Chapter 53
" ရှစ်စွမ်း ကျွန်တော်နဲ့တူတူ ထွက်သွားမလား..."
မီးရောင်မှိန်ပျပျသာ ကျန်ရှိနေသော လှိုဏ်ဂူထဲတွင် ကျိုးရွှမ်လန်၏မျက်နှာတစ်ဝက်ကို အမှောင်ထုက ဖုံးလွှမ်းနေ၍ သူ့မျက်နှာအစိတ်အပိုင်းများက သုံးဖက်မြင်ပုံစံ ဖြစ်နေသည်။
ရှန်းလျိုရှန့် တွန့်ဆုတ်သွားပြီး မေးလိုက်သည်။
" ငါတို့အရင်တုန်းက နမ်းခဲ့ဖူးလား..."
အစောပိုင်းက သူ့စိတ်ထဲတွင် မှတ်ဉာဏ်အပိုင်းအစအချို့ ဖျတ်ခနဲပေါ်လာသည်။ ကြည့်ရသည်မှာ သူ့ရှေ့မှလူက သူ့ကို ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အောက်တွင် နမ်းခဲ့ပုံရသည်။
ထိုမှတ်ဉာဏ်များ ရုတ်ချည်းပေါ်ထွက်လာခြင်းကြောင့် သူ လန့်သွားပြီး တစ်ကိုယ်လုံး အေးခဲတောင့်တင်းသွားက ထိုလူကို မတွန်းထုတ်နိုင်အောင် ဖြစ်လာသည်။
ကျိုးရွှမ်လန်၏ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး ရှန်းလျိုရှန့်၏ ချောမွတ်နေသောနှဖူးပြင်ကို နမ်းလိုက်သည်။
" ရှစ်စွမ်း အရင်တုန်းက ကျွန်တော့်ကို ဒီလိုနမ်းဖူးတယ်လေ..."
" ဒါဆိုရင်တော့ အဲဒါ မင်းမဟုတ်လောက်ဘူး..."
ရှန်းလျိုရှန့်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
သူက ဘာကိစ္စ တစ်ယောက်ယောက်နဲ့ အဲ့လိုမျိုး လုပ်ရမှာလဲ...
" ဒါဆို အဲဒါဘယ်သူလဲ မသိဘူး..."
ကျိုးရွှမ်လန်၏ မျက်နှာထက်မှအပြုံးက အေးခဲတောင့်တင်းသွားသည်။
ငါ မဟုတ်ဘူးဆိုရင် ဘယ်သူလဲ...
ကျိုးရွှမ်လန်၏ခေါင်းထဲတွင် နာမည်များ တန်းစီပေါ်လာသည်။ သူ ခဏတာ ငြိမ်သက်သွားပြီးနောက် စိတ်ထဲတွင် ကပျာကသီနှင့် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။
" ရှစ်စွမ်းက ဘာလို့ လူအများကြီးကို ဆွဲဆောင်နိုင်ရတာလဲ..."
ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။
ကျိုးရွှမ်လန်၏ သူ၏ တဖျတ်ဖျတ်လှုပ်နေသော မျက်တောင်ရှည်များ၊ စိတ်ရှုပ်ထွေးမှုဖြင့် ပြည့်နေသော ပုံပန်းသွင်ပြင်ကိုကြည့်ကာ သူ့မျက်လုံးများ အနည်းငယ် နက်မှောင်လာသည်။ သူက ဩရှရှအသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကျွန်တော်က ရှစ်စွမ်းအတွက် အရေးကြီးတဲ့သူ မဟုတ်ဘူးလား... ကျွန်တော် သည်းခံနိုင်စွမ်းတွေ ကုန်တော့မယ် ရှစ်စွမ်း..."
ရှန်းလျိုရှန့်က ပြန်မဖြေမိဘဲ မျက်လွှာချထားကာ သူ့ရှေ့မှလူက မည်သူမည်ဝါဖြစ်ကြောင်း မှတ်မိရန် ကြိုးပမ်းနေသည်။
ဘာတွေ ဖြစ်နေတာလဲ...
