Chapter 59
လင်ယဲ့၏ အမူအရာက တောင့်တင်းသွားပြီး ရှန်းလျိုရှန့်ကို ကူတွဲပေးလိုက်သည်။
ရှန်းလျိုရှန့်က သူ့ရင်ဘတ်ကို လက်ဖြင့်အုပ်ထားပြီး ချောင်းအဆက်မပြတ်ဆိုးနေကာ သူ့နှုတ်ခမ်းပါးမှ သွေးစိမ်းရှင်ရှင်များ စီးကျလာ၍ သူ၏ ဖြူဖွေးနူးညံ့သော မေးရိုးကို စွန်းထင်းသွားစေသည်။
မြေပြင်ကိုကြည့်နေလျက် လင်ယဲ့၏ မျက်နှာက ပြောင်းလဲသွားသည်။ သွေးကြောများ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားပြီး သေဆုံးသွားရမည့်လူငယ်လေးက အံ့အားသင့်စွာဖြင့် အသက်ရှင်နေသေးပေသည်။
သူ ရှန်းလျိုရှန့်၏လက်ကောက်ဝတ်ကို ဖမ်းဆွဲထားပြီး မေးလိုက်သည်။
" မင်း ဘာလုပ်ထားတာလဲ..."
" သေခြင်းရှင်ခြင်းကို ဝေမျှထားတဲ့မန္တန်..."
ရှန်းလျိုရှန့်က နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး မျက်တောင်ရှည်များက အနည်းငယ်ခန့် တုန်ယင်သွားသည်။
" ရှစ်စွမ်း ကျွန်တော်တို့ကို သင်ပေးဖူးတာဆိုတော့ ရှစ်ရှုန်းလည်း ရင်းနှီးနေမှာပါ..."
ထိုနေရာသို့ အမြန်ရောက်ရှိလာသူများက ကြောက်လန့်တကြားဖြစ်ပြီး နေရာတွင် ရပ်တန့်ကုန်ကြသည်။
လင်ယဲ့က ရှန်းလျိုရှန့်၏လည်ပင်းကို ဖမ်းဆွဲထားလိုက်ပြီး သူ့မျက်နှာက ယခင်နှင့်မတူစွာဖြင့် အေးစက်နေကာ ရှန်းလျိုရှန့်ကို သတ်ပစ်တော့မည့်ပုံစံဖြစ်နေသည်။
" မင်း သူ့အတွက် ဒီလောက်အထိ ဝောာင်လုပ်ပြီး ငါ့ကို ဒီလိုမျိုး ဖိအားပေးတယ်ပေါ့လေ..."
ရှန်းလျိုရှန့်က ပြန်ဖြေလိုက်သည်။
" ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး ဒါပေမဲ့ ရှစ်ရှုန်းအဲ့လိုထင်တယ်ဆိုရင်တော့လည်း အဲ့လိုပဲပေါ့..."
လင်ယဲ့၏မျက်နှာက ရေခဲတမျှအေးစက်နေပြီး နူးညံ့သောလည်တိုင်လေးက သူ့ထက်ထဲတွင် ရှိနေသည်။ တစ်ချက်တည်းညှစ်သတ်လိုက်ရုံဖြင့် မြေပြင်ပေါ် လှဲလျောင်းနေသည့် ခြိမ်းခြောက်မှုကြီးကို အမြစ်ပြတ်သုတ်သင်နိုင်တော့မည် ဖြစ်သည်။
သူ့အတွက် ဤကိစ္စက အလွန်အမင်းအရေးကြီးသောအရာ ဖြစ်သည်။
လင်ယဲ့၏ လက်ချောင်းများက တင်းကြပ်လာသော်လည်း ရှန်းလျိုရှန့် အမောတကော အသက်ရှုနေရသည်ကို မြင်လိုက်ချိန်တွင် သူ့အကြည့်များက နူးညံ့ပျော့ပျောင်းလာပြီး လည်ပင်းကိုညှစ်ထားသည့် လက်တစ်ဖက်က အားလျော့သွားသည်။
" ဒီနည်းလမ်းကပဲ ငါ့အပေါ် အလုပ်ဖြစ်မယ်ဆိုတာ မင်းသိသားပဲ..."
