Chapter 52
ကျိုးရွှမ်လန်က ညှို့ယူဖမ်းစားနိုင်စွမ်းရှိသော ဇာမဏီမျက်ဝန်းတစ်စုံကိုကြည့်နေလျက် သူ့နောက်မှ အေးစက်စက်ကျောက်တုံးပေါ် လက်နောက်ပစ်တင်ထားသည်။
ပုံရိပ်ယောင်က အပိုင်းပိုင်းအစစ ဖြစ်သွားစဉ်တွင် စူးရှသောအော်သံကျယ်ကြီးတစ်ခု ထွက်ပေါ်လာပြီး အေးစက်သည့်ကျောက်တုံးက သွေးများရောယှက်နေသည့် အနက်ရောင်မြူများအဖြစ်ပြောင်းလဲကာ အနက်ရောင်အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းပြီး ထွက်ပြေးရန်ပြင်နေသည်။
ကျိုးရွှမ်လန်က သူ့နည်းလမ်းကိုသုံးပြီး ၎င်းကို ဖမ်းဆီးလိုက်သည်။
အိမ်မက်ဆိုးသားရဲက လူများ၏ စိတ်ဝိညာဉ်ပင်လယ်ကို ကျူးကျော်နိုင်စွမ်းရှိပြီး ပုံရိပ်ယောင်များဖန်တီးနိုင်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်က မသန်မာလှပေ။ ထို့အပြင် ကျိုးရွှမ်လန်ကို ရင်ဆိုင်နေရခြင်းဖြစ်၍ သူ့စိတ်ထဲတွင် ကြောက်ရွံ့ထိတ်လန့်မှုများဖြင့် ပြည့်နေ၍ အမြန်ဖမ်းမိသွားတော့သည်။
ကျိုးရွှမ်လန်က အိမ်မက်ဆိုးသားရဲကို အနက်ရောင်မြူနှင်းထုကြီးအဖြစ်ပြောင်းလဲပြီး သူ့လက် ကောက်ဝတ်တွင် ပတ်ထားလိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်းတိုးလာပြီး နောက်အခိုက်အတန့်တွင် လှိုဏ်ဂူတစ်ခု၏ ဝင်ပေါက်ဝ၌ ပေါ်လာသည်။
အပြင်ဘက်တွင်မူ မိုးများသည်းထန်စွာ ရွာသွန်းနေပြီး လေအေးများ တိုက်ခတ်နေ၍ လှိုဏ်ဂူတစ်ခုလုံး အေးစိမ့်စိုစွတ်နေသည်။
မှိန်ပျပျ အလင်းရောင်မှတစ်ဆင့် လှိုဏ်ဂူထဲတွင် ပေါင်းပင်အချို့ ပေါက်ရောက်ပေါက်ရောက်နေပြီး မီးပုံတစ်ခု၏ အလင်းရောင်ဖျော့ဖျော့လေးကိုလည်း မြင်နေရသည်။
ကျိုးရွှမ်လန်၏ရင်ထဲ အနည်းငယ်လှုပ်ခတ်သွားသည်။
ရှစ်စွမ်းက အထဲမှာရှိနေတာပဲ... ဒါပေမဲ့ သူ့ကို ဘာကပိတ်လှောင်ထားတာလဲ...
