Chapter 54
ထိုသို့သောအပြုံးမျိုးကို ရှန်းလျိုရှန့် တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့ပေ။ သူ့မျက်ဝန်းနှင့် နှုတ်ခမ်းများက ပြုံးရွှင်နေသည့် အမူအရာကို ပြသနေသော်လည်း အမျိုးအမည်မဖော်ပြနိုင်သည့် ဝမ်းနည်းမှုတစ်မျိုး ပါဝင်နေသည်။
သူ မျက်ခုံးများ မတွန့်ချိုးဘဲ မနေနိုင်တော့ပေ။
" မင်း အဆင်ပြေရဲ့လား..."
ယဲ့ပင်းရန်က နောက်ဆုံးတွင် သူ့အပြုံးကို ပြန်ရုတ်သိမ်းလိုက်ပြီး ခက်ခဲသော တာဝန်တစ်ခုကို လုပ်ဆောင်နေရသည့်သဖွယ် စိတ်ပျက်လက်ပျက်ဖြစ်နေသည့် အမူအရာမျိုးသာ ကျန်ရှိတော့သည်။
သူ ခေါင်းအသာခါလိုက်သော်လည်း သူ့ပုံရိပ်က ပြင်းထန်စွာ ယိမ်းထိုးလာသည်။ ရှန်းလျိုရှန့်က သူ့ကိုအမြန်ဖမ်းထိန်းထားလိုက်ပြီးနောက်တွင် သူ့ခန္ဓာကိုယ်ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များက ကမောက်ကမဖြစ်နေသည်ကို သတိပြုမိလိုက်၏။ သူ့မျက်လုံးများ ပြူးကျယ်သွားတော့သည်။
" မင်း အဆင့်တက်တော့မှာလား..."
တိတ်ဆိတ်နေခဲ့သော လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်လာပြန်သည်။
နောက်တစ်လှမ်းထပ်တက်ရင် ဓားသခင်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်တော့မှာပဲ...
လန်ရှောင်ရှန့်၏မျက်နှာက ဖြူဖျော့သွားလေသည်။
အဆင့်တက်နေစဉ် အတောအတွင်းတွင် မည်သည့်အနှောင့်အယှက်မျိုးမဆို ပေါ်ပေါက်လာနိုင်သည်။ အကယ်၍ ဂရုမစိုက်မိပါက ပြန်လမ်းမဲ့ ကပ်ဘေးကြီးတစ်ခုထဲ ကျရောက်သွားနိုင်သည်။ ယခုအခိုက်အတန့်တွင် နန်ယောင်ချွမ်၏ မကြိုဆိုသော ရောက်ရှိလာမှုနှင့် ပတ်ဝန်းကျင်တွင် အုတ်အုတ်ကျက်ကျက်ဖြစ်နေခြင်းများကြောင့် ယဲ့ပင်းရန်အဆင့်တက်ရန် အချိန်ကောင်းမဟုတ်သေးပေ။
တစ်ယောက်ယောက်ကတော့ ယဲ့ပင်းရန်ကို ကာကွယ်ရတော့မယ်...
လန်ရှောင်ရှန့် အလောတကြီးဖြင့်သွားတော့မည့်အချိန်တွင် နန်ယောင်ချွမ်က လက်တစ်ဖက်မြှောက်ပြီး သူ့ကိုတားမြစ်လိုက်သည်။
" ကျုပ်ကြားတာတော့ ဓားသခင်က သူ့ဂျုနီယာတပည့်လေးတွေကို တော်တော်ဂရုစိုက်တယ်တဲ့... အခု သူ အဆင့်တက်တော့မှာဆိုတော့ သူတို့တွေ ထွက်လာပြီး ကူညီသင့်တာမလား..."
