အပိုင်း ၆၁
Viewers 23k

Chapter 61




 သူ နောက်နေ့မနက် နိုးလာသည့်အခါ အရောင်ဖျော့သွားသည့် ကျောက်စိမ်းပြားလေးကို ပြန်သိမ်းထားလိုက်ပြီး အဝတ်အစားသစ်များ ဝတ်လိုက်သည်။ နတ်ဆိုးအဆိပ်အကြောင်း သူစိတ်ပူနေဆဲဖြစ်၍ လောင်ကျို့ကိုရှာရန် ထွက်သွားပြန်သည်။


ရွှေလိပ်ကြီးက သူ့သွေးကို မြည်းစမ်းကြည့်ပြီးသည့်နောက် တစ်ကိုယ်လုံးနီမြန်းနေသည့်နေရာ မရှိတော့ပေ။ သူ ရေကန်ထဲမှ ခေါင်းမော့လာပြီး ရှန်းလျိုရှန့်ကို ကြည့်လိုက်သည်။

" ငါ မင်းရဲ့ပုံစံကို အခုထိ နေသားမကျသေးဘူး..."


" ဒါဆိုရင်လည်း များများကြည့်ထားလေ..."

နတ်ဆိုးအဆိပ်က ပျောက်ကင်းသွားပြီဖြစ်၍ ရှန်းလျိုရှန့် ဝမ်းသာနေသည်။ ရေကန်ဘေးနားမှ ကြွေပန်းကန်လုံးတစ်လုံးကိုကောက်ပြီး လောင်ကျို့ကို ငါးအချို့ကျွေးလိုက်သည်။


မနီးမဝေးတွင် လူအချို့က တဖြည်းဖြည်းချဉ်းကပ်လာကြပြီး သူတို့ကိုဦးဆောင်လာသူက ခရမ်းရောင်ဝတ်ရုံနှင့် ကျောက်စိမ်းသရဖူ ဆောင်းထားသည်။ သူ၏ ချောမောခံ့ညားသောမျက်နှာက သဘာဝဆန်ဆန် ဝင့်ကြွားမှုတို့ ရှိနေသည်။


သူ လူတစ်ယောက်နှင့် စကားပြောနေစဉ်တွင် ရေကန်ဘေးနားမှ ပုံရိပ်တစ်ခုကို မျက်လုံးထောင့်မှ မြင်လိုက်သည်။ သူ့အမူအရာက ချက်ချင်းနက်မှောင်သွားပြီး ဝတ်ရုံလက်ကို ဖျတ်ခနဲခါကာ တစ်ဖက်သို့လှည့်ပြီး အမြန်ထွက်သွားတော့သည်။


လောင်ကျို့က ငါးများစားနေလျက် မေးလိုက်သည်။

" ရှင်းချန် ပြန်ရောက်နေပြီပဲ... သူက မင်းရဲ့ညီလေးမလား ဘာလို့ လာမနှုတ်ဆက်တာလဲ..."


ရှန်းလျိုရှန့်က ထွက်သွားသော ရှုရှင်းချန်ကိုကြည့်ပြီး မျက်လုံးများ စုကျုံ့လိုက်သည်။


မူရင်းဝတ္ထုတွင်မူ ဧကရာဇ်ယွင်ယွီ ကျဆုံးသွားပြီးသည့်နောက် ရှုရှင်းချန်က ဧကရာဇ်အသစ်ဖြစ်လာခဲ့သော်လည်း နောက်ပိုင်းတွင် သူက စုပိုင်ချယ့်ကို ချစ်မိသွားခဲ့၍ တော်ဝင်နန်းတော်၏ စွမ်းအားကိုသုံးကာ စုပိုင်ချယ့်ကို မကြိမ်ကြိမ်အခါခါ ပြန်ပေးဆွဲခဲ့သည်။ တစ်ခါကမူ စုပိုင်ချယ့်က်ို အတင်းအကြပ်အနိုင်ကျင့်ရန် ကြိုးစားခဲ့မိ၍ ထိုအချိန်က စွမ်းအားကြီးနေခဲ့သော ကျိုးရွှမ်လန်ကို ဒေါသဖြစ်စေခဲ့သောကြောင့် နှစ်ထောင်ကျော် တည်ရှိ‌ခဲ့သော တော်ဝင်နန်းတော်ကြီးက ပျက်စီးကိန်းဆိုက်ခဲ့ရသည်။


ရှန်းလျိုရှန့်က ကျစ်ခနဲ အသံတိုးတိုးပြုလိုက်သည်။

" သူက နည်းနည်းတုံးတယ်ဆိုတော့ သူ့ကိုသွားမရှုပ်တော့ပါဘူး..."


