အပိုင်း ၅၇
Viewers 24k

Chapter 57



လင်ယဲ့က ခဏအကြာတွင် ပြန်ပြောလာသည်။

" မင်း နောက်ဆက်တွဲအကျိုးဆက်တွေကိုရော တွေးပြီးပြီလား..." 


သူ ကျိုးရွှမ်လန်ကို ကယ်တင်လိုက်ခြင်းကြောင့် အခြားလူများက သူတို့ကို ဝေဖန်အပြစ်တင်ကြမည့်အကြောင်းကို ပြောသည်ထင်ဟု ရှန်းလျိုရှန့်က ထင်လိုက်မိသည်။


" ရှစ်ရှုန်းက အရမ်း အစိုးရိမ်လွန်နေတာပဲ... ကျွန်တော်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူလေ... ကျွန်တော့်ကို ဘယ်သူက ဘာလုပ်ရဲမှာလဲ..."


" ငါက ကျိုးရွှမ်လန်အကြောင်းကို ပြောနေတာ..."

လင်ယဲ့၏လေသံက တဖြည်းဖြည်းလေးလံလာသည်။ 


" သူက ငယ်ငယ်လေးရှိသေးပေမယ့် မဟာယနအဆင့်ကျင့်ကြံသူကိုတောင် တိုက်နိုင်တဲ့စွမ်းရည်ရှိတာ... အောင်းယွဲ့လိုမျိုး မဟာနတ်ဆိုးတွေဆိုရင် သူတို့သွေးကို နိုးထလိုက်မယ်ဆိုရင်တောင် အဲ့လိုမလုပ်နိုင်ဘူး..."


ညလေပြည်က တံခါးကိုဖြတ်သန်းတိုက်ခတ်လာ၍ ဂျိုင်းခနဲအသံမြည်သွားသည်။ 


လင်ယဲ့က မေးလိုက်သည်။ 

" တကယ်လို့ မင်းသူ့ကို ဒီနေ့မှာ ကယ်နိုင်ခဲ့ရင်တောင် အနာဂတ်မှာ သူက နတ်ဆိုးမျိုးနွယ်ကို ဦးဆောင်လာပြီး ကျင့်ကြံရေးလောကကို သိမ်းပိုက်လိုက်မယ်ဆို မင်း ဘယ်လိုလုပ်မှာလဲ..."


ရှန်းလျိုရှန့် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် အိပ်မောကျနေသည့် ရှန်းပုပုကို စောင်ခြုံပေးလျက် ပြောလိုက်သည်။


" သူက သွေးဆာနေတဲ့သူမျိုးမှ မဟုတ်တာ အဲ့လိုမလုပ်လောက်ပါဘူး... တကယ်လို့ အဲ့လိုဖြစ်လာခဲ့မယ်ဆိုရင်လည်း သူ့ကိုတားဖို့ ကျွန်တော် ဘယ်အရာမဆိုလုပ်မယ်..."


သူ စိတ်ပိုင်းဖြတ်ထားသည်ကို မြင်သောအခါ လင်ယဲ့က စကားတစ်ခွန်းသာ ပြောလာတော့သည်။


" သူ့ကို နတ်ဆိုးဖိနှိပ်အကျဉ်းထောင်မှာ အသက်ရှင်လျက်ထားဖို့က ငါ အလိုက်လျောပေးနိုင်ဆုံး အကန့်အသတ်ပဲ..."


ရှန်းလျိုရှန့် သရော်လိုက်သည်။ 


နတ်ဆိုးဖိနှိပ်အကျဉ်းထောင်တွင် ဘဝတစ်လျှောက်လုံး ပိတ်လှောင်ထားခြင်းက သေဆုံးခြင်းနှင့် ထူးမခြားနားဖြစ်သည်။


လင်ယဲ့ ထွက်သွားပြီးသည့်နောက်တွင် ရှန်းလျိုရှန့်uက တိတ်တဆိတ်တွေးတောကြံစည်နေသည်။ 


သာမန်ကျင့်ကြံသူများက သူ့အတွက် စိတ်ပူစရာ မဟုတ်ပေ။ သူ့ကိုတားနိုင်သူများမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်ရှိနေပြီးဖြစ်သော လန်ရှောင်ရှန့်နှင့် လင်ယဲ့တို့အပြင် ယခုမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ရှိသွားသော ယဲ့ပင်းရန်တို့သာ ရှိသည်။


ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက သေချာမှု မရှိနိုင်ပေ။


သူ တုံ့ပြန်နိုင်မည့်နည်းလမ်းများကို အလေးအနက်စဉ်းစားနေစဉ်တွင် ကျောက်စိမ်းအဆောင်အင်းတစ်ခုက ပြတင်းပေါက်ကြားမှ အခန်းထဲသို့ ပျံလာလေသည်။


၎င်းက လန်ရှောင်ရှန့်ထံမှဖြစ်ပြီး သူ့ကိုလွင့်မျောမီးတောက်အဆောင်တွင် လာရောက်တွေ့ဆုံရန် ဖိတ်ကြားခြင်းဖြစ်သည်။


လရောင်က မှိန်ဖျော့ဖျော့သာရှိနေပြီး တိမ်များဖြင့် အုံ့ဆိုင်းနေသည်။ အဆောင်ထဲ၌ လန်ရှောင်ရှန့်၏ဘေးတွင် အခြားလူတစ်ယောက် ရှိနေသည်။


ယဲ့ရှစ်က ဖြူဖျော့နေသည့်မျက်နှာဖြင့် ဘေးနားတွင်ရပ်နေသည်။ သူ ရှန်းလျိုရှန့်နှင့် အကြည့်ချင်းဆုံသွားသည့်အခါ အမြန်အကြည့်လွှဲလိုက်သည်။


" မင်းရဲ့ဝိညာဉ်ပေါ်မှာ အရှာခံလိုက်ရတာ တော်တော်လေး နာကျင်ခဲ့မှာပဲ..."


လန်ရှောင်ရှန့်က ရှန်းလျိုရှန့်ကို လက်ဖက်ရည်ကြမ်းတစ်ခွက် ငှဲ့ပေးလိုက်သည်။


ရှန်းလျိုရှန့်က လက်ဖက်ရည်ခွက်ကိုမယူဘဲ ယဲ့ရှစ်ကို ခက်ထန်သောအကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။ 


" ဓားဂိုဏ်းသားတွေကို ကျိုးရွှမ်လန်သတ်တာမဟုတ်ဘူး... မင်းင ဒီကိစ္စကို သိသိကြီးနဲ့ အမှန်တရားကို ဖုံးကွယ်ထားတာပဲ..."


ယဲ့ရှစ် အံတင်းတင်းကြိတ်ထားပြီး ခေါင်းငုံ့ကာ ငြိမ်သက်နေဆဲဖြစ်သည်။ 


လန်ရှောင်ရှန့်က ပြောလိုက်သည်။

" အရင်ဆုံး လက်ဖက်ရည်သောက်လိုက်ပါဦး..."


ရှန်းလျိုရှန့်က သူ့ကိုစိုက်ကြည့်နေလိုက်ပြီးမှ ခဏအကြာတွင် လက်ဖက်ရည်ကို အရသာခံကြည့်လိုက်သည်။

" သာမန်လက်ဖက်ရည်ပဲ..."


သူ ထူးဆန်းသည့် တစ်စုံတစ်ရာကို အာရုံမခံမိသည့်အပြင် ၎င်းကို လက်ဖက်ရည်ကောင်းတစ်ခွက်ဟုပင် မသတ်မှတ်နိုင်ချေ။ 


" ဒီလက်ဖက်ခြောက်ကို ငါ့ရဲ့ဆရာ ပေးခဲ့တာ..."

လန်ရှောင်ရှန့်က လက်ဖက်ရည်အိုးကိုမ'ပြီး လေထဲတွင် လှုပ်ယမ်းနေလိုက်သည်။


" သူ လူငယ်ဘဝမှာ ဂိုဏ်းကပေးတဲ့ ပထမဆုံးတာဝန်ကိုထမ်းဆောင်ဖို့ အပြင်ထွက်သွားတုန်း သူ နတ်ဆိုးတစ်ကောင်ရဲ့လက်ထဲက ကယ်လိုက်တဲ့ လယ်သမားက သူ့ကို ဒီလက်ဖက်ခြောက်တွေ ပေးလိုက်တာလို့ပြောတယ်...  သူ့ကျင့်ကြံရေးလမ်းစဉ်ရဲ့ မူလရည်ရွယ်ချက်ကို မမေ့ဖို့ ဒီလက်ဖက်ခြောက်ကို အခုထိသိမ်းထားတယ်လို့ ပြောတာပဲ..."


ရှန်းလျိုရှန့်က အဖြူရောင် လက်ဖက်ရည်ခွက်ကို လက်ချောင်းများဖြင့်တောက်နေပြီး တလူလူတက်လာသည့် အငွေ့ကိုကြည့်ကာ အေးစက်စွာဖြင့် ပြောလိုက်သည်။


" ဒါပေမဲ့ သူ အဲဒါကို မေ့သွားပြီးတော့ အမှောင်ထုထဲ ရောက်သွားခဲ့တာပဲ..."


