အပိုင်း ၅၅
Viewers 22k

Chapter 55



လင်ယဲ့က ပြောလာသည်။

" ကျွန်တော့် ဆရာတူညီလေးက အဲ့အချိန်တုန်းက ငယ်ငယ်လေးပဲ ရှိသေးတာဆို‌တော့ ဒါတွေကို မမှတ်မိလောက်ဘူး... ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့ တာအိုဆရာသခင်..."


" ကျုံးချင်းရဲ့တပည့်တွေကို ငါ ဘာကြောင့် အပြစ်တင်ရမှာလဲ... မင်းတို့ ညီအစ်ကိုနှစ်ယောက် ကြီးပြင်းလာတာကို ငါ စောင့်ကြည့်နေခဲ့တာပဲ... အခု သူ မရှိတော့ဘူးဆိုတော့ မင်းတို့ကို ငါ့တပည့်တွေလိုပဲ သဘောထားရမှာပေါ့..."


သူ ရှေ့တစ်လှမ်းတိုးလာပြီး ရှန်းလျိုရှန့်၏ပခုံးပေါ် လက်တစ်ဖက်တင်ကာ နှစ်ကြိမ်တိတိ အသာပုတ်ပေးလိုက်သည်။

" ကျုံးချင်းက မင်းကို အချစ်ဆုံးဆိုတာ ငါမှတ်မိတယ်..."


ပြောပြီးသည်နှင့် ယွီဖူရှန့်က ထိုနေရာမှ ပျောက်သွားတော့သည်။


ရှန်းလျိုရှန့်က အေးစက်စက်ဖြစ်လာသောကြောင့် မြေခွေးမွေးဝတ်ရုံကို တင်းကြပ်စွာ ဝတ်ထားလိုက်သည်။


လင်ယဲ့က သူ့နှဖူးကို လက်ဖြင့်အသာတောက်လိုက်သည့်အခါ နွေးထွေးမှတစ်ခုက သူ့ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်သွားသည်။


" ရှစ်စွမ်းနဲ့ တာအိုဆရာသခင်ကျန့်ကျန်းတို့က အချိန်တော်တော်ကြာတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ရှိပြီး မိတ်ဆွေဖြစ်ခဲ့ကြတာ... ရှစ်စွမ်း ထွက်သွားတော့လည်း သူ အကြာကြီးလိုက်ရှာခဲ့ပြီးမှ လက်လျှော့ခဲ့တာ... ငါတို့နှစ်ယောက်ကိုမြင်တော့ ရှစ်စွမ်းကို ပြန်သတိရသွားလို့ သူ့စိတ်ခံစားချက်တွေကို မွှေနှောက်လိုက်သလို ဖြစ်သွားတာနေမယ်... မစိုးရိမ်ပါနဲ့..."


ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်သည်။

" ရှစ်စွမ်းက ဘယ်ကိုသွားတာလဲ..."


မူရင်းဝတ္ထုထဲတွင်မူ ယွီဖူရှန့်နှင့် ဖန်ကျုံးချင်းကဲ့သို့သော ဇာတ်ကောင်များအကြောင်း အနည်းငယ်သာ ‌ပါဝင်ခဲ့ပေသည်။


" ငါလည်းမသိဘူး..."

လင်ယဲ့ ခေါင်းခါပြလိုက်ပြီးနောက် အတိတ်ကို ပြန်လည်တမ်းတသည့် အမူအရာမျိုး ဖြစ်ပေါ်လာသည်။


" ရှစ်စွမ်းက အလျင်စလိုထွက်သွားပြီးတော့ ငါ့ကို စကားတချို့ပဲ ပြောခဲ့တာ..."


ရှန်းလျိုရှန့် မေးလိုက်သည်။

" ဘာလို့ အလျင်စလိုထွက်သွားခဲ့ရတာလဲ... သူ ဘာကိုစိုးရိမ်နေခဲ့တာလဲ..."


လင်ယဲ့က ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီးနောက် သူ့မျက်ဝန်းထဲတွင် နောက်ပြောင်ကျီစယ်လိုသည့် အရိပ်အယောင်မျိုး ပေါ်လာသည်။


" မင်း အပြင်လောကမှာ အတွေ့အကြုံသစ်တွေ သွားရှာပြီး ပြန်လာတော့မှာဆိုတော့ သူ မြန်မြန်ထွက်သွားတာပေါ့... မဟုတ်ရင် မင်းသူ့ကို တွယ်ကပ်ပြီး ငိုယိုနေမှာဆိုတော့ သူ ဘယ်ထွက်သွားရက်မလဲ..."


