Chapter 64
ညအချိန်တွင် လမင်း၏ အလင်းရောင်မှာ သစ်ကိုင်းများပေါ်သို့ဖြာကျ နေသည်။
ဧကရာဇ်၏ အိပ်ဆောင်အတွင်း၌ တိတ်ဆိတ်နေသည်။
ခန်းဆီးနောက်၌ ပုံရိပ်လေး တိတ်တဆိတ်ပေါ်လာကာ အိပ်ရာပေါ်မှပုံရိပ်ကို ချောင်းကြည့်လိုက်သည်။
ဧကရာဇ်ယွင်ယွီက အိပ်ရာပေါ်တွင် အိပ်ပျော်နေကာ မျက်ခုံးများပြေလျော့နေသည်။ ဆံနွယ်စိတ်စိတ်များက ခေါင်းအုံးပေါ်တွင် ပြန့်ကျဲနေလျက် စောင်ဖြင့် ဖုံးအုပ်ထားသည်။ သူ၏ ပတ်ပတ်လည်ရှိလေထုမှာ သက်သောင့်သက်သာ ရှိနေသည်။
ရှန်းလျိုရှန့်မှာ ဧကရာဇ်၏ မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး လက်ကို စောင်အောက်တွင်နေရာချလိုက်ကာ ကျောက်စိမ်းပြား ချိတ်ဆွဲထားသည့် နေရာသို့ တိတ်တဆိတ်ပင် ရွေ့လာသည်။
သူ အသက်ရှူအောင့်လျက် ဂရုတစိုက်ပင် အိပ်ရာပေါ်သို့တက်လာသည်။ သူ၏ လက်ချောင်းထိပ်များက ကျောက်စိမ်းပြားဆီသို့ ထိလုနီးပါးပင်။
ဂျွတ်ခနဲ အသံမှာ ကျယ်လောင်စွာ ကြားလိုက်ရသည်။
အခန်းတံခါးမှာ ခေတ္တမျှပွင့်သွားကာ ချက်ချင်းပင် ပြန်ပိတ်သွားလေသည်။
ဆူဆူညံညံအသံကို ကြားလိုက်ရသဖြင့် လှည့်ပတ်စစ်ဆေးနေသော အစောင့်များ အလျင်အမြန်ရောက်လာသောအခါ သစ်ပင်ပေါ်တွင် ဇောက်ထိုးဖြစ်နေသော ရှန်းလျိုရှန့်အားမြင် လိုက်ရလေသည်။
" မင်း မင်းသားလေး မင်းသားလေး အဲ့မှာ ဘာလုပ်နေတာလဲ..."
သစ်ပင်ပေါ်သို့ မမျှော်လင့်စွာ လွှတ်ပစ်ခံရပြီးနောက် ရှန်းလျိုရှန့်က သစ်ကိုင်းတစ်ဖက်ကို ခြေထောက်ဖြင့် ချိတ်တွယ်လိုက်ကာမြေကြီးပေါ်သို့ ခေါင်းဖြင့် မပြုတ်ကျရန် တားဆီးနိုင်ခဲ့သည်။ ထို့နောက် အားစိုက်ထုတ်၍ သစ်ကိုင်းကို ဖမ်းကိုင်ကာ ကိုယ်ကို ပြန်မတ်လိုက်သည်။
သူ အသက်ပြင်းပြင်းရှူ၍ အောက်သို့ငုံ့ကြည့်လိုက်သည်။
"လန့်စရာ မလိုပါဘူး...ပြောင်းပြန်ချိတ်ဆွဲခြင်းမန္တန်ကို လေ့ကျင့်နေတာ..."
အစောင့်များက စိတ်ရှုပ်ထွေးသွားသည်။
တကယ်ကြီး ဇောက်ထိုးချိတ်ဆွဲတာကို လေ့ကျင့်ဖို့လိုတာလား...ဒီလို ညဘက်အလယ်ကြီးကိုလေ...ဧကရာဇ်ရဲ့ အိပ်ဆောင်အပြင်ဘက်မှာလေ...ဒီအချိန်ကျင့်မှ ထိုးထွင်းသိမြင်မှုတိုးစေတဲ့ ဖုန်းရွှေနည်းစနစ်မျိုးများလား...
