Chapter 56
" ချီးပဲ... တကယ်လို့ ငါ ဂိုဏ်းက ထွက်ရမယ်ဆိုရင်တောင် ကိစ္စတွေ အမှားအယွင်းဖြစ်ခွင့်တော့ မပြုနိုင်ဘူး... မြန်မြန်သွားပြီးတော့ ရှန်းလျိုလျိုကိုကယ်လိုက်... ဘာမှမဖြစ်စေနဲ့..."
သူ အော်ပြောလိုက်သည်။
ကျိုးရွှမ်လန်က သူ့ကိုတားဆီးရန် ပြင်နေသူကို ခါထုတ်လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လှိုဏ်ဂူပေါက်ဝသို့ အမြန်ရောက်သွားသည်။ တောင်ထွတ်ကို စောင့်ကြပ်နေသည့်တပည့်များက ဒေါသထွက်သွားကြပြီး ချက်ချင်း သူ့နောက်လိုက်လာကြသည်။
ယဲ့ရှစ်က ဒဏ်ရာအချို့ရထားသောကြောင့် အားလုံး၏နောက်တွင် တဖြည်းဖြည်း ကျန်ရစ်ခဲ့တော့သည်။
သူ ရောက်လာချိန်၌ လှိုဏ်ဂူထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ဝင်ပေါက်ကိုစောင့်ကြပ်သော တပည့်များကလည်း အံ့အားသင့်ပြီး ကြောက်လန့်နေကြပုံပေါ်သည်။
လေထဲတွင် သွေးနံ့ပြင်းပြင်းက ပျံ့လွင့်နေပြီး ယဲ့ရှစ်၏နှလုံးသားထဲတွင်လည်း နိမိတ်မကောင်းသည့် ခံစားချက်တစ်မျိုးဖြစ်လာသည်။ သူ အမြန်ချဉ်းကပ်သွားလိုက်သည်။
သူ့မြင်ကွင်းထဲတွင် ရှန်းလျိုရှန့်က အနက်ရောင်ဆံနွယ်များ ဖရိုဖရဲဖြင့် သွေးအိုင်ထဲလဲနေသည်။ သူ့လက်ထဲတွင် ဓားမြှောင်တစ်ချောင်းကိုင်ထားပြီး ဓားသွားတစ်ဝက်ခန့်က သွေးများစိုရွှဲနေသည့် လက်ကောက်ဝတ်ထဲတွင် စိုက်နေသည်။
သူ့ဘေးတွင်ရပ်နေသူကလည်း ဖရိုဖရဲပုံစံဖြစ်နေပြီး ရက်စက်ကြမ်းကြုတ်သော သရဲတစ္ဆေတစ်ကောင်နှင့် တူနေသည်။ သူ့လက်တစ်ဖက်ကို ရှန်းလျိုရှန့်၏နှဖူးပေါ်ဖိထားပြီး ဆက်တိုက်ရေရွတ်နေသည်။
" ငါသူ့ကို ကျိန်းသေပေါက်ရှာတွေ့မှာ ကျိန်းသေပေါက် ရှာတွေ့မှာ... ကျုံးချင်း မင်းရဲ့ ဝိညာဉ်ချိပ်တံဆိပ်က ဘယ်မှာလဲ..."
" ရှစ်စွမ်း ရှစ်စွမ်း..."
တစ်စုံတစ်ယောက်က တုန်ယင်စွာဖြင့် အော်ခေါ်လိုက်သည်။
ယွီဖူရှန့်၏ မျက်နှာက ပြောင်းလဲသွားပြီး ရူးနှမ်းသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။
" ဘယ်သူမှ ငါ့ကိုတားလို့မရဘူး..."
သူ့ရှေ့မှလူများကို လက်ဝါးချက်ဖြင့် စတင်တိုက်ခိုက်တော့သည်။
ထို့နောက် ယွီဖူရှန့်က ယခုမှရောက်လာသည့် ကျိုးရွှမ်လန်ဘက်သို့ လှည့်လိုက်သည်။
" မင်းကရော ငါ ကျုံးချင်းကိုရှာနေတာကို တားဖို့ရောက်လာတာလား..."