လင်ယဲ့ သက်ပြင်းခပ်ဖွဖွချလိုက်ပြီး လက်ကို ရှန်းလျိုရှန့်၏ခါးပေါ်တင်ကာ ဝိညာဉ်စွမ်းအင်ကို သူ့ကိုယ်ထဲ ထည့်သွင်းပေးပြီး သွေးကြောများတွင် ရထားသည့်ဒဏ်ရာကို တဖြည်းဖြည်းကုသပေးနေသည်။
အချိန်တိုအတွင်းမှာပင် ရှန်းလျိုရှန့်၏ မျက်နှာအသားအရည်က ပိုမိုကောင်းမွန်လာသည်။ လင်ယဲ့က သူ့နားတိုးကပ်ပြီး တီးတိုးပြောလိုက်သည်။
" တကယ်လို့ မင်းသူ့ကို ဒီကခေါ်သွားမယ်ဆိုရင် ဘယ်နေရာကို သွားနိုင်မှာလဲ... ကျင့်ကြံရေးလောကက သူ့ကို လက်မခံတော့ဘူး... နတ်ဆိုးလောကမှာလည်း မင်းကို လက်ခံမှာ မဟုတ်ဘူး... နတ်ဆိုးလောက က ပိုပြီးတောင် ကြောက်စရာကောင်းသေးတယ် ပြီးတော့..."
လင်ယဲ့ ရပ်တန့်လိုက်ပြီးနောက် သူ့အသံက ပိုမိုသိမ်မွေ့ညင်သာလာသည်။
" မင်း ချင်းလင်ဂိုဏ်းမှာပဲ ထာဝရနေပြီး ငါ့ကိုအဖော်ပြုပေးမယ်လို့ ပြောထားတယ်မလား..."
ရှန်းလျိုရှန့်က အနည်းငယ် အံ့အားသင့်သွားပုံရသည်။
ထိုအခိုက်အတန့်တွင် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ညကောင်းကင်ယံတွင် ပဲ့တင်ထပ်လာသည်။
ကောင်းကင်ဘုံခွေးက တိမ်မည်းများကြားမှထွက်လာပြီး မီးခိုးရောင်တောင်ပံများကို တဖျတ်ဖျတ်ခတ်ကာ တောင်၏ဝင်ပေါက်သို့ တစ်ခဏတွင်းချင်း ရောက်ရှိလာသည်။
အောင်းယွဲ့က မြေကြီးပေါ်မှ ကျိုးရွှမ်လန်ကို သူ့ကျောပေါ်ပစ်တင်လိုက်ပြီးနောက် ပြောလိုက်သည်။
" နတ်ဆိုးလောက က ဖရိုဖရဲဖြစ်နေတာ ဟုတ် မဟုတ်ကို အောင်းယွဲ့ဆိုတဲ့ ငါကပဲ ဆုံးဖြတ်မယ်..."
လင်ယဲ့၏မျက်နှာက မည်းနက်သွားသည်။
သူက အောင်းယွဲ့ကို ချင်းလင်ဂိုဏ်းသို့ ပြန်ခေါ်သွားပြီး အကျဉ်းချထားခဲ့ခြင်းဖြစ်သည်။
ဘယ်သူက ခွင့်ပြုချက်မရှိဘဲ သူ့ကိုလွှတ်ပေးလိုက်တာလဲ...
ကောင်းကင်ဘုံခွေးက မိုင်ပေါင်းထောင်ချီကို တစ်ခဏတွင်းချင်း ပျံသန်းသွားသည်။ လင်ယဲ့က သူ့နောက်သို့ လိုက်လံဖမ်းဆီးလိုသော်လည်း အရံအတားတစ်ခုက သူ့ကို ဟန့်တားထားသည်။ သူ တစ်ယောက်တည်းသာမကပဲ အားလုံးက ထိုအရံအတားထဲတွင် ပိတ်မိနေခြင်းဖြစ်သည်။
သူ တစ်ဖက်သို့လှည့်ပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့် လူငယ်လေးကို ကြည့်လိုက်သည်။
ရှန်းလျိုရှန့်က သူ့ကိုပြန်ကြည့်ပြီး မျက်လုံးများ ကွေးညွတ်သည်အထိ ပြုံးပြနေသည်။ သူ့ပုံစံက ငယ်ရွယ်စဉ်အချိန်တွင် သူတို့ရှစ်စွမ်းခိုင်းခဲ့သည့် တာဝန်များ ပြီးမြောက်လာတိုင်း လင်ယဲ့ကို ဝမ်းပမ်းတသာဖြင့် လာရောက်ပြောပြနေစဉ်အချိန်က ပုံစံနှင့် တစ်ထပ်တည်းဖြစ်သည်။
" ရှစ်ရှုန်းအခု အမှီလိုက်လို့ မရတော့ဘူး..."