ရှန်းလျိုရှန့်က စိတ်ကောက်သွားဟန်ဖြင့် နှာခေါင်းကိုပွတ်လိုက်သည်။ 


" အဲဒါဆို သူက ကျွန်တော့်ကိုတမင်တကာ အပြင်လောကကို ပို့လိုက်တာလား..."


" အဲ့လိုဖြစ်လောက်တယ်..."

လင်ယဲ့က စကားပြောနေစဉ် ရှန်းလျိုရှန့်၏ဝတ်ရုံနှင့် ဆံပင်များ ခြောက်သွားသည်ကိုမြင်၍ လက်ပြန်ရုတ်လိုက်သည်။


" ရှစ်စွမ်း ရှိတုန်းကဆိုရင် မင်း အတွေ့အကြုံထွက်ယူရမယ့်နေရာတွေကို အမြဲဆုံးဖြတ်ပေးတယ်လေ..."


ရှန်းလျိုရှန့် ထိတ်လန့်သွားခဲ့သည်။


ငါ့ကို နန်ကျိုးနဲ့ အရှေ့ပိုင်းကျတ်တီးမြေကို လွှတ်ခဲ့တာ တာအိုဆရာသခင်ဝူယွမ်လား... သူ တစ်ခုခုကို သိနေခဲ့တာများလား...


လင်ယဲ့ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

" အချိန်ရှိပါသေးတယ်... အနားယူလိုက်ဦး... ငါတို့တွေ မနက်ဖြန်ကျရင် ဂိုဏ်းကို ပြန်ကြမယ်..."


.....


ယွီဖူရှန့် သူ့လှိုဏ်ဂူထဲသို့ ပြန်ရောက်သည့်အခါ သူ့ပုံရိပ်က အရောင်လက်လာပြီး လက်ချောင်းများက အေးစက်သည့် ကျောက်တုံးနံရံထဲ ဝင်သွားသောကြောင့် လတ်ဆတ်သောသွေးများစီးဆင်းလာစေသည်။ 


သူ့လက်ဖျားများ နာကျင်လာသော်လည်း သူ့စိတ်ထဲတွင်မူ အလွန်ဝမ်းသာနေသည်။


ထိုနေ့က ဖန်ကျုံးချင်းမှာ လောကကြီး၏ အကြောင်းအကျိုးကို သိမြင်ခံစားပြီး သဲလွန်စပင်ရှာမရဘဲ ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုကြသည်။ လူအများစုက သူ ကောင်းကင်ဘုံသို့ တက်သွားသည်ဟု ယုံကြည်ကြသော်လည်း ယွီဖူရှန့်က မယုံကြည်ခဲ့ပေ။


သူ့စိတ်ထဲမှ ဂရုတစိုက်ရှိနေပြီး လက်မလွှတ်နိုင်တဲ့အရာတစ်ခုခု ရှိနေမှာ... 


အခုတော့ သဲလွန်စကို ရှာတွေ့သွားခဲ့ပြီ...


ဖန်ကျုံးချင်း ဘယ်နေရာမှာရှိတယ်ဆိုတဲ့ သဲလွန်စကို ရှန်းလျိုရှန့်ရဲ့ ခန္ဓာကိုယ်မှာ ဖွက်ထားလောက်မှာ... တာအိုဆရာသခင်ဝူယွမ်က သူ့တပည့်ကို အရမ်းချစ်လို့ အဲ့ကလေးအတွက် အခွင့်အလမ်းတွေ ရှာပေးခဲ့ပြီးတော့ သူ့ကို နန်ကျိုးနဲ့ အရှေ့ပိုင်းကျတ်တီးမြေကို ပို့ခဲ့တာ... မဟာကပ်ဘေးကြီးအကြောင်း ကြိုသိထားတာတောင် ဘာကြောင့် အဲ့ကလေးကို ထားခဲ့ပြီး ကောင်းကင်ဘုံကို တက်သွားရမှာလဲ...