" မင်းပြောတာမှန်တယ်..."

လန်ရှောင်ရှန့် မျက်လွှာချလိုက်သည်။


" ဒါပေမဲ့ သူ့ရဲ့တပည့်တွေဖြစ်တဲ့ ငါတို့က အချိန်မီ သတိမပြုနိုင်ခဲ့ဘူးဆိုတော့ အားလုံးက ငါတို့အမှားပါ... အခု ငါတို့တွေ ဒီတိုင်းထိုင်ကြည့်နေလို့ မရတော့ဘူး..."


ရှန်းလျိုရှန့်၏ လေသံထဲတွင် လှောင်ပြောင်သရော်မှုတို့ ပါဝင်နေသည်။


" အဲတော့ ခင်ဗျားတို့က ကျုပ်တပည့်ကို စတေးပစ်ချင်နေတာလား..."


" ငါ အခြေအနေကို ရှင်းအောင်လုပ်ဖို့ မင်းကိုခေါ်လိုက်တာပါ... နတ်ဆိုးသားရဲပါနေတဲ့ကိစ္စက ဘုံသုံးခုလုံးမှာ ပြန့်ကုန်ပြီ... သူ ဓားဂိုဏ်းက တပည့်တွေကို သတ်လား မသတ်လားဆိုတာ အရေးမကြီးတော့ဘူး... မျက်လုံးပေါင်းများစွာက သူ့ကိုစောင့်ကြည့်နေပြီ... တကယ်လို့ ဓားဂိုဏ်းက သူ့ကိုအန္တရာယ်မပေးဘဲ လွှတ်ပေးလိုက်မယ်ဆိုရင် ငါတို့တွေ ကျင့်ကြံရေးလောကထဲမှာ မျက်နှာပျက်ရပြီး ရပ်တည်နိုင်တော့မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့်က ဇာမဏီရောင်မျက်ဝန်းများကို မှေးကျဉ်းလိုက်သည်။


" တကယ်လို့ ယွီဖူရှန့်က အမှောင်ထုထဲကျသွားတယ်ဆိုတဲ့သတင်းက ဘုံသုံးခုလုံးမှာ ပြန့်သွားရင်ရော ဓားဂိုဏ်းက မျက်နှာပြစရာ ကျန်ဦးမယ်ထင်နေလား..."


လန်ရှောင်ရှန့် : " မင်း လူတွေကို ဒီလိုဖိအားပေးတာမျိုးကို မြင်ရခဲပါတယ်..."


ရှန်းလျိုရှန့် : " ခင်ဗျားတို့အားလုံးက ကျုပ်ကို ဒီအခြေအနေရောက်အောင် တွန်းပို့လိုက်တာပဲ..."


လန်ရှောင်ရှန့် ငြိမ်ကျသွားပြီးနောက် ပြောလိုက်သည်။


" တကယ်လို့ မင်း ကျိုးရွှမ်လန်ကို ကယ်ချင်တယ်ဆိုရင် ငါ ဝင်မနှောင့်ယှက်ပါဘူး... အပြန်အလှန်အနေနဲ့ ငါတို့ဂိုဏ်းရဲ့ ဆရာသခင်က အမှောင်ထုထဲရောက်သွားတဲ့ကိစ္စကိုတော့ ဖုံးကွယ်ထားရမယ်... ငါ သူ့ကို အရံအတားထဲမှာ ပိတ်ထားပြီးတော့ သူ ထပ်ပြီး ထွက်မလာနိုင်အောင် သေချာလုပ်ထားပြီးပြီ..."


ရှန်းလျိုရှန့် အလေးအနက်တွေးတောလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။


သူ ကျိုးရွှမ်လန်ကို ဝေဖန်ပြစ်တင်ခံရမည်မျိုး မဖြစ်စေချင်သော်လည်း ယခုအချိန်တွင် အစွမ်းကုန်ကြိုးစားကာ သူ့ကို နတ်ဆိုးဖိနှိပ်အကျဉ်းထောင်မှ လွတ်မြောက်အောင် ကူညီရမည်ဖြစ်သည်။


လန်ရှောင်ရှန့်က ကြားဝင်မနှောင့်ယှက်သောကြောင့် ယဲ့ပင်းရန်မှလွဲ၍ အခြားသော ဓားဂိုဏ်းသားများက သူ့အတွက် ခြိမ်းခြောက်စရာ မဟုတ်တော့ပေ။


" ပင်းရန်ရဲ့မိဘတွေက နတ်ဆိုးသားရဲတွေရဲ့လက်ထဲမှာ သေသွားတဲ့အပြင် သူ့ဆီမှာ ငါကိုင်တွယ်လို့မရတဲ့ စိတ်ခံစားချက်နဲ့ဆိုင်တဲ့ ပြဿနာတွေရှိတယ်..."


