အပိုင်း ၆၃
Viewers 22k

Chapter 63




" ယဲ့ပင်းရန်အပေါ် နှလုံးသားတစ်ခုလုံး နှစ်မြှုပ်ထားလျက်..."


ရှန်းလျိုရှန့် : " ဘာကြီးးးး "


ကျိုးရွှမ်လန်က လက်ထဲမှ စာကိုချကာ စားပွဲပေါ်တွင် စီထားသော စာများကို ကြည့်လိုက်သည်။ထို့နောက် နောက်တစ်စောင်ကို ဖွင့်ဖတ်ကြည့်လိုက်သည်။


'လမင်းကြီး' 'နှလုံးသွေး' ' ချိုမြိန်စွာ နှုတ်ခွန်းဆက်သမှု ...


စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းစွာပင် ယဲ့ပင်းရန်ဆီသို့ ရေးသောစာများ၌ ယဲ့ပင်းရန်က သူ့အတွက် အလွန်အဖိုးတန်သော တည်ရှိမှုတစ်ခု ဖြစ်ကြောင်းရေးသားထား၏။ ယဲ့ပင်းရန် မရှိပါက အသက်မရှင်နိုင်ကြောင်းနှင့် ကမ္ဘာပေါ်တွင် ယဲ့ပင်းရန်ထက်ပို၍ အဖိုးတန်သည့်အရာ မရှိကြောင်း ရေးသားထားသည်။


ကျိုးရွှမ်လန် စာများကို ပထမဆုံး ရှာတွေ့စဉ်က အချိန်အတော်ကြာ ကြက်သေသေသွားရသည်။ သူ စာများကို ဖြဲပစ်ကာ ပြာအဖြစ်သို့ ပြောင်းခဲ့သည်။ အနည်းငယ်ကြာပြီးမှသာလျှင် ဆယ်နှစ်ကျော်မျှ စုစည်းထားသော စာမြောက်များစွာ ရှိကြောင်း သိရှိသွားသည်။ စာတစ်စောင်ကို ဖျက်ဆီးခြင်းမှ စာများစွာ သိုလှောင်ထားသော အိတ်ကိုရှာတွေ့ရန် ဦးတည်သွားလေသည်။


ရှိနေသည့်စာမှန်သမျှ ဖတ်ပြီးသည့်နောက်တွင် ကျိုးရွှမ်လန်၏ ခံစားချက်များလည်း ငြိမ်သက်သွားသည်။


တစ်ချက်ကြည့်တာနဲ့တင်ကို ကူးရေးထားမှန်းသိသာတယ်...


ရှစ်စွမ်းရေးခဲ့တဲ့ စာတွေ...


ဤစာများတွင် မည်သည့် လေးနက်သည့် ခံစားချက်မျှ ကျိုးရွှမ်လန် မခံစားရချေ။ ထိုစာများအပေါ်တွင် အာရုံစိုက်မှု များများစားစား ပေးရန်မလိုအပ်သကဲ့သို့ပင် အပေါ်ယံဆန်နေသည်။


ကျိုးရွှမ်လန်က ညင်ညင်သာသာ ရယ်မောလိုက်သော်လည်း စာကို ဆုပ်ကိုင်ထားသော လက်ချောင်းများက တင်းကြပ်လာသည်။ စာများက နောက်တစ်ခဏတွင် ပြာအဖြစ်သို့ ပြောင်းသွားသည်။


ဒီမှာ အချစ်ကိုဖော်ပြတဲ့ စကားလုံးတွေ အများကြီးပဲ...ဒါတွေ အကုန်လုံး ရှစ်စွမ်းက ကိုယ်တိုင်ရေးထားတာပေါ့...


ကျိုးရွှမ်လန်က စာတစ်စောင်ချင်းစီကို တစ်စောင်ပြီးတစ်စောင် ပြာအဖြစ်ပြောင်းလဲလိုက်၍ ပေါ့ပေါ့ပါးပါးပင် ပြောသည်။


"ဒါတွေက ရှစ်စွမ်းအတွက် အရမ်းအရေးကြီးပုံရတယ်...ဒီတပည့်က သေသေချာချာ သိမ်းထားပြီး ရှစ်စွမ်းကို ပြန်ပေးပါ့မယ်..."


စာကြည့်ဆောင်ထဲမှ ရှန်းလျိုရှန့်က ချိုအီသောစကားလုံးများတွင် နစ်မြုပ်နေဆဲဖြစ်ကာ သက်ရောက်မှုကြောင့် ခေါင်းများချာချာလည်နေသည်။


ဒီဟာတွေ ဘယ်လိုဖြစ်လို့ သူ့ဆီမှာရှိနေတာလဲ...