ရှန်းလျိုရှန့်က ကြည့်နေကြသော သူများကို လျစ်လျူရှုကာ ပင်စည်ကို ထောက်ကန်၍ အောက်သို့ ဆင်းလိုက်သည်။ထို့နောက် မေးစေ့ကို လက်ဖြင့် ပွတ်သပ်ကာ တွေးလိုက်သည်။
အစီအစဉ်အသစ်ချဖို့ လိုအပ်နေပြီ...
နောက်တစ်နေ့တွင် ကောင်းကင်မှာ လင်းကျင်းနေ၏။နန်းတွင်းသူတစ်စုက ဧကရာဇ် လဲဝတ်ရမည်များကို ကိုင်လျက် တံခါးအပြင်ဘက်တွင် စိတ်ရှည်စွာ စောင့်ဆိုင်းနေကြသည်။
အချိန်ကျသောအခါ အိပ်ဆောင်အတွင်းသို့ ဝင်လိုက်ကြသည်။
ဧကရာဇ်ယွင်ယွီက အိပ်ရာမှထ၍ ဆံပင်ရှည်ရှည်များ စည်းနှောင်ရန် နန်းတွင်းသူတစ်ယောက်ဆီမှ ကြိုးကို လှမ်းယူလိုက်သည်။ ကျောက်စိမ်းပြားမှာ တချွင်ချွင် မြည်နေသည်။
ဧကရာဇ်ယွင်ယွီ၏ လှုပ်ရှားမှုများက ရုတ်တရက် ရပ်တန့်သွားလေသည်။
လေညှင်းနှင့်အပြိုင် လှုပ်ရှားနေသော ဇာမဏီပုံကြိုးဖြူလေးကို သူ၏ အမြင်တွင် ဖမ်းမိလိုက်သည်။ထိုကြိုးဖြူလေး၏ အစွန်းတစ်ဖက်မှာ ဝတ်ရုံလက်ကို ဖြေးညှင်းစွာ မ နေပုံမှာ သူ၏လက်ကို ထိတွေ့လိုစိတ် ထက်သန်နေပုံရသည်။
ဧကရာဇ်ယွင်ယွီ၏ အကြည့်မှာ ကျဉ်းမြောင်းသွားသည်။သူက နှုတ်ခမ်းများကွေးတက်ကာ ညင်ညင်သာသာ ရယ်မောလိုက်ပြီး ကြိုးလေးအား လက်တစ်ဖက်တည်းဖြင့် မြေကြီးပေါ်သို့ တောက်ချလိုက်သည်။
နန်းတွင်းသူများက ဖြူဖျော့သွားကာ ဒူးထောက်လိုက်ကြသည်။ သူတို့ အမှားတစ်ခုခု လုပ်မိ၍ ဧကရာဇ် ဒေါသထွက်နေသည်ဟု ထင်နေကြသည်။
နောက်တစ်ခဏတွင် ကျသွားသော ကြိုးဖြူလေးက နာကျင်စွာ ညည်းညူသံနှင့်အတူ ချောမောလှပသော လူငယ်လေး အသွင်သို့ ပြောင်းသွားသည်။
နန်းတွင်းသူများက မျက်လုံးများ ပြူးကျယ်သွားသည်။
"မင်းသားလေး..."
ဧကရာဇ်ယွင်ယွီက ကျောက်စိမ်းပြားကို ကိုင်ကာ လက်ချောင်းများဖြင့် နူးညံကြင်နာစွာ ထွေးပိုက်၍ ပြောလေသည်။
"ရုပ်ဖျက်တာက တော်တော်ကောင်းတယ်...နည်းနည်းပဲ လိုတာ...နှမြောစရာပဲ..."
