အပိုင်း ၆၀
Viewers 22k

Chapter 60




" ဧကရာဇ်..."


သူ့ရှေ့မှလူက လောကသုံးခွင်တွင် အရိုသေအလေးစားခံရဆုံး တည်ရှိမှုဖြစ်သည်။ 


မူရင်းဝတ္ထုတွင်မူ ဧကရာဇ်ယွင်ယွီနှင့်ပတ်သက်၍ အနည်းငယ်မျှသာ ပါဝင်ခဲ့သောကြောင့် ရှန်းလျိုရှန့်က သူ့အကြောင်းကို ဂဃဏနမသိပေ။ ထိုလူက သူ့ဖခင်ဖြစ်သည်ဟူသော အကြောင်းကိုသာသိသည်။


သူ့ဖခင်က အလွန်အမင်းစွမ်းအားကြီးသူဖြစ်ပြီး ဤလောကတွင် မည်သူမှ သူ့ကျင့်ကြံဆင့်ကို လိုက်မမှီနိုင်ပေ။ 


သို့သော် သူ့ဖခင်၏သက်တမ်းက မရှည်ကြာခဲ့ပေ။ 


ဓလေ့ထုံးစံများအရဆိုလျှင် သူ့ကို "ခမည်းတော်" ဟု ခေါ်ရမည်ဖြစ်သော်လည်း ရှန်းလျိုရှန့် သူ့ကို ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်က တအံ့တဩဖြစ်သွားခဲ့ပြီး "ဧကရာဇ်" ဟုသာ ခေါ်ခဲ့မိသည်။


ဧကရာဇ်ယွင်ယွီက မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောခဲ့၍ ရှန်းလျိုရှန့်က သူ့ကို ထိုနည်းအတိုင်းသာ ဆက်လက်ခေါ်ဝေါ်သုံးနှုန်းခဲ့သည်။


ဧကရာဇ်ယွင်ယွီက နန်းတွင်းထဲ လမ်းလျှောက်ထွက်လာပုံပေါ်သည်။ 


ဤအခိုက်အတန့်တွင် ရှန့်ချီတောင်ပေါ်၌ တိမ်ကင်းစင်နေပြီး နေရောင်ခြည်က‌လည်း တောက်ပစွာ ဖြာကျနေသည်။ သို့ရာတွက် သူ့ကိုယ်ပေါ်မှ အေးစက်စိုထိုင်းမှုအချို့ ထုတ်လွှတ်နေပြီး ဆံပင်ရှည်ကြီးပေါ်တွင် ‌နှင်းခဲအချို့ ရှိနေသည်မှာ အလွန်အမင်းအေးစက်လှသည့်နေရာမှ ထွက်ခွာလာသည်နှင့် တူပေသည်။


ရှန်းလျိုရှန့်က သူ့ကိုဂါရဝပြုပြီးသည့်နောက် မော့ကြည့်လိုက်သည်။ ရုတ်တရက် သူ့ခြေထောက်နားမှ မြေကြီးများက တုန်ခါလာသည်။


ဧကရာဇ်ယွင်ယွီက သူ့လက်ညှိုးတစ်ဖက်ဆန့်ထုတ်ပြီး အသာတောက်လိုက်သည်။


ရှန်းလျိုရှန့်၏ခြေထောက်က မြေပေါ်မှလွတ်သွားပြီးနောက် ခဏအကြာတွင် လေပေါ်၌ လွင့်မျောလာသည်။ ဧကရာဇ်ယွင်ယွီ၏လက်ညှ်ိုး လှုပ်ရှားသည့်အတိုင်း ရှန်းလျိုရှန့်၏ခန္ဓာကိုယ်က လေထဲတွင် တဖြည်းဖြည်းလှည့်ပတ်နေသည်။


ဧကရာဇ်ယွင်ယွီက ခဏတာ တိတ်ဆိတ်နေပြီးသည့်နောက်တွင် ပြောလိုက်သည်။


" လေးလိုက်တာ..."

  

ရှန်းလျိုရှန့် : “······”


ဧကရာဇ်ယွင်ယွီက ရုပ်ရည်ချောမောခံ့ညားသော်လည်း သူ၏ ကိုယ်နှုတ်အမူအရာက ခံ့ညားထည်ဝါလွန်းသောကြောင့် သာမန်လူများက သူ့မျက်လုံးကို စေ့စေ့မကြည့်ရဲကြပေ။


သူက မျက်လွှာချထာပြီး ပြောလိုက်သည်။

" အဲ့ပစ္စည်းတွေထုတ်လိုက်..."