ထိုအခိုက်အတန့်တွင် "မကောင်းဆိုးဝါးလေး" က မီးရောင်မှိန်ပျပျဖြစ်နေပြီး တိတ်ဆိတ်နေသည့် ပတ်ဝန်းကျင်ကို အခွင့်ကောင်းယူကာ သူ့ကို နောက်တစ်ကြိမ် ထပ်နမ်းပြန်သည်။
“…”
အိပ်ရာပေါ်မှလူက ရုတ်တရက်လှုပ်ရှားလာ၍ အခန်းထဲမှလူများ၏ မျက်နှာများ ပြောင်းလဲသွားပြီး အသက်အောင့်ထားလိုက်ကြသည်။
ရှန်းလျိုရှန့်က တီးတိုးရေရွတ်လိုက်သည်။
" မကောင်းဆိုးဝါးလေး..."
အားလုံး : “…”
မျက်နှာထက်တွင် အပြုံးတစ်ခု ဆင်မြန်းထားသောလင်ယဲ့က ရှန်းလျိုရှန့်၏နှဖူးပေါ် အေးစက်စက် လက်ချောင်းတစ်ချောင်းတင်ပြီး မေးလိုက်သည်။
" ရှစ်တိ ဘယ်သူ့ကိုခေါ်နေတာလဲ..."
ရှန်းလျိုရှန့် မျက်လုံးတဖြည်းဖြည်းဖွင့်လာပြီး ရှုပ်ပွနေသည့် ဆံပင်ရှည်များကိုကုတ်ကာ အခန်းထဲကို ကြည့်လိုက်သည်။
သူ့အကြည့်က ကျိုးရွှမ်လန်အပေါ်သို့ ရောက်သွားချိန်တွင် ခဏတာ ရပ်တန့်သွားကြီးနောက် အမြန်အကြည့်လွှဲလိုက်ကာ သူ့မျက်နှာထက်တွင် ဇဝေဇဝါဖြစ်နေသည့် အမူအရာမျိုး ပေါ်လာသည်။
" ကျွန်တော် ဘာလို့ ဒီရောက်နေတာလဲ..."
" မင်း မမှတ်မိဘူးလား..."
လန်ရှောင်ရှန့်က လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့ပြီး သူ့ကိုပေးလိုက်သည်။
" မင်းရဲ့စိတ်ဝိညာဉ်ပင်လယ်ထဲမှာ အိမ်မက်ဆိုးသားရဲရဲ့ ထောင်ခြောက်ဆင်ခံလိုက်ရတာလေ... မင်း အရင်တုန်းက မှတ်ဉာဏ်တွေကို ပြန်သတိရသွားတဲ့ပုံပဲ..."
ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။
" အဲလိုလား ကျွန်တော်တော့ တစ်ခုမှ မမှတ်မိဘူး..."
သေချာပေါက်ကို ဝန်ခံလိုက်လို့ မဖြစ်ဘူး...
သူ့ဆရာတူအစ်ကိုနဲ့ ယဲ့ပင်းရန်တို့ရဲ့ မှတ်ဉာဏ်ကတော့ ကြီးကြီးမားမားမဟုတ်ပေမယ့် နောက်ဆုံးတစ်ခုကတော့..
ရှန်းလျိုရှန့်၏လက်များ အနည်းငယ်တုန်ယင်လာသည်။
နောက်ဆုံးအကြိမ်က ကျိုးရွှမ်လန် သူ့ကို ရှေးဟောင်းသစ်ပင်အောက်တွင် နမ်းခဲ့သည်မှာ မန္တန်၏လွှမ်းမိုးမှုကြောင့်ဖြစ်၍ နားလည်ပေးနိုင်သော်လည်း ဤတစ်ကြိမ်တွင်မူ သူက အသိစိတ်ကပ်နေခဲ့ပြီး နှုတ်ခမ်းကို နမ်းခဲ့ခြင်းဖြစ်သည်။
လောကကြီးမှာ အဲ့လိုမျိုး ဆရာ တပည့် ဆက်ဆံရေး ရှိလို့လား...
ရှန်းလျိုရှန့်၏ရင်ထဲ ပျာယာခတ်သွားသည်။
" ရှစ်စွမ်း... အိမ်မက်ဆိုးသားရဲ ရှိနေတယ်..."