ရှန်းလျိုရှန့်ကို တွေ့ချိန်တိုင်းတွင် ရှုရှင်းချန်၏မျက်နှာက စူပုတ်ပြီး မကျေမနပ်ဖြစ်မှုများဖြင့် ပြည့်နေသည်။ သူ့နောက်မှ လက်အောက်ငယ်သားများက အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို သတိပေးလိုက်သည်။

" အရှင့်သားက ဧကရာဇ်ရှေ့မှာလည်း ဒီလိုအပြုအမူမျိုးပဲဆိုတော့ သင့်တော်ပါ့မလား..."


ရှုရှင်းချန် မျက်မှောင်ကြုတ်လိုက်သည်။

" အဲ့တော့ဘာဖြစ်လဲ... ငါက သူ့ကို တကယ်ရွံတာလေ ဟန်ဆောင်ပန်ဆောင်နဲ့ သဘောကျချင်ယောင်ဆောင်ရမှာလား..."


ရုတ်ချည်းထွက်ပေါ်လာသည့် အစ်ကိုတော်ဆိုသူက နတ်ဆိုးအဆိပ်ကြောင့် အားနည်းနေဟန်ဆောင်နေသည်ကို သူ့ခမည်းတော်က အမှန်တကယ်ပင် ယုံကြည်သွားပြီး ဆေးမျိုးစုံဖြင့် ထောက်ပံ့ပေးကာ သူ့ကျန်းမာရေးကို နေ့တိုင်းဂရုစိုက်နေပေသည်။


သူ ငယ်စဉ်ကလေးဘဝ၌ အအေးမိပြီး နေမကောင်းဖြစ်ခဲ့စဉ်က မနည်းတောင့်ခံခဲ့ရသော်လည်း ခမည်းတော်က သူ့ကို လုံးဝဂရုမစိုက်ခဲ့ပေ။ 

ရှန်းလျိုရှန့်ဆိုတဲ့လူက ဘာကိစ္စ ကောင်းကောင်းဆက်ဆံခံရတာလဲ...


သူ့လက်အောက်ငယ်သားများအားလုံး ခေါင်းကိုက်ကုန်သည်။


ဧကရာဇ်က သူ၏ ပျောက်ဆုံးသွားသောကလေးကို အလွန်ဂရုစိုက်သည်ကို အားလုံးသိကြ၍ ရှုရှင်းချန်က ခုနစ်နှစ်တိုင်အောင် ကြာပြီးသည်အထိ ရှန်းလျိုရှန့်က ဤပုံစံအတိုင်းဆက်ဆံနေပါက ဧကရာဇ်ကို အမျက်ထွက်စေလိမ့်ပေမည်။


သို့ရာတွင် ရှုရှင်းချန်က ခေါင်းမာသူဖြစ်၍ မည်သူကမှ သူ့ကို မဖျောင်းဖျနိုင်ကြပေ။ 


အဝေး‌တစ်နေရာရှိ လက်ဖက်ရည်ဆောင်လေးတစ်ခုတွင် ဧကရာဇ်ယွင်ယွီက လက်နောက်ပစ်ရပ်နေပြီး နန်းတွင်းထဲ ဒေါသတကြီးဖြင့် ဝင်လာသည့် ရှုရှင်းချန်ကို ကြည့်နေသည်။ သူ့မျက်နှာထက်တွင် မည်သည့်အမူအရာကိုမှ ပြသမနေပေ။


ဧကရာဇ်၏ဘေးတွင်ရပ်နေသည့် ကျန်းဟွိုက်ဝူက ပြောလိုက်သည်။ 

" မင်းသားလေးရှင်းချန်က ဒီခရီးစဉ်အတွင်းမှာ ဧကရာဇ်အပ်နှင်းထားတဲ့ တာဝန်တွေအကုန်လုံးကို ပြီးမြောက်ခဲ့ပါတယ် သူလည်း တော်တော်လေး ဒုက္ခခံလိုက်ရပါတယ် အရှင်..."


ဧကရာဇ်ယွင်ယွီက မှတ်ချက်တစ်စုံတစ်ရာမပြုဘဲ ပြောလိုက်သည်။

" ရှန်းလျိုရှန့်ရဲ့ နတ်ဆိုးအဆိပ်က လုံးဝပျောက်သွားပြီဆိုတော့ ကိုယ်တော် သူနဲ့ ရှုရှင်းချန်ကို နတ်ဆိုးနယ်မြေကို အတူတူသွားခိုင်းမလို့ စီစဉ်ထားတယ်..."