ရှန်းလျိုရှန့် နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ငြိမ်သက်နေသည်။ အချိန်အတန်ကြာသောအခါမှ သူ့သိုလှောင်အိတ်ထဲရှိ ဆီစိမ်စက္ကူဖြင့်ပတ်ထားသော ကြက်ပေါင်တစ်ချောင်းကို တွန့်ဆုတ်စွာဖြင့် ထုတ်လိုက်သည်။


ရှန့်ချီတောင်က အပြင်လောကနှင့် အလွန်အလှမ်းဝေးလှသောကြောင့် စားစရာတစ်ခုခုရရန် သူ အလွန်အားထုတ်ထားခဲ့ရခြင်းဖြစ်သည်။


ဧကရာဇ်ယွင်ယွီက ပြောလာသည်။

" ထပ်ပြီးတော့ ရှိသေးတယ်..."


ရှန်းလျိုရှန့်၏နှလုံးသားထဲမှ သွေးများစီးကျလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ခါးမှ ဖရုံစေ့အထုပ်သေးလေးကို ‌ထုတ်ပေးလိုက်ရသည်။


ဧကရာဇ်ယွင်ယွီက အေးစက်စွာဖြင့် ပြောလိုက်သည်။

" ထပ်ရှိသေးတာလား..."


ရှန်းလျိုရှန့် ငိုချင်လာသည်။ သူ့ဝတ်ရုံလက်ထဲမှ အသားခြောက်တစ်တွဲကိုထုတ်လိုက်ပြီးသည့်နောက်တွင် နှလုံးသားက တစ်စစီပဲ့ကြွေသွားသကဲ့သို့ ခံစားလိုက်ရသည်။


" မရှိတော့ဘူး... ဒီတစ်ခါ တကယ်ကို ဘာမှမကျန်တော့ပါဘူး..."


လွန်ခဲ့သော ခုနစ်နှစ်အတွင်း နတ်ဆိုးအဆိပ်ကို ဖယ်ရှားနေခဲ့ရသည့် အချိန်အတောအတွင်းတွင် သူက ငန်သောအစားအစာနှင့် အသားများကို လုံးဝ မစားခဲ့ရပေ ဤတစ်ကြိမ်တွင်မူ စိတ်မထိန်းနိုင်တော့ဘဲ မြည်းစမ်းရန် ဖွက်ထားခဲ့ချိန်၌ ဧကရာဇ်ယွင်ယွီက တွေ့သွားခဲ့ခြင်းဖြစ်သည်။ 


" ကျွန်တော် အနံ့ပဲ ခံကြည့်တာပါ မစားထားပါဘူး..."


ဧကရာဇ်ယွင်ယွီက အသားခြောက်ပေါ်မှ သွားရာကြီးကိုကြည့်ပြီးနောက် ခဏတာငြိမ်ကျသွားသည်။ ထို့နောက်တွင် အညှာအတာကင်းမဲ့စွာဖြင့် လက်တစ်ဖက်ယမ်းလိုက်သည်နှင့် ထိုသရေစာအားလုံး လေထဲတွင် ပျောက်ကွယ်သွားတော့၏။ 


ရှန်းလျိုရှန့် လုံးဝစိတ်ဆင်းရဲသွားတော့သည်။ 


သူက ထိုသရေစာများကို အနံ့ခံကြည့်ရန်သာ ဝယ်ထားခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ညက အလွန်စားချင်စိတ်ပြင်းပြလာသောကြောင့် အသားခြောက်ကို တစ်ကိုက်ကိုက်ရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင် လုံးဝမထိဘဲ ထားခဲ့သည်။


ယနေ့ညတွင်မှ အသားခြောက်တစ်ဝက်နှင့် ဖရုံစေ့အနည်းငယ်ကိုသာ စားရန်တွေးနေခဲ့ခြင်းဖြစ်သည်။


အခုတော့ အားလုံး မရှိတော့ဘူး...


ဧကရာဇ်ယွင်ယွီက မှတ်ချက်ပြုလိုက်သည်။

" မင်းရဲ့စိတ်စွမ်းအားက အားနည်းနေသေးတာပဲ..."


" ကျွန်တော် နေ့တိုင်း ဆေးရေကန်ထဲစိမ်ရလို့ အသားလည်းမစားရဘူး ငန်တဲ့စားစရာတွေကိုလည်း မစားရဘူး... ဒါပေမဲ့ အရှင် မရှိတဲ့အချိန် ဘယ်သူမှ ကျွန်တော့်အတွက် ဆေးတွေ မပြင်ပေးကြဘူးလေ... ကျွန်တော်လည်း ဆေးရေကန်ထဲ မစိမ်ရတော့ နည်းနည်းလောက်စားတာနဲ့ ဘာမှမဖြစ်လောက်ပါဘူးလို့ ထင်လိုက်မိတာ..."