ကျိုးရွှမ်လန်က သူ့နားတဖြည်းဖြည်းကပ်လာပြီး သူ့လက်ကောက်ဝတ်တွင် ရစ်ပတ်ထားသော အနက်ရောင်မြူနှင်းထုကြီးကို ဖယ်လိုက်သည်။
အားလုံး၏ အာရုံက ထိုအရာပေါ်တွင်သာ ရှိနေသည်။
လန်ရှောင်ရှန့်၏ အမူအရာက ခက်ထန်လာပြီး မေးခွန်းမေးတော့မည့်အချိန်တွင် အိမ်မက်ဆိုးသားရဲက သူ၏ ကတ္တီပါရောင် မျက်လုံးများကို ပြူးကျယ်စွာဖွင့်လိုက်ပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ တစ်ခဏတွင်းချင်း သူ့အသက်ရှုသံ ပျောက်ဆုံးသွားလေသည်။
အခန်းအပြင်ဘက်မှ စုပိုင်ချယ့်က သူ့လက်ထဲမှ ခြောက်သွေ့နေသော သစ်ရွက်ကို ချေမွလိုက်ပြီး အမူအရာက အေးတိအေးစက် ဖြစ်နေသည်။
ထုံရှီး ထိတ်လန့်သွားသည်။
" မင်း သူ့ကို ဦးကျိုးအောင်လုပ်ဖို့ အရမ်းအားစိုက်ထုတ်ထားခဲ့တာကို ဘာလို့ ဒီလိုမျိုး သတ်ပစ်လိုက်တာလဲ..."
စုပိုင်ချယ့်က ပိုးပဝါတစ်ထည်ထုတ်လိုက်ပြီး သူ့လက်ပေါ်မှ သွေးစက်များကို သုတ်လိုက်သည်။
" သူ တခြားလူတွေရဲ့ လက်ထဲရောက်သွားရင် ဖြစ်နိုင်ချေနှစ်ခု ရှိလာနိုင်တယ်... ငါ့ကို သစ္စာဖောက်ရင်ဖောက်၊ မဟုတ်ရင် လုံးဝ ဝန်မခံဘဲ သေတဲ့အထိ နှိပ်စက်ခံရမှာပဲ... အဲ့တော့ ဒီအချိန်မှာ ငါသူ့ကို လွတ်မြောက်ခွင့်ပေးလိုက်တာက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပစ်လိုက်တာပဲ..."
ထုံရှီး ထိတ်လန့်တကြားဖြင့် ရပ်နေလိုက်သည်။
" ကံဆိုးတာတစ်ခုကတော့ သူတွေ့ထားတဲ့မှတ်ဉာဏ်တွေ ငါ့ကို မပြောပြနိုင်တော့ဘူးပေါ့..."
စုပိုင်ချယ့်က ပဝါစကို လွှင့်ပစ်လိုက်ပြီးနောက် ခြောက်ကပ်ကပ်ပြုံးကာ မျက်ခုံးများကို ဖိနှိပ်နေလိုက်သည်။
" ဒါပေမဲ့ အကျိုးကျေးဇူးတစ်ခုတော့ ရလိုက်ပါတယ်... သူ့မှတ်ဉာဏ်တွေကို ကောင်းကင်ဘုံတာအိုက ဝင်နှောင့်ယှက်နေတယ်တဲ့ အဲဒါဘာသဘောလဲ သိလား..."
" ထုံရှီး... ကောင်းကင်ဘုံတာအိုက ငါတို့ဘက်မှာ ရှိနေပြီ..."
အမှောင်ထုထဲမှ အဆိပ်ပြင်းသောမြွေဟောက်တစ်ကောင်၏ စိုက်ကြည့်ခြင်း ခံလိုက်ရသကဲ့သို့ ထုံရှီး၏တစ်ကိုယ်လုံး တုန်ယင်သွားပြီးနောက် ခဏအကြာမှ တည်ငြိမ်လာသည်။
" မင်းက တရားလွန်လာတာပဲ... မတွေးသင့်တဲ့ အရာမျိုးတွေဆိုတာရှိတယ်..."
စုပိုင်ချယ့်က ပြုံးနေဆဲဖြစ်ပြီး ဆက်လက်စုံစမ်းစစ်ဆေးနေလိုသော်လည်း အင်အားတစ်မျိုးက သူ့ကို အနောက်သို့ ဆွဲခေါ်သွား၍ ရုတ်တရက်ကြီး လေပေါ်မြောက်သွားရသည်။
" မင်း အပြင်ထွက်ပြီး ကစားမယ်ဆိုတာ ဘာကိစ္စ ငါ့ကို အသိမပေးခဲ့တာလဲ..."
