Chapter 58
ရှန်းလျိုရှန့်က သူ့ခေါင်းကို ဒူးနှစ်ဖက်ကြားထဲ နှစ်ထားပြီး အေးစက်စက်ကြမ်းပြင်တွင် မိန်းမောမှင်သက်စွာထိုင်နေ၍အနက်ရောင်ဆံပင်ရှည်ကြီးက ကျောပြင်တွင် ဖြာကျနေသည်။
ညသန်းခေါင်အချိန်သို့ရောက်သည့်အခါ သူ မတ်တပ်ပြန်ရပ်လိုက်ပြီး နတ်ဆိုးဖိနှိပ်အကျဉ်းထောင်ဖြင့် ပြန်ပေါ်လာခဲ့သည်။ စောင့်ကြပ်နေသည့် တပည့်များက ရှေ့တိုးလာပြီး သူ့ကို အရိုအသေပြုကာ စည်းမျဉ်းစည်းကမ်းများအရ ဂိုဏ်းချုပ်၏တိုကင်ပြား ပါမပါမေးလိုက်သည်။
သို့ရာတွင် ထိုခဏတွင်းချင်း၌ အသက်ရှုကြပ်လောက်ဖွယ်ရာ ဖိအားတစ်ခုက သူတို့ကိုလွှမ်းခြုံသွား၍ ခြေလက်များ အားနည်းလာပြီး မြေပြင်ပေါ်လဲကျသွားကာ မလှုပ်ရှားနိုင်တော့ပေ။
" အင် အင်မော်တယ်ရှန်း..."
အစောင့်တာဝန်ယူထားရသည့် တပည့်များအားလုံးက ရွှေအမြုတေအဆင့်တွင်သာ ရှိနေသေးသူများဖြစ်၍ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူကို ရင်ဆိုင်ရသည့်အခါ ခုခံနိုင်စွမ်း မရှိကြတော့ပေ။ ဖိအားတစ်ခုတည်းနှင့်ပင် မြေပြင်ပေါ် လဲကျကုန်ကြပေသည်။ ရှန်းလျိုရှန့်က နတ်ဆိုးဖိနှိပ်အကျဉ်းထောင်ထဲသို့ ထိုးဖောက်ဝင် းရောက်လာခဲ့သည်။
မကြာမီအချိန်အတွင်းတွင် တိတ်ဆိတ်ငြိမ်သက်နေသော ညက တဖြည်းဖြည်း ဆူညံလာခဲ့သည်။
" အင်မော်တယ်ရှန်းက မကောင်းဆိုးဝါးသားရဲကိုကယ်ဖို့ နတ်ဆိုးဖိနှိပ်အကျဉ်းထောင်ထဲ ကျူးကျော်လာတယ်တဲ့..."
" သူ တကယ်ကြီး လုပ်ရဲတာလား... ဂိုဏ်းချုပ်လန်နဲ့ တခြားလူတွေလည်း ရှိသေးတယ်လေ သူ့အသက်သူ စတေးရဲတယ်ပေါ့..."
" ဘယ်လိုငတုံးကောင်လဲ မသိဘူး... အဲဒီနတ်ဆိုးသားရဲက တော်တော်လေး အန္တရာယ်များတာကို... သူ့ကို အခုတည်း အပြတ်မရှင်းထားရင် အနာဂတ်မှာ အဓိက ကပ်ဘေးကြီးဖြစ်လာတော့မှာ သူ ရူးသွားတာများလား..."
အကျဉ်းထောင် အတွင်းထဲတွင်...
ဓားအလင်းတန်းတစ်ခု လင်းလက်လာပြီးသည့်နောက် အနက်ရောင်ချိန်းကြိုးများ ပြုတ်ထွက်သွားသည်။
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို လက်တစ်ဖက်ဖြင့် ကူတွဲပေးထားပြီး ဆေးလုံးတစ်လုံးကို တိုက်လိုက်သည်။
ကျိုးရွှမ်လန်က ဆေးနံ့ရချိန်တွင် မျက်ခုံးများ တွန့်ချိုးသွားသည်။ သူ့အကြည့်က ရှန်းလျိုရှန့်၏ခါးတွင် ချည်ထားသော ဂျင်ဆင်းလေးထံသို့ရောက်သွားပြီးနောက် ရုတ်ချည်းအေးခဲတောင့်တင်းသွားသည်။
" အဲဒါ ပုပုလား..."