ယွီဖူရှန့် ခပ်တိုးတိုးရယ်လိုက်သည်။ 


သူ ခေါင်းပြန်မော့လိုက်ချိန်တွင် သူ့မျက်နှာထက်၌ နတ်ဆိုးအော်ရာ ခပ်ဖျော့ဖျော့ဖြင့် ဖုံးလွှမ်းနေလေသည်။ 


.....


ရှန်းလျိုရှန့် ချင်းလင်ဂိုဏ်းသားများ၏ တည်းခိုဆောင်သို့ ပြန်ရောက်သည့်အခါ ကျိုးရွှမ်လန်၏ အခန်းကို လှမ်းကြည့်လိုက်မိ၏။ အထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် သူ မည်သည့်နေရာထွက်သွားကြောင်း သိချင်နေမိသည်။


သူ့ကို သွားရှာသင့်မသင့် တွေးတောနေစဉ်တွင် အရိပ်ထဲမှ ပုံရိပ်ငယ်လေးတစ်ခုထွက်လာပြီး သူ့ခြေထောက်ကို ပြေးဖက်လာသည်။


" ပါပါး ~ " 


ရှန်းလျိုရှန့်က ဝဝကစ်ကစ်ကလေးလေးကို လက်တစ်ဖက်တည်းဖြင့် ချီလိုက်ပြီး အခန်းသို့ ပြန်လာခဲ့သည်။


" ပါပါး နေကောင်းသွားလို့ တော်ပါသေးတယ်..."

ရှန်းပုပုက သူ့လည်ပင်းကို ဖက်တွယ်ထားပြီး ပျော်ရွှင်စွာဖြင့် သူ့ကိုပွတ်သပ်နေသည်။


သူ့မျက်နှာသေးသေးလေးက ရှန်းလျိုရှန့်၏လည်တိုင်ထဲ နစ်ဝင်နေပြီး ပါးပြင်အထက်မှ ရွှေရောင်သစ်ရွက်လေးနှစ်ရွက်ကလည်း လှုပ်ယမ်းနေသည်။


" ပုပုက မနက်ဖြန်ကျရင် အဖွဲ့ခေါင်းဆောင်ဖိုးဖိုးနဲ့ ဂျင်ဆင်းတောင်ကို ပြန်သွားရတော့မှာ..."


ယနေ့ညတွင် သူက ပုံမှန်ထက်ပို တွယ်ကပ်နေပြီး ရှန်းလျိုရှန့်ကို ညွှန်ကြားနေသည်။


" ပါပါး ပုပုအကြောင်းကို တစ်နေ့တစ်ခါတော့ တွေးပေးရမယ်နော် ဟုတ်ပြီလား..."


ရှန်းလျိုရှန့်က သူ၏ ဖြူဖွေ့ပျော့ပြောင်းသော ပါးဖောင်းဖောင်းလေးကို အသာဖျစ်ညှစ်လိုက်သည်။


နောက်ပိုင်းတွင် ထိုပါးဖောင်းဖောင်းလေးကို နေ့တိုင်းမဖျစ်ညှစ်ရတော့မည်ကို တွေးမိသွားသောအခါ သူ့စိတ်ထဲ အနည်းငယ် အထီးကျန်သွားမိသည်။


" မင်း မနေနိုင်ဘူးဆိုရင်တော့ ငါနဲ့တူတူ ချင်းလင်ဂိုဏ်းကို လိုက်ခဲ့လို့ရတယ်လေ..."


ရှန်းပုပုက အနက်ရောင်မျက်ဝန်းတောက်တောက်လေးများဖြင့် သူ့ကို ခဏကြာသည်အထိ စိုက်ကြည့်နေသည်။ ခဏအကြာတွင် သူ့မျက်ဝန်းလေးများက အရောင်မှိန်သွားပြီး ပြောလိုက်သည်။


" ပုပုက ဂျင်ဆင်းတောင်ပေါ်မှာပဲနေဖို့ အသင့်တော်ဆုံးလို့ ပါပါးပြောခဲ့တယ်လေ... ပုပု အရွယ်ရောက်လာရင် ပါပါးက ဂျင်ဆင်းတောင်ပေါ်ကိုလာပြီး ခေါ်မယ်လို့ ကတိပေးထားခဲ့တယ်လေ..."


ရှန်းလျိုရှန့် ခဏတာ အလေးအနက်စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်။


" မင်းက ဘယ်အချိန်မှ အရွယ်ရောက်လာမှာလဲ..."