ကျန်းဟွိုက်ဝူ မျက်ခုံးများ တွန့်လိုက်မိသည်။

" ဒါပေမဲ့ နတ်ဆိုးနယ်မြေက တော်တော်လေး အန္တရယ်များတဲ့နေရာပါ... မင်းသားလေးရှင်းချန်က ဘာလို့ အန္တရယ်တောထဲ ဝင်ရမှာလဲအရှင်... အကြောင်းကိစ္စတစ်ခုခု ရှိနေလို့များလား..."


ဧကရာဇ်ယွင်ယွီက ပြန်ဖြေလိုက်သည်။

" နတ်ဆိုးနယ်မြေက တစ်ယောက်ယောက်က နတ်ဆိုးသားရဲတွေကိုသတ်ဖို့ ကြံစည်နေတယ် အဲဒါ ဘယ်သူလဲဆိုတာ ရှာဖို့လိုနေပြီ..."


ကျန်းဟွိုက်ဝူ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားသည်။


လွန်ခဲ့သော နှစ်ရာပေါင်းများစွာက မဟာကပ်ဘေးကြီးတစ်ခု ဖြစ်ပွားခဲ့၍ မဟာနတ်ဆိုးသားရဲလေးကောင်ဖြစ်သည့် ထန်ထူ၊ ချုန်းချီ၊ ထောင်ဝူနှင့် ဟွင်းသွမ်းတို့က တစ်ချိန်တည်းတွင် ပေါ်လာခဲ့သောကြောင့် လောကသုံးခွင်တွင် ကပ်ဘေးအန္တရယ်ကြီး ဖြစ်ပေါ်စေခဲ့သည်။


ဧကရာဇ်က သူ့ကိုယ်ပိုင်ခွန်အားဖြင့် ထောင်ဝူနှင့် ဟွင်းသွမ်းကို သတ်ပစ်နိုင်ခဲ့ပြီး ဤအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ချုန်းချီနှင့် ထန်ထူကို ချိပ်ပိတ်နိုင်ခဲ့သည်။ 


ရလဒ်အနေဖြင့် သူ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ခဲ့ကြပြီး အားလုံး၏ အကြည်ညိုအလေးစားခံခဲ့ရပေသည်။


သို့ရာတွင် ကပ်ဘေးဆိုက်ခဲ့ပြီး အချိန်အတော်အတန်ကြာပြီးသည့်အချိန်တွင် လူအများက တစ်ချိန်တစ်ခါက ခံစားခဲ့ရသည့် အကြောက်တရားတို့ကို မေ့လျော့လာခဲ့သည်။ ယခုအခါတွင်မူ လူအချို့က ထန်ထူနှင့် ချုန်းချီတို့ကို ချိပ်ပိတ်ထားသည့်နေရာကိုရှာဖွေ၍ နတ်ဆိုးသားရဲများ၏ အန္တိမစွမ်းအား(အဆုံးမဲ့စွမ်းအား) များကို ကြိုးကိုင်နိုင်ရန် ကြိုးပမ်းလာကကသည်။


" နတ်ဆိုးသားရဲတွေကို ကိုင်တွယ်ရတဲ့ကိစ္စက အသေးအမွှားမဟုတ်ပါဘူး... ကျွန်တော်မျိုးတို့တွေ..."

ကျန်းဟွိုက်ဝူ၏စကားက တစ်ဝက်တစ်ပျက်တွင် ရပ်တန့်သွားပြီး ဧကရာဇ်က ဤအခွင့်အရေးကို အသုံးချ၍ မင်းသားလေးနှစ်ယောက်ကို သင့်မြတ်စေချင်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။


မင်းသားနှစ်ပါး နတ်ဆိုးနယ်မြေသို့သွားမည့်သတင်းက နန်းတွင်းတစ်ခုလုံးတွင် ပျံ့နှံ့သွားသောကြောင့် နန်းတွင်းတစ်ခုလုံး နေရာလပ်မကျန်အောင် အလုပ်များသွားကြသည်။ 


ရှန်းလျိုရှန့် ထိုသတင်းကိုကြားသည့်အခါ ယုံကြည်ရခက်ခဲသွားသည်။


သူ ရှေးယခင်တည်းက နတ်ဆိုးနယ်မြေသို့သွားရန် စီစဉ်ထားသော်လည်း တစ်ဖက်တွင်မု နတ်ဆိုးအဆိပ်က သူ့ကို ဟန့်တားထားသည့်အပြင် နတ်ဆိုးလောကသည်လည်း သွားလာရ လွယ်ကူ‌သည့်နေရာ မဟုတ်နေခဲ့ပေ။ 