သူ တဖြည်းဖြည်းရှေ့တိုးသွားပြီး အထဲသို့ဝင်သွားသည်။
မီးရောင်က တဖျတ်ဖျတ်တောက်နေပြီး ဘေးပတ်ဝန်းကျင်မှ ကျောက်နံရံများကိုပါ ထွန်းလင်းနေစေကာ အအေးဒဏ်ကို လွင့်ပြယ်သွားစေသည်။
မီးပုံကို ကျောပေးထားသော လူငယ်လေး၏ ဆံပင်ရှည်များတွင် ရေစက်များတွဲလဲခိုနေပြီး ခါးနားတွင် တတောက်တောက်ကျနေသည်။ သူ့လက်တစ်ဖက်က ခါးစည်းကြိုးအပေါ်တွင်ရှိနေပြီး အခြားလက်တစ်ဖက်က ထိုခါးစည်းကြိုးကိုဖြုတ်ကာ ဘေးတစ်ဖက်သို့ လွှင့်ပစ်လိုက်သည်။
သူ့ဘေးနားတွင် ထူးခြားသောပုံသဏ္ဍာန်ဖြင့် အနက်ရောင်ဥအကြီးကြီး ရှိနေသည်။
အနက်ရောင်ဥခွံကြီးက ငါးနှစ် ခြောက်နှစ်အရွယ်ခန့် ကလေးတစ်ယောက်၏ အရွယ်အစားမျိုးဖြစ်ကာ မီးရောင်အောက်တွင် ဥခွံပေါ်မှ ရှုပ်ထွေးလှသော ရွှေရောင်အပွင့်အခက်များကိုပါ မြင်လိုက်ရသည်။
လူငယ်လေးက မိုးရေစိုနေသည့် အနီရောင်အဝတ်အစားများကို ချွတ်လိုက်ပြီးသည့်နောက်တွင် အဖြူရောင် အတွင်းဝတ်တစ်ထည်သာ ကျန်ရှိတော့၍ သူ၏ ပိန်ပါးသွယ်လျသော ပုံရိပ်ကလေးက အထင်းသားပေါ်လာသည်။ သူ့လည်တိုင်နှငိ့ ပခုံးများတွင် ဒဏ်ရာအချို့ရှိနေပြီး အတွင်းဝတ်ရုံကလည်းသွေးများဖြင့် စိုရွှဲနေသည်။
သူက ဒဏ်ရာကို စစ်ဆေးကြည့်လိုဟန်ဖြင့် လက်ချောင်းများက အတွင်းဝတ်ရုံ၏ ကော်လံကို အသာမ'လိုက်ချိန်တွင် လည်တိုင်မှ ကျောပြင်အထိ ပြောင်ရှင်း ချောမွတ်နေသော အသားအရည်ကို လေအေးထဲတွင် ဖွင့်လှစ်ပြသလိုက်သကဲ့သို့ ဖြစ်သွားသည်။
သူ့အတွင်းဝတ်ရုံကို လုံးဝချွတ်ပစ်ချင်နေသည်ကို မြင်လိုက်ရသောအခါ ကျိုးရွှမ်လန်၏ လည်ချောင်းက လှုပ်ရှားသွားပြီး ဖြတ်ပြောလိုက်သည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်၏ အတွင်းဝတ်ရုံကို ချွတ်ပစ်တော့မည့်လက်ချောင်းများက ရပ်တန့်သွားပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။
ခါးနားအထိ ပြေကျသွားသော အတွင်းဝတ်ရုံကို ပြန်ဆွဲတင်လိုက်ပြီးနောက် ဝိညာဉ်စွမ်းအားကို အသက်သွင်းကာ သူ့ခြေထောက်နားမှဓားကို ဆင့်ခေါ်လိုက်သည်။ တစ်ခဏတွင်းချင်းမှာပင် ထိုဓားက ကျိုးရွှမ်လန်၏ နှဖူးတည့်တည့်ကို ချိန်ရွယ်ထားတော့သည်။
" မင်း ဘယ်သူလဲ..."