ရှက်ဖို့ကောင်းလိုက်တာ...အရမ်း ရှက်ဖို့ကောင်းတယ်...


ရှန်းလျိုရှန့်က ဝင်ပုန်းနိုင်သော အပေါက်တစ်ပေါက်မျှ ပေါ်လာရန် ဆုတောင်းနေမိသည်။ ကျိုးရွှမ်လန်၏ အသံက ထပ်မံထွက်ပေါ်လာ၍ သူ့အား လန့်သွားစေသည်။


"အရေးမကြီးဘူး...အရေးလုံးဝ မကြီးဘူး...အကုန်လွှတ်ပစ်လိုက်တော့..."


သူ အဲ့ဒီစာတွေကို မဖတ်ချင်နေဘူးလေ...


"အရင်တုန်းက ရှစ်စွမ်း ယဲ့ပင်းရန်ကို လေးစားတယ်လို့ပဲ ကျွန်တော် သိထားခဲ့တာ...ဒီလောက် လေးနက်မယ်လို့ မထင်ခဲ့ဘူး...သုံးရက်ကို စာတစ်စောင်စီ ဆယ်နှစ်လုံးတောက်လျှောက် ပို့ခဲ့တာပဲ...မွေးနေ့တွေနဲ့ ကျင့်ကြံဆင့်တိုးသွားတဲ့ နေ့တွေတိုင်းလည်း ထပ်ပို့ထားသေးတယ်...ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တဲ့ နေ့တွေအတွက်တောင်ပါသေးတယ်..."


ကျောက်စိမ်းပြားတစ်ဖက်မှ လူငယ်လေးက ညင်သာစွာ သက်ပြင်းချလိုက်သည်။


"ရှစ်စွင်းက ဒီလောက်တောင် လေးလေးနက်နက် သူ့အပေါ်မှာ ဂရုစိုက်တာပဲ..."


ရှန်းလျို့ရှန့် : ဂရုမစိုက်ပါဘူး...လုံးဝ ဂရုမစိုက်ပါဘူး...


သူက လူများဆီ စာရေးရခြင်းကို မနှစ်သက်ပေ။ အားလုံးက မူလရှန်းလျိုရှန့် လုပ်ခဲ့ခြင်းများသာ။


သူ ဒါတွေကို တာဝန်မယူနိုင်ဘူးလေ...


ရှန်းလျိုရှန့် ထပ်မံရှင်းပြရန်ပြင်လိုက်ရာ သူ၏ အနောက်မှ တည်ငြိမ်ရင်းနှီးသော အသံ ကို ကြားလိုက်ရသည်။ ထိုအသံမှာ စိတ်ရှုပ်ထွေးနေကာ သိချင်စိတ် ပြင်းထန်နေပုံရသည်။


"ယဲ့ပင်းရန်က ဘယ်သူလဲ..."


ရှန်းလျိုရှန့် "....."


ကျိုးရွှမ်လန် "....."


ရှန်းလျိုရှန့် အေးခဲသွားရကာ လှည့်ကြည့်ရန်ပင် ကြောက်ရွံ့နေသည်။ ကျောက်စိမ်းပြားကို တင်းတင်း ဆုပ်ကိုင်လိုက်သဖြင့် လက်ချောင်းသွယ်သွယ်များက ဖြူဖျော့သွားသည်။ ရှန်းလျိုရှန့် အနည်းငယ် တုံ့ဆိုင်းနေလျက် ဖြင့် နောက်လှည့်ကြည့်လိုက်သည်။


သူ ဧကရာဇ်ယွင်ယွီနှင့် အကြည့်ဆုံသွား၍ မျက်တောင်ခတ်လိုက်ကာ အပြုံးတစ်ခု ပေါ်လာရန် ကြိုးစားလိုက်သည်။


"ခမည်းတော်..."


ကျောက်စိမ်းပြားတစ်ဖက်မှ အနည်းငယ်တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်သော အသံဖြင့်ပြောလိုက်သည်။

"ကျိုးရွှမ်လန်က ဧကရာဇ်ကို ဂါရဝပြုပါတယ်..."


စာအုပ်စင်နောက်တွင် ပုန်း၍ တိတ်တဆိတ်စောင့်ကြည့်နေသော ရှုရှင်းချန်မှာ နာမည်ကို ကြားလိုက်သောအခါ မျက်လုံးပြူးသွားသည်။


နဝမနတ်ဆိုးဘုရင်...