နတ်ဆိုးအများစုက အာရုံခံကောင်းကြပြီး တစ်စုံတစ်ယောက်က လူသား သို့မဟုတ် နတ်ဆိုးဖြစ်ကြောင်းကို သူတို့အော်ရာကို အာရုံခံခြင်းဖြင့် သိနိုင်ကြပေသည်။ နတ်ဆိုးနယ်မြေသို့ ဝင်ရောက်သွားသော သာမန်ကျင့်ကြံသူများမှာ အချိန်မရွေးရှာတွေ့သွားပြီး နတ်ဆိုးများ၏ ဝါးမျိုခံရနိုင်ပေသည်။


နတ်ဆိုးနယ်မြေကို ဝင်ရောက်ရန်အတွက် လူသားတစ်ယောက်က သူတို့၏အော်ရာကို ဖုံးကွယ်ပြီး နတ်ဆိုးများအဖြစ် ရုပ်ဖျက်ရပေမည်။ 


နန်းတွင်းဆရာများစွာက အချိန်အတန်ကြာအောင် ကြိုးစားအားထုတ်ပြီးသည့်နောက်တွင် မင်းသားနှစ်ပါး၏ အော်ရာကို ဖုံးကွယ်ထားနိုင်သည့် ဆေးရေပူစမ်းကို ညတွင်းချင်း ဖန်တီးနိုင်ခဲ့ပေသည်။


ရှန်းလျိုရှန့် ဆေးရေပူစမ်းသို့ ရောက်သည့်အခါ ရင်းနှီးနေသည့် မျက်နှာများစွကို တွေ့လိုက်ရသည်။ တော်ဝင်ဆရာများက သူ့ကိုတွေ့သည်နှင့် အထင်အမြင်သေးစွာဖြင့် နှာမှုတ်ပြီး အကြည့်လွှဲလိုက်ကြသည်။


ရှန်းလျိုရှန့်က ထိုသို့သောအပြုအမူများနှင့် ရင်းနှီးနေပြီဖြစ်၍ ရေပူစမ်းထဲမှ အနက်ရောင် အရည်များကိုသာ လှမ်းကြည့်လိုက်သည်။


ရှောက်ဟုန်က ဝိညာဉ်မြက်ပင် လက်တစ်ဆုပ်စာကို ရေထဲဖြန်းလိုက်ပြီး ပြောလိုက်သည်။ 

" ရေပူစမ်းထဲမှာ တစ်ရှီချန်ဝက်(နာရီဝက်)လောက် စိမ်ထားပြီးရင် အော်ရာကိုဖုံးကွယ်ထားနိုင်ပါလိမ့်မယ်... ဘယ် နတ်ဆိုးကမှ အာရုံခံနိုင်တော့မှာ မဟုတ်ဘူး..."


သူ့လက်ထဲမှ ဝိညာဉ်မြက်ပင်က ရှန်းလျိုရှန့်နှင့် အလွန်ရင်းနှီးနေ၍ ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်မိသည်။


ထိုဝိညာဉ်မြက်ကို " ဖူရုန်အရိုး" ဟုခေါ်ပြီး ဧကရာဇ်ယွင်ယွီက သူနေ့တိုင်းစိမ်ရသော ဆေးရေကန်ထဖြ အမြဲပစ်ထည့်ပေးလေ့ရှိသည်။ ရှောက်ဟုန်၏လက်ထဲမှ မြက်ပင်ပမာဏက သူ ထိုစဉ်အချိန်က တွေ့ရသည်ထက် အဆပေါင်းများစွာ များပြားနေပေသည်။


" ကျွန်တော်ကြားဖူးတာတော့ ဖူရုန်အရိုးက မချိမဆန့်နိုင်အောင်ကို နာကျင်စေတယ်ဆို... အဲဒါဟုတ်လား လောင်ရှောက်..."


ခံ့ညားထည်ဝါသော ဝတ်ရုံနှင့် ‌ဦးခေါင်းထက်တွင် ကျောက်စိမ်းသရဖူဆောင်းထားသည့် ရှုရှင်းချန်က သူ့နောက်လ်ုကနောက်ပါ လူတစ်အုပ်စုနှင့်အတူ တံခါးနားတွင် ပေါ်လာသည်။


ရှောက်ဟုန်က ‌ဦးညွတ်အရိုအသေပြုပြီး ပြန်ဖြေလိုက်သည်။

" အမှန်ပါပဲ... သာမန်လူတွေက ဒီမြက်ပင်ကို တောင့်မခံနိုင်ကြပါဘူး..."