ရှန်းလျိုရှန့် ထိတ်လန့်သွားသည်။
သူ၏ လှပသော မျက်နှာထက်တွင် မီးပုံမှ အဝါဖျော့ဖျော့အလင်းတန်းက ရောင်ပြန်ဟပ်နေပြီး အနုပညာဆန်လှသော မျက်ခုံးမျက်လုံးများက အေးစက်မှုများ ထုတ်လွှတ်နေသည်။ သူ့နှုတ်ခမ်းများက အနည်းငယ်ဖြူဖျော့နေပြီး ကျိုးရွှမ်လန် ရုတ်ချည်းပေါ်ထွက်လာမှုကြောင့် သတိကြီးကြီးထားနေသည့် အမူအရာမျိုး ဖြစ်နေသည်။
ကျိုးရွှမ်လန်၏ အကြည့်က နေရာပြောင်းသွားပြီး သူ့ရှစ်စွမ်း၏ ထိုမှတ်ဉာဏ်ထဲတွင် တပည့်တစ်ယောက် မရှိသေးချိန်ဖြစ်၍ သူ့ကို မမှတ်မိကြောင်း သဘောပေါက်သွားသည်။
ယခုက ပုံရိပ်ယောင်များဖြစ်နေကြောင်း ရှန်းလျိုရှန့်က သတိမပြုမိပေ။ အရာအားလုံးကို အမှန်ဟုသာထင်၍ သူ့ထံတွင် တပည့်တစ်ယောက်ရှိကြောင်းကို မယုံကြည်နိုင် ဖြစ်နေသည်။ သို့ဖြစ်၍ ကျိုးရွှမ်လန်နှင့် အတူတူထွက်သွားရန်လည်း မဖြစ်နိုင်ပေ။
ကျိုးရွှမ်လန်၏အကြည့်က အေးစက်စက်ဓားပေါ်တွင်သာ ရှိနေပြီး ရုန်းကန်လှုပ်ရှားသည့် အပြုအမူမျိုးလည်း မပြုလုပ်လာ၍ ရှန်းလျိုရှန့်၏ သတိကြီးကြီးထားမှုများ အနည်းငယ် လွင့်ပြယ်သွားသည်။
" ကျွန်တော် ဒီနေရာမှာ မိုးလာခိုရုံပါ နှောင့်ယှက်ဖို့ရည်ရွယ်ချက် မရှိပါဘူး..."
အတွင်းဝတ်ရုံကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်ဖျားများ တုန်ယင်လာပြီး မျက်လုံးအပြူးသား ဖြစ်သွားသည်။
ဤနေရာက အရှေ့ပိုင်းကျက်တီးမြေဖြစ်ပြီး နတ်ဆိုးနယ်မြေ၏နယ်စပ်နှင့် ထိကပ်သောနေရာဖြစ်သည်။ လူအနည်းစုသာ ဤနေရာသို့ လာရောက်တတ်ခြင်းဖြစ်၍ တိုက်ဆိုင်မှုဟုဆိုရန် ခက်ခဲလှပေသည်။
သို့သော် ၎င်းက ပြဿနာမဟုတ်တော့ပေ။
သူ ဒဏ်ရာအပြင်းအထန်ရထားခြင်းဖြစ်၍ အန္တရာယ်မှ လွတ်မြောက်လာပြီးဖြစ်သော်လည်း သူ့ဝိညာဉ်စွမ်းအားများ ကုန်ခမ်းနေပြီဖြစ်သည်။ ယခုအခိုက်အတန့်၌ အခြေခံအုတ်မြစ်တည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် တွေ့လျှင်ပင် သူ့ကိုသတ်ပစ်နိုင်ပေသည်။
ထို့အပြင်...
ရှန်းလျိုရှန့်က သူ့ဘေးနားမှ အနက်ရောင်ဥကြီးကိုကြည့်ပြီး သူ့မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အမူအရာမျိုး ဖြစ်လာသည်။
သူ့ဓားကို ပြန်ယူလိုက်ပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့်သာ ပြောလိုက်သည်။
" မင်းသဘောပဲ ငါ့ကိုသတ်ချင်ရင်လည်း သတ်ပစ်လိုက်..."
စကားဆုံးသည်နှင့် ရှန်းလျိုရှန့်က မြေကြီးပေါ်ချထားသည့် မိုးရေစိုနေသောအဝတ်များကို ပြန်ကောက်ယူလိုက်သည်။ ထို့နောက် သစ်ကိုင်းနှစ်ခက်ကိုယူပြီး မီးပုံပေါ်တွင် လှမ်းထားလိုက်သည်။
" ကျွန်တော် ရှစ်စွမ်းကို အန္တရာယ်ပြုဖို့ စိတ်ကူးမရှိပါဘူး..."
