Chapter 62
ရှုရှင်းချန် လုံးဝဥဿုံ အံ့အားသင့်သွားခဲ့သည်။ ရေပူစမ်းထဲ စိတ်အေးလက်အေးဖြင့် စိမ်နေသည့် ဖြူသွယ်သွယ်လူငယ်လေးက လုံးဝ စိတ်သက်တောင့်သက်သာ ဖြစ်နေပုံပေါ်သည်။
ခုနတုန်းက ဒုက္ခရောက်နေတဲ့ပုံစံတွေအားလုံးက ဟန်ဆောင်နေဝာာလား...
သူ့စိတ်ထဲတွင် "အရှက်မဲ့လိုက်တာ" ဟူသည့် စကားတစ်ခွန်းကိုသာ တွေးမိတော့သည်။
ရှန်းလျိုရှန့်က မူလတွင် နာကျင်မှုကို ကြောက်ရွံ့နေဟန်ဆောင်ကာ သတိလက်လွတ်ပြုမူပြခဲ့သောကြောင့် ရှုရှင်းချန်က သူ့ကိုယ်သူ ရှန်းလျိုရှန့်ထက်သာသည်ဟု သွေးနားထင်ရောက်နေချိန်တွင် သူ့ရှေ့မှလူက ဧကရာဇ်ယွီဟွမ်ရှေ့တွင် ဟန်ဆောင်ပြနေပြီး သူ့ကို လှည့်စားထားခဲ့ခြင်းဖြစ်နေခဲ့သည်။
[ ဧကရာဇ်ယွီဟွမ်ဆိုတာက တိုက်ရိုက်ဘာသာပြန်ရရင် "ကျောက်စိမ်းဧကရာဇ်" ဆိုတဲ့ အဓိပ္ပါယ်ပါ၊ ယွင်ယွီကမှ သူ့ရဲ့နာမည်အရင်းပါ ]
ရှုရှင်းချန်၏စိတ်ထဲ၌ ဒေါသအပြင် အလဲထိုးခံလိုက်ရသည်ဟူသော ခံစားချက်တစ်မျိုးပါ ဝင်ရောက်လာသည်။
သူက ဆေးရေပူစမ်းထဲတွင် အချိန် တစ်ရှီချန်ဝက်ခန့်သာ နေလိုက်ရသော်လည်း အလွန်နာကျင်သောကြောင့် တစ်ကိုယ်လုံးဇောချွေးများပြန်ပြီး စကားမပြောနိုင်ခဲ့ပေ။ သို့ရာတွင် ရှန်းလျိုရှန့်ကမူ ထိုထက်ဆိုးသော ဆေးရေကန်တွင် နေ့တိုင်းစိမ်ခဲ့ရပေသည်။
သူ ဘယ်လိုတောင် တောင့်ခံခဲ့တာလဲ...
ရှုရှင်းချန်၏ရင်ထဲတွင် ခံစားချက်ပေါင်းများစွာ ရောယှက်လာသည်။ ရေထဲမှပေါ်လာသည့် ရှန်းလျိုရှန့်က သူ့ဇာမဏီမျက်ဝန်းများကို မှေးကျဉ်းလိုက်ပြီး သရော်ဟန်ဖြင့် နှုတ်ခမ်းများ တွန့်ကွေးပြုံးပြလိုက်စဉ်၌ သူ့ကို သိသိသာသာ စိန်ခေါ်လိုက်သကဲ့သို့ပါ ခံစားလိုက်ရသည်။
တစ်ခဏတွင်းချင်း သူ ဒေါသထွက်လာပြီး သွေးတစ်လုတ်အန်လိုက်သည်။
ငါဆိုတဲ့ ရှုရှင်းချန်က နန်းတွင်းမှာ မွေးခဲ့တဲ့ မင်းသားလေး ကောင်းကင်ဘုံကတောင် ဂုဏ်ယူဝံ့ကြွားရတဲ့ သားတော်လေ... ဘာလို့ ဒီလိုမျိုးအရှက်ခွဲတာကို ခံရမှာလဲ...