လန်ရှောင်ရှန့်၏မျက်နှာက အေးတိအေးစက်ဖြစ်လာသည်။
" မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
နန်ယောင်ချွမ်က ပြုံးရုံသာပြုံးပြီး စကားတစ်ခွန်းမှ မပြောပေ။ လင်ယဲ့မြင်သည့်အခါ မျက်လုံးများမှေးကျဉ်းလိုက်ပြီး သူ့ဘေးနားမှ စုပိုင်ချယ့်ကို လှမ်းဆွဲလိုက်သည်။
တစ်ခဏတွင်းချင်းမှာပင် ထိုနေရာ၌ ဖရိုဖရဲများဖြစ်လာသည်။
မိုးရေစက်များက ပြင်းထန်စွာကျဆင်းနေ၍ ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကိုတွဲထားပြီး ထိုင်ချခိုင်းလိုက်သည်။ မိုးရေစက်များက သူတို့မျက်နှာပေါ် ကျဆင်းနေပြီး ယဲ့ပင်းရန်၏ မျက်တောင်ရှည်များက အနည်းငယ် တုန်ယင်နေကာ မျက်လုံးဖွင့်ရ ခက်ခဲနေသည်။
ရှန်းလျိုရှန့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ လန်ရှောင်ရှန့်၊ နျဉ်ယွင်ရှင်းနှင့် အခြားလူများကို နတ်ဆိုးကျင့်ကြံသူများက ပိတ်ဆို့ထား၍ သူတစ်ယောက်တည်းသာ ယဲ့ပင်းရန်ကို ကာကွယ်ရန် ကျန်ရစ်တော့သည်။
ရှန်းလျိုရှန့်က ယဲ့ပင်းရန်ကို ကာကွယ်ရန်အတွက် အရံအတားတစ်ခု ချထားလိုက်ပြီး အကာအကွယ်တစ်ခု ထပ်ထည့်တော့မည့်အချိန်တွင် လူတစ်ယောက်က တိတ်ဆိတ်စွာဖြင့် သူ့ဘေးနားပေါ်လာသည်။
ထိုအခိုက်အတန့်တွင် သူ့ရင်ထဲ ကြက်သီးထသွားသကဲ့သို့ ခံစားလိုက်ရသည်။
" ငါ့တာဝန်ထားလိုက်..."
ထိုလူက အနက်ရောင်ဖဲသားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်ရှည်များကို ကျောက်စိမ်းသရဖူတစ်ခုဖြင့် သေသပ်စွာ စည်းနှောင်ထားသည်။ သူ့မျက်နှာက ခက်ထန်မာကျောပြီး ချောမောခံ့ညားလှသည်။ သူ့လက်တစ်ဖက်မြှောက်ကာ အရံအတားပေါ်တွင် အကာအရံတစ်ထပ် ထပ်တင်လိုက်ပြီး ပြင်ပမှ နှောင့်ယှက်မှုမျာကို ဟန့်တားလိုက်သည်။
" ဆရာသခင် ဆရာသခင်ရောက်လာပြီ..."
ဓားဂိုဏ်းမှတပည့်များ ပျော်ရွှင်သွားကြပြီး အခြားလူများကလည်း ဝမ်းသာသွားကြပုံပေါ်သည်။
ကျင့်ကြံရေးလောကရဲ့ တစ်ဦးတည်းသော မဟာယနအဆင့် ကျင့်ကြံသူ ရောက်လာပြီပဲ...
ခေါင်မိုးထက်တွင် ရပ်နေသောပုံရိပ်ကိုကြည့်လျက် နန်ယောင်ချွမ်၏ မျက်လုံးများက အနည်းငယ်မှေးကျဉ်းသွားပြီး အချိန်အတန်ကြာမှသာ နှုတ်ခမ်းများကော့ညွတ်၍ ဟားတိုက်ရယ်မောလိုက်သည်။
" ယွီဖူရှန့် အိုးး ယွီဖူရှန့် စိတ်ဝင်စားစရာကောင်းသားပဲ... တကယ်ကို စိတ်ဝင်စားစရာကောင်းတယ်... ဒီခရီးစဉ်မှာ ဒီလောက်အင်အားစုကြီးကို ခေါ်ခဲ့ရတာ ထိုက်တန်ပါတယ်..."
လင်ယဲ့က စုပိုင်ချယ့်ကို ကယ်တင်ပြီးပြီဖြစ်သည်။ ထိုစကားကိုကြားသည့်အခါ တာအိုဆရာသခင်ကျန့်ကျန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် မေးလိုက်သည်။
" သူ ဘာကိုပြောချင်တာလဲ..."