ရှုရှင်းချန်က ဘေးနားပတ်ပတ်လည်ကို ကြည့်လိုက်ပြီးနောက် ကျန်းဟွိုက်ဝူအပါအဝင် လူအချို့ရှိနေသည်ကို တွေ့လိုက်ရ၍ ခဏစဉ်းစားပြီး ပြောလိုက်သည်။

" အဲ့တော့ ခင်ဗျားတို့အားလုံးက ခမည်းတော်အစား ကျွန်တော့်ကို လာစောင့်ကြည့်ကြတာလား... အဲ့လိုလုပ်စရာ မလိုပါဘူး... ကျွန်တော် အဲ့လောက်နာကျင်တာလေးကိုတော့ တောင့်ခံနိုင်တယ် တစ်ဝက်တစ်ပျက်နဲ့ လက်လျှော့မှာ မဟုတ်ဘူး..."


ကျန်းဟွိုက်ဝူ၏ဘေးနားမှလူက အလျင်အမြန်ပြောလိုက်သည်။

" မင်းသားလေးရှင်းချန် အတွေးလွန်နေပါပြီ... အရှင့်သားရဲ့ ဆုံးဖြတ်ချက်ပြတ်သားမှုကို ဧကရာဇ်က သဘောပေါက်ပါတယ် ကျွန်တော်မျိုးတို့ကလည်း လာစောင့်ကြည့်တာ မဟုတ်ပါဘူး... ‌ဒီတစ်ကြိမ် အရှင့်သားအပြင် တခြားလူတွေကလည်း ဆေးရေပူစမ်းထဲဝင်ရဦးမှာပါ..."


သူ့ စကားဆုံးသည်နှင့် အားလုံး၏ အမူအရာများက လေးနက်တည်ကြည်သွားပြီး ရှန်းလျိုရှန့်ကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။


ရှန်းလျိုရှန့်၏ ဇာမဏီမျက်ဝန်းများ မှေးကျဉ်းသွားပြီး ခဏအကြာတွင် အထိတ်တလန့်ဖြင့် နောက်တစ်လှမ်းဆုတ်လိုက်သည်။

" မရဘူး... ကျွန်တော်က နည်းနည်းလေးနာရင်တောင် သည်းမခံနိုင်ဘူး..."


ကျန်းဟွိုက်ဝူ၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ရှောက်ဟုန်အပါအဝင် တော်ဝင်တရာများ၏ အမူအရာများက စိတ်မကျေမနပ်ဖြစ်သွားသည့်ပုံစံမျိုး ပေါ်လာကြသည်။


" တကယ်လို့ အရှင့်သားက ဒီလောက်နာကျင်မှုလေးကိုတောင် တောင့်မခံနိုင်ရင် ဘယ်လိုလုပ် သူရဲကောင်းတစ်ယောက် ဖြစ်လာတော့မှာလဲ..."


" ဧကရာဇ်ယွင်ယွီဆို တစ်ခါတုန်းက နတ်ဆိုးနယ်မြေကို တစ်ယောက်တည်းသွားခဲ့တာ... တကယ်လို့ ရှန်းလျိုရှန့်မှာ အဲ့လိုစွမ်းရည်မျိုးရှိတယ်ဆိုရင် ရေပူစမ်းထဲ မစိမ်ပဲနဲ့ကို သွားသင့်တယ်..."


" ရှန်းလျိုရှန့်က ငါတို့ရှေ့မှာတောင် သူရဲဘောကြောင်ကြောင်း ပြနေပေမဲ့ ဒီဟာက လက်သင့်ခံနိုင်လောက်ပါတယ်... ဒါပေမဲ့လည်း ဒီလိုအားနည်းမှုမျိုးကို ထုတ်မပြသင့်ဘူး... မဟုတ်ရင် ဧကရာဇ်ကို သိက္ခာကျစေလိမ့်မယ်..."


ရှုရှင်းချန်က သရော်လိုက်သည်။

" အခုတည်းက ကြောက်နေပြီလား... ငါ့ကိုကြည့်နေလိုက်..."