" အသီးသီးတဲ့အချိန်ဆို အရွယ်ရောက်ပြီ..."

ရှန်းပုပုက သူ့ခေါင်းပေါ်မှ သစ်ရွက်လေးကို ထိကြည့်လိုက်ပြီး ပြုံးပြလာသည်။ 


" သိပ်မကြာတော့ပါဘူး နောက်နှစ်တစ်ရာလောက်ဆို အသီးသီးပြီ..."


ရှန်းလျိုရှန့်က ပြန်ဖြေလိုက်သည်။

" ဒါဆိုရင်တော့ ငါ အချိန်ယူပြီးတော့ ဂျင်ဆင်းတောင်ပေါ်က မင်းဆီကို လာလည်ရတော့မှာပဲ..."


သူ့ သိုလှောင်အိတ်ကိုယူပြီးနောက် မြေခွေးမွေးဝတ်ရုံကို အထဲထည့်လိုက်သည်။ ရုတ်တရက် သူ တစ်စုံတစ်ရာကို သတိရသွားပြီး အိတ်အတွင်းထဲ မွှေနှောက်ရှာဖွေပြီးသည့်နောက် ဝိညာဉ်ဆေးပင်တစ်ပင်ကို ထုတ်လိုက်သည်။


ရှန်းပုပုက ရုတ်ချည်း မျက်မှောင်ကြုတ်လိုက်သည်။

" ပါပါး အဲဒါကြီးကို မြန်မြန်လွှင့်ပစ်လိုက်..."


ရှန်းလျိုရှန့် အံ့အားသင့်သွားမိ၏။ ထိုဆေးပင်တစ်ပင်လုံးက ခရမ်းရောင်ဖြစ်ပေသည်။ ၎င်းကို နျဉ်ယွင်ရှင်းနေထိုင်သည့်စံအိမ်မှ နှုတ်ယူထားခဲ့ခြင်းလည်းဖြစ်သည်။ ထိုအချိန်က သူ့စိတ်ထဲတွင် တစ်ခုခု ထူးဆန်းနေ၍ ထိုအပင်တစ်ပင်ကိုနှုတ်ပြီး သိုလှောင်အိတ်ထဲ ထည့်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါမှ ၎င်းကို စစ်ဆေးကြည့်ရန် သတိပြန်ရသည်။


" ဒီဆေးပင်က တစ်ခုခုဖြစ်နေလို့လား..."


ရှန်းပုပုက အနံ့ခံကြည့်လိုက်သည်။ 

" အဲဒါ ခရမ်းရောင်နတ်ဘုရား‌မြက်ပင် လေ... ကျင့်ကြံဆင့်တိုးလာအောင် ကူညီပေးနိုင်ပေမယ့်... ဝိညာဉ်သွေးကြောတွေကို ထိခိုက်နိုင်တော့ နောက်ပိုင်းကျရင် ပိုမြင့်တဲ့အဆင့်ရောက်ဖို့ အခွင့်အရေးမရတော့ဘူး..."


ရှန်းလျိုရှန့် ထိတ်လန့်သွားရသည်။ နျဉ်ယွင်ရှင်းစံအိမ်ထဲမှ အပင်တိုင်းကို တာအိုဆရာသခင်ကျန့်ကျန်း(ယွီဖူရှန့်) က ရွေးချယ်စိုက်ပျိုးပေးထားခြင်းဟု သူကြားဖူးသည်။


ခရမ်းရောင်နတ်ဘုရားမြက်ပင်က ဘယ်လောက်အန္တရာယ်များတယ်ဆိုတာ သူသိမှာပဲ... သိသိကြီးနဲ့ စိုက်ပေးထားတယ်ဆိုရင်...


ရှန်းလျိုရှန့် အတွေးထဲနစ်မျောနေစဉ်တွင် ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်စွမ်းအင်များက ရုတ်ချည်းတင်းကြပ်လာသည်။


လူတစ်ယောက်က လက်ဖက်ရည်စားပွဲဘေးနားမှခုံတွင် တိတ်တဆိတ် ပေါ်လာသည်။ သူက လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့သောက်လိုက်ပြီး သူ့မျက်နှာက အေးစက်စက်အော်ရာတစ်မျိုး ထုတ်လွှတ်နေသည်။