လန်ရှောင်ရှန့်က သူ့စိတ်ထဲရှိနေသည်ကို တွေးမိသွား၍ သတိပေးလိုက်သည်။ 


" ဒါပေမဲ့ မင်း သူတစ်ယောက်တည်းကို ကိုင်တွယ်ရမှာမဟုတ်ဘူး... ငါ သိသလောက်ဆိုရင် ကျင်းရှန်ထျန်းနဲ့ သု့လူတွေကလည်း ဒီကို ညတွင်းချင်း လာနေကြပြီ..."


ရှီးယန်ဂိုဏ်းပါဝင်မှုလာမည်ဟု ရှန်းလျိုရှန့် မတွေးထားခဲ့မိ‌ချေ။


သူ ခေါင်းအသာညိတ်ပြလိုက်ပြီး မတ်တပ်ရပ်ကာ ထွက်သွားမည့်အချိန်တွင် လန်ရှောင်ရှန့်က ရတနာပေါင်းများစွာ၊ အဆင့်မြင့်မှော်ပစ္စည်းများနှင့် အဖိုးတန်ဝိညာဉ်ဆေးပင်များပါဝင်သည့်  သိုလှောင်အိတ်တစ်အိတ်ကို သူ့ထံ ပစ်ပေးလိုက်သည်။


" အစကတော့ မင်းနဲ့ပင်းရန်ရဲ့ ကျင့်ကြံရေးတွေမှာ အောင်မြင်ခဲ့ရင် ဒါကိုပေးမလို့ ကြံထားခဲ့တာ အခုတော့ မလိုတော့ပါဘူး..."


ရှန်းလျိုရှန့် အံ့ဩသွားမိသည်။


မူလရှန်းလျိုရှန့်ကို ယဲ့ပင်းရန်ရဲ့အကြောင်းတွေ သတင်းပေးပြီးတော့ ယဲ့ပင်းရန်ကို မျက်စိဒေါက်ထောက်ကြည့်ပေးထားတဲ့အပြင် သူပေးထားတဲ့ လက်ဆောင်တွေကို သိမ်းထားတာက ဓားဂိုဏ်းချုပ် ဖြစ်နေခဲ့တာလား...


အကယ်၍ ယခုချိန်၌ သူ့စိတ်ထဲ လေးလံနေခြင်းမဟုတ်ပါက ယခုချိန်တွင် ဟားတိုက်ရယ်မောမိမည်ဖြစ်သည်။


ယဲ့ပင်းရန်မှာ သူ့ကိုအဲ့လိုမျိုး လှည့်စားတတ်တဲ့ဆရာရှိမယ်လို့ ဘယ်သူသိခဲ့မှာလဲ...


ည‌အမှောင်ထုကြီးစိုးထားချိန်တွင် ရှန်းလျိုရှန့်က အတွေးများနစ်မျောလျက် သူ့အခန်းသို့ ပြန်လာခဲ့သည်။ သူ တံစက်မြိတ်အောက်မှ ဖြတ်လာချိန်တွင် သူ့ပုံရိပ်က ဒယိမ်းဒယိုင်ဖြစ်သွားပြီး လဲကျလုမတတ်ဖြစ်သွားသည်။


သူ တံခါးကိုမှီလိုက်ပြီးနောက် မျက်နှာက ဖြူဖျော့လာကာ သူ့ဝိညာဉ်က ထပ်မံနာကျင်လာပြန်သည်။


ရှန်းပုပုက အိပ်ရာပေါ်မှ အမြန်ခုန်ဆင်းလာသည်။

" ပါပါး အဆင်ပြေရဲ့လား..."