ရှန်းလျိုရှန့်၏ မျက်နှာထက်တွင် ဝမ်းနည်းပက်လက်ဖြစ်နေသည့် အမူအရာမျိုး ရုတ်ချည်းထွက်ပေါ်လာသော်လည်း သူ မည်သည့်စိတ်ခံစားချက်ကိုမှ မပြသပေ။
" အဲဒီသစ်သီးထဲမှာ သူ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ဝိညာဉ်စွမ်းအင်တွေပါနေတာ... အဲဒါကြောင့် အခု သူ့ရဲ့မူရင်းပုံစံ ပြန်ပြောင်းသွားတာ..."
ကျိုးရွှမ်လန် တုန်လှုပ်သွားမိသည်။
" ကျွန်တော် တောင်းပန်ပါတယ် ရှစ်စွမ်း..."
ရှန်းလျိုရှန့် ခေါင်းခါလိုက်သည်။
" သတိမထားမိတဲ့ ငါ့ရဲ့အမှားပါ... သူ အခုထိ အသက်ရှင်နေသေးတယ်ဆိုတော့ အခုချိန်ကစပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ရမယ်... မင်း အခု ငါနဲ့လိုက်ခဲ့..."
သူ စကားပြောနေစဉ် ခေါင်းမော့ကြည့်လိုက်သည့်အခါ ပုံရိပ်တစ်ခုက တံခါးဝတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူ မည်မျှကြာကြာရပ်နေခြင်းဖြစ်ကြောင်း သူတို့မသိကြပေ။
ရှန်းလျိုရှန့်က မေးလိုက်သည်။
" မင်း ငါ့ကိုတားမှာလား..."
ယဲ့ပင်းရန်က ဓားတစ်ချောင်းကိုကိုင်ထား၍ သူ့ရည်ရွယ်ချက်က ရှင်းလင်းနေသည်။
သူက တာအိုဆရာသခင်ကျန့်ကျန်းအကြောင်းကို ကြားသိထားပြီးဖြစ်၍ ကျိုးရွှမ်လန်ကို အပြစ်မတင်ပေ။ သို့ရာတွင် တစ်ဖက်လူက နတ်ဆိုးသားရဲဖြစ်နေသည့်အပြင် ငယ်ငယ်ရွယ်ရွယ်သာရှိနေသေးသော်လည်း မဟာယနအဆင့် ကျင့်ကြံသူတစ်ယောက်ကို ဒဏ်ရာအကြီးအကျယ်ရစေခဲ့သည်။ ထိုခြိမ်းခြောက်မှုက အလွန်ကြီးမားလှပေသည်။
ယခုအချိန် ထိုလူကို လွှတ်ပေးလိုက်ခြင်းက ကျားကို တောထဲပြန်လွှတ်ပေးလိုက်ခြင်းနှင့် တူပေသည်။
ယဲ့ပင်းရန်က ကျိုးရွှမ်လန်ကို စိုက်ကြည့်နေပြီး တစ်နေ့နေ့တွင် ထိုကောင်လေးက ရှန်းလျိုရှန့်အပါအဝင် အားလုံးကို သူ့လက်သည်းနှင့် အစွယ်များဖြင့် ဆုတ်ဖြဲပစ်လာနိုင်သည်ဟု မတွေးဘဲ မနေနိုင်အောင် ဖြစ်လာသည်။
" သူ့ကို နတ်ဆိုးဖိနှိပ်အကျဉ်းထောင်မှာပဲ အကျဉ်းချထားလိုက်ပါ... သူ မသေစေရဘူးလို့ ငါ အာမခံတယ်..."
ရှန်းလျိုရှန့်က ပြောလာသည်။
" စကားပြောနေရုံနဲ့ အကူအညီ မဖြစ်တော့တဲ့ပုံပဲ..."