အောင်းယွဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ရှန်းလျိုရှန့်ကလည်း သူ့အကန့်အသတ်သို့ ရောက်ရှိသွားပြီး သတ်လစ်သွားတော့သည်။
လင်ယဲ့က သူ့ကိုလှမ်းဆွဲထားလိုက်ပြီး သွယ်လျသောလက်ချောင်းများဖြင့် ဦးခေါင်းကိုကိုင်ထားကာ နူးညံ့သော အထိအတွေ့ကို သူ့လက်ဖျားများဖြင့် ခံစားလိုက်သည်။ သူ အနက်ရောင်ဆံနွယ်များကို ညင်သာစွာပွတ်နေပြီးနောက် အချိန်အတန်ကြာသည်အထိ ငြိမ်သက်သွားဝောာ့သည်။
.............
မြွေနာရီအချိန် ဧကရာဇ်နန်းတော်၏ စာသင်ဆောင်ထဲတွင်...
[ T/N - မြွေနာရီက မနက် ၉နာရီကနေ ၁၁နာရီကြား အချိန်ပါ ]
တော်ဝင်ဆရာက လက်ထဲတွင် ဝါးပေတံတစ်ချောင်း ကိုင်ထားလျက်ဖြင့် မေးလိုက်သည်။
" လက်ရှိ နတ်ဆိုးလောကမှာ နတ်ဆိုးဘုရင်ကိုးယောက် ရှိပြီးတော့ သူတို့တစ်ယောက်ချင်းစီမှာ ပိုင်နက်နယ်မြေတစ်ခုစီ ရှိကြတယ်... အဲဒါ ဘယ်သူတွေလဲဆိုတာ ဘယ်သူပြောနိုင်ကြလဲ..."
အောက်ဘက်တွင်ထိုင်နေသည့် ကလေးများမှာ အင်္ကျီလက်များတွင် ဇာမဏီပုံစံ ရွှေချည်ထိုးထားသည့်အနက်ရောင်ဝတ်ရုံများကိုသာ ဝတ်ဆင်ထားကြပြီး သူတို့အားလုံး၏ အမူအရာ လေးနက်တည်ကြည်ကာ အာရုံစိုက်နေကြသည့်ပုံပေါ်သည်။
ရှေ့ဆုံးတန်းတွင်ထိုင်နေသည့် ကောင်လေးက မတ်တပ်ထရပ်လိုက်ပြီး ပထမဆုံးနတ်ဆိုးဘုရင်မှစ၍ နဝမနတ်ဆိုးဘုရင်အထိ အားလုံး၏ နာမည်များကို ရွတ်ပြလိုက်သည်။ ထို့အပြင် နတ်ဆိုးလောက၌ မည်သို့ နာမည်ကျော်ခဲ့ပြီး သူတို့၏သက်ဆိုင်ရာ ပိုင်နက်တစ်ခုစီကို မည်သို့ ရရှိခဲ့ကြောင်းပါ အသေးစိတ် ပြောပြနေသည်။
အခန်းထဲမှ အခြားလူများက သူ့ကို လေးစားအားကျနေပြီး လက်ခုပ်တီးလိုက်သည်။
" ကျန်းကျန်းက အရမ်းအံ့ဩဖို့ကောင်းတာပဲ... ငါ စာကြည့်ဆောင်ထဲကစာအုပ်တွေကို အချိန်အကြာကြီး ဖတ်ပြီး မနည်းမှတ်နေရတဲ့အချိန် သူက အဖြေအားလုံးကိုတောင် အလွတ်မှတ်မိနေပြီ..."
" သူက သခင်လေးမြောင်မြောင်ရဲ့ ညီလေးပဲဆိုတော့ ကြည့်ရတာ သူတို့မိသားစုဝင်တွေရဲ့ သွေးထဲ ဒီလိုအရည်အချင်းမျိုးတွေ စီးဆင်းနေတဲ့ပုံပဲ..."