ရှုရှင်းချန် ရေထဲသို့ ခေါင်းငိုက်စိုက်ကျသွားသည်။
ရှန်းလျိုရှန့် သူ့ကို အံ့ဩတကြီးဖြင့် ကြည့်နေမိသည်။ ရှုရှင်းချန်က အနက်ရောင်ရေပူစမ်းထဲတွင် ပါးပြင်များနီရဲလာသည်အထိ စိမ်နေသည်ကို တွေ့လိုက်ရ၍ မရယ်ဘဲ မနေနိုင်ဖြစ်သွားမိသည်။
ရှုရှင်းချန်က ဘယ်လောင်တောင် အစော်ကားခံလိုက်ရတယ်လို့ ခံစားမိသွားလို့ ရေပူစမ်းထဲတောင် သွေးအန်ချလိုက်ရတာလဲ...
သူ ဇဝေဇဝါဖြင့် ရှုရှင်းချန်၏လက်မောင်းကိုကိုင်ကာ ထူပေးလိုက်သည်။
" မင်း အဆင်ပြေရဲ့လား..."
ရှုရှင်းချန်ကိုကယ်တင်ရန် ရေပူစမ်းဘေးနားတွင် ရပ်နေသော လူအုပ်စုက သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်လိုက်ကြသည်။ ရှန်းလျိုရှန့် သူ့ကိုကူညီပေးနေသည်ကို မြင်လိုက်ရသောအခါ သူ့အပေါ် သူတို့အားလုံး၏ အကြည့်များက အနည်းငယ်ပျော့ပြောင်းသွားသည်။
ရှုရှင်းချန်က သတိလက်လွတ်ဖြစ်နေလျက် ရေထဲမှ ဆွဲမ'ခံလိုက်ရချိန်တွင် ရှန်းလျိုရှန့်၏ လက်ချောင်းသွယ်သွယ်များက သူ့လက်မောင်းပေါ်ရောက်လာပြီး တင်းကြပ်စွာ ဆုပ်ကိုင်ထားပေးသည်ကို မြင်လိုက်ရသည်။
သူ ခဏတာ တုံ့ဆိုင်းသွားသော်လည်း အစောပိုင်းတွင် မလှုပ်ရှားနိုင်တော့သည့် သူ့ခန္ဓာကိုယ်မှ အင်အားများထွက်လာပြီး စိတ်ပျက်လက်ပျက်ဖြင့် ရုန်းကန်တော့သည်။
ဒီကနေ အမြန်ထွက်သွားစမ်းပါ... ငါ့အဆင့်က ရှန်းလျိုရှန့်ဆိုတဲ့ကောင် ကူညီပေးနေရတဲ့အထိ မနိမ့်ကျသေးဘူး...
ရှန်းလျိုရှန့် မျက်ခုံးပင့်လိုက်ပြီးနောက် ရှုရှင်းချန်၏လက်ကို အသာဆုပ်ကိုင်လိုက်သည်။ သူ့ကိုတစ်ချက်ကြည့်လိုက်သည့်အခါ မြင့်မြတ်ပြီး တော်ဝင်ဆန်လှသော မျက်နှာထက်၌ အနက်ရောင်ရေစက်များ တွဲလွဲခိုနေကာ ဆံခြည်မျှင်များက ပြန့်ကျဲနေ၍ သူ့ပုံစံက အနည်းငယ် ဖရိုဖရဲဖြစ်နေသည်။
ရှန်းလျိုရှန့် သက်ပြင်းချလိုက်သည်။
" ကောင်းပါပြီ... မင်း အဲ့လောက်တောင် နာနေမှတော့ ငါ မင်းကို ကူညီရတာပေါ့..."
သူ မည်သို့ကူညီမည်ကို မသိ၍ လူအုပ်ကြီးက တအံ့တဩဖြစ်သွားသည်။
စိတ်ရှုပ်ထွေးမှုများ၏ အလယ်တွင် ရှန်းလျိုရှန့်က ရှုရှင်းချန်ကို လက်တစ်ဖက်ဖြင့် ချုပ်ထားလိုက်ပြီး အခြားလက်တစ်ဖက်က ရှုရှင်းချန်၏ဂုတ်ပိုးကိုကိုင်ထားကာ ဂျွတ်ခနဲအသံမျိုးထွက်လာအောင် ပြုလုပ်လိုက်သည်။
ရှုရှင်းချန်၏ ရုန်းကန်နေခြင်းများ ကတိုက်ကရိုက်ရပ်တန့်သွားပြီးနောက် သတိလစ်သွားသည်။
ရှန်းလျိုရှန့်က မှတ်ချက်ပြုလိုက်သည်။
" သတိလစ်သွားပြီးရင် နာတာတွေကို မေ့သွားလိမ့်မယ်..."