သူက စကားဆုံးသည်နှင့် ဦးစွာတိုက်ခိုက်တော့သည်။ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်အကြားမှတိုက်ပွဲက နတ်ဆိုးဖိနှိပ်အကျဉ်းထောင်ကို တစ်ခဏတွင်းချင်း အပျက်အစီးပုံကြီး ဖြစ်သွားစေခဲ့သည်။
မိုင်ပေါင်းများစွာ အဝေးမှ မည်သူတစ်ဦးတစ်ယောက်ကမှ အနားမကပ်လာနိုင်ကြပေ။
" အဲဒါ ဓားသခင်ယဲ့ပဲ..."
" ငါကြားတာတော့ တာအိုဆရာသခင်ရဲ့ ကျန်းမာရေးအခြေအနေက မကောင်းလို့ ဂိုဏ်းချုပ်လန်နဲ့ နဉ်ရှစ်ရှု့တို့က စောင့်ရှောက်ပေးနေရတယ်တဲ့... ဘယ်သူမှ ရှန်းလျိုရှန့်ကို မတားနိုင်တော့ဘူးလို့ ထင်နေပေမယ့် ဓားသခင်ယဲ့ရောက်လာတာ အချိန်ကိုက် ဖြစ်သွားတယ်..."
" ဓားသခင်ယဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို မရောက်သေးခင်ကတောင်မှပဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူကို တိုက်ခိုက်နိုင်တယ်လေ... အခု သူ့ရဲ့ကျင့်ကြံဆင့်က တော်တော်လေး တိုးလာပြီဆိုတော့ သူ ရှန်းလျိုရှန့်ကို ကျိန်းသေပေါက် အနိုင်ရမှာပဲ..."
တပည့်များ၏ အမူအရာများက စိတ်အားထက်သန်နေပုံရပြီး သူတို့ဓားများတွင် ချိတ်ဆွဲထားသော ဓားများက လေထဲတွင် ကခုန်နေသည်။
တစ်ခဏတွင်းချင်းမှာပင် သူတို့မျှော်လင့်ထားခဲ့ရသော တိုက်ပွဲရှည်ကြီးက ကတိုက်ကရိုက် ရပ်တန့်သွားသည်။
ဘန်း...
လေထုအလယ်မှ အေးစက်စက်အော်ရာတစ်မျိုး ထုတ်လွှတ်နေသည့် ဓားရှည်တစ်ချောင်းကျဆင်းလာပြီး မြေပြင်ပေါ် စိုက်သွားသည်။
ဓားဂိုဏ်းသားများအားလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။
ထိုဓားက သူတို့နှင့် အလွန်အကျွမ်းတဝင်ရှိလှသော ဓားသခင်ယဲ့ ကိုင်ဆောင်သောဓားဖြစ်သည်။
ဖုန်မှုန့်များ ကင်းစင်သွားချိန်တွင် ရှန်းလျိုရှန့်က ကျိုးရွှမ်လန်ကို လက်တစ်ဖက်ဖြင့်တွဲထားပြီး အခြားတစ်ဖက်က ဓားကိုကိုင်ထားကာ ယဲ့ပင်းရန်၏ လည်မျိုကို အေးစက်လှသည့်ဓားသွားဖြင့် ထိကပ်ထားသည်။
ဤအချိန် အခိုက်အတန့်အတွင်းမှာပင် ယဲ့ပင်းရန်၏အသက်က နှုတ်ယူခံလိုက်ရနိုင်သည်။
လူအုပ်ကြီးက အုတ်အော်သောင်းနင်းဖြစ်သွားသည်။
" ဓားသခင်ယဲ့..."
ရှန်းလျိုရှန့်က ထိခိုက်ဒဏ်ရာမရဟည့်အပြင် ဓားအိမ်ကို လက်ဖျားဖြင့်တောက်လိုက်သဖြင့် ယဲ့ပင်းရန် ပျံထွက်သွားပြီး သွေးအန်နေရသည်။
ယခုမှရောက်လာသည့် ကျောက်လင်းက သူ့ကိုအမြန် ကူတွဲပေးလိုက်သည်။
တဖြည်းဖြည်း ဤနေရာနှင့် ဝေးရာသို့ထွက်ခွာသွားနေသည့် ရှန်းလျိုရှန့်၏ပုံရိပ်ကို ကြည့်ပြီးနောက် ယဲ့ပင်းရန်ကို လှည့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
" ရှစ်ရှုန်း ဘာလို့ ထိပ်တိုက်သွားရင်ဆိုင်တာလဲ... ကျွန်တော် နျဉ်ရှစ်ရှု့နဲ့ လုပ်ခဲ့သလိုမျိုး တိုက်ခိုက်ရမှာတွေကို ရှောင်လို့ရနေတာပဲ ဘာလို့ ဒီနည်းလမ်းကို ရွေးလိုက်ရတာလဲ..."