ကြမ်းပြင်ပေါ်တွင်ရှိနေသော ရှန်းလျိုရှန့်က ခံပြင်းမှုနှင့်အတူ အံကြိတ်လိုက်သည်။
ဧကရာဇ်ယွင်ယွီက တစ်စုံတစ်ယောက်အား အခြားအဝတ်တစ်စုံ ယူလာရန် အမိန််ပေးလိုက်သည်။ ဝတ်ရုံဝတ်ဆင်ပြီးသည့်နောက်တွင် သူက ရှန်းလျိုရှန့်အား စစ်ဆေးလိုက်သည်။ ထို့နောက်တွင်မူ စာကြည့်ဆောင်သို့ ဦးတည်သွားလေသည်။
စာကြည့်ဆောင်အတွင်း၌...
ကျန်းဟွိုက်ဝူက ရရှိထားသော သတင်းကို ကြည့်၍ မျက်မှောင်ကြုတ်ကာပြောသည်။
" နတ်ဆိုးနယ်မြေမှာ ကျန်းမြောင်မြောင် ရှိတယ်ဆိုပေမဲ့ မင်းသားလေးနှစ်ယောက်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါ်သွားမယ်ဆိုရင်... နတ်ဆိုးနယ်မြေမှာရှိတဲ့ နန်းတွင်းက လူတွေရဲ့အင်အားက မလုံလောက်ဘူး......မင်းသားလေးနှစ်ယောက်ရဲ့ လုံခြုံရေးကို အာမ မခံနိုင်ဘူး... ကျွန်တော်တို့ လူ ထပ်လွှတ်လိုက်ရမလား..."
ဧကရာဇ်ယွင်ယွီ : "မလိုဘူး..."
ကျန်းဟွိုက်ဝူက သက်ပြင်းချလိုက်ပြီးနောက် စားပွဲပေါ်ရှိ လက်ဖက်ရည်တစ်ခွက်ကို ယူကာ တစ်ငုံမျှသောက်လိုက်သည်။
ဧကရာဇ်ယွင်ယွီက ပြောသည်။
" ကိုယ်တော် သူတို့ကို တစ်သက်လုံး မကာကွယ်ပေးနိုင်ဘူးလေ..."
တိယွင်ယွီက ပြတင်းပေါက်ဘေးတွင် ရပ်နေသည်။ လေညင်းများက ခြောက်သွေ့နေသော ဧကရီပင်၏ အရွက်များနှင့်အတူ သူ၏ အတိတ်ဆီသို့ သယ်ဆောင်သွားလေသည်။
တိယွင်ယွီက သတိလွတ်စွာပင် လက်ထုတ်၍ ကျဆင်းလာသော သစ်ရွက်ကို ဖမ်းဆုပ်လိုက်သည်။
ခဏအကြာတွင် တစ်စုံတစ်ခု မှားနေကြောင်း သတိပြုမိလိုက်သည်။ ရှင်းရှင်းလင်းလင်းပင် စာကြည့်ဆောင်အနီးမှ ဧကရီသစ်ရွက် မဟုတ်ပေ။
ခဏတွင်းပင် သူ၏ခါးရှိ ကျောက်စိမ်းပြားချည်ထားသော ကြိုးမှာ ခိုးယူခြင်းခံလိုက်ရသည်။
"ဝုန်း..."
သစ်ရွက်မှာ ရှန်းလျိုရှန့် အသွင်သို့ပြောင်းလဲသွားပြီး သူက ကျောက်စိမ်းပြားသို့ လက်ချောင်းထိပ်များဖြင့် အောင်မြင်စွာ ထိလိုက်နိုင်သည်။
ဧကရာဇ်ယွင်ယွီက စကားလုံးတစ်လုံးကို လျင်မြန်စွာ ရွတ်ဆိုလိုက်သည်။
"အေးခဲစေ..."