အားလုံး : “…”
အင်း ယုတ္တိတော့ရှိသားပဲ...
…
ရှုရှင်းချန် တဖြည်းဖြည်းနိုးထလာပြီးနောက် သူ့လည်ပင်းတစ်ခုလုံး နာကျင်ကိုက်ခဲနေပြီး သူ့အဆောင်ထဲမှ အိပ်ရာပေါ် ပြန်ရောက်နေသည်ကို တွေ့လိုက်ရသည်။
သူ့ဘေးနားတွင်ရပ်နေသော နန်းတွင်းသူက ရှေ့သို့အမြန်ရောက်လာကာ ဆေးပုလင်းတစ်ပုလင်းကို ပေးလိုက်သည်။
" ဒါက ဒဏ်ရာပျောက်ဆေးတွေပါ အရှင့်သား... ဧကရာဇ်က အရှင့်သားကို ဆေးနှစ်လုံး သောက်ခိုင်းထားပါတယ်..."
ရှုရှင်းချန် ဆေးလုံးများကို သောက်လိုက်ပြီးသည့်နောက်တွင် တဖြည်းဖြည်းအသိစိတ်ပြန်ဝင်လာသော်လည်း သူ့မျက်နှာက အဖြူတစ်ဝက် အစိမ်းတစ်ဝက် ဖြစ်နေဆဲပင်။
ရှန်းလျိုရှန့်က သူ့ကိုအမှန်ပင် ကိုယ်ထိလက်ရောက်ပြုလုပ်ခဲ့သည်။ သို့သော် သတိလစ်သွားပြီးသည့်နောက်တွင် နာကျင်မှုက ပျောက်ကင်းသွားခဲ့ပေသည်။
".ရှန်းလျိုရှန့် ဘယ်မှာလဲ..."
နန်းတွင်းသူက ပြန်ဖြေလိုက်သည်။
" ဧကရာဇ်က သူ့ကို အသွင်ပြောင်းမန္တန်တွေ သင်ပေးနေပါတယ်..."
ရှုရှင်းချန်၏ အမူအရာက သိမ်မွေ့သွားသည်။ နတ်ဆိုးနယ်မြေသို့ သွားရခြင်းက လူသားတစ်ယောက်၏အော်ရာကို ဖိနှိပ်ထားရန် လိုအပ်သည့်အပြင် လုံခြုံမှုအတွင် မကောင်းဆိုးဝါးပေါင်းများစွာ၏အသွင်ကို ပြောင်းလဲတတ်ရန်လည်း လိုအပ်သေးသည်။
" ငါဆို ခြောက်နှစ်သားတည်းက အဲ့မန္တန်တွေ ကျွမ်းကျင်နေပြီ..."
ရှုရှင်းချန် နှာမှုတ်လိုက်သည်။
" သူတို့ဘယ်မှာလဲ ငါသွားကြည့်ဦးမယ်..."
နန်းတွင်းသူက နေရာကို ပြောပြလိုက်သည်။
.....
နွေးထွေးသောနေရောင်ခြည်က နူးညံ့လှသည့် မြက်ခင်းပြင်ပေါ် ဖြာကျနေပြီး မိုးမခရွက်များက လေထဲတွင် ဝဲပျံနေ၍ တိတ်ဆိတ်ငြိမ်းချမ်းသောမြင်ကွင်းတစ်ခုကို ဖန်တီးနေဟန်ရသည်။
" ဝုန်း..."
မီးခိုးလက်တစ်ဆုပ်စာခန့် ပျောက်ကွယ်သွားပြီးသည့်နောက် မြက်ခင်းပေါ်တွင် ထူးဆန်းသည့်အရာတစ်ခု ပေါ်လာသည်။
ဧကရာဇ်ယွင်ယွီက လက်နောက်ပစ်ရပ်နေပြီး သူ့အကြည့်များက မြေပြင်ပေါ်ရှိ ထူးဆန်းသောသတ္တဝါတစ်ကောင်ထံတွင်သာ ရှိနေသည်။ ၎င်း၏ မျက်လုံးက ကြီးတစ်ဖက် သေးတစ်ဖက်ဖြစ်နေကာ အမွေးထူထူခြေထောက်သုံးချောင်းရှိပြီး အမြီးက ခန္ဓာကိုယ်ထက် ရှည်လျားနေကာ နက်စွေးစွေးမျက်လုံးများဖြင့် မျက်တောင် တဖျတ်ဖျတ်ခတ်နေသည်။
သူ ခဏတာငြိမ်သက်သွားပြီးနောက် ပြောလာသည်။
" မင်း ဘယ်သတ္တဝါပုံစံ ပြောင်းလိုက်တာလဲ..."