ရှန်းလျိုရှန့်က အသံတိုးတိုးဖြင့် စောဒကတက်လိုက်သည်။ 


ဧကရာဇ်ယွင်ယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

" မင်းက ကိုယ်တော့်ကို အပြစ်တင်နေတာလား..."


ရှန်းလျိုရှန့် မျက်လုံးများ ပြူးကျယ်သွားသည်။

" ကျွန်တော် မလုပ်ရဲပါဘူး..."


သူက သူ့ခမည်းတော်ကို အပြစ်တင်လိုစိတ် လုံးဝမရှိဘဲ အခြေအနေကိုသာ ရှင်းပြနေခြင်းဖြစ်သည်။

ကောင်းကင်ဘုံကိုးခုနဲ့ ‌ကမ္ဘာဆယ်ခုမှာ ဘယ်သူကများ ဧကရာဇ်ကို အပြစ်တင်ရဲမယ်တဲ့လဲ...


ဧကရာဇ်ယွင်ယွီက မျက်ခုံးများတွန့်ချိုးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောလိုသည့်ဟန်ဖြင့် ရေကန်ဘေးနားမှ ဝူထုံသစ်ပင်ကို လက်ညှိုးထိုးပြလိုက်သည်။


" အဲ့မှာ မတ်တပ်ရပ်နေ... မှောင်မှ ပြန်လာရမယ်..."


ရှန်းလျိုရှန့်က စောဒကမတက်ဘဲ လျှောက်သွားလိုက်သည်။


ဤနှစ်ပိုင်းများတွင် သူ ဧကရာဇ်ယွင်ယွီရှေ့၌ အမှားတစ်ခုခု ပြုလုပ်မိတိုင်း အပြစ်က မည်မျှပြင်းထန်သည်ဖြစ်စေ ဝူထုံသစ်ပင်ရှေ့တွင်ရပ်ပြီး ‌ဒဏ်ပေးခံရလေ့ရှိသည်။ 


ထိုနေရာတွင် ခဏရပ်နေပြီးသည်နှင့် ရှန်းလျိုရှန့်က ဒဏ်ပေးခံရသည်ကို သဘောတွေ့လာသည်။


မြေပြင်ပေါ်ပြုတ်ကျနေသည့် ဝူထုံသစ်ရွက်များကိုကောက်ကာ လှေငယ်များ၊ ကြိုးကြာများ၊ ဖားလေးများနှင့် သူ့စိတ်ထဲပေါ်လာသည့် ပုံစံမျိုးစုံ ခေါက်နေလေ့ရှိသည်။


ညပိုင်းသို့ ရောက်လာသည့်အခါ ရှန်းလျိုရှန့်က သူခေါက်ထားသည်များကို သစ်ပင်ပေါ် ပြန်ချိတ်ထားလိုက်ပြီး လက်နှစ်ဖက်ကိုခါကာ ထွက်သွားရန် ပြင်လိုက်သည်။ သို့ရာတွင် သူ လမ်းလျှောက်ထွက်သွားတော့မည့်အချိန်၌ ကောင်းကင်ပေါ်မှ တစ်စုံတစ်ခု ပြုတ်ကျလာပြီး သူ့ခေါင်းကိုလာထိသည်။


၎င်းက တိမ်စိုင်တစ်ခု ပြုတ်ကျလာသကဲ့သို့ဖြစ်၍ မနာကျင်လှပေ။ 


ရှန်းလျိုရှန့်က ထိုပစ္စည်းကိုကောက်ယူလိုက်သည်။ ၎င်းက ရေခဲမြူမှုန်များဖြင့် ကာရံထားသော အိတ်တစ်အိတ်ဖြစ်သည်။ သူ သစ်ပင်ကြီးကို မော့ကြည့်လိုက်သည့်အခါ သစ်ကိုင်းများကသာ လေနှင့်အတူ ယိမ်းနွဲ့နေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ မြင်ကွင်းထဲ မမြင်တွေ့ရပေ။ 


အိတ်အပေါ်မှ ကြိုးစကိုဖြည်လိုက်ပြီးနောက် အတွင်းထဲမှ မြေကြီးအချို့ကို ထုတ်ယူလိုက်သည်။ ထိုမြေကြီးမှုန်များက အလွန်အမင်း နူးညံ့လှပြီး လက်ထဲကိုင်ကြည့်လိုက်သည့်အခါ ရေခဲတမျှအေးစက်မှုကို ခံစားလိုက်ရသည်။


ညကောင်းကင်ယံ၏အောက်တွင် မြေကြီးမှုန်များက အရောင်တလက်လက် တောက်ပနေပေသည်။


ရှန်းလျိုရှန့် ထိုအရာကို မှတ်မိသွားပြီး သူ့မျက်နှာထက်တွင် ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည့် အမူအရာမျိုး ပေါ်လာသည်။


အဲဒါ မြောက်ပိုင်းအသူရာချောက်နယ်မြေက ဆီးနှင်းခဲဝိညာဉ်မြေကြီးပဲ...