အမျိုးအမည်မသိသော ဖိအားတစ်မျိုး ပျံ့နှံ့လာသည်။


ဝိညာဉ်ဆေးပင်ကိုကိုင်ထားသော ရှန်းလျိုရှန့်၏လက်က တုန်ယင်လာပြီး သူ သတိမထားမိမီမှာပင် ဆေးပင်က ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။ 


သူ အသိစိတ်ပြန်ဝင်လာချိန်၌ သူနှင့် လုံးလုံးလျားလျားမရင်းနှီးသော နေရာတစ်ခုတွင် ရောက်နေသည်အား တွေ့လိုက်ရသည်။ သူ့ခေါင်းတစ်ခုလုံးကိုက်ခဲနေပြီး စိတ်ထဲတွင်လည်း အထပ်ထပ်အခါခါ တီးတိုးရေရွတ်သံများဖြင့် ပြည့်နေသည်။ 


" မင်းက ကျုံးချင်းရဲ့ ချစ်တပည့်လေးဆိုတော့ ငါမင်းကို အန္တရာယ်မပေးချင်ပါဘူး... ငါမင်းကို အခွင့်အရေးတစ်ခုပေးမယ် ကျုံးချင်းဘယ်မှာလဲ ငါ့ကိုပြောပြ..."


" သူက ငါ့အပေါ်တော့ ရက်စက်ပေမယ့် မင်းကိုတော့ လက်လွှတ်နိုင်မှာ မဟုတ်ဘူး... သူ ဘယ်နေရာသွားတယ်ဆိုတာ မင်းကို ကျိန်းသေပေါက် ပြောပြခဲ့မှာပဲ..."


" သူ ဒီလောကမှာ ရှိနေသရွေ့ ဘယ်မှာပုန်းနေနေ ငါလိုက်ရှာမှာပဲ..."


" မင်း မသေချင်ဘူးဆိုရင် ငါ့ကိုပြောပြပါ..."


လက်တစ်ဖက်က ရှန်းလျိုရှန့်၏လည်ပင်းကို တင်းကြပ်စွာညှစ်နေသည်ကို ခံစားလိုက်ရပြီးနောက် အသက်ရှုကြပ်လာသည်။


သူ အသက်ရှုမဝ ဖြစ်တော့မည့်အချိန်တွင် ဖိအားမှ လွတ်မြောက်သွားသည်။


ယွီဖူရှန့်က သူ့ဆံပင်ရှည်ကြီးကို ဖြည်ချလိုက်သည့်အခါ သူ့ခေါင်းပေါ်မှ ကျောက်စိမ်းသရဖူက နှစ်ခြမ်းကွဲသွားသည်။ အေးစက်သော အနက်ရောင်အော်ရာတစ်မျိုးက သူ့ကို ဝန်းရံနေပြီး သူ့ပုံစံက ငရဲမှရောက်လာသည့် တစ္ဆေတစ်ကောင်နှင့် တူနေသည်။


သူ တဖြည်းဖြည်းထိုင်ချလိုက်ပြီး လက်တံဆိပ်တစ်ခုပြုလုပ်ကာ ရေရွတ်လိုက်သည်။


" ကျုံးချင်း သေသေချာချာကြည့်ထားလိုက်... မင်းတပည့်က ငါ့ကို ဒီလိုလုပ်လာအောင် ဖိအားပေးခဲ့တာ... မင်း ဘယ်နေရာမှာရှိတယ်ဆိုတာကို သူ ငါ့ကိုမပြောပြလို့ ဝိညာဉ်ကိုသုံးပြီး ငါရှာရတော့မယ်... မင်း ငါ့ကို အပြစ်မတင်လောက်ဘူးမလား..."


" ဒါပေမဲ့ မင်း ငါ့ကို အပြစ်တင်မယ်ဆိုရင်လည်း ပြဿနာမရှိပါဘူး... ကိုယ်တိုင်ထွက်လာပြီးတော့ ငါ့ကိုသတ်လေ..."