" အဲ့လိုပြောလို့တော့ မရဘူး...အနောက်ကတစ်ယောက်ကို ကြည့်လိုက်..."
ကလေးအချို့က တီးတိုးပြောဆိုနေကြပြီး နောက်လှည့်ကြည့်လိုက်ကြသည်။
နောက်ဆုံးတန်းတွင်ထိုင်နေသည့် လူငယ်လေးက တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်များကို ရွှေရောင်ဖဲကြိုးဖြင့် စည်းနှောင်ထားသည်။ သူက လက်တစ်ဖက်ဖြင့် မေးထောက်ထားပြီး မျက်လွှာချကာ နှစ်ခြိုက်စွာအိပ်နေသည်။
သူက ဧကရာဇ်၏ အပြင်လောကတွင် ပျောက်သွားခဲ့သော မျိုးဆက်ဖြစ်ကာ လွန်ခဲ့သော ခုနစ်နှစ်ခန့်ကမှ ပြန်ခေါ်လာခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းအချို့ကြောင့် သူ ပြန်လာချိန်တည်းက ထိုသို့ဖြစ်နေခဲ့သည်။
ဤစာသင်ဆောင်ကို တည်ထောင်ပြီး နှစ်တစ်ထောင်အတွင်းတွင် သူတစ်ယောက်တည်းကသာ တော်ဝင်ဆရာများ စာသင်ချိန်၌ အိပ်ရဲသူဖြစ်သည်။
မူလတွင် တော်ဝင်ဆရာများက သူ့ကိုအပြစ်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် မမြင်ချင်ယောင်ဆောင်ပြီး စာဆက်လက်သင်ကြကြတော့သည်။
ယွီကျန်းကျန်း ဖြေဆိုပြီးသည်နှင့် တော်ဝင်ဆရာက သူ့မုတ်ဆိတ်ဖြူကြီးကိုပွတ်ပြီး ထပ်မေးလိုက်သည်။
" အခုလက်ရှိ နတ်ဆိုးလောကမှာ ဘယ်နတ်ဆိုးဘုရင်က အင်အားအကြီးဆုံးလဲဆိုတာရော သိသလား..."
ယွီကျန်းကျန်းက ပြန်ဖြေလိုက်သည်။
" မဟာနတ်ဆိုးဘုရင်ပါ..."
ရှောက်ဟုန်၏ မျက်နှာထက်တွင် စိတ်ကျေနပ်သွားသည့် အမူအရာမျိုး ပေါ်လာပြီး သူ့ကို ထိုင်ခိုင်းလိုက်သည်။ သို့ရာတွင် နောက်ဆုံးတန်းနားမှ ဆန့်ကျင်သည့်အသံတစ်သံ ထွက်ပေါ်လာသည်။
" မဟုတ်ဘူး အင်အားအကြီးဆုံးက နဝမနတ်ဆိုးဘုရင်ပဲ..."
ရင်းနှီးနေသောအသံကို ကြားသည့်အခါ ရှောက်ဟုန်၏ နှဖူးကြောများပါ ထောင်တက်လာသည်။
" ပြန်ပြောပါဦး..."
ရှန်းလျိုရှန့်က သူ၏ဇာမဏီမျက်ဝန်းများကို အနည်းငယ်မှေးကျဉ်းလိုက်သည်။
" နဝမနတ်ဆိုးဘုရင်က အင်အားအကြီးဆုံးပါ..."
အခန်းထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွားပြီး ဘေးနားမှ လူငယ်လေးများ၏ အမူအရာက ဇဝေဇဝါဖြစ်ကုန်သည်။
" မဟာနတ်ဆိုးဘုရင်က အင်အားအကြီးဆုံးလို့ ငါ ကြားဖူးတာ..."
" ဒါပေမဲ့ အရှင့်သား ပြောတာတော့ နဝမနတ်ဆိုးဘုရင်တဲ့..."
" ဒါဆိုရင်တော့ အရှင့်သား ပြောတာက အမှန်ဖြစ်မှာပါ... ကြည့်ရတာ နတ်ဆိုးလောကမှာ အင်အားအကြီးဆုံးက နဝမ နတ်ဆိုးဘုရင်ထင်တယ်..."