ရှုရှင်းချန်က ရှန်းလျိုရှန့်၏ အတိတ်ကို မရှာဖွေခဲ့ဘဲချင်းလင်ဂိုဏ်းမှ အင်မော်တယ်ရှန်းဟုပင် သိထားသည်။ ထို့ကြောင့် ကျောက်စိမ်းပြားတစ်ဖက်မှ အမျိုးသားအကြောင်းကို လည်း မည်သည်မျှ မသိရှိထားချေ။


သို့သော် ဧကရာဇ်ယွင်ယွီကသိသည်။


ရှန်းလျိုရှန့်ထံတွင် လွန်ခဲ့သော ခုနစ်နှစ်က တပည့်တစ်ယောက်ရှိခဲ့ကြောင်း အထောက်အထားရှိပြီး ထိုတပည့်မှာ လက်ရှိ နဝမနတ်ဆိုးဘုရင်ဖြစ်သည်။


သို့သော် ထိုနှစ်ယောက်မှာ ကျောက်စိမ်းပြားမှတစ်ဆင့် လျှို့ဝှက်စွာ ဆက်သွယ်နေမည်ဟု တိယွင်ယွီ မထင်ထားခဲ့ချေ။


ဧကရာဇ်ယွင်ယွီ ခဏမျှစဉ်းစားပြီးနောက် သူ၏ လက်ကို ကျောက်စိမ်းပြားပေါ်သို့ တင်လိုက်သည်။ ကျောက်စိမ်းပြားမှ အလင်းရောင် ပျောက်ကွယ်သွားကာ ရှန်းလျိုရှန့်၏ နှလုံးသားမှာ နစ်မြုပ်သွားသည်။


"ဘယ်အချိန်ထဲက အဆက်အသွယ်ရှိနေတာလဲ..."


"လွန်ခဲ့တဲ့ သုံးနှစ်က..."

ရှန်းလျိုရှန့် က ယူသွားခံရသော ကျောက်စိမ်းပြားအား ကြည့်လျက် ဖြေလိုက်သည်။


" ဒါကို အရင် သိမ်းထားမယ်..."


ဧကရာဇ်ယွင်ယွီက သူ၏လက်ကို ဆတ်ခနဲခါကာ ကျောက်စိမ်းပြားကို ယူသွားပြီးနောက် ပြောသည်။

.

"နတ်ဆိုးနယ်မြေကို သွားဖို့ ဆယ်ရက်ကျန်သေးတယ်...အာရုံစုစည်းထား...ပေးထားတဲ့ တာဝန်ကိုလည်း မမေ့နဲ့..."


ရှန်းလျိုရှန့် ၏ စိတ်အားထက်သန်မှုမှာ ရေးအေးဖြင့် လောင်းချလိုက်သလိုပင်။ သူ အနည်းငယ် စိတ်ဓာတ်ကျသွားရသည်။


ထိုနေ့ညတွင် ရှန်းလျိုရှန့်က အိပ်ရာပေါ်တွင် လဲလျောင်းနေကာ စာအုပ်များကို ပုံမှန်အတိုင်းပင် စီထားသော်ငြား ဖတ်ချင်စိတ် မရှိဘဲ စောစောအိပ်ရန် ရည်ရွယ်ထားသည်။


သို့သော် သူ၏ဘေးပတ်လည်မှ တိတ်ဆိတ်မှုကို နေသားမကျပေ။ ကျိုးရွှမ်လန်၏ အသံမကြားရခြင်းက သူ့ကို မသက်မသာဖြစ်စေသည်။


ရှန်းလျိုရှန့် တစ်ယောက် လူးလွန့်ကာ တစ်ညလုံးအိပ်မပျော်ခဲ့၍ မနက်ပိုင်းတွင် ပန်ဒါမျက်ကွင်းများနှင့် သန်းဝေနေခဲ့သည်။ သူ မူးနောက်နောက်နှင့် အပြင်ထွက်လာသောအခါ လျှောက်လမ်းမှ သူ့ဆီသို့ အပြုံးတစ်ပွင့်ဖြင့် လျှောက်လာသော ရှုရှင်းလျန်ကို မြင်လိုက်ရသည်။


"ခမည်းတော်ကို သွားနှုတ်ဆက်ရအောင်..."

ရှုရှင်းလျန်က သူ့ကို စိတ်ပူစွာကြည့်သည်။


"အစ်ကိုတော်...ဘာဖြစ်လို့လဲ..."


"ကောင်းကောင်း မအိပ်ရသေးလို့ပါ..."


ရှန်းလျို့ရှန့်က ပြောလိုက်ပြီးနောက် ရှုရှင်းလျန်ခေါင်းပေါ်မှ အခက်အလက်များနှင့် ဆံထိုး အဆင်တန်ဆာကို သတိထားမိသွားသည်။ ဆံထိုးက တွဲလောင်းကျ၍ လှုပ်ယမ်းနေကာ အလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေသည်မှာ ဆွဲဆောင်မှုရှိလှသည်။ ဇာမဏီငှက်ပုံစံမှာလည်း ထင်ရှားပြီး အသက်ဝင်နေ၍ လှပသော မျက်နှာလေးကို ကျက်သရေ ရှိစေသည်။


"ဆံထိုးလေးက ညီမတော်နဲ့ ကြည့်ကောင်းတယ်..."