ရှန်းလျိုရှန့်၏စိတ်ထဲတွင် မရင်းနှီးသော မှတ်ဉာဏ်အပိုင်းအစများကို ဖျတ်ခနဲမြင်လိုက်ရပြီး ပြင်းထန်သောနာကျင်မှုတစ်ခု ဖြစ်တည်လာသည်။


သူ့အမြင်အာရုံက အမှောင်ကျသွားပြီးနောက် မြေပြင်ပေါ် လဲကျသွားတော့သည်။


" ပါပါးးး " 


လက်ဖက်ရည်တစ်အိုးတည်သည့် အချိန်၏တစ်ဝက်ခန့်ကြာပြီးသည့်နောက်တွင် ရှန်းလျိုရှန့် ရီဝေဝေဖြင့် နိုးထလာပြီး သူ့နားထဲတွင်လည်း ငိုရှိုက်နေသံအချို့ကို ကြားလိုက်ရသည်။


ရှန်းပုပုက သူ့ဝတ်ရုံလက်ကိုဆွဲထားပြီး အိပ်ရာပေါ်‌တင်ပေးရန် ကြိုးပမ်းနေသော်လည်း သူ မည်မျှ ခက်ခက်ခဲခဲကြိုးစားသည်ဖြစ်စေ ရှန်းလျိုရှန့်က တစ်ချက်မှ မလှုပ်ရှားပေ။ 


သူ့ရင်ထဲတွင် ဝမ်းနည်းမှုများ ပြည့်လျှံလာပြီး မျက်ရည်များ လှိမ့်ဆင်းလာတော့သည်။

" ငါ ပါပါးကို ဘာမှလည်း မကူညီနိုင်ဘူး..."


ရှန်းလျိုရှန့်က သူ့နှဖူးကိုပွတ်လိုက်ပြီး အပိုထပ်မံရောက်ရှိလာသောမှတ်ဉာဏ်များကို ချေဖျက်ကာ ထထိုင်လိုက်ပြီး ရှန်းပုပု၏ခေါင်းကို ပုတ်လိုက်သည်။ 


" မပူပါနဲ့ ငါ အဆင်ပြေပါတယ်..."


ရှန်းပုပုက မျက်ရည်များစိုရွှဲနေသည့် မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေပြီး သူ့ရင်ခွင်ထဲဝင်လာသည်။ သူ့မျက်နှာသေးသေးလေးကို ရှန်းလျိုရှန့်၏အဝတ်အစားများမှ နွေးထွေးမှုထဲ နှစ်ထားပြီး ခဏအကြာတွင် သူ အခန်းထဲမှ ပြေးထွက်သွားတော့သည်။


ရှန်းလျိုရှန့်က ပြန်လည်ရရှိလာသော မှတ်ဉာဏ်များကို စိစစ်နေလိုက်သည်။


ယောကျာ်းတစ်ယောက်၏ မှုန်ဝါးဝါးပုံရိပ်တစ်ခုက သူ့ကို မန္တန်တစ်ခု သင်ပေးနေသည်။ သူ့အသံက အေးစက်သော်လည်း နှစ်လိုဖွယ်ဖြစ်သည်။ 

" သေခြင်းရှင်ခြင်းကို အပြန်အလှန်ဆက်နွယ်ထားတဲ့ မန္တန်က ပျက်စီးမှုကိုလည်း အတူမျှဝေခံစားရတယ်... ဒါက အသက်နှစ်ချောင်းရှိနေတာနဲ့လည်းတူပေမယ့် သုံးမယ့်အချိန်ကျရင် သတိထားရတယ်... တကယ်လို့ တစ်ယောက်သေသွားမယ်ဆိုရင် နောက်တစ်ယောက်ကလည်း အသက်ဆက်မရှင်နိုင်တော့ဘူး..."


ရှန်းလျိုရှန့်၏မျက်လုံးများက အရောင်အနည်းငယ်တောက်ပလာသည်။ ရှန်းပုပု တက်ကြွစွာဖြင့် ပြန်လာသည်အထိ သူ့အခန်းထဲတွင် တစ်ယောက်တည်း တစ်နာရီနီးပါး ထိုမန္တန်ကို လေ့ကျင့်နေခဲ့သည်။


ကလေးလေး၏လက်ထဲတွင် ရွှေရောင်တောက်နေသည့် သစ်သီးတစ်လုံးကိုကိုင်ထားသည်။

" ကိုကြီးကို ဒီအသီးပေးလိုက်ပါ သူ ဒါကိုစားလိုက်ရင် ပါပါး ဝမ်းနည်းနေရတော့မှာ မဟုတ်ဘူး..."


ရှန်းလျိုရှန့် ထိုရွှေရောင်အသီးကို ထိလိုက်ချိန်တွင် သူ့ခန္ဓာကိုယ်၌ ကြွယ်ဝသန့်စင်သော ဝိညာဉ်စွမ်းအင်က မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။


သူ အနည်းငယ် အံ့အားသင့်သွားမိ၏။ 

" အဲဒါ ဘာကြီးလဲ..."