[ T/N - အားလုံး မသိသေးမှာစိုးလို့ တစ်ခုရှင်းပြချင်ပါတယ်၊ တာအိုဆရာသခင်ကျန့်ကျန်းဆိုတာ ယဲ့ပင်းရန်ရဲ့ဆရာရဲ့ တရားဝင်ဘွဲ့ပါ၊ ရှန်းလျိုရှန့်ကို အင်မော်တယ်ရှန်းလို့ခေါ်သလိုမျိုးနဲ့ နန်ယောင်ချွမ်ကို နတ်ဆိုးအရှင်သခင်လို့ ခေါ်တာတွေနဲ့ သဘောတရားချင်းတူပါတယ်၊ သူ့နာမည်ကို စစ်မှန်ဓားအင်မော်တယ် လို့ ဘာသာပြန်ရင်လည်းရပေမယ့် E translator က တာအိုဆရာသခင်ဆိုတဲ့စကားနဲ့ ပိုသင့်တော်တယ်ထင်လို့ အဲ့လိုပဲ ပြန်ထားတာပါလို့ ပြောပါတယ် ၊ အရင်တုန်းက တာအိုပညာရှင်လို့ ရေးခဲ့မိတာတွေကို နောက်ပိုင်းမှာလည်း တာအိုဆရာသခင်လို့ ပြင်ရေးမှာပါ]
" ဒီလောကကြီးထဲမှာ မင်း နားမလည်နိုင်သေးတဲ့အရာတွေ အများကြီး ရှိပါသေးတယ်..."
နန်ယောင်ချွမ်က တအံ့တဩဖြင့်ပြောလိုက်ပြီးနောက် မရှင်းမလင်းအဓိပ္ပါယ်မျိုးဖြင့် ထပ်ပြောလိုက်သည်။
" ဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က ဖရိုဖရဲဖြစ်နေပြီးတော့ ကျင့်ကြံရေးလောကရဲ့စွမ်းအားက ဆုတ်ယုတ်လာပြီ... ငါတို့နတ်ဆိုးဘုံမှာလည်း ထူးချွန်တဲ့စစ်သူကြီးတစ်ယောက်ကို ထပ်လိုချင်နေတာ..."
လင်ယဲ့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် အတွေးထဲ နစ်မျောသွားသည်။
" ဒီနေရာကိုလာရတဲ့ ငါ့ရည်ရွယ်ချက်က အောင်မြင်သွားပြီ..."
နန်ယောင်ချွမ်က စုပိုင်ချယ့်ဘက်သို့ လှည့်လိုက်သည်။
" မင်း အပြင်မှာ ပျော်ပြီးပြီမလား... အစ်ကိုကြီးနဲ့အတူ နတ်ဆိုးနယ်မြေကို ပြန်ချိန်ရောက်ပြီ..."
စုပိုင်ချယ့် အံကြိတ်ထားပြီး လင်ယဲ့၏အနားတဖြည်းဖြည်း တိုးကပ်သွားကာ သူ့ကိုစိုက်ကြည့်နေသည်မှာ အကြည့်ဖြင့်ပင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေနိုင်ပေသည်။ သူက ထိန်းချုပ်ခံရသော ခံစားချက်မျိုးကို အလွန်မုန်းတီးပေသည်။
ငါ နတ်ဆိုးနယ်မြေကို ဘယ်တော့မှ ပြန်မသွားချင်တော့ဘူး...
နန်ယောင်ချွမ်က သူ၏ မကျေမနပ်ဖြစ်နေသောအကြည့်ကို သတိပြုမိပြီး ဂရုမစိုက်ဟန်ဖြင့် ပြုံးပြလိုက်ကာ လက်တစ်ဖက်ကမ်းလိုက်သည်။
" မင်း သဘောနဲ့မင်းပဲလိုက်လိုက် ငါကပဲ လိုက်ဖမ်းဖမ်း ရလဒ်ကတော့ အတူတူဖြစ်နေမှာပဲ...တစ်ခုတည်းသော ပြောင်းလဲမှုကတော့ ဟိုကိုပြန်ရောက်ရင် မင်းကို ဆက်ဆံတဲ့ပုံ ပြောင်းလဲသွားမှာပဲ... သေချာစဉ်းစား..."