ရှန်းလျိုရှန့်၏ ခန္ဓာကိုယ်မှာ ခဏမျှ အေးခဲသွားသည်။လက်ချောင်းများကို လေတစ်ချက် ဝေ့တိုက်သွားကာ ကျောက်စိမ်းပြားမှာ ဧကရာဇ်၏ လက်ထဲသို့ ပြန်ရောက်သွားလေသည်။
လက်ဖက်ရည် သောက်နေသော ကျန်းဟွိုက်ဝူမှာ ရုတ်တရက် နင်သွားရကာ မယုံကြည်နိုင်ဖြစ်နေမိသည်။
ထို့နောက်တွင် ဧကရာဇ်၏ တည်ငြိမ်သော မျက်နှာပေါ်၌ အံ့အားသင့်သော အမူအရာမှ ကျေနပ်သော အမူအရာသို့ ပြောင်းသွားကာ ပြောသည်ကို မြင်လိုက်ရသည်။
"ကောင်းတယ်...ကိုယ်တော့်ရဲ့ ကျင့်ကြံဆင့်သာ မင်းထက် မမြင့်ဘူးဆိုရင် ယူသွားနိုင်လောက်ပြီ..."
ဧကရာဇ်ယွင်ယွီက စိတ်ဝင်စားနေပုံရကာ ရှန်းလျိုရှန့်ထံတွင် အကြည့်များ ပို့ထားသည်။
"တစ်ခြား လှည့်ကွက်တွေ ရှိသေးလား...လွတ်လွတ်လပ်လပ် သုံးလို့ရတယ်နော်..."
တစ်ခြားလှည့်ကွက်တွေ...
ရှန်းလျိုရှန့်၏ နှလုံးတွင် လေအေးများတိုက်ခတ်သွားသည်။
ဒီလောက် နက်နက်နဲနဲမှော်ပညာနဲ့ သူစီစဉ်ထားတာတောင်မှ ဧကရာဇ်ယွင်ယွီက ပြန်ယူနိုင်တယ်ပေါ့...
လူကိုတောင် လာလှောင်နေသေးတယ်...
ရှန်းလျိုရှန့် စာကြည့်ဆောင်မှ ထွက်လာသောအခါ ရှုရှင်းချန်နှင့် တိုက်မိလေသည်။
"ကြည့်ရတာ ရှုံးလာပြန်ပြီထင်တယ်...အခုထိ မအောင်မြင်သေးဘူးလား..."
ရှုရှင်းချန်က ရယ်မောလိုက်သည်။
" ခင်ဗျားကိုပြောသားပဲ ခမည်းတော်က ဘယ်သူမှ မယှဉ်နိုင်လောင်အောင် စွမ်းအား အရမ်းကြီးတယ်... ခင်ဗျားရဲ့ လှည့်ကွက်သေးသေးလေးတွေ သုံးပြီးတော့ ကျောက်စိမ်းပြားကို သူ့လက်ထဲကနေ ဘယ်တော့မှ ပြန်ယူနိုင်မှာ မဟုတ်ဘူး... ခမည်းတော်ရဲ့ အိပ်ဆောင်ရှေ့မှာ နေ့ရောညပါ သွားပြီး ဒူးထောက်သင့်တယ်... အဲဒါမှ သနားပြီး ကျောက်စိမ်းပြားပြန်ပေးချင် ပေးမှာပေါ့..."
ရှန်းလျိုရှန့်က မျက်စိကိုမှေးကြည့်ကာ မေးစေ့ကို ပွတ်သပ်လျက်ပြောသည်။
"ငါ့မှာ ပိုကောင်းတဲ့ အကြံရှိတယ်...မင်းကို ကြိုးချည်ပြီးတော့ ကျောက်စိမ်းပြားနဲ့ လဲလှယ်ခိုင်းလိုက်မယ်လေ...ဘယ်လိုလဲ..."
ရှုရှင်းချန်က သူ့ထံတွင် ထိုမျှရဲတင်းသော အတွေးရှိမည်ဟု မထင်ခဲ့ပေ။ သူက အံသြတုန်လှုပ်သွားပြီး နောက်သို့ဆုတ်မိသွားကာ ဒေါသထွက်စွာဖြင့် ရှန်းလျိုရှန့်အား လက်ညိုးထိုး၍ပြောလိုက်သည်။
"ခင်ဗျားလုပ်ရဲလား...ကျွန်တော် အခုချက်ချင်း ခမည်းတော်ကို သွားပြောမှာ... ခင်ဗျားရဲ့ မကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ အကြံဆိုးတွေက ကျွန်တော့်ကို ပစ်မှတ်ထားနေပါတယ်လို့..."