ထို့နောက် သူ့အပြင်ဝတ်ရုံကိုချွတ်ပြီး "ငါကြောက်တယ် မဝင်ချင်ဘူး" ဟု အထပ်ထပ်အခါခါ အော်ဟစ်နေသည့် ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ အေးစက်စက်ဖြင့် နှာမှုတ်လိုက်ပြီး ခါးမတ်မတ်ရပ်လိုက်သည်။


သူက အားလုံး၏ရှေ့တွင် ကြောက်ရွံ့မှုကို မပြသခဲ့သောကြောင့် ဦးလေးကျန်း၊ လောင်ရှောက်နှင့် အခြားလူများက သူနှင့် ရှန်းလျိုရှန့်၏အကြားမှ စိတ်ဓာတ်၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် စွမ်းရည်ကွာဟချက်တို့ကို တွေ့မြင်နိုင်မည်ဖြစ်သည်။


ရှုရှင်းချန် ရေပူစမ်းထဲ ခြေချလိုက်သည့်အခါ အနက်ရောင်ရေများက သူ့ကိုယ်ကို ချက်ချင်းနစ်မြုပ်သွားစေသည်။


သူ့မျက်နှာက တစ်ခဏတွင်းချင်း ဖြူဖျော့သွားပြီး နှဖူးပြင်တွင် ဇောချွေးများထွက်လာသည်။ ရေက သူ့ကိုယ်ထဲ ထိုးဖောက် ဝင်ရောက်သွားပြီး အရိုးများကို ဓားဖြင့်ခြစ်နေသကဲ့သို့ မချိတင်ကဲ နာကျင်လာစေကာ သူ့ကို လှုပ်မရအောင် ပြုလုပ်နေသည်။


တစ်ယောက်ယောက်က သူ၏ မသက်မသာဖြစ်နေသည့် အမူအရာကိုမြင်၍ မေးလိုက်သည်။

" အရှင့်သား အဆင်ပြေရဲ့လား..."


ရှုရှင်းချန်က ထိုသို့သောနာကျင်မှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပေ။ ခဏအကြာတွင် သွားများရိုက်လာသော်လည်း လျှာကိုကိုက်ကာ အံကြိတ်ထားပြီး မနည်းပြန်ဖြေလိုက်သည်။

" ဒီလောက်နာကျင်တာကတော့ ငါ့အတွက် ဘာမှမဟုတ်ဘူး..."


အားလုံးက စိတ်အေးသွားကြပြီး ရေပူစမ်းထဲဝင်ရန် တွန့်ဆုတ်နေသည့် ရှန်းလျိုရှန့်ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာများက တစ်ဖန်နက်မှောင်သွားပြန်သည်။


သူတို့နှစ်ယောက်လုံးက ဧကရာဇ်၏သားတော်များဖြစ်သော်လည်း တစ်ယောက်က နန်းတွင်းထဲတွင် ကြီးပြင်းခဲ့ပြီး အခြားတစ်ယောက်ကမူ အပြင်လောကတွင် လှည့်လည်သွားလာခဲ့ရသူဖြစ်သည်။ သူတို့အကြားမှ စိတ်နေစိတ်ထား၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့် စွမ်းရည်ကွာဟချက်က အလွန်များပေသည်။ ရှုရှင်းချန်က ငယ်ရွယ်စဉ်အချိန်တည်းက ရှန်းလျိုရှန့်ကို မကျော်နိုင်ခဲ့သောနေရာ မရှိပေ။


တစ်ယောက်ယောက်က အလောတကြီးဖြင့် ပြောလိုက်သည်။

" မင်းသားလေးရှန်း ဆေးရဲ့သက်ရောက်မှုက သိပ်မကြာခင်မှာ ကုန်တော့မှာပါ... ကျေးဇူးပြုပြီး ဆေးရေပူစမ်းထဲ မြန်မြန်ဝင်ပေးပါ..."


အားလုံး၏ ဒေါသတကြီးစိုက်ကြည့်နေသော အကြည့်များအောက်တွင် ရှန်းလျိုရှန့်မှာ ရွေးချယ်စရာမရှိတော့ဘဲ ရေပူစမ်းထဲ ခြေချလိုက်ရတော့သည်။ ရေပူစမ်းမှရေက သူ့အရေပြားကိုထိသည်နှင့် တစ်ကိုယ်လုံးတုန်ယင်လာရသည်။


" နာလိုက်တာ... အရမ်းနာတယ် အရိုးတွေကို ချိုးပစ်နေသလိုပဲ... ဒီရေပူစမ်းထဲ တစ်ရှီချန်ဝက်လောက် နေရမယ်ဆိုရင် သေသွားလိမ့်မယ်..."