လေထုထဲတွင် တိတ်ဆိတ်မှုက ခဏတာကြီးစိုးသွားသည်။ ကျိုးရွှမ်လန်က သူ့ကိုမော့ကြည့်လိုက်ပြီးနောက် သူ့နှုတ်ခမ်းများထက်တွင် ရက်စက်ပြီး သွေးဆာနေသော အကြည့်တစ်ခု ပေါ်လာသည်။
" ကျုပ် ဒီကိုလာတာ ခင်ဗျားကို သတ်ပစ်ဖို့ပဲ..."
နှစ်တစ်ထောင်ခန့်အထိ တည်ရှိခဲ့သော လှိုဏ်ဂူကြီးမှာ ကြောက်မက်ဖွယ်ရာ နတ်ဆိုးအော်ရာကြီး ပျံ့နှံ့လာမှုကြောင့် ပြိုလဲကျသွားသည်။ အာရုဏ်တက်ချိန် နီးကပ်လာသည်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးပစ်နိုင်သော ရှေးဟောင်းကမ္ဘာဦးစွမ်းအားကြီးတစ်ခု ဆင်းသက်လာသည်။
ကမ္ဘာမြေပြင်တစ်ခုလုံး တုန်ယင်လာပြီး ကောင်းကင်ကြီး ပြောင်းလဲလာသည်။
ရှန်းလျိုရှန့်က နောက်ဆုံးလက်ကျန်အသိစိတ် ကျန်ရစ်နေဆဲဖြစ်ပြီး တစ်စုံတစ်ယောက်က သူ့ကို အရိုးထဲနစ်ဝင်သွားမတတ် ဖက်ထားသည်ကို အာရုံခံလိုက်မိသည်။
ထိုလူ၏အသံက အက်ရှရှဖြစ်နေပြီး အနည်းငယ်တုန်ယင်နေသည်။
" ရှစ်စွမ်း မကြောက်ပါနဲ့ ကျွန်တော်ရောက်လာပြီ..."
ရှန်းလျိုရှန့်၏ လက်ဖျားများက အနည်းငယ်လှုပ်ရှားသွားပြီး မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ သူ့နားထဲတွင် "ရှစ်တိ" ဟူသည့် အသံတိုးတိုးကိုလည်း ကြားလိုက်ရသည်။
သူ ခဏတာ မှင်သက်သွားမိပြီးနောက် ထထိုင်လိုက်သည့်အခါ စိတ်ဝိညာဉ်ပင်လယ်က နာကျင်နေသည်။
" မလှုပ်နဲ့ဦး... စိတ်ကိုတည်ငြိမ်အောင်ထားပြီး ခဏနားလိုက်..."
လင်ယဲ့က အိပ်ရာအစွန်းတွင်ထိုင်နေပြီး သူ့ကို တွဲထူပေးထားသည်။
အချိန်အဝောာ်အတန်ကြာပြီးသည့်နောက်တွင် နာကျင်မှုက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းခပ်ဖွဖွချလိုက်မိသည်။ သူ ပါးစပ်ဟလိုက်ပြီးသည့်အခါ သူ့အသံက အက်ရှနေပြီး အသံမထွက်သလောက်နီးပါးဖြစ်နေသည်ကို သိလိုက်ရသည်။
သူ အသံတိုးတိုးဖြင့် မေးလိုက်သည်။
" ကျိုးရွှမ်လန် ဘယ်ရောက်သွားတာလဲ..."
လင်ယဲ့ ခဏတာငြိမ်ကျသွားပြီးမှ မေးလိုက်သည်။
" သူ ဓားဂိုဏ်းရဲ့ နတ်ဆိုးဖိနှိပ်အကျဉ်းထောင်မှာ ရှိတယ်..."
ရှန်းလျိုရှန့် အံအားသင့်သွားရသည်။
မူရင်းဝတ္ထုထဲတွင်လည်း နတ်ဆိုးဖိနှိပ်အကျဉ်းထောင်အကြောင်း ပါဝင်ခဲ့ပြီး ထိုနေရာတွင် အထိန်းအကွပ်မဲ့နေသော နတ်ဆိုးများကို အကျဉ်းချထားခြင်းဖြစ်သည်။
သူတို့ဘာလို့ ကျိုးရွှမ်လန်ကို ချုပ်ထားတာလဲ...