"အစ်ကိုတော်လည်း အဲ့ဒါကို လှတယ်လို့ ထင်တာလား..."

ရှုရှင်းလျန်က ပါးများ နီမြန်းသွားကာ ရှက်ပြုံးလေးဖြင့်ပြောသည်။


"ခမည်းတော်က လက်ဆောင်ပေးထားတာပါ..."

'ခမည်းတော်' ဟူသော စကားကို ကြားသောအခါ ကျောက်စိမ်းပြားအကြောင်းကို သတိရသွား၍ ရှန်းလျိုရှန့်က သက်ပြင်းဖျော့ဖျော့ကလေး ချလိုက်သည်။


ရှုရှင်းလျန်က ယမန်နေ့က အဖြစ်အပျက်ကို သတိရသောအခါ အနည်းငယ် စဉ်းစားလိုက်သည်။ထို့နောက် အသံကို တိုး၍ ပြောသည်။

"အစ်ကိုတော် ...ခမည်းတော်ကို ကျောက်စိမ်းပြားပြန်ပေးဖို့ တောင်းဆိုကြည့်ပါလား..."


"အသုံးမဝင်ဘူး...အစ်ကိုတော် ခိုးမှရမယ်..."

ရှန်းလျိုရှန့်၏ အသံက ရပ်တန့်သွားကာ မျက်ခုံးကို အသာပင့်ပြလိုက်သည်။


ဧကရာဇ်ယွင်ယွီက သိုလှောင်အိတ်သယ်လေ့မရှိပေ။ သူပိုင်ဆိုင်သည့် အရာများကို အိပ်ခန်းထဲတွင် ထားလေ့ရှိသည်။ ဧကရာဇ် မရှိသည့်အချိန်တွင် အခွင့်အရေးယူကာ ကျောက်စိမ်းပြားကို ပြန်ယူနိုင်သည်။


ရှုရှင်းလျန်က ပြောသည်။

"အစ်ကိုတော်က ခိုးမလို့လား...အဲ့ဒါက အရမ်းမလေးစားရာ ရောက်သွားမှာပေါ့...ပြီးတော့ မအောင်မြင်လောက်ဘူး ထင်တယ်နော်..."


ရှန်းလျိုရှန့်က ပြန်ပြောလိုက်သည်။


"ခမည်းတော်က အခန်းထဲမှာ တစ်ချိန်လုံးမနေပါဘူး...သူမရှိတဲ့အချိန်မှ အစ်ကိုတော်က ကျောက်စိမ်းပြားကို ယူပြီး အတုနဲ့ လဲလိုက်မယ်လေ...သူ တစ်ချိန်လုံး ကျောက်စိမ်းပြားကို မစစ်ဆေးနိုင်ပါဘူး...ရက်အတော်ကြာ သတိမထားမိတာလဲ ဖြစ်နိုင်တာပဲ..."


ရှုရှင်းလျန် တုံ့ဆိုင်းသွားသည်။ 


ကျိုးကြောင်းဆီလျော်တယ်ဆိုပေမဲ့ ဘယ်သူက ဧကရာဇ် အခန်းထဲ ခိုးဝင်ပြီး ပစ္စည်းလဲရဲမှာလဲ...


ဧကရာဇ်သိရင် မိုးမီးလောင်မှာပေါ့...


ရှုရှင်းလျန်က အကြံပေးချင်သော်လည်း ရှန်းလျိုရှန့် သူ၏ နားထင်ကို နှိပ်နေသည်ကို တွေ့လိုက်ရသောအခါ ရှန်းလျိုရှန့်၏ နွမ်းလျသော အသွင်နှင့် အိပ်ရေးပျက်နေသည့် အရိပ်အယောင်များကို သတိထားမိသွားသည်။


"ကျောက်စိမ်းပြားတစ်ခုပဲလေ...အစ်ကိုတော်...ဘာလို့ အဲ့လောက်တောင် ပြန်လိုချင်နေတာလဲ... "

ရှုရှင်းလျန်က ချော့ပြောရန် ကြိုးစားလိုက်သည်။


ရှန်းလျိုရှန့်က နဖူးကိုပွတ်လျက် အကူအညီမဲ့စွာ ပြောသည်။

"အဲ့နေ့ မတိုင်ခင်က အိပ်ပျော်တဲ့ အထိ ညတိုင်းတစ်ယောက်ယောက်က စာအုပ်ဖတ်ပြနေကျလေ အခု ရုတ်တရက်ကြီး ရပ်သွားတော့ နေသားမကျလို့ပါ..."