အေးစက်စက်လက်တစ်ဖက်က နှဖူးကို လာထိချိန်တွင် ရှန်းလျိုရှန့်၏တစ်ကိုယ်လုံး တုန်ယင်သွားရသည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာနာကျင်မှုမျိုးမဟုတ်ဘဲ သူ့စိတ်ဝိညာဉ်ကို ဓားဖြင့်လှီးကာ ခန္ဓာကိုယ်နှင့် ကွဲသွားအောင် ဖြတ်ထုတ်နေသကဲ့သို့ နာကျင်မှုမျိုး ဖြစ်သည်။ 


နာကျင်မှုက တဖြည်းဖြည်း မခံမရပ်နိုင်အောင် ဖြစ်လာပြီးနောက် ရှန်းလျိုရှန့်၏ အသိစိတ်က တဖြည်းဖြည်း ပျောက်ကွယ်စပြုလာသည်။ သူကိုယ်တိုင်ပင် မသိလိုက်ဘဲ လက်သည်းများဖြင့် လက်မောင်းကို ကုတ်ခြစ်နေပြီး ဝိညာဉ်ထံမှ နာကျင်မှုကို ခန္ဓာကိုယ်သို့ ပြောင်းလဲသွားအောင် ပြုလုပ်နေသည်။


ထိုမြင်ကွင်းကို တွေ့သောအခါ ယွီဖူရှန့်က ‌ရွှင်မြူးသွားပြီး သူ့ကို ဓားမြှောင်တစ်ချောင်းပစ်ပေးလိုက်သည်။


" နည်းနည်းလောက် တောင့်ခံထားဦး... မင်းရဲ့ဝိညာဉ်ကို ငါစစ်ဆေးလို့ မပြီးမချင်း မသေစေနဲ့... ကျုံးချင်းက မင်းရဲ့ကိုယ်ပေါ်မှာ ဝိညာဉ်ချိပ်တံဆိပ်တစ်ခု ချန်ထားခဲ့မှာပဲ... ငါ အဲဒါကိုဖျက်ဆီးဖို့ နည်းလမ်းရှာရမယ်..."


အချိန်က နှေးကွေးစွာကုန်ဆုံးသွားပြီး ရှန်းလျိုရှန့်မှာ သူကိုယ်တိုင်မသိလိုက်မီအချိန်တွင် တစ်ကိုယ်လုံး ဒဏ်ရာများဖြင့် ပြည့်သွားပြီး သူ့ဝတ်ရုံကလည်း သွေးများဖြင့် စွန်းထင်းသွားသည်။ ထိုဒဏ်ရာအားလုံးမှာ သူ့လက်သည်းနှင့် ဓားမြှောင်ကြောင့် ဖြစ်လာခဲ့ရခြင်းပင်။ 


သို့ရာတွင် သူ့ဝိညာဉ်ကို ညှင်းပမ်းနှိပ်စက်နေမှုက အဆုံးမရှိတော့သကဲ့သို့ ဆက်လက်ဖြစ်ပေါ်နေသည်။


.....


ကောင်းကင်ကြီးက အုံ့မှိုင်းလာပြီး အာရုဏ်တက်မရောက်မီ အချိန်အနည်းငယ် ကျန်ရှိနေသေးသည်။


တည်းခိုသည့်နေရာတွင်မူ ကျိုးရွှမ်လန်က မီး‌လင်းနေသည့်အခန်းကိုကြည့်ပြီး ခဏတာ တုံ့ဆိုင်းနေပြီးမှ တံခါးဝတွင်ရပ်ကာ ခေါ်လိုက်သည်။

" ရှစ်စွမ်း..."


အခန်းထဲမှ မည်သည့်တုံ့ပြန်သံတစ်စိုးတစ်စိမှ ထွက်မလာပေ။ 


ကျိုးရွှမ်လန် မျက်လွှာချလိုက်ပြီး တံခါးပေါ် လက်တင်ကြည့်လိုက်သည်။


သူက သူ့ရှစ်စွမ်းစိတ်တည်ငြိမ်သွားစေရန် မျှော်လင့်၍ တမင်တကာ နောက်ကျမှ ပြန်လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူ့ရှစ်စွမ်းက သူ့ကိုလျစ်လျူရှု့ထားဆဲဖြစ်ပုံပေါ်သည်။


သူ့လက်ချောင်းများကို ပြန်ချထားလိုက်ပြီး ထွက်သွားရန် တွေးလိုက်မိသော်လည်း စိတ်မပါလက်မပါဖြစ်နေ၍ နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။ သို့ရာတွင် အခန်းထဲမှ တုံ့ပြန်သံ ထွက်မလာခဲ့ပြန်ပေ။