သူ့မျက်နှာက ဖြူဖျော့လာပြီး အိပ်ရာမှ ကတိုက်ကရိုက်ထလာ၍ လင်ယဲ့က သူ့ကို မနည်းတားထားရသည်။
" စိတ်အေးအေးထားပါဦး ငါသေချာရှင်းပြပါ့မယ်..."
လင်ယဲ့က ရှန်းလျိုရှန့်၏ ဆံနွယ်များကို ပုတ်ပေးနေလျက် ညင်သာစွာ ဖျောင်းဖျပြောဆိုလိုက်သည်။
" သူ တာအိုဆရာသခင်ကျန့်ကျန်းကို ဒဏ်ရာအကြီးအကျယ်ရအောင် လုပ်လိုက်တယ်..."
" သူ ကျွန်တော့်ကိုကယ်ဖို့ အဲ့လိုလုပ်ခဲ့တာလေ..."
ရှန်းလျိုရှန့်က လင်ယဲ့၏ ဝတ်ရုံလက်ကို ဆွဲထားသည်။
" ရှစ်ရှုန်း အထင်လွဲနေပြီ... အားလုံး အထင်လွဲနေကြတာ... ယွီဖူရှန့်က ရှစ်စွမ်းဘယ်နေရာမှာရှိတယ်ဆိုတာရှာဖို့ ကျွန်တော့်ကို သူ့လှိုဏ်ဂူဆီ ခေါ်သွားခဲ့တာ... သူ ကျွန်တော့်ကိုယ်ပေါ်မှာ ဝိညာဉ်ရှာဖွေနည်းစနစ်ကို သုံးခဲ့တယ်..."
လင်ယဲ့၏ အကြည့်များက ရေခဲတမျှအေးစက်သွားသည်။
" မင်း ဘာပြောလိုက်တာလဲ..."
သူ ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို မြဲမြံစွာဆုပ်ကိုင်လိုက်ပြီး ကိုယ်တွင်းသို့ ဝိညာဉ်စွမ်းအင်များ ညင်သာစွာထည့်သွင်းကာ သူ့ခန္ဓာကိုယ်တွင်း အခြေအနေကို သိမြင်အောင် ပြုလုပ်နေသည်။
" ကျွန်တော် ပြောသမျှက အမှန်တွေချည်းပါပဲ..."
ရှန်းလျိုရှန့်က စိုးရိမ်တကြီးဖြင့်ပြောပြီး အိပ်ရာပေါ်မှ ဆင်းလိုက်သည်။
" အကုန် အထင်လွဲနေကြတာ... ကျွန်တော် သွားရှင်းပြပြီးတော့ ဓားဂိုဏ်းကလူတွေကို ကျိုးရွှမ်လန်ကိုလွှတ်ပေးဖို့ သွားပြောမယ်..."
" နေဦး..."
လင်ယဲ့က သူ့ကိုလှမ်းဆွဲထားပြီး သွားခွင့်မပြုပေ။
" အသုံးမဝင်တော့ဘူး..."
" ဘာပြောချင်တာလဲ..."
ရှန်းလျိုရှန့် မျက်မှောင်ကြုတ်လိုက်သည်။
လင်ယဲ့က တည်ကြည်နေသော မျက်နှာဖြင့် ပြောလိုက်သည်။
" မင်းပြောတာကို ဘယ်သူမှ ယုံမှာမဟုတ်ဘူး... ပြီးတော့ သူ တာအိုဆရာသခင်ကျန့်ကျန်းကို ဘာလို့တိုက်ခိုက်တယ်ဆိုတာလည်း အခု အရေးမကြီးတော့ဘူး..."
ရှန်းလျိုရှန့် အံ့ဩတကြီးဖြစ်သွားရသည်။
လင်ယဲ့၏အကြည့်များက တဖြည်းဖြည်းအေးစက်လာပြီး စကားတစ်ခွန်းစီကို ရှင်းရှင်းလင်းလင်းပြောလိုက်သည်။
" ကျိုးရွှမ်လန်က ဓားဂိုဏ်းက တပည့်တွေကိုလည်း သတ်ပစ်ခဲ့တယ်... အရေးကြီးဆုံးကိစ္စကတော့ သူကိုယ်တိုင်က နတ်ဆိုးဖြစ်နေတာပဲ..."