နန်ယောင်ချွမ်က စုပိုင်ချယ့်၏ပခုံးကိုကိုင်ကာ ပြောလိုက်ပြီး သူ့အမူအရာက ရွှင်ပျပျဖြစ်နေသည်။
သူ့ဘေးနားတွင်မူ နတ်ဆိုးနယ်မြေမှ လူတစ်စုလိုက်ပါလာပြီး သူတို့ထဲတွင် ကျင့်ကြံဆင့်အနိမ့်ဆုံးလူက ရွှေအမြုတေအဆင့်ဖြစ်သည်။ သူတို့က ပြဿနာရှာရန်ရောက်လာကြောင်း သိသာလှပေသည်။
ကသောင်းကနင်းဖြစ်မှုကြောင့် လူပေါင်းများစွာက အိပ်စက်အနားယူနေရာမှ ထလာကြသည်။
အရပ်မျက်နှာအနှံ့တွင် မီးများထွန်းလိုက်ကြပြီး ဂိုဏ်းပေါင်းများစွာမှ တပည့်များက သူတို့နေထိုင်ရာမှ ထွက်လာကြသည်။ လေပေါ်တွင် အုပ်မိုးနေသည့် ရာနှင့်ချီသော နတ်ဆိုးကျင့်ကြံသူများနှင့် သူတို့ကိုဦးဆောင်လာသူအား မြင်လိုက်ရသောအခါ သူတို့အားလုံး ချက်ချင်းကြောက်လန့်ကုန်ကြသည်။
နတ်ဆိုးအရှင်သခင်က ဓားဂိုဏ်းကို ဘာကိစ္စ ရောက်လာတာလဲ... နယ်မြေနှစ်ခုကြားမှာ စစ်ပွဲဖြစ်လာအောင် ရန်စမလို့များလား...
" မအိပ်နေကြနဲ့တော့ တောင်ကို စောင့်ရှောက်တဲ့ အစီအရင် ပျက်စီးသွားပြီ... နတ်ဆိုးအရှင်သခင် ငါတို့ကို တိုက်ခိုက်နေပြီ..."
" ပြေးကြတော့... နတ်ဆိုးအရှင်သခင်က အညှာအတာမဲ့ သတ်ဖြတ်တတ်တဲ့သူပဲ... ဘယ်သူမှ သူ့ကိုမယှဉ်နိုင်ဘူး..."
" အရမ်း စိတ်မလှုပ်ရှားကြပါနဲ့ဦး... အင်မော်တယ်ဂိုဏ်းပေါင်းများစွာက ဂိုဏ်းချုပ်တွေ ဒီမှာရှိနေတာပဲ သူ မစဉ်းစားမဆင်ခြင်ဘဲတော့ ဘာမှမလုပ်လောက်ပါဘူး..."
စားပွဲသောက်ပွဲအတွက် ဓားဂိုဏ်းသို့ ရောက်ရှိလာသူများမှာ ပျာယာခတ်သွားကြသော်လည်း ပုံရိပ်ပေါင်းများစွာက လေထဲပေါ်လာသည်ကို မြင်လိုက်ရသောအခါ စိတ်ငြိမ်အောင် ပြန်ထိန်းလိုက်ကြသည်။
" နတ်ဆိုးသခင်က ဘာကိစ္စကြောင့် ရောက်လာတာများလဲ..."
လန်ရှောင်ရှန့်က လက်နောက်ပစ်ရပ်နေပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ကျွန်တော်လာပြီးတော့ ဂုဏ်ပြုတာပါ..."
နန်ယောင်ချွမ်က စုပိုင်ချယ့်ကို သူ့နားဆွဲခေါ်ထားလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို အကဲခတ်နေသည်။
" အင်မော်တယ်ကျန့်ကျန်းရော ဘယ်မှာလဲ... သူ ဘာလို့ ကျုပ်ကို ထွက်လာမတွေ့တာလဲ..."
လင်ယဲ့က သူလှမ်းဆွဲထားသည့်လူကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စက်ဖြင့် ပြောလိုက်သည်။
" တကယ်လို့ ခင်ဗျားက လာပြီးဂုဏ်ပြုတာဆိုလည်း ဂုဏ်ပြုတဲ့ကိစ္စပဲလုပ်ပါ... ဘာကိစ္စ ကျုပ်တို့ဂိုဏ်းသားကို ဖမ်းထားတာလဲ..."
၎င်းကိုမြင်သည်နှင့် စုပိုင်ချယ့်၏ မျက်နှာထက်တွင် ပျော်ရွှင်ဝမ်းမြောက်သည့် အမူအရာဖြစ်လာပြီး မျက်လုံးထောင့်တွင် မျက်ရည်များ ရစ်ဝဲလာကာ တုန်တုန်ယင်ယင်ဖြင် ပြောလိုက်သည်။
" ဂိုဏ်းချုပ် ကျွန်တော့်ကို ကယ်ပါဦး..."