ယဲ့ပင်းရန်က တဖြည်းဖြည်းထွက်ခွာသွားသောပုံရိပ်ကို ကြည့်လိုက်ပြီး သူ့မျက်ဝန်းထဲတွင် ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နေသည်။
" ငါ အဲ့လိုမလုပ်နိုင်ခဲ့ဘူ... တကယ်လို့ အနာဂတ်မှာ ကျိုးရွှမ်လန်က ကျင့်ကြံရေးလောကအတွက် ခြိမ်းခြောက်စရာဖြစ်လာခဲ့ရင် ငါက တရားခံတွေထဲကတစ်ယောက် ဖြစ်သွားလိမ့်မယ်..."
ကျိုးရွှမ်လန်က နောက်သို့လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများက အနည်းငယ် နက်မှောင်နေသည်။
သို့သော် မကြာမီတွင် သူအကြည့်ပြန်လွှဲလိုက်ပြီး ရှန်းလျိုရှန့်၏လက်ကို ကိုင်လိုက်သည်။ သူ့ကျင့်ကြံဆင့်က ပြန်လည်ကောင်းမွန်လာပြီဖြစ်သော်လည်း အချိန်က တိုတောင်းလွန်းလှသည်။ သူ့ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်ပမာဏက ဤအခြေအနေတွင် မပြောပလောက်စရာ ဖြစ်နေသည်။
သူ ဘာမှမလုပ်နိုင်ဘဲ သူ့ရှစ်စွမ်းက သူ့ကိုကာကွယ်ပေးရန်သာ အားကိုးနေရသည်။
ကျိုးရွှမ်လန်၏ မျက်နှာထက်တွင် မကျေမနပ်ဖြစ်နေသည့် အမူအရာမျိုး ဖြစ်နေသော်လည်း သူ ရွေးချယ်စရာ မရှိပေ။ သူ ရှန်းလျိုရှန့်၏လက်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။
ဓားဂိုဏ်းမှ စားသောက်ပွဲကြောင့် ဤနေရာသို့ ရောက်ရှိနေကြသည့် ဂိုဏ်းပေါင်းများစွာက အဆက်မပြတ်ဖြစ်ပေါ်နေသည့် အနှောင့်အယှက်များကို ရိုးအီသွားကြပြီဖြစ်သည်။ ဤအခိုက်အတန့်၌ သူတို့စိတ်ထဲတွင် အကြောင်းအရာတစ်ခုကိုသာ မှတ်မိတော့သည် - အင်မော်တယ်ရှန်းက ကြောက်ခမန်းလိလိစွမ်းအားမျိုး ပေါက်ကွဲထွက်လာသည့် မဟာနတ်ဆိုးတစ်ကောင်၏ဘက်တွင် ရပ်တည်လိုက်ပေသည်။ အကယ်၍ သူတို့အားလုံး သူ့ကို လွတ်မြောက်ခွင့်ပေးလိုက်ပါက ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်၍ ထိုသို့ဖြစ်ခွင့် မပြုနိုင်ပေ။
မည်သူက "မကောင်းဆိုးဝါးသားရဲကို သတ်ပစ်ကြစမ်း" ဟု ဦးစွာအော်လိုက်ကြောင်း မသိသော်လည်း အားလုံးက သူတို့၏မှော်လက်နက်များကိုင်ပြီး ရှေ့သို့ တစ်ဟုန်ထိုး ထွက်လာကြသည်။
ရှန်းလျိုရှန့်က တည်ငြိမ်နေဆဲဖြစ်ပြီး ရှေ့တစ်လှမ်းတိုးလိုက်သည်။ သူ့ထံမှ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဖိအားမျိုး ထွက်ပေါ်နေ၍ လူအုပ်စုထဲမှ တစ်ဝက်ခန့်က မြေပြင်ပေါ် လဲကျကုန်သည်။
ကျန်ရှိနေသေးသည့် ကျင့်ကြံဆင့်မြင့်သူများက သူ့ကိုတိုက်ခိုက်ကြသော်လည်း ရှန်းလျိုရှန့်၏ လက်ဖျားများက ချိပ်တံဆိပ်တစ်ခုကို ပြုလုပ်လိုက်သည်နှင့် ထောင်နှင့်ချီသော အနီရောင်ချည်မျှင်များက လေထဲတွင်ပေါ်လာပြီး ချဉ်းကပ်လာသူများ၏ လက်ကောက်ဝတ်၊ ဒူးခေါင်းနှင့် လည်ပင်းတို့တွင် ရစ်ပတ်ကုန်သည်။
သူ စကားတစ်ခွန်းကို ရေရွတ်လိုက်သည်။
" ချည်နှောင်စေ..."