ကျိုးရွှမ်လန်၏ မျက်ခုံးများ တွန့်ချိုးသွားပြီး တံခါးကို တွန်းဖွင့်လိုက်သည်။


အခန်းထဲတွင် သူ့ရှစ်စွမ်းနှင့်တူသည့် ပုံရိပ်တစ်ခုကိုမှ မတွေ့ရဘဲ ရှန်းပုပုတစ်ယောက်တည်းသာ ကြမ်းပြင်ပေါ်လဲကျပြီး သတိလစ်နေသည်။


သူ့ဘေးနားတွင် တစ်ဝက်တစ်ပျက်ခန့် ပျက်စီးနေသော ဝိညာဉ်မြက်ပင်တစ်ပင်ရှိသည်။


ကျိုးရွှမ်လန် ၎င်းကို ကောက်ယူကြည့်လိုက်ပြီးသည့်နောက် မျက်လုံးများ မှေးကျဉ်းသွားသည်။


ဆေးပင်၏ ဖြူဖွေးနေသော အရွက်ပေါ်တွင် အလွန်ကပျာကယာဖြစ်ပြီး ရေးထားခဲ့ပုံရသည့် တွန့်လိမ်နေသော စာလုံးတစ်လုံးရှိနေသည်။


"ယွီ" ဟူသောစာလုံးဖြစ်သည်။


ကျိုးရွှမ်လန် မျက်မှောင်ပိုကြုတ်လိုက်ပြီး အခန်းထဲမှ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။


ယနေ့ညတွင် နတ်ဆိုးအရှင်သခင်၏ တိုက်ခိုက်မှုပြီးဆုံးသွားသည့်နောက် ဓားသခင်ယဲ့က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်သွားခဲ့သည်။ ဖြစ်ရပ်ကြီးများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပြီး နောက်ဆုံးတွင်မီ ငြိမ်သက်သွားခဲ့ရခြင်းဖြစ်သည်။ ဓားဂိုဏ်းမှတပည့်များမှာ အခြားဂိုဏ်းပေါင်းစုံမှ ဂိုဏ်းသားများ ဒဏ်ရာ ရမရ စစ်ဆေးနေလျက် အလုပ်ရှုပ်နေကြ၏။ 


ယဲ့ရှစ်က ချင်းလင်ဂိုဏ်းသားများ၏နေရာကို တာဝန်ယူရသူဖြစ်သည်။ သူ တည်းခိုဆောင်သို့ရောက်ချိန်၌ ပုံရိပ်တစ်ခုက လေပွေတိုက်ခတ်သွားသကဲ့သို့ သူ့ဘေးနားမှ ဖြတ်သွားသည်။


သူတစ်ဖက်သို့လှည့်ကြည့်လိုက်ပြီးနောက် မည်သူမည်ဝါဖြစ်ကြောင်း သိသွားသည့်အခါ အမြန်ပြေးလိုက်လာသည်။

" နေပါဦး... ငါ နံပါတ်စဉ်ပြီးအောင် ရေတွက်ပါရစေဦး..."


သူ့ရှေ့မှပုံရိပ်က ရုတ်ချည်းရပ်တန့်သွားပြီး ပြန်လှည့်ကြည့်လာသည်။ အေးစက်နေသည့်မျက်နှာဖြင့် လူငယ်လေးကို ကြည့်လိုက်ချိန်တွင် သူတို့နှစ်ယောက်လုံးက ရွှေအမြုတေအဆင့် ကျင့်ကြံသူများဖြစ်သော်လည်း ယဲ့ရှစ်၏ စိတ်ထဲ မသက်မသာ ခံစားလိုက်ရသည်။ 


" မင်း ဘာဖြစ်နေတာလဲ..."

ယဲ့ရှစ်က မေးလိုက်သည်။


ကျိုးရွှမ်လန်က သူ့အင်္ကျီကော်လံကို ဆောင့်ဆွဲပြီး အေးစက်စက်ဖြင့် မေးလိုက်သည်။

" ယွီဖူရှန့်ရဲ့လှိုဏ်ဂူ ဘယ်မှာလဲ..."


ယဲ့ရှစ်က သူ့ကို လွှတ်ခနဲ အော်ပြောလိုက်သည်။

" ဘာလို့ ဆရာသခင်ရဲ့နာမည်ကို အဲ့လိုခေါ်ရဲရတာလဲ..."