" ဝံပုလွေလေ... ကြမ်းတမ်းပြီးအရမ်းရက်စက်တဲ့ပုံပေါ်တဲ့ ဝံပုလွေပါ... မတူဘူးလားဟင်..."
ရှန်းလျိုရှန့်က ပြောလိုက်သည်။
ဧကရာဇ်ယွင်ယွီက အချိန်အတန်ကြာသည်အထိ မတုံ့ပြန်နိုင်ဘဲ ဘာပြောရမည်မသိ ဖြစ်နေပုံပေါ်သည်။ ထို့နောက် လက်တစ်ဖက်ခါ၍ ကြေးမုံတစ်ချပ် ဖန်တီးလိုက်ပြီးနောက် ရှန်းလျိုရှန့်၏ရှေ့တည့်တည့်တွင် ပြလိုက်သည်။
ရှန်းလျိုရှန့်က လည်ပင်းဆန့်ပြီး ကြည့်လိုက်သည်။
သူ့ပုံစံက အလွန်ရုပ်ဆိုးလှပေသည်။
သူ သက်ပြင်းခပ်ဖွဖွချလိုက်ပြီး ကပျာကယာဖြစ်ကာ လက်သည်းများဖြင့် မြေပြင်ကိုကုတ်ခြစ်နေသည်။
ဤအသွင်ပြောင်းမန္တန်က ရုပ်ဖျက်မန္တန်နှင့် ခပ်ဆင်ဆင်ဖြစ်ပြီး ထိုမန္တန်၏အနှစ်သာရကို သူ မကျွမ်းကျင်သေးပေ။ သူက ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်ပုံစံ အသွင်ပြောင်းမည်ဟု ပြင်လိုက်သော်လည်း ယခုအခါ အလွန်အမင်း အခက်တွေ့နေပေသည်။
နည်းနည်းပိုရိုးရှင်းတာ တစ်ခုခုဆိုရင် ပိုကောင်းမလား...
ရှန်းလျိုရှန့်က ဂါထာမန္တန်တစ်ပုဒ် တီးတိုးရေရွတ်လိုက်သည်။
ဝုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ်တွင် အမွေးထူထူ ဖြူဖြူလုံးလုံး ယုန်လေးတစ်ကောင် ပေါ်လာ၏။
သူက မြက်ခင်းပြင်ထဲ ဝပ်နေပြီး နီစွေးစွေးမျက်ဝန်းတစ်စုံက အပြူးသားဖြစ်နေကာ နားရွက်ရှည်နှစ်ဖက်ကလည်း လေထဲတွင် အနည်းငယ်လှုပ်စိလှုပ်စိ ဖြစ်နေသည်။
" ဒီပုံစံကရော တူလားဟင်..."
ရှန်းလျိုရှန့်က ကြေးမုံအနားသို့ကပ်သွားပြီး သူ့ပုံပန်းသွင်ပြင်ကို အကဲခတ်ကြည့်ပြီးနောက် စိတ်ကျေနပ်သွားပုံရသည်။
ထိုအချိန်တွင် ဧရာမပုံရိပ်ကြီးတစ်ခုက တစ်ဟုန်ထိုးရောက်ရှိလာပြီး သူ့ကျောပြင်ကိုရိုက်လိုက်ကာ တစ်ကိုယ်လုံးကို ကိုင်မြှောက်လိုက်သည်။
" ဒီလိုအကောင်သေးသေးလေးပုံစံပြောင်းနိုင်တာ ဘာများအသုံးဝင်လို့လဲ... ခင်ဗျား မသိဘူးဆိုရင် ကျွန်တော့်ကို လာမေးလို့ရတာပဲ... အဲဒါဆို ကျွန်တော့်လိုမျိုး ခမ်းနားထည်ဝါတဲ့ပုံစံဖြစ်လာအောင် တစ်ခု နှစ်ခုလောက်တော့ သင်ပေးလို့ရတယ်..."