လူအုပ်ကြီးက လန့်သွားကြပြီး သူတို့မျက်နှာများက ဖြူဖျော့ကုန်သည်။
" ဘာတွေ ဖြစ်နေတာလဲ... ငါ့ရဲ့ ကျင့်ကြံဆင့်... ဘာလို့ ငါ့ရဲ့ကျင့်ကြံဆင့်တွေ ပျောက်သွားရတာလဲ..."
" ဒါဘယ်လိုမျိုး မကောင်းဆိုးဝါးမန္တန်ကြီးလဲ..."
" ဒါက ဝိညာဉ်ချည်နှောင်အစီအရင်ပဲ... နတ်ဆိုးအရှင်သခင်ရဲ့ ပြိုင်ဘက်ကင်းအစီအရင်..."
ရှန်းလျိုရှန့်က သူ့ဝိညာဉ်စွမ်းအင်ကို ထောင်နှင့်ချီသော ချည်မျှင်များအဖြစ် တစ်ချိန်တည်းတွင် ပြောင်းလဲလိုက်သည်။ သူတို့၏ ကျင့်ကြံဆင့်ကို ဖိနှိပ်ထားနိုင်သည့် အချိန်ကာလက တိုတောင်းသော်လည်း ကံကောင်းသည်မှာ သူ ကျိုးရွှမ်လန်ကို ဓားဂိုဏ်းမှ ခေါ်ထုတ်သွားနိုင်ရန် အချိန်လုံလောက်ပေသည်။
အဟန့်အတားများကို ရှင်းထုတ်ပြီးသည့်နောက်တွင်မူ ရှန်းလျိုရှန့်၏ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအင်က တစ်ဝက်ကျော်ခန့် ကုန်ခမ်းသွားပြီဖြစ်သည်။
ထိုအခိုက်အတန့်တွင် အဖြူရောင်ဝတ်ရုံပေါ်၌ မက်မွန်ပွင့်များဖြင့် တန်ဆာဆင်ထားသည်ကို ဝတ်ထားသည့် လူတစ်အုပ်စုက သူတို့လမ်းကို လာပိတ်ကြသည်။
( ချင်းလင်ဂိုဏ်းသားတွေပါ )
ကျိုးရွှမ်လန်က ရင်းနှီးနေသော မျက်နှာများကို ကြည့်လိုက်ပြီးနောက် ယခင်က သူကယ်တင်ခဲ့သူများဖြစ်ကြောင်း မှတ်မိသွားသည်။ သူ့နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။
" သူတို့က အမိန့်အတိုင်း လုပ်ကြရတာပါ..."
ရှန်းလျိုရှန့်က ရှင်းပြလိုက်ပြီးနောက် လမ်းရှင်းတော့မည့်အချိန်၌ သူတို့ရှေ့တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ချင်းလင်ဂိုဏ်းမှတပည့်များက ထိတ်လန့်သွားကြပြီး တစ်ယောက်ယောက်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
" လင်ကျင်းယဲ့ မင်း ရူးသွားတာလား..."
" အရာအားလုံးမှာ ငါ့နှလုံးသားက စေခိုင်းတဲ့အတိုင်းပဲ လုပ်ရမယ်လို့ ရှစ်စွမ်းက သင်ပေးထားတယ်..."