ဒီလောကထဲမှာ ဝိညာဉ်အပင်လေးတွေ ကျင့်ကြံဖို့ အသန့်စင်ဆုံးနဲ့ အသင့်တော်ဆုံးမြေကြီး...


အားလုံးက ထိုမြေကြီးကို လိုချင်တပ်မက်ကြသည်။


သို့ရာတွင် ဆီးနှင်းခဲဝိညာဉ်မြေကြီးက ရှာတွေ့ရန် အလွန်ခက်ခဲလှသည်။ ကံအလွန်ကောင်းသူတစ်ယောက်လျှင်ပင် အဆုံးမဲ့ အသူရာချောက်နယ်မြေ၌ ၎င်းကိုရှာတွေ့ရန် မဖြစ်နိုင်လှပေ။ ထို့အပြင် ရှိသည့်နေရာကို သိပါကလည်း မြေကြီးက ရေခဲပြင်အောက် မိုင်တစ်သောင်းခန့်တွင် နစ်မြုပ်နေခြင်းဖြစ်၍ မည်သူမဆိုရနိုင်မည် မဟုတ်ပေ။ 


ရှန်းလျိုရှန့်က မမျှော်လင့်ထားခဲ့သော်လည်း ဧကရာဇ်ယွင်ယွီက သူ့အတွက် အမှန်တကယ် ရှာပေးခဲ့ပေသည်။


သူ ဆီးနှင်းခဲဝိညာဉ်မြေကြီးကို တင်းကြပ်စွာကိုင်ထားလျက် ဝမ်းမြောက်ဝမ်းသာ ဖြစ်မိသွားသည်။


" ခမည်းတော်က တကယ်ကို ကျွန်တော့်ရဲ့ အဖေရင်းပဲ..."


ဧကရာဇ်ယွင်ယွီ အိပ်ဆောင်ထဲသို့ ဝင်တော့မည့်အချိန်တွင် နားထဲ၌ အသံတစ်သံကြားလိုက်ရသည်။ သူ့မျက်ခုံးများ အနည်းငယ်ပင့်တက်သွားပြီး မည်သည့်အမူအရာမှ မပြသနေသော်လည်း နောက်ထပ်စကားတစ်ခွန်းကို ထပ်ကြားလိုက်ရသည်။ 


" ပုပု မင်းအဖေက အသုံးမဝင်ဘူး... မင်းကိုကယ်ဖို့ဆိုရင် ငါတို့တွေ မင်းရဲ့ဖိုးဖိုးကိုပဲ အားကိုးရတော့မှာ..."


ဧကရာဇ်ယွင်ယွီ : “······”


ရှန်းလျိုရှန့်က ဆီးနှင်းခဲဝိညာဉ်မြေကြီးကို ကိုင်ထားလျက် သု့အဆောင်သို့ အမြန်ပြန်သွားခဲ့သည်။


နေ့ဘက်များတွင် သူက ပုပုကို တံစက်မြိတ်အောက်တွင်ထားပြီး နေပူဆာလှုံခိုင်းကာ ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများကို ခံစားခိုင်းလေ့ရှိသည်။ အထူးသဖြင့် စာသင်ဆောင်နှင့် ရေကန်အနားမှ နေရာမျိုးတွင်ဖြစ်သည်။


ရှန်းလျိုရှန့် တံစက်မြိတ်ပေါ် ခုန်တက်သွားပြီး ပုပုကို မြေကြီးထဲမှ တူးထုတ်လိုက်ကာ ဆီးနှင်းခဲဝိညာဉ်မြေကြီးထဲထည့်ပြီး ‌အမြစ်သေးသေးလေးတစ်ခုသာ ဖော်ထားလျက် ပြန်မြှုပ်ထားလိုက်သည်။


လွန်ခဲ့သော နှစ်ပေါင်းများစွာက ခြောက်သွေ့နေခဲ့သည်ပုံစံနှင့် နှိုင်းစာပါက ယခုလက်ရှိ ရှန်းပုပုမှာ ပိုပြီး ပြည့်ပြည့်တင်းတင်းဖြစ်လာပြီး တဖြည်းဖြည်း အသက်ဝင်လာပေသည်။ 