ကျိုးရွှမ်လန်က သူ့နားကိုလျှောက်လာသည်။
သူ အချိန်ကို တွက်ချက်ကြည့်လိုက်ပြီးနောက်တွင် အမွှေးတိုင်တစ်ဝက်စာခန့်သာ ကျန်ရှိတော့မည်ဖြစ်ကြောင်း သိလိုက်သည်။
ရှန်းလျိုရှန့်က မျက်ခုံးပင့်လိုက်ပြီး တစ်ခုခုပြောမည်အပြုတွင် သူ့အမူအရာက တင်းမာသွားပြီး အနက်ရောင်ဥကြီး၏ဘေးနားသို့သွားကာ တင်းကြပ်စွာဖက်ထားလိုက်သည်။
" မင်း ဒါကို ငါ့ဆီကနေခိုးသွားဖို့ ကြိုးစားနေတာလား..."
မြေပြင်တွင်ပြန်ချထားသော ဓားက ဆူဆူညံညံအသံများ ထွက်လာပြန်သည်။
" ကျွန်တော် စိတ်တောင်မကူးမိပါဘူး..."
ကျိုးရွှမ်လန်က ပြန်ဖြေလိုက်သည်။
ရှန်းလျိုရှန့် ဇဝေဇဝါဖြစ်သွားသော်လည်း ရုတ်တရက် အမူအရာပြောင်းလဲသွားသည်။ သူ့ပခုံးများ စုကြုံ့ထားလိုက်ပြီး မျက်နှာက ဖြူဖျော့လာ၍ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်ပုလင်းကိုထုတ်ပြီး ဆေးတစ်လုံးကို မျိုချလိုက်သည်။ သူ့နှုတ်ခမ်းပါးများက အရောင်အဆင်း ပြန်ရလာပေသည်။
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အမူအရာများက ပျော့ပျောင်းလာကာ ရွှေရောင်အပွင့်အခက်များနှင့်ဥကို နံရံနားသို့ ရွှေ့ထားလိုက်သည်။ သူ ထိုနေရာတွင် ထိုင်ချလိုက်ပြီး ကျန်ရှိနေသည့် ဆေးလုံးများထည့်ထားသည့် ကျောက်စိမ်းပုလင်းကိုပစ်ပေးကာ ပြောလိုက်သည်။
" မင်း ဒီဟာနောက်ကို လိုက်နေတာမဟုတ်ဘူးဆိုရင်တော့ ငါတို့တွေ မိတ်ဆွေဖြစ်လို့ရတယ်..."
ကျိုးရွှမ်လန်က ကျောက်စိမ်းပုလင်းကိုဖမ်းလိုက်ပြီး ရှန်းလျိုရှန့်ကိုတစ်လှည့် အနက်ရောင်ဥကြီးကိုတစ်လှည့် ကြည့်နေသည်။
ရှစ်စွမ်းကို ဒီအနက်ရောင်ဥကြီးနဲ့ သက်ဆိုင်တဲ့ဟာ တစ်ခုခုက ထောင်ခြောက်ဆင်ထားတာများလား...
၎င်းက မည်သည့်အရာဖြစ်သည့်အကြောင်းနှင့် သူ မည်သို့ ရလခဲ့ကြောင်းကို အလျင်စလိုသိချင်လာမိခဲ့သည်။
" ကျွန်တော် အဲ့လိုလုပ်ဖို့ရည်ရွယ်ချက် မရှိပါဘူး... ဒီတိုင်းသိချင်ရုံပါ..."
ရှန်းလျိုရှန့်၏လက်ဖျားများ လှုပ်ရှားသွားပြီးနောက် စိတ်မရှည်လက်မရှည်အသံဖြင့် ပြောလိုက်သည်။
" ငါလည်းသိချင်နေတာ... ဒီလို မကောင်းဆိုးဝါးလေးက ငါနဲ့ဆက်နွယ်မှု ရှိနေတဲ့ပုံပဲ..."