နတ်ဆိုးနယ်မြေမှာနေတုန်းက ကြာစေ့စွပ်ပြုတ်တွေ နေ့တိုင်းသောက်ခဲ့ရတာ... အော်ဂလီဆန်လိုက်တာ...
ထောင့်တစ်နေရာတွင် မတ်တပ်ရပ်ကြည့်နေသော ရှန်းလျိုရှန့်က ကောင်းကင်ယံကို မော့ကြည်နေသည်။
ဖရုံစေ့စားချင်လိုက်တာ ဟင်း ~~~
သို့ရာတွင် သူ့အဆာပြေမုန့်များက ကျိုးရွှမ်လန်ထံတွင်ဖြစ်၍ သူ မတောင်းချင်ပေ။
သူ ဝေခွဲရခက်နေစဉ်မှာပင် ကျိုးရွှမ်လန်က သူ့နောက်တွင် တိတ်တဆိတ်ပေါ်လာပြီး ခေါ်လိုက်သည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့်၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။
ကျိုးရွှမ်လန်က သူ့လက်ကိုလှမ်းဆွဲပြီး ဖရုံစေ့အချို့ထည့်ပေးလိုက်ကာ နက်မှောင်သော မျက်ဝန်းများဖြင့် ကြည့်နေသည်။
" နိုးလာပြီးတည်းက ဘာလို့ ကျွန်တော့်ကို ရှောင်နေတာလဲ ရှစ်စွမ်း..."
ရှန်းလျိုရှန့် သူနှင့် မတော်တဆ အကြည့်ချင်းဆုံသွားချိန်တွင် အမြန်အကြည့်လွှဲလိုက်ပြီး ခြောက်ကပ်ကပ်ဖြင့် ဖြေလိုက်သည်။
" ငါမင်းကို မရှောင်ပါဘူး..."
ထို့နောက် ဖရုံစေ့များကို တမြုံမြုံဝါးနေသည်။
နန်ယောင်ချွမ်က ဂိုဏ်းချုပ်များကို ထိပ်တိုက်ရင်ဆိုင်နေ၍ လေထဲမှ အခြေအနေက အစောပိုင်းနှင့်တူတူဖြစ်နေသည်။
သူ့အကြံအစည်ကို မည်သူမှ မသိကြပေ။ အကယ်၍ သူ စုပိုင်ချယ့်ကို လာရောက်ဖမ်းဆီးခြင်းဆိုပါက သူ့ကိုဖမ်းပြီးသည်နှင့် ထွက်သွားမည်ဖြစ်သည်။ သူ ဓားဂိုဏ်းကို တိုက်ခိုက်ရန်ရောက်လာပြီး သူ့လူများကို အမိန့်မပေးသေးဟု ခံစားနေရ၍ မြေပြင်ပေါ်မှကြည့်နေသော တပည့်များက စိုးရိမ်တကြီးဖြစ်နေသည်။
ခဏအကြာတွင် နန်ယောင်ချွမ်က ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေသည့် အခြေအနေကို ဖြိုခွဲလိုက်ပြီး တစ်နေရာကိုလှမ်းကြည့်လိုက်သည်။
" ညီလေး ဒီကိုလာခဲ့..."
အားလုံး အံ့အားသင့်သွားပြီးနောက် သူကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်ကြသည်။
နတ်ဆိုးအရှင်သခင်မှာ တကယ်ပဲ ညီတစ်ယောက်ရှိတာလား...
အဲဒါ သူလား...
ရှန်းလျိုရှန့်၏ ပါးစပ်ထဲမှ ဖရုံစေ့များက ရုတ်တရက် အရသာပျောက်ဆုံးသွားသည်။ သူ တုံ့ဆိုင်းမနေတော့ဘဲ ထွက်ပြေးရန်ဆုံးဖြတ်လိုက်သော်လည်း နန်ယောင်ချွမ်၏ ဖမ်းဆီးခြင်းစွမ်းရည်က ပြိုင်ဘက်ကင်းဖြစ်သည်။ လက်ချောင်းများဖြင့်လေကို အသာလှမ်းဆွဲလိုက်ရုံဖြင့် ရှန်းလျိုရှန့်၏ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာဖြင့် သူ့ထံ ဆွဲခေါ်ခံလိုက်ရသည်။
မြေပြင်ပေါ်တွင် တအံ့တဩအသံများဖြင့် ပြည့်သွားပြန်သည်။
" ရှန်းလျိုလျိုပါလား... သူပဲဖြစ်နေပြန်ပြီ..."