ရှန်းလျိုရှန့်က အမြစ်ကို အသာထိကြည့်လိုက်ပြီးနောက် ကြွေပန်းအိုးကို မ'ကာ အခန်းထဲ ပြန်လာခဲ့လိုက်သည်။


ကိုယ်လက်ဆေးကြောသန့်စင်ပြီးသည့်နောက်တွင် အိပ်ရာပေါ်ထိုင်၍ တရားထိုင်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်ပင်လယ်ထဲတွင် မန္တန်မျိုးစုံကို လေ့ကျင့်နေလိုက်သည်။


ဤခုနစ်နှစ်အတွင်းတွင် နတ်ဆိုးအဆိပ်၏တည်ရှိနေမှုကြောင့် ကိုယ်တွင်းမှ ဝိညာဉ်စွမ်းအားကို အလိုရှိသလို အသုံးချခွင့်မရဘဲ သူ့ကျင့်ကြံဆင့်ကလည်း တိုးတက်မလာခဲ့ပေ။ သို့ရာတွင် ဧကရာဇ်၏နန်းတွင်း၌ နေထိုင်စဉ် အလွန်စွမ်းအားကြီးလှသည့် မန္တန်များကို သင်ကြားခဲ့ရသည်။


သူက ယခင်နှင့်မတူတော့ဘဲ သူ့တပည့်ကို မည်သည့်မန္တန်မှ မသင်ကြားပေးနိုင်သည့်လူ မဟုတ်တော့ပေ။ 


နာရီဝက်ခန့်ကြာပြီးသည့်နောက်တွင် ရှန်းလျိုရှန့် မျက်လုံးများပွင့်လာပြီး ဘေးပတ်ဝန်းကျင်ကို နတ်ဘုရားအာရုံခံမှုဖြင့် စစ်ဆေးကြည့်လိုက်သော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့ရပေ။ 


သူ့မျက်လုံးများက အရောင်တစ်ချက်လက်လာပြီးနောက် အိပ်ရာပေါ် လှဲလိုက်သည်။ သူ့ခေါင်းအုံးအောက်မှ စာအုပ်ဆယ်အုပ်ကို ဆွဲထုတ်လိုက်ပြီးသည့်နောက် ညီညီစီထားလိုက်သည်။ ထို့နောက် သိုလှောင်အိတ်ထဲမှ အပြာရောင်ကျောက်စိမ်းပြားလေးတစ်ခုကို ထုတ်ယူလိုက်သည်။


ကျောက်စိမ်းပြားလေးထဲသို့ ဝိညာဉ်စွမ်းအားထည့်သွင်းပေါင်းစပ်လိုက်သည့်အခါ ၎င်းက ချက်ချင်းပင် အရောင်တောက်ပလာသည်။


တစ်ခဏတွင်းချင်းမှာပင် ကျောက်စိမ်းပြားထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ 


တစ်စုံတစ်ယောက်က ယခုမှ အိပ်ရာနိုးလာသကဲ့သို့ ဩရှရှဖြစ်နေသံက အလွန်ညှို့ယူဖမ်းစားနိုင်စွမ်း ရှိပေသည်။

 

ထိုအသံက မဖော်ညွှန်းပြနိုင်သည့် လှုံ့ဆော်မှုတစ်မျိုးကိုသယ်ဆောင်ပြီး သူ့နားထဲ ဝင်ရောက်လာသည်။


" ရှစ်စွမ်း ဒီည ဘယ်လိုဇာတ်လမ်းမျိုး နားထောင်ချင်လဲ..."



ရှန်းလျိုရှန့်၏နားထဲ ယားကျိကျိဖြစ်သွား၍ ခပ်ဖွဖွ ပွတ်သပ်လိုက်မိသည်။ 


နှစ်နှစ် သုံးနှစ်ခန့် နားထောင်ပြီးသည့်နောက်တွင် သူ့ကိုယ်သူ ကျိုးရွှမ်လန်၏အသံနှင့် အသားကျလာခဲ့ပြီဟု ထင်ခဲ့မိသည်။ သို့ရာတွင် မမျှော်လင့်ထားသည်မှာ ယခုမှ အိပ်ရာနိုးလာသည့် ဩရှရှအသံတိုးတိုးကြောင့် သူ့ရင်ခုန်သံက မြန်ဆန်နေဆဲဖြစ်နေသည်။