စုပိုင်ချယ့်၏ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင်တုန်ယင်လာပြီး သူ့မျက်ဝန်းထဲတွင် အေးစက်စက်နှင်းမှုန်များ ပြည့်လာသည်ဟု ထင်ရပေသည်။
သူ့စိတ်ထဲတွင် ရွံရှာစက်ဆုပ်သော စိတ်ခံစားချက်မျိုး ဖြစ်ပေါ်လာခဲ့သည်။
ငါသာ စွမ်းအားကြီးမယ်ဆိုရင် ဒီလိုမျိုး ထိန်းချုပ်ခံရမှာ မဟုတ်ဘူး...
သူ့စိတ်ထဲမှ ထုံရှီးက ပျာယာခတ်နေပြီး ကျယ်လောင်စွာအော်ဟစ်နေသည်။
" မင်း နတ်ဆိုးသခင်နဲ့ လိုက်သွားလို့မဖြစ်ဘူး... လင်ယဲ့ကို မြန်မြန်တွယ်ကပ်ထား...အရေးကြီးဆုံးအချိန်ရောက်တော့မှာ မင်း ကျိုးရွှမ်လန်ရဲ့ဘေးနားမှာ နေမှဖြစ်မယ်..."
စုပိုင်ချယ့်၏မျက်နှာက ဖြူဖျော့လာပြီး စိတ်မပါသော်လည်း လင်ယဲ့၏ ဝတ်ရုံလက်ကို ဆွဲထားလိုက်သည်။
သူ အကူအညီတောင်းတော့မည့်အချိန်တွင် သူ့နားနားကပ်၍ ရယ်လိုက်သောအသံကို ကြားလိုက်ရသည်။
" အကြီးအကဲစုဆီက ဘာလို့ မနံတော့တာပါလိမ့်..."
စုပိုင်ချယ့် ကြက်သီးထသွားမိသည်။
ရှန်းလျိုရှန့်က မည်သည့်အချိန်ကမှန်းမသိဘဲ သူ့ဘေးနားတွင် ရုတ်ချည်းပေါ်လာသည်။ သူခြေထောက်မြှောက်၍ စုပိုင်ချယ့်ကို ဘေးနားမှ အသာကန်လိုက်သည့်အခါ ဒယိမ်းဒယိုင်ဖြင့် လင်ယဲ့အနားမှခွာပြီး နန်ယောင်ချွမ်ထံသို့ ရောက်သွားလေသည်။
အရာအားလုံးက မမျှော်လင့်ဘဲ ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
လင်ယဲ့ လှည့်ကြည့်လိုက်သောအခါ သူ့ဆရာတူညီလေး၏ ပြုံးစစမျက်နှာကို မြင်လိုက်ရ၍ ခဏကြာသည်အထိ စကားမပြောနိုင်ဖြစ်သွားပြီး ဘေးနားမှလူများကလည်း တအံ့တဩဖြစ်ကုန်သည်။
လန်ရှောင်ရှန့် : “······”
ဒီငတုံးလေးကတော့...
တစ်ဖက်လူကို သဘောမကျဘူးဆိုရင်တောင်မှ ဒီလောက် လူအများကြီးရှေ့မှာ အဲ့လိုမလုပ်သင့်ဘူးလေ...
တစ်ဂိုဏ်းတည်းသားချင်းကို အားလုံးရှေ့မှာ အန္တရယ်တောထဲ တွန်းပို့လိုက်တယ်ဆိုတာ တော်တော်ရက်စက်တဲ့ အပြုအမူပဲ... သူ နာမည်ပျက်မှာကို မကြောက်ဘူးလား...
လင်ယဲ့က သူ့နှဖူးကိုအသာထိလိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။
သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး ရှန်းလျိုရှန့်၏ခေါင်းကို အသာဖိကာ လက်ချောင်းသွယ်သွယ်များဖြင့် နူးညံ့သော အနက်ရောင်ဆံနွယ်များကို ရှုပ်ပွနေသည့်ငှက်သိုက်ဖြစ်အောင် ဆွဲဖွလိုက်ပြီး ဒေါသကိုဖြေဖျောက်လိုက်သည်။
ဆူပူခံရတော့မည်ဟု ထင်ထားသော ရှန်းလျိုရှန့်မှာ ခဏတာ အေးခဲတောင့်တင်းသွားပြီးနောက် တအံ့တဩဖြင့် ပြောလိုက်သည်။
" ရှစ်ရှုန်း ကျွန်တော့်ဆံပင်ကို ဆွဲမဖွနဲ့တော့ ကျွန်တော် ထိပ်ပြောင်တော့မယ်..."