ကျောင်းသားအားလုံး တစ်ခဏတွင်းချင်း အလွှမ်းမိုးခံလိုက်ရသည်ကို မြင်သောအခါ ရှောက်ဟုန်၏မျက်နှာက ပြာနှမ်းလာသည်။ သူ စားပွဲကို ပေတံဖြင့်ခေါက်ပြီး ပြောလိုက်သည်။
" တိတ်တိတ်နေကြစမ်း... အရှေ့ကို ထွက်လာပါဦး သခင်လေး.."
ဖြောင်း ဖြောင်း...
စားပွဲပေါ်မှ လက်ဖဝါးလေးကို ပေတံဖြင့် နှစ်ချက်အရိုက်ခံလိုက်ရသည်။
ရှန်းလျိုရှန့်က မျက်ခုံးများတွန့်ချိုးပြီး တီးတိုးအော်ညည်းလိုက်သည်။ ခဏအကြာတွင် မျက်လုံးများမှေးကျဉ်းပြီး နှာမှုတ်လိုက်သည်။
" သူတို့တွေ တစ်ကြိမ်မှလည်း မတိုက်ခိုက်ဖူးပဲနဲ့... မဟာနတ်ဆိုးဘုရင်က စိတ်ကူးထဲမှာပဲ အင်အားအကြီးဆုံး ဖြစ်နေတာလား..."
" မင်း မင်း..."
ရှောက်ဟုန် အလွန်ဒေါသထွက်သောကြောင့် တစ်ကိုယ်လုံးတုန်ယင်လာပြီး ပေတံကိုမြှောက်ကာ ထပ်ရိုက်ရန် ပြင်လိုက်သည်။ သို့ရာတွင် နားဝင်ချိုလှသည့် အမျိုးသမီးတစ်ယောက်အသံက နားထဲဝင်လာသည်။
" လောင်ရှောက် ကျွန်မ ရှင်တို့အားလုံးစားဖို့ ပင်လုံးကြိုင်မုန့် လုပ်လာတယ်..."
ရွှေရောင်ဝတ်ရုံဝတ်ထားသော ထိုအမျိုးသမီးက တံခါးဝတွင်ရပ်နေပြီး သူမလက်ထဲတွင် စားစရာတည့်ထားသည့်ဘူးတစ်ဘူးကို ကိုင်ထားသည်။ သူမ၏ပုံစံက အလွန်ကြော့ရှင်း ကျက်သရေရှိလှပေသည်။
အားလုံးက အမြန်ဦးညွတ်လိုက်ကြသည်။
" အရှင့်သမီးတော်ကို ဂါရဝပြုပါတယ်..."
သူမ၏ နန်းတွင်းသူအစေခံများက တစ်ယောက်ချင်းစီကို ပင်လုံးကြိုင်မုန့်များ ဝေပေးနေသည်။ ရှောက်ဟုန်က တွန့်ဆုတ်စွာဖြင့် ပေတံကိုချထားလိုက်သည်။
" ဒီနေ့အတွက် သင်ခန်းစာပြီးပြီ..."
ရှုရှင်းချန်က ဤအခြေအနေကို အခွင့်ကောင်းယူပြီး ရှန်းလျိုရှန့်ကို သူ့နားခေါ်လိုက်သည်။
" လောင်ရှောက် ဘာဖြစ်လို့ ကျွန်မအစ်ကိုကို အနိုင်ကျင့်နေပြန်တာလဲ..."
သူမက မုန့်ဘူးကိုဖွင့်လိုက်ပြီး ပင်လုံးကြိုင်မုန့်တစ်ခုကိုထုတ်ကာ ရှန်းလျိုရှန့်ထံ ပေးလိုက်သည်။
" သူ ငါနဲ့ ငြင်းနေတာ မနိုင်လို့ စိတ်ဆိုးပြီး ရှက်သွားတာ..."
ရှန်းလျိုရှန့်က မုန့်ကို တစ်ကိုက်ကိုက်လိုက်သည်။
" ညီမလေးရဲ့ အချက်အပြုတ်စွမ်းရည် တိုးတက်လာသားပဲ..."
