လက်ချောင်းဆိတ်လိုက်ပြီးနောက် လက်ဖျောက်တစ်ချက်တီးကာ ၎င်းတွင်ရစ်ပတ်နေသည့် ဝိညာဉ်စွမ်းအားကို ဖြိုခွဲပြီး အမွှေးတိုင်မီးကို ထက်ပိုင်းချိုးချလိုက်သည်။
ယဲ့ပင်းရန် ရုတ်တရက် သွေးအန်ထွက်ပြီး လန့်နိုးလာသည်။
သူ့အကြည့်က အိပ်ရာပေါ်မှ လူငယ်လေးထံ ကျရောက်သွားပြီး နှုတ်ခမ်းပါးများ တုန်ယင်လာသည်။ သူ့အသံက အလွန်အက်ရှရှဖြစ်နေ၏။
" ငါ ချင်းလင်ကိုလာပြီး မင်းကို ရှာသေးတယ်... ငါ တောင်းပန်ပါတယ်... ငါ မင်းကို အထင်လွဲသွားတယ်... ငါ တောင်းပန်ပါတယ်..."
လန်ရှောင်ရှန့်က သူ့စိတ်ခံစားချက်များ တစ်ခုခု ထူးဆန်းနေသည်ကို မြင်သော်လည်း အသေးစိတ်မေးကြည့်ရန် အချိန်မဟုတ်သေးကြောင်း သိလိုက်သည်။
အမွှေးတိုင်တစ်ချောင်းသာ ကျန်တော့သည်။
" နောက် ဘယ်သူသွားမှာလဲ..."
လင်ယဲ့က အိပ်ရာဘေးတွင်ရပ်နေပြီး ရှန်းလျိုရှန့်ကို စောင်သေချာခြုံပေးကာ ခံစားချက်မဲ့နေသည့် လေသံဖြင့် ပြောလိုက်သည်။
" ကျိုးရွှမ်လန်..."
လန်ရှောင်ရှန့် သူ့နှဖူးသူ ဖိလိုက်သည်။
" သူ့ ကျင့်ကြံဆင့်က မမြင့်ဘူးလေ..."
လင်ယဲ့က သူ့ကို မျက်စောင်းထိုး၍ညး ကြည့်လိုက်သည်။
" ဂိုဏ်းချုပ်လန်က သူ့ကို အမြင်မကြည်သလိုပဲ..."
" ဟုတ်တယ်..."
လန်ရှောင်ရှန့်က ပွင့်ပွင့်လင်းလင်းသာ ဝန်ခံလိုက်သည်။
" သူနဲ့ လျိုရှန့်ကြားက ဆက်ဆံရေးက ကောင်းတဲ့ကိစ္စမှ မဟုတ်တာ..."
" အနာဂတ်မှာဖြစ်လာမှာတွေကို နောက်မှ ဆွေးနွေးရအောင်..."
လင်ယဲ့က လက်နောက်ပစ်ရပ်နေပြီး သူ့အမူအရာက တည်ငြိမ်နေသည်။
" ခင်ဗျား သူ့ကိုစိုးရိမ်နေသလောက်ကို ကျုပ်က သူ့ကိုမျှော်လင့်ချက်ထားတယ်... အခုက ကျုပ်တို့သူ့ကိုလိုအပ်တဲ့ အချိန်ပဲ..."
တံခါးက နောက်တစ်ဖန် ပွင့်လာပြန်သည်။
နျဉ်ယွင်ရှင်း၏မျက်နှာက မည်းမှောင်နေပြီဖြစ်သည်။ အကယ်၍ ကျောက်လင်းက သူ့ကို ဖျောင်းဖျပြောဆိုခြင်း မပြုထားပါက ရှေ့ထွက်ပြီး စကားအချေအတင်ဖြစ်နိုင်သည်။
ငါက ရွှေအမြုတေအဆင့်ရှိတဲ့ တပည့်တစ်ယောက်ထက် ပိုဆိုးနေတာလား...