သူ့လက်ချောင်းများဖြင့် ဆံပင်ကို ဆွဲဖွလိုက်ပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသည်။
" ဒီမကောင်းဆိုးဝါးလေးက ဘယ်သူပဲဖြစ်ဖြစ် ငါတို့မှာ ရေစက်ပါတဲ့ပုံပဲ..."
ကျိုးရွှမ်လန်၏မျက်နှာက အေးခဲတောင့်တင်းသွားပြီး အနက်ရောင်ဥကြီးကို လှမ်းကြည့်လိုက်သည်။
ရှစ်စွမ်းရဲ့ ဘဝလက်တွဲဖော်က ဒါကြီးများလား...
ရှန်းလျိုရှန့်က ခေါင်းကုတ်လိုက်ပြီးနောက် ကပျာကယာဖြင့် ရေရွတ်လိုက်သည်။
" ဒီလောကကြီးမှာ ထူးဆန်းတဲ့အရာတွေနဲ့ ပြည့်နေတာပါ မိတ်ဆွေလေး... အရမ်း မအံ့ဩပါနဲ့..."
ရှန်းလျိုရှန့်က စိတ်အေးလက်အေးဖြင့်သာ စကားပြောနေသော်လည်း အမှန်တွင် သူ့ဆရာ၏ ညွှန်ကြားချက်အတိုင်းလိုက်နာပြီး အရှေ့ပိုင်းကျတ်တီးမြေသို့ ရောက်လာကာ သူ့ဘဝလက်တွဲဖော်ကို လာရောက်ရှာဖွေခြင်းဖြစ်သည်။ များပြားလှသည့် အခက်ခဲများကို ရင်ဆိုင်ပြီးသည့်နောက်တွင် ဤ အနက်ရောင်ဥကြီးကို ရှာတွေ့ခဲ့ပေသည်။
သူ ခဏတာကြောင်အသွားပြီးနောက် ထိုအရာကို ဓားဖြင့်ခုတ်ပိုင်းပစ်နိုင်ရန် မျှော်လင့်နေမိသည်။
ဒါကြီးက လူတောင် ဖြစ်လာပါ့မလား...
ငါ ဒီကိုလာတာ လက်တွဲဖော်ကို လာရှာတာလေ ဥကိုလာရှာတာမှ မဟုတ်တာ...
သို့ရာတွင် သူ့ဆရာက အတိတ်တွင်လည်း တစ်ကြိမ်တစ်ခါမှ အမှားလုပ်ဖူးသူမဟုတ်၍ ရှန်းလျိုရှန့်က စိတ်ပျက်လက်ပျက်ဖြင့် ထိုဥကိုဖက်ထားရပြီး အခြားသောမကောင်းဆိုးဝါးများ မျက်စိကျမည့်ရန်မှ ကာကွယ်နေရခြင်းဖြစ်သည်။ သူ ကံအဆိုးခံပြီး ဥကိုကာကွယ်မှ ဖြစ်ပေမည်။
သူ စိတ်ဓာတ်ကျသွားမိပြီး အလွန်ငိုချင်စိတ်ပေါက်လာသည်။
ကျိုးရွှမ်လန်၏ အမူအရာက မည်းမှောင်သွားပြီးနောက် အရာအားလုံးကို သဘောပေါက်သွားသည်။
သူ့ရှစ်စွမ်း ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေရခြင်းမှာ ဤရေစက်ကြောင့်ပင် ဖြစ်ပေသည်။ အကယ်၍ ယခင်က ဤအဖြစ်အပျက်မျိုး အမှန်တကယ်ဖြစ်ပွားခဲ့ပါက ရှစ်စွမ်းက ဥထဲတွင်ရှိသည့်အရာကို မမြင်ခဲ့ရသည့်ပုံပေါ်သည်။ သူ့ရင်ထဲမှ သိချင်စိတ်နှင့် နောင်တက ကျန်ရစ်ခဲ့၍ အိမ်မက်ဆိုးသားရဲက ထိုအချက်ကိုသုံးပြီး သူ့ကို ပုံရိပ်ယောင်ထဲတွင် ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်နေခြင်းဖြစ်သည်။