" သူ့ကို ရှန်းလျိုလျိုလို့ မခေါ်နဲ့... သူက ချင်းလင်ဂိုဏ်းရဲ့ အင်မော်တယ်ရှန်းလေ..."
" သူက ဓားဂိုဏ်းနဲ့ပါ ပတ်သက်နေရုံမကဘူး နတ်ဆိုးအရှင်သခင်ရဲ့ ညီလေးဖြစ်နေတာလား... မယုံနိုင်စရာပဲ..."
ရှန်းလျိုရှန့် သက်ပြင်းခပ်ဖွဖွချလိုက်သော်လည်း တည်ငြိမ်နေဆဲဖြစ်သည်။ ဝိညာဉ်ချည်နှောင်နည်းစနစ်က သူ့ကို မထိန်းချုပ်ထားနိုင်တော့ပြီဖြစ်၍ သူ့ကိုခေါ်သွားကြလျှင်ပင် သူတို့အနိုင်ရသည်ဟု မဆိုလိုနိုင်ပေ။
ထိုအခိုက်အတန့်တွင် သူ့ခါးနားမှ တင်းကြပ်မှုတစ်ခုကို ခံစားလိုက်ရသည်။
လရောင်အောက်တွင် ငွေရောင်ဖဲကြိုးရှည်တစ်ချောင်းက ရှန်းလျိုရှန့်၏ခါးကို လာရောက်ရစ်ပတ်ပြီး သူ့ကိုဆွဲခေါ်ကာ ခေါင်မိုးတစ်ခုပေါ် ချပေးလိုက်သည်။
လေက သူ့နားထဲ တဝှီဝှီတိုက်ခတ်နေ၍ ရှန်းလျိုရှန့် ဒယိမ်းဒယိုင်ဖြစ်သွားရသည်။ သူ လဲကျလုဆဲဆဲဖြစ်သွားချိန်တွင် လက်တစ်ဖက်က သူ့ကိုဖမ်းထိန်းပေးလိုက်သည်။
" အဆင်ပြေရဲ့လား..."
ရင်းနှီးနေတဲ့ အသံတစ်သံပါလား...
ရှန်းလျိုရှန့် မျက်လုံးလှန်ကြည့်လိုက်သောအခါ ကြည်လင်အေးစက်သော မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။
မြေပြင်ပေါ်တွင် တိတ်ဆိတ်မှုတို့ ကြီးစိုးသွားသည်။
အထူးသဖြင့် ဓားဂိုဏ်းမှတပည့်များမှာ ငွေရောင်ဖဲကြိုးပေါ်လာသည်ကိုမြင်သည်နှင့် မသက်မသာဖြစ်မှုနှင့် ရင်းနှီးမှုတို့ ရောယှက်နေသည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။ ဓားသခင်ယဲ့က ရှန်းလျိုရှန့်ဆင်းသက်လာမည့်နေရာတွင် စောင့်နေပြီး သူ့ကိုကူတွဲပေးထားကာ စိုးရိမ်တကြီးဖြင့် ကြည့်နေသည်ကို မြင်လိုက်ရသည်။
တစ်ခဏတွင်းချင်းမှာပင် သူတို့အားလုံး၏မျက်နှာကို ရေခဲရေဖြင့် လောင်းချလိုက်သကဲ့သို့ နိုးနိုးကြားကြား ဖြစ်ကုန်သည်။
ယနေ့ည အခြေအနေကို ဖော်ညွှန်းပြစရာ စကားတစ်ခွန်းသာရှိသည်။
အေးစက်လိုက်တာ...
" ငါတို့ဓားသခင်က တကယ်ကို စိတ်ကောင်းရှိတာပဲ... သူက အင်မော်တယ်ရှန်းကို သဘောမကျတာတောင်မှ ကျင့်ကြံဆင့်ကိုသုံးပြီး သူ့ကိုကယ်ပေးတယ် ဟားဟား..."
" ဟုတ်တယ် ဓားသခင်က လမ်းဘေးနားမှာ ချော်လဲနေတဲ့ အဖွားအိုကြီးတွေကိုတောင် ကူညီပေးတတ်တာပဲ ဒါမျိုးက အထူးအဆန်းမဟုတ်တော့ပါဘူး ဟားဟား..."