ရှန်းလျိုရှန့်က သူအား ဝင်သွားရန် လက်ဟန်ပြလိုက်သည်။
"ဝင်သွားလေ...သွားပါ..."
ရှုရှင်းချန်က စာကြည့်ဆောင်အတွင်းသို့ ဝင်သွားပြီးနောက် ချက်ချင်းပင် ကန်ထုတ်ခံလိုက်ရသည်။ သူ၏ မျက်နှာတွင် ခံပြင်းမှုနှင့် မကျေချမ်းမှု ရောနှောနေ၏။
ရှန်းလျိုရှန့်က မေးသည်။
"ခမည်းတော်က ငါ့ကို အပြစ်ပေးလား..."
ရှုရှင်းချန်၏ အမူအရာမှာ တောင့်တင်းသွားပြီးနောက် အံကြိတ်ကာ ပြောသည်။
"ဂုဏ်မောက်မနေနဲ့...ခမည်းတော်က ငါ့ကို မင်းဆီက သင်ယူစေချင်ရုံပဲ..."
ရှန်းလျိုရှန့် အူမြူးသွားသည်။
ခဏကြာ ရယ်မောပြီးနောက် ရှန်းလျိုရှန့်က တွေးလိုက်ကာ ရှုရှင်းချန်၏ ပုခုံးကို ပုတ်လိုက်သည်။
"တကယ်တော့ ငါကသာ မင်းဆီကနေ သင်ယူရမှာ...ငါ ကောင်းကောင်း မလုပ်နိုင်တဲ့ အရာတစ်ခုရှိတယ်...မင်းကတော့ သိမှာပါ..."
ရှုရှင်းချန် မယုံကြည်နိုင်ဖြစ်သွားသည်။ ရှန်းလျိုရှန့်က သူ့ဆီမှ အကြံတောင်းလိမ့်မည်ဟု မထင်မှတ်ထားပေ။ သူ့မျက်နှာပေါ်မှ စိတ်ပျက်နေသည့်အမူအရာ ပျောက်ကွယ်သွားကာ ရင်းနှီးနေသည့် အထင်သေးသော အပြုံးက အစားထိုးလာသည်။
"ဘာများလဲ... ကျွန်တော်လုပ်နိုင်ဘူးဆိုတဲ့ အရာ လောကမှာ မရှိဘူး..."
ရှန်းလျိုရှန့်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"အာ့ဟူ (တရုတ်ကြိုးတပ် တူရိယာ)..."
ရှုရှင်းချန်က အံ့သြသွားသည်။
"ငယ်ငယ်တုန်းကတော့ သင်ဖူးတယ်... ကျွန်တော်က တူရိယာတွေ အကုန်လုံး တီးနိုင်တယ်...ဒါပေမဲ့ ခင်ဗျားက ဘာလို့ သင်ချင်ရတာလဲ..."
ရှန်းလျိုရှန့်က ပြောသည်။
"အဲ့ဒါကို စိတ်ပူစရာမလိုဘူး...မင်း သိတယ်ဆိုရင် ငါ့ကို သင်ပေးပါလား..."
ရှုရှင်းချန်က မျက်ခုံးပင့်ကာ ရှန်းလျိုရှန့်အား ကြည့်လိုက်သည်။နောက်ဆုံးတွင် အချိန်ကြာမြင့်စွာ လစ်ဟာခဲ့သော သာလွန်ခြင်းကို ခံစားလိုက်ရသည်။
" သင်ပေးဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး...ဒါပေမဲ့ ကျွန်တော့်ကို ဆရာလို့ခေါ်ရမယ်...အဲ့လိုမှ မဟုတ်ရင် သင်ပေးမှာ မ..."
"ဟေး...ဆရာရှု..."