" အဖွဲ့ခေါင်းဆောင်ဖိုးဖိုးက သားကိုပေးလိုက်တာ..."

ရှန်းပုပုက ခေါင်းငုံ့ထားပြီး သူ့နားရွက်များက နီရဲနေသည်။


ရှန်းလျိုရှန့် မျက်ခုံးပင့်ကြည့်လိုက်သည့်အခါ သူ့‌ဦးခေါင်းအထက်မှ ရွှေရောင်အရွက်တစ်ရွက်က အောက်သို့ ငိုက်စိုက်ကျနေပြီး ခြောက်သွေ့နေသည်ကို မြင်လိုက်ရသည်။


ရှန်းပုပုက သူ့အကြည့်ကို သတိပြုမိသည့်အခါ ခေါင်းကိုအမြန်အုပ်ထားပြီး အခန်းထဲဝင်လာသည်။


" သား ရေဆာလို့ ရေသွားသောက်လိုက်ဦးမယ်... မဟုတ်ရင် ပုပုရဲ့ သစ်ရွက်လေးတွေ ခြောက်ကုန်လိမ့်မယ်..."


ရှန်းလျိုရှန့် တုံ့ဆိုင်းနေပြီးနောက်တွင် ရွှေရောင်သစ်သီးကို သိမ်းထားလိုက်ပြီး နတ်ဆိုးဖိနှိပ်အကျဉ်းထောင်သို့ အမြန်ထွက်သွားလိုက်သည်။


အကျဉ်းထောင်၏ အတွင်းအပြင်တွင် စောင့်ကြပ်နေကြသည့် တပည့်များစွာရှိသည်။ အတွင်းသို့ဝင်ရန်အတွက်မူ ဂိုဏ်းချုပ်၏တံဆိပ်ပြား ရှိရမည်ဖြစ်ပြီး စစ်ဆေးရေးဂိတ်အလွှာများစွာကို ဖြတ်သန်းရမည်ဖြစ်သည်။


ကျိုးရွှမ်လန်ကို အကျဉ်းချထားသည့်နေရာရောက်သည်နှင့် တပည့်များကို ရှန်းလျိုရှန့်နောက်မှ မလိုက်ရန် လန်ရှောင်ရှန့်က ညွှန်ကြားထားပုံပေါ်သည်။


ရှန်းလျိုရှန့် သူ့နောက်မှ တံခါးကိုပိတ်လိုက်သည့်အခါ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားသည်။ သူ ဝိညာဉ်ကျောက်တုံးတစ်တုံးကိုထုတ်လိုက်ပြီးနောက် အလင်းရောင်မှိန်ပျပျဖြင့်သာ ကျိုးရွှမ်လန်၏အနားသို့ ချဉ်းကပ်သွားလိုက်၏။ 


ထို့နောက် ရွှေရောင်သစ်သီးကို ကျိုးရွှမ်လန်၏နှုတ်ခမ်းနား ကပ်ပေးလိုက်သည်။

" ပုပုက မင်းအတွက် ပေးလိုက်တာ..."


ကျိုးရွှမ်လန်၏မျက်နှာကို အမှောင်ထုက ဖုံးလွှမ်းနေသောကြောင့် ရှင်းရှင်းလင်းလင်း မမြင်ရဘဲ သူ့မျက်လုံးများကသာ အရောင်ဖျော့ဖျော့တောက်ပနေသည်။ ရှန်းလျိုရှန့်၏စကားများကို ကြားသည့်အခါ သူ ခပ်ယဲ့ယဲ့ ပြုံးပြလိုက်သည်။ 


" သူ ရှစ်စွမ်းကို အဖော်လုပ်ပေးနေတော့ ကျွန်တော် ပိုစိတ်ချသွားပါပြီ..."


ရှန်းလျိုရှန့်၏ လက်ဖျားများ အနည်းငယ်တောင့်တင်းသွားပြီး ခဏကြာသည်အထိ စကားမပြောနိုင် ဖြစ်သွားသည်။


လက်ဖဝါးအရွယ်ခန့်ရှိသည့်အသီးကို စားပြီးသောအခါ ကျိုးရွှမ်လန်၏မျက်ခုံးများ တွန့်ချိုးလာသည်။ သူ စကားပြောတော့မည့်အချိန်တွင် နှဖူး၌ ဇောချွေးများပြန်လာပြီး ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရအောင် တုန်ယင်လာသည်။