ရှုရှင်းလျန်က သူနှင့် အဖေတူအမေကွဲအစ်မဖြစ်ပြီး ဧကရာဇ်၏သမီးတော်ဖြစ်သော်လည်း အမေ၏ ရှေ့နာမည်ကို ယူထားသူဖြစ်သည်။ လွန်ခဲ့သော ခုနစ်နှစ်ခန့်က သူ ဧကရာဇ်နန်းတော်သို့ရောက်လာပြီး အရာအားလုံးနှင့် အကျွမ်းတဝင်မဖြစ်သေးချိန်တွင် သူမတစ်ယောက်တည်းကသာ သူ့ကိုရင်းနှီးစွာ ဆက်ဆံခဲ့ပေသည်။
" အစ်ကိုတော် ကြိုက်တယ်ဆိုတော့ များများစားပေါ့..."
သူမ သက်ပြင်းချပြီးနောက် ထပ်ပြောလိုက်၏။
" ကျွန်မလည်း နန်းတွင်းထဲမှာပဲ နေ့တိုင်း နေနေရတာဆိုတော့ ဒါတွေလုပ်ပြီးတော့ပဲ အချိန်ဖြုန်းနေရတာ..."
သူမ ရှန့်ချီတောင်မှ တစ်ကြိမ်တစ်ခါမှ မထွက်သွားသည်ကို တွေးမိသောအခါ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။
" ငါ နတ်ဆိုးအဆိပ်တွေအားလုံးကို ကုပြီးပြီဆိုရင် မင်းကို အပြင်ခေါ်သွားမယ်လေ..."
ရှုရှင်းလျန်က မျက်လွှာချလိုက်သည်။
" ခမည်းတော်က ခွင့်ပြုမှာမဟုတ်ဘူး..."
" ကြိုးစားကြည့်ရမှာပေါ့..."
ရှုရှင်းလျန်၏စိတ်ထဲတွင် မျှော်လင့်ချက် မရှိသော်လည်း ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
" ဒါဆိုရင်တော့ အစ်ကိုတော်ကို ကြိုပြီးတော့ ကျေးဇူးတင်ထားပါ့မယ်..."
ထို့နောက် သူမ ပြောလိုက်သည်။
" အစ်ကိုတော် ပြန်လာပြီ..."
ရှန်းလျိုရှန့်က ပင်လုံးကြိုင်မုန့်၏ နောက်ဆုံးတစ်ကိုက်ကို စားပြီးနောက် လက်ကိုခါကာ မုန့်အစအနများကို လွင့်သွားအောင်လုပ်လိုက်သည်။
ရှုရှင်းချန်မှာ မူလတည်းက နန်းတွင်းတွင် ပြိုင်ဘက်ကင်း"မင်းသားလေး" တစ်ယောက်ဖြစ်၍ မည်သည့်နေရာကမှန်းမသိ ပေါ်လာသော အစ်ကိုတော်ကို သဘောမကျပေ။ ဤနှစ်များထဲတွင် ရှန်းလျိုရှန့်က ပြဿနာရှာသည့်ကိစ္စများစွာလည်း ပြုလုပ်ခဲ့သည်။
" သူ့ကို လာခိုင်းလိုက်လေ..."
ရှန်းလျိုရှန့်က ပြောလိုက်သည်။
နွေးထွေးသော နေရောင်ခြည်အောက်တွင် ရှန်းလျိုရှန့်က အကြောဆန့်လိုက်ပြီး ဘေးပတ်ဝန်းကျင်မှ များပြားလှသော နန်းဆောင်ငယ်များ၊ မျှော်စင်များနှင့် လက်ဖက်ရည်ဆောင်လေးများကို ကြည့်လိုက်သည်။
လွန်ခဲ့သော ခုနစ်နှစ်ခန့်က သူ ချင်းလင်ဂိုဏ်းသို့ပြန်ရောက်ကာ သတိပြန်ရလာခဲ့ပြီးသည့်နောက်တွင် ကျင်းရှန်ထျန်းဦးဆောင်သည့် ဂိုဏ်းပေါင်းများစွာက သူ့ကို တိုက်ခိုက်လိုခဲ့သည်။ သို့ဖြစ်၍ သူ့ဆရာတူအစ်ကိုများက ကျင်းရှန်ထျန်းကို တိုက်ထုတ်ပစ်ခဲ့ကြသည်။ မကြာမီအချိန်၌ သူတို့နောက်တစ်ကြိမ် ပြန်လည်တိုက်ခိုက်လာရန် ပြင်ဆင်နေချိန်တွင် ဧကရာဇ်နန်းတော်မှလူများက သူ့ကိုလာခေါ်သွားခဲ့ကြသည်။ သို့ဖြစ်၍ ထိုဂိုဏ်းမှလူများက ချက်ချင်းပင် ပြဿနာ မရှာရဲကြတော့ပေ။