သူ့မှတ်ဉာဏ်ထဲမှ ကျိုးရွှမ်လန်၏ပုံစံက ငယ်ရွယ်နုနယ်သေးသော်လည်း ယခုအခါတွင် လူငယ်လေးတစ်ယောက်၏ပုံစံနှင့် လားလားမျှ မသက်ဆိုင်သည့် ယောကျာ်းဆန်သောလေသံကို ကြားလိုက်ရသည့်အခါ သူ့စိတ်ထဲတွင် တပည့်ဖြစ်သူ၏ပုံစံက မည်သို့ဖြစ်လာသည်ကို သိချင်နေမိသည်။ 


တစ်ဖက်ခြမ်းမှ အိပ်ရာပေါ်ထထိုင်လိုက်သကဲ့သို့ တရှပ်ရှပ်အသံကို ကြားလိုက်ရသည်။ 

" ရှစ်စွမ်း ဘာဖြစ်လို့လဲ..."


ယခုမှ ပုံမှန်အခြေအနေပြန်ရောက်သွားသော ရှန်းလျိုရှန့်၏နားရွက်မှာ တစ်စုံတစ်ရာက သူ့ကို လာရောက်ကုတ်ခြစ်နေသကဲ့သို့ ယားကျိကျိဖြစ်လာပြန်သည်။


သူ ကူကယ်ရာမဲ့စွာဖြင့် ကျောက်စိမ်းပြားလေးကို ခပ်ဝေးဝေးတွင် ချထားလိုက်ပြီး သက်ပြင်းခပ်ဖွဖွချလိုက်သည်။

" ဘာမှမဖြစ်ပါဘူး ငါ့နားရွက်လေး ဗိုက်ကြီးသွားရုံပါ..."


ကျောက်စိမ်းပြားလေးက တစ်ခဏတာခန့် တိတ်ဆိတ်ငြိမ်သက်သွားသည်။ 


ထိုစကားများပြောပြီးမှသာ ကျိုးရွှမ်လန်က ထိုဟာသကို နားမလည်နိုင်ဟု ထင်မိ၍ ရှန်းလျိုရှန့် အမြန်ရှင်းပြလိုက်သည်။

" မင်းရဲ့ အသံက နားထောင်လို့ကောင်းတယ်လို့ ငါပြောချင်တာပါ တခြားမဟုတ်ဘူး..."


ခဏအကြာတွင် ကျောက်စိမ်းပြားထဲမှ ရယ်သံတစ်သံ ထွက်ပေါ်လာသည်။

" တပည့် သဘောပေါက်ပါပြီ..."


ရှန်းလျိုရှန့်က သူ့နှာခေါင်းကိုထိလိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

" မင်းဒီနေ့ ဘာလို့အစောကြီး အိပ်နေတာလဲ..."


" ကျွန်တော် နေ့ခင်းဘက်တုန်းက တိုက်ပွဲတစ်ပွဲတိုက်ခဲ့ရလို့ ခဏနားနေတာပါ..."

တစ်ဖက်မှ စာရွက်လှန်နေသည့်အသံ ထွက်ပေါ်လာသည်နှင့် ကျိုးရွှမ်လန်က စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ 

" စိတ်မပူပါနဲ့ ရှစ်စွမ်း... ကျွန်တော် ဒဏ်ရာမရခဲ့ပါဘူး..."


သူ့တပည့်က ယခုနောက်ပိုင်းတွင် တိုက်ပွဲများစွာ တိုက်ခိုက်နေရကြောင်း ရှန်းလျိုရှန့်သိသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း အခြားလူများက သူ့ကိုရန်လာစပြီး သူ့ပိုင်နက်ကို လာရောက်ကျူးကျော်သောကြောင့်ဖြစ်သည်။ နတ်ဆိုးများအတွက်မူ မိမိတို့ပိုင်နက်ကို ကာကွယ်ရခြင်းက အရေးကြီးသောအရာဖြစ်ပြီး ကိုယ်ပိုင်နယ်မြေတစ်ခုရှိခြင်းက သူတို့အတွက် အလွန်အရေးပါပေသည်။


သို့သော် နတ်ဆိုးလောက က နေရာအကန့်အသတ်ရှိပြီး ဝိညာဉ်စွမ်းအင်ကြွယ်ဝသောနယ်မြေက အလွန်ရှားပါးပေသည်။ ရလဒ်အနေဖြင့် ပိုင်နက်နယ်မြေလုယူသည့်တိုက်ပွဲများက နတ်ဆိုးလောကအတွက် ဖြစ်လေ့ဖြစ်ထရှိသောအရာ ဖြစ်လာသည်။ တိုက်ပွဲတွင် အနိုင်ရရှိသူက နယ်မြေကို သိမ်းပိုက်နိုင်ပေသည်။