ရှုရှင်းချန်က ကျားဖြူတစ်ကောင်အသွင်ပြောင်းထားပြီး သွားစွယ်များထုတ်ပြလာပြီး သူ့လက်ထဲမှ ယုန်လေးကို ကြည့်နေသည်။
ရှန်းလျိုရှန့်က သူ့ကိုမျက်စောင်းထိုးလိုက်ပြီးနောက် ဝိညာဉ်စွမ်းအားကို အသက်သွင်းလိုက်သည်။ သူ့ယုန်ခြေထောက်လေးဖြင့် ကန်ထုတ်လိုက်သည့်အခါ ရှုရှင်းချန်က လေပေါ်လွင့်ထွက်သွားပြီးနောက် တစ်ပတ်လည်ထွက်ပြီးမှ မြေပြင်ပေါ် ဘုန်းခနဲ ပြုတ်ကျသွားသည်။
ရှုရှင်းချန် သူ့ခေါင်းကိုခါလိုက်ပြီး လက်စားချေရန်အတွက် မတ်တပ်ထလာလေရာ ရှန်းလျိုရှန့်က ဧကရာဇ်ယွင်ယွီ၏ဘေးသို့ လှစ်ခနဲပြေးဝင်သွားလိုက်သည်။
ဧကရာဇ်ယွင်ယွီက ပြောလိုက်သည်။
" ဆော့မနေကြနဲ့တော့..."
ရှုရှင်းချန်က သူ့ခံစားချက်များကို ဖိနှိပ်ထားရုံသာ တတ်နိုင်တော့သည်။
ဧကရာဇ်ယွင်ယွီက သူ့ခြေထောက်နားမှ နူးညံ့ဖြူဖွေးသောယုန်လေးကို တစ်ချက်ကြည့်ကာ ခါးကိုင်း၍ ကောက်ယူလိုက်ပြီး လက်ဖဝါးပေါ်တင်လိုက်သည်။
" ယုန်နတ်ဆိုးတွေကလည်း နတ်ဆိုးနယ်မြေမှာ တွေ့နေကျ အမျိုးအစားတွေထဲပါတယ်... သူတို့ရဲ့သဘာဝက နူးညံ့သိမ်မွေ့တယ်... ဒီလိုရုပ်ဖျက်မယ်ဆိုရင်လည်း အဆင်ပြေပေမယ့် ကြမ်းကြမ်းတမ်းတမ်း နေလို့တော့မဖြစ်ဘူး..."
သူ ရှင်းပြလိုက်သည်။
ဧကရာဇ်ယွင်ယွီ၏လက်ဖဝါးက အလွန်နွေးထွေးသည်ကို ရှန်းလျိုရှန့်သိသွား၍ လက်ဖဝါးပေါ်လှဲနေချိန်တွင် သက်တောင့်သက်သာဖြစ်သည်ဟု ခံစားလိုက်ရသည်။ သူ ခေါင်းမော့ပြီး သူ့မွေးစားအဖေ၏မျက်နှာကို ကြည့်လိုက်သည်။ သူ၏ မျက်နှာက အပြစ်အနာအဆာကင်းမဲ့လှပြီး ရီဝေဝေမျက်ဝန်းများက အောက်သို့ငုံ့နေကာ သူ၏ ပုံမှန်ကဲ့သို့ ကြီးကျယ်မြင့်မြတ်မှုများထဲတွင် အမျိုးအမည်မဖော်ပြနိုင်သော အရိပ်အယောင်တစ်ခုတို့ ပါဝင်နေသည်။
ထိုမြင်ကွင်းကို တွေ့သောအခါ ရှုရှင်းချန်၏မျက်လုံးများ ချက်ချင်းရဲတွတ်သွားသည်။
ဘယ်လိုတောင် ရွံစရာကောင်းတာလဲ... အားနည်းတဲ့သတ္တဝါလိုမျိုးတောင် ရုပ်ဖျက်ထားတယ်တဲ့...
ဒီလိုမျိုး ခမ်းနားထည်ဝါတဲ့ ကျားဖြူတစ်ကောင်လိုပုံစံမျိုး ဖြစ်နေတော့ရော ဘာထူးလဲ...ငါလည်း ခမည်းတော်ရဲ့လက်ထဲ အဲ့လိုကိုင်ထားတာခံချင်တာပေါ့... အခုတော့ ယုန်ပုံစံပြောင်းဖို့တောင် အချိန်မရတော့ဘူး...