ရှန်းလျိုရှန့် မူလက နန်းတွင်းသို့ ပြန်မလာချင်ခဲ့သော်လည်း ဧကရာဇ်နန်းတော်က ဤလောကတွင် ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံးဖြစ်သည့် ရှန့်ချီတောင်တွင် တည်ရှိနေကြောင်း သိလိုက်ရချိန်၌ ရှန်းပုပုကိုခေါ်ပြီး ရောက်လာခဲ့သည်။
လင်ယဲ့က သူ့ကို မတားမြစ်ခဲ့ဘဲ နတ်ဆိုးအဆိပ်ကိုသာ ပျောက်ကင်းအောင်ကုသရန် သတိပေးခဲ့သည်။
နတ်ဆိုးအဆိပ်ကို ကိုင်တွယ်ရန် ကလေးငယ်တစ်ယောက် ပုံစံအဖြစ် အသွင်ပြောင်းခဲ့ရသည်။ မူလတွင် သူ နေသားမကျခဲ့သော်လည်း ဤကလေးခန္ဓာကိုယ်လေးဖြင့် ခုနစ်နှစ်ခန့် နေပြီးသည့်နောက်တွင် အရာအားလုံးကို ကျွမ်းကျင်လာခဲ့သည်။
နတ်ဆိုးအဆိပ်အကြောင်း တွေးမိသည့်အခါ ရှန်းလျိုရှန့်က အနီးနားမှ ရေကန်တစ်ခုထံ ပြေးသွားလိုက်သည်။
" လောင်ကျို့ ဘယ်မှာလဲ ထွက်လာခဲ့..."
ကန်ရေက ကြည်လင်နေပြီး များပြားလှသည့် ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေပြီး လေနှင့်အတူ ယိမ်းနွဲ့နေသည်။ ရေမျက်နှာပြင်ထက်တွင် လှိုင်းဂယက်ငယ်လေးများ ရှိနေပြီး နေရောင်ခြည် အပိုင်းအစများ ရောင်ပြန်ဟပ်နေသည်။
ခဏအကြာတွင် လက်တစ်ဝါးစာအရွယ်ခန့်ရှိသော ရွှေရောင်လိပ်တစ်ကောင်သည် ပါးစပ်ထဲတွင် တစ်ခုခုကို ကိုက်ထားကာ ရေကန်အလယ်မှ ကူးခတ်လာသည်။
ရှန်းလျိုရှန့်က ထိုင်ချလိုက်ပြီး ညာဘက်လက်ကို ဆန့်ထုတ်လိုက်သည်။
" ငါဒီနေ့ အဆိပ်ရဲ့ အခြေအနေကို မစစ်ဆေးရသေးဘူး..."
လောင်ကျို့က သူ့လက်ထဲကို အနက်ရောင်ပစ္စည်းတစ်ခု ထွေးထုတ်လိုက်ပြီးနောက် သူ့လက်ဖျားကိုကိုက်ပြီး သွေးစက်ကို အရသာခံလိုက်သည်။
ရှန်းလျိုရှန့်က ရွှေရောင်လိပ်ကို ဂရုတစိုက် အကဲခတ်နေသည်။ သူ့ခန္ဓာကိုယ်တွင် မူမမှန်ဖြစ်နေသည့် တစ်ခုတည်းသောအရာက ပါးပြင်ထက်တွင် အနည်းငယ်နီမြန်းနေခြင်းသာဖြစ်သည်။ အခြားမူမမှန်သည့်အရာ မရှိတော့ချေ။
ရွှေရောင်လိပ်က ပထမဆုံးအကြိမ် သူ့သွေးကိုသောက်ခဲ့ချိန်က ခန္ဓာကိုယ်တစ်ခုလုံး နီမြန်းလာပြီး ရေထဲတွင် သွေးများအန်ပစ်သောကြောင့် နန်းတွင်းမှလူများလည်း ကြောက်လန့်ကုန်ကြသည်။ ဧကရာဇ်ကလည်း မျက်မှောင်ကြုတ်ခဲ့ပြီး ရှန်းလျိုရှန့်ကလည်း ခုနစ်နှစ်တာ အဆိပ်ထုတ်သည့်လုပ်ငန်းစဉ်ကို စတင်ခဲ့ရတော့သည်။
ရှန်းလျိုရှန့် စိတ်အေးသွားပြီး သက်ပြင်းချလိုက်သည်။
" နောက်ဆုံးတော့ အဆိပ်တွေ လုံးဝရှင်းသွားပြီပဲ..."