လင်ယဲ့က မေးလိုက်သည်။
" ကိုယ့်အမှားကိုယ် သိပြီလား..."
ရှန်းလျိုရှန့် နှုတ်ခမ်းစူလိုက်ပြီး ရှုပ်ပွနေသည့်ဆံပင်များကို လက်ဖြင့်အုပ်ပြီး ဘေးနားတိုးသွားသည်။
" ကျွန်တော်သိပါပြီ ရှစ်ရှုန်း..."
ကြည့်ရှု့နေသူအားလုံးက ရှန်းလျိုရှန့်၏ ရဲတင်းသော အပြုအမူကြောင့် အံ့ဩနေကြဆဲဖြစ်သည်။
လင်ယဲ့က တစ်ဖက်သို့လှည့်လိုက်ပြီး ခါးမတ်မတ်ပြန်ရပ်ကာ ညလေပြည်များ တိုက်ခတ်လာချိန်တွင် သူ့ဝတ်ရုံပေါ်၌ လှိုင်းတွန့်များ ဖြစ်ပေါ်လာစေသည်။
သူက လက်နှစ်ဖက်ယှက်ပြီး ဟန်ဆောင်ပြောလိုက်သည်။
" ဒါဆိုရင်တော့ အစ်ကိုနန်ကပဲ စုပိုင်ချယ့်ကို ဂရုစိုက်ပေးပါဦး... တစ်ရက်မှ ကျွန်တော်ကိုယ်တိုင် နတ်ဆိုးနယ်မြေကိုလာပြီး သူ့ကိုပြန်ခေါ်ပါ့မယ်..."
နန်ယောင်ချွမ် မျက်ခုံးပင့်လိုက်ပြီး သူ့ရည်ရွယ်ချက်ကို သဘောပေါက်သွားသည်။
ချင်းလင်ဂိုဏ်းချုပ်ဖြစ်သောလင်ယဲ့က စုပိုင်ချယ့်ကို နတ်ဆိုးနယ်မြေသို့ သွားရန်သဘောတူလိုက်ကြောင်း ထိုနေရာတွင်ရှိသောလူအားလုံးကို အသိပေးလိုက်သည်။ ဤသို့ဖြင့် အစောပိုင်းတွင် ရှန်းလျိုရှန့်က စုပိုင်ချယ့်ကို တွန်းထုတ်လိုက်ခြင်းက အပြစ်ဟု သတ်မှတ်မရတော့ပေ။
ထို့အပြင် လင်ယဲ့နှင့် နန်ယောင်ချွမ်က မိတ်ဆွေများဖြစ်ကြောင်းကို တစ်လောကလုံး သိကြပေသည်။ သို့ဖြစ်၍ သူတို့နှစ်ကိုယ်ကြား သီးသန့်သဘောတူညီမှုများ ရှိလိမ့်မည်ဟု မှန်းဆနိုင်ပေသည်။
နန်ယောင်ချွမ်က သူ့ကိုမျက်နှာသာပေးသည့်အနေဖြင့် အလိုက်သင့်ပြန်ပြောလိုက်သည်။
" ငါသူ့ကို သေချာပေါက် ဂရုစိုက်မှာပါ..."
စုပိုင်ချယ့်၏မျက်နှာက ပြာနှမ်းလာသော်လည်း နတ်ဆိုးအရှင်သခင်က သူ့ကိုဆွဲထားသောကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ သူ့အကြည့်များက ရှန်းလျိုရှန့်ထံတွင်သာ ရှိနေသည်။
တစ်နေ့ကျရင်တော့ သူ့ကိုသတ်ပစ်ဦးမယ်...