ရှန်းလျိုရှန့်က တုံ့ဆိုင်းခြင်းမရှိ ဖြတ်ပြောလိုက်သည်။
"ဆရာရှုကို ဂါရဝပြုပါတယ်..."
ရှုရှင်းချန်၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။
"ခင်ဗျား နည်းနည်းလေးတောင်မှ..."
"အချိန်မဖြုန်းနဲ့...သွားရအောင်..."
ရှန်းလျိုရှန့်က တိုက်ရိုက်ပင် ဆွဲခေါ်သွားသည်။
"ငါ အရင်တုန်းက တူရိယာ တစ်ခါမှ မတီးဖူးဘူး...အဲ့ဒါကြောင့် အချိန် နည်းနည်းတော့ ယူရလိမ့်မယ်...မြန်မြန်လုပ်..."
မကြာမီတွင် ရှုရှင်းချန်တစ်ယောက် ဂီတခန်းတွင် ပေါ်လာသည်။ သူ၏ အမူအရာမှာ မယုံကြည်နိုင်ဖြစ်နေပုံရသည်။ နှစ်ပေါင်းများစွာ အာ့ဟူ တီးခတ်နေခဲ့ပုံပေါ်သော ရှန်းလျိုရှန့်ကို ကြည့်ပြီး အတန်ကြာသည်အထိ ပြောရန် စကားလုံးပျောက်ရှနေခဲ့သည်။
ရှုရှင်းချန်က မေးလိုက်သည်။
"ခင်ဗျား တကယ်ပဲ တစ်ခါမှ မသင်ဖူးဘူးလား..."
ရှန်းလျိုရှန့်က ပြန်ဖြေသည်။
" မသင်ဖူးဘူး..."
ရှုရှင်းချန်က ဆွံ့အနေသည်။တစ်နာရီအတွင်းတွင် ရှန်းလျိုရှန့်က တူရိယာကို တီးတတ်ရုံသာမက ဒါဇင်သော တေးသွားများကိုပါ မှတ်မိနေသည်။သူ၏ စတင်မှုနှင့် ယှဉ်ပါက ရှန်းလျိုရှန့်က မှတ်သားဖွယ်ရာပင် ဖြစ်နေသည်။
ရှုရှင်းချန်က စူပုတ်ကာ ပြောသည်။
"ကျွန်တော် စသင်တုန်းက ငယ်နေသေးလို့ပါ... ခင်ဗျားလောက် မစွမ်းဆောင်နိုင်တာ မဟုတ်ဘူး...အတွေးမှားမနေနဲ့..."
ရှန်းလျိုရှန့် သူ့စကားကို နားမလည်၍ အာ့ဟူကို ကိုင်၍ ထွက်သွားလိုက်သည်။
သူထွက်သွားသည်ကို မြင်သောအခါ ရှုရှင်းချန်က အလျင်အမြန် မေးလိုက်သည်။
"ခင်ဗျားက အဲ့ဒါကို ဘာလို့ သင်ချင်တာလဲ...နတ်ဆိုးလောကမှာ ဖျော်ဖြေဖို့ စီစဉ်နေတာလား...ဒါမှမဟုတ် တစ်ခုခုလား..."
ရှန်းလျိုရှန့်က နားလည်ရခက်သော အပြုံးဖြင့် လှည့်ကြည့်သည်။
"တိုက်ရိုက် ချဉ်းကပ်တာက အလုပ်မဖြစ်ဘူး...ပိုပြီး နူးညံ့တဲ့ တစ်ခုခုနဲ့ ကြိုးစားကြည့်မလို့...ခမည်းတော်ကို လှုပ်ရှားသွားအောင် ဂီတကို အသုံးပြုမလို့..."
ရှုရှင်းချန် "....."