ရှန်းလျိုရှန့်၏စိတ်ထဲတွင် မိုးခြိမ်းသံကျယ်ကြီး ပဲ့တင်ထပ်သွားပြီးနောက် သူ့နှလုံးသားထဲတွင် လှိုင်းလုံးကြီးများ ရိုက်ခတ်လာသည်။
တည်းခိုဆောင်မှ နတ်ဆိုးဖိနှိပ်အကျဉ်းထောင်သို့သွားရာလမ်းတစ်လျှောက်တွင် တွေ့တွေ့သမျှ ဓားဂိုဏ်းသားများက သူတို့ဓားများတွင် အဖြူရောင်ဖဲကြိုးများ ရစ်ပတ်ထားကာ အားလုံး၏ မျက်နှာအမူအရာများက လေးနက်တည်ကြည်နေသည်။
ရှန်းလျိုရှန့် ခေါင်းငုံ့ထားလိုက်ပြီး အစောပိုင်းတွင် လင်ယဲ့ပြောခဲ့သည့်စကားများကို ပြန်တွေးနေမိသည်။
လက်ရှိအချိန်တွင်မူ ကျိုးရွှမ်လန်က နတ်ဆိုးမျိုးနွယ်ဝင်တစ်ယောက်ဖြစ်နေပြီး သူ မည်သူမည်ဝါဖြစ်ကြောင်းကို အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသော်လည်း သူ၏သွေးဆာသော သဘောသဘာဝကို ကြာကြာမထိန်းချုပ်ထားနိုင်တော့ဟု အားလုံးက တစ်စိတ်တစ်ဝမ်းတည်း တွေးနေကြသည်။ သူက ဓားဂိုဏ်းမှတပည့်များကို သတ်ပစ်ခဲ့ပြီး တာအိုဆရာသခင်ကျန့်ကျန်းကိုလည်း ဒဏ်ရာအပြင်းအထန် ရစေခဲ့သောကြောင့် ခွင့်မလွှတ်ပေးနိုင်သော ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ပေသည်။ သူ့ကို အမြန်ရှင်းပစ်မှ ဖြစ်ပေတော့မည်ဟု မှတ်ယူထားကြသည်။
နတ်ဆိုးဖိနှိပ်အကျဉ်းထောင် တစ်ခုလုံးက မှောင်မည်းနေပြီး တံခါးဖွင့်လိုက်သည့်အချိန်မှသာ အလင်းရောင်က ဝင်ရောက်လာ၏။
တစ်နေ့နေ့တစ်ချိန်ချိန်တွင် ကျိုးရွှမ်လန်ကို အဆုံးမဲ့ အမှောင်ထုထဲ၌ မည်းနက်နေသောချိန်းကြိုးများဖြင့် ပခုံးပေါ် တွင် ရစ်ပတ်ထားသည့်မြင်ကွင်းကိုတွေ့ရလိမ့်မည်ဟု ရှန်းလျိုရှန့် မမျှော်လင့်ထားခဲ့မိပေ။
ယခုအချိန်တွင် ကျိုးရွှမ်လန်၏ပုံစံက အလွန်အမင်း ဖရိုဖရဲဖြစ်နေပြီး အေးစက်မာကျောသော ကျောပြင်ထက်တွင် ဒူးထောက်ထားရပေသည်။ သူ့ဆံပင်များက ရှုပ်ပွနေပြီး အဝတ်အစားများက စုတ်ပြဲကာ သွေးစွန်းနေသည်။ သူ့အရေပြားထက်တွင်လည်း ဒဏ်ရာများ ဖုံးလွှမ်းနေသည်။
ခြေသံများကြားသော်လည်း သူ့ဘက်မှ မတုံ့ပြန်လာခဲ့ပေ။
သူ့ပုံစံက သက်မဲ့အရာဝတ္ထုတစ်ခုနှင့် တူနေသည်။
" အင်မော်တယ်ရှန်း သူက ကြမ်းတမ်းတဲ့ သားရဲကောင်ပါ ကျေးဇူးပြုပြီး အနားသိပ်မကပ်ပါနဲ့ " ဟူသည့် စကားများ ကြားသည့်အခါမှသာ ကျိုးရွှမ်လန်က ခေတ္တခဏခန့် တုံ့ပြန်လိုက်၏။ သူ၏ နက်စွေးစွေးမျက်ဆံများဖြင့် ရှန်းလျိုရှန့်ကို လေးလေးနက်နက်ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းပါးများ လှုပ်ရှားလာပြီးနောက် တီးတိုးပြောလိုက်သည်။
" ရှစ်စွမ်း..."