" သူ ဘယ်မှာလဲလို့ ငါမေးနေတယ်..."


ကျိုးရွှမ်လန်၏ မျက်လုံးများက သွေးနီရောင်သန်းနေပြီး လက်ချောင်းများတုန်ယင်နေသည်မှာ ရင်ထဲမှ သတ်ဖြတ်ချင်စိတ်ကို ဖိနှိပ်ရန် ကြိုးပမ်းနေရသကဲ့သို့ ဖြစ်နေသည်။


ရွှေအမြုတေအဆင့် ကျင့်ကြံသူချင်းဖြစ်သော်လည်း ယဲ့ရှစ်မှာ ခြိမ်းခြောက်ခံလိုက်ရသကဲ့သို့ ခံစားလာရသည်။


" ငါနဲ့လိုက်ခဲ့... လမ်းမှာ ဘာတွေဖြစ်တာလဲ ငါ့ကိုပြောပြဦး... မင်းက အင်မော်တယ်ရှန်းရဲ့တပည့် မဟုတ်ဘူးလား... တစ်ခုခုဖြစ်တယ်ဆို ဘာလို့ မင်းဆရာဆီ မသွားတာလဲ..."


ယဲ့ရှစ်က ပြောလိုက်သည်။


တစ်ခဏတွင်းချင်းမှာပင် သူတို့နှစ်ယောက်လုံး မြင့်မားသော တောင်ထွတ်တစ်ခုပေါ်သို့ ရောက်လာသည်။


" ဆရာသခင်ရဲ့လှိုဏ်ဂူက ဒီတောင်ထွတ်မှာ ရှိတယ်..."


ယဲ့ရှစ်က ဝိညာဉ်မြက်ပင်အကြောင်းကို ကြားပြီးသည့်နောက်တွင် မျက်မှောင်ကြုတ်လိုက်သည်။

" တစ်ခုခု အထင်လွဲတာနေမှာပါ... ဆရာသခင်က အင်မော်တယ်ရှန်းကို အန္တရာယ်ပေးစရာအကြောင်းမှ မရှိတာ အရင်ဆုံး စိတ်အေးအေးထားပါဦး..."


ကျိုးရွှမ်လန်က စကားတစ်ခွန်းမှမပြောဘဲ တောင်ထွတ်ဆီသို့ တစ်ဟုန်ထိုးထွက်သွားသည်။


ယဲ့ရှစ်က သူ့ကို အမြန်ဟန့်တားလိုက်သည်။

" ဒီနေရာကို စောင့်ရှောက်နေတဲ့ ဆရာတူအစ်ကိုအစ်မတွေ အများကြီးရှိတယ်... ငါတို့ အရင်ဆုံးအကြောင်းကြားရမယ်..."


ထိုအချိန်တွင် ဓားရှည်များကိုင်ဆောင်ထားသော ဓားဂိုဏ်းမှ တပည့်တစ်ဒါဇင်ခန့်က သူတို့ရှေ့တွင် ပေါ်လာသည်။ ထိုအုပ်စု၏ခေါင်းဆောင်က အေးစက်စွာပြောလိုက်သည်။

" ဘာကိစ္စရှိလို့လဲ..."


ယဲ့ရှစ်က ဦးညွတ်လိုက်ပြီး ရှင်းပြတော့မည့်အချိန်တွင် ကျိုးရွှမ်လန်က သူကိုယ်တိုင်လမ်းဖောက်သွားရန် စတင်လှုပ်ရှားလိုက်သည်။


" ရဲတင်းလိုက်တာ... ဆရာသခင်ရဲ့ လှိုဏ်ဂူရှေ့မှာ ပြဿနာရှာရဲတယ်ပေါ့လေ..."

အခြားလူများက

ဓားများထုတ်လိုက်ပြီး ကျိုးရွှမ်လန်ကို စတင်တိုက်ခိုက်ကြတော့သည်။


ယဲ့ရှစ် ဇောချွေးများပြန်လာတော့သည်။ အခြေအနေက ထိန်းမနိုင်သိမ်းမရဖြစ်လာသည့်အပြင် ကောင်းမွန်စွာအဆုံးသတ်တော့မည့်ပုံစံ မဟုတ်တော့၍ စိတ်ပိုင်းဖြတ်လိုက်ပြီး ကြားဝင်ရန် ဆုံးဖြတ်လိုက်ရတော့သည်။