ရှုရှင်းလျန် မျက်ခုံးများ တွန့်ချိုးသွား၏။


ရှန်းလျိုရှန့် ကျောက်စိမ်းပြားနှင့် ဆက်သွယ်နေသူမှာ သူ၏တပည့်ဖြစ်သည်ကို သူမ ကြားထားသည်။

ဘယ်လိုပဲဖြစ်ဖြစ် တပည့်တစ်ယောက်က ညတိုင်း ဆရာဖြစ်သူကို စာအုပ်ဖတ်ပြဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူးထင်တယ်...အထူးသဖြင့် နတ်ဆိုးဘုရင်လို အလုပ်များတဲ့ သူမျိုးဆိုရင်ပေါ့...တစ်ယောက်ယောက် အိပ်ပျော်အောင် ချော့သိပ်ဖို့ အချိန်တမင်တကာ ပေးရတာက အရမ်း စိတ်ရှုပ်ဖို့မကောင်းဘူးလား...


ဒါက သာမန် ဆရာ တပည့် ဆက်ဆံရေးလို့ မခံစားရဘူး...


ရှန်းလျိုရှန့်ကိုကြည့်၍ ရှုရှင်းလျန်တစ်ယောက် ပြောချင်သော်လည်း တုံ့ဆိုင်းနေသည်။ ခဏကြာပြီးနောက် သူမက နှုတ်ခမ်းများကို ညင်သာစွာဖွင့်ဟ၍ သတိပေးလိုက်သည်။


"ဒီနေ့ ခြောက်နာရီလောက်...ရှန်းချီတောင်ပတ်လည်က အတားအဆီးအကာအကွယ်ကို အားဖြည့်ဖို့အတွက် ခမည်းတော်သွားရလိမ့်မယ်...အစ်ကိုတော် အထဲဝင်ဖို့ ဒီအခွင့်အရေးကို ယူသင့်တယ်..."


ရှန်းလျိုရှန့်က မျက်တောင်များ တစ်ဖျပ်ဖျပ်ခတ်လိုက်ကာ အစီအစဉ်စတင်ရန် ပြင်လိုက်သည်။


ယမန်နေ့က ရှုရှင်းချန်တစ်ယောက် ရှန်းလျိုရှန့် ၏ အားနည်းချက်လေးကို ဆုပ်ကိုင်နိုင်ခဲ့သဖြင့် မနက်စောစောနိုးကာ အလွန်ပင် လန်းလန်းဆန်းဆန်းဖြစ်နေလေသည်။ ထို့ကြောင့် နန်းတော်အတွင်း အေးအေးလူလူ လမ်းလျှောက်နေလေသည်။


တိုက်ဆိုင်စွာပင် လျှောက်လမ်း၌ နီးကပ်နေသော ခေါင်းနှစ်လုံးကို မြင်လိုက်ရသည်။ သူတို့က လျှို့လျှို့ဝှက်ဝှက်ဖြင့် တစ်ခုခု ကြံစည်နေပုံရသည်။


ရှန်းလျိုရှန့်က တစ်ခုခု လုပ်ရန်ပြင်နေကာ သူ့ညီမဖြစ်သူကိုလည်း ပါဝင်ရန်သွေးဆောင်နေသည်ဟု ထင်လိုက်သည်။


"ရှန်းလျိုရှန့်ကို စောင့်ကြည့်ထား... တစ်ခုခု မဟုတ်တာ လုပ်ရင် ငါ့ကို ချက်ချင်းသတင်းပို့..."


လက်အောက်ငယ်သားဖြစ်သူမှာ တလေးတစားပင် ဦးညွှတ်လိုက်သည်။


အချိန်က နီးကပ်လာနေသည်။ ရှန်းလျှိုရှန့်က လောလောလတ်လတ် ပြုလုပ်ထားသော ကျောက်စိမ်းပြား အတုကို လက်ထဲတွင် ကိုင်ထားကာ ဧကရာဇ်ယွင်ယွီ နန်းတော်မှ ထွက်ခွာ သွားသည်ကို အဝေးက လှမ်းကြည့်နေသည်။


သူ့မျက်လုံးများကို မှေးကျဉ်းလိုက်ကာ တန်းဖိုးကြီးခမ်းနားသော အိပ်ဆောင်ဆီသို့ ဦးတည်လိုက်သည်။