လက်ရှိနတ်ဆိုးဘုရင်များက ထိုတိုက်ပွဲများတွင် ထူးချွန်ပြောင်မြောက်သူများ ဖြစ်ကြသည်။


မဟာနတ်ဆိုးဘုရင်က တောင်ကိုးလုံးနှင့် ပင်လယ်ဆယ်စင်းကို ထိန်းချုပ်ထား၍ အကြီးမားဆုံးနယ်မြေကို ပိုင်ဆိုင်ထားသည်။


တတိယနတ်ဆိုးဘုရင်က တောင်ကိုးလုံးနှင့် ပင်လယ်ငါးစင်းကို အုပ်ချုပ်သည်။ သူ၏ နယ်မြေက မကျယ်ဝန်းသော်လည်း ရတနာပေါများသည်။


နဝမနတ်ဆိုးဘုရင်က တောင်များနှင့် ပင်လယ်ကို တိုက်ရိုက်မထိန်းချုပ်ပဲ စွန့်ပစ်မြေရှစ်ပါးကို အနိုင်ရခဲ့သည့် လူသစ်တစ်ယောက်ဖြစ်သည်။


ရှန်းလျိုရှန့်က မေးလိုက်သည်။

" စွန့်ပစ်မြေရှစ်ပါးက ဘာနဲ့တူလဲ..."


" အဆုံးမဲ့ကျက်တီးမြေကြီးလိုပဲ ကျောက်တုံးတွေနဲ့ ခြောက်ကပ်နေတဲ့ သစ်ပင်တွေပဲရှိတာ..."


ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။

" ဒါဆိုရင် နဝမနတ်ဆိုးဘုရင်ဖြစ်တဲ့မင်းက အဲ့မှာဘာသွားလုပ်တာလဲ..."


ကျောက်စိမ်းပြားထဲမှ အသံက အနည်းငယ်ကူကယ်ရာမဲ့သွားပုံ ပေါ်သည်။

" ရှစ်စွမ်း ကျွန်တော့်ကို နဝမနတ်ဆိုးဘုရင်လို့ မခေါ်ဘူးလို့ သဘောတူထားတာကို မှတ်မိလား..."


ရှန်းလျိုရှန့် အားပါးတရရယ်မောလိုက်သော်လည်း တစ်စုံတစ်ရာမှားယွင်းနေကြောင်း သတိပြုမိသွား၍ တစ်ဝက်တစ်ပျက်တွင် ရပ်တန့်လိုက်သည်။


သူ့တစ်ကိုယ်လုံးလည်း စတင်တုန်ယင်လာ၏။ 


ရယ်သံရပ်သွားသည်ကို သတိပြုမိသော ကျိုးရွှမ်လန်က မျက်ခုံးတွန့်လိုက်သည်။

" ရှစ်စွမ်း..."


ကျောက်စိမ်းပြားထဲမှ ပြတ်တောင်းပြတ်တောင်းအသံအချို့ ထွက်လာသည်။ 

" ဘာ ဘာမှမဟုတ်ပါဘူး... နတ်ဆိုးအဆိပ်တွေ အကုန်ပျောက်သွားပြီဆိုတော့ ငါ့ခန္ဓာကိုယ်က နဂိုပုံစံ ပြန်ပြောင်းတော့မှာ..."


ကျိုးရွှမ်လန်က ဝမ်ရှင်းမျှော်စင်ပေါ်မှ အဖြစ်ကို ပြန်သတိရသွား၍ မေးလိုက်သည်။

" ရှစ်စွမ်း အခုဘယ်မှာလဲ... ဘေးနားမှာ တစ်ယောက်ယောက်ရှိလား..."


" ဘယ်သူမှ မရှိဘူး ငါ့အခန်းထဲမှာပဲ..."

ရှန်းလျိုရှန့်က မနည်းကြိုးစားဖြေလိုက်သည်။


ရှန်းလျိုရှန့် သူ့ ရင်ဘတ်ကိုအုပ်ထားကာ တစ်ကိုယ်လုံးတုန်ယင်နေသည်။ သူ့ခန္ဓာကိုယ်မှ အရိုးများက ပျော့ခွေလာသည်ကို ခံစားလာရပြီး ခဏအကြာတွင် မနာကျင်တော့သော်လည်း သူ့အရေပြားက ပူနွေးလာသည်။