ရှုရှင်းလျန်က နားနေဆောင်ငယ်လေးထဲတွင်ထိုင်နေပြီး မြက်ခင်းပြင်ပေါ်မှ လူသုံးဦးကိုကြည့်ကာ ခပ်တိုးတိုးရယ်လိုက်မိသည်။ သို့ရာတွင် သူ့မျက်နှာထက်၌ အထီးကျန်ဆန်မှု အရိပ်အမြွက်များကို တွေ့မြင်နိုင်ပေသည်။
သူမသည်လည်း ဤနန်းတွင်းမှ ထွက်သွားချင်နေမိ၏။
နေ့ခင်းပိုင်းတွင် ရှန်းလျိုရှန့်နှင့် ရှုရှင်းချန်တို့က စာသင်ဆောင်သို့ သွားကြရသည်။ ရှောက်ဟုန်က နတ်ဆိုးလောကနှင့်သက်ဆိုင်သော စာအုပ်ပေါင်းထောင်ချီကိုဆွဲထုတ်လာပြီး ပုံထားကာ သူတို့ကို နတ်ဆိုးနယ်မြေအကြောင်း လေ့လာခိုင်းနေသည်။
ရှန်းလျိုရှန့်မှာ မူလက စာဖတ်ရမည်ကို ပျင်းရိငြီးငွေ့နေသော်လည်း စာအုပ်များထဲတွင် သူနှင့်ရင်းနှီးနေသည့် နာမည်တစ်ခုကိုတွေ့၍ အားတက်သရော ဖြစ်သွားသည်။
နတ်ဆိုးလောကအကြောင်း ထွေရာလေးပါး ရေးသားထားသည့် စာအုပ်တစ်အုပ်ထဲတွင် မဟာနတ်ဆိုးဘုရင်၏ သမီးဖြစ်သည့် ယောင်မုန့်ယွဲ့ အကြောင်း အသေးစိတ် ပါရှိပေသည်။ သူမကို နတ်ဆိုးမျိုးနွယ်၏ မင်းသမီးလေးဟုလည်း နာမည်ပြောင် ခေါ်ဆိုကြသည်။ သူမကို ချင်းလင်ဂိုဏ်း၏ အင်မော်တယ်လင်ဟွားက အကြိမ်ပေါင်းများစွာ ဖမ်းဆီးခဲ့သော်လည်း အကြိမ်တိုင်းတွင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။
ရှန်းလျိုရှန့် အလေးအနက် စဉ်းစားနေစဉ်တွင် သူ့မျက်နှာထက်၌ တောက်ပသည့် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သူ လင်ဟွားအပေါ် ကျေးဇူးကြွေးတင်နေပေသည်။ သူ့ရှစ်ရှုန်း(လင်ယဲ့) က ကောင်းကင်ဘုံခွေးကို ဂိုဏ်းတွင် အကျဉ်းချထားသည့်နေ့တွင် လင်ဟွားက ဓားဂိုဏ်းမှ အဖြစ်အပျက်ကို သိရှိခဲ့သည်။ သို့ဖြစ်၍ သူ အောင်းယွဲ့ကို လွှတ်ပေးခဲ့ပြီး ကျိုးရွှမ်လန်ကို နတ်ဆိုးနယ်မြေသို့ ခေါ်ဆောင်သွားရန် ညွှန်ကြားခဲ့ပေသည်။
အောင်းယွဲ့ သူ့စကားနားထောင်အောင် လင်ဟွားမည်သို့ ကြံစည်လိုက်သည်ကို ရှန်းလျိုရှန့် အမြဲတမ်း သိချင်နေခဲ့၏။
သူ နန်းတွင်းသို့ မလာရောက်မီ အချိန်အတောအတွင်းတွင် လင်ဟွားက မည်သည့်ဝိုင်ကိုမှ မသောက်တော့ပေ။ သူ တစ်နေကုန် သက်ပြင်းရှည်ကြီးချနေခဲ့ပြီး ထူးခြားဆန်းကြယ်လှသည့် စာပို့ငှက်များကိုလည်း နေ့တိုင်းလက်ခံရရှိခဲ့သည်။ စာများကို လက်ခံပြီးသည့်နောက်တွင် ပြန်လည်ပို့ဆောင်မည့်စာများလည်း နေ့တိုင်းရေးနေခဲ့သည်။
ယခုအခါမှ ရှန်းလျိုရှန့် ရုတ်ချည်းသဘောပေါက်သွားခဲ့သည်။
လင်ဟွားက နတ်ဆိုးမျိုးနွယ်မင်းသမီးလေး၏ အထောက်အထားကိုသုံးကာ အောင်းယွဲ့ကို ဖျောင်းဖျခဲ့ပုံပေါ်သည်။