ရှစ်စွမ်းကို ပြန်ခေါ်ရန်အတွက် ထိုရေစက်၏ အသွင်အစစ်ကို စွဲလန်းနေခြင်းမှ ကင်းလွတ်အောင် ပြုလုပ်နိုင်ရမည်ဖြစ်သည်။
ထိုသို့မဟုတ်ပါက ဤလှည့်စားချက်ထဲတွင် အဖြေကို ထပ်ခါထပ်ခါ ရှာဖွေနေမည်ဖြစ်သည်။
ကျိုးရွှမ်လန်၏ အမူအရာက ပိုမိုအေးစက်လာပြီး သူ့အကြည့်က ရေစက်ဟူသည့်အရာပေါ် ရောက်ရှိသွားသည်။ မမျှော်လင့်စွာဖြင့် သူ လှုပ်ရှားလိုက်ပြီးနောက် အဖြေကို ရှာဖွေရန်ပြင်လိုက်သည်။
ဒီလိုအရာက ငါ့ရှစ်စွမ်းနဲ့ ဘယ်လိုလုပ်ထိုက်တန်မှာလဲ...
ဒါကိုဖျက်ဆီးလိုက်ရင် ရှစ်စွမ်းက လက်လျှော့သွားပြီးတော့ ငါနဲ့လိုက်လာလောက်တယ်...
သို့ရာတွင် ရှန်းလျိုရှန့်က သတိလက်လွတ်နေနေခြင်းမဟုတ်ပေ။ သူက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ ချက်ချင်းပင် အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ဧရာမဥကြီးကို ဘေးနားရွှေ့ထားလိုက်ပြီးနောက် ကျိုးရွှမ်လန်နှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။
သူတို့၏ မန္တန်များကြောင့် မီးပုံက တဖျောက်ဖျောက်မြည်လာပြီး ငြိမ်းတော့မည့်ပုံ ဖြစ်လာသည်။
ရှန်းလျိုရှန့်က ဝိညာဉ်စွမ်းအား ပြန်လည်ရရှိရန် အစောပိုင်းတွင် ဆေးလုံးတစ်လုံး သောက်ခဲ့၍ ဒဏ်ရာရနေသူဖြစ်သော်လည်း ပြန်လည်တိုက်ခိုက်နိုင်နေသေးသည်။ မန္တန်များဖြင့် အဆက်မပြတ်တိုက်ခိုက်နေသောကြောင့် ကျိုးရွှမ်လန်က သူ့ကို တစ်ခဏတာခန့် မလွှမ်းမိုးနိုင် ဖြစ်နေသည်။
ရှန်းလျိုရှန့်၏ဒဏ်ရာများကို စိတ်ပူနေသည့် ကျိုးရွှမ်လန်က အားကုန်ထုတ်မသုံးရဲပေ။ သူက တိုက်ခိုက်မှုများကို ရှောင်ရှားနေလျက်ဖြင့် ထောင့်တစ်နေရာမှ အနက်ရောင်ဥကြီးကို တိုက်ခိုက်ရန် အခွင့်အရေးကို ရှာဖွေနေသည်။
တိုက်ကွက်အနည်းငယ်ခန့် ဖလှယ်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏မန္တန်များကို မှတ်မိသွားသော ရှန်းလျိုရှန့်က အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
" မင်းက ချင်းလင်ဂိုဏ်းရဲ့တပည့်လား..."
ကျိုးရွှမ်လန် ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်တယ်..."