ရှန်းလျိုရှန့်၏မျက်နှာက ပြောင်းလဲသွားပြီး ကျိုးရွှမ်လန်၏လက်ကောက်ဝတ်ပေါ် လက်နှစ်ချောင်းတင်လိုက်ပြီး အခြေအနေကို စူးစမ်းကြည့်ရန်ကြိုးစားနေသည်။ သို့ရာတွင် ကြောက်ခမန်းလိလိအင်အားကြီးသော ဝိညာဉ်စွမ်းအားကြီးက သူ့ကို ပြန်တွန်းထုတ်လိုက်သည်။


မှိန်ဖျဖျအလင်းရောင်အောက်တွင် ကျိုးရွှမ်လန်၏သွေးကြောများအားလုံး ထင်ထင်ရှားရှားပေါ်လာပြီး မရေမတွက်နိုင်သော ရွှေရောင်အလင်းတန်းများက သွေးကြောများထဲ လှည့်ပတ်နေသည်။


သို့ရာတွင် အားလုံးက သူ့နှလုံးသားနေရာ၌ ဆုံစည်းသွားကြခြင်းမဟုတ်ပေ။


ရှန်းလျိုရှန့် အံ့အားသင့်သွားခဲ့သည်။ တလက်လက်တောက်ပနေသော ရွှေရောင်အလင်းတန်းများအကြားတွင် အနက်ရောင်ကြေးခွံတစ်ခုက အသက်ရှုကြပ်လောက်ဖွယ်ရာ ဖိအားတစ်ခုကို ထုတ်လွှတ်နေပေသည်။


သူ့ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။


သူ မေးခွန်းမမေးနိုင်မီတွင် ကျိုးရွှမ်လန်က မျက်ခုံးများတွန့်ချိုးပြီး အက်ရှရှအသံဖြင့် ပြောလိုက်သည်။


" ရှစ်စွမ်း ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်တွေ ပြန်ရလာပြီ... ဒီဝိညာဉ်သစ်သီးက တော်တော်ထူးခြားတာပဲ ပုပုဆီက ရလာတာတော့ မဟုတ်လောက်ဘူး..."


ရှန်းလျိုရှန့် ပြောလိုက်သည်။

" သူပြောတာတော့ ဂျင်ဆင်းတောင်အဖွဲ့ခေါင်းဆောင် ဆီကတဲ့..."


သူ့ စကားများက ကတိုက်ကရိုက် ရပ်တန့်သွားပြီး မျက်လုံးအပြူးသားဖြစ်လာကာ နတ်ဆိုးဖိနှိပ်အကျဉ်းထောင်မှ တစ်ဟုန်ထိုး ထွက်လာခဲ့သည်။


ရှန်းပုပုက တံခါးဝတွင် ဆောင့်ကြောင့်ထိုင်နေပြီး သူ့ခေါင်းမှ သစ်ကိုင်းလေးက အောက်သို့ငိုက်စိုက်ကျနေကာ အရွက်ဝါဝါများကလည်း သစ်ကိုင်းပေါ်တွင်ရှိနေပြီး အသက်ကင်းမဲ့သော အော်ရာတစ်မျိုးကို ထုတ်လွှတ်နေသည်။


ခြေသံများကြားသည့်အခါ သူ ခေါင်းမော့ကြည့်လိုက်သည်။


ရှန်းလျိုရှန့် ထိုနေရာတွင်ပင် အေး‌ခဲတောင့်တင်းသွားပြီး မျက်လုံးသူငယ်အိမ်က ကျုံ့ဝင်လာသည်။ 


သူ့ မြင်ကွင်းထဲတွင် ကလေးလေး၏ မျက်နှာသေးသေးလေးပေါ်၌ အရေးအကြောင်းများစွာ ဖုံးလွှမ်းနေပြီး နှုတ်ခမ်းကလည်း ဖြူဖျော့နေကာ မျက်လုံးများကလည်း အသက်မဲ့နေသည်။


" ပုပု..."


ရှန်းပုပု၏ အမြင်အာရုံကို အမှောင်ဖုံးသွားပြီဖြစ်၍ မည်သည့်အရာကိုမှ မတွေ့မြင်နိုင်တော့ပေ။ သို့ရာတွင် အရေပြားများဖြင့် တွန့်နေသော လက်သေးသေးလေးများကို ဆန့်ထုတ်ပြီး ရှန်းလျိုရှန့်၏ဝတ်ရုံကို အောင်အောင်မြင်မြင် လှမ်းဆွဲလိုက်နိုင်သည်။ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ပျော်ရွှင်သောအပြုံးတစ်ခု ပေါ်လာပေသည်။


" ပါပါး ရောက်လာတာပဲ..."