လင်ကျင်းယဲ့က ဓားအိမ်ထဲမှဓားကိုထုတ်လိုက်ပြီး သူတို့ကို ရင်ဆိုင်လိုက်သည်။
" ငါက ဘယ်မကောင်းဆိုးဝါးသားရဲကိုမှ မသိဘူး... ကျိုးရွှမ်လန်ဆိုတဲ့ ငါနဲ့ တစ်ဂိုဏ်းတည်းသား သူငယ်ချင်းကိုပဲသိတယ်..."
သူ့အမူအရာက လေးနက်နေသည်။
" မင်းတို့ အမှားလုပ်မိကြပြီ..."
ချင်းလင်ဂိုဏ်းသားများ၏ မျက်နှာအမူအရာများက ပြောင်းလဲကုန်ပြီး သူတို့အများစု၏ မျက်နှာထက်တွင် ရုန်းကန်နေရသည့်ပုံစံမျိုး ဖြစ်လာသည်။
ကောင်းကင်ကြီး အရောင်ပြောင်းလဲသွားပြီး လောကတစ်ခွင်၌ ပြည့်နှက်သွားသော ကြောက်မက်ဖွယ်ရာ နတ်ဆိုးအော်ရာက သူတို့နှလုံးသားထဲတွင် အနက်ရောင်တိမ်တိုက်သဖွယ် လွှမ်းခြုံသွားခဲ့သည်။ အားလုံးက ကြောက်လန့်သွားခဲ့ကြပြီး ထိတ်လန့်တုန်လှုပ်နေခဲ့ကြသည်။ သူတို့က ဂိုဏ်းထဲတွင် နေ့နေ့ညည အတူရှိနေခဲ့ကြသည့် တစ်ဂိုဏ်းတည်းသားများဖြစ်သော်လည်း ကျိုးရွှမ်လန်က မကောင်းဆိုးဝါး နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာခဲ့ပေသည်။
သူ့ကို ရှင်းထုတ်ပစ်ရမှာ ဘာများမှားနေလို့လဲ...
" ငါတို့နဲ့ မျိုးနွယ်တူမဟုတ်တဲ့လူတွေက ကွဲပြားတဲ့ရည်ရွယ်ချက်မျိုးတွေ ရှိနေနိုင်တယ်လေ..."
အဝေးမှ ဩရှရှအသံတစ်သံ ပဲ့တင်ထပ်လာပြီး ရှီးယန်ဂိုဏ်းမှ လူအုပ်စုကြီး ရောက်ရှိလာသည်။
ကျင်းရှန်ထျန်း၏အပြုံးက အေးစက်နေသည်။
" အင်မော်တယ်ရှန်းက ဒီမကောင်းဆိုးဝါးကို ကာကွယ်ပေးနေတာဆိုတော့ ဘာရည်ရွယ်ချက်တွေများ ရှိလို့လဲ..."
ရှန်းလျိုရှန့်က သရော်လိုက်သည်။
" ကျုပ်ရဲ့တပည့်က သူ့ရှစ်စွမ်းကို ကယ်ထားခဲ့ဖူးလို့... သူ့ရှစ်စွမ်းဖြစ်တဲ့ကျုပ်က သူ့ကိုပြန်ကယ်တာလေ... ဘာရည်ရွယ်ချက်တွေများ ရှိရဦးမှာလဲ..."
ကျင်းရှန်ထျန်းက ဒေါသတကြီးဖြင့် အော်လိုက်သည်။
" မင်းက ကျင့်ကြံရေးလောကရဲ့ လုံခြုံရေးကို ထည့်မတွေးဘဲ ဒီနတ်ဆိုးသားရဲကို လွှတ်ပေးဖို့ကြံနေတာပဲ... မင်းက အင်မော်တယ်တစ်ယောက်တောင် မဖြစ်ထိုက်ဘူး... ဒီနေ့ ငါမင်းရဲ့ တပည့်တင်မကဘူး မင်းကိုပါသတ်ပစ်ပြီးတော့ တရားမျှတမှုရအောင် လုပ်မယ်..."