ရှန်းလျိုရှန့်က သူ့ပခုံးမှဒဏ်ရာကြောင့် နာကျင်နေဆဲဖြစ်သော်လည်း ဆက်လက်တိုက်ခိုက်နေနိုင်ဆဲဖြစ်သည်။
" ငါတို့က အမြစ်တစ်ခုတည်းက တူတူပေါက်ဖွားလာတဲ့လူတွေပဲ ဘာလို့ တစ်ယောက်နဲ့တစ်ယောက် တူတူတိုက်ခိုက်နေဦးမှာလဲ... ငါ့ရဲ့ ဒီရေစက်ကို ချမ်းသာပေးလိုက်ပြီးတော့ မတိုက်ခိုက်ဘဲ နေရအောင်..."
ကျိုးရွှမ်လန်က ရှန်းလျိုရှန့်ပြောသည့် "ရေစက်" ဟူသည့်စကားကို နားထောင်နေလျက် သူ့မျက်နှာအမူအရာက မည်းမှောင်လာသည်။
ကျိုးရွှမ်လန် စကားတစ်ခွန်းမှ မပြောတော့ဘဲ လှုပ်ရှားမှုများက ပိုမို အညှာအတာကင်းမဲ့လာသည်။
၎င်းကိုမြင်သည့်အခါ ရှန်းလျိုရှန့်၏ မျက်ဝန်းများက အေးတိအေးစက်ဖြစ်သွားသည်။
" ငါတို့တွေ အေးအေးချမ်းချမ်း မဖြေရှင်းနိုင်ဘူးဆိုမှတော့ သေတဲ့အထိ တိုက်ကြတာပေါ့... မင်း သူ့ကို ဒဏ်ရာရအောင်လုပ်ရင် ငါ မင်းရဲ့အသက်နဲ့ပြန်ပေးဆပ်ရအောင် လုပ်ပစ်မယ်..."
ကျိုးရွှမ်လန် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် သူ့အမူအရာက ရှုပ်ထွေးလာသည်။
ဒါက ထင်ယောင်ထင်မှား ဖြစ်နေတာတွေပဲမလား... ဒီနေရာကို ရောက်နေတာတောင် ရှစ်စွမ်းက အဲဒါကိုကာကွယ်ဖို့အတွက် ငါ့ကိုသတ်မယ်ပေါ့လေ... တကယ်လို့ အပြင်လောကမှာသာ ဒီ"ရေစက်" ဆိုတဲ့အရာ ပေါ်လာရင် ရှစ်စွမ်းက ဘယ်သူ့ဘက်က နေမှာလဲ...
ကျိုးရွှမ်လန်၏နှလုံးသားထဲ အေးစိမ့်စိမ့်ဖြစ်သွားပြီးနောက် မီးပုံမှ နောက်ဆုံးမီး ငြှိမ်းသတ်သွားချိန်တွင် ရှန်းလျိုရှန့်ကို ဖမ်းမိသွားခဲ့သည်။
မီးပုံက ငြိမ်းသွားခဲ့ပြီး လှိုဏ်ဂူက အမှောင်ထုထဲ ကျရောက်သွားကာ အပိုင်းပိုင်းအစစဖြစ်နေသော မီးပွားများသာ ကျန်ရစ်ခဲ့တော့သည်။
မီးပုံပေါ်တွင် ရေစိုနေသည့်အဝတ်အစားများ လှမ်းထားသည့်စင်လေးက ဒုန်းခနဲ ပြုတ်ကျသွားပြီး ရေစိုနေသည့် ဝတ်ရုံနီလေးက အေးစက်စက်ကြမ်းပြင်ပေါ် ကျသွားခဲ့သည်။
ရှန်းလျိုရှန့်က တွန်းလှဲခံလိုက်ရပြီး ဖြူဖွေးနေသည့် အတွင်းဝတ်ရုံက မြေပြင်နှင့် ပွတ်တိုက်သွားသောကြောင့် သူ၏ပိန်သွယ်သွယ်ခန္ဓာကိုယ်က အထင်းသားပေါ်လာသည်။
သူ၏ မျက်နှာလှလှလေးတွင် ကပျာကယာဖြစ်နေသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။
" မင်း ဘာလုပ်တာလဲ..."