ကြာနိုင်ရုံလောက် အသံလေးဖြင့်သာ ခေါ်လိုက်ခြင်းဖြစ်သည်။
ရှန်းလျိုရှန့် ရှေ့တစ်လှမ်းတိုးလာပြီး လက်ချောင်းများနီရဲလာသည်အထိ ဆုပ်ထားမိသည်။ သူ မနည်းအားတင်း၍ ပြုံးပြလိုက်ပြီးနောက် ကျိုးရွှမ်လန်၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သူ့ဝတ်ရုံလက်ဖြင့် ကျိုးရွှမ်လန်၏မျက်နှာမှ သွေးစက်များကို သုတ်ပေးနေသည်။
ကျိုးရွှမ်လန်က အနည်းငယ် အံ့အားသင့်သွားပုံပေါ်ပြီး သူ့မျက်လုံးထဲတွင် သတိကြီးကြီးထားနေသည့် အမူအရာမျိုး ဖြစ်ပေါ်လာကာ မေးလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကို မကြောက်ဘူးလား... ကျွန်တော်က နတ်ဆိုးလေ... သူတို့အားလုံး ကျွန်တော့်ကို ရက်စက်ကြမ်းတမ်းတဲ့သားရဲလို့ ခေါ်ကြတယ်..."
ရှန်းလျိုရှန့် ပြန်ဖြေလိုက်သည်။
" ငါ သိပြီးပါပြီ..."
ကျိုးရွှမ်လန် မျက်လုံးအပြူးသားဖြစ်ပြီးနောက် သင်္ကာမကင်းပုံစံ ဖြစ်လာသည်။ ထို့နောက် ရှန်းလျိုရှန့်က နှုတ်ခမ်းများတွန့်ကွေးပြီး ပြုံးပြလိုက်သည်။
" မင်းက နတ်ဆိုးလေးပဲမလား..."
ကျိုးရွှမ်လန်၏အသံက လည်ချောင်းထဲတွင် ဆို့နင့်သွားသည်။
" ရှစ်စွမ်း..."
ရှန်းလျိုရှန့် ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ အကယ်၍ သူ တံခါးပိတ်လိုက်ပါက နေရာတစ်ခုလုံး မှောင်မည်းသွားကာ သူ့လက်ကိုသူ ပြန်မြင်ရတော့မည် မဟုတ်ပေ။
" မင်း အမှောင်ကြောက်လား..."
ကျိုးရွှမ်လန်က သူဆိုလိုချင်သည်ကို နားမလည်သော်လည်း ခေါင်းခါပြလိုက်သည်။
ရှန်းလျိုရှန့် စိတ်အေးသွားပြီး ကျိုးရွှမ်လန်၏ နားနားကပ်ကာ တီးတိုးပြောလိုက်သည်။
" ဒါဆိုရင် ဒီမှာပဲ လိမ်လိမ်မာမာနဲ့စောင့်နေ ငါမင်းကို လာကယ်မယ်..."
ကျိုးရွှမ်လန်က အက်ရှနေသည့်အသံဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း အဲ့လောက်ကြီး အားမစိုက်ထုတ်ပါနဲ့..."