ရှန်းလျိုရှန့်က သူ့အဝတ်အစားများကို ခါလိုက်ပြီးနောက် ရင်ဘတ်တွင်ဆွဲထားသော ကျောက်စိမ်းပြားကို ထိလိုက်သည်။
" ကျုပ်ကိုကိုင်တွယ်ဦးမယ်တဲ့လား... ခင်ဗျား အရည်အချင်းနဲ့တော့ မရဘူးထင်တယ်..."
ရှန်းလျိုရှန့်က ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး မာန်မာနကြီးသည့်ပုံစံဖြင့် ပြောလိုက်သည်။
" ကဲပါ တခြားကိစ္စတွေ မပြောဘဲနေရအောင်... ကျုပ် ဒီမှာရပ်နေပြီး လုံးဝပြန်မတိုက်ပဲနေတယ်... ခင်ဗျား ကျုပ်ကို နည်းနည်းမှ ထိခိုက်အောင် မလုပ်နိုင်ရင်တော့ ကျုပ်ကို အဖေခေါ်ရမယ်..."
သူ့အဝတ်အစားများထဲမှ ကျောက်စိမ်းပြားက ရုတ်ချည်းအရောင်တောက်ပလာပြီး အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသည့်ပုံ ပေါ်လာသည်။
ထိုနေရာတွင် ရှိနေသူအားလုံးက ရှန်းလျိုရှန့်၏စကားများကြောင့် အံ့အားသင့်ကုန်သည်။
ရှီးယန်ဂိုဏ်းချုပ်၏ ကျင့်ကြံဆင့်က ရှန်းလျိုရှန့်၏အထက်တွင်ရှိနေသောကြောင့် ထိပ်တိုက်ရင်ဆိုင်မည်ဆိုပါက သူ အနိုင်ရရန် အခွင့်အရေးမရှိလှပေ။ သို့ရာတွင် သူက ထိုသို့ရဲတင်းသည့်စကားများပြောပြီး ပြန်မတိုက်ဘဲ ရပ်နေမည်ဟုပါ ပြောလာခဲ့သည်။
သူ သေချင်နေတာများလား...
ကျင်းရှန်ထျန်းက လှောင်ပြောင်သရော်လိုက်ပြီး ချက်ချင်းစတင်တိုက်ခိုက်တော့သည်။
" ငါ့လက်ဖဝါးပေါ်မှာ အထီးကျန်နေတဲ့ ဝိညာဉ်ပေါင်းများစွာရှိတယ် မင်းကတော့ သူတို့ထဲကတစ်ယောက် ဖြစ်လာတော့မှာပေါ့..."
ရှန်းလျိုရှန့်က ထိုနေရာတွင်သာရပ်နေပြီး မည်သည့်ခုခံမှုမှ မပြုလုပ်ဘဲ ရှေ့တိုးချင်နေသည့် ကျိုးရွှမ်လန်ကိုသာ လက်တစ်ဖက်တည်းဖြင့် တွဲထားသည်။
ဗုန်း...
လောကကြီးတစ်ခုလုံး လှုပ်ခါသွားပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ ဓားဂိုဏ်းတစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားသည်။
အစောပိုင်းတွင် ကြမ်းတမ်းခက်ထန်နေခဲ့သော ကျင်းရှန်ထျန်းက မြေပြင်တွင်လဲကျနေပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများနှင့်အတူ သွေးများအန်ထုတ်နေသည်ကို မြင်လိုက်ရ၍ လူအုပ်ကြီးက မျက်လုံးအပြူးသားဖြစ်ကုန်ကြသည်။
ရှန်းလျိုရှန့်၏ရှေ့တွင် ကျောက်စိမ်းပြားတစ်ပြားက ပိတ်ဆို့ထားပြီး လေထုအလယ်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်။
ရွှေရောင်သရဖူနှင့် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ယောက်ကို ဇာမဏီငါးကောင်က ဝန်းရံထားပြီး သူ့ထံမှ ခံ့ညားထည်ဝါသည့် အော်ရာတစ်မျိုး ထုတ်လွှတ်နေသည်။
" ဧကရာဇ်..."