ကျိုးရွှမ်လန်က သူ့ခါးသေးသေးလေးကို ဖိချထားပြီး မျက်လွှာချကာ ရှန်းလျိုရှန့်၏မျက်နှာကိုကြည့်နေသည်။
" ရှစ်စွမ်း..."
ထိုစကားကိုကြားသည်နှင့် ရှန်းလျိုရှန့် ခဏတာ အံ့အားသင့်သွားခဲ့သည်။
ကျိုးရွှမ်လန်က သူ့ကိုငုံ့ကြည့်နေပြီး ပြောလိုက်သည်။
" ကျွန်တော့်ရှစ်စွမ်းမှာ ဘဝလက်တွဲဖော်ရှိတာကို ကျွန်တော် မသိခဲ့ဘူး..."
ရှန်းလျိုရှန့်က ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် တုံ့ပြန်လိုက်သည်။
ထိုလူက ချောမောခံ့ညားသော်လည်း ဦးနှောက်တွင် ပြဿနာတစ်ခုခုရှိနေပုံပေါ်သည်ဟု ထင်လိုက်မိသည်။ ရှန်းလျိုရှန့်က တပည့်တစ်ယောက်မှ မရှိသကဲ့သို့ တပည့်ထားရန် ရည်ရွယ်ချက်လည်း မရှိခဲ့ပေ။
ပြီးတော့ ငါ့မှာ တပည့်ရှိခဲ့မယ်ဆိုရင်တောင် ငါ့လက်တွဲဖော်ကို သူက ဘာကိစ္စ ဆုံးဖြတ်ပေးမှာလဲ...
နွေးထွေးသော ဝင်လေထွက်လေအချို့က သူ့နှုတ်ခမ်းပါးကို လာရောက်ရိုက်ခတ်လာပြီးနောက် သူ့မေးရိုးများ တောင့်တင်းသွားရသည်။
ရှန်းလျိုရှန့်၏ အတွေးများ အေးခဲတောင့်တင်းကုန်ပြီး မျက်လုံးကို ပိုမိုပြူးကျယ်လိုက်သည်။
ကျိုးရွှမ်လန်၏ လက်ချောင်းများက ရှန်းလျိုရှန့်၏ ဆံနွယ်များထဲ နစ်မြုပ်နေပြီးနောက် ရှန်းလျိုရှန့်၏ နှုတ်ခမ်းပါးများကို အသာတို့ထိလိုက်သည်။ အံ့ဩတကြီးဖြစ်နေသည့် ဇာမဏီမျက်ဝန်းများကို သူ ငေးကြည့်နေမိသည်။
" ရှစ်စွမ်း ကျွန်တော့်ကိုကြည့်ပါဦး... အဲဒီ ရုပ်ဆိုးဆိုး အနက်ရောင်ဥကြီးထက်စာရင် ကျွန်တော်ကပိုပြီး ဆွဲဆောင်မှု မရှိဘူးလား..."
ရှန်းလျိုရှန့် ထိတ်လန့်သွားပြီး မျက်တောင်ခတ်လိုက်မိသည်။
ထိုလူက အမှန်ပင် ခံ့ညားကြား ဆွဲဆောင်မှုရှိပြီး ထူးတန်းစွာဖြင့် ရင်းနှီးနေသည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းနေသည်။
သူတို့ အပြန်အလှန်တိုက်ခိုက်နေစဉ်က တစ်ဖက်လူမှာ သူ့
ဒဏ်ရာကိုစိုးရိမ်၍ အင်အားကို ထိန်းထားသည်အား ခံစားမိပေသည်။
ရှန်းလျိုရှန့်က ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးသည့်နောက် ခေါင်းညိတ်ပြပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။
" မင်းက မကောင်းဆိုးဝါးလေးနဲ့ ပိုတူတယ်..."