" ဟုတ်တယ် ဓားသခင်မှာက မက်မွန်ပွင့်လို မျက်ဝန်းတစ်စုံရှိတဲ့ပုံပဲ သူက အားလုံးကို ကြင်နာတတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တယ်လေ... အံ့ဩစရာမဟုတ်တော့ပါဘူး ဟားဟား..."
"ဟားဟား"ဟူသော ရယ်သံများထဲတွင် အဓိပ္ပါယ်ဖော်ညွှန်းမရနိုင်သော ခါးသီးမှုများစွာ စိမ့်ဝင်နေသည်။
ဤသို့ဖြင့် ဓားဂိုဏ်းမှ တပည့်များမှာ သူ့အလိုလိုတိတ်ဆိတ်သွားကြပြန်သည်။
ယနေ့ညတွင် သူတို့ကို တိတ်ဆိတ်မှုက လွှမ်းခြုံထားသည်။
အနက်ရောင်တိမ်တိုက်များက လမင်းကြီးကို အုပ်မိုးထားပြီးနောက် မကြာမီအချိန်တွင် မိုးရွာချတော့သည်။
ရှန်းလျိုရှန့် ထိုလူကို ကျေးဇူးတင်လိုက်သည်။
သူ သတိလစ်နေစဉ်က တွေ့ခဲ့ရသော ပုံရိပ်ယောင်ကို မမေ့သေးပေ။ သူတို့ကလေးဘဝက ဆုံတွေ့ခဲ့မှုက ယဲ့ပင်းရန်၏စိတ်ထဲတွင် နက်ရှိုင်းသောခံစားချက်တစ်ခု ဖြစ်ပေါ်စေခဲ့ပုံရသည်။
သို့ရာတွင် သူ မည်သို့ကြည့်သည်ဖြစ်စေ မူလရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို ဦးစွာသဘောကျခဲ့ပုံမပေါ်ပေ။
ထိုအစား ယဲ့ပင်းရန်၏ အပြုအမူများက...
သူ့ဦးခေါင်းအထက်တွင် တစ်စုံတစ်ခု ရောက်ရှိလာ၍ သူ့အတွေးများ ရပ်တန့်သွားရသည်။
ယခုမှ ခူးဆွတ်လာပုံရသည့် နူးညံ့သော အစိမ်းရောင်ကြာရွက်တစ်ရွက်က လန်းဆန်းပြီး စိတ်ချမ်းမြေ့ဖွယ်ကောင်းသော ရနံ့တစ်မျိုးကို ထုတ်လွှတ်ပေးနေသည်။
မိုးရေစက်များက သစ်ရွက်ပေါ်ကျလာ၍ တတောက်တောက်အသံများ ထွက်ပေါ်နေသည်။
ရှန်းလျိုရှန့် အနည်းငယ်လန့်သွားမိပြီး မော့ကြည့်လိုက်သည်။
ယဲ့ပင်းရန်၏ အရပ်ရှည်ရှည်ပုံရိပ်က မိုးရေထဲတွင် ရပ်နေပြီး မျက်လွှာချထားကာ စကားတစ်ခွန်းမှ မပြောသော်လည်း သူ့ခန္ဓာကိုယ်က ဝမ်းနည်းပက်လက်ဖြစ်ကာ နောင်တရနေသည့်ဟန်ဖြစ်ပေါ်နေသည်မှာ ရှင်းလင်းထင်ရှားလှပေသည်။
သူ့ မြင်ကွင်းထဲတွင်...
ခါးအထိရောက်သော ဆံပင်ရှည်ကြီးနှင့် လူငယ်လေး၏ မျက်နှာတစ်ဝက်က ကြာရွက်ဖြင့်ဖုံးနေပြီး ကြော့ရှင်းလှသော မေးရိုးနှင့် အနည်းငယ်စိုစွတ်နေသည့် ချယ်ရီရောင်နှုတ်ခမ်းများကိုသာ မြင်ရပေသည်။
သူ ခေါင်းမော့လိုက်ချိန်တွင် အသက်ဝင်လှသော ချယ်ရီရောင်နှုတ်ခမ်းများ ပေါ်လာသည်။
သူ့မျက်လုံးထောင့်စွန်းမှ ကော့ညွတ်နေသည့် မျက်တောင်များက လူအများ၏ နှလုံးသွေးကြောကို အလွယ်တကူ လှုပ်ရှားသွားစေနိုင်သည်။
သူနဲ့ တစ်ပုံစံတည်းတူတာပဲ...
ဘာလို့ သူ့ကို မမှတ်မိခဲ့ရတာလဲ...