သူ နောက်သို့ အမြန်ပြန်လှည့်လိုက်သော်လည်း ကျန်းဟွိုက်ဝူနှင့် ရှောက်ဟုန်က သူ့လမ်းကိုပိတ်ထားပြီး အေးတိအေးစက်ဖြင့် ပြောလိုက်သည်။

" ရေပူစမ်းကန်ထဲမှာ မင်းသားနှစ်ယောက်လုံး အချိန်ပြည့်တဲ့အထိ နေရမယ်လို့ ဧကရာဇ်က အမိန့်ထုတ်ထားပါတယ်..."


ရှန်းလျိုရှန့်၏မျက်နှာထက်တွင် စိတ်ပျက်ဝမ်းနည်းမှုများဖြင့် ပြည့်သွားသည်။ ရေစိုနေသည့် အနက်ရောင်ဆံနွယ်များက သူ့ကျောပြင်တွင် ဖြာကျနေပြီး သူ့တစ်ကိုယ်လုံး ထိန်းမရအောင် တုန်ယင်လာသည်။

" နာလိုက်တာ... တော်တော်နာတာပဲ..."


ပုံမှန်အချိန်တွင်မူ သူ့ကို ဤကဲ့သို့ သနားစရာအခြေအနေဖြင့်မြင်ပါက ရှုရှင်းချန်က လာရောက်ရန်စမည်ဖြစ်သည်။ သိူ့ရာတွင် ယခုလက်ရှိအချိန်၌ ရှုရှင်းချန်ကိုယ်တိုင်သည်လည်း ပြင်းထန်သော နာကျင်မှုကို ခံစားနေရ၍ သူ့ကို အာရုံစိုက်ချိန် မရပေ။ 


သို့ဖြစ်၍ ရှန်းလျိုရှန့်က နှုတ်ခမ်းကိုက်ထားပြီး နာကျင်မှုကြောင့် မျက်ရည်ကျလုဆဲဆဲဖြစ်နေကာ ရှုရှင်းချန်ကို လှမ်းကြည့်လိုက်သည်။

" ဒုတိယညီလေး မင်းတကယ် မနာဘူးလား..."


ထိုစကားကိုကြားသည့်အခါ အားလုံး၏အကြည့်များက ရှုရှင်းချန်အပေါ် ကျရောက်လာသည်။


ရှုရှင်းချန်၏မျက်နှာက တောင့်တင်းနေသည်။ အချိန်ကြာလာသည်နှင့်အမျှ ဖူရုန်အရိုး၏ သက်ရောက်မှုက ပိုမိုအားပြင်းလာ၍ သူ ယခုချိန်တွင် စကားမပြောနိုင်သည်အထိ နာကျင်နေပြီဖြစ်သည်။ သို့ရာတွင် လူပေါင်းများစွာက သူ့ကိုစောင့်ကြည့်နေ၍ ထိုသို့ဖြစ်နေကြောင်း မပြသနိုင်ပေ။ 


ရှုရှင်းချန်က ရေအောက်တွင်မြုပ်နေသည့် လက်တစ်ဖက်ဖြင့် သူ့ကိုယ်သူ ဆိတ်ဆွဲလိုက်သည်။

" လုံးဝ မနာဘူး..."


သူ တစ်ဖက်သို့လှည့်ပြီး ရှန်းလျိုရှန့်ကိုကြည့်ကာ သရော်လိုက်သည်။

" အရေပြားပေါ်မှာ ဒီလောက်လေးနာတာကတော့ ကျုပ်အတွက် ဘာမှမဟုတ်ဘူး... တကယ်လို့ ဒီလောက်လေးကိုတောင် သည်းမခံနိုင်ဘူးဆိုရင် အနာဂတ်မှာ နန်းတွင်းကို ဘယ်လိုအုပ်ချုပ်နိုင်မယ်တဲ့လဲ..."


ထိုစကားများကိုကြားသည်နှင့် အားလုံးက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ညိတ်ဖြစ်သွားကြသည်။


" ဒါမျိုးကမှ တော်ဝင်နန်းတော်ရဲ့ မင်းသားတစ်ပါးမှာ ရှိသင့်တဲ့ စိတ်ဓာတ်ပဲ..."


" မင်းသားလေး ခဏလောက်ပဲ တောင့်ခံထားပါ... အချိန်က ခဏလေးနဲ့ ကုန်သွားမှာပါ..."


" ကိစ္စမရှိပါဘူး... မင်းသားလေးရှင်းချန်က ဘယ်လောက်ရေစိုစို တောင့်ခံနိုင်မှာပါ..."