စုပိုင်ချယ့်၏စိတ်ထဲမှ ထုံရှီးက စိုးရိမ်တကြီးဖြင့် အော်ဟစ်နေသည်။
" မကောင်းတော့ဘူး မကောင်းတော့ဘူး... ငါတို့ အခု ဘယ်လိုလုပ်ကြမလဲ... ငါမင်းကို နတ်ဆိုးနယ်မြေကို မသွားနဲ့လို့ ပြောတယ်မလား... တကယ်လို့ အခုချိန် ကျိုးရွှမ်လန်က မင်းကိုလိုအပ်နေတာကို မင်းက ဒီနေရာမှာမရှိရင် အနာဂတ်ကျ သူ့ကိုဘယ်လိုမျိုး အပိုင်ချုပ်မှာလဲ... အခုတောင် တော်တော်လေး အခက်တွေ့နေတာကို..."
စုပိုင်ချယ့်၏ မျက်လုံးများက အေးစက်လာသည်။
နန်ယောင်ချွမ်က ထွက်သွားခါနီးတွင် ရှန်းလျိုရှန့်ကို နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။
" မင်းရော ငါနဲ့လိုက်မလား... ကျင့်ကြံရေးလောကမှာ နောက်ပိုင်း အေးချမ်းတော့မှာမဟုတ်ဘူး... ငါ့မွေးစားအဖေကိုယ်စား မင်းကို နတ်ဆိုးနယ်မြေမှာ စောင့်ရှောက်ပေးထားလို့ရတယ်..."
ရှန်းလျိုရှန့်က အသက်ရှင်ရန် လက်လျှော့လိုက်ပုံရသည့် စုပိုင်ချယ့်ကိုကြည့်ကာ ခြောက်ကပ်ကပ်ဖြင့် ပြုံးပြလိုက်ပြီး နှုတ်ဆက်ဟန်ဖြင့် လက်ပြလိုက်သည်။
" ဂရုစိုက်ပါ အစ်ကိုနန်..."
နန်ယောင်ချွမ်က စုပိုင်ချယ့်၏ အမူအရာက်ို မြင်သော်လည်း စကားတစ်ခွန်းမှ မပြောပေ။ နောက်ဆုံးတွင် တာအိုဆရာသခင်ကျန့်ကျန်းကို တစ်ချက်ကြည့်ကာ အဓိပ္ပါယ်ပါပါဖြင့် ပြုံးပြလိုက်ပြီးနောက် နတ်ဆိုးနယ်မြေမှ လူများကိုခေါ်ပြီး ထွက်ခွာသွားသည်။
လက်ရှိ ကျင့်ကြံရေးလောကမှာ အလေးစားခံရဆုံးလူဖြစ်တဲ့ ယွီဖူရှန့်က အမှောင်ထုထဲ ရောက်သွားတာ တကယ့်ကို ဟာသပဲ...
အဲဒါကို ဒီလူတွေက မမြင်နိုင်ကြဘဲ သူ့ကိုဆက်ပြီး ရိုသေလေးစားနေကြတာပဲ... နောက်ဆုံးတော့ အကျိုးဆက်ကို ခံစားရမှာ သူတို့တွေပဲ...
နတ်ဆိုးနယ်မြေမှအုပ်စုကြီး ထွက်ခွာသွားသည့်အခါ အားလုံး၏ရင်ထဲမှ ဖိအားများက ချက်ချင်းလွင့်ပြယ်သွားပြီး သူတို့မျက်နှာထက်တွင်လည်း ကပ်ဘေးကြီးမှ ရှင်သန်လာသည့် ဝမ်းမြောက်ဝမ်းသာဖြစ်မှုများ ပေါ်လာသည်။
ရှန်းလျိုရှန့်က မိုးခိုရန် နေရာတစ်ခုရှာတွေ့သွားသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက မိုးရေများစိုရွှဲနေကာ အနက်ရောင်ဆံနွယ်များကလည်း ကျောပြင်တွင်ကပ်နေပြီး သူ့ဝတ်ရုံပေါ်မှ တတောက်တောက်ကျလာသည့် ရေစက်များကြောင့် သူ့ဘေးနားမှ မြေကြီးက လျင်မြန်စွာ စိုစွတ်သွားသည်။
သူ့ပါးစပ်ကိုအုပ်ကာ နှာချေလိုက်ပြီးနောက် သိုလှောင်အိတ်ကိုကြိုးဖြည်ကာ လဲဝတ်ရမည့် နောက်ထပ်ဝတ်ရုံတစ်ထည်ကို ရှာဖွေလိုက်သည်။ အိတ်ထဲတွင် ပစ္စည်းပေါင်းများစွာဖြင့် ပြည့်နေ၍ အချိန်အတော်အတန်ကြာအောင် ရှာဖွေပြီးမှ နောက်ဆုံးတွင် အဝတ်တစ်ထည်ကို ရှာတွေ့သွားသည်။