သူ့စိတ်ထဲ အမှန်ပင် ဝမ်းသာသွားမိသည်။ ထွေရာလေးပါး ရေးသားထားသည့် မှတ်စုစာတမ်းများကို ဖတ်ပြီးသည့်နောက်တွင် နတ်ဆိုးလောကနှင့်ပတ်သက်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းများစွာကိုရှာတွေ့သွား၍ သိချင်စိတ်များ ပေါ်လာခဲ့သည်။ သူ စာအုပ်များစွာကို ဆက်တိုက်ဖတ်နေခဲ့ပြီး နောက်ဆုံးတွင် အနည်းငယ် ပင်ပန်းလာခဲ့၍ သူ့ ဂုတ်ပိုးကိုပွတ်နေလျက်ဖြင့် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
ရှုရှင်းချန်က သူနှင့် အလွန်အလှမ်းဝေးသောနေရာတွင် ထိုင်နေသော်လည်း ရှန်းလျိုရှန့်၏အကြည့်ကို ချက်ချင်းအာရုံခံမိသည်။ သူ ခေါင်းမော့ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင်လည်း ရန်လိုမှုများဖြင့် ပြည့်လာပေသည်။
ရှန်းလျိုရှန့်က ကျစ်ခနဲအသံပြုလိုက်ပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ့သို့လှောင်အိတ်ထဲမှ လှုပ်စိလှုပ်စိ ဖြစ်လာသည်။
ရှန်းလျိုရှန့် တအံ့တဩဖြင့် မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးနောက် တည်တည်ငြိမ်ငြိမ်ဖြင့်ပင် စာအုပ်အချို့ကိုကောက်ယူပြီး ချောင်ကျသောတစ်နေရာသို့သွားကာ ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ ထို့နောက် သူ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ဘာဖြစ်လို့လဲ..."
ပုံမှန်ဆိုလျှင် သူတို့နှစ်ယောက်က ညသန်းခေါင်ယံအချိန်တွင်သာ အချင်းချင်းဆက်သွယ်ကြခြင်းဖြစ်သည်။
ကျိုးရွှမ်လန်၏အသံထွက်ပေါ်လာသည်။
" ရှစ်စွမ်း နတ်ဆိုးနယ်မြေကိုလာမလို့ စီစဉ်ထားတာလား..."
ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားရသည်။ သူ ကျိုးရွှမ်လန်ကို ဤအကြောင်း လုံးဝမပြောရသေးပေ။
သူ ဘယ်လိုသိသွားတာလဲ... နန်းတွင်းမှာ သတင်းပေးတဲ့သူတွေ ရှိနေတာလား...
" ရှစ်စွမ်း ဘာမှပြန်မပြောဘူးဆိုတော့ ကြည့်ရတာဟုတ်နေတယ်ထင်တယ်..."
ကျိုးရွှမ်လန်၏လေသံက တိမ်ဝင်သွား၍ ပြုံးလိုက်ကြောင်း သိသာလှသည်။ သူက ရှင်းပြလိုက်သည်။
" နန်းတော်က စလှုပ်ရှားလာပြီလို့ ကျွန်တော် အခုလေးတင် သတင်းနည်းနည်းရထားလို့လေ... အဲဒါကြောင့်ပါ..."
ရှန်းလျိုရှန့် အံ့အားသင့်သွားမိသည်။
" ငါ သိပြီ..."
" ရှစ်စွမ်း ဘယ်မှာတည်းမှာလဲ... ကျွန်တော် ကြိုပြင်ထားပြီးတော့ ရှစ်စွမ်းရောက်လာရင် သေချာလေးကြိုပေးမယ်လေ..."
" ငါအခုထိ မဆုံးဖြတ်ရသေးဘူး..."
စာအုပ်စင်ပေါင်းများစွာ ခြားထားသောကြောင့် ရှုရှင်းချန်က အသက်အောင့်ထားပြီး သူ၏ အကြားအာရုံတိုးမန္တန်ကိုသုံး၍ ထိုလူနှစ်ယောက်အကြား စကားပြောနေသည်ကို ခိုးနားထောင်နေရသည်။
" ဘယ်မှာတည်းမှာလဲ လာကြိုမယ်တဲ့လား..."