ရှုရှင်းချန်က ယုတ်မာသော ရည်ရွယ်ချက်ဖြင့် လူများကို အန္တရာယ်ပြုတတ်သော ကျင့်ကြံသူ အချို့ကို သတိရသွားသည်။ သူက ချက်ချင်းပင် ရှန်းလျိုရှန့်အား ဖမ်းဆွဲလိုက်သည်။
"ခင်ဗျား ဘာလှည့်ကွက်ပဲ ကစားကစား ဘာမှမဖြစ်ပေမဲ့ ခမည်းတော်ကို အန္တရာယ်ပြုလို့ မရဘူး...စည်းမကျော်နဲ့...အာ့ဟူ တီးတာကို ကျွန်တော်သင်ပေးလိုက်တာ...ခမည်းတော်က အပြစ်တင်ရင် ကျွန်တော့်မှာ တာဝန်ရှိလာလိမ့်မယ်..."
ရှုရှင်းချန်က ရှန်းလျိုရှန့် နောက်သို့ အချိန်အတော်ကြာ လိုက်နေခဲ့သည်။ ရှန်းလျိုရှန့်က အခန်းပြန်သွားသည်ကို သတိထားမိသည်အထိ ပုံမှန်မဟုတ်သော အပြုအမူ မတွေ့ရပေ။
အတန်ကြာတုံ့ဆိုင်းနေပြီးနောက် ရှုရှင်းချန်က အခန်းသို့ ပြန်သွားလေသည်။
ရှုရှင်းချန် ထွက်သွားပြီးနောက် ရှန်းလျိုရှန့်က အချိန်ကို တွက်ချက်လိုက်သည်။ ထို့နောက် လည်ချောင်းရှင်းကာ အာ့ဟူကို တစ်ယောက်တည်း လေ့ကျင့်နေလိုက်သည်။
ဒီည ယုတ်မာတဲ့ ခမည်းတော်နဲ့ မျက်နှာချင်းဆိုင်ရင်ဆိုင်မယ်...
တကယ်လို့ သူ ကောင်းကောင်း မအိပ်ရဘူးဆိုရင် ဧကရာဇ်ယွင်ယွီလည်း ကောင်းကောင်း မအိပ်စေရဘူး...
.......
တိယွင်ယွီက တာဝန်များပြီးဆုံးသောအခါ အခန်းသို့ ပြန်လာပြီး နဖူးကို ပွတ်သပ်ကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။ ခဏကြာပြီးနောက် လက်မြောက်ကာ ကျောက်စိမ်းပြားကို ကြည့်နေပြန်သည်။
သူက ကျောက်စိမ်းပြားကို ခပ်ဖွဖွ တောက်လိုက်သည်။
တစ်နေ့တောင် ရှိသွားပြီ...အရှုံးပေးသွားတာများလား...
တိယွင်ယွီက မျက်လုံးများကို မှိတ်လိုက်သည်။ ခဏအကြာတွင် ပြန်ဖွင့်၍ ထထိုင်တာ အခန်းပတ်လည်ကို ကြည့်လိုက်သည်။
ထပ်ပြီးတော့ သေးသေးလေး ပြောင်းထားတာများလား...
သူ တိုးတိုးလေး ပြောလိုက်သည်။
"ချိုးဖျက်စေ..."
အခန်းက တိတ်ဆိတ်နေလျက် မည်သည့် အသံမျှ မကြားရပေ။
ဧကရာဇ် ယွင်ယွီက နောက်ဆုံး၌ စိတ်ချသွားကာ ပြန်လဲရန် ပြင်လိုက်ချိန်တွင် အာ့ဟူတီးသံက ပြတင်းပေါက်မှ ဝင်ရောက်လာသည်။ သံစဉ်မှာ ဝမ်း
နည်းဖွယ်ရာဖြစ်နေပြီး ညအချိန်တွင် စိတ်ဆင်းရဲထိတ်လန့်ဖွယ် လေထုကို သယ်ဆောင်လာသည်။
ကြားရသူများအား နာကျင်ခံစားရစေကာ မျက်ရည်များ ပြည့်လျှံလာစေသည်။
တိယွင်ယွီ မျက်မှောင်ကြုတ်လိုက်သည်။
ဘယ်သူက ဒီအချိန်ကြီး လာနှောင့်ယှက်ရဲတာတုန်း...