အပြင်ထုတ်ကြည့်လိုက်သည့်အခါ ၎င်းက ကြက်သွေးရောင်မြေခွေးမွေးဝတ်ရုံဖြစ်နေသည်။
သူတို့ ဝါးရုံတောထဲသွားခဲ့စဉ်က အလွန်အေးနေသောကြောင့် ကျိုးရွှမ်လန် သူ့ကိုခြုံပေးခဲ့သည့်ဝတ်ရုံဖြစ်နေသည်။
ရှန်းလျိုရှန့်က ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်သောအခါ သူ့တပည့်ကို မတွေ့ရပေ။ သူ့တပည့်က ကိစ္စတစ်ခုခုဖြစ်တိုင်း သူ့ထံသို့ ဦးစွာပြေးလာတတ်သူဖြစ်သည်။
သူ့စိတ်ထဲ မသက်မသာဖြစ်သွားပြီး သားမွေးဝတ်ရုံကိုခြုံ၍ လက်ရန်းကိုမှီနေပြီး အနည်းငယ်စိုစွတ်သွားသည့် ဖရုံစေ့များကို ဝါးနေသည်။
လက်တစ်ဆုပ်စာခန့် ဖရုံစေ့များကို ဝါးပြီးသည့်နောက်တွင် သူ့ဘေးနားမှ ဝိညာဉ်စွမ်းအင်က ပုံမှန်ပြန်ဖြစ်လာပြီး ယဲ့ပင်းရန်သည်လည်း အောင်အောင်မြင်မြင်ဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားသည်။
သူ့မျက်လုံးများ ပြန်ပွင့်လာချိန်တွင် မျက်လုံးထဲ၌ အစိတ်စိတ်အမြွှာမြွှာဖြစ်နေသည့် အလင်းအရိပ်ယောင်များကို တွေ့လိုက်ရသည်။
ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ပြီးသည့်နောက် အစောပိုင်းမှလူတစ်ယောက်ကိုမှ မမြင်တွေ့ရသည့်အခါ ယဲ့ပင်းရန်၏စိတ်ထဲ ဝမ်းနည်းသွားသည့် အမူအရာမျိုး ဖြစ်လာသည်။ သူ မတ်တပ်ရပ်ပြီး ယွီဖူရှန့်ကို ဦးညွတ်အရိုအသေပြုလိုက်သည်။
" ကျွန်တော့်ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှစ်ဖူ..."
ယွီဖူရှန့်က လက်နောက်ပစ်ရပ်နေပြီး ညလေပြည်လေညင်းများ တိုက်ခတ်နေသောကြောင့် သူ့ဝတ်ရုံလက်များက လေနှင့်အတူလွင့်နေသည်။
" မင်း အခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားတာ...ဝိညာဉ်စွမ်းအင်တွေက မတည်ငြိမ်သေးဘူး... အရင်ဆုံး အဲဒါကိုတည်ငြိမ်အောင်လုပ်ရမယ်... တခြားကိစ္စတွေကို မင်းရဲ့ဆရာ(ဂိုဏ်းချုပ်)နဲ့ ရှစ်ရှု့ဆီမှာ အပ်ထားခဲ့လိုက်..."
[ T/N - ယဲ့ပင်းရန်က ဓားဂိုဏ်းချုပ်နဲ့ တာအိုဆရာသခင်ကျန့်ကျန်း နှစ်ယောက်လုံးရဲ့ တပည့်ပါ ]
ယဲ့ပင်းရန် ခေါင်းအသာညိတ်ပြလိုက်ပြီး စင်္ကြန်လမ်းရှည်ကြီးကို တစ်ချက်လှည့်ကြည့်ပြီးမှ ထွက်ခွာသွားလေသည်။
ယွီဖူရှန့်က သူလှမ်းကြည့်နေသည့်နေရာကို လိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ဝတ်ရုံလက်ကို တစ်ချက်ခါလိုက်သည်နှင့် မျက်စိတစ်မှိတ်အတွင်းတွင် လူငယ်လေး၏ရှေ့၌ ပေါ်လာသည်။
" မင်းက ကျုံးချင်းရဲ့ တပည့်ပဲ..."