ရှုရှင်းချန် မျက်ခုံးများတွန့်ပြီးနောက် မျက်လုံးအပြူးသား ဖြစ်သွားသည်။ ထို့နောက် လျို့ဝှက်မန္တန်တစ်ခုကိုသုံးပြီး ဧကရာဇ်ယွင်ယွီကို အကြောင်းကြားလိုက်သည်။
" ခမည်းတော်...ရှန်းလျို... အ အစ်ကိုတော်က နတ်ဆိုးမျိုးနွယ်ကလူနဲ့ ပူးပေါင်းကြံစည်နေဝာာ သက်သေကလည်း ထင်ရှားနေပါပြီ... အဲ့လူက သူ့ကို လာကြိုမယ်လို့တောင် ပြောနေတာ..."
တစ်ခဏတွင်းချင်းမှာပင် စာကြည့်ဆောင်ထဲ၌ တစ်ချက်တုန်ခါသွားသည်။
အရပ်ရှည်ရှည်လူတစ်ယောက်က အသံတစ်ချက်မှမထွက်ဘဲ ရှန်းလျိုရှန့်၏နောက်တွင် ပေါ်လာကာ အရောင်ဖျော့ဖျော့မျက်ဝန်းများဖြင့် သူ့ကိုစိုက်ကြည့်နေသည်။
ရှန်းလျိုရှန့် ရုတ်တရက် ကျောရိုးထဲမှစိမ့်နေအောင် ကြက်သီးထသွားသည်။ သူ့အဝတ်အစားများကို ပြန်ပြင်လိုက်ပြီးနောက်တွင် ကျိုးရွှမ်လန်၏ အမည်ဖော်မရသော လေသံကိုကြားလိုက်သည်။
" ကျွန်တော် ရှစ်စွမ်းကို ပြန်ပေးစရာ ရှိသေးတယ်..."
" ကျွန်တော့်ကို အဲ့နေ့ကပေးခဲ့တဲ့ သိုလှောင်အိတ်ကို မှတ်မိသေးရဲ့လား..."
ရှန်းလျိုရှန့်က ပြန်ဖြေသည်။
" အင်း မှတ်မိတယ်..."
ထိုနေ့က ဓားဂိုဏ်းတွင် မှော်ပစ္စည်းများ ဆေးဝါးများဖြင့် ပြည့်နေသော သိုလှောင်အိတ်ကို လန်ရှောင်ရှန့်က ရှန်းလျိုရှန့်ကို ပေးခဲ့သောကြောင့် သူက ၎င်းအိတ်ကို ကျိုးရွှမ်လန်၏ခါးတွင် ချိတ်ခဲ့ခြင်းဖြစ်သည်။
ကျိုးရွှမ်လန်က မေးလိုက်သည်။
"ရှစ်စွမ်း အထဲကို ဖွင့်ကြည့်လိုက်သေးလား..."
ရှန်းလျိုရှန့်က ဇဝေဇဝါဖြစ်သွားပုံရသည်။
" အထဲကိုတော့ ကြည့်ရုံကြည့်လိုက်သေးတယ် ဘာဖြစ်လို့လဲ..."
ကျိုးရွှမ်လန် ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် ဩရှရှ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" မင်းကငါ့ရဲ့နှလုံးသား၊ ငါ့ရဲ့အသည်း၊ မင်းက ငါ့နှလုံးသားထဲက လမင်းကြီးလိုပဲ... ငါ တစ်ဘဝတာလုံး ရှာဖွေနေပေမယ့် ဘယ်တော့မှ မရနိုင်တဲ့အရာမျိုးပေါ့..."
ရှန်းလျိုရှန့် : ဟမ်...
သူ ထိုနေရာတွင် အေးခဲတောင့်တင်းသွားပြီး တအံ့တဩဖြစ်သွားစဉ်တွင် သူ့နောက်မှ ဧကရာဇ်ယွင်ယွီက မျက်လုံးများ မှေးကျဉ်းလိုက်သည်။
ရှန်းလျိုရှ
န့်က ကျိုးရွှမ်လန်ကို ရှင်းပြခိုင်းတော့မည့်အချိန်တွင် ကျောက်စိမ်းပြား၏တစ်ဖက်ခြမ်းမှလူက နူးညံ့သောအသံဖြင့် ပြောလိုက်သည်ကို ကြားလိုက်ရသည်။
" ယဲ့ပင်းရန်အပေါ် နှလုံးသားတစ်ခုလုံး နှစ်မြှုပ်ထားလျက်..."
ရှန်းလျိုရှန့် : " ဘာကြီးးးး "