အိပ်ဆောင် ဝင်ပေါက်တွင် အစောင့်များရှိသော်လည်း ကျင့်ကြံဆင့်မှာနိမ့်၍ ဝိညာဥ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ၏ လှုပ်ရှားမှုကို မဖမ်းနိုင်ပေ။ ရှန်းလျိုရှန့်၏ ပုံရိပ်မှာ ဖျတ်ခနဲ ပျောက်သွားသည်။ တံခါးရှိ အစောင့်များမှာ လေတစ်ချက်ဝေ့သည်မှ လွဲ၍ သာမန်မဟုတ်သည်ကို မခံစားရပေ။


ရှန်းလျိုရှန့်က အကြိမ်ပေါင်းများစွာ လည်ပတ်ဖူးသောကြောင့် အခန်းတွင်းသို့ ချောမွေ့စွာပင် ဝင်ရောက်သွားသည်။


သူ ခန်းဆီးဖြင့် သပ်သပ်ရပ်ရပ် ပိတ်ထားသော အခန်းသို့ ဝင်လိုက်သည်။ စင်ပေါ်၌ အတန်းလိုက် စီထားသော ပစ္စည်းများထဲတွင် ပြာလဲ့လဲ့ကျောက်စိမ်းပြားကို တွေ့လိုက်ရသည်။


တစ်နေ့ပဲ မတွေ့ရတာဆိုပေမဲ့ ဆောင်းဦးသုံးရာသီ ဝေးနေသလိုပဲ...


ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို အလျင်အမြန် လဲလှယ်ကာ တိတ်တဆိတ်ပင် ထွက်သွားလိုက်သည်။


သူ့အခန်းသို့ မပြန်မီ အရိပ်ရသည့် သစ်ပင်အောက်တွင် ထိုင်ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ မည်သူမျှ မတွေ့သောအခါမှသာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။


လေညင်းလေးတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားကာ သစ်ရွက်များ လှုပ်ခတ်သံကို ကြားနေရသည်။


ရှန်းလျိုရှန့်က ဝိညာဥ်စွမ်းအားကို ကျောက်စိမ်းပြားအတွင်းသို့ ထည့်လိုက်သည်။ ခဏအကြာတွင် ကျောက်စိမ်းပြားမှ အလင်းမှိန်မှိန်လေးထွက်လာသည်။


အထဲမှ လှုပ်ရှားမှု အနည်းငယ်ကို ကြားနေရသည်။


ရှန်းလျိုရှန့်က ခပ်မြန်မြန်ပင် ပြောလိုက်သည်။


"ငါ ကျောက်စိမ်းပြားကို ပြန်ခိုးလာခဲ့ပြီ...နတ်ဆိုးနယ်မြေကို သွားဖို့ကိုးရက် ကျန်သေးတယ်...သတ္တမနတ်ဆိုးရဲ့ နယ်မြေကို လာရလိမ့်မယ်..."


အခြားတစ်ဖက်မှ ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်သော အနိမ့်သံ ထွက်ပေါ်လာသည်။


"အိုး...ငါသိပြီ..."


ရှန်းလျိုရှန်၏ အမူအရာမှာ တောင့်တင်းသွားသည်။ ကျောက်စိမ်းပြား ကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်သွားရသည်။


"ခ..ခမည်းတော်လား..."


တိယွင်ယွီ(ဧကရာဇ်ယွင်ယွိီ)၏ အသံမှာ တည်ငြိမ်နေသည်။

"ပြန်ရောက်တော့မှ ဆက်ပြောမယ်..."


ရှန်းလျိုရှန့်က ကျောက်စိမ်းပြားကို အသေးစိတ် စစ်ဆေးလိုက်သောအခါ ထောင့်တွင် စာရေးထိုးထားသည်ကို တွေ့လိုက်ရသည်။


"ဧကရာဇ်..."


အဲ့တာက 'ကျိုး' မဟုတ်ဘူးဟ...


ရှန်းလျိုရှန့်က နေရာ၌ပင် ကြက်သေသေသွားလေ၏။


"ရှန်းသခင်လေးက ချန်ဖုန်းနန်းဆောင်မှာ ထိုင်နေတာ နာရီဝက်လောက် ရှိနေပြီ...နေမကောင်းဘူးလား မသိဘူး..."


"ငါလည်း မသိဘူး...သူရဲ့ အမူအရာက သိပ်ကောင်းပုံ မရဘူး..."


ဖြတ်သွားသော နန်းတွင်းသူများက တီးတိုးပြောဆိုနေကြသည်။ မင်းသမီး ရောက်လာသည်ကို မြင်သောအခါ သူတို့စကားပြောနေသည်ကို ရပ်တန့်၍ ဦးညွှတ်လိုက်သည်။


ရှုရှင်းလျန်က မေးလိုက်သည်။

"အစ်ကိုတော်...ဘာလို့ ဒီလောက်တောင် စိတ်ဓာတ်ကျနေတဲ့ ပုံပေါက်နေတာလဲ...ကျောက်စိမ်းပြားကို ရှာမတွေ့ခဲ့ဘူးလား..."