ယွီဖူရှန့် ရုတ်တရက်ပေါ်လာသောကြောင့် ရှန်းလျိုရှန့် လန့်သွားခဲ့သည်။ ယွီဖူရှန့်ကို မြင်ချိန်တိုင်း အကြောင်းအရင်းအချို့ကြောင့် သူ့စိတ်ထဲတွင် ကြောက်လန့်နေမိသည်။
စိတ်တည်ငြိမ်သွားသည့်အခါ သူ ဦးညွတ်လိုက်ပြီး ပြောလိုက်သည်။
" တာအိုဆရာသခင်ကျန့်ကျန်းကို ဂါရဝပြုပါတယ်..."
ယွီဖူရှန့်က စကားတစ်ခွန်းမှမပြောဘဲ ရှေ့တိုးလာပြီး သူ့ပခုံးကို ဖိလိုက်သည်။
ရှန်းလျိုရှန့်က သူ့ခန္ဓာကိုယ်ထဲသို့ အေးစက်သော ဝိညာဉ်စွမ်းအင်များ ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီးနောက် တစ်ကိုယ်လုံးကိုက်ခဲလာကာ သူ့မျက်နှာက ဖြူဖျော့လာသည်။
ထိုအခိုက်အတန့်တွင် လင်ယဲ့ရောက်လာပြီး ယွီဖူရှန့်ကို နှုတ်ဆက်လိုက်သည်။
" တာအိုဆရာသခင်..."
ယွီဖူရှန့် ရပ်တန့်သွားပြီး သူ့ကိုကြည့်လိုက်သည်။
" မင်းရဲ့ဂိုဏ်းသားတစ်ယောက်ကို ကုမရတဲ့ နတ်ဆိုးအဆိပ်မိထားတယ်လို့ မင်း ဟိုတစ်ခေါက်က ပြောဖူးတယ်နော်... အဲ့အချိန်တုန်းကတော့ ငါမယုံခဲ့ဘူး... ကြည့်ရတာ အခုအဲဒါက လိမ်နေတာ မဟုတ်ဘူးပဲ..."
ရှန်းလျိုရှန့်က ဖိနှိပ်ခံထားရသည်မှ လွတ်မြောက်အောင် ထွက်ပြေးပြီး လင်ယဲ့၏အနားကို ချက်ချင်းတိုးကပ်သွားသည်။
၎င်းကိုမြင်သည့်အခါ ယွီဖူရှန့်က ပြောလိုက်သည်။
" မင်း ငါ့ကို ကြောက်နေတာပဲ..."
ရှန်းလျိုရှန့် ခေါင်းခါလိုက်ပြီး သူ့ပခုံးကို ပွတ်နေလိုက်သည်။
" တာအိုဆရာသခင်ရဲ့စွမ်းအားက လေးစားလောက်စရာပဲမို့ ကျွန်တော် ရိုသေအားကျမိပါတယ်... အဲဒါကြောင့် အနားကို အလွယ်တကူမကပ်ရဲပါဘူး..."
" မင်းက ကလေးဘဝတုန်းကထက်ပိုပြီး ထိန်းထိန်းသိမ်းသိမ်း နေတတ်လာတာပဲ..."
ယွီဖူရှန့်၏ မျက်ဝန်းများထဲက မသေချာ မရေရာမှုကြောင့် မည်းမှော
င်လာသည်။
" ငါ အရင်တုန်းက မင်းကိုချီခဲ့ဖူးတယ်... မင်းမှတ်မိသေးလား... အဲ့တုန်းက ကျုံးချင်းလည်း ရှိသေးတယ်... သူ ဓားဂိုဏ်းကိုလာတိုင်း မင်းကိုအမြဲခေါ်လာတတ်တယ်လေ..."
ဖန်ကျုံးချင်းက သူ့ရှစ်စွမ်း တာအိုဆရာသခင်ဝူယွမ်၏ နာမည်ဖြစ်သည်။