လောင်ကျို့က ခေါင်းခါလိုက်သည်။
" ငါအရင်တုန်းက ဒီလောက်စွမ်းအားကြီးတဲ့ နတ်ဆိုးအဆိပ်ကို မတွေ့ဖူးဘူး... မင်း အဲဒါကို တောင့်ခံနိုင်တာကိုက အခွင့်အရေးကောင်းတစ်ခုလို့ ပြောရမယ်..."
" ခင်ဗျားရော ဒီအခွင့်အရေးကို လိုချင်လား..."
ရှန်းလျိုရှန့် ရယ်လိုက်ပြီး သူ့လက်ထဲရှိ ရွှံ့များပေနေသည့် အနက်ရောင်ပျော့စိစိအရာကို ညှစ်လိုက်သည်။
" ဒါ ဘာကြီးလဲ..."
လောင်ကျို့က စကားတစ်ခွန်းသာ ပြောလိုက်သည်။
" အင်းဆက်ဥတွေလေ..."
ရှန်းလျိုရှန့်၏ အမူအရာက အေးခဲတောင့်တင်းသွားပြီး ခန္ဓာကိုယ်တစ်ခုလုံးမှ အမွေးများ ထောင်တက်လာသည်။ ၎င်းကို လွှင့်ပစ်လိုက်တော့မည့်အချိန်၌ တွန့်လိမ်နေသော တီကောင်တစ်ကောင် ထွက်လာသည်ကို တွေ့လိုက်ရသည်။
" ဟမ်..."
ရေကန်စပ်တွင် ဆောင့်ကြောင့်ထိုင်နေသည့် ပုံရိပ်လေးက လန့်သွားသောကြောင့် ရေကန်ထဲ ပြုတ်ကျသွားပြီး ရေကန်ထဲတွင် ရုန်းကန်နေရသည်။
ထိုတီကောင်က သူ့အပေါ်တွားသွားတက်လာမည်ကို ရှန်းလျိုရှန့် စိုးရိမ်သွားသည်။ သူ ပျာယာခတ်လာပြီး စိတ်ထဲတွင် ဖရိုဖရဲဖြစ်လာကာ ပါးစပ်ထဲသို့ ရေများဝင်လာတော့သည်။
ထိုအခိုက်အတန့်တွင် ဖြူသွယ်သွယ်လက်တစ်ဖက်က ရေကန်ထဲမှသူ့ကို ဆွဲခေါ်လိုက်သည်။
ရှန်းလျိုရှန့် ရေများစိုရွှဲနေပြီး ရေစက်များက သူ့မျက်နှာနှင့် အဝတ်အစားတို့မှ တတောက်တောက်ကျနေသည်။ သူ့ကိုကယ်တင်လိုက်သည့်လူကို ဂရုမစိုက်နိုင်သေးဘဲ အင်္ကျီကော်လံနှင့် ဝတ်ရုံလက်ကိုလိပ်တင်ကြည့်ကာ တီကောင်ရှိမရှိ စစ်ဆေးနေသည်။
" အဲဒါက ရေထဲကျသွားပြီ..."
ထိုအသံက အလွန်တည်ကြည်ပြီး မဖော်ညွှန်းနိုင်လောက်အောင် ဆွဲဆောင်မှုရှိလှသည်။
ရှန်းလျိုရှန့် အံ့အားသင့်သွားပြီးနောက် တဖြည်းဖြည်း ငြိမ်
ကျလာသည်။ သူ့အကြည့်က ရှေ့မှလူ၏ တိမ်ပုံစံ ဝတ်ရုံအဖျားများ၊ ဇာမဏီပုံစံ ခါးပတ်မှတစ်ဆင့် တဖြည်းဖြည်း အပေါ်တက်သွားပြီး နောက်ဆုံးတွင် အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။
သူ နောက်တစ်လှမ်းဆုတ်ပြီး အရိုအသေပြုလိုက်သည်။
" ဧကရာဇ်..."