"ရှာတွေ့တယ်..."

ရှန်းလျိုရှန့်က လက်ထဲမှ ကျောက်စိမ်းပြားကို ဖော်ပြကာ ပြောလိုက်သည်။


"ဒါပေမဲ့ ဧကရာဇ်ရဲ့ဟာ ဖြစ်နေတယ်..."


ရှုရှင်းလျန် ကြက်သေသေသွားသည်။ ဆက်သွယ်ရေး ကျောက်စိမ်းပြားက အမြဲအစုံလိုက်ပင် ဖြစ်သည်။တစ်ယောက်နှင့် တစ်ယောက် ဆက်သွယ်နိုင်ရန် တူညီသော အစိတ်အပိုင်းနှစ်ခု လိုအပ်ပေသည်။ ဧကရာဇ်၏ ကျောက်စိမ်းပြားက ကျိုးရွှမ်လန်ဆီသို့ သေချာပေါက် မရောက်နိုင်ချေ။


သူမ ခေတ္တခဏ ဘာပြောရမည်ကို မသိတော့ချေ။

"နောက်ကျတော့ ထပ်ကြိုးစားပြီး ရှာကြည့်ပေါ့..."


ရှန်းလျိုရှန့် " ခုနလေးတင် ဆက်သွယ် စကားပြောပြီးသွားပြီ..."


ရှုရှင်းလျန် "....."


သူမ အားတင်းပြုံးကာ ရှန်းလျိုရှန့်အား နှစ်သိမ့်ရန် ကြိုးစားလိုက်သောအချိန်တွင် ဧကရာဇ်ယွင်ယွီ၏ ပုံရိပ်က ချန်ဖုန်းနန်းဆောင်တွင် ပေါ်လာသည်။ ရှုရှင်းချန်က ဧကရာဇ်၏နောက်မှ လိုက်ပါလာသည်။


ဧကရာဇ်ယွင်ယွီက နန်းဆောင်ထဲရှိ လူငယ်လေးအားကြည့်ကာ မျက်ခုံးများပင့်လိုက်ပြီး ခံစားချက်မပေါ်လွင်သည့် မျက်နှာဖြင့်မေးလိုက်သည်။

"ကျောက်စိမ်းပြားကို ပြန်လိုချင်လို့လား..."


ရှန်းလျိုရှန့်က ခေါင်းညိတ်လိုက်သည်။

"မဟုတ်ရင် ညဘက်ကျ အိပ်ပျော်မှာ မဟုတ်ဘူး..."


ဧကရာဇ်က သတိမမူမိစွာပင် မျက်ခုံးများ တွန့်ချိုးလိုက်သည်။ အနည်းငယ်တွေးတောပြီးနောက် 'ကျိုး' ဟု ထွင်းထားသော ကျောက်စိမ်းပြားက သူ၏ လက်ထဲတွင် ပေါ်လာသည်။


"အဲ့လိုဆိုရင် မင်းကို အခွင့်အရေးတစ်ခုပေးမယ်..."


ပါးလွှာသော ကြိုးတစ်ချောင်းက ကျောက်စိမ်းပြားပတ်လည်တွင် ပေါ်လာသည်။ ထိုကြိုးမှာ ဧကရာဇ် ယွင်ယွီ၏ ခါး၌ ရစ်ပတ်နေသည်။


"ကျောက်စိမ်းပြားက ဒီမှာ ရှိတယ်...နန်းတော်က မထွက်သွားခင်အထိ မင်းခိုးချင်ခိုးလို့ရတယ်...တကယ်လို့ အောင်မြင်ရင် ကျောက်စိမ်းပြားကို ပြန်ပေးမယ်..."


ရှုရှင်းချန်နှင့် ရှုရှင်းလျန် နှစ်ယောက်လုံး ကြက်သေသေသွားသည်။

ခမည်းတော်ရဲ့ လက်ထဲကနေ ဘယ်သူက အောင်အောင်မြင်မြင် ခိုးနိုင်မှာလဲ...


ရှန်းလျိုရှန့်က သဘောကျသည့် အမူအရာဖြင့်မေးသည်။

"ကျောက်စိမ်းပြားကို ယူနိုင်သရွေ့ ဘယ်နည်းလမ်း မဆိုရတယ်ပေါ့..."