ယဲ့ပင်းရန်၏ အမူအရာကို မြင်သည့်အခါ ရှန်းလျိုရှန့်က သူတစ်ခုခု မလုပ်ပါက တစ်ဖက်လူ ငိုတော့မည်ဟု ခံစားလိုက်ရသည်။
သူ ခဏတာ တွန့်ဆုတ်နေပြီးသည့်နောက်တွင် ကြာရွက်ကိုဖယ်ပြီး ယဲ့ပင်းရန်၏ခေါင်းပေါ် ဆောင်းပေးလိုက်သည်။
" ငါ မိုးကာဖို့ မလိုပါဘူး မင်းပဲဆောင်းပါ..."
ယဲ့ပင်းရန်၏နှုတ်ခမ်းများ လှုပ်ရှားသွားပြီး နူးညံ့သောအသံဖြင့် ပြောလိုက်သည်။
မိုးများ သည်းထန်စွာရွာသွန်းနေ၍ ရှန်းလျိုရှန့်က သူပြောသည်ကို ရှင်းရှင်းလင်းလင်းမကြားလိုက်ရပေ။
" ပြန်ပြောပါဦး..."
ပုံမှန်အချိန်တွင် အေးတိအေးစက်နိုင်လှသော ယဲ့ပင်းရန်၏အသံက အနည်းငယ် တုန်ယင်နေသည်။
" မင်း ငါ့ကို သဘောကျသေးလား..."
ရှန်းလျိုရှန့်က ထိုမေးခွန်းမျိုး ထပ်မံအမေးခံရမည်ဟု မမျှော်လင့်ထား၍ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါပြလိုက်သည်။
ကြည့်ရတာ ယဲ့ပင်းရန်က ငါ့ကိုမယုံသေးလို့ထင်တယ်... ပြီးတော့ စုပိုင်ချယ့်ရှိနေတဲ့အချိန်မှာ တစ်ခုခု အထင်လွဲခံရမှာစိုးလို့ ဒီအခွင့်ကောင်းယူပြီး သူတို့ဆက်ဆံရေးကို ရှင်းရှင်းလုပ်ချင်နေတာဖြစ်မယ်...
သို့ဖြစ်၍ ယဲ့ပင်းရန်၏ လောလောလတ်လတ် ကယ်တင်ပေးထားမှုကို တွေးတောကာ အခြားသောကိစ္စများကို ဘေးဖယ်ထားလိုက်ပြီး ဤကိစ္စကို ယဲ့ပင်းရန် စိတ်ကျေနပ်အောင် ကိုင်တွယ်ပေးရမည်ဟု သူ တွေးလိုက်သည်။
သို့ဖြစ်၍ ရှန်းလျိုရှန့်က လည်ချောင်းရှင်းလိုက်ပြီး ဖြူဖြူသွယ်သွယ်လက်ချောင်းသုံးချောင်းကို ထောင်ကာ လူအများက ယဲ့ပင်းရန်ကို အထင်မလွဲအောင် အများရှေ့တွင် ကြေညာလိုက်သည်။
" တကယ်လို့ ကျွန်တော်က ပေလွင်ဓားသခင်ယဲ့ပင်းရန်အပေါ် မသင့်တော်တဲ့ အတွေးမျိုး ထပ်ရှိနေခဲ့ဦးမယ်ဆိုရင် မိုးကြိုးအပစ်ခံရပြီး ထာဝရ မရပ်တည်နိုင်ပါစေနဲ့..."
သူ့စကားဆုံးသည်နှင့် မျက်နှာချင်းဆိုင်မှလူကို ပြုံးပြလိုက်သည်။
" ဘယ်လိုလဲ ကျေနပ်ပြီလား..."
ယဲ့ပင်းရန်၏လည်ချောင်းထဲတွင် သတ္တုအရသာမျိုး
ခံစားလိုက်ရ၍ အံတင်းတင်းကြိတ်ထားပြီး မနည်းအားတင်း၍ ပြန်မျိုချထားလိုက်ရသည်။
သူ့မျက်လုံးများကလည်း သွေးနီရောင်ဖြစ်လာသည်။
ခဏအကြာတွင် မိုးရေထဲတွင် လှပစွာပြုံးပြနေသည့် လူငယ်လေးဘက်ကိုလှည့်ပြီး နှုတ်ခမ်းများကွေးညွတ်ကာ တောက်ပစွာပြုံးပြလိုက်သည်။
" ငါ သဘောပေါက်ပါပြီ ကျေးဇူးတင်ပါတယ်..."