ခဏအကြာတွင် သူ့အတွင်းဝတ်ရုံတစ်ခုလုံး ချွေးများစိုရွှဲလာသည်။


သူ့ကို ကလေးအသွင်ပြောင်းမည့် မန္တန်ကို အသုံးမပြုမီအချိန်က နတ်ဆိုးအဆိပ်များ လုံးဝပျောက်ကင်းသွားပါက ခန္ဓာကိုယ်က နဂိုမူလအတိုင်း ပြန်ဖြစ်လာမည်ဟု ဧကရာဇ်ယွင်ယွီက ပြောပြခဲ့ဖူးသည်။



ကိုယ်တွင်းသို့ လေပူများတစ်ဟုန်ထိုးဝင်ရောက်လာသည်ကို ခံစားမိသော ရှန်းလျိုရှန့်က မသက်မသာဖြင့် အော်ညည်းလိုက်မိပြီး သူ၏ သေးသွယ်ဖြူဖျော့သော လက်တစ်ဖက်ဖြင့် အိပ်ရာခင်းစကို ဆွဲထားလိုက်သည်။


ကံကောင်းသည်မှာ ထိုသို့ဖြစ်ခြင်းက အချိန်အလွန်မကြာလိုက်ပေ။ ရှန်းလျိုရှန့်၏ မျက်လုံးသူငယ်အိမ်က အနည်းငယ် စုကျုံ့သွားပြီးသည့်နောက် အိပ်ရာခင်းကို ကိုင်ထားသော လက်တစ်ဖက်က တဖြည်းဖြည်း သွယ်လျလာပြီး ချွေးများစိုစွတ်နေသည့် ပါးပြင်ပေါ်သို့ အနက်ရောင်ဆံနွယ်ရှည်များ ကျလာသည်။ အိပ်ရာပေါ်တက်သွားခဲ့သည့် ခန္ဓာကိုယ်အသေးလေးက ပျောက်ကွယ်သွားခဲ့ပြီး လူငယ်လေးတစ်ယောက်၏ ပိန်ပိန်ပါးပါးပုံရိပ်တစ်ခုသာ ပေါ်လာသည်။


သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအားလုံးကို ပြန်လည်ပုံသွင်းလိုက်သကဲ့သို့ ရှန်းလျိုရှန့် အိပ်ရာပေါ်လဲကျသွားပြီး လက်ဖျားများပင် မလှုပ်နိုင်တော့အောင် ပင်ပန်းသွားသည်။


ခဏအကြာတွင် သူ အသက်ပြင်းပြင်းရှုလိုက်သည်။


ကျောက်စိမ်းပြားလေးက အရောင်ဖျော့ဖျော့လင်းလက်နေဆဲဖြစ်သော်လည်း တိတ်ဆိတ်ငြိမ်သက်နေသည်ကို သူ သတိပြုမိသည်။ သူ့လက်တစ်ဖက်ဆန့်ထုတ်ပြီး ကျောက်စိမ်းပြားကို ကိုင်လိုက်လေသည်။


ကျိုးရွှမ်လန်က ကျောက်စိမ်းပြားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသော်လည်း အသံမထွက်ဘဲ ငြိမ်နေသည်။


ကျောက်စိမ်းပြားပေါ်မှ တဝီဝီအသံ ပျောက်ကွယ်သွားပြီး ဤတစ်ကြိမ်တွင် နွမ်းလျနေသည့် လေသံတိုးတိုးလေး ထွက်ပေါ်လာသည်။


" ဟေး အိပ်ပျော်သွားတာလား..."


ဖယောင်းတိုင်မီးက ကျိုးရွှမ်လန်၏ မျက်ခုံးနှင့် မျက်လုံးများပေါ် ကျရောက်နေပြီး အလင်းနှင့်အရိပ် တစ်လှည့်စီ ရောင်ပြန်ဟပ်နေသော သူ့မျက်ဝန်းများက ပိုမိုနက်ရှိုင်းလာသည်။


" ကျွန်တော် အိပ်လို့မရဘူး... ရှစ်စွမ်း ကျွန်တော့်ကို အဖော်ပြုပေးပါလား..."

သူ့အသံက တိုးရှရှဖြစ်နေသ

ည်။


ရှန်းလျိုရှန့် အံ့အားသင့်သွားသော်လည်း စာအုပ်ကိုဖွင့်ပြီး ပြောလိုက်သည်။

" ဒါဆိုရင်တော့ ဒီညမင်းကို စာဖတ်ပြမယ်လေ..."


အဆုံးတွင်မူ ကျိုးရွှမ်လန်ကသာ တစ်ညလုံးနီးပါး စာအုပ်ဖတ်ပြလိုက်ရသည့်လူဖြစ်သွားပြီး ရှန်းလျိုရှန့်က အိပ်ချင်မူတူးဖြင့် နားထောင်နေခဲ့သည်။