ရှန်းလျိုရှန့် သူ့လက်ကို ဆုပ်ကိုင်ထားပြီး သူ့ဝိညာဉ်စွမ်းအင်များကို အမြန်လွှဲပြောင်းပေးလိုက်ကာ အသံကလည်း တုန်ယင်လာသည်။


" မင်း ဘာဖြစ်သွားတာလဲ..."


ရှန်းပုပုက ပြောလိုက်သည်။

" သား နည်းနည်းအေးတယ်..."


သို့ဖြစ်၍ ရှန်းလျိုရှန့်က သူ့ကို ရင်ခွင်ထဲထည့်ပြီး ပွေ့ဖက်ထားလိုက်သည်။

" အဖွဲ့ခေါင်းဆောင်ကို သွားရှာပေးမယ်... ဂျင်ဆင်းတောင်ပေါ်က လူတွေကတော့ နည်းလမ်းတစ်ခုခု ရှိမှာပါ..."


" အသုံးမဝင်တော့‌ဘူး..."

ရှန်းပုပု ခေါင်းခါလိုက်ပြီး သူ့ခေါင်းလေးကို ရှန်းလျိုရှန့်၏ပခုံးပေါ်မှီထားလိုက်သည်။


" ပါပါး စိတ်မဆိုးပါနဲ့... သား လိမ်ပြောဖို့ မရည်ရွယ်ခဲ့ပါဘူး... အဲဒီအသီးလေးက တကယ်တော့ သားဆီကနေ သီးလာတာ... သားမှာ ရွှေရောင်သစ်ရွက်တွေက လုံလုံလောက်လောက်မရှိတော့ တစ်ကိုယ်လုံးက ဝိညာဉ်စွမ်းအင်တွေကိုသုံးပြီး အမြန်သီးလာအောင် လုပ်ခဲ့ရတာ..."


သူ့ပါးပြင်ထက်တွင် စိုရွှဲလာသည်ကို သတိပြုမိ၍ ရှန်းလျိုရှန့်၏မျက်နှာကို လက်ဖြင့်စမ်းလိုက်သည်။

" ပါပါး ဘာလို့ငိုနေတာလဲ..."


" ပါပါး မငိုပါနဲ့ ပုပု ဝမ်းနည်းရလိမ့်မယ်... ဒါ သားရဲ့ မူရင်းပုံစံလေးကို ပြန်ပြောင်းနေရုံလေးပါ... ပုံစံပြန်ပြောင်းနိုင်ဖို့ သိပ်ကြာမှာမဟုတ်ဘူး..."


ရှန်းလျိုရှန့်၏အသံထဲတွင် ငိုရှိုက်သံများ ပါဝင်လာသည်။

" ဘယ်လောက် ကြာမှာလဲ..."


" သား ပါပါးဘေးနားကနေ မထွက်သွားချင်ဘူးဆိုတော့ သိပ်မကြာခင် ပြန်လာမှာပါ..."


သူက ရှန်းလျိုရှန့်၏လက်သန်းကို သူ့လက်သန်းဖြင့်ချိတ်လိုက်သည်။


" ပုပုက အမှောင်ကြောက်တယ်... ပါပါး ပုပုကို မြေကြီးထဲ မြှုပ်ထားပေးတုန်းက မြေပေါ်မှာ အမြစ်သေးသေးလေး ချန်ထားပေးခဲ့လို့ အပြင်ဘက်ကို မြင်နေခဲ့ရတယ်... ပုပုက နေပူဆာလှုံရတာ အရမ်းသဘောကျတာ... ပါပါး သားကို အေးပြီးတော့ မှောင်တဲ့နေရာမှာ မထားခဲ့ပါနဲ့နော်..."


သူ့အသံက တဖြည်းဖြည်း အားပျော့လာသည်။

" ပုပုက မှောင်မည်းပြီးတော့ အရမ်းအေး

တဲ့မြေကြီးထဲမှာ နှစ်ထောင်ပေါင်းများစွာ နေခဲ့ရတာ... ပုပုကို တူးထုတ်ပေးခဲ့တာ ပါပါးပဲ... ပုပုက ပါပါးကို အချစ်ဆုံးပဲ..."


စကားဆုံးသည်နှင့် ရှန်းပုပုက ပျောက်ကွယ်သွားခဲ့လေ၏။


လက်ဖဝါးစာအရွယ်ခန့် ဂျင်ဆင်းလေးက ရှန်းလျိုရှန့်၏‌ဒူးခေါင်းနားသို့ ပြုတ်ကျလာခဲ့သည်။