ချီးကျူးမှုများ၏အကြားတွင် အခန်းထဲရှိ ဝိညာဉ်စွမ်းအင်က အနည်းငယ်တုန်ယင်လာပြီး ရေပူစမ်းနားတွင် ပုံရိပ်အသစ်တစ်ခု ပေါ်လာသည်။


အားလုံးက လျင်မြန်စွာ ဦးညွှတ်ဂါရဝပြုလိုက်ကြသည်။

" အရှင်မင်းကြီးကို နှုတ်ခွန်းဆက်ပါတယ်..."


ဧကရာဇ်ယွင်ယွီ၏ အကြည့်က ရေပူစမ်းထဲတွင် မလှုပ်မယှက်နေနေကာ နှဖူးကြောများထောင်နေသည့် ရှုရှင်းချန်ဆီသို့ ရောက်သွားသည်။ သူက မနည်းတောင့်ခံနေရပုံပေါ်ပြီး တစ်ဖက်မှ ရှန်းလျိုရှန့်မှာမူ...


‌သွယ်လျဖြူဖွေးသော လက်တစ်ဖက်က သူ့ဝတ်ရုံစကို ညင်သာစွာ လာဆွဲသည်။


" ဧကရာဇ် ကျွန်တော် အရမ်းနာနေပြီ... ကျေးဇူးပြုပြီး ဆေးရေပူစမ်းထဲက ထွက်ခွင့်ပြုပါတော့..."


ရှောက်ဟုန်နှင့် အခြားလူများက ဤမြင်ကွင်းကိုကြည့်ပြီး စိတ်ထဲတွင် ရွံရှာစက်ဆုပ်ကုန်ကြသည်။


ဒီလောက်လေး နာတာကိုတောင် သည်းမခံနိုင်တဲ့ သူရဲဘောကြောင်တဲ့ကောင်လေးပဲ...


သူက တော်ဝင်နန်းတော်ရဲ့ မင်းသား မဖြစ်ထိုက်တဲ့အပြင် အနာဂတ်မှာ ဧကရာဇ်နေရာ ရဖို့တောင် မထိုက်တန်တဲ့သူပဲ...


ရှုရှင်းချန်၏စိတ်ထဲတွင် လက်ခုပ်လက်ဝါးတီးပြီး ပျော်ရွှင်နေမိသည်။


အခု ခမည်းတော် သေချာသိပြီမလား... ရှန်းလျိုရှန့်က အားပျော့လွန်းတယ် သူက ဒီလိုမျိုး အခက်အခဲလေးကိုတောင် တောင့်မခံနိုင်ဘူး...


ဧကရာဇ်ယွင်ယွီက အတွေးများအားလုံး မျက်နှာထက်တွင် ရေးထားသကဲ့သို့ဖြစ်နေသာ့်လူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကိုခက်ခက်ခဲခဲ တောင်းပန်နေသည့် ရှန်းလျိုရှန့်ကို တစ်ချက်ကြည့်လိုက်သည်။


ခဏတာ တိတ်ဆိတ်ငြိမ်သက်နေပြီးသည့်နောက်တွင် သူ့ပုံစံက ပြောစရာစကားမဲ့သွားပုံရသည်။


" ဟန်ဆောင်မနေနဲ့တော့... ဒီရေပူစမ်းထဲ ထည့်ထားတဲ့ ဖူရုန်အရိုးက မင်း ဆေးစိမ်တဲ့ရေကန်ထဲကိုထည့်တာရဲ့ သုံးပုံတစ်ပုံတောင် မရှိဘူး..."


အားလုံး ထိတ်လန့်သွားကြပြီး ရှန်းလျိုရှန့်ကို ချက်ချင်းလှည့်ကြည့်လိုက်သည်။


လှပချောမောသော လူငယ်လေးက ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချလိုက်သည်ကို သူတို့တွေ့လိုက်ရ၏။ 

" ကံဆိုးလိုက်တာ... ကျွန်တော်က နည်းနည်းပိုပြီး သရုပ်ဆောင်ချင်သေးတာကို..."


တစ်ခဏတွင်းချင်းမှာပင် သူ၏ နာကျင်နေသော အမူအရာက ပျောက်ကွယ်သွားပြီး မျက်ခုံးအသာ

ပင့်လိုက်သည်။ သူ့ လက်မောင်းကိုဆန့်ကာ ကျယ်ဝန်းလှသော ဆေးရေပူစမ်းကန်ထဲတွင် စတင်ကူးခတ်နေလျက် စိတ်ချမ်းသာနေဟန်ဖြင့် ပြောလိုက်လေသည်။


" အရမ်း သက်တောင့်သက်သာ ရှိတာပဲ..."


အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားရပေသည်။