ဓားဂိုဏ်း၏ အကျဉ်းချပိတ်လှောင်ထားခြင်းက ထိပ်တန်းအဆင့်တွင်ရှိနေပြီး သူ့ကျင့်ကြံဆင့်များကို ပျောက်ဆုံးသွားသည်အထိ ဖြစ်စေခဲ့သည်။ အားလုံးက သူ၏နတ်ဆိုးသဘာဝကြောင့် အရိုင်းဆန်သွားပြီး ဓားဂိုဏ်းတပည့်များကို သတ်ပစ်ခဲ့သည်ဟု ထင်နေခြင်းဖြစ်သည်။
ထိုပြစ်မှုများမရှိလျှင်ပင် သူ့ကို အလွတ်ပေးကြတော့မည် မဟုတ်ပေ။
ငယ်ရွယ်သော နတ်ဆိုးသားရဲတစ်ကောင်က မဟာယနအဆင့်ကျင့်ကြံသူတစ်ယောက်ကိုပင် ဒဏ်ရာအကြီးအကျယ်ရစေခဲ့၍ ကျင့်ကြံရေးလောကတစ်ခုလုံးအတွက် ခြိမ်းခြောက်မှုကြီးတစ်ခု ဖြစ်လာသည်။ သူ သေဆုံးသွားမှသာ အားလုံးက စိတ်အေးလက်အေးနေနိုင်တော့မည်ဟု တွေးနေကြသည်။
ကျိုးရွှမ်လန်က ထိုသို့ဖြစ်လာမည်များကို ကြိုမြင်ထားပြီးဖြစ်ကာ နတ်ဆိုးသားရဲဟူသည့် ဖြစ်တည်မှုကို လက်ခံလိုက်ပြီး အပြင်လောက၏ ကြောက်ရွံ့မှုများကို လျစ်လျူရှု့ထားလိုက်သည်။
သူ ဂရုစိုက်သည့် တစ်ခုတည်းသောအရာက သူ့ရှစ်စွမ်းဖြစ်သည်။
ငါ နတ်ဆိုးတစ်ကောင်ဖြစ်နေလို့ အရိုင်းစိတ်ဝင်သွားပြီး အပြစ်ကင်းတဲ့လူတွေကို သတ်ပစ်တယ်ဆိုပြီး ရှစ်စွမ်းက ငါ့ကိုစက်ဆုပ်နေတော့မှာများလား...
သူ စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာဖြင့် မေးလိုက်သည်။
" ရှစ်စွမ်း ကျွန်တော့်ကိုယုံလားဟင်... ကျွန်တော် အဲဒီတပည့်တွေကို မသတ်ခဲ့ပါဘူး..."
ရှန်းလျိုရှန့် ထိတ်လန့်သွားပြီး ကျိုးရွှမ်လန်၏နှဖူးကို။လက်ဖျားဖြင့် အသာတောက်ကာ တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။
" ငတုံးလေး..."
…
ရှန်းပုပုက စိတ်ပူစွာဖြင့် စောင့်ဆိုင်းနေချိန်တွင် နောက်ဆုံး၌ သူ့ပါပါးပြန်လာသည်ကို မြင်လိုက်ရသည်။ သူ တစ်ဟုန်ထိုးပြေးလာပြီး ရှန်းလျိုရှန့်ကို ပွေ့ဖက်လိုက်သည်။
ရှန်းလျိုရှန့်က သူ့ကို ကျွမ်းကျင်စွာချီမြှောက်လိုက်ပြီး စားပွဲပေါ် တင်ပေးလိုက်သည်။
" ငါအခု မင်းကိုကြည့်ပေးဖို့ အချိန်မရတော့ဘူး... အဖွဲ့ခေါင်းဆောင်ဖိုးဖိုးနဲ့အတူ ဂျင်ဆင်းတောင်ကို ပြန်တော့နော်..."
ရက်စက်တဲ့သားရဲတွေ သေကိုသေရမယ်ဆိုတာ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတာလဲ... ငါ့တပည့် သေတာ မသေတာက ငါနဲ့ပဲဆိုင်တဲ့ ကိစ္စလေ...
ရှန်းပုပုက သူ့လက်ကိုဆွဲထားပြီး အဆက်မပြတ် ခေါင်းခါပြလိုက်သည်။
" ပါပါး ဖိုးဖိုးပြောတာတော့ ဓားဂိုဏ်းရဲ့ နတ်ဆိုးဖိနှိပ်အကျဉ်းထောင်ကို ဂိုဏ်းသားတွေက တစ်လွှာပြီးတစ်လွှာ အထပ်ထပ် စောင့်နေကြတာတဲ့... ကိုကြီးကို တိတ်တိတ်လေး ကယ်လာလို့ရမှာ မဟုတ်ဘူး..."