ကျောက်စိမ်းပြား၏ အလင်းရောင်က မှိန်လာပြီးနောက်တွင် ရှန်းလျိုရှန့်က ၎င်းကို အင်္ကျီထဲ ပြန်ထည့်ထားလိုက်သည်။
လူများစွာက သူ့ကို ကြောက်လန့်တကြားကြည့်လိုက်ကြသည်။ ဧကရာဇ်အရှင် ပိုင်ဆိုင်သော ပစ္စည်းက ဤနေရာတွင် မမျှော်လင့်ဘဲ ပေါ်လာခဲ့၍ မည်သူကမှ ယခုချိန်ထိ မယုံကြည်နိုင်ဖြစ်နေသည်။
ရှန်းလျိုရှန့်က အားလုံးထိတ်လန့်နေသည်ကို အခွင့်ကောင်းယူကာ ကျိုးရွှမ်လန်၏လက်ကိုဆွဲပြီး ထွက်ပြေးတော့သည်။ မျက်စိတစ်မှတ်အတွင်းမှာပင် သူတို့နှစ်ယောက်လုံး ဓားဂိုဏ်းဝင်ပေါက်သို့ ရောက်လာ၏။
လိုက်လံဖမ်းဆီးနေသောအုပ်စုက အနောက်တွင် ကျန်ရစ်ခဲ့သောကြောင့် ရှန်းလျိုရှန့်က စိတ်အေးလက်အေးဖြစ်သွားသော်လည်း အရှေ့ကိုကြည့်လိုက်ချိန်၌ သူ့အမူအရာက ပြောင်းလဲသွားပြီး တစ်ဖန် ပြန်လေးနက်လာသည်။
စိမ်းပြာရောင်ဝတ်ရုံဝတ်ထားသည့် အမျိုးသားတစ်ယောက်က ဝင်ပေါက်ကိုမှီနေပြီး သူ့မျက်နှာအမူအရာက နွေးထွေးညင်သာနေသည်။ သူ့လက်ထဲတွင် စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး သူ့အကြည့်ကလည်း စာမျက်နှာများပေါ်တွင်သာ ရှိနေ၏။
သူ ရောက်လာသည်ကို အာရုံခံမိသော အမျိုးသားက မျက်လုံးအနည်းငယ် လှန်ကြည့်လိုက်ပြီး ခပ်ယဲ့ယဲ့ပြုံးပြလိုက်သည်။
" ရှစ်တိ မင်းက ငါထင်ထားတာထက် စောရောက်လာတာပဲ..."
ရှန်းလျိုရှန့်၏စိတ်ထဲတွင် ကြက်သီးထသွားမိသည်။
" ရှစ်ရှုန်းက ကျွန်တော်နဲ့ တိုက်မှာလား..."
" ဟုတ်တယ်..."
လင်ယဲ့က စာအုပ်ကိုချထားလိုက်ပြီး သူ့ဘေးနားမှ ကျိုးရွှမ်လန်ကို ကြည့်လိုက်သည်။
" သူက အစတည်းက ရှိနေခဲ့သင့်တာ မဟုတ်ဘူး... ငါ အားလုံးကို ရှင်းပစ်ဖို့ ရောက်လာခဲ့တာ..."
သူက ရှန်းလျိုရှန့်ကို တုံ့ပြန်ရန် အခွင့်အရေးပင် မပေးခဲ့ချေ။ သူ့ ပုံရိပ်က အရောင်လက်သွားပြီးနောက် ကျိုးရွှမ်လန်၏နောက်တွင် ပေါ်လာကာ သူ့ကျောပြင်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
" သူ့ကိုသတ်ဖို့က သိပ်ပြီးအားစိုက်စရာ မလိုပါဘူး..."
လင်ယဲ့က ရပ်တန့်လိုက်ပြီးနောက် လူငယ်လေး၏ခန္ဓာကိုယ်က လဲကျသွားသည်ကိုကြည့်ပြီး
သူ့မျက်ဝန်းထဲတွင်လည်း မထီမဲ့မြင် အကြည့်တစ်မျိုး ရှိနေသည်။
" ရှစ်တိ မင်းငါ့ကို မတားနိုင်ပါဘူး..."
စကားဆုံးသည်နှင့် သူ့ကို ကျောပေးထားသော ရှန်းလျိုရှန့်က ရုတ်တရက် သွေးအန်ထွက်လာပြီး သူ၏ပိန်သွယ်သွယ်ပုံရိပ်လေးက ယိမ်းထိုးလာလေသည်။