စုပိုင်ချယ့်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ပြီး အောင်အောင်မြင်မြင်နှင့် ထွက်ပြေးနိုင်မည့် ဖြစ်နိုင်ချေကို အလေးအနက်တွေးတောနေသည်။ အကယ်၍ အိမ်မက်ဆိုးသားရဲ အဖမ်းခံလိုက်ရပါက သူ့အကြောင်းအားလုံးကို ဖော်ပစ်လိုက်နိုင်သည်။
သို့သော် ထုံရှီးက ပြောလိုက်သည်။
" မဟုတ်သေးဘူး... အခုက အရေးကြီးနေတဲ့အချိန်ပဲ... မင်း ကျိုးရွှမ်လန်ရဲ့အနားမှာပဲ နေရမယ်..."
စုပိုင်ချယ့်က ထွက်ပြေးချင်နေသည့် ခြေလှမ်းများကို ထိန်းထားလိုက်ရသည်။
" ကျေးဇူးပြုပြီး အသေးစိတ် ပြောစမ်းပါ..."
ထုံရှီး ပြောတော့မည့်အချိန်တွင် စုပိုင်ချယ့်၏စိတ်ထံတွင် အသံတစ်သံ ကြားလိုက်ရ၍ သူ့စိတ်ထဲရှုပ်ထွေးပြီး မျက်စိလည်လမ်းမှားသွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းက အိမ်မက်ဆိုးသားရဲ၏ အသံဖြစ်သည်။
" သခင် အသစ်ရောက်လာတာ ဘယ်သူလဲဟင် သူ့အော်ရာကြောင့် ကျွန်တော် နည်းနည်းကြောက်မိတယ်..."
စုပိုင်ချယ့် ပြောစရာစကားမဲ့သွားသည်။
" မင်းက နတ်ဆိုးဘုံရဲ့ ကြမ်းတမ်းတဲ့သားရဲလေ ဘာလို့ ကြောက်ချင်ယောင်ဆောင်နေတာလဲ..."
" ဒါပေမဲ့ ကျွန်တော်..."
" ငါ့ကို အခြေအမြစ်မရှိတာတွေ လာပြောမနေနဲ့..."
စုပိုင်ချယ့် မျက်မှောင်ကြုတ်လိုက်သည်။
" မင်းရဲ့ပိုင်နက်က စိတ်ဝိညာဉ်ပင်လယ်လေ... ပုံရိပ်ယောင်တွေဖန်တီးပြီး သူ့ကို ထောင်ခြောက်ဆင်လိုက်... အဲ့ဒါဆိုရပြီ..."
ခဏအကြာတွင် အိမ်မက်ဆိုးသားရဲက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလာသည်။
" အသုံးမဝင်ဘူး.. အဲဒီမှတ်ဉာဏ်တွေနဲ့ သူ့ကိုပိတ်လှောင်လို့ မရဘူး... အလုပ်ဖြစ်နိုင်မယ့်နေရာကို ကျွန်တော်ထိလို့မရဘူး... မြင်လည်း မမြင်ရဘူး... အဲ အဲဒီမှာ ကောင်းကင်ဘုံတာအိုရဲ့ အော်ရာမျိုးရှိနေတယ်..."
" ကောင်းကင်ဘုံတာအိုတဲ့လား..."
စုပိုင်ချယ့် ထိတ်လန့်သွားပြီး အလေးအနက်တွေးတောလိုက်သည်။
" သူ့မှတ်ဉာဏ်တွေကို မသုံးနဲ့... ပုံရိပ်ယောင်အတုတစ်ခု အသစ်ဖန်တီးပြီး အဲ့ထဲမှ ပိတ်ထားလိုက်... ပြီးတော့ မင်း အဲဒါကို အခွင့်ကောင်းယူပြီး ထွက်ပြေးတော့..."
အိမ်မက်ဆိုးသားရဲက အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်သည်။
" ဘယ် ဘယ်လို ပုံရိပ်ယောင်မျိုးက အလုပ်ဖြစ်မှာလဲဟင် ကျေးဇူးပြုပြီး ကျွန်တော့်ကို ညွှန်ကြားပေးပါဦး သခင်..."
" ဒီလောက်ရိုးရှင်းတာကို မေးနေဖို့ လိုသေးတာလား..."