ရှန်းလျိုရှန့် ငြိမ်ကျသွားသည်။
တစ်ယောက်ယောက်ကို လူမသိသူမသိ ခိုးထုတ်လာရန်က လုံးဝမဖြစ်နိုင်ပေ။ အရိပ်ထဲတွင် သူ့ကိုစောင့်ကြည့်နေသူက အနည်းဆုံး ၅ယောက် ၆ယောက်ခန့်ရှိနိုင်ပြီး သူ့လှုပ်ရှားမှုတိုင်းကို မျက်စိဒေါက်ထောက် ကြည့်နေမည်ဖြစ်သည်။
အကယ်၍ သူ ကျိုးရွှမ်လန်ကို ကယ်တင်လိုပါက သူကိုယ်တိုင်လမ်းဖောက်ရပေတော့မည်။
သူ့ပါပါးက ငြိမ်သက်သွား၍ ရှန်းပုပု စိုးရိမ်လာသည်။
" ပါပါး အလုပ်ဖြစ်မှာ မဟုတ်ဘူးနော်... ကိုကြီးကို နတ်ဆိုးဖိနှိပ်အကျဉ်းထောင်က ကယ်ထုတ်နိုင်ရင်တောင် ဓားဂိုဏ်းကလူတွေက တားကြဦးမှာပဲ... ဓားဂိုဏ်းကို ကျော်သွားနိုင်ရင်တောင်မှ ကျင့်ကြံရေးလောကတစ်ခုလုံးကလူတွေ ပါပါးကို လာတားကြမှာကိုတော့ ရပ်ပစ်လို့မရဘူး... ကိုကြီးကိုကယ်ဖို့က မဖြစ်နိုင်လောက်ဘူး..."
သူ့စကားဆုံးသည်နှင့် တံခါးကရုတ်ချည်းပွင့်လာပြီး လင်ယဲ့ လမ်းလျှောက်ဝင်လာသည်။
ရှန်းလျိုရှန့်က လက်ဖက်ရည်ကြမ်းတစ်ခွက်ငှဲ့ပြီး လင်ယဲ့ကို မကြည့်ဘဲ မေးလိုက်သည်။
" ကျွန်တော့်ကိုတားဖို့ ရောက်လာတာလား ရှစ်ရှုန်း..."
" ဟုတ်တယ်..."
လင်ယဲ့က တည်ငြိမ်စွာပြန်ဖြေလိုက်သည်။
" သူက ငယ်ငယ်လေးပဲ ရှိသေးပေမယ့် မဟာယနအဆင့်ကျင့်ကြံသူကိုတောင် တိုက်ခိုက်နိုင်တဲ့စွမ်းရည် ရှိနေပြီ... အနာဂတ်မှာ ခြိမ်းခြောက်နိုင်တဲ့ ရန်သူတစ်ယောက်ဖြစ်လာမှာ မလွဲမသွေပဲ..."
ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကိုယူပြီး တစ်ငုံသောက်ကြည့်လိုက်သည့်အခါ အေးစက်နေကြောင်း သိလိုက်ရသည်။
" သူအခု ကျင့်ကြံဆင့်တွေ ပျောက်သွားပြီး စွမ်းအားမဲ့နေပြီလေ..."
" တစ်လောကလုံး အလိုရှိနေတာက ' စိတ်အေးချမ်းမှု ' ဆိုတဲ့အရာပဲ..."
ရှန်းလျိုရှန့်က လက်ချောင်းမျ
ားကို အသာတောက်နေပြီး လက်ဖက်ရည်ခွက်ထဲ ကျန်ရှိနေသော အေးစက်နေသည့် လက်ဖက်ရည်များကို ကြမ်းပေါ် သွန်ချလိုက်သည်။ သူ၏ ဇာမဏီမျက်ဝန်းထဲမှ အကြည့်ကလည်း ရေခဲတမျှ အေးစက်လာပေသည်။
" ကျွန်တော် အလိုရှိတာကလည်း သူ လုံခြုံဖို့ပါပဲ..."