နောက်ဆုံးမှာ ကျောက်စိမ်းပြားကို ဆုံးရှုံးပြီး အိပ်ရေးပျက်ရမည့်အစား စိန်ခေါ်မှုကို လက်ခံလိုက်သည်။


ဧကရာဇ် ယွင်ယွီ : "ဒါပေါ့..."


အပြုံးဖျော့ဖျော့လေးတစ်ခုကို ရှန်းလျိုရှန့်၏ နှုတ်ခမ်းထောင့်တွင် ချိတ်ဆွဲထားကာ အသံကို အနည်းငယ်မြှင့်လိုက်သည်။


"ဒါဆို ခမည်းတော် ဂရုစိုက်ပါ..."


'ခမည်းတော်' ဟုခေါ်သည်ကို ကြားသောအခါ တိယွင်ယွီက ကျောပေးလိုက်သည်။ ထို့နောက် မျက်ခုံးများ အနည်းငယ် မြင့်တက်ကာ ပြောလိုက်သည်။


"မင်းလည်း ဂရုစိုက်သင့်တယ်...ကိုယ်တော်က ညှာနေမှာ မဟုတ်ဘူး..."


ဤစကားလုံးများကြားပြီးနောက် မမျှော့်လင့်ထားစွာပင် ရှန်းလျိုရှန့်က ကျောက်စိမ်းပြားဆီသို့ ရောက်သွားသည်။သို့သော် တိယွင်ယွီက လက်ဖြင့်တောက်လိုက်လေသည်။ ကျောက်စိမ်းပြားဆီသို့ ရောက်လုနီးပါး ဖြစ်နေသော ရှန်းလျိုရှန့်မှာ အားအနည်းငယ်ဖြင့် နောက်သို့ပြန်တွန်းခံရကာ ချန်ဖုန်းအဆောင်မှ လွင့်ထွက်သွားသည်။


ပြုတ်ကျသံကို ကျယ်လောင်စွာ ကြားလိုက်ရပြီး အဝေးမှ မြေပြင်တစ်နေရာက ကြီးမားစွာ ချိုင့်ဝင်သွား၏။


အဖြစ်အပျက်များမှာ မျက်တောင်တစ်ခတ်အတွင်း ဖြစ်ပျက်သွားလေသည်။ ရှုရှင်းချန်နှင့် ရှုရှင်းလျန်တို့ မတုန့်ပြန်နိုင်မီမှာပင် ရှန်းလျိုရှန့်တစ်ယောက် ဖုန်မှုန့်များ ဖုံးလွှမ်းနေလျက် ချိုင့်ထဲမှ ပြန်တက်လာသည်ကို မြင်လိုက်ရသည်။


ဧကရာဇ်ယွင်ယွီက တိတ်ဆိတ်လျက်နှင့်ပင် ဝတ်ရုံလက်ကို ခါကာ ထွက်သွားလေသည်။


"အစ်ကိုတော် အဆင်ပြေရဲ့လား..."

ရှုရှင်းလျန်က ရှန်းလျိုရှန့် အနားသို့ ချဉ်းကပ်သွားကာ ကူညီပေးလိုက်သည်။


ရှန်းလျိုရှန့်က ဖုန်မှုန့်များကြောင့် ချောင်းဆိုးသွားသော်လည်း ခေါင်းခါကာပြောသည်။

"အဆင်ပြေပါတယ်..."


သူက စမ်းသပ်ကြည့်ရုံသာ။ ဧကရာဇ်ယွင်ယွီ၏ တုန့်ပြန်ချက်မှာ အလွန်မြန်ပြီး သူ့မျက်လုံးထဲတွင် ရှန်းလျိုရှန့်၏လှုပ်ရှားချက်များမှာ လိပ်ကဲ့သို့ နှေးနေမည်ကိုပင် သံသယဖြစ်မိသည်။


ရှုရှင်းလျန်က ရှန်းလျိုရှန့်၏ ခေါင်းပေါ်မှ သစ်ရွက်တစ်ရွက်ကို ဖယ်ပေးကာ ပြောလိုက်သည်။


"ဧကရာဇ်ဆီကနေ ကျောက်စိမ်း

ပြားခိုးဖို့ဆိုတာက ကောင်းကင်ဘုံကို တက်လှမ်းရသလိုပဲ ခက်ခဲတယ်...အစ်ကိုတော် တစ်ခြားနည်းလမ်းတစ်ခုကို စဉ်းစားသင့်တယ်..."


ရှန်းလျိုရှန့်က ဧကရာဇ်၏ ထွက်ခွာသွားသော ပုံရိပ်ကိုကြည့်၍ မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားသည်။


"အခုထိ ကိုးရက်ကျန်ပါသေးတယ်...အားနည်းချက် တစ်ခုခုတော့ ရှာတွေ့မှာပါ..."


.....