စုပိုင်ချယ့်က မေးစေ့ကိုပွတ်နေသည်။
" မိန်းမလှလေးတစ်ယောက်ကို ဖန်တီးပြီး သူ့ကိုမြှူဆွယ်လိုက်လေ... လှပြီး ဆွဲဆောင်မှုရှိနေသရွေ့တော့ ငယ်ရွယ်တက်ကြွတဲ့ ကောင်လေးတစ်ယောက်က တောင့်ခံနိုင်မှာ မဟုတ်ဘူး..."
အိမ်မက်ဆိုးသားရဲက ထိုစကားကို ဖြစ်နိုင်သည်ဟု တွေးလိုက်ပြီး တာဝန်ကို လုပ်ဆောင်ရန် ထွက်သွားသည်။
ကျိုးရွှမ်လန် မျက်လုံးပွင့်လာချိန်၌ မွှေးပျံ့သောရနံ့များ ဝန်းရံနေသည်ကို မြင်လိုက်ရသည်။
သူက ရေပူစမ်းထဲတွင် ခန္ဓာကိုယ်တစ်ဝက်ကို စိမ်ထားပြီး အေးစက်စက် ကျောက်တုံးတစ်တုံးကို မှီနေကာ သူ့ရင်ခွင်ထဲတွင် လူတစ်ယောက်ကို ဖက်ထားသည်။
သူ့ရင်ခွင်ထဲမှ လူငယ်လေးက အနီရောင်ဝတ်ရုံကို ရင်ဘတ်ဟကာ ဝတ်ဆင်ထား၍ ဖြူဖွေးပြီး ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော ရင်ဘတ်ကို အထင်သားမြင်နေရသည်။ သူ၏ လည်တိုင်လေးက ကြော့ရှင်းလှပြီး ခါးအထိရှည်သော အနက်ရောင်ဆံပင်ရှည်ကြီးက သူ့ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသည်။
သူ၏ ကျောက်စိမ်းသဖွယ်ဖြူဖွေးသော လက်မောင်းများဖြင့် ကျိုးရွှမ်လန်၏လည်ပင်းကို ရစ်ပတ်ထားပြီး အနက်ရောင်မျက်တောင်ရှည်များကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။
" ငါ လှလား..."
ကျိုးရွှမ်လန်က သူ့မျက်နှာကို ကြည့်လိုက်သည်။
" လှပါတယ်..."
အနီရောင်ဝတ်ရုံနှင့် လူငယ်လေးက ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။
သူ့လက်များက အောက်သို့ တဖြည်းဖြည်းရွေ့သွားပြီး လက်ချောင်းများက ကျိုးရွှမ်လန်၏ ကျောပြင်တွင် ပြေးလွှားနေသည်။
သူ၏ နှင်းဆီရောင်နှုတ်ခမ်းများဖြင့် ကျိုးရွှမ်လန်၏နားရွက်နားကပ်ပြီး ညှို့ယူဖမ်းစားနိုင်သည့်လေသံဖြင့် ပြောလိုက်သည်။
" မင်း ငါ့ကို လိုချင်တာသိပါတယ်... ဒီကိုလာလေ ငါ့အဝတ်တွေကို ဆွဲချွတ်ပြီး မင်းကြိုက်တာ လုပ်ပစ်လို့ရတယ်... ဘယ်သူမှ မသိပါဘူး... ငါကလည်း ရုန်းမှာမဟုတ်ဘူး ငါ့ကို မင်းစိတ်ကြိုက်လုပ်လို့ရတယ် ~ "
ကျိုးရွှမ်လန်က တစ်ဖက်သို့လှည့်ကာ လူငယ်လေး၏ နူးညံ့သော ခန္ဓာကိုယ်အစိတ်အပိုင်းများကို
တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏတာ ငြိမ်ကျသွားသည်။ ထို့နောက် ဖြူဖွေးနူးညံ့သောလည်တိုင်ကို တစ်ချက်ဆွဲဆိတ်လိုက်သည်။
သူ့အကြည့်များက မထီမဲ့မြင်ဖြစ်နေပြီး ယုံကြည်ချက်ရှိရှိဖြင့် အေးစက်စက် ပြုံးလိုက်သည်။
" ထွက်သွားစမ်း... ငါ့ရှစ်စွမ်းက အဲ့လို ပရမ်းပတာ အပြုအမူမျိုးတွေ